Chapter 38
ချင်းယောင်သည် စိတ်ဓာတ်ကျပြီး လှုပ်ရှားမှုမရှိပုံပေါ်နေသည်။
သူက တံခါးကိုတွန်းရန် ပြင်နေသည့် လက်တွေကိုချကာ ပြန်လှည့်ထွက်ဖို့လုပ်လိုက်သော်လည်း အထဲက တခစ်ခစ်ရယ်သံကို ကြားလိုက်ရသည်။
" ဒါပေမဲ့ ကျွန်မက ရှစ်ကျစ်ထန်ကို မကြိုက်တော့ဘူးလေ " ကျုံးယို့ယို့က ဟောက်ကျစ်ကို ကြည့်ရင်း အပြုံးလေးဖြင့် ပြောလိုက်သည်။
" ဒါကြောင့် ဒီ သွေးဆောင်ဖျားယောင်းချက်က ကျွန်မဖို့အသုံးမ၀င်ဘူး "
"....."
" ကျွန်မက ချင်း ကော ကို ပိုစိတ်၀င်စားတာ အစည်းအဝေးတွေလျော့လုပ်ပြီး ကျောင်းကိုများများလာကြိုဖို့ ချင်းကောကို ရှင်ပြောသင့်တယ် ဒါမှ ရှင့်ရဲ့ပိတ်ဆို့ခြင်းကို ခံရပြီး အဓိပ္ပာယ်မရှိတဲ့ စကားတွေနားမထောင်နေရမှာလေ "
"....."
ချင်းယောင်၏ မျက်တောင်တွေက ရုတ်ချည်း တဖျပ်ဖျပ်လှုပ်သွား၏။
သူသည် စကားလုံးတိုင်းကို ကြားရပြီးနားလည်သော်လည်း အားလုံးပေါင်းစပ်သွားသည့်အခါ မယုံနိုင်ပေ။ သူက စက္ကန့်အနည်းငယ် ကြောင်အနေခဲ့သည်။ သူ၏ ထုံထိုင်းနေသည့် နှလုံးသားလေးသည် ရေခဲတောင်များ အရည်ပျော်သွားသကဲ့သို့ တဖြည်းဖြည်းနွေးထွေးလာခဲ့သည်။ ထို့နောက် အလွန့်အလွန် ပီတိဖြစ်မှုက လိုက်ပါလာသည်။
စကား၏ ဒုတိယတစ်၀က်က ၀တ်ကျေတမ်းကျေဆိုလျှင်တောင်မှ ပထမတစ်၀က်က အနည်းဆုံးတော့ စစ်မှန်ပါလိမ့်မည်။ ချင်းယောင်သည် တနေ့ ကျုံးယို့ယို့က ပြန်လှည့်ကြည့်လာမည်ဟု မစဉ်းစားခဲ့ဖူးပေ။
ချင်းယောင်၏ ခံစားချက်တွေက စစ်မှန်ပါ၏။ သူသည် သူမက ညလယ်ခေါင် ဖုန်းခေါ်ပြီး မူးနေသည့် သူမကို ကျောပေါ်သယ်ဆောင်ပေးခဲ့သည့်အချိန်မှာတောင် သူမ ဒီလိုပြန်ငဲ့ကြည့်လာလိမ့်မည်ဟု မတွေးခဲ့ပါ။ သူမကိုကျောပိုးခဲ့သည့်အချိန်က သူမသည် တခြားသူတွေအကြောင်း ပြောနေတာမဟုတ်လျှင် တခုခုကို ညည်းညူပြောဆိုနေခဲ့သည်များကြောင့်ဖြစ်သည်။
ထိုနေ့က သူ၏ရှေ့မှာတင် ရှစ်ကျစ်ထန်ကို ငြင်းဆန်ခဲ့သည့်အခါတောင်မှ ချင်းယောင်ထင်ခဲ့သည်က ရှစ်ကျစ်ထန်ကို စိတ်တိုနေဆဲဖြစ်သောကြောင့်ဟူ၍သာ။
သို့သော် သူ စိတ်မဆိုးပါ။ သူစိတ်ဆိုးခဲ့လျှင်တောင်မှ သူမနဲ့ဝေးဝေးနေမည်မဟုတ်။
