အပိုင်း၉၀
Viewers 7k

Chapter 90

(အရိုးစုတွေ အပြည့်ပဲ)


ကျန်ရှိနေခဲ့သည့် အရိုးစုကို ကြည့်ခြင်းအားဖြင့် ကလေးသည် အသက်ရှင်စဉ်က ‌ေခြာက်နှစ်ကျော် ခုနစ်နှစ်အရွယ်လောက် ဖြစ်မည်။ သို့သော် ထိုကလေးသည် ဒီနေရာတွင် သေဆုံးခဲ့ရသည်။ ဘယ်လောက်တောင် ကြောက်နေခဲ့လိုက်မလဲ....


အရိုးစုကိုကြည့်နေသော်လည်း စုမုန့်မကြောက်မိပါ။ ထို့အပြင် ဒေါသစိတ်နှင့် မွန်းကြပ်မှုအား ခံစားလိုက်ရသည်။ 


ဝေ့ထင်၏ တောင်းဆိုချက်အရ စုမုန့်ဂူတစ်ခုလုံး လှည့်ပတ်ကြည့်ခဲ့သည်။ ပထမတွင် ရေကျသံသည် သူမထင်ယောင် ထင်မှားဖြစ်ခြင်းဖြစ်မည်ဟု ထင်ခဲ့သော်လည်း ဤနေရာတွင် ကြာကြာနေလေ ထိုရေကျသံသည် အမှန်တကယ်ရှိနေသည်ဟု ခံစားလာရလေဖြစ်သည်။ 


"ရှင် ရေကျနေတဲ့အသံကို ကြားရလား" 


ဝေ့ထင်ဆီမှ ဘာအသံမှမကြားရတော့သောအခါ စုမုန့်ဝေ့ထင်ဘက်လှည့်ကာ မေးလိုက်သည်။ 


ဝေ့ထင်ခေါင်းခါပြကာ ‌ေပြာလိုက်သည်


 "ဟင့်အင်း ဒီမှာတိတ်ဆိတ်နေတာပဲ ဘာအသံမှမကြားရပါဘူး" 


စုမုန့်မျက်မှောင်ကျုံ့လိုက်သည်။ ထူးဆန်းလိုက်တာ။ ဘာလို့ သူမတစ်ယောက်ပဲ ကြားရတာလဲ...ရေကျသံသည် ဂူအတွင်း၌ ကျယ်သထက် ကျယ်လာသည်။ ပတ်ပတ်လည်တစ်ခုလုံးတွင် ရေကျသံများကြားနေရ၍ ဘယ်နေရာက လာလဲပင် စုမုန့်မပြောနိုင်တော့ချေ။ ထို့ကြောင့် သူမရိုးရှင်းစွာပဲ လျစ်လျူရှုကာ ဂူ၏အစီီအရင်ကို  ဆက်လေ့လာနေလိုက်သည်။


သူမအိတ်ထဲမှ သံလိုက်အိမ်‌ေမြှာင်နှင့် အင်းစာရွက်အားယူလိုက်ကာ အင်းစာရွက်ကို ကျောက်တိုင်တစ်ခုစီတွင် လိုက်ကပ်လိုက်သည်။ ထို့နောက် မှင်နီမျဉ်းဖြင့်ချည်နှောင်ကာ သံလိုက်အိမ်‌ေမြှာင်ဖြင့် စတင်စစ်ဆေးတော့သည်။ 


သံလိုက်အိမ်‌ေမြှာင်မှ အပ်လေးသည် ဖြည်းညင်းစွာ လည်နေပြီးနောက် အရှိန်မြင့်လာသည်။ တဖြည်းဖြည်း မြန်သထက်မြန်လာကာ နောက်ဆုံးတွင်တော့ လည်နေရာမှ ရပ်တန့်သွာ‌းလေသည်။


"ကျွန်မထင်တာမှန်တယ် ဒါက စတေးခံ အစီအရင်ပဲ..." 


