Chapter 68
တစ္ဆေဘုရင်နှင့် ဝမ်ချဲ့ တိုက်ခိုက်နေစဉ်မှာပင် တစ္ဆေဘုရင်မျက်နှာဖုံး တပ်ထားသူတစ်ဦး ရုတ်တရက် ရောက်လာကာ ဝမ်ချဲ့ကို တိုက်ခိုက်လိုက်သည်။
နဝမအဆင့် တိုက်ခိုက်သူပဲ ...
တစ္ဆေဘုရင် စတင်တိုက်ခိုက်စဉ်က ဝမ်ချဲ့သည် ပေါက်ကွဲမှုဖြစ်စဉ်မှာ သူနှင့် မသက်ဆိုင်ဟု ရှင်းပြလိုခဲ့သည်။ သို့သော် တစ္ဆေဘုရင် မျက်နှာဖုံးတပ်ထားသည့် နောက်ထပ် အမျိုးသားတစ်ဦး ထပ်ရောက်လာသည့်အခါ ... ဝမ်ချဲ့က ရှဲ့ယွင်နန်နှင့် အခြားသူများသည် သူ့ကိုသတ်ရန် ကြံစည်ထားသည်ဟု ထင်လိုက်တော့သည်။
သူက တိုက်ခိုက်မှုအားလုံးကို တားဆီးကာ စကားပြောရန် ကြိုးစားလိုက်သည်။ ထို့အပြင် တစ္ဆေဘုရင်နှင့် တစ္ဆေဘုရင် မျက်နှာဖုံးကို တပ်ထားသည့် နောက်ထပ်ရောက်လာသူတစ်ဦးကိုလည်း အားကုန်သုံးကာ တိုက်ခိုက်နေရ၏။
ထိုအချိန်မှာပင် တစ္ဆေဘုရင်ကလည်း တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။
သူကမှ တစ္ဆေဘုရင်လေ ဒီလူက ဘယ်ကနေ ရောက်လာတာလဲ ...
ဒီလူတွေအကုန် ဘာတွေ ဖြစ်နေကြတာလဲ ဘာလို့ သူ့ပုံစံမျိုးပဲ လိုက်ပြီး ဟန်ဆောင်နေကြတာလဲ ...
ပြီးတော့ .. ဒီတစ်ခေါက် သူနဲ့ ရှဲ့ယွင်နန်ပဲ လာခဲ့တာပါ ဒီလူက သူတို့ဘက်က မဟုတ်တာ သေချာတယ် ဘယ်ကနေ ရောက်လာတာလဲ မသိဘူး ပြီးတော့ ဘာလို့ ဝမ်ချဲ့ကို တိုက်ခိုက်နေရတာလဲ ...
အကွက်ချ ကြံစည်ခံနေရပြီဖြစ်ကြောင်း သိလိုက်သည်နှင့်တစ်ပြိုင်နက် တစ္ဆေဘုရင်သည် သူ့ရှေ့တွင် ရှိနေသူနှစ်ဦးကို ချက်ခြင်း တိုက်ခိုက်လိုက်တော့သည်။
ဝမ်ချဲ့က နှစ်ယောက်တစ်ယောက် တိုက်နေကာ တစ္ဆေဘုရင်ကလည်း နှစ်ယောက်တစ်ယောက် တိုက်နေသည့်အတွက် ကျန်တစ်ယောက်မှာလည်း အလိုလိုပင် ထိုအတိုင်း ဖြစ်သွားတော့သည်။
နဝမအဆင့်တိုက်ခိုက်သူသုံးဦးအကြား တိုက်ပွဲ ဖြစ်သည့်အလျောက် ဝမ်ချဲ့၏ လက်အောက်ငယ်သားများလည်း အနည်းနှင့်အများ သက်ရောက်ခံလိုက်ရကာ နေရာတွင် ချက်ခြင်း သေဆုံးသွားသူအချို့ပင် ရှိသေးသည်။
သုံးဦးအနက် တစ္ဆေဘုရင်သည် သက်တောင့်သက်သာ အဖြစ်ဆုံးပင်။ အသစ်စက်စက် လေ့လာထားသည့် ကျင့်စဉ်များကို ထုတ်သုံးပြီးနောက် ကျန်နှစ်ဦးမှာ မကြာခဏ ကြောင်အသွားကာ သူ့အား တိုက်ခိုက်ခြင်းကို ရပ်တန့်မိသွားတော့သည်။
ထို့ကြောင့် တစ္ဆေဘုရင်က ပိုပြီး စိတ်အေးလက်အေး ဖြစ်သွားပြီး သွမ့်ချန်ချင်းအား ကျောပိုးလျက် ပြန်ရောက်လာသော ရှဲ့ယွင်နန်ကိုလည်း အရင်ဆုံး တွေ့လိုက်ရသည်။
“ယွင်နန် ...”
