အပိုင်း ၆၇
Viewers 7k

Chapter 67




ရှဲ့ယွင်နန်သည် ဟုန်ယဲ့တောအုပ်ကို များစွာ ရင်းနှီးခြင်း မရှိပေ။ ထို့ကြောင့် တောထဲမှ ဖြတ်လာသည့်အခါ အသေးအမွှား အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ဤကုန်းမြေတိုက်၏ ထိပ်သီးတစ်ဦးဖြစ်သည့် သူ့ကို ထိုအခက်အခဲလေးများက များစွာ မသက်ရောက်ချေ။ 


တစ္ဆေဘုရင်ကလည်း သူနှင့်အတူ လိုက်လာခဲ့သော်ငြား အလွန်နီးနီးကပ်ကပ် လိုက်လာခြင်းမပြုသည့်အပြင် သူ၏ ခြေရာဖျောက်နိုင်သော စွမ်းရည်မှာ လွန်စွာ ကောင်းမွန်သောကြောင် ရှဲ့ယွင်နန်ပင်လျှင် သူ့နောက်သို့ လူတစ်ယောက် လိုက်လာခြင်း မခံစားမိချေ။ 


တစ်မနက်လုံး လမ်းလျှောက်နေရသည့်အတွက် ရှဲ့ယွင်နန်မှာ အနည်းငယ် ပင်ပန်းလာတော့၏။ သို့သော် သွမ့်ချန်ချင်းအကြောင်း တွေးလိုက်မိသည့်အခါ တစ်ဖန် တည်ငြိမ်သွားပြန်သည်။ 


သူ သွမ့်ချန်ချင်းကို လွမ်းနေပြီ ...


ယခင်က သူ့တွင် မည်သည့်ကိစ္စများ ကြုံခဲ့ရပါစေ တစ်ဖက်သို့ ခေါင်းလှည့်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ကို တိတ်တဆိတ် အားပေးနေသည့် သွမ့်ချန်ချင်းကို မြင်တွေ့နိုင်သည်။ ယခု သွမ့်ချန်ချင်းကို ခေါ်သွားခံလိုက်ရကာမှ ... သွမ့်ချန်ချင်းသည် သူ့အတွက် တွေးထားသည်ထက်ပင် ပိုပြီး အရေးကြီးနေကြောင်း သဘောပေါက်လိုက်မိတော့သည်။ 


ဤရက်ပိုင်းအတွင်း သူသည် ကိစ္စများစွာကို ကြုံတွေ့ခဲ့ရသည်။ ဖခင်ဖြစ်သူမှ သူ့သရုပ်မှန်ကို ဖွင့်ဟမလာခင်အထိ သွမ့်ချန်ချင်းတစ်ဦးတည်းကိုသာ သူ အယုံကြည်ရဆုံး ဖြစ်သည်။ 


ရှဲ့ချင်က သူ့ဖခင်အရင်းဖြစ်ကြောင်း သိလိုက်ရသည့်တိုင် တစ်ဖက်သူနှင့် ရင်းရင်းနှီးနှီးနေရန် ခဲယဉ်းနေဆဲပင်။ သို့သော် သွမ့်ချန်ချင်းကမူ .. သူ့ဘေးတွင် သွမ့်ချန်ချင်း ရှိနေခြင်းကို နေသားကျနှင့်နေပြီး ဖြစ်သည်။ 



တစ်ခါတစ်ရံ ပင်ပန်းလွန်း၍ အရှုံးပေးလိုစိတ်များ ဖြစ်ပေါ်လာလေတိုင်း .. သွမ့်ချန်ချင်းကို ကြည့်မိသည်နှင့် တစ်ပြိုင်နက် နောက်တစ်ကြိမ် စိတ်အားတက်ကြွလာခဲ့သည်။ 


