အပိုင်း ၄၁
Viewers 18k

Chapter 41



' သူမအတွက်ကရော ဘယ်မှာလဲ။

သူမမွေးနေ့က ကျုံးယို့ယို့ရဲ့ မွေးနေ့ဖြစ်လာတော့မှာလား '


မုန့်ရှစ်ရွှမ်သည် ခေါင်းအစခြေအဆုံး ရေအေးဖြင့် ပက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူမခန္ဓာကိုယ်သည်လည်း ရေခဲထဲသို့ ကျရောက်သွားသည့်အလား။ သူမ၏အိမ်မက်ဆိုးတွေ ဖြစ်လာခဲ့ပြီဖြစ်သည်။ ကျူံးမိသားစု၏ အပြုအမူတွေ ပြောင်းလဲသွားကတည်းက သူမ ကျုံးရှီယို့ ကျေနပ်စေဖို့ ဂိမ်းစက်များပေးကာ အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။ သို့သော် သူတို့၏ သဘောထားများ ‌မပြောင်းလဲလာခဲ့ပါ။


ထိုအချိန်မှာပဲ သူမအတိုင်းအတာတစ်ခုထိ နားလည်သဘောပေါက်သွားခဲ့သည်။ကျုံးမိသားစု၏ နှလုံးသားထဲက သူမနေရာသည် ကျုံးယို့ယို့ဖြင့် အစားထိုးခံလိုက်ရပြီဖြစ်သည်။


ထိုသို့ဆိုပါကဆို တကယ့် အဆင့်အတန်းကဘာဖြစ်သနည်း။ ကျုံးမိသားစု၏ သမီးလေးဂုဏ်က ကျုံးယို့ယို့နှင့် အစားထိုးခံရတော့မှာလား။


ယင်ချူးချူးသည် ပစ္စည်း‌တွေကိုထုပ်ပိုးကာ ထွက်လာခဲ့သည်။ မုန့်ရှစ်ရွှမ်က တံခါး၌ ရပ်နေသေးသည်ကို တွေ့သော် မေးလိုက်သည်။


" ဘာဖြစ်တာလဲ ရှစ်ရွှမ် ဘယ်နေရာကအဆင်မပြေဖြစ်လို့လဲ "


မုန့်ရှစ်ရွှမ်သည် တစ်ကိုယ်လုံး အနည်းငယ် တုန်ယင်နေခဲ့သည်။


သူမက နှုတ်ခမ်းတွေကို ကိုက်ကာ ယင်ချူးချူးကို ကြည့်ဖို့ ဦးခေါင်းကိုမော့လိုက်သည်။ ယင်ချူးချူးသည် သူမမျက်လုံးထဲမှ မုန့်ရှစ်ရွှမ်၏ ခါတိုင်းလိုမျိုး သိ‌‌မ်‌မွေ့သည့် အကြည့်နဲ့မတူသောကြောင့် လန့်သွားခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် ခါးသီးမုန်းတီးမှုက ရှိနေသည်။


" ငါအဆင်ပြေပါတယ် နင်အရင်သွားနှင့်လေ ငါလုပ်စရာလေးရှိသေးတယ်"

မုန့်ရှစ်ရွှမ်သည် လှည့်ထွက်သွားခဲ့ပြီး သူမနှုတ်ခမ်းတွေကို သွေးထွက်လုမတတ် ကိုက်ထားခဲ့သည်။

 

သူမက သစ်ပင်အရိပ်ဆီသို့ လျှောက်လှမ်းသွားခဲ့ပြီး ယင်ချူးချူး လိုက်မလာသည်ကို သေချာအောင်ကြည့်လိုက်သည်။  သူမက တုန်ယင်နေသည့် လက်ချောင်းများဖြင့်  ဖုန်းလိပ်စာများကို ဖွင့်ကာ ဖုန်းနံပါတ်တစ်ခုကို ရှာခဲ့သည်။ ဖုန်းနံပါတ်ပိုင်ရှင်သည် ကျုံးယို့ယို့ကဲ့သို့ အိမ်မက်ဆိုးတစ်ခုဖြစ်၏။