သူက စိတ်အေးသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။
ကျန်နှစ်ဦးကမူ ...
သူသာ အစောပိုင်းက သွမ့်ချန်ချင်းနှင့် စကားမပြောခဲ့ပါလျှင် "ရှဲ့ယွင်နန်က ယဇ်ဆရာအကြီးအကဲအား မြှုပ်နှံပေးခဲ့သည်” ဟု မှန်းဆချက်မျိုး မပြုခဲ့မိပါလျှင် ဝမ်ချဲ့သည် ဤသည်မှာ သူပုန်များက သူ့ကို သတ်လို၍ ထောင်ချောက်ဆင်ထားခြင်း ဖြစ်သည်ဟု တွေးမိပေလိမ့်မည်။
သို့သော် ယခုမူ .. ဖြစ်သွားသည့် ကိစ္စမှာ သူထင်ထားသကဲ့သို့ မဟုတ်ကြောင်း သဘောပေါက်သွား၏။
အထူးသဖြင့် တစ္ဆေဘုရင် မျက်နှာဖုံး တပ်ထားတဲ့သူကို တိုက်ခိုက်နေတဲ့ ရှဲ့ချင်ပဲ ...[ရှဲ့ချင်ဆိုတာ တေစ္ဆဘုရင်အစစ်ကိုပြောတာပါ ဒီနား နဲနဲရှုပ်နေမှာစိုးလို့]
ဝမ်ချဲ့က ရှဲ့ချင်၏ မွေးရာပါ အရည်အချင်းနှင့် ကျွမ်းကျင်မှုကို မခုခံနိုင်ပေ၊ ထိုသူအပေါ် မပြောပြတတ်လောက်အောင် ရှုပ်ထွေးသည့် ခံစားချက်များ ဖြစ်ပေါ်လာမိကြောင်း သူ့ကိုယ်သူ သတိပြုမိလိုက်သည့်တိုင် စကားဆက်ပြောနေလိုက်ဆဲပင်။
“ငါ့မှာ ရှဲ့ယွင်နန်အပေါ် ဘာ မကောင်းတဲ့ အကြံအစည်မှ မရှိဘူး ဒီတစ်ခေါက် ဖြစ်တာကလည်း သေချာပေါက်ကို ဒီလူရဲ့ အကြံပဲ ဖြစ်ရမယ် သူ့ကို အတူတူ သတ်ကြရအောင် ...”
ဝမ်ချဲ့က မျက်နှာဖုံး တပ်ထားသူကို တစ္ဆေဘုရင်ဟုပင် မခေါ်ပေ။
တစ္ဆေဘုရင်ဆိုတာက ရှဲ့ယွင်နန်ရဲ့ ဘက်တော်သားလေ .. သူသာ တေစ္ဆဘုရင်အစစ်ဆို ရှဲ့ချင်က တစ္ဆေဘုရင်ကို လုံးဝ တိုက်ခိုက်မှာ မဟုတ်ဘူး ...