သွမ့်ချန်ချင်းက ပင်ပန်းခက်ခဲမှုများစွာနှင့် ရင်ဆိုင်ရသည့်တိုင် ဘဝကို ရယ်ရယ်မောမော ဖြတ်သန်းဆဲပင်။ သူကိုယ်တိုင်ကလည်း သွမ့်ချန်ချင်းအား အမြဲ ပျော်ရွှင်ရယ်မောနေရသည့် ဘဝမျိုးကိုသာ ပိုင်ဆိုင်စေလိုပေသည်။ 


နောက်ဆုံးတွင်တော့ သူသည် သွမ့်ချန်ချင်းနှင့် ပြန်ပေးသမားကို မလှမ်းမကမ်း တစ်နေရာ၌ တွေ့လိုက်ရတော့သည်။ 


သူတို့က လေထဲတွင် ငေါထွက်နေသည့် ဦးချိုသဏ္ဍာန်ကျောက်တောင်အစွန်းတစ်ခုပေါ်တွင် ရှိနေကြသည်။ 


ထိုကျောက်တောင်အစွန်း၏ အောက်ရှိ ချောက်ကမ်းပါးမှာ ပေတစ်သောင်းခန့် နက်ရှိုင်းကာ သွမ့်ချန်ချင်းက အစွန်အဖျားနားတွင် ဖမ်းချုပ်ခံထားရသည်။ 


ဝမ်ချဲ့ကမူ အစွန်းတွင် ရှိမနေ။ ထို ချောက်ကမ်းပါးအစွန်းသို့ လာရမည့် လမ်းဘေးတွင် မတ်တပ်ရပ်ကာ ရှဲ့ယွင်နန်ကို ကာဆီးလိုက်သည်။ 


ရှဲ့ယွင်နန်၏ မျက်နှာတစ်ခုလုံး ရှုံ့တွသွား၏။ သွမ့်ချန်ချင်းက ကြောက်ရွံ့သည့်အမူအရာ တစ်စုံတစ်ခုမျှ မပြသသည့်တိုင် ဤသို့သော အန္တရာယ်များသည့် နေရာမျိုးတွင် ရပ်နေရကြောင်း တွေ့လိုက်ရသည့်အတွက် ရှဲ့ယွင်နန်မှာ စိတ်မသက်မသာ ဖြစ်လာကာ နောက်တစ်ကြိမ်ပင် ပြန်မကြည့်ရဲတော့ချေ။ 


သူက သက်ပြင်းအနည်းငယ် ချပြီးကာမှ ဝမ်ချဲ့ကို ပြောလိုက်သည်။ 


“ခင်ဗျား ဘာလိုချင်တာလဲ ...”


ဝမ်ချဲ့က ပြောလိုက်သည်။ 


“အေးအေးဆေးဆေး စကားပြောကြရအောင် ...”


အမှန်စင်စစ်တွင် ဝမ်ချဲ့သည်လည်း ရှဲ့ယွင်နန်ကို ဤနေရာအထိ မလာစေလို။ ထိုမျှအထိလည်း ပြဿနာကို မကြီးစေလိုခဲ့ပေ။ 


သို့သော် မုန့်ယန်၊ ကျောက်ချင်းယွင်နှင့် အခြားသူများက သူ့ကို မုန်းတီးနေကြရာ သူ့ဘက်မှ လက်ဦးမှု မယူပါလျှင် ရှဲ့ယွင်နန်က ထိုသူများကို သူ့အား ရှာဖွေသတ်ဖြတ်ရန် အမိန့်ပေးတော့မည် ဖြစ်သည်။ သူက သေလိုခြင်း မရှိသေး။ 


“ခင်ဗျားသာ သွမ့်ချန်ချင်းကို ဒီဘက် လွှတ်ပေးရင် အေးအေးဆေးဆေး ပြောမယ် ...”


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


“မဖြစ်နိုင်ဘူး ...”