သူသည် သူမအား ကောင်းကောင်းမွန်မွန်ရှိစေချင်သည်။ သို့သော် သူသည်လည်း သူတော်စင်မဟုတ်သောကြောင့် တခါတရံမှာတော့ တစ်ခုခုအား တောင့်တတတ်ပြီး ပိုင်ဆိုင်လိုစိတ်ပြင်းပြပါ၏။ သူမမျက်လုံးထဲရှိလူက သူသာလျှင် ဖြစ်လျှင်ကောင်းလိမ့်မည်။
ဟောက်ကျစ်၏ မျက်နှာက ရှုံ့တွသွား၏။ ' ဒီကောင်မလေးပြောချင်တာကဘာသဘောလဲ။ သူက ရှစ်ကျစ်ထန်ကို မရနိုင်တော့ လက်လျော့လိုက်ပြီး ချင်းယောင်က သူမရဲ့ ပစ်မှတ်အသစ်ဆိုတဲ့သဘောလား။ ဒီတော့ သူမအနာဂတ်မှာ လက်ထပ်လိုက်မယ်ဆိုရင် သူတို့၏အစုရှယ်ယာတွေက ပိုပြီးပြန့်ကျဲမသွားလောက်ဘူးလား။'
ဒါကိုတွေးမိသည်နှင့် ဟောက်ကျစ်သည် သူမ၏ ယနေ့ ရည်ရွယ်ချက်မဖြစ်မြောက်မှန်း သိလိုက်၏။
ကျုံးယို့ယို့သည် ဉာဏ်ကောင်းပြီး သူမက သူမဘာလိုချင်သည်ကို သိပြီး လူပါး၀နေခြင်းဖြစ်သည်။ သူမသည် အသိအသာပင် ဆယ့်ရှစ်အရွယ်မိန်းကလေးဖြစ်ပြီး စိတ်ပြောင်းစေဖို့က မခဲယဉ်းပေ။
ဟောက်ကျစ်သည် ဆက်လက်ဟန်မဆောင်နိုင်တော့ပါ။ သူမ၏မျက်လုံးတွေက အဆိပ်ခတ်ခံရသကဲ့သို့ အေးစက်လာပြီး " မင်းက ..." ဟောက်ကျစ်ကရပ်တန့်ပြီး တွေးလိုက်၏ ' ကျုံးမိသားစု၏ ဆင်းရဲသည့် ဆွေမျိုးတစ်ယောက်သာ ချင်းယောင်ကမင်းကိုရွေးလိမ့်မယ်ဆိုတာ သေချာလို့လား စိတ်ကူးမယဉ်ခင် ကိုယ့်အခြေအနေကို သိတာကောင်းလိမ့်မယ် '
သိုသော် သူမဒီစကားတွေကို မပြောခင်မှာပဲ တံခါးက ရုတ်ချည်း ပွင့်သွားခဲ့ပြီး ချင်းယောင်က ၀င်ရောက်လာကာ သူမအား အေးသက်သည့်မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
သူက ကျုံးယို့ယို့၏ လက်ကောက်၀တ်ကို ဖမ်းဆုပ်ကိုင်ကာ မေးလိုက်သည်။
" ဗိုက်၀ပြီလား "
"၀သွားပြီ သွားရအောင်လေ "
ကျုံးယို့ယို့ သူ၏ နာရီအားကြည့်လိုက်သည်။ မိနစ်နှစ်ဆယ်ထက် သိပ်မကြာေပ။ ထို့နောက် ချင်းယောင်၏ နားထင်က ချွေးတွေကို မြင်လိုက်ပြီး သူမနှုတ်ခမ်းတွေက မြင့်တက်သွားခဲ့ကာ ရယ်ချင်စိတ်ကို မတားနိုင်ခဲ့ချေ။
တစ်စုံတစ်ယောက်၏ ရှာလကာရည်နံ့တွေက ဖုံးဖိထားလို့မရဖြစ်နေသည်လေ။
စားသောက်ဆိုင်မှ ထွက်လာပြီးသည့်နောက်ထိ ချင်းယောင်သည် ကျုံးယို့ယို့လက်ကို မလွှတ်ရသေးပေ။ ဒါက သူ၏ဘက်မှစတင်သည့် ပထမဆုံးအပြုအမူဖြစ်သည်။ အတိတ်မှာ သူ၏ခံစားချက်တွေကို ချုပ်တည်းနိုင်ခဲ့သော်လည်း ယနေ့မှာ သူ၏ရင်ထဲက နက်နက်ရှိုင်းရှုင်း အမြစ်တွယ်နေသည့် ခံစားချက်များသည် ရုတ်တရက်ပေါက်ထွက်လာကာ ပြင်းပြင်းထန်ထန်ပျံ့နှံ့သွားပုံပေါ်ပေသည်။
