အပိုင်း ၆၉
Viewers 7k

Chapter 69




သွမ့်ချန်ချင်းက အပြင်းအထန် ဒဏ်ရာရခဲ့သည့်တိုင် သေစေနိုင်သည်အထိတော့ မဟုတ်ပေ။ 


သို့သော် လက်ရှိအခြေအနေအရ ..သူသည် မျက်စိကို မှိတ်လျက် သည်းမခံနိုင်လောက်အောင် မူးဝေနာကျင်နေသူအဖြစ်သာ ဟန်ဆောင်နေလိုက်သည်။ 


“ချန်ချင်း ...”


သူ သတိလစ်သွားသည်ကို မြင်လိုက်သည့်အခါ ပွေ့ချီထားသည့် ရှဲ့ယွင်နန်က အနည်းငယ် စိတ်ပူသွားသည်။ သို့သော် သူ့ဒဏ်ရာအား ထိခိုက်သွားစေမည်ကို စိုးရိမ်စိတ်ကြောင့် များစွာလည်း မလှုပ်ရှားရဲချေ။ 


ဒါနဲ့ ဒဏ်ရာက ...


ရှဲ့ယွင်နန်က သွမ့်ချန်ချင်း၏ ကိုယ်ထဲသို့ စိတ်စွမ်းအင်ကို ပို့လွှတ်၍ ဤရက်ပိုင်းအတွင်း သူသင်ယူထားသည့်အတိုင်း ခန္ဓာကိုယ်အခြေအနေကို စမ်းသပ်လိုက်သည်။ 


သက်ပြင်းမချဘဲပင် မနေနိုင်တော့။ 


သွမ့်ချန်ချင်း၏ ဒဏ်ရာများမှာ အလွန် ပြင်းထန်လွန်းလှသည်။


သူက အင်အားကြီးမားလွန်း၍ မုန့်ယန်၊ ရှစ်ဟိုင်ယွမ်နှင့် အခြားသူများအား ရှင်းလင်းရာတွင် အားစိုက်ထုတ်ရန်ပင် မလိုအပ်ခဲ့။ သို့သော် ယခုလက်ရှိ ခန္ဓာကိုယ်အခြေအနေမှာမူ ..မနေ့ညက ရှဲ့ယွင်နန် အတားအဆီးကို ကျော်ဖြတ်ရာ၌ ကူညီပေးခဲ့သောကြောင့် ဖြစ်ပေသည်။ 


ရှဲ့ယွင်နန်က အံ့ဖွယ်အပင်ကို စားပြီးသည်နှင့်တစ်ပြိုင်နက် စီနီယာအဆင့် ယဇ်ဆရာ ဖြစ်ခဲ့ခြင်းအပေါ် အံ့အားသင့်ခဲ့မိသေးသည်။ 


သူက ဘယ်လိုဖြစ်လို့ ချက်ခြင်းကြီး အတားအဆီးကို ကျော်လွှားနိုင်ပြီး စီနီယာအဆင့်ကို ရောက်သွားနိုင်မှာလဲ ...


ယခုအခြေအနေအရမူ ထို ဖြစ်ခဲ့သည်များ အားလုံးမှာ သွမ့်ချန်ချင်း၏ ကူညီမှုကြောင့် ဖြစ်ပေလိမ့်မည်။ 


“သူ ဘယ်လိုနေသေးလဲ ...”


တစ္ဆေဘုရင်က မေးလိုက်သည်။ 


“သူ့ဒဏ်ရာက တော်တော်လေး ပြင်းတယ် ...”


ရှဲ့ယွင်နန်၏ အသံက တုန်ရီအက်ကွဲနေ၏။ 


သွမ့်ချန်ချင်း၏ အခြေအနေမှာ သေအံ့မူးမူးဟုပင် ပြော၍ ရပေသည်။ 


သူ့ကို အတားအဆီးကနေ ကျော်ဖြတ်ဖို့ ကူညီပေးရရုံလောက်ပဲဆို .. သွမ့်ချန်ချင်းက ဒီလိုလုပ်ဖို့ လိုအပ်မှာ မဟုတ်ဘူး ...


“သူ့ကို ကုသဖို့ ပြန်ခေါ်သွားရအောင် ...”


