အပိုင်း ၇၀
Viewers 7k

Chapter 70




ရှဲ့ယွင်နန်က သူ့အဖေကို ထပ်မေးလိုက်သည်။ 


“အဖေနဲ့ သွမ့်ချန်ချင်းက အစောပိုင်းကတည်းက သိနေကြတာလား ...”


“မဟုတ်ဘူး အစက သူ့ကို မသိခဲ့ဘူး ... ငါ မင်းကို စတွေ့ကာစက သူ့ကို တော်တော်လေး အမြင်မကြည် ဖြစ်ခဲ့တာလေ ...”


တစ္ဆေဘုရင်က ပြန်ပြောလိုက်သည်။ 


ရှဲ့ယွင်နန်ကလည်း အနည်းငယ် အံ့အားသင့်သွား၏။ 


တစ္ဆေဘုရင်က နှာခေါင်းကို ပွတ်သပ်ကာ ချောင်းဟန့်ရင်း ဆက်ပြောလိုက်သည်။ 


“မင်း ယဇ်ဆရာအဖြစ် နိုးထလာတဲ့ညက သူ ပြန်ပေးဆွဲခံလိုက်ရတယ် မဟုတ်လား အဲဒါ တကယ်တမ်းတော့ ငါ ခေါ်သွားခဲ့တာ သူ့မှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ရှိမှန်း သိနေလို့ စစ်မေးရအောင်လို့ ခေါ်သွားခဲ့လိုက်တာ ဒါပေမယ့် သူက ငါ့ကို အားသုံးပြီး အနိုင်ယူခဲ့တယ်လေ ...”


ရှဲ့ယွင်နန်က ထိုနေ့နောက်ပိုင်းမှစကာ ဖခင်ဖြစ်သူ၏ သွမ့်ချန်ချင်းအပေါ် သဘောထားသည် လုံးဝဥဿုံ ပြောင်းလဲသွားခဲ့ကြောင်း သတိရသွားသည်။ 


သူက သွမ့်ချန်ချင်းသည် မိတ်ကပ်ကို ဖျက်၍ မျက်နှာအစစ်ကို ပြသခဲ့၍ဟုသာ ထင်ခဲ့သော်ငြား ယခု ပြောစကားများ အရမူ ...


အဖေက သွမ့်ချန်ချင်း ရိုက်တာကို ခံလိုက်ရတာလား ...


သူဖြင့် ဘာပြောလို့ ပြောရမှန်းကို မသိတော့ဘူး ...


“ငါ မင်းကို သင်ပေးတဲ့ ကျင့်စဉ်တွေ အားလုံးကလည်း သူ သင်ပေးခဲ့တာတွေ ...”


တစ္ဆေဘုရင်က သွမ့်ချန်ချင်း၏ လုပ်ရပ်တိုင်းကို ရှင်းပြပြီးနောက် ပြန်သွားလိုက်သည်။ 


သွမ့်ချန်ချင်းကလည်း အိပ်ယာပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသည့်တိုင် .. အားလုံးကို တစ်လုံးမကျန် ကြားနေရပေသည်။ 


သိပ်ကောင်းတယ် .. ရှဲ့ယွင်နန်က စိတ်ဆိုးတဲ့ပုံ မပေါ်ဘူး ....


တစ္ဆေဘုရင် ထွက်သွားပြီးနောက် သူက တစ်ဖြည်းဖြည်း မျက်လုံး ဖွင့်ကြည့်လိုက်သည်။ 


မျက်လုံး ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် အိပ်ယာဘေးတွင် ထိုင်နေသော ရှဲ့ယွင်နန်ကို တွေ့လိုက်ရသည်။ 


“ဘယ်လိုနေသေးလဲ ...”


ရှဲ့ယွင်နန်က သူ နိုးလာသည်ကို သတိပြုမိလိုက်သည်နှင့်တစ်ပြိုင်နက် ချက်ခြင်း စိတ်စွမ်းအင်ကို အသုံးပြုကာ သွမ့်ချန်ချင်း၏ ခန္ဓာကိုယ်ကို စစ်ဆေးပေးလိုက်သည်။ 


သူ့ဘေးတွင် သွမ့်ချန်ချင်း မရှိသည့်အခါ ကျင့်ကြံသည့်နှုန်းမှာ အလွန် နှေးကွေးသွားသည်။ စဉ်ဆက်မပြတ် လေ့ကျင့်ကာ ရရှိလာသမျှ စိတ်စွမ်းအင်တိုင်းအား သွမ့်ချန်ချင်း၏ ဒဏ်ရာကို ကုသရန်အတွက် ချက်ခြင်း အသုံးပြုခဲ့သည်။ 


“အဆင်ပြေပါတယ် နည်းနည်းလေး နားဖို့ လိုအပ်နေရုံပါပဲ ...”