သူက ကျုံးယို့ယို့၏ လက်ကောက်၀တ်ကို ဆုပ်ကိုင်ထားပြီး ကျုံးယို့ယို့လက်အား အနည်းငယ် နာကျင်စေသည်။ သူသည် ကျုံးယို့ယို့ကို မြဲမြံစွာကြည့်လိုက်သည်။
" သူမ အနာဂတ်မှာ မင်းကိုလာရှာခဲ့မယ်ဆိုရင် ကိုယ့်ကိုအချိန်မှီရှာဖို့ မမေ့နဲ့နော် "
ကျုံးယို့ယို့သည် သူ့အား အတော်ကြာကြည့်လိုက်ပြီး သူ ဒေါသမထွက်တာသေချာမှ ပြုံးလိုက်သည်။
" သူမက အဲ့လောက်ကြီးလဲ ခြိမ်းခြောက်မှုကိုမပေးပါဘူး ဘာကြောက်စရာရှိလို့လဲ "
" မင်း အခုလေးတင်ပြောလိုက်တဲ့ ...."
ချင်းယောင် သူ၏ခေါင်းကို လှည့်လိုက်ပြီး အသံသည်လည်း တိုးညှင်းစွာ
"မင်း အခုလေးတင် ပြောလိုက်တဲ့ အဲ့စကားတွေလေ မင်း ရှစ်ကျစ်ထန်ကို စိတ်မ၀င်စားတော့ဘူး မင်းအခု သဘောကျနေတာ ကိုယ်ဆိုတာလေ အဲ့စကားက တကယ်လား "
သူက အဝေးသို့ကြည့်နေခဲ့ပြီး ကျုံးယို့ယို့ကို မကြည့်ခဲ့ချေ။ တစ်ချိန်တည်းမှာပဲ သက်တောင့်သက်သာမဖြစ်ဘဲ တင်းကျပ်နေခဲ့သည်။
သူ၏ပါးစပ်ထဲ ချိုချဉ်တွေအပြည့် ထည့်သွင်းခံလိုက်ရသကဲ့သို့ အချိုဓာတ်ကများလွန်း၍ မူးနောက်နောက်ဖြစ်နေသည်။ သဘောပေါက်ပြီးသည့်နောက် ထိုချိုချဉ်အား တကယ်အရသာခံခဲ့ရသလားဆိုသည်ကို သူ သက်သေသက္ကာယ မေးချင်ခဲ့သည်။' အဲ့ဟာက အတုအယောင်မဟုတ်ဘူး၊သူ့ကို လိမ်ညာနေတာလဲမဟုတ်ဘူးမလား '
ကျုံးယို့ယို့သည် ချင်းယောင်တွေးနေသည်အား သိသော်လည်း မျက်တောင်ခတ်ကာ မသိချင်ယောင်ဆောင်ခဲ့သည်။
" ဘာလဲ ကျွန်မ ဘာပြောခဲ့တာလဲ "
ခံစားချက်အားလုံးက ပြတ်တောက်သွားခဲ့ပြီး ချင်းယောင်သည် ဘာလုပ်ရကိုင်ရမှန်းမသိ ခံစားလိုက်ရ၏။
သူက စူပုပ်ပုပ်ဖြင့် မြေပေါ်က ကျောက်စရစ်ခဲကို နင်းချေလိုက်ရင်း ပြောလိုက်သည်။
"....ဘာ..မှ..မဟုတ်ပါဘူး သွားရအောင်လေ "
သူ ထွက်သွားတော့မယ့်အချိန်မှာပဲ သူ၏နောက်က မိန်းကလေးသည် သူ၏လက်ချောင်း၌ ရုတ်တရက် တွဲချိတ်လာသည်။
ချက်ချင်းတင်ပဲ ယားနေသည့်နေရာအားကုတ်လိုက်ရသကဲ့သို့ ထို့နောက် မှင်ကစက္ကူကို စွန်းထင်စေသလိုမျိုးခံစားလိုက်ရ၏။ ချင်းယောင်သည် ၀မ်းနည်းပက်လက် ဖြစ်နေခဲ့သည်။