တစ္ဆေဘုရင်(အစစ်)ကလည်း ချက်ခြင်း ဝမ်ချဲ့နှင့် ပူးပေါင်းကာ အတုအယောင်ကို တိုက်ခိုက်လိုက်သည်။
တစ္ဆေဘုရင်(အတု)က အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွား၏။
သူက ဝမ်ချဲ့နှင့် ရှဲ့ယွင်နန်တို့ တိုက်ခိုက်လာစေရန် စီစဉ်ပြီး ထို့နောက်တွင်မှ သူက အကျိုးအမြတ်ကို အလစ်သုတ်ရန် ကြံစည်ထးသည်။
ရှဲ့ယွင်နန်၏ နောက်သို့ နဝမအဆင့် တိုက်ခိုက်သူတစ်ဦး လိုက်လာလိမ့်မည်ဟု ထင်မထားခဲ့သော်လည်း လိုက်လာသည့်တိုင် သူ့အတွက် ကိစ္စမရှိပေ။
သို့သော် မည်သည့်အကြောင်းကြောင့်ရယ် မသိ၊ ဝမ်ချဲ့က ရှဲ့ယွင်နန်၏ ဘက်တော်သားကို မုန်းတီးခြင်း မရှိသည့်အပြင် ရှဲ့ချင်ဘက်က တိုက်ခိုက်နေစဉ်မှာပင် အကြောင်းစုံ ရှင်းပြလိုစိတ် ရှိနေသေးသည်။
ထို့ကြောင့် သူ့ဘက်က စောစောစီးစီး လှုပ်ရှားရန်သာ ရှိတော့သည်။
တစ္ဆေဘုရင် မျက်နှာဖုံး(အတု) တပ်ထားသူက ရှဲ့ချင်နှင့်အတူ ပူးပေါင်းကာ ဝမ်ချဲ့အား သတ်ဖြတ်ပြီးနောက် ထွက်ပြေးရန် စီစဉ်ထားသည်။ သို့သော် .. မထင်မှတ်ထားစွာဖြင့် ရှဲ့ချင်ကပါ သူ့ကို တိုက်ခိုက်လာ၏။
နေရာတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားတော့သည်။
တစ္ဘေဘုရင်အတုက ပျာယာခတ်သွားကာ ထွက်ပြေးလိုသော်ငြား...တစ္ဆေဘုရင်(အစစ်)၏ ညှို့ယူနိုင်စွမ်းများက သူ့ထံ အင်အားအပြည့်ဖြင့် ရောက်ရှိလာသည်။
ခေါင်းတစ်ခုလုံး မူးဝေကာ သူ့ရှေ့တွင် ရှိနေသူကသာ သူ့တစ်ဘဝလုံးတွင် တစ်ဦးတည်းသော ချစ်ရသူဟု ခံစားမိလာသည်။ သူသာ ထွက်သွားပါလျှင် ထိုသူနှင့် တစ်ဘဝလုံး ဝေးသွားတော့မည်ဟု ခံစားမိ၍ ထွက်ပြေးရန် တုံ့ဆိုင်းလာလေသည်။
တိုက်ခိုက်မှုတစ်ရပ်က သူ့အနားသို့ လွန်စွာ နီးကပ်လာကာမှ သတိပြန်ဝင်လာတော့၏။
သူသည် လွန်စွာ သန်မာသည့်တိုင် နဝမအဆင့် တိုက်ခိုက်သူနှစ်ဦးက သူ့ကို ပူးပေါင်းတိုက်ခိုက်ကာ စီနီယာအဆင့် ယဇ်ဆရာတစ်ဦးကလည်း စောင့်ကြည့်နေသည့်အတွက် လွတ်မြောက်ရန် မဖြစ်နိုင်တော့ချေ။
သူသာ လက်နက်ချလိုက်ပါလျှင် ... ယဇ်ဆရာအကြီးအကဲ၏ သစ္စာရှိ ငယ်သားတစ်ဦးဖြစ်သော ဝမ်ချဲ့က သူ့ကို အလွတ်ပေးလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ရှဲ့ယွင်နန်နှင့် ယဇ်ဆရာအကြီးအကဲ၏ နာမည်အောက်တွင် လှုပ်ရှားနေသူများကလည်း သူ့ကို လုံးဝ လွှတ်ပေးမည် မဟုတ်ချေ။
ထို့ကြောင့် ယနေ့တွင် သေခြင်းတရားနှင့် ဆုံတွေ့ရန်သာ ရှိတော့သည်။
အံကို တင်းတင်းကြိတ်ကာ ဝမ်ချဲ့ထံ ပြေးသွားလျက် သူ့ကိုယ်သူ ဖောက်ခွဲရန် ပြင်လိုက်သည်။
ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲကာ ဝမ်ချဲ့အား သတ်ရင်း သူလည်း သေသွားခဲ့ပါလျှင် အနည်းဆုံးအနေဖြင့် ကျန်ရစ်သည့် ဆွေမျိုးများကို ဂရုစိုက်ပေးကြမည် ဖြစ်သည်။
သူ့အား ဝမ်ချဲ့ကိုသတ်ရန် အမိန့်ပေးထားသည့်အတွက် သေရန် စိတ်ကို အဆင်သင့် ပြင်ထားပြီးဖြစ်သည်။
သူ့ဘဝသက်တမ်းမှာ များစွာ မကျန်လှတော့။
သူ့ကိုယ်သူ ဖောက်ခွဲပစ်မည့် ဆုံးဖြတ်ချက်မှာ လွန်စွာ ခိုင်မာလွန်းသည့်အတွက် ဤတစ်ကြိမ်တွင် တစ္ဆေဘုရင်၏ ညှို့ယူနိုင်စွမ်းသည်လည်း အသုံးမဝင်တော့ချေ။
သေဖို့ ဆုံးဖြတ်ထားပြီးသား လူတစ်ယောက်က ဘယ်လိုလုပ် အချစ်အကြောင်း စဉ်းစားနေတော့မှာလဲ ...