သွမ့်ချန်ချင်းက သူ့ကို ပြုံးပြလိုက်သည်။ 


အခြေအနေမှာ သူတို့ ပထမဆုံး စတွေ့ကာစ အခြေအနေအတိုင်းပင်။ သို့သော် ဤတစ်ကြိမ်တွင်မူ ရှဲ့ယွင်နန်က သွမ့်ချန်ချင်းကို အပြည့်အဝ ကရုဏာသက်မိသည့်တိုင် ခံစားချက်များမှာလည်း ရှုပ်ထွေးနေပေသည်။ 


“တစ်ခုခု စားချင်လား ...”


ရှဲ့ယွင်နန်က မေးလိုက်သည်။ 


“အင်း ...”


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


ရှဲ့ယွင်နန်က စားစရာများ ချက်ခြင်း ယူလာပေးလိုက်၏။ 


“ကျွန်တော့်လက်တွေက မ,လို့ မရဘူး ...”


သွမ့်ချန်ချင်းက မျက်တောင် တဖျတ်ဖျတ်ခတ်ကာ ပြောလိုက်သည်။ 


ရှဲ့ယွင်နန်က ပန်းကန်ကို ကိုင်ကာ သူ့ကို နည်းနည်းချင်း ခွံ့ကျွေးလိုက်၏။ 


သွမ့်ချန်ချင်းက တစ်ဖြည်းဖြည်းချင်း စားနေသည့်တိုင် ရှဲ့ယွင်နန်က စိုးစဉ်းမျှပင် စိတ်မရှည်ဟန်မပြ။ စားသောက်ပြီးနောက် တစ်ခဏအကြာတွင် သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


“ယွင်နန် တောင်းပန်ပါတယ် မင်းကို လိမ်ထားခဲ့မိလို့ ...”


“ကိစ္စမရှိပါဘူး မင်းလည်း တမင် ရည်ရွယ်တာမှ မဟုတ်တာ ...”


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


သွမ့်ချန်ချင်းသည် ရှဲ့ယွင်နန်က အမှန်တကယ်ပင် စိတ်မဆိုးတော့ကြောင်း ခံစားမိသည့်တိုင် သူ့စိတ်ထဲတွင် တစ်ခုခုက အဟန့်အတား ဖြစ်နေဆဲပင်။ 


ဒါက တကယ်ကို သည်းမခံနိုင်စရာပဲ ...


သူက လက်ကို ဆန့်ထုတ်ကာ ရှဲ့ယွင်နန်၏ လက်ကို ဆွဲလိုက်သည်။ 


အင်အားများစွာ မရှိသူ ဖြစ်သည့်အလျောက် သူသည် ရှဲ့ယွင်နန်၏ လက်ကောက်ဝတ်ကိုသာ ခပ်ဖွဖွ ဆွဲလိုက်နိုင်ခဲ့၏။ 


“ယွင်နန် မင်းကို လိမ်ညာထားဖို့ တကယ်ကို မရည်ရွယ်ခဲ့ပါဘူး တကယ်တော့ .. ကျွန်တော်က တစ္ဆေဘုရင် မဟုတ်ဘူး ပြီးတော့ ဒီကမ္ဘာက လူတောင် မဟုတ်ဘူး ...”


“မင်းက ဘာ? …”


ရှဲ့ယွင်နန်က စကားပင် ဆက်မပြောနိုင်၊ ကြောင်အသွားတော့သည်။ 


သူက သွမ့်ချန်ချင်းကို တစ္ဆေဘုရင်အဖြစ် လက်ခံထားကာစသာ ရှိသေးသည်။ သို့သော် သွမ့်ချန်ချင်းက သူ့ကိုယ်သူ တစ္ဆေဘုရင် မဟုတ်၊ ဤကမ္ဘာမှပင် မဟုတ်ဟု ပြောလာပြန်၏။ 