ကိစ္စများကို မနှောင့်နှေးစေရဲသည့် တစ္ဆေဘုရင်က ဝမ်ချဲ့နှင့် အခြားလူများအား စိုက်ကြည့်ကာ ပြောလိုက်သည်။ 


ဒီလူတွေက သွမ့်ချန်ချင်းရဲ့ အင်အားကို သိနေပြီးသားဆိုပေမယ့် .. သူတို့ ဘာတွေ ကြံစည်နေကြလဲ ဆိုတာကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူး ...


“ငါလည်း လိုက်ခဲ့မယ် ....”


ဝမ်ချဲ့က ပြောလိုက်သည်။


တစ္ဆေဘုရင်က သူ့ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်၏။ 


“မင်းအကြံက ဘာလဲ ...”


ယနေ့ ဖြစ်ပျက်သွားခဲ့သည်များမှာ ဝမ်ချဲ့နှင့် များစွာ သက်ဆိုင်နေပေသည်။ 


ဝမ်ချဲ့ကလည်း အနည်းငယ် ရှက်ရွံ့သွားသည်။ 


“ငါက အမြဲတမ်း ငါ့အသက်ကို ကယ်ပေးတဲ့ ကျေးဇူးကို ပြန်ဆပ်မှာ ပြီးတော့ သူ့ကိုလည်း သေချာပေါက် ကာကွယ်ပေးမယ် ...”


သူက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့သူကို မှတ်မိလိုက်သည့်အတွက် ထိုသူက သူ့ကို ပစ်မှတ်ထားနေခြင်း ဖြစ်ကြောင်းလည်း သိခဲ့သည်။ သူကသာ သွမ့်ချန်ချင်းအား အရှုပ်အထွေးများအကြားသို့ ဆွဲသွင်းခဲ့သူ ဖြစ်သည်။ 


သွမ့်ချန်ချင်းကမူ သူ့ကို ရှေ့က ဖြစ်ခဲ့သည်များအား အညိုးမထားဘဲပင် ကယ်တင်ခဲ့သေးသည်။ 


ဝမ်ချဲ့က ယဇ်ဆရာအကြီးအကဲကို သစ္စာရှိနေခြင်းမှာ ထိုသူက သူ့ကို ကယ်တင်ပေးထားဖူး၍ ဖြစ်သည်။ ယခုမူ သူက သွမ့်ချန်ချင်းကိုပါ အလိုလို ကျေးဇူးကြွေး ရှိလာတော့၏။ 


ထို့အပြင် သူက ယဇ်ဆရာအကြီးအကဲ၏ အလောင်း မြှုပ်ထားသည့် နေရာကိုလည်း ရှာဖွေလိုပေသည်။ 


“ဒါဆိုလည်း သွားကြတာပေါ့ ...”


တစ္ဆေဘုရင်ကလည်း ဝမ်ချဲ့ကို သူနှင့်အတူ ခေါ်လာခြင်းက ပိုကောင်းလိမ့်မည်ဟု ခံစားမိသည်။


“ခဏနေဦး ငါ့လူတွေ ကြားထဲမှာ သစ္စာဖောက်ရှိနေတယ် သူတို့ကို အရင် ကိုင်တွယ်လိုက်ဦးမယ် ...”


ဟုန်ယဲ့မြို့သို့ လာစဉ်က သူသည် စုစုပေါင်း လူ ၁၇ ဦး ခေါ်လာခဲ့သည်။ 


ပြီးခဲ့သည့် တိုက်ပွဲတွင် လေးဦး သေဆုံးသွားသည့်အတွက် ၁၃ ယောက်သာ ကျန်ရစ်တော့၏။


ကျောက်တောင်အစွန်းပိုင်းသည် ဖောက်ခွဲရေးပစ္စည်းများ ကြိုတင်တပ်ဆင်ထားသောကြောင့်သာ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့လူများအကြားတွင် သစ္စာဖောက် ရှိနေကြောင်း လွန်စွာ ထင်ရှားနေ၏။ ဝမ်ချဲ့၏ ငယ်သားများမှာလည်း လွန်စွာ ထက်မြက်ကြရာ တစ်ယောက်ကိုတစ်ယောက် မျက်ခြည်မပြတ် စောင့်ကြည့်ပြီး မည်သူ့ကိုမှ ထွက်ပြေးသွားခွင့် မပြု။ သို့သော် ထို ၁၃ ဦးအနက် သစ္စာဖောက်သူမှာ မည်သူဖြစ်ကြောင်းကိုမူ မသိရသေးချေ။  


ဝမ်ချဲ့ကလည်း မည်သူက သစ္စာဖောက်ဖြစ်ကြောင်း အချိန်တိုအတွင်း မဆုံးဖြတ်နိုင်။ သူက အားလုံး၏ ဆက်သွယ်ရေးစက်များကို သိမ်းထားကာ သွမ့်ချန်ချင်းကို ကယ်တင်ပြီးကာမှ တစ်ဦးချင်း စစ်မေးရန် တွေးလိုက်သည်။ 


“ဘာလုပ်မလို့လဲ ...”