ကန်တင်းမှ အတန်းဆီသို့ ပြန်ရောက်လာသည့် ကျုံးယို့ယို့သည် တရေးတမော ခဏအိပ်ရန် ပြင်လိုက်၏။


ချင်းယောင်သည် လွန်ခဲ့သည့် နှစ်ရက်ကတည်းက အစည်းအဝေးများတက်ရန် နိုင်ငံခြားသို့ ထွက်သွားခဲ့ပြီးယခုထိ ပြန်မရောက်သေးချေ။ သူမအတွက် ပျော်စရာကိစ္စတွေက သိပ်မရှိဟုခံစားနေရသည်။


 မနေ့ညက သူမသည်  ချင်းယောင်နှင့် သူ၏ကုမ္ပဏီက တီထွင်ခဲ့သည့် ဂိမ်းကို အကောင့်ဖွင့်ခဲ့ပြီး ကာရိုက်တာတစ်ခု ဖန်တီးခဲ့သည်။ 

 အစက‌ လယ်ဗယ်တက်ရန် ချင်းယောင်ကို သူမနှင့် အတူဆော့ပေး‌ဖို့ မေးမြန်းရန် အစီအစဉ်ဆွဲထားခဲ့ပေမဲ့ မမျှော်လင့်ပဲ ဆော့ရတာက ပျော်ဖို့ ကောင်းလိမ့်မယ်လို့ မထင်ခဲ့ပေ။ သူမ မနက်ခင်း‌အစောပိုင်းထိ ဆော့နေခဲ့ပြီး အိပ်စက်ဖို့ မေ့လုနီးပါးဖြစ်ခဲ့ရသည်။။


သူမကိုစိတ်၀င်စားစေသည့် ဂိမ်းများက သိပ်မရှိပေ။ ဤဂိမ်းက ဈေးကွက် ကြီးကြီးမားမားရှိလောက်ခြင်းကို ပြသနေသည်။


ယနေ့ သူမ နည်းနည်းလေး ပျော့ခွေနေ၏။ သူမ၏နေရာကို ပြန်လာလိုက်ကာ ခေါင်းအောက်၌ လက်မောင်းခုပြီး သူမမျက်လုံးများကို မဖွင့်နိုင်လုနီးပါးပင်။ မိနစ်အနည်းငယ် အိပ်ပြီးသည့်နောက် အတန်းတံခါး၌ ကျောင်းသားတစ်ယောက်က ပြောလာသည်ကိုကြားလိုက်ရသည်။


"ကျုံးယို့ယို့ အတန်းပိုင်ဆရာက မင်းကို ရှာနေတယ်"


ကျုံးယို့ယို့ :.... လီသုန်းဖျင် ၊ ဆရာက ကျွန်မရန်သူလို့တွေးမိလာပြီနော်။

သူမသန်းလိုက်ကာ လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ရင်း ပေါ့ပေါ့ပါးပါးထွက်လာခဲ့သည်။


လီသုန်းဖျင်က သူမကို‌ခေါ်လိုက်ပေမဲ့ ရွှီရှောင်ယွဲ့က သူမထက် ပိုပြီးစိတ်လှုပ်ရှားနေသည်။ တစ်ကိုယ်လုံးက တောင့်တင်းနေပြီး သူမအတန်းထဲမှ ထထွက်သွားသည်အထိ လက်ထဲမှ စာအုပ်ကို တစ်မျက်နှာတောင် လှန်လှောခြင်းမရှိပါ။


ဘာကြောင့်မှန်းမသိ ရွှီရှောင်ယွဲ့၏ မျက်ခွံများက လှုပ်ခတ်နေခဲ့သည်။ သူမ တခုခုဖြစ်လိမ့်မယ်ဟု မှန်းဆနေမိသည်။ ‌ပြီးခဲ့သည့် စာ‌မေးပွဲကတည်းက သူမ ရန်ကျီအန်း၊အခြားသူများများနှင့် အဖြေတိုက်စစ်ကာ သူမအမှတ်‌တွေက အခြေအနေမဆိုးကြောင်း အတည်ပြုခဲ့သော်လည်း အရမ်းစိတ်ပူနေခဲ့သည်။ ထို့အပြင် တရုတ်စာနှင့်အင်္ဂလိပ်စာမှာ ရန်ကျီအန်းထက် အမှတ်မြင့်ပြီး ထိုသို့ဆိုလျှင် သူကတခြားဘာသာရပ်တွေမှာ အမှတ်မမြင့်လျှင်တောင် သူမ၏ စုစုပေါင်းရမှတ်က အခြေအနေကောင်းလိမ့်မည်။