သွမ့်ချန်ချင်းက ရှင်းပြလိုက်သည်။ 


“ငါက တစ်ခြားကမ္ဘာတစ်ခုမှာ နေခဲ့တာ နောက်ပိုင်းကျ မထင်မှတ်ထားဘဲ ရုတ်တရက် သေသွားခဲ့တယ်လေ နောက်ပိုင်း ပြန်နိုးလာတဲ့ အချိန်မှာ တစ်ခြားကမ္ဘာကို ရောက်နှင့်နေပြီး ရေထဲမှာ မျောနေခဲ့တာ .. ဒီခန္ဓာကိုယ်ကလည်း ငါ့ခန္ဓာကိုယ် မဟုတ်ဘူး ငါ ဝင်လာတဲ့ အချိန်မှာ မူလကိုယ်က သေနှင့်နေပြီ မင်းလည်း အဲဒီ့အချိန်က ငါ့အခြေအနေကို သိမှာပါ တော်တော်လေးကို အားနည်းနေတာလေ ...မင်းကြောင့်သာ မဟုတ်ရင် ငါတော့ သေမလားတောင် မသိဘူး ...”


ရှဲ့ယွင်နန်၏ မျက်နှာတစ်ခုလုံး မယုံကြည်နိုင်သည့် အရိပ်အယောင်တို့ဖြင့် ပြည့်နှက်သွားတော့သည်။ ထို့ကြောင့် သွမ့်ချန်ချင်းကလည်း သူ့အတိတ်ဘဝအကြောင်း တစ်စေ့တစ်စောင်းကို သနားစဖွယ် ပြောပြနိုင်သည့် အခွင့်အရေး ရရှိသွားတော့၏။


သူ့အတိတ်ဘဝမှာ လွန်စွာ သနားစဖွယ် ကောင်းလွန်းလှသည်။ အသက်ငယ်ရွယ်စဉ်ကတည်းက ဖမ်းဆီးခံရကာ လူသားလက်နက်အဖြစ် ထိန်းချုပ်အသုံးချခြင်းကိုပါ ခံခဲ့ရ၏။ 


သွမ့်ချန်ချင်းက ပြောနေစဉ်တစ်လျှောက် ရှဲ့ယွင်နန်၏ မျက်နှာကိုလည်း စဉ်ဆက်မပြတ် အကဲခတ်နေရာ တစ်ဖက်သူ၏ မျက်ဝန်းထဲတွင် ပူဆွေးသောက ဖြစ်သည့် အရိပ်အယောင်များ ပြည့်နှက်လာရုံသာမက လက်သီးကိုပါ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြောင်း တွေ့လိုက်ရသည်။ 


ဖြည်းဖြည်းမှန်မှန်ဖြင့် ...


ရှဲ့ယွင်နန်က သူ့ကို ထပ်ပြီး ဒေါသမဖြစ်တော့။ 


“ငါ့ကို မင်း ကယ်လာခဲ့တဲ့ အချိန်တုန်းက တကယ်တော့ အတိတ်မေ့နေခဲ့တာ မဟုတ်ဘူး ဒီကမ္ဘာအကြောင်း လုံးဝကို နားမလည်ခဲ့တာ ဘာတစ်ခုမှလည်း သိမထားဘူး အကုန်လုံးကို တီဗီကနေပဲ သင်ယူခဲ့ရတာ ဒါပေမယ့် ငါက အားလုံးကို မြန်မြန်ဆန်ဆန် သင်ယူနိုင်ခဲ့ပြီး သိပြီးသမျှကိုလည်း မမေ့နိုင်ဘူးလေ ...”


သွမ့်ချန်ချင်းသည် အင်အားကြီးမားသူတစ်ဦးဖြစ်ကြောင်း သိပြီးသည့်နောက် ရှဲ့ယွင်နန်အနေဖြင့် လက်မခံနိုင်ဆုံး ကိစ္စမှာ အစောပိုင်းက မည်သည့်အရာကိုမှ မသိဟန်ဆောင်ခဲ့သည့်ကိစ္စ ဖြစ်သည်။ အစောပိုင်းက သူသည် သွမ့်ချန်ချင်း ကလေးတစ်ဦးလို စကားပြောခြင်းမှာ ဒဏ်ရာဒဏ်ချက်များကြောင့် မှတ်ဉာဏ်ပျောက်သွားခဲ့၍ဟု ထင်ခဲ့မိသည်။ 


ထိုဖြစ်ရပ်အားလုံးမှာ အတုအယောင်များသာ ဖြစ်သည်ဟု သိလိုက်ရသည့်အခါ အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့မိ၏။ 


သို့သော် ...