စုမုန့်သူမရှေ့ရှိ ကျောက်တိုင်ကိုကြည့်ကာ အံ့အားသင့်သွားကာ အမူအရာသည်လည်း ပို၍ဆိုးလာသည်။


ဘေးတွင်ရှိနေသော ဝေ့ထင်သည် မည်သည့်အရာမှနားမလည်သော‌ကြောင့် မေးလိုက်သည်။


 "စတေးခံတာက ဘာကိုပြောတာလဲ"


"အသက်တစ်ချောင်းအတွက် တခြားသူရဲ့အသက်ကို အလဲအလှယ်လုပ်တာ.." 


စုမုန့်လက်လှမ်းကာ ကျောက်တိုင်အား ထိလိုက်သည်။ အရိုးထဲထိတိုင်အောင် အေးစိမ့်နေကာ ထူးဆန်းသည့်ခံစားချက်အားလည်း ပေးစွမ်းနေသည်။


"ဒီကျောက်တိုင်ကို ခွဲလိုက်လို့ရလား...အထဲမှာ တစ်ခုခုရှိနေနိုင်တယ်..." 


စုမုန့် ဝေ့ထင်အား ကြည့်လိုက်သည်။


"အင်း" ဝေ့ထင်ပြန်‌ေဖြလိုက်သည်။ သူ၏ လက်ကို‌‌ေမြှာက်ကာ လက်ကောက်ဝတ်အား ဖိလိုက်သည်။ စုမုန့်သတိထားမိသလောက်တော့ ဝေ့ထင်သည် အမဲရောင်နာရီပုံစံမျိုးအား လက်တွင်ပတ်ထားသည်။

ဝေ့ထင်ဖိလိုက်သည်နှင့် အနီရောင်အလင်းတန်းလေး ထွက်လာကာ အသံတစ်သံထွက်လာသည်။


 "ဘော့စ်"


.....


"ဒီကိုလာခဲ့..." 


ဝေ့ထင်သည် စုမုန့်တစ်ယောက်တည်းကိုသာ စကားများများပြောသူဖြစ်သည်။ တခြားသူများအပေါ်တွင် 

သူ၏ လိုရင်းတိုရှင်းပြောတတ်သော စရိုက်ဖြင့်သာ ဆက်ဆံတတ်လေသည်။


"သူတို့ကဘယ်မှာလဲ" 


စုမုန့်သိချင်၍ မေးလိုက်သည်။


ဝေ့ထင်နာရီအား ပြန်ပိတ်ကာ ခုနကနှင့် မတူညီစွာ ပြန်ဖြေလေသည်။ 


"သူတို့က ဂူအပြင်မှာလေ။"


စုမုန့်မျက်ခုံးပင့်လိုက်မိသည်။ သူမဒီကိုလာတုန်းက အပြင်ဘက်တွင် မည်သူ့ကိုမှ မတွေ့ခဲ့ချေ။ ထို့အပြင် ရွာသားများသည် အပြင်လူများအား သဘောမကျပုံပေါ်ကာ ဝေ့ထင်သည် လူအများကြီးအား ခေါ်၍လာသည်ပင်။ သို့သော် ရွာသားများသည် ထိုအရာအား မည်သို့မှ မတုံ့ပြန်ပေ။သူမ အရမ်းသိချင်နေသော်ငြား ဘာမှထပ်မမေးတော့ချေ။


နှစ်မိနှစ်မျှကြာပြီးနောက် အရပ်ရှည်ရှည်နှင့် လူငါးယောက် အထဲသို့ဝင်လာသည်။ အကုန်လုံးသည် အမဲရောင်ဝတ်စုံများ ဝတ်ထားကာ အလွန်ကိုမှ သပ်ရပ်နေကြသည်။ သူတို့လက်ထဲမှာ ကိုင်ထားတာတွေကို လျစ်လျူရှုလိုက်ရင်‌ပေါ့။ 