ထို့နောက် ကျုံးယို့ယို့ ပြုံးပြုံးလေး တီးတိုးပြောတာကို ကြားလိုက်ရသည်။
" အဲ့ဒါ အမှန်တွေချည်းပါပဲ အဲ့ဒါက ကျွန်မ နှလုံးသားထဲက စကားတွေ "
ချင်းယောင်က တစ်စက္ကန့်လောက် မွန်းကြပ်သွားခဲ့သည်။ ထို့နောက် ပီတိဖြစ်သည့်ခံစားချက်က သူ၏ရင်ဘတ်ထဲမှာ ပြင်းထန်စွာတိုးပွားလာသည် ။ သူ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့သည်။ အချိန်အကြာကြီး စောင်ဆိုင်းခဲ့ပြီး ဆက်လက်ပြီးလည်း သူစောင့်ဆိုင်းနိုင်ပါ၏။ထို့ကြောင့် သူမယုံနိုင်ပေ။ ကျုံးယို့ယို့က သူမခေါင်းကို လှည့်ကြည့်တာက သူ၏ အိပ်မက်ထဲမှာသာဟူ၍ အမြဲစဉ်းစားခဲ့သည်။
' ဘာအကြောင်းရင်း ဘာအကြောင်းကြောင့်ပဲဖြစ်ပါစေ မင်းသာ လှည့်ကြည့်ဖို့ ဆန္ဒရှိမယ်ဆိုရပါပြီ '
သို့သော် ယခု နားထဲကအသံတွေနှင့် ဘေးနားက အသက်ရှုသံတွေက အတုအယောင်ဖြစ်ပုံ မပေါ်ပါ။
သူ စက္ကန့် အနည်းငယ် ငြိမ်သက်နေခဲ့သည်။ သူ၏နှလုံးခုန်နှုန်းတွေက မြန်ဆန်လွန်းနေသောကြောင့် နည်းနည်းရှက်မိသွားသည်။ သူ၏ ခံစားချက်တွေ လွယ်လင့်တကူ လွတ်ထွက်သွားမည်အား ကြောက်ရွံသောကြောင့် နောက်သို့လှည့်မကြည့်ခဲ့ပါ။ သူ မသိခဲ့တာက သူ၏နားရွက်တွေက နီရဲနေခဲ့ပြီး ပေါက်ကြားသွားခဲ့ပြီဖြစ်သည်ကိုပင်။
အချိန်အနည်းငယ်ကြာပြီးသည့်ေနာက် သူ့အသံဟာ တိုးလျနေခဲ့သည်။
" အင်း "
လေထုကငြိမ်သက်နေခဲ့ပြီး ချိုမြိန်တဲ့ရနံ့တွေနှင့် ညနေခင်းလေပြေလေးက တိုက်ခတ်လာခဲ့သည်။
ကျုံးယို့ယို့သည် သူကို ငေးကြည့်နေခဲ့ပြီး သူမနှုတ်ခမ်းထောင့်လေးက မသိလိုက်စွာ မြင့်တက်သွားခဲ့သည်။
*
ထိုအချိန်၌ လီသုန်းဖျင်က သူ့အတန်းထဲမှ ကလေးတွေ၏ ချိုမြိန်နေသည်တွေကို မသိသေးပေ။ အတန်း (၁၉) ၏ အသီးသီးသော ဘာသာပြဆရာများနှင့် အဖြေလွှာတွေကို ညလုံးပေါက် စစ်နေခဲ့၏။ စစ်နေချိန်အတောအတွင်း သူအမှန်တကယ်ပင် သွေးအန်ပစ်ချင်မိသည်။
အင်္ဂလိပ်စာဆရာက အဖြေလွှာတွေကို ပထမဆုံးစစ်ဆေးပြီးသည့်နောက် သူ၏အမျိုးသမီးကို အဖော်ပြုဖို့ အိမ်ပြန်သွားသည်ကို မြင်သည့်အခါ အားကျမုန်းတီးစိတ်ဖြင့် ပြောလိုက်သည်။
" ကျုပ် တကယ်ကို သန်မာတာပဲ ဒီလိုစိတ်တိုဖို့ကောင်းတဲ့ အဖြေလွှာတွေ တစ်ညတည်းနဲ့ ဒါဇင်ပေါင်းများစွာ ပြောင်းသွားပေမဲ့ အခုထိ နှလုံးရောဂါမရသေးဘူး "