ဒါကြီးက အရမ်းကို ပုံပြင်မဆန်လွန်းနေဘူးလား ...


ရှဲ့ယွင်နန်က ထိုစကားသည် အလိမ်အညာ ဖြစ်ရမည်ဟုသာ အမြဲ ထင်ထားခဲ့သည်။ သို့သော် အတုအယောင် ဖြစ်လွန်းအားကြီးသည့်အတွက် သွမ့်ချန်ချင်းက သူ့ကို အယုံသွင်းရန် ကြိုးစားသည့်တိုင် သူ့ကို အယုံသွင်းရန် ထိုကဲ့သို့သော ဇာတ်လမ်းမျိုးဖြင့် မဟုတ်မမှန် လျှောက်ပြောနေရန် မလိုအပ်ပေ။ 


ဒါဆို သွမ့်ချန်ချင်းက တကယ်ကြီးကို ဒီကမ္ဘာက မဟုတ်တာလား ...


“ယွင်နန် ငါ မင်းကို တကယ် သဘောကျတာ မင်းကို စတွေ့တဲ့ အချိန်ကတည်းက အများကြီး အများကြီးကို သဘောကျမိခဲ့တာ ...”


သွမ့်ချန်ချင်းက ပြောလိုက်သည်။ သူက နှစ်ဦးအကြား နားလည်မှုလွဲခြင်းများ ထပ်ရှိလာမည်ကို အဖြစ်မခံလိုတော့သည့်အတွက် အလုံးစုံ ဖွင့်ဟဝန်ခံရန် ဆုံးဖြတ်လိုက်တော့သည်။ 


သူက ရှဲ့ယွင်နန်ကို သူ့လက်တွဲဖော်အဖြစ် အသိအမှတ်ပြုပြီး ဖြစ်သည့်အလျောက် တစ်ဖက်လူသည်လည်း အလုံးစုံကို သိထားသင့်ပေသည်။ 


အားလုံးကို ရှင်းပြပြီးနောက် နောက်ထပ် အထင်လွဲမှုများ ထပ်ဖြစ်လာမည်ကို စိုးရိမ်နေရန် မလိုတော့ချေ။ 


သွမ့်ချန်ချင်း၏ အမူအယာမှာ လွန်စွာ စစ်မှန်ထက်သန်လှသည့်အတွက် သူ့စကားများမှာလည်း မုသား မဟုတ်တန်ရာ။


ယနေ့မတိုင်ခင်အထိ ရှဲ့ယွင်နန်သည် ထိုကဲ့သို့သာ အမြဲ ယုံကြည်ထားသည်။ ယခင်က သူက အနည်းငယ် အယုံမလွယ်တတ်သူ ဖြစ်သော်ငြား ယခုမူ ...


သူက တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။ 


“ဒါနဲ့ မင်းအသက်က ဘယ်လောက်ရှိပြီလဲ ...”


သွမ့်ချန်ချင်းကသာ တစ္ဆေဘုရင် မဟုတ်ဘူးဆို အစောပိုင်းက သူ တွေးထားသလို အသက် ၅၀ ၆၀ ဝန်းကျင်ဆိုတာ မဖြစ်နိုင်တော့ဘူး မဟုတ်လား ဒါပေမယ့် သွမ့်ချန်ချင်း သူ့အတိတ်ဘဝအကြောင်း ပြောတဲ့ပုံစံအရဆို .. လူ့ဘဝကို တော်တော်လေး ဖြတ်သန်းခဲ့ဖူးတဲ့ပုံပဲ ...


သွမ့်ချန်ချင်း “... ယွင်နန် ငါ ခေါင်းနည်းနည်းမူးလာ ...”


ရှဲ့ယွင်နန် “...”


ဘာလို့ သွမ့်ချန်ချင်းက တော်တော်လေး အိုနေပြီလို့ ခံစားမိနေပါလိမ့် ...


သွမ့်ချန်ချင်းက ထပ်ပြောလိုက်သည်။ 


“ငါ ကျိန်ပြောရဲတယ် အရင်က တစ်ခါမှကို မချစ်ဖူးဘူး ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်ကလည်း စိတ်ခံစားချက်နဲ့ ပတ်သက်ပြီး အတွေ့အကြုံ ရှိမရှိ မပြောတတ်ပေမယ့် သူက ဘယ်သူနဲ့မှ ဆက်ဆံရေး မရှိသေးတာတော့ သေချာတယ် ...”