ထိုသူ၏ အသက်ရှူသံ အလွန် ပြင်းထန်လာကြောင်း သတိပြုမိလိုက်သည့်အခါ ဝမ်ချဲ့၏ မျက်နှာထား ရုတ်ချည်း ပြောင်းလဲသွားတော့သည်။
“ပြေး ...”
ထိုသူက အမှန်တကယ်ပင် သူ့ထံသို့ ပြေးဝင်လာနေခြင်း ဖြစ်သည်။
သူသာ သေရမယ်ဆို ဘာလို့ သူ့ကိုပါ ဆွဲမခေါ်ရမှာလဲ ...
နဝမအဆင့် သုံးဦး၏ တိုက်ပွဲကြောင့် မြေပြင်တစ်ခုလုံး ပွစာကြဲနေရာ အကယ်၍ သုံးဦးအနက် တစ်ဦးကသာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ပါလျှင် ... တောင်တစ်ခုလုံး ပြိုကျသွားပေလိမ့်မည်။
တိုက်ခိုက်သူတစ်ဦး၏ အင်အားမှာ အံ့ဖွယ်ရာပင်။
ဝမ်ချဲ့၏ လက်အောက်ငယ်သားများမှာ အသက်ရှင်နေကြသေးသည့်အပြင် သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်တို့လည်း တောင်အနီးတစ်ဝိုက်တွင် ရှိနေ၏။ ဝမ်ချဲ့၏ ပထမဆုံး တုန့်ပြန်မှုမှာ ထို အသေခံတိုက်ခိုက်ရေးသမားကို တောင်အောက်သို့ ဆွဲချလိုက်ခြင်း ဖြစ်သည်။
သူက ထိုလူကို မှတ်မိသွား၏။
အဲဒါ သစ္စာဖောက်တွေထဲက တစ်ယောက်ပဲ ...
“သူခိုးကောင် မင်းက သစ္စာဖောက် ဖြစ်နေတာကိုး ...
ဝမ်ချဲ့က အော်ဟစ်ကာ ထိုသူအား ချောက်ကမ်းပါးပေါ်မှ ဆွဲချရန် အဆင်သင့်ဖြစ်နေတော့သည်။
သို့သော် ထိုစဉ်မှာပင် ကြီးမားလှသည့် အားတစ်ရပ်က လူတိုင်းအပေါ် လွှမ်းခြုံသွားကာ မည်သူမှ မလှုပ်ရှားနိုင်တော့။
လူများ၊ သစ်ပင်များသာမက ချောက်ကမ်းပါးအစွန်းရှိ ပန်းပင်များသည်ပင် အထိန်းချုပ်ခံထားရကာ အနည်းငယ်ပင် မလှုပ်ရှားနိုင်ကြတော့ချေ။
အားလုံးက သူတို့ကိုယ်သူတို့ အခြားသော နေရာလွတ်တစ်ခုသို့ပင် ရောက်သွားလေသလားဟု ထင်မှတ်မိလာကြသည်။ ပတ်ဝန်းကျင်တွင်လည်း မည်သည့်အသံကိုမှ မကြားရဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။
ဤနေရာလွတ်တွင် သခင်ရှိကာ ထိုသခင်က သူတို့ကို အတွေးတစ်ချက်တည်းဖြင့်ပင် အမှုန့်ဖြစ်သည်အထိ ကြိတ်ချေကာ လေနှင့်အတူ လွင့်မျောသွားစေနိုင်ပေသည်။
ဒါ ဘယ်လိုစွမ်းအားမျိုးလဲ ကမ္ဘာပေါ်မှာ ဒီလို သန်မာတဲ့သူ ရှိသေးတယ်လား ...