တစ်ယောက်စီသည် တူ၊ ဂေါ်ပြားကဲ့သို့သော အရာများကိုင်ထားကြသည်။ ထိုအရာများနှင့် သူတို့၏ပုံစံသည် ရယ်ချင်စရာကောင်းနေလေသည်။သူတို့သည် ဝေ့ထင်ရှေ့သို့ လျှောက်လာပြီး အေးစက်စက်မေးသည်။


"ဘာအလိုရှိပါသလဲ ဘော့စ်"


သူတို့၏ပုံစံများနှင့် ဝေ့ထင်အား "ဘော့စ်" ဟုခေါ်သည်ကိုမြင်သောအခါ စုမုန့် အရင်က ရှန့်ကျန်းပြောသည်အား သတိရမိသည်။ သူပြောသည်က ဝေ့ထင်သည်‌‌ေမြအောက်လောကရဲ့ ခေါင်းဆောင်ဖြစ်ပြီး သူ၏ပတ်ပတ်လည်တွင် အေးစက်သည့်လူသတ်ငွေ့များ ရှိသည်ဟုပင်။


အတိတ်တွင် စုမုန့်သည် ဝေ့ထင်အား သေချာစွာမကြည့်ခဲ့ဖူးချေ။ ယခုလိုအခြေအနေမှာတော့ စုမုန့်ဝေ့ထင်တွင် သေချာစွာရှာတွေ့ခဲ့သည်က သူသည် နတ်ဆိုးအငွေ့အသက်များဝန်းရံကာ ဝင့်ကြွားစွာရပ်နေသည်။ ထိုအငွေ့အသက်များသည် သူ့အားမည်သို့မှ မသက်ရောက်သည့်ပုံပင်။


ဤကမ္ဘာတွင် နတ်ဆိုး၏စွမ်းအင်ကို မကြောက်သောသူများတွင် လူနှစ်မျိုးစားသာရှိလေသည်။ တစ်မျိုးသည် လမ်းမှန်ကျင့်ကြံသူများပင်။ ဆိုရိုးစကားအတိုင်းဆို နတ်ဆိုးက ကောင်းတဲ့အရာတွေကို ဝါးမြိုခဲ့တာမဟုတ်သလို  လူတစ်ယောက်၏ ကိုယ်တွင်းက ယောက်ျားဆန်တဲ့ စိတ်ဓာတ်ကိုလည်း အလွယ်တကူ သိမ်းပိုက်လို့ရမည်မဟုတ်ပေ။ 


နောက်တစ်မျိုးသည် လက်တွင်သွေးစွန်းနှင့်ပြီးသား လူများဖြစ်သည်။ ထိုသူများသည် ငရဲတွင် သေသင့်သူများဖြစ်သည်ဟု ဆိုကြလိမ့်မည်။ သူတို့၏ကိုယ်များသည် သွေးစွန်းပြီးသားဖြစ်၍ နတ်ဆိုးစွမ်းအင် အနည်းငယ်လောက်ကို သူတို့သည် ကြောက်ရွံ့မနေတော့‌ေပ။


စုမုန့်၏နှလုံးသားထဲတွင် ဝေ့ထင်သည် ဘယ်သောအခါမှ တရားမျှတမှုနှင့် ပတ်သက်နေမည်ဟု မထင်ခဲ့ပေ။ ထို့ကြောင့် သူမသည်  တိတ်တဆိတ်ပင်ပင် သူ့အား ဒုတိယအမျိုးအစားထဲတွင် ထည့်လိုက်လေသည်။


ဖြစ်ပျက်ပြီးခဲ့သော အရာများနှင့် ပေါင်းစပ်ကြည့်လိုက်လျှင် ရှန့်ကျန်းမှန်းထားသည်က မလွဲလောက်ပေ။ သူသည် အမှန်တကယ်ပင် မြေအောက်လောက၏ ခေါင်းဆောင်ဖြစ်နိုင်သည်။