ဒီခန္ဓာကိုယ်ရဲ့ ယင်ယန်က အခုထိ ရှိနေတုန်းပဲ ...

(လူပျိုစစ်နေသေးတယ်လို့ ပြောချင်တာပါ)


“မင်းက ဘယ်လိုလုပ် သိတာလဲ သေရောသေချာရဲ့လား ...”


“သေချာပါတယ် ...”


“ဒါဆို ဘာလို့ သူက အဲဒီ့လို ပုံစံမျိုး ဖြစ်နေခဲ့တာလဲ ...”


ရှဲ့ယွင်နန်က မေးလိုက်သည်။ 


“ဘယ်လို ပုံစံမျိုးလဲ ...”


သွမ့်ချန်ချင်းက ပဟေဠိ ဖြစ်သွား၏။ 


ရှဲ့ယွင်နန်က သူ၏ အစောပိုင်း မှန်းဆချက်များကို ထုတ်ပြောလိုက်သည်။ 


သွမ့်ချန်ချင်းမှာ ပြောစရာစကားပင် မရှိတော့။ 


ရှဲ့ယွင်နန်က အမြဲတမ်း သူ့ကို ဒီလိုလို့ ထင်ထားခဲ့တာလား .. အနိုင်ကျင့်ခံရတဲ့ အားနည်းတဲ့ အောက်ပုဂ္ဂိုလ်လေးလို့လေ? …


ရှဲ့ယွင်နန်က သူ့အတွက် များစွာ စိတ်မကောင်း ဖြစ်ခဲ့ကြောင်း သိထားသည့်တိုင် ဘာကြောင့် ထိုကဲ့သို့ တွေးခဲ့ကြောင်း မသိချေ။


စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးကာမှ သူက ဆက်ပြောလိုက်သည်။ 


“ဒီဒဏ်ရာတွေက မြစ်ထဲမှာ မျောတုန်းက တိုက်မိတဲ့ ဒဏ်ရာတွေ အဝတ်အစားတွေကကျ ... ငါ အပေါ်ဝတ်အင်္ကျီကို လွှင့်ပစ်ခဲ့လိုက်တာ ...”


ဒီလိုကိုး ...


ရှဲ့ယွင်နန် အနေဖြင့်လည်း သွမ့်ချန်ချင်းက တစ်ကြိမ်တစ်ခါမျှပင် အနိုင်ကျင့်ခံရဖူးခြင်း မရှိခဲ့ကြောင်း သိလိုက်ရသည့်အခါ အနည်းငယ် ပျော်ရွှင်သွားမိတော့သည်။ 


သို့သော် သွမ့်ချန်ချင်းက ဆက်ပြောလိုက်ပြန်၏။


“ဒါနဲ့ ယွင်နန် ငါက တစ္ဆေဘုရင် မဟုတ်ဘူး မင်းအဖေကမှ တစ္ဆေဘုရင်အစစ် သူက ငါ့ကို ယဇ်ဆရာအကြီးအကဲရဲ့ ဘေးက တိုက်ခိုက်သူတစ်ယောက် ပြီးတော့ အကြီးအကဲကို သစ္စာဖောက်ခဲ့တဲ့သူဆိုပြီး ထင်ခဲ့လို့ သူ့နာမည်ကို ငှားပေးခဲ့တာ ...”


ရှဲ့ယွင်နန် “...”


ထို့နောက် သွမ့်ချန်ချင်းက ဗုံးများကို တစ်လုံးပြီးတစ်လုံး ဆက်တိုက် ကြဲချလိုက်သည်။ 


“အဲဒီ့ ..ဝမ်ချဲ့က ငါ့ကို ဖမ်းသွားတာကလည်း မင်းက ယဇ်ဆရာအကြီးအကဲဆီကနေ တကယ်ကြီး အမွေရထားတာလို့ ထင်လို့ မင်းကနေတစ်ဆင့် အကြီးအကဲကို ရှာချင်လို့ ဖမ်းသွားတာ သူနဲ့ စကားပြောနေရင်းမှ သိလိုက်ရတာ တစ်ခုရှိတယ် .. ငါ ကူးပြောင်းလာတုန်းကလေ ဒီခန္ဓာကိုယ်က ယဇ်ဆရာအကြီးအကဲရဲ့ အဝတ်အစားတွေကို ဝတ်ထားတာ ...”


ရှဲ့ယွင်နန် “!!!!!!!”