သူမက အဖြေတိုက်ရန် စွန်းမန့်ကို အရင်သွားရှာခဲ့ပြီး ပြောခဲ့သည်။ 


"အာ ငါလဲ ဒီအပုဒ်မှားသွားတာပဲ ငါတော့ သွားပြီပဲ" သူမစိတ်လေး ပြန်လည်လန်းဆန်းလာခဲ့သည်။ သူမက ဒီအပုဒ်မှန်ခဲ့၏။ စွန်းမန့်က အမှားတွေအများကြီးလုပ်ခဲ့သည်ကို မြင်ပြီး သူမအမှတ်လောက် မြင့်မည်မဟုတ်မှန်း သိခဲ့သည်။


 အခန်းထဲမှာ သူမနှင့် တခြား ဘယ်သူက ပြိုင်နိုင်ဦးမည်နည်း။


'လီခိုင်လား၊အမှတ်မငြိမ်တဲ့တစ်ယောက်' သူမသည် လီခိုင်ကို အထင်အမြင်သေးနေခဲ့သည်။


သို့သော် ကျုံးယို့ယို့ သူမမျက်စိအောက် ပေါ်လာတာနဲ့ သူမ‌ တည်‌ေဆာက်ခဲ့သည့် ကိုယ့်ကိုကိုယ် ယုံကြည်မှုနှင့် အနိုင်ရမှုမျှော်လင့်ချက်က အကြောင်းပြချက်မရှိ လုံးလုံး ပြိုကွဲသွားသည်။ ကျုံးယို့ယို့သည် ဤတခေါက်လည်း ကိစ္စကြီးကြီးမားမား တစ်ခု‌ပြုလုပ်မည်ဟု ခံစားနေရသည်။


ဤအချိန်၌ ကျုံးယို့ယို့ကို လီသုန်းဖျင်က နာမည်ခေါ်လိုက်သည်ကို ကြားပြီး သူမစိတ်တုန်ယင်လာခဲ့သည်။ အသက်အောင့်ကာ ကျုံးယို့ယို့ကို ကြည့်နေခဲ့မိသည်။ စိတ်အေးလက်အေးမရှိဘဲ သူမနှလုံးသားက တဒုတ်ဒုတ်ခုန်နေခဲ့သည်။ ကျုံးယို့ယို့က ဘယ်လောက်တောင် ကောင်းအောင်ဖြေနိုင်ခဲ့လို့ လီသုန်းဖျင်က ဒီမျှလောက် ကျေနပ်အံ့အားသင့်နေရသနည်း။


 ရွှီရှောင်ယွဲ့သည် ဒီလိုအမှန်တရားမျိုးဖြင့် အဆုံးသတ်မည်ဟု မမျှော်လင့်ထားခဲ့ပါ။


ကျုံးယို့ယို့နီးကပ်မလာခင် လီသုန်းဖျင်က မျက်နှာ၌ ပီတိဖြစ်မှုအထင်းသားဖြင့် ရှေ့သို့ခြေလှမ်းလာပြီး ကျုံးယို့ယို့၏ ပခုံးကို  ခပ်ပြင်းပြင်းပုတ်လိုက်၏။


ရိုက်ချက်က ကျုံးယို့ယို့ကို လုံးလုံးနိုးကြားစေခဲ့ပြီး " ကျောင်းသူလေး မင်း အရင့်အရင် စာမေးပွဲမှာ မင်းခြေထောက်ကို သုံးပြီးဖြေခဲ့တာလား ဘာလို့ ဒီအဆင့်မရောက်ခင် အဆင့်မကောင်းချင်ယောင် ဟန်ဆောင်နေခဲ့တာလဲ " 