ဝေ့ထင်သည် စုမုန့်ထိုနေရာတွင် စကားတစ်ခွန်းမဆိုဘဲ ရပ်နေသည်ကိုမြင်သော်ငြား သူမဘာတွေးနေသည်ကို မသိသောကြောင့် သူမဆီတစ်ချက်ကြည့်ကာ သူ့လူများကို အမိန့်ပေးလိုက်‌သည်။ 


"အဲ့ကျောက်တိုင်တွေကို ရိုက်ဖွင့်လိုက်။"


ကျောက်တိုင်များသည် အရမ်းမရှည်ပါ ထို့အပြင် ဆောက်လုပ်ခဲ့သည်မှာ နှစ်ပေါင်းကြာရှည်နေပြီဖြစ်၍ အလွယ်တကူ ဖြိုချလို့ရသည်။


လူအချို့သည် လက်ကို‌ေ‌မြှာက်ကာ ကျောက်တိုင်အား တူဖြင့်ထပ်ကာထပ်ကာ ထုနေကြသည်။ သိပ်မကြာခင်မှာပဲ ကျောက်တိုင်ပြိုသွားသည်။ စုမုန့်ထင်ထားသည့်အတိုင်းပင် ကျောက်တိုင်အတွင်းတွင် ကလေးအရိုးများရှိနေသည်။


ဂူထဲတွင် ကျောက်တိုင်ငါးခုရှိပြီး တစ်ခုစီတွင် အပြင်တွင်ရှိနေသော ကလေးနှင့်အရွယ်တူ ကလေးအရိုးစုများရှိနေသည်။ 


"ဘော့စ် ဘာဆက်လုပ်ရမလဲ" 


အင်အားကြီးသောလူများပင်ဖြစ်စေကာမူ ကလေးအရိုးစုများစွာကိုမြင်လျှင် ထိတ်လန့်သွားတတ်ကြသည်။ ကလေးတစ်ယောက်ကို ထိုသို့လုပ်သည်အထိ ရူးသွပ်နေသည့်လူသည် ဘယ်သူများဖြစ်မလဲ...


ဝေ့ထင်၏မျက်နှာသည်လည်း မကောင်းတော့‌ေပ။ သို့သော် ဘာမှတော့မဆိုလာပေ။ စုမုန့်ကိုသာ သူမမည်သို့ဖြစ်စေချင်သည်ကို မေးသည့်သဘောရသည့် အကြည့်နှင့် လှမ်းကြည့်နေလေသည်။


(စတေးခံ ကလေးများ)


"ဒီလူတွေ ကလေးတွေကို စတေးလောက်တဲ့အထိ ရက်စက်မယ်လို့ မထင်ထားခဲ့ဘူး..."


 စုမုန့်အံကြိတ်ကာ ကျိန်ဆဲလိုက်သည်။စုမုန့် စိတ်အတိုဆုံးက ကလေးများ၏သေဆုံးမှုမဟုတ်ဘဲ သေဆုံးသွားရသည့် အနေအထားများကိုဖြစ်သည်။ ကျောက်တိုင်အတွင်း ကျန်ရှိနေခဲ့သော ထိုကလေးများ၏ ပုံပန်းသဏ္ဌာန်သည် လက်များက ရှေ့သို့ ဆန့်ထုတ်ထားကြသည်။ ဤပုံစံသည် မသေခင်က တွားသွား၍ထွက်လာနိုင်ရန် ရုန်းကန်ခဲ့ကြပုံပင်။


အမဲရောင်ဝတ်စုံနှင့် လူများအနက်မှ စုမုန့်နှင့် အနီးဆုံးလူက မေးလိုက်သည် ။


"စိတ်မရှိပါနဲ့ စတေးတယ်ဆိုတာ ဘယ်လိုမျိုးလဲ"


စုမုန့်သက်ပြင်းအရှည်ကြီးချကာ စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။ ထို့နောက် ဖြည်းညင်းစွာပြောလိုက်သည်


 "စတေးတယ်ဆိုတာ လူတွေရဲ့ ဘဝတွေ ချော‌ေမွ့ပြီး လုံခြုံ‌ေစဖို့ တခြားလူရဲ့အသက်နဲ့ လဲပေးတဲ့ အစီအရင်ပဲ..."