ရှဲ့ယွင်နန်အပေါ် မိုးကြိုးအချက်ပေါင်းများစွာ ပစ်ချလိုက်ပြီးနောက် သွမ့်ချန်ချင်းသည် နောက်တစ်ကြိမ် ထပ်မံကာ အိပ်မောကျသွားပြန်တော့သည်။


ရှဲ့ယွင်နန်က အိပ်ယာဘေးတွင် ထိုင်ကာ သူ့နဖူးကို ပွတ်နေလိုက်သည်။ 


ဒီရက်ပိုင်းထဲ တော်တော်များများကို ကြုံတွေ့လိုက်ရတာပဲ ...


အရပ်စကားအရဆို သူက ချစ်ပြီးကြိုက်ပြီး လက်ထပ်ပြီးသားလူလေ ဘာလို့ သူ့လက်တွဲဖော်ရဲ့ ဘဝဇာတ်ကြောင်းက ဒီလောက် ရှုပ်ထွေးနေရတာလဲ ...


သွမ့်ချန်ချင်းက ယဇ်ဆရာအကြီးအကဲ ဖြစ်နေခဲ့တာလား ...


ဒါက တကယ်ကို ဟာသတော့ မဟုတ်ပါဘူးနော် ...


သူက သွမ့်ချန်ချင်းသည် သူ့ကို လိမ်ညာနေခြင်းလေလားဟု သံသယ ဖြစ်မိသေးသော်ငြား အရိုးသားဆုံး ဝန်ခံရပါလျှင် သွမ့်ချန်ချင်းက ကောင်းကောင်းမွန်မွန် ပြောခဲ့သည့်အပြင် သူ့ကို နောက်ထပ်လိမ်ရန် အကြောင်းလည်း မရှိတော့ချေ။ 


အသက်ကို ပြင်းပြင်းရှူကာ သွမ့်ချန်ချင်းကို ဘေးသို့ တိုး၍ သူ့ဘေးတွင် ဝင်လှဲလိုက်တော့သည်။ 


အတိတ်မှာ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကတော့ .... သွမ့်ချန်ချင်းက သူ့ကို သဘောကျတယ်လို့ ပြောခဲ့သားပဲ ပြီးတော့ အချိန်တွေ အကြာကြီး အတူတူ ရှိခဲ့ကြတာဆိုတော့ ... ဖြစ်ခဲ့တာတွေလည်း ဖြစ်ပါစေတော့ ...


သူကလည်း သွမ့်ချန်ချင်းကို သဘောကျနေတာပဲလေ .. သဘောကျမိမှတော့ စိတ်ထဲမှာ အဖုအထစ် ရှိနေရုံနဲ့ တွန်းထုတ်လိုက်လို့မှ မဖြစ်တာ ...


သွမ့်ချန်ချင်းရဲ့ အင်အားနဲ့ ပတ်သက်ပြီးတော့ .. သွမ့်ချန်ချင်းကလည်း သူ့ကို အင်အားကြီးလာအောင် ကူညီပေးနေခဲ့တာပဲ သူကိုယ်တိုင်က အခွင့်အရေးကို ဆုပ်ကိုင်ပြီး ပိုအင်အားကြီးလာအောင် ကြိုးစားဖို့ပဲ လိုတော့တယ် ...


သွမ့်ချန်ချင်း တစ်ချိန်လုံး ဒုက္ခခံနေခဲ့ရသည်များမှာ သူ့အတွက်ကြောင့်ဖြစ်ကြောင်း တွေးလိုက်မိသည့်အခါ ...


 အင်အားကြီးသူတစ်ဦးဖြစ်ကြောင်း သိပြီးသည်နှင့်တစ်ပြိုင်နက် သွမ့်ချန်ချင်းနှင့် နီးနီးကပ်ကပ် မနေတော့သည့် ရှဲ့ယွင်နန်သည် ရှုပ်ထွေးနေသည့် အတွေးများအား ရပ်တန့်ကာ သွမ့်ချန်ချင်း၏ လက်ကို ဆုပ်ကိုင်ထားလိုက်တော့သည်။ 


သူ့အပေါ် ဘာ မျှော်လင့်ချက်မှ မပါဘဲ ဒီလိုမျိုး သဘောကျပေးတဲ့သူတွေလည်း ရှိနေသေးပါ့လား ...


တကယ်ကို ကံကောင်းလိုက်တာ ...