ရလဒ်များ ထွက်လာသည့်အခါ တန်းခွဲ (၁၉ )က ဘာသာရပ်ဆရာတွေ အားလုံး ရှော့ရသွားကြသည်။


ကျုံးယို့ယို့၊သူမသည် အရင်စာမေးပွဲတွေမှာ မျက်ကန်းဖြေဆိုခဲ့ပြီး သူမဦးနှောက်၏ ငါးရာခိုင်နှုန်းကိုပင် မသုံးခဲ့ဟုကောက်ချက်ချခဲ့ကြသည်။ထိုမှလွဲ၍ သူတို့တခြားအကြောင်းပြချက်မရှာနိုင်တော့ချေ။


ကျုံးယို့ယို့သည် နောက်ဆုံးသော အိပ်ချင်စိတ်ကလေး ပျောက်ဆုံးသွားပြီး လီသုန်းဖျင်ကို စိတ်အနှောင့်အယှက်ဖြစ်မှုကတော့ ‌ပြောစရာမလိုပင်။ သူမက‌ 

" အတန်းပိုင်ဆရာ အဲ့ဒါကအကုန်လား။ဆရာက သမီးကို အရေးတကြီးခေါ်လိုက်တော့ သမီးက သမီးတော့ တခုခုအမှားလုပ်မိပြီနဲ့တူတယ်လို့တွေးနေခဲ့တာ..." 


"ဒါက ကိစ္စကြီးမဟုတ်ဘူးလား "

လီသုန်းဖျင်သည် ကျုံးယို့ယို့၏ ပျင်းရိနေမှုကို ကြည့်ရင်း ဧကရာဇ်က ကုန်းကုန်းများကို မနှစ်သက်သကဲ့သို့ ဖြစ်ပြီး မေးလိုက်သည်။


 "ဆရာ့ကိုပြောပြ သမီးအရင်က စားမွေဲတွေကို အလေးအနက်ဖြေခဲ့ဖူးလား" 


ကျုံးယို့ယို့သည် ယောင်တိယောင်ဝါးဖြစ်စွာဖြင့် ပြောလိုက်သည် ။ "အဲ့ဒါက ....." 


"ဒီတိုင်း ငါပဲ ပြောလိုက်ပါတော့မယ် "


လီသုန်းဖျင်သည် ဘက်လိုက်ခြင်းမရှိစွာဖြင့် ကျုံးယို့ယို့ကို ကြည့်လိုက်သည်။ သူတို့အရွယ် ကျောင်းသားတိုင်းသည် ပုန်ကန်သည့်ကာလတစ်ခု အားလုံးနီးပါးမှာရှိကြသည်။ အရင်ကျုံးယို့ယို့သည် ပုန်ကန်မှုကာလမှာရှိနေခဲ့ပြီး မလိ‌မ္မာတဲ့ မိန်းကလေးအဖြစ် ၀တ်စားဆင်ယင်ခဲ့သည်။ ဖြစ်တန်ရာသည်မှာ အမှုမထားစွာဖြေခဲ့သည့် စာမေးပွဲများသည် ပုန်ကန်သောင်းကျန်းမှုများ ဖြစ်လိမ့်မည်။


"စကားမစပ် ကျုံးယို့ယို့ မင်းရဲ့ အမှတ်တွေကို မသိဘူးလား မင်းဒီတခေါက် အတန်းထဲမှာ ပထမရတယ် "


ကျုံးယို့ယို့က ခေါင်းငြိမ့်လိုက်ပြီး 

"ကျေးဇူးပါဆရာ သမီးသိပါပြီ"

လီသုန်းဖျင် "....."


သူကအသက်တစ်ခါ ရှုသွင်းပြီး သူ၏အသံကို မြှင့်လိုက်၏။


"မဟုတ်သေးဘူး ပထမရတာ ။စုစုပေါင်းရမှတ်က ဒုတိယ‌နေရာကို ၇၁မှတ် ကျော်လွန်ပြီးတော့ ပထမ ရတာ။ မင်းကဘာလို့ ဒီလိုမျက်နှာအမူအရာရှိနေတာလဲ "


ကျုံးယို့ယို့ "သမီးသိသားပဲ.png "


"....."