"အသက်ရှင်နေတဲ့ ကောင်လေးတစ်ယောက်ကို

ဆောက်လက်စ ကျောက်တိုင်ထဲထည့်ပြီး ပုံသွင်းလိုက်တယ်...ပြီးတော့ အပြင်ကနေ ငရဲဘုရင်ဆယ်ယောက်က ကောင်လေးကို အဆုံးသတ်ပေးဖို့ ကျောက်တိုင်ကို ဖို့လိုက်ကြတယ်... အဲ့လိုလုပ်ရတဲ့ ရည်ရွယ်ချက်က နှစ်ချက်တည်းရှိတယ်... တစ်ခုက လက်စားချေချင်တဲ့ ကလေးသရဲကို ရပ်တန့်ဖို့ ဘာလို့ဆို အကြောင်းပြချက်မရှိဘဲ ဒီတိုင်းသေဆုံးသွားရတဲ့ ကလေးက ရက်စက်ပြီး အငြိုးကြီးတဲ့သရဲအဖြစ်ပြောင်းသွားပြီး သူ့ကို သတ်ခဲ့တဲ့လူကို လက်စားလိုက်ချေတတ်လို့ပဲ... ဒုတိယ‌ရည်ရွယ်ချက်ကတော့ ကလေးရဲ့ ဝိညဉ်ကို သူတို့ရဲ့သားအဖြစ်မြန်မြန် ပြန်ဝင်စားနိုင်စေဖို့..."


"သေသွားတဲ့ကလေးက သူ့ကိုသတ်တဲ့မိသားစုဆီကိုပဲ ပြန်ဝင်စားမယ်လို့ ဆိုလိုချင်တာလား...ဒီလုပ်ရပ်ကြောင့် ပြန်ပြီး လက်စားချေခံရမှာကို မကြောက်ကြဘူလား..." 


ထိုလူသည် မနေနိုင်တော့ဘဲ ထုတ်မေးလာသည်။

ထိုစကားများ‌‌ေပြာပြီးမှ သူ့ကိုယ်သူစကားအများကြီး ပြောမိသွားမှန်း သတိထားမိသွားလေသည်။ သူ၏ရှေ့တွင် ရှိနေသော မိန်းကလေးအား တစ်ခါမှမမြင်ဖူးသော်လည်း သူမဝေ့ထင်နှင့် မည်မျှနီးကပ်ကြောင်းနှင့် ဝေ့ထင် သူမကိုကြည့်သည့်အကြည့်များကို ကြည့်ခြင်းအားဖြင့် ထိုသူနှစ်ဦးကြားတွင် ရင်းနှီးသည့်ဆက်ဆံရေးတစ်ခုရှိမည်မှန်း အတပ် ‌ပြောနိုင်သည်။ သူ့ဘော့စ်၏ကောင်မလေးနှင့် စကားအများကြီးပြောခြင်းသည် သူရှင်သန်လာရတာ သက်တမ်းစေ့့ပြီဖြစ်ကြောင်းပြောသည်နှင့် တူ‌ေလသည်။


စုမုန့် ထိုလူ၏နှလုံးသားထဲတွင် ဖြစ်နေသည်များအား မသိသဖြင့် မေးခွန်းအား အလေးအနက်ထားကာ ပြန်ဖြေလိုက်သည်။ 


"ကြောက်ကြတာပေါ့...ဒါကြောင့်ပဲ သူတို့ကလေးရဲ့ အရိုးစုတွေကို ထာဝရ အကျဉ်းချထားကြတာလေ...ဒဏ္ဍာရီလာအရ အရိုးစုကို မီးမသဂြိုလ်ခဲ့ရင် သေဆုံးသွားတဲ့ ဝိညဉ်ဟာလည်း အတိတ်ဘဝက မှတ်ဉာဏ်တွေ မရှိတော့ဘူးတဲ့...ဒီလိုနဲ့ ကလဲ့စားချေတာတွေ မရှိတော့ဘူးပေါ့..."