ဤသို့ဖြင့် တိတ်ဆိတ်သော ညတစ်ည ကုန်လွန်သွားခဲ့သည်။ 


နောက်နေ့မနက် နိုးလာသည့်အခါ ရှဲ့ယွင်နန်က ကိစ္စတစ်ခုကို မှန်းဆမိသွား၏။ 


သွမ့်ချန်ချင်း၏ ကျန်းမာရေးမှာ အလွန် ဆိုးရွားနေသည့်အတွက် သူ့ကို ကောင်းစွာ ဂရုစိုက်ပေးရန် လိုအပ်သည်။ သွမ့်ချန်ချင်းအနေဖြင့် အတတ်နိုင်ဆုံး အားမသုံးဘဲ နေရမည်ဖြစ်သည်။ 


အားလုံးကို ရှင်းပြပြီးသည့်နောက် သူတို့နှစ်ဦးအကြား လေထုမှာ တစ်ဖန်ပြန်လည်ကာ နွေးထွေးမှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။ 


တစ်ဖက်တွင်မူ .. ဝမ်ချဲ့၊ မုန့်ယန်၊ ကျောက်ချင်းယွင်နှင့် အခြားလူအားလုံး ဆုံတွေ့မိသွားကြတော့သည်။


ယမန်နေ့က တစ္ဆေဘုရင်သည် မုန့်ယန်နှင့် သူ့လူများအား ပြန်ခေါ်ကာ ရဲတိုက်ထဲတွင် နေစရာ စီစဉ်ပေးခဲ့သည်။ 


ဝမ်ချဲ့က အနည်းငယ် ဒဏ်ရာရထားသည့်အတွက် အပြင်မထွက်၊ မိုးလင်းသည်အထိ အခန်းထဲတွင်သာ နေနေခဲ့သည်။ ထို့နောက် သူ အပြင်ထွက်လာသည့်အခါ မုန့်ယန်နှင့် အခြားလူများကို တွေ့လိုက်ရသည်။ 


မြင့်မြတ်မြို့တော်တွင် ဖြစ်ပွားခဲ့သည့် ပုန်ကန်အုံကြွမှု၌ မုန့်ယန်နှင့် သူ့လူများသည် မည်သို့မှ ပါဝင်ခြင်း မရှိခဲ့သည့်တိုင် ယဇ်ဆရာအကြီးအကဲကို ဆန့်ကျင်သူများ ဖြစ်ခဲ့သည့်အလျောက် ဝမ်ချဲ့က သူတို့ကို အမြင်မကြည်ချေ။ 


ထိုသူများကလည်း ဝမ်ချဲ့ကို မြင်လိုက်သည့်အခါ တစ်ဖက်သူ၏ ကံဆိုးမှုကို အားရဝမ်းသာ ဖြစ်သွားကြတော့သည်။ 


“အိုး .. နောက်ထပ်ဘော်ဒါတစ်ယောက် ထပ်တိုးလာပြီပဲ ...”


“ဘာဘော်ဒါလဲ မင်းနဲ့ငါက ဘာဘော်ဒါမှ မဟုတ်ဘူး ...”


ဝမ်ချဲ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ 


ဝမ်ချဲ့ကလည်း သူတို့ကဲ့သို့ပင် ထိန်းချုပ်ခြင်း ခံထားရသည်ဟု တွေးနေသူတစ်ဦးက အားရဝမ်းသာ ပြောလိုက်သည်။ 


“မင်းကလည်း ဒီအထိတောင် ရောက်နေပြီပဲဟာကို ဘာတွေ ငြင်းနေဦးမှာလဲ .. သူ့ကို ပြန်ပေးဆွဲပြီးတော့ မင်း ဘာတွေ တွေးလဲ ..."


မုန့်ယန်နှင့် အခြားလူများက သွမ့်ချန်ချင်း၏ အခြေအနေကို ကောင်းစွာ သိထားကြသည်။ သူက “တစ္ဆေဘုရင်” ကို ပြန်ပေးဆွဲမိခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည့်အခါ ဝမ်ချဲ့သည် သူ့ကိုယ်သူပင် အရူးတစ်ယောက်ဟု ထင်မြင်မိလာတော့သည်။ 


မုန့်ယန်က ထပ်ပြောလိုက်ပြန်၏။


“ငါတို့အားလုံး အမြင့်ကနေ ပြုတ်ကျလာရတဲ့ လူတွေပဲဟာ အခုကနေစပြီး လုပ်ဖော်ကိုင်ဖက်လိုပဲ သဘောထားကြတာပေါ့ ခုခံဖို့တော့ မစဉ်းစားနဲ့နော် အဲဒါမှ ခေါင်းမကိုက်မှာ ...”