တစ္ဆေဘုရင်က မေးလိုက်သည်။ 


ဝမ်ချဲ့က သူ့အတွေးများကို ပြောပြလိုက်၏။ 


တစ္ဆေဘုရင်က ပြောလိုက်သည်။


“ငါ လုပ်လိုက်မယ် ...”


သူက အချိန်မဖြုန်းလိုပေ။ ထို့ကြောင့် အဖော်သားရဲကို ထုတ်ကာ ထို ၁၃ ယောက်လုံးအပေါ် သူ၏ ကျင့်ကြံရေးနည်းလမ်းကို အသုံးပြုလိုက်သည်။ 


သူနှင့် အဆင့်တူ နဝမအဆင့် တိုက်ခိုက်ရေးသမားများသည်ပင် စိတ်အာရုံ ရှုပ်ထွေးသွားကြရာ .. သူ့ထက် အားနည်းသူများဆိုလျှင် ပြောနေရန်ပင် မလိုတော့ချေ။


သူ စတင်လှုပ်ရှားပြီးနောက် မကြာမီမှာပင် အမှန်တရားက အမြန် ထွက်ပေါ်လာတော့သည်။ ဝမ်ချဲ့၏ ဘက်တော်သား မဟုတ်သူနှစ်ဦး အမှန်တကယ် ပေါ်ထွက်လာခဲ့သည်။ 


တစ္ဆေဘုရင်၏ စကားကိုပင် မစောင့်တော့ဘဲ ဝမ်ချဲ့သည် ထိုသူနှစ်ဦးကို သေသည်အထိ ရိုက်နှက်လိုက်တော့သည်။ ထို့နောက်တွင်မှ သူက တစ္ဆေဘုရင်ကို ကျေးဇူးတင်စကား ပြောလိုက်သည်။ 


“ကျေးဇူးပဲ ...”


စစ်မေးနေစဉ်အတွင်း သူသည် ဝမ်ချဲ့၏ ငယ်သားများ၏ အကြည့်မှာ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသည့်တိုင် များစွာ တွေးမနေ။ 


လူသားများသည် စိတ်ကို ထိန်းချုပ်နိုင်သည့် နည်းလမ်းများအား ကြောက်ရွံ့ကြရာ ထိုသူများသည်လည်း အလားတူပင် ကြောက်ရွံ့နေကြခြင်း ဖြစ်ပေမည်။


“မင်းရဲ့ နည်းလမ်းက တော်တော်လေး မိုက်တာပဲ ..."


ဝမ်ချဲ့က မှတ်ချက်မပေးဘဲပင် မနေနိုင်တော့။ သူသည် ခွန်အားကြီးမားသန်မာခြင်းကိုသာ အမြဲ စွဲလမ်းနေခဲ့သည့်အတွက် လက်ထပ်ခြင်းလည်း မပြုခဲ့သလို မည်သူ့ကိုမှလည်း စိတ်ဝင်စားခြင်း မရှိခဲ့။ သို့သော် အစောပိုင်းက ဖြစ်ခဲ့သည့် တိုက်ပွဲတွင် .. မျက်နှာတစ်ခုလုံး မီးလောင်ရာများဖြင့် ပြည့်နေသော အမျိုးသားမှာ လွန်စွာ လှပလွန်းလှသည်ဟု ခံစားမိခဲ့၏။ 


သူ့စိတ်အခြေအနေမှာ လွန်စွာ သန်မာကာ တည်ငြိမ်နေ၍သာ တော်သေးသည်။ ထို့ကြောင့် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့၏။ 


သို့သော် သူ့ငယ်သားများကမူ .. ရှဲ့ချင်ကို ကြည့်သည့် အကြည့်များမှာ တစ်ခုခု မှားယွင်းနေသည်။


ထိုသူများက သက်ရောက်ခြင်းကို ခံလိုက်ရကာ သူတို့၏ ကိုယ်ပိုင်အတွေးများဖြင့် လွန်ဆွဲနေရသည့်ဟန်။ 