လီသုန်းဖျင်က ချည့်နဲ့စွာဖြင့် ပြောလိုက်သည်။။ "ထားလိုက်ပါတော့ ဘာသာရပ်ဆရာတွေအားလုံး ဒီတခေါက်ပြိုင်ပွဲဖို့ ဆွေးနွေးပြီးပြီ။ တန်းခွဲ ၁၉ ဖို့ မင်းနဲ့ ရန်ကျီအန်းကို လွှတ်ဖို့ဆုံးဖြတ်ထားတယ် ။ဒါပေမဲ့ မင်း ဂုဏ်ယူ၀င့်ကြွားလို့မရဘူးနော် အနာဂတ်မှာ ဆက်ပြီး ကြိုးစားသွားရမယ် "


ကျူံးယို့ယို့သည် အလွန်တည်ငြိမ်နေသော်လည်း လီသုန်းဖျင်ကတော့ အရင်နေ့ကတည်းက ခုထက်ထိ မတည်ငြိမ်နိုင်သေးပါ။ မြင်းနက်‌အုပ်စုက ရုတ်တရက်သူ၏အတန်းထဲမှာ ပေါ်လာခဲ့ပြီး တစ်ယောက်တည်းက အတန်းဘာသာရပ်ပြ ဆရာများ၏ လုပ်ဆောင်ချက်ကို မြှင့်တင်ပေးခဲ့သည်။သူသာလျှင် စိတ်မတည်ငြိမ်သည်မဟုတ်ဘဲ တခြားဘာသာရပ်ဆရာများလည်း သူကဲ့သို့ မတည်ငြိမ်ကြပေ။ကျောင်းသားတွေသာ သတိပြုမိမယ်ဆိုလျှင် ပြီးခဲ့သည့်နှစ်ရက်လုံး ဆရာတွေအကုန် ကျောင်းသူကျုံးယို့ယို့အား အားရပီတိဖြစ်သော မျက်နှာအမူအရာတွေဖြင့် ခိုးကြည့်နေမှန်း ရှာတွေ့နိုင်သည်။


အထူးသဖြင့် အတန်းပိုင်ဆရာ လီသုန်းဖျင်။ သူကိုယ်တိုင် စာမေးပွဲမှာ ပထမရသကဲ့သို့ ဖြစ်ပြီး နှစ်ကုန်ဆုပေးပွဲကို မျှော်လင့်ရင်း ရင်တုန်နေမိပြီဖြစ်သည်။


ကျုံးယို့ယို့က အိပ်ချင်နေသေးသည်ကို မြင်‌ေသာ် သူကပြုံးလိုက်ပြီး ပြော၏။

"ကောင်းပါပြီ မင်းသွားလို့ရပြီ "


ကျူံယို့ယို့ "...."

' ဒီစကားနှစ်ခွန်းလေးပြောဖို့အတွက် နေ့လည်စာချိန်မှာ သူမကိုခေါ်လိုက်တာလား။မဟုတ်သေးပါဘူး။ ရလဒ်တွေကို နေ့ခင်းစာသင်ချိန်မှ ပြောလို့မရဘူးလား။


 ကျိန်းသေပေါက် ထမင်းစားနားချိန်မှာ ကြိုပြောဖြစ်မှာလား။ သူမအခုတော့ မအိပ်ရတော့ဘူး '


ကျုံးယို့ယို့သည်  'အိုခေ 'လို့ပြောပြီး အတန်းဆီသို့ ချည့်နဲ့စွာ လျှောက်သွားခဲ့သည်။


ခြေနှစ်လှမ်းလောက် မလှမ်းခင်မှာပဲ သူမတစ်ခုခုမှားနေကြောင်း ခံစားမိလိုက်သည်။ ဗုံးပေါက်ကွဲပြီးနောက် ရှုပ်ထွေးထိတ်လန့်သွားသကဲ့သို့  အတန်းက အလွန်တိတ်ဆိတ်နေ၏။ သူမက ခေါင်းကို မော့လိုက်ပြီး တစ်တန်းလုံးက သူမအား ပါးစပ်တွေဖွင့်ကာ စိုက်ကြည့်နေကြသည်။ 


လီသုန်းဖျင်သည် အမှန်တကယ် စိတ်လှုပ်ရှားနေခဲ့၏။ မဟုတ်ပါက နေ့လည်စာ စားချိန်ရောက်နေမှန်း မေ့နေမည်မဟုတ်။