"ဒီတော့ ဒီမှာရှိတဲ့ အရိုးစုတစ်ခုစီတိုင်းက သူတို့လိုချင်ကြတဲ့ ကလေးအရေအတွက်နဲ့ တူညီတယ်ပေါ့..." 


ဝေ့ထင် မျက်မှောင်ကျုံ့လိုက်သည်။ သူဖုန်းရွှေပညာအကြောင်း မသိသော်လည်း ထိုအရာအား စတေးသည်ဟုပင် သတ်မှတ်ထားလိုက်လေသည်။စုမုန့် ခေါင်းခါကာ ဆက်ပြောလိုက်သည်။


 "ဒီလိုလုပ်တာက ကလေးလိုချင်တဲ့ရည်ရွယ်ချက်တစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး သူတို့ဘေးကင်းဖို့ ဆန္ဒတွေပြည့်ဖို့အတွက်လည်းပါတယ်...ရှင် ကလေးသရဲမွေးတယ် ဆိုတာကြားဖူးလား...အဲ့လိုမျိုးနဲ့ ဆင်တူပဲ..." 


"ဒါပေမဲ့ ကျွန်မက ဒီတစ်ခုကိုပဲပြောတာ...ဂူထဲမှာ အရိုးစုက ငါးခုရှိတယ်...ဒီမှာ ကျောက်တိုင်အောက်ခြေတွေကို ကြည့်ကြည့်"


စုမုန့်ပြောလို့ပြီးသည့်အခါ လူအားလုံးသည် စုမုန့်ညွှန်ပြသော အရပ်ဘက်သို့ကြည့်လိုက်ကြသည်။ ကျောက်တိုင်အောက်တွင် ဘောလုံးတစ်လုံးအရွယ် ကျောက်တုံးနှစ်လုံးရှိသည်။ ထိုကျောက်တုံးပေါ်တွင် မှင်နီနှင့် ဆွဲထားသော သင်္ကေတများရှိနေသည်။


.....


"ဖုန်းရွှေမှာ ၅ နဲ့ ၂ ကို အဝါ ၅၊ အမဲ ၂ ဆိုပြီးခေါ်တယ်။ သူတို့က ကပ်ရောဂါကြယ်နဲ့ ဖျားနာမှုကြယ် ကို ကိုယ်စားပြုတယ်။ ဒီအစီအရင်က စတေးခံမှုနဲ့ ချိတ်ဆက်ထားပြီးရွာမှာရှိတဲ့ ကံဆိုးကံညံ့မှုတွေအကုန် ပျောက်ကွယ်သွားမယ်ဆိုတဲ့ သဘောပဲ ကံကောင်းခြင်းတွေပဲ ကျန်ရှိနေတော့မှာ..." 


"ဒီအစီအရင်က ပြန်ပေးရတာလေးတော့ရှိတယ်... ကံဆိုးမှုတွေက ရုတ်တရက်ကြီးတော့ ဒီတိုင်းပျောက်သွားမှာမဟုတ်ဘူးလေ အဲ့အစား ကံဆိုးမှုတွေက စုစည်းပြီး တခြားသူဆီ ရောက်သွားကြလိမ့်မယ်..  ဘယ်သူက ကံဆိုးပြီး အဲ့ကံဆိုးမှုတွေအကုန် လက်ခံရလိုက်လဲတော့ ကျွန်မမသိဘူး...ဒီနေရာကတော့ ဘေးကင်းသွားတာအမှန်ပဲ"