တရုတ်စာဆရာကလည်း ပြော၏။
"ဆရာလီ မညည်းတွားပါနဲ့လား ဒီကိုလာပြီး ဆေးကျောင်းကတောင်လက်ခံမှာမဟုတ်တဲ့ ရှင့်အတန်းထဲက ကျောင်းသားတွေရဲ့ တွန့်လိမ်နေတဲ့ လက်ရေးတွေကို လာကြည့်ပါဦး ဘယ်သူကဒါကိုဖတ်နိုင်မှာလဲ "
တရုတ်စာဆရာက အလွန်လှပသည့် အမျိုးသမီးငယ်တစ်ယောက်ဖြစ်၏။ လီသုန်းဖျင်သည် ချက်ချင်းရယ်မောကာ
"တရုတ်စာဆရာမ ကျေးဇူးပြုပြီးစိတ်လျော့ပါဗျာ ညကျ သရက်သီးဖျော်ရည် လိုက်တိုက်ပါ့မယ် "
တရုတ်စာဆရာမက သရော်ပြုံးပြုံးလိုက်ပြီး ပြောခဲ့၏။ " နှစ်ခွက် "
တစ်ဖက်က ရူပဗေဒဆရာနှင့် ဓာတုဗေဒဆရာတို့သည်လည်း သရော်ပြုံးပြုံးရင်း
" ဧည့်သည်တွေကိုပဲ ဖိတ်တာမကောင်းဘူးနော် ငါတို့ကိုရော မခေါ်တော့ဘူးလား "
တန်းခွဲ ၁၉ ၏ အိမ်စာတွေနှင့် အဖြေလွှာ
များသည် စစ်ဆေးရန် အတော်မလွယ်ကူချေ။ ကျောင်းသားအများစုသည် ထူးထူးဆန်းဆန်း သင်္ကေတတွေကိုရေးသားထားကြပြီး သူတို့ကိုယ်တိုင်တောင် မည်သည်ကိုရေးသားထားမှန်း သိကြလိမ့်မည်မထင်ပေ။
တကယ်က ဤအစမ်းစာမေးပွဲက ပြိုင်ပွဲ၌ ပါ၀င်လိုသည့် ကျောင်းသားတွေကို မျှမျှတတရွေးချယ်ဖို့အတွက်ဖြစ်သည်။ ဆိုလိုသည်က ဆရာများသည် အကောင်းဆုံးအဆင့်ရသည့် ကျောင်းသားတွေကို ရွေးထုတ်ဖို့သာ လိုအပ်ပြီး တစ်ယောက်ပြီးတစ်ယောက် ပြောင်းကာ ပထမ၊ဒုတိယ၊တတိယစတုတ္ထအနေဖြင့် ထားလိုက်ရင်ရပြီဖြစ်၏။
သို့သော် ဆရာတွေသည် သေချာဂရုပြုကာ စာမေးပွဲအစစ်ကဲ့သို့ တွေးတောပြီး သေသေချာချာစစ်ဆေးပေးနေကြသည်။ အချိန်ကျလာသည့်အခါ အဖြေလွှာတွေကို ပြန်ပေးရင်း ရှင်းပြကာ အတန်းထဲရှိ ကျောင်းသားတွေအား တိုးတက်စေလိမ့်မည်။
လီသုန်းဖျင်သည် သင်္ချာဘာသာရပ်ကို တာ၀န်ယူထားပြီး ကျုံးယို့ယို့၏ အဖြေလွှာအား မစစ်ရသေး။ သို့သော် သူဆက်ပြီး သည်းမခံနိုင်တော့ပဲ သူမ၏ အဖြေလွှာစာရွက်အား လှန်လောရှာဖွေလိုက်၏။
"စကားမစပ် ကျုံးယို့ယို့ရဲ့ အဖြေလွှာကိုရော စစ်ပြီးပြီလား"
"ကျုံးယို့ယို့ကဘယ်သူလဲ"
ရူပဗေဒဆရာသည် အစားထိုးဆရာဖြစ်ပြီး လွန်ခဲ့သည့်အပတ်ကမှ ပြောင်းလာခဲ့ခြင်းဖြစ်ပြီး တန်းခွဲ ၁၉ မှ ကျောင်းသားများကို မသိပေ။ လီသုန်းဖျင်က စိုးရိမ်ပူပန်နေသည်ကို တွေ့သော် အတန်းထဲက
အခြေအနေဆိုးသည့် ကလေးဖြစ်မည်ထင်လိုက်၏။