တစ္ဆေဘုရင်က သွမ့်ချန်ချင်းကို ကြည့်လိုသော်ငြား သူ့လည်ပင်းကို မလှည့်နိုင်။
ထိုစဉ် တစ္ဆေဘုရင်အတုက သူ့ကိုယ်သူ ဖောက်ခွဲလိုက်သည်။
ဖောက်ခွဲသည့် ဖြစ်စဉ်မှာ ရပ်တန့်၍ မရ။ ထို့ကြောင့် တိတ်ဆိတ်ငြိမ်သက်နေအောင် ထိန်းချုပ်ခံထားရသည့်တိုင် သူ့ကိုယ်သူ ဖောက်ခွဲမိခဲ့ဆဲပင်။
သို့သော် သူ၏ ဖောက်ခွဲမှုမှာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားစေရုံမှအပ ပတ်ဝန်းကျင်ကို မည်သို့မှ မထိခိုက်စေခဲ့ပေ။ ခြေထောက်အောက်ရှိ ကျောက်တုံးမှအစ သူ့ရှေ့တည့်တည့်တွင် ရပ်နေသည့် ဝမ်ချဲ့ပင်လျှင် သွေးတစ်ပေါက်မှ မစွန်း။ အကောင်းပကတိအတိုင်း ကျန်ရစ်နေခဲ့သည်။
များပြားလှသော သွေးများက ပတ်ဝန်းကျင်တစ်ခုလုံးကို စိုရွှဲသွားစေသည်။
ဝမ်ချဲ့လည်း အလွန်အမင်း ထိတ်လန့်သွား၏။
ယဇ်ဆရာအကြီးအကဲ၏ နောက်လိုက်တစ်ဦး ဖြစ်သည့်အလျောက် သူသည် အင်အားကြီးသူများစွာကို မရေမတွက်နိုင်လောက်အောင် မြင်တွေ့ခဲ့ဖူးသော်ငြား ထိုသူထက်ပိုပြီး သန်မာသူကိုမူ မတွေ့ဖူးချေ။
ဒါ ဘယ်လို စွမ်းအားမျိုးလဲ ပြီးတော့ ဒီလူကရော ဘယ်သူလဲ ...
ဒါက ဘယ်သူလဲ ဟုတ်လား သေချာပေါက်ကို သွမ့်ချန်ချင်းပဲပေါ့ ...
ထိုအကြောင်းကို ရှဲ့ယွင်နန်ထက်ပို၍ မည်သူမှ အတိအကျ သိနိုင်မည် မဟုတ်ချေ။
သူက သွမ့်ချန်ချင်းကို ပွေ့ချီကာ အပေါ်သို့ တက်တော့မည် ပြုစဉ် တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲရှိ ပေါက်ကွဲထွက်လာသော စွမ်းအားများကို ရုတ်တရက် ခံစားမိကာ ရူးသွပ်မတတ် ဖြစ်သွားတော့သည်။
သူ့နှလုံးသားထဲတွင် သွမ့်ချန်ချင်းသည် အနိုင်ကျင့်ခံရသည့် သနားစရာ လူငယ်လေးတစ်ဦးမျှသာပင်။
သူတို့ ပထမဆုံး စတွေ့ကာစက သွမ့်ချန်ချင်း၏ ပုံစံမှာ လွန်စွာ သနားစဖွယ် ကောင်းခဲ့သောကြောင့် ဖြစ်သည်။
ထို့စဉ်က သွမ့်ချန်ချင်း၏ တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေကာ အသားဟူ၍ပင် မရှိ၊ အရိုးပေါ် အရေတင်လုနီးနီးပင်။
သူ့မျက်စိရှေ့မှာပဲ တစ်ဖြည်းဖြည်း ပြန်ကောင်းလာခဲ့တာကို ဘယ်လိုဖြစ်လို့ ... သွမ့်ချန်ချင်းက ဒီလောက်အထိ အင်အားကြီးနေရတာလဲ ...