သူပြောလိုက်တာကို တန်းခွဲ (၁၉) တစ်ခုလုံး ကြားလိုက်ရသည်။


ရွှီရှောင်ယွဲ့၏ မျက်နှာက နီမြန်းသွားခဲ့သည်။ သူမခြေထောက်က ဒေါသထွက်စွာ လှုပ်ခတ်နေခဲ့ပြီး မျက်လုံးများက စိုစွတ်နေ၏။ စွန်းမန့်နှင့် ရန်ကျီအန်းတို့၌ မကြည့်နိုင်သည့်ပုံပန်းများ ရှိနေကြသည်။ အထူးသဖြင့်  ရန်ကျီအန်းပင်။ 'ကျုံးယို့ယို့က သူ့ထက် ၇၁ မှတ်အသာနှင့် ပထမဖြစ်သည်။ သူက ဒုတိယနေရာတဲ့လား။အတန်းထဲမှာ အမြဲတန်းအောက်ဆုံးကဖြစ်သည့် ကျုံးယို့ယို့က အခု သူ့ထက် စု‌စု‌ပေါင်းရမှတ်က ၇၁ မှတ်အထိ ပိုမြင့်တယ်တဲ့လား '


'မဟုတ်ဘူး ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ......'


ပြီးခဲ့သည့်အခေါက်၌ ကျုံးယို့ယို့သည် သင်္ချာဘာသာ၌ ထိပ်ဆုံး ၁၀၀ ထဲ၀င်ရောက်ခဲ့ပြီး အတန်းဖော်တွေသည် မယုံကြည်နိုင်ခဲ့ပေ။ တစ်ည‌လောက်နှင့် ထိုကဲ့သို့ တိုးတက်မှုကြီးလုပ်နိုင်တာ သူမက ဘယ်လိုမကောင်းဆိုး၀ါးလဲ ။


ထို့ကြောင့် ဤတခေါက် သူမ၏စုစု‌ပေါင်းရမှတ်က ရန်ကျီအန်းကို ဘာသာရပ်အားလုံးမှာ ကျော်လွန်နေခဲ့သည်ကို သိရှိခဲ့ပြီးသည့်နောက် အတန်းထဲရှိ သူအားလုံး‌ေရှာ့ရကာ ထုံသွားကြသည်။ တိုက်ဆိုင်စွာ ထူးထူးဆန်းဆန်းအတွေးက ပေါ်လာခဲ့သည်။ ထို့နောက် ကျုံးယို့ယို့သည် စာမေးပွဲ၌  ထပ်မံကြောက်စရာကောင်းလောက်စွာ ဖြေနိုင်ခဲ့မယ်ဆိုလျှင် သူတို့အားလုံး လက်ခံနိုင်ပါ၏။


ကျူံးယို့ယို့ မူလကတည်းက စာတော်နေခဲ့ခြင်းကြောင့်ဖြစ်ပြီး သူမက အလွန်တိုးတက်လာခဲ့ခြင်းမဟုတ်ဘဲ လွန်ခဲ့သည့် သုံးနှစ်လုံး သူမခြေထောက်ဖြင့် ဖြေဆိုနေခဲ့ခြင်းဖြစ်ခဲ့သည်။


နောက်ဘက်ခုံတန်းမှ ကောင်လေးတစ်ယောက်က ရုတ်တရက်တီးတိုးပြောလိုက်သည်။ 


"အရင်သုံးနှစ်လုံး သူမက အောက်ဆုံးကရေတွက်ရင် ရှစ်ယောက်‌မြောက်မှာ ပုံသေရှိနေခဲ့တာ ဒါဆို သူမကခြေထောက်သုံးပြီးဖြေခဲ့တာတောင်မှ သူမနောက်က ခုနစ်ယောက်ထက် ပိုသာနေခဲ့တာမဟုတ်ဘူးလား..."


ဤအတွေးက မမှားချေ။ အမှန်တရားက ရက်‌စက်လွန်း၍ တစ်စုံတစ်ယောက်(အမှတ်နည်းတဲ့သူ)ကို ငိုစေနိုင်လေသည်။