ဝမ်ချဲ့၏ ကိစ္စများကို ဖြေရှင်းပြီးနောက် ရှဲ့ယွင်နန်သည် သွမ့်ချန်ချင်းအား ရိုးရှင်းသည့် ကုသမှုအချို့ လုပ်ပေးကာ အားလုံးနှင့်အတူ ဟုန်ယဲ့မြို့သို့ အမြန် ပြန်လာလိုက်တော့သည်။ 


လမ်းတစ်လျှောက် ရှဲ့ယွင်နန်က မြောက်များစွာသော ကိစ္စရပ်များကို တွေးနေကာ သူ့စိတ်တစ်ခုလုံး အတွေးများဖြင့် ပြည့်နှက်နေ၏။ 


သွမ့်ချန်ချင်းက သရုပ်မှန်ကို သူ့ထံမှ ဖုံးကွယ်ထားကြောင်း သိလိုက်ရသည့်အတွက် အနည်းငယ် စိတ်မသက်မသာ ဖြစ်လာမိသည်။ ဖခင်ဖြစ်သူပင်လျှင် အမှန်တရားကို သိထားသေး၏။ သို့သော် သူက သွမ့်ချန်ချင်း၏ ရွေးချယ်မှုကိုလည်း နားလည်ပေးနိုင်ပေသည်။ 


သွမ့်ချန်ချင်းကို ကယ်တင်လာခဲ့စဉ်က သူ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ အမှန်တကယ်ပင် ဆိုးရွားခဲ့သည်။ ထိုကဲ့သို့သော အားနည်းမှုမျိုးမှာ အတုလုပ်၍ မရနိုင်ပေ။ 


ထို့အပြင် သူက အလိုရှိ ရာဇဝတ်ကောင် တစ္ဆေဘုရင်လည်း ဖြစ်နေရာ .. သရုပ်မှန်အား ထုတ်ပြောလိုစိတ် မရှိခြင်းမှာ သာမန်ပင် ဖြစ်သည်။ 


အရေးအကြီးဆုံးအချက်အနေဖြင့် သွမ့်ချန်ချင်းသည် အစမှ အဆုံးအထိ သူ့အပေါ် နာကျင်စေခဲ့ခြင်း မရှိ။ သူ့ကိုပင် ကူညီပေးခဲ့သေးသည်။ သူ ယဇ်ဆရာအဖြစ် နိုးထလာခဲ့ခြင်းမှာလည်း သွမ့်ချန်ချင်းအပေါ်တွင်သာ မူတည်နေခဲ့သည်။ 


သို့သော် နားလည်ပေးနိုင်ခြင်းက သူ မကျေမနပ် မဖြစ်တော့ဟု ဆိုလိုခြင်း မဟုတ်ပေ။ 


သွမ့်ချန်ချင်းက သူ့အပေါ် ဟန်ဆောင်နေခဲ့တာလေ .. နောက်ထပ် ဘယ်လိုလုပ် ယုံကြည်ပေးရဲတော့မှာလဲ ...


ပြီးတော့ တစ္ဆေဘုရင်.. အလိုရှိ ရာဇဝတ်ကောင် ဖြစ်ခဲ့တာ နှစ် ၂၀ တောင် မကတော့ဘူး အခု သွမ့်ချန်ချင်းက အသက် ဘယ်လောက်တောင် ရှိနေပြီလဲ ...


သူက တစ္ဆေဘုရင်ဘဝနဲ့ ဘယ်လောက်အများကြီး ကြုံတွေ့ခဲ့ရသလဲဆိုတာ ဘယ်သူက သိမှာလဲ ပြီးတော့ သူက တကယ်ရော စိတ်ရင်းအစစ်အမှန် ဟုတ်ရဲ့လား ...


သူတို့ရဲ့ လက်ထပ်မှတ်ပုံတင်က အလကား ဖြစ်သွားတော့မှာလား ...


အတွေးများစွာတို့က ရှဲ့ယွင်နန်၏ ခေါင်းထဲတွင် ထွက်ပေါ်လာသည့်တိုင် သွမ့်ချန်ချင်း၏ အခြေအနေကြောင့် တစ်ခုကိုမှ ထုတ်မပြောနိုင်သေးချေ။ ပြန်ရောက်သည့်အခါတွင်လည်း သူက သွမ့်ချန်ချင်းကို ကောင်းကောင်း ဂရုစိုက်ပေးကာ နိုးလာသည့်အခါတွင်လည်း စားစရာ အများအပြား ပြင်ဆင်ပေးခဲ့သည်။ 