သွမ့်ချန်ချင်းက သာမန်လူတွေလို ကျန်းမာရေးကောင်းနေပြီ ဆိုတာနဲ့ကို သူ့စိတ်ထဲ ကျေနပ်နေခဲ့ရတာ ...
ဒါပေမယ့် ဒီပုံစံအရဆို သွမ့်ချန်ချင်းက ဘယ်လိုလုပ် သာမန်လူ ဖြစ်နိုင်မှာလဲ သူက အရမ်းကို သန်မာနေတာလေ ...
ဒီကမ္ဘာမှာ နဝမအဆင့် တိုက်ခိုက်သူက အသန်မာဆုံး မဟုတ်ဘူးလား ဒါဆို သွမ့်ချန်ချင်းက ဘာလဲ ...
ထိုသို့ အံ့ဩနေစဉ်မှာပင် ကြီးမားလှသည့် ဖိအားတစ်ရပ် ပျောက်ကွယ်သွားကာ သွမ့်ချန်ချင်းကလည်း သွေးတစ်လုတ် အန်ချလိုက်သည်။
သူ့သိစိတ်ဝိဉာဉ်ကို တစ်ခဏမျှ ဖွင့်ထုတ်လိုက်သည့်အတွက် သန်မာလွန်းအားကြီးလှသော စိတ်စွမ်းအင်များက သူ့ခန္ဓာကိုယ်ကို တစ်မဟုတ်ချင်း ဒဏ်ရာရစေခဲ့သည်။ သူ့လက်ရှိခန္ဓာကိုယ်မှာ ပထမဆုံး ကူးပြောင်းလာစဉ်ကလောက် အခြေအနေ မဆိုးသည့်တိုင် ပြန်လည်သက်သာလာရန် ကြာမြင့်စွာ စောင့်ဆိုင်းရလိမ့်ဦးမည် ဖြစ်သည်။
ထို့အပြင် သူ့လျှို့ဝှက်ချက်များသည်လည်း ရှဲ့ယွင်နန်၏ အရှေ့တွင် ဖော်ထုတ်ခံလိုက်ရသည်။
သို့သော် ကိစ္စမရှိ။
သွမ့်ချန်ချင်းက ဤသည်မှာ အမှန်တရားကို ထုတ်ပြောရန် သင့်တော်သည့်အချိန်ဟု ခံစားမိသည်။ ပထမဆုံးအနေဖြင့် သူသည် ရှဲ့ယွင်နန်၏ သူ့အပေါ် ထားသည့် ခံစားချက်များအား စမ်းသပ်ပြီးဖြစ်ကာ သူကိုယ်တိုင်ကလည်း ရှဲ့ယွင်နန်ကို လွှတ်မပေးတော့ရန် စိတ်ဆုံးဖြတ်ထားပြီးဖြစ်သည်။
ထို့အပြင် ဤတစ်ကြိမ်၌လည်း သူက ဒဏ်ရာရခဲ့သေး၏။
ဒဏ်ရာက ရှဲ့ယွင်နန်အတွက်ကြောင့် ရခဲ့တာလေ ပြီးတော့ ပြင်းလည်း ပြင်းထန်သေးတယ် .. ရှဲ့ယွင်နန်က သူ့ကို ဆက်ပြီး လျစ်လျူရှုထားနိုင်ပါ့မလား ...
ရှဲ့ယွင်နန်က ဒါတွေကို ဂရုစိုက်တတ်တဲ့ လူမျိုးမှ မဟုတ်တာ အရင်ကလည်း တစ္ဆေဘုရင် သူ့ကို ညာခဲ့ဖူးပေမယ့် ... အမှန်ကို ပြောပြီးတဲ့နောက် သူ တစ္ဆေဘုရင်ကို စိတ်မဆိုးခဲ့ဘူးလေ ...
အခု သူလည်း ဒီမှာ ရှိနေတော့ ရှဲ့ယွင်နန်က သူ့ကို ပြဿနာရှာမှာ မဟုတ်ဘူး ...
ထိုသို့ တွေးပြီးနောက် သွမ့်ချန်ချင်းသည် စိတ်ကို တင်းမထားနိုင်တော့။ တစ်ကိုယ်လုံး ပျော့ခွေကာ ရှဲ့ယွင်နန်၏ လက်မောင်းများအကြား အပုံလိုက် ပြုတ်ကျသွားတော့သည်။
သူက မလှုပ်ရှားနိုင်တော့သော်ငြား အခြားသူများမှာမူ မတူပေ။
လှုပ်ရှားနိုင်သွားသည်နှင့်တစ်ပြိုင်နက် တစ္ဆေဘုရင်သည် သွမ့်ချန်ချင်းကို အရင်ဆုံး လှမ်းကြည့်လိုက်သည်။ ဝမ်ချဲ့ကလည်း တစ်ခုခုကို သတိပြုမိသွားသည့်ဟန်၊ သူ့အကြည့်တို့က သွမ့်ချန်ချင်းထံ ကျရောက်လာ၏။
သွမ့်ချန်ချင်းက ကြီးမားလှသည့် ဖိနှိပ်အားကို လွှတ်ချလိုက်သည့်တိုင် သူ့ဘေးတွင် အချို့အဝက် ကျန်ရှိနေဆဲပင်။
တစ္ဆေဘုရင်က အဆင်ပြေသေးသော်ငြား ဝမ်ချဲ့မှာမူ တဆတ်ဆတ် တုန်ရီနေတော့သည်။
သွမ့်ချန်ချင်းက တကယ်ကို အင်အားကြီးမားလွန်းတာပဲ ...
ဒါတောင် သူက ဒီလို အင်အားကြီးတဲ့သူကို ပြန်ပေးဆွဲပြီး မလေးမစားနဲ့ နေရာအနှံ့တောင် ခေါ်သွားလိုက်သေးတယ် ...
ဒါပေမယ့် သွမ့်ချန်ချင်းက ဘာလို့ မခုခံတာလဲ ...
သူ့ကို ပြန်ပေးဆွဲတဲ့ဟာကို ဘာလို့ ငြိမ်ခံနေတာလဲ ...
ဒါ .. ဒါက ထောင်ချောက်များလား ...
ဒါက ထောင်ချောက် မဟုတ်တာတော့ သေချာတယ် သွမ့်ချန်ချင်းရဲ့ အင်အားနဲ့ဆို သူ့ကို အလွယ်တကူ သတ်နိုင်နေတာပဲဟာ ဘာလို့ အာရုံအနောက်ခံပြီး ထောင်ချောက်ဆင်နေဦးမှာလဲ ...
“ဘာတွေ ဖြစ်ကုန်တာလဲ .. မင်းက ဒီလောက် သန်မာနေတဲ့ဟာကို ဘာလို့ မနေ့က ငါဖမ်းတာကို ခံလိုက်တာလဲ ..."
ဝမ်ချဲ့က မြည်တမ်းလိုက်သည်။
သွမ့်ချန်ချင်းမှာ လက်ကျန်ခွန်အား အားလုံးကို ဖျစ်ညှစ်ထုတ်ထားသည့်ဟန် မျက်နှာတစ်ခုလုံး ဖြူရော်နေတော့သည်။
“ကျွန်တော်က ယွင်နန်ကို ကျော်လွှားဖို့ ကူညီပေးရင်း ဒဏ်ရာရသွားခဲ့လို့ ...”
“မင်းက ဘယ်သူလဲ ...”
ဝမ်ချဲ့က ထပ်မေးလိုက်သည်။
သွမ့်ချန်ချင်းက မည်သို့ ပြောသင့်ကြောင်း တုန့်ဆိုင်းနေစဉ် တစ္ဆေဘုရင်က ဝင်ပြောလိုက်သည်။
“သူက တစ္ဆေဘုရင် ...”
သွမ့်ချန်ချင်းက ယဇ်ဆရာအကြီးအကဲနဲ့ နီးစပ်တဲ့လူတစ်ယောက် ဖြစ်နိုင်တယ် ပြောမရဘူး သူက ယဇ်ဆရာအကြီးအကဲကို သစ္ဏာဖောက်ပြီး ရတနာကို ခိုးသွားတဲ့သူတောင် ဖြစ်ချင် ဖြစ်နေမှာ ...