ဝမ်ချဲ့ “ဘာကို ခုခံတာလဲ ဘာကို ခေါင်းကိုက်တာလဲ ...”


မုန့်ယန်နှင့် ကျောက်ချင်းယွင် “.. မင်းက ထိန်းချုပ်ခံရလို့ ခေါင်းကိုက်တာမျိုး မဖြစ်ဘူးလား ...”


“ဘာထိန်းချုပ်တာလဲ ...”


“ဒါဆို မင်းက ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ ...”


“အသက်ကယ်ထားတဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့လေ ...”


ဝမ်ချဲ့က ပြန်ပြောလိုက်သည်။ တစ္ဆေဘုရင်က သူ့အား သွမ့်ချန်ချင်း၏ သရုပ်မှန်ကို ထုတ်မပြောရန် ပြောထားသည့်အတွက် ရှည်ရှည်ဝေးဝေး ဆက်မပြောတော့။ 


မုန့်ယန်နှင့် အခြားလူများမှာမူ တစ်ခုခုကို မှန်းဆမိသွားပြီး ဖြစ်သည်။ 


ဝမ်ချဲ့က ထိန်းချုပ်ခံထားရတာ မဟုတ်ဘူးတဲ့ ...


ဘာလို့လဲ ...


ဘာလို့ သူတို့ဘဝတွေက အရမ်း သနားစရာ ကောင်းနေတဲ့အချိန်မှာ ဝမ်ချဲ့က အေးအေးဆေးဆေး ဖြစ်နေရတာလဲ ...


ဒါက မျှရော မျှတသေးရဲ့လား ...


မုန့်ယန်နှင့် ကျောက်ချင်းယွင်က ဝမ်ချဲ့ကို ချက်ခြင်းလက်ငင်း အမြင်မကြည် ဖြစ်သွားတော့သည်။ 


ဝမ်ချဲ့ကလည်း သူတို့ကို သဘောမကျ။ ထို့ကြောင့် အခြေအနေမှာ သိပ်မကောင်းလှတော့ချေ။ 


သို့သော် တစ္ဆေဘုရင် ပေါ်မလာခင်အထိသာ ...


အားလုံးက အမူအယာများကို ပြန်သိမ်းလိုက်ကြကာ မုန့်ယန်နှင့် အခြားလူများက တစ္ဆေဘုရင်ကို ရှောင်ကွင်းသွားလိုက်ကြသည်။ 


တစ္ဆေဘုရင်ကလည်း အားလုံးက သူ့အား ကြောက်ရွံ့နေသည့် ခံစားချက်မှာ အတော်လေး ကောင်းမွန်သည်ဟု ခံစားမိနေ၏။ 


အနည်းငယ် မြောက်ကြွမြောက်ကြွ ဖြစ်နေသူကို ကြည့်ပြီး ဝမ်ချဲ့က မနေနိုင်စွာဖြင့် ပြောလိုက်သည်။ 


“ညီအစ်ကို ဘာလို့ ဒီလိုမျိုးကြီး ရုပ်ဖျက်ထားတာလဲ ဒီလိုကြီးလည်း ရုပ်ဖျက်ထားသေးတယ် သူများကိုလည်း ညှို့ယူသေးတယ်ဆို ... ခင်ဗျားကို မြင်သမျှ လူတိုင်းက ဘဝကြီးကို သံသယတွေ ဝင်ကုန်တော့မှာပဲ ...”

[***သူက ရုပ်ဆိုးအောင်ရုပ်ဖျက်ပြီးမှ တစ္ဆေဘုရင်မျက်နှာဖုံးတပ်

တာပါ ခုတော့ သူ့မျက်နှာဖုံးက သွမ့်ချန်ချင်းသုံးလိုက်လို့ မျက်နှာဖုံးမပါတော့ပေမဲ့ ရုပ်ဖျက်ထားတဲ့ရုပ်ဆိုးကြီးရှိနေပါသေးတယ် ]


အတွေ့အကြုံ ရင့်ကျက်ကာ သတင်းအချက်အလက် ကြွယ်ဝသူတစ်ဦး ဖြစ်သည့်အလျောက် ဝမ်ချဲ့သည် တစ္ဆေဘုရင်၏ မျက်နှာမှာ အတုဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့်ပင် ပြောနိုင်ပေသည်။