"စိတ်မပူပါနဲ့ ဆရာလီ အဖြေလွှာမှာ သုညရတဲ့သူ မတွေ့သေးပါဘူး ဒါနဲ့ ဆရာ့အတန်းက သိပ်မဆိုးပါဘူး ရူပဗေဒမေးခွန်းတစ်ရာဖိုးမှာ ၉၅ မှတ်ရတဲ့သူတစ်ယောက်ရှိတယ် "
"၉၅ မှတ်လား"
လီသုန်းဖျင်သည် အံ့အားသင့်ပြီး မေးမြန်းလိုက်သည်။ "မင်းပြောတာ ရန်ကျီအန်းလား "
ရန်ကျီအန်းသည် အမြဲတမ်းတစ်သတ်မတ်တည်းဖြစ်သည်။ သို့သော် ဒီတစ်ကြိမ်စာမေးပွဲက မရိုးရှင်းပါ။ သူက တော်တော်လေး ဖြေဆိုနိုင်မှသာ ၉၅ ရလိမ့်မည်။
" ရန်ကျီအန်းလား "
ရူပဗေဒဆရာသည် တစ်ဖက်လှည့်ကာ အဖြေလွှာတွေကို လှန်လှောလိုက်ပြီး ရန်ကျီအန်း၏ အဖြေလွှာကို လှန်ရင်းပြောလိုက်သည်။
"မဟုတ်ဘူး သူက ၈၅မှတ်ပဲရတာ "
"ဒါဆို ၉၅မှတ်ရတာ ဘယ်သူလဲကြည့်ကြရအောင် "
လီသုန်းဖျင် ဘာကြောင့်မှန်းမသိ သူ၏နှလုံးက စိတ်လှုပ်ရှားမှုများဖြင့် ခုန်ပေါက်နေ၏။ သူမျက်တောင်တွေသည်လည်း တဖျပ်ဖျပ်ဖြစ်နေ၏။
သူ တခုခုကို ဆိုးဆိုးဝါးဝါးခံစားနေမိသည်။သူ ထင်သည် ဤအမှတ်မြင့်သည့် အဖြေလွှာစာရွက်က ...
သူ၏မျက်ခွံတွေက လှုပ်ခတ်နေပြီး တစ်ခုခုဖြစ်တော့မည်ဟု ခံစားနေရသည်။
"ကျုံးယို့ယို့ "
ရူပဗေဒဆရာသည် အမှတ်အများဆုံး အဖြေလွှာစာရွက်ကို ဆွဲထုတ်လိုက်သည်။
လီသုန်းဖျင် "......."
' သူမက ဒီလောက် ရမှတ်တွေရတယ် '
သူ အံ့ဩဆွံအနေမိသည်။
သူ၏အတန်းထဲမှ သူအားလုံး၏ အခြေအနေတွေကို သိရှိသည်။ ရူပဗေဒဘာသာရပ်ကို မသင်ကြားဖူးပေမဲ့ ကျုံးယို့ယို့၏ ရမှတ်တွေဟာ အမှတ်၃၀ကို တစ်ခါမှ မကျော်ခဲ့ဖူးမှန်း မှတ်မိပါ၏။
မှန်သည်။ ကူးချလျှင်တောင်မှ အမှတ် ၃၀ မကျော်ခဲ့ပေ။ အထက်တန်းသုံးနှစ်လုံးမှာ သူမရမှတ်များသည် အများကြီးမရဖူးပေ။ ယခုမူ အမှတ်ပြည့်နီးပါး ဖြစ်နေသည်။ ' ဘုရားရေ ဒါကဘယ်လိုတောင်မှလဲ '
သူ ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ သူ၏မျက်နှာက စိတ်လှုပ်ရှားမှုများနှင့် နီရဲနေပြီး ရုံးခန်းအတွင်း ဟိုဘက်ဒီဘက်နှစ်ကြိမ်ခန့် လျှောက်လှမိးနေခဲ့သည်။ ထို့နောက် အသက်ပြင်းပြင်းရှုကာ တခြားဆရာများကိုပြောလိုက်သည်။
"ခင်များတို့အားလုံး ကျုံးယို့ယို့ရဲ့ အဖြေစာရွက်တွေကို စစ်ခဲ့ကြတယ်မလား ဒီကျောင်းသူက ဘယ်လောက်ရလဲ ကြည့်ကြရအောင် "
" ၉၈ ..."