ဝမ်ချဲ့က ငြင်းဆန်လိုက်၏။ 


ရှဲ့ယွင်နန်က လှောင်ရယ်လိုက်သည်။ 


ဝူချဲ့က စကားစလိုက်၏။ 


“ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး ဒီတိုင်း မင်းကို မေးချင်တာ ရှိလို့ ...”


သူ့စကား အဆုံးမှာပင် မနီးမဝေးမှ ပေါက်ကွဲသည့်အသံ တစ်ခုကို ကြားလိုက်ရသည်။ 


ထိုပေါက်ကွဲသံနှင့်အတူ ကျောက်တုံးကျောက်ခဲများပါ လွင့်စင်ထွက်လာ၏။ ထိုကျောက်ခဲများမှာ သွမ့်ချန်ချင်း ရှိနေသည့် နေရာဘက်မှ ဖြစ်ပြီး ဝမ်ချဲ့၏ နောက်လိုက်များ စောင့်နေသည့် နေရာမှလည်း တစ်ချိန်တည်း လွင့်စင်ထွက်လာသည်။ 


တစ်ယောက်ယောက်က ဒီကျောက်တုံးတွေအောက်မှာ ယမ်းဘီလူးတွေ ဖွက်ထားပြီး ဖောက်ခွဲလိုက်တာပဲ ...


အဖြစ်အပျက်မှာ မြန်ဆန်လွန်း၏။ မည်သူကမှ ရုတ်တရက် ပေါက်ကွဲကာ ကျောက်တောင်အစွန်းတစ်ခုလုံး ပြိုကျသွားလိမ့်မည်ဟု ထင်မထားချေ။ 


ဝမ်ချဲ့နှင့် ရှဲ့ယွင်နန်၏ ပထမဆုံး တုန့်ပြန်ချက်မှာ လူကယ်ရန် ဖြစ်သည်။ 


သွမ့်ချန်ချင်းနှင့်အတူ အစွန်းတွင် ရပ်နေကြသူများမှာ ဝမ်ချဲ့၏ အယုံကြည်ရဆုံး လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသည့်အတွက် ထိုသူများ သေသွားမည်ကို လက်ပိုက်ပြီး ကြည့်မနေနိုင်။ 


ရှဲ့ယွင်နန်အတွက်မူ ...


သွမ့်ချန်ချင်းက အခု အရမ်းကို ကြောက်နေတော့မှာ ...


နှစ်ဦးလုံး အလျင်အမြန် ပြေးသွားလိုက်ကြသော်ငြား နောက်ကျသွားချေပြီ။ ကျောက်တောင်အစွန်းက ပြုတ်ကျသွားနှင့်ပြီ ဖြစ်သည်။ ဝမ်ချဲ့၏ လူများမှာ အားလုံး အလယ်အလတ်အဆင့် တိုက်ခိုက်သူများ ဖြစ်သည့်အတွက် ကျောက်တောင်နံရံပေါ်သို့ အချိန်မီ ခုန်တက်နိုင်ခဲ့သော်ငြား သွမ့်ချန်ချင်းကမူ ကျောက်တောင်အစွန်းနှင့်အတူ အောက်သို့ ပြုတ်ကျသွားတော့သည်။ 


ရှဲ့ယွင်နန်က မစဉ်းစားဘဲ ခုန်ချလိုက်သည်။


စီနီယာအဆင့် ယဇ်ဆရာတစ်ဦး ဖြစ်သည့်အလျောက် သူသည် ပြုတ်ကျသွားသည့်တိုင် လွတ်မြောက်ရာလမ်းတစ်ခုခုကို ရှာဖွေနိုင်မည် ဖြစ်သည်။ 


သို့သော် သွမ့်ချန်ချင်းကမူ မတူညီ။ သူသာ ပြုတ်ကျသွားပါလျှင် ကျိန်းသေ သေဆုံးရမည် ဖြစ်သည်။ 


ရှဲ့ယွင်နန်က သူ့ကိုယ်ထဲရှိ စွမ်းအင်အား အသုံးပြုရာ၌ အနည်းငယ် မကျွမ်းကျင်သေးသော်ငြား ကျောက်တောင်အစွန်းပေါ် ခုန်ချကာ သွမ့်ချန်ချင်းကို လှမ်းဆွဲလိုက်ဆဲပင်။ 


သူ့ကို မြင်လိုက်သည့်အခါ သွမ့်ချန်ချင်း၏ နှလုံးခုန်သံများလည်း မြန်ဆန်သွားတော့သည်။ 


ရှဲ့ယွင်နန်ကို ကူညီပေးပြီးနောက် သူ့စိတ်စွမ်းအင်မှာ အတော်လေး ပင်ပန်းနေပြီ ဖြစ်သည်။ အမြုတေထဲမှ စိတ်စွမ်းအင်များကိုပါ ညှစ်ထုတ်လိုက်ပြီးနောက် သူ့သိစိတ်ဝိဉာဉ်ပါ အနည်းငယ် ထိခိုက်သွားတော့သည်။ 


ဝမ်ချဲ့က မည်သူ့ကိုမှ ထိခိုက်စေရန် မရည်ရွယ်ထားကြောင်း သူသိပေသည်။ ရှဲ့ယွင်နန်နှင့် စကားပြောနေစဉ်ကလည်း သွမ့်ချန်ချင်းက သူ ယဇ်ဆရာအကြီးအကဲ၏ အလောင်းကို ဆယ်ခဲ့ဖူးကြောင်း မှတ်မိသွားအောင် အရိပ်အယောင်ပြရန်ပင် တွေးနေခဲ့သေးသည်။ 


ရှဲ့ယွင်နန်ဘက်မှ ထိုကိစ္စကို ဝန်ခံသရွေ့ ဝမ်ချဲ့က သူ့ကို လွှတ်ပေးမည် ဖြစ်သည်။ နောက်ထပ် ဆက်လုပ်မည့် အရာများကိုမူ ...သူ့ခွန်အားများ ပြန်လည်သက်သာလာကာမှ ဝမ်ချဲ့နှင့် “စကားပြော”ရန် စဉ်းစားထားသည်။ 


သို့သော် မထင်မှတ်ထားစွာဖြင့် ကျောက်တုံးများအောက်တွင် မိုင်းကို မြှုပ်ထားသူတစ်ဦး ရှိလာခဲ့သည်။ သို့သော် သူ၏ ကုန်ဆုံးနေသော စိတ်စွမ်းအင်များကြောင့် ထိုအကြောင်းကို သတိမပြုမိခဲ့ချေ။ 


ကျောက်တောင်အစွန်း ပြုတ်ကျသွားကတည်းက သွမ့်ချန်ချင်းသည် သူ့ကိုယ်သူ မည်ကဲ့သို့ ကယ်တင်သင့်ကြောင်းနှင့် အပြင်းအထန် ဒဏ်ရာရသွားနိုင်ကြောင်း စိတ်ကို ပြင်ဆင်ထားပြီးဖြစ်သည်။ 


သူ ပထမဆုံး ကူးပြောင်းလာစဉ်က အနေအထားမျိုးသို့ပင် နောက်တစ်ကြိမ် ရောက်ရှိသွားနိုင်သေးသည်။ 


သို့သော် ကျောက်တုံးများ၊ဖုန်မှုန့်များ လွင့်ပျံနေချိန်မှာပင် ရှဲ့ယွင်နန်က သူ့ကို ကယ်တင်ရန် ရောက်လာခဲ့၏။ 


ရှဲ့ယွင်နန်၏ အကူအညီကြောင့် များမကြာမီမှာပင် အောက်သို့ ဆက်ပြုတ်မကျတော့ပေ။ 


ရှဲ့ယွင်နန်က ငေါထွက်နေသည့် ကျောက်တုံးတစ်တုံးကို ဆွဲကိုင်ကာ ပြုတ်ကျနေခြင်းကို ရပ်တန့်လိုက်သည်။ သို့သော် ထိုကျောက်တုံး၏ မျက်နှာပြင်မှာ မချောမွေ့သည့်အပြင် နှစ်ယောက်လုံး ပြုတ်ကျလာသည့် အရှိန်မှာလည်း ပြင်းထန်လွန်းသည့်အတွက် ရှဲ့ယွင်နန်၏ လက်များ ပွန်းပဲ့ကာ ကျောက်တုံးတစ်ခုလုံး သွေးများဖြင့် နီရဲသွားတော့သည်။ 


ထို့အပြင် ကျောက်ဆောင်နှင့် မျက်နှာအပ်မိချိန်ကလည်း နှစ်ဦးလုံး ဒဏ်ရာအချို့ ရရှိခဲ့သေး၏။ 


အပေါ်သို့ မော့ကြည့်၍ သွေးများကို တွေ့လိုက်သည့်အခါ သွမ့်ချန်ချင်း၏ နှလုံးသားတစ်ခုလုံး လေးလံသွားတော့သည်။


ရှဲ့ယွင်နန်က ဒဏ်ရာကို ဂရုမစိုက်ဘဲ သူ့ကိုသာ နှစ်သိမ့်ပေးနေလိုက်သည်။ 


“ချန်ချင်း မစိုးရိမ်နဲ့နော် ကိုယ်က အခု အဆင့်မြင့် ယဇ်ဆရာ ဖြစ်နေပြီ မင်းကို သေချာပေါက် အပေါ်အထိ ခေါ်သွားပေးနိုင်မှာ ...”


ရှဲ့ယွင်နန်က အမှန်တကယ်ပင် သူ့ကို အပေါ်အထိ ခေါ်သွားပေးနိုင်စွမ်း ရှိပေသည်။ စီနီယာအဆင့်သို့ ရောက်သွားပါလျှင် ယဇ်ဆရာဖြစ်စေ၊ တိုက်ခိုက်သူဖြစ်စေ တိုက်ခိုက်နိုင်သည့် စွမ်းရည်မှာ များစွာ တိုးတက်ကောင်းမွန်လာတော့သည်။ 


သို့သော် သူကမူ ထိုအဆင့်သို့ ရောက်ကာစသာ ရှိသေးသည့်အတွက် အင်အားကို အသုံးပြုရာ၌ မကျွမ်းကျင်သေးပေ။ 


သူက သွမ့်ချန်ချင်းကို နောက်တစ်ကြိမ် ပြုံးပြလိုက်ပြန်သည်။ 


“အားရှိသေးလား ကိုယ့်ခါးကို ဖက်ထားနိုင်လောက်လား ...”


သွမ့်ချန်ချင်းသာ သူ့ခါးကို ဖက်ထားပါလျှင် သူ့အနေဖြင့် လက်နှစ်ဖက်လုံးကို အသုံးပြုနိုင်မည်ဖြစ်သည်။ 


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


‘ဟုတ်ကဲ့..”


သူသာ သိစိတ်ဝိဉာဉ်ကို အသုံးပြုလိုက်ပါလျှင် နှစ်ဦးလုံး အပေါ်အထိ ချောချောမွေ့မွေ့ ပျံတက်သွားနိုင်မည် ဖြစ်သော်ငြား အပေါ်တွင် မည်သည့်အရာများ စောင့်ကြိုနေကြောင်း မသိရသည့်အတွက် သွမ့်ချန်ချင်းသည် သူ့ဝှက်ဖဲများကို ထုတ်မပြရဲချေ။ 


သူက ရှဲ့ယွင်နန်၏ ခါးကို လက်နှစ်ဖက်လုံးဖြင့် တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ 


ရှဲ့ယွင်နန်ရဲ့ခါးက သူထင်ထားတာထက်ကို ပိုပြီး သေးနေတာပဲ ...


ရှဲ့ယွင်နန်က စကားဆက်ပြောလာသည့်အတွက် သွမ့်ချန်ချင်းလည်း ထိုအကြောင်းကို ဆက်မတွေးနိုင်တော့။ 


“ကိုယ့်ခြေထောက်ပေါ် မတ်တပ်ရပ်ပြီး ကိုယ့်အပေါ် တက်လိုက် မင်းကို ကုန်းပိုးမယ် ...”


ခါးကို ဖက်ထားခြင်းမှာ လုံလောက်အောင် ဟန်ချက်မညီချေ သို့သော် သွမ့်ချန်ချင်းသာ သူ့ကျောပေါ် တက်လိုက်ပါလျှင် ... သွမ့်ချန်ချင်းကိုသာ ကုန်းပိုးထားမည်ဆိုလျှင် ပိုပြီး လွယ်ကူလာမည် ဖြစ်သည်။ 


သွမ့်ချန်ချင်းကလည်း တုန့်ဆိုင်းမနေဘဲ ချက်ခြင်း ကျောပေါ် တက်ကာ တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားလိုက်သည်။ 


“ကိုယ့်ကို ဆွဲထား အပေါ်တက်တော့မယ် ...”


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


သွမ့်ချန်ချင်းထံမှ စကားသံ ထွက်မလာဘဲ သူက လုပ်ရပ်ဖြင့်သာ သက်သေပြလိုက်သည်။ 


သွမ့်ချန်ချင်းက သူ့ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားကြောင်း အတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက် ရှဲ့ယွင်နန်က စိတ်အေးအေးဖြင့် အသက်ကို ရှူသွင်းကာ အပေါ်သို့ ခုန်တက်လိုက်သည်။ 


ကျောက်နံရံတစ်လျှောက် တွားသွားနေရင်း သူ့ကိုယ်ထဲရှိ စွမ်းအင်များနှင့်ပါ တစ်ဖြည်းဖြည်း နေသားကျလာတော့သည်။ 


သူ့ကိုယ်ပိုင်စွမ်းအင် ဖြစ်သည့်အလျောက် များများအသုံးပြုလေလေ ပိုပြီး ကျွမ်းကျင်လာလေ ဖြစ်သည်။ 


ပေါက်ကွဲမှုနှင့် ရုတ်တရက် ကြုံလိုက်ရသည့်အတွက် သွမ့်ချန်ချင်းသည် သူ့ကိုယ်သူပင် မည်သို့ ခံစားနေရကြောင်း မသိတော့။ 


“ဘာလို့ အောက်အထိ ခုန်ဆင်းပြီး ကျွန်တော့်ကို လာကယ်ရတာလဲ ...”


“မင်းက ကိုယ့်လက်တွဲဖော်လေ ...”


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


“ရှဲ့ယွင်နန် ကျွန်တော် ခင်ဗျားကို အများကြီး သဘောကျတယ် .. ခင်ဗျားကို ချစ်တယ် ...”


သွမ့်ချန်ချင်းက တီးတိုးပြောလိုက်သည်။ 


သွမ့်ချန်ချင်းအဖို့ သူ့ကို ကယ်တင်ရန် အတုန့်အဆိုင်းမရှိ ခုန်ဆင်းလာသူကို မြင်တွေ့ပြီးနောက် ရှဲ့ယွင်နန်ကို လက်လွှတ်ခံရန် မဖြစ်နိုင်ကြောင်း ဝန်ခံရပေမည်။  


“ကိုယ်လည်း မင်းကို ချစ်တယ် ...”


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


သူလည်း သွမ့်ချန်ချင်းကို အများကြီးကို သဘောကျတာ ...


သွမ့်ချန်ချင်းက ခပ်တိုးတိုး ရယ်လိုက်သည်။ 


ရှဲ့ယွင်နန်က ပြောလိုက်၏။


“မရယ်နဲ့ ကိုယ်တို့တွေ အခုထိ အန္တရာယ်နဲ့ ကြုံနေရတုန်းပဲ ...”


သွမ့်ချန်ချင်း၏ ရယ်သံမှာ ညှို့ဓာတ်များ အနည်းငယ် ပါရှိနေသည့်အတွက် အန္တရာယ်အကြား ရောက်ရှိနေသည့်တိုင် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်၍ မရနိုင်တော့ချေ။ 


သွမ့်ချန်ချင်းက သူ့ပါးစပ်ကို အသာပိတ်ထားလိုက်သည်။ 


ရှဲ့ယွင်နန်၏ လည်ပင်းကို နမ်းလိုက်ချင်သော်ငြား နောက်ဆုံးတွင်တော့ မနမ်းလိုက်ခဲ့။ 


ရှဲ့ယွင်နန်၏ လက်များမှာ သွေးများဖြင့် ပြည့်နှက်နေရာ .. သူက ထိုအကြောင်းကို တွေးနေ၍ မသင့်ချေ။ 


နှစ်ဦးသား အတူတူ တက်လာလိုက်ကြကာ ထိပ်ဆုံးသို့ ရောက်လုနီးနီးတွင် အပေါ်မှ ကျောက်တုံးငယ်လေးများ ပြုတ်ကျလာသည့် မြည်သံကို ကြားလိုက်ရသည်။ 


သွမ့်ချန်ချင်းကလည်း ဝမ်ချဲ့၏ ငယ်သားတစ်ဦး ပြုတ်ကျလာသည်ကို တွေ့လိုက်ရ၏။ ထိုသူမှာ အသက်မရှိတော့ပေ။ 


ထို ပြုတ်ကျလာသည့် ကျောက်တုံးများက ရှဲ့ယွင်နန်ကို အခက်အခဲ ဖြစ်စေနိုင်သော်ငြား ကံကောင်းထောက်မစွာဖြင့် တိုက်ခိုက်ရေးနည်းလမ်းအချို့ကို သင်ထားသည့်အတွက် စိတ်စွမ်းအင်ကို အသုံးပြုကာ ထိုကျောက်တုံးများကို လမ်းကြောင်းပြောင်းပေးနိုင်ခဲ့သည်။ 


ထိုစဉ် ချောက်ကမ်းပါးထိပ်ရှိ တစ္ဆေဘုရင်နှင့် ဝမ်ချဲ့တို့ကလည်း ပဋိပက္ခ ဖြစ်ပွားနေကြသည်။ 


လမ်းတစ်လျှောက်လုံး တစ္ဆေဘုရင်က ခပ်လှမ်းလှမ်းကသာ လိုက်လာခဲ့ပြီး လူလုံးထွက်ပြရန် လုံးဝ အကြံမရှိခဲ့။ သို့သော် သားဖြစ်သူက သွမ့်ချန်ချင်းကို ကယ်တင်ရန် ခုန်ဆင်းသွားကြောင်း သိလိုက်သည့်အခါ သူလည်း မည်သည့်အရာကိုမှ ဂရုမစိုက်နိုင်၊ ဝမ်ချဲ့ကို စတင်တိုက်ခိုက်လိုက်တော့သည်။ 


ဖြစ်သမျှ အားလုံးမှာ ဝမ်ချဲ့၏ အကြံအစည်သာ ဖြစ်ရမည်ဟု ပထမဆုံး တွေးလိုက်

မိ၏။ 


သူသာ သွမ့်ချန်ချင်း၏ အရည်အချင်းကို ရှင်းရှင်းလင်းလင်း သိမထားပါလျှင် ထိုနေရာတွင်ပင် ရူးသွပ်သွားနိုင်ပေသည်။ 


ရလဒ်အနေဖြင့် သူ ဝမ်ချဲ့အား တိုက်ခိုက်နေစဉ် ရုတ်တရက် လူတစ်ယောက် ရောက်ရှိလာ၏။