စုမုန့်ဘေးမှလူက မေးလာသည် ။


"ဒါဆို ဒီအရိုးစုတွေကို ဘယ်လိုလုပ်ကြမလဲ"


စုမုန့်ခေါင်းငုံ့ကာ ခေတ္တမျှ စဉ်းစားလိုက်သည်။ ထို့နောက် ဝေ့ထင်ဘက်လှည့်ကာ 


"ရွာသူကြီးကို ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှုနဲ့ တိုင်ကြားမယ်ဆို ကျွန်မတို့မှာ သက်သေရှိလား"


"ရှိတယ် ကိုယ်စုဆောင်းထားပြီးပြီ" ဝေ့ထင်ပြန်‌ေဖြခဲ့သည်။


"ဒါဆိုလည်း ကစားပွဲလေးစကြတာပေါ့...ဒါပေမဲ့ အရေးကြီးတာက ရှင့်ရဲ့ပျောက်သွားတဲ့သူကို အရင်ရှာရမယ်..." 


စုမုန့်ပြောပြီးသည်နှင့် နံရံကို ထိကြည့်လိုက်သည်။သူမ လုပ်ချင်သည့်အရာအား မပြောသော်လည်း ဝေ့ထင်ချက်ချင်းပင် နားလည်လိုက်သည်။ 


"အခုတော့ ဒီအရိုးတွေကို ဒီတိုင်းထားခဲ့ကြတာပေါ့...မဆိုင်တဲ့တခြားဘယ်သူမှ အထဲအဝင်မခံနဲ့" 


ဟုပြောပြီး စုမုန့်ဘေးသွားရပ်ကာ သူမနှင့်အတူ နံရံအားလိုက်ကြည့်နေသည်။


"ဟုတ်ကဲ့" 


အမဲရောင်ဝတ်စုံနှင့် လူများက အသံတိုးတိုးနှင့် ပြန်‌ေဖြကြလေသည်။ ထို့နောက် သူတို့ကိုယ်ပိုင်တာဝန်များအား ဆက်လုပ်ကြသည်။ နှစ်ယောက်သည် ဂူထဲတွင် ပြန်သွားရပ်ကာ ကျန်သုံးယောက်သည် ဂူအပြင်ဘက်ထွက်ကာ စောင့်ကြည့်ရန်သွား‌ေလသည်။ 


ဂူထဲတွင် ရေကျသံအား ကြားနေရဆဲဖြစ်သည်။ ဆိုလိုသည်က ဤဂူတွင် ထွက်ပေါက်နောက်တစ်ခုရှိကိုရှိရမည်။ သို့သော် ထူးဆန်းသည်က ဝေ့ထင်ပင် ရေကျသံအားမကြားသည်မဟုတ် အစောင့်အဖြစ်ကျန်ခဲ့သော အမဲရောင်ဝတ်စုံနှင့် လူနှစ်ယောက်သည်လည်း မကြားရပေ။


ဘယ်သူ့ကိုမှအားကိုး၍မရတော့သည့်အဆုံး စုမုန့်ကိုယ်ကိုယ်ကိုယ်သာ အားကိုးရတော့သည်။


သူမ ဘယ်ဘက်ကိုခေါက် ညာဘက်ကိုခေါက် လုပ်ကြည့်သည်။ စုမုန့် တရုတ်သိုင်းကားများမှ သိုင်းပညာရှင်များ လျှို့ဝှက်အခန်းရှာသကဲ့သို့ ခံစားလိုက်ရသည်။ စုမုန့်သူမဘေးမှ အမဲရောင်ဝတ်စုံဝတ်ကာ ခေါင်းတွင် အမဲရောင်အစင်းကြောင်းနှင့် လူနှစ်ယောက်အား ကြည့်လိုက်မိသည်။




xxxxxx