"ဓာတုဗေဒဆရာဟာ သူအသံတွေဆုံးရှုံးလိုက်သကဲ့သို့ လုံးလုံး လန့်ဖျပ်သွားခဲ့သည်။ သူက ကျုံးယို့ယို့၏ ဓာတုဗေဒအဖြေစာရွက်ကို ဆွဲယူလိုက်ပြီး လီသုန်းဖျင်အား ထုံထိုင်းစွာကြည့်လိုက်သည်။
" ဒီကျုံးယို့ယို့က မင်းအတန်းထဲက ကျုံးယို့ယို့လား "
အထက်တန်းသုံးနှစ်လုံးမှာ ဓာတုဗေဒဘာသာရပ်၌ ရမှတ်တွေ အမှတ်မြင့်မြင့်ရခဲ့ကြခြင်းမရှိဖူးချေ။ ထုတ်ဖော်မှုဖော်မြူလာတွေက အများကြီးမရှိပေ။ ကျုံးယို့ယို့သည် ကယ်စီယမ်ကာဗွန်နိတ်၏ ဖော်မြူလာအား စီကာဗွန်နိတ်ဟူ၍ ရေးသူဖြစ်သည်။ တစ်နှစ်ပတ်လုံး ခုံပေါ်မှာ မှောက်အိပ်နေတာ ကျောက်သင်ပုန်းမှာ ပုစ္ဆာဖြေရှင်းရမည်ဆိုလျှင် စကားလုံးတစ်၀က်တောင် မရေးနိုင်တဲ့ ကျုံးယို့ယို့ဖြစ်သည် ။ ထို့နောက် ဇီ၀ဗေဒဆရာ၏ အသံလည်း ထွက်ပေါ်လာ၏။
" သူမက ဇီ၀ဗေဒဘာသာရပ်မှာလည်း ၈၉ မှတ် ရခဲ့တယ်...ပြီးေတာ့ အင်္ဂလိပ်ဆရာထားခဲ့တဲ့ စာရွက်တွေကို လှန်ကြည့်ခဲ့တာ သူမစာရွက်က အောက်ဆုံးမှာရှိနေတာနဲ့ ငါလှန်ကြည့်တာနဲ့ ထွက်လာခဲ့တာပဲ မင်းတို့ဘယ်လိုထင်လဲ "
" ဘယ်လောက်လဲ " လီသုန်းဖျင်၏ လည်ချောင်းသည် ခြောက်သွေ့နေလေ၏။
'ကမ္ဘာကြီးကပဲ ရူးသွားတာလား သူပဲ အိမ်မက်မက်နေသည်လား သိချင်မိ၏။ သူ၏အတန်းမှ ကျုံးယို့ယို...
ဖြစ်နိုင်တာက ၀က်ဖြစ်ဟန်ဆောင်ပြီး ကျားကိုစားနေခဲ့တာလား အဆင့်မကောင်းချင်ယောင် ဟန်ဆောင်နေခဲ့ခြင်းများလား။ သူတို့ကျောင်းဆရာများနှင့် စနောက်ကစားနေခြင်းလား '
" အင်္ဂလိပ်စာမှာ အမှတ်ပြည့် ၁၀၀နဲ့မှ ၅၀ မှတ် ရတယ် "
ဇိ၀ဗေဒဆရာ၏ အသံသည် တုန်ယင်နေခဲ့သည်။ " ဒီအမှတ်က အရမ်းမြင့်နေပြီးသားရမှတ်ကို ပိုမြင့်အောင် ထပ်ပေါင်းထည့်လိုက်ပြီပဲ "