ဒီကိစ္စသာ ပေါက်ကြားသွားရင် သွမ့်ချန်ချင်းက သေချာပေါက် အန္တရာယ်နဲ့ ကြုံရလိမ့်မယ် .. အဲဒါကြောင့်လည်း သူက တစ္ဆေဘုရင်ဆိုတဲ့ သရုပ်ကို အတင်း ဓားပြတိုက်ခဲ့တာကိုး ...
အလုခံထားရပြီးမှတော့ .. သွမ့်ချန်ချင်းကိုပဲ ဆက်သုံးခိုင်းလိုက်ပါတော့မယ်လေ ...
သွမ့်ချန်ချင်းက သူတို့ရဲ့ အသက်တွေကို ကယ်ခဲ့ဖူးတာကို ထည့်မပြောနဲ့ဦး ဒီနေ့အကြောင်းပဲ ပြောကြရအောင် .. သွမ့်ချန်ချင်းကြောင့်သာ မဟုတ်ရင် နဝမအဆင့် တိုက်ခိုက်သူ သူ့ဘာသာသူ ဖောက်ခွဲနိုင်သွားပြီး သူရော ရှဲ့ယွင်နန်ပါ ဒဏ်ရာရသွားမှာ ...
ပြီးတော့ ရှဲ့ယွင်နန် အတားအဆီးကို ကျော်ဖြတ်ပြီး အဆင့်မြင့် ယဇ်ဆရာ ဖြစ်လာနိုင်တာကလည်း သွမ့်ချန်ချင်းရဲ့ ကျေးဇူးကြောင့်ပဲလေ ပြီးတော့ သွမ့်ချန်ချင်းက သူ့ကို ကူညီပေးရင်း ဒဏ်ရာတောင် ရသွားခဲ့သေးတယ် ...
သွမ့်ချန်ချင်းက တစ္ဆေဘုရင်ဆိုတဲ့ နာမည်လေးကို ငှားရုံပဲ မဟုတ်လား အဲဒီ့တော့ ဘာဖြစ်လဲ ...
အခုကစပြီး ငါက တစ္ဆေဘုရင် မဟုတ်တော့ဘူး ...
သွမ့်ချန်ချင်းကမှ တစ္ဆေဘုရင်ပဲ ...
.........
တစ္ဆေဘုရင်အတု ပေါ်လာတော့ ရှဲ့ချင်က ချက်ခြင်း တိုက်ခိုက်တာ မထူးဆန်းတော့ပါဘူး ...
ဝမ်ချဲ့ကလည်း အနည်းငယ် အံ့ဩတုန်လှုပ်သွားသည်။
တစ္ဆေဘုရင်က ဒီလိုပုံစံမျိုး ဖြစ်လိမ့်မယ်လို့ နည်းနည်းမှကို တွေးမထားဖူးဘူး ပြီးတော့ ရှဲ့ယွင်နန်လို လူငယ်လေးကို လက်ထပ်ထားလိမ့်မယ်လို့ရောပဲ ...
ရှဲ့ယွင်နန်ကလည်း ထိုရှင်းပြချက်ကို ချက်ခြင်း လက်ခံလိုက်သည်။
အဲဒီ့နေ့ သူတို့တွေ စိုက်ခင်းထဲမှာ အန္တရာယ်နဲ့ ကြုံကြတုန်းက တစ္ဆေဘုရင် ရုတ်တရက် ရောက်လာပြီး .. ကိစ္စလည်း ပြီးရော ချက်ခြင်း
ပျောက်သွားတာ အံ့ဩစရာ မရှိတော့ပါဘူး .. သူက သွမ့်ချန်ချင်း ဖြစ်နေခဲ့တာကိုး ...
သွမ့်ချန်ချင်းမှာ ဘာပြောလို့ ပြောရမှန်းပင် မသိတော့။
သူက မျက်နှာဖုံးတစ်ခုကို ချွတ်ပြလိုက်ရုံ ရှိသေးတယ် တစ္ဆေဘုရင်က နောက်တစ်ခု ထပ်ဝတ်ပေးလိုက်ပြန်ပြီ ...