ယခင်က သူသည် သွမ့်ချန်ချင်း အများကြီး စားနိုင်သည့်အပေါ် အံ့ဩခဲ့ဖူးသည်။ ယခုအခြေအနေအရမူ သူသည် ဒဏ်ရာမှ သက်သာလာရေးအတွက် များများစားရန် လိုအပ်ခြင်းဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ 


တစ္ဆေဘုရင်(အစစ်)က ဝမ်ချဲ့ကို နေရာချထားပေးပြီးနောက် ရှဲ့ယွင်နန်ထံ ထွက်လာခဲ့လိုက်သည်။ 


“ယွင်နန် သွမ့်ချန်ချင်းအကြောင်း အဖေ မင်းကို တမင် ဖုံးကွယ်ထားခဲ့တာ မဟုတ်ပါဘူး သူက မပြောခိုင်းခဲ့လို့ ..."


တစ္ဆေဘုရင်က အမှားအားလုံးကို သွမ့်ချန်ချင်းထံ ပုံချလိုက်သည်။ သို့သော် သူကလည်း သွမ့်ချန်ချင်း၏ ဒဏ်ရာများကို မြင်တွေ့ခဲ့ရ၍ ၎င်းတို့မှာ အတုအယောင် မဟုတ်ကြောင်း သိထားသည်။ ယခင်က ဖြစ်ခဲ့သည်များကို ပြန်တွေးပြီးနောက် ...


သွမ့်ချန်ချင်းက သန်မာသည့်တိုင် သူ့ခန္ဓာကိုယ်အခြေအနေမှာ အလွန် ဆိုးဝါးလှကာ အင်အားကို အလွန်အကျွံ မသုံးနိုင်။ 


သူ သွမ့်ချန်ချင်းကို ဖမ်းစဉ်က တစ်ဖက်သူသည် သူ့ကို ရိုက်ခဲ့ပြီးနောက် ရက်ပေါင်းများစွာ အနားယူခဲ့ခြင်းအပေါ် မအံ့ဩမိတော့ချေ။ 


တစ္ဆေဘုရင် ဟန်ဆောင်ကာ မုန့်ယန်နှင့် အခြားလူများအား ဖမ်းဆီးပြီးနောက် နေမကောင်း၍ အနားယူရန် လိုအပ်ကြောင်း ပြောလာခဲ့သည့်အပေါ်တွင်လည်း မထူးဆန်းတော့။ 


ပြီးတော့ ဒီတစ်ခေါက် .. သွမ့်ချန်ချင်းသာ ခန္ဓာကိုယ်အခြေအနေက ကောင်းနေရင် ဒီလို ဒဏ်ရာ ရလာပါ့မလား ...


သွမ့်ချန်ချင်းက သူ့ကို ကယ်ခဲ့တဲ့အပြင် သူ့သားကိုပါ အဆင့်မြင့်ယဇ်ဆရာဖြစ်အောင် လုပ်ပေးခဲ့သေးတယ် ...


တစ္ဆေဘုရင်က ပြောလိုက်သည်။ 


“သူလည်း မရည်ရွယ်ပါဘူး မင်းအပေါ်မှာထားတဲ့ သူ့သဘောထားကတော့ စစ်မှန်ပါတယ် ...”


ရှဲ့ယွင်နန်က ခေါင်းငြိမ့်ပြလိုက်သည်။


“သိပါတယ် ...”


ခံစားချက်က အစစ်ဆိုတာ သေချာတာပေါ့ မဟုတ်ရင် သွမ့်ချန်ချင်းက ဘာလို့ သူ အဆင့်တက်တာကို ကူညီပေးဖို့အတွက်နဲ့ သူ့ကိုယ်သူ အားနည်းတဲ့အထိ အဖြစ်ခံမှာလဲ ...


“ယွင်နန် တောင်းပန်ပါတယ် ...”


တစ္ဆေဘုရင်က ထပ်ပြောလိုက်သည်။ 


“ကိစ္စမရှိပါဘူး ...”


ရှဲ့ယွင်နန်က ပြုံးပြကာ သွမ့်ချန်ချင်းကို နောက်တ

စ်ကြိမ် သွားကြည့်လိုက်သည်။ 


ဒီလို အိပ်ယာပေါ် လှဲနေတဲ့ အားနည်းပြီး ချောမောတဲ့ အလှလေးက တကယ်တမ်းတော့ လူတိုင်း ကြောက်ကြတဲ့ တစ္ဆေဘုရင် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ...