Chapter 71
တစ္ဆေဘုရင်သည် များသောအားဖြင့် မျက်နှာဖုံးကိုသာ တပ်ထားတတ်ကာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့် မျက်နှာကိုလည်း အခါအားလျော်စွာ အသုံးပြုလေ့ရှိသည်။ သူနှင့် တွေ့ဖူးသူဟူ၍လည်း အများအပြား မရှိသည့်အတွက် ပြစ်ချက်ကို ရှာတွေ့သွားရန်မှာ မလွယ်ကူလှချေ။
သို့သော် လတ်တလောတွင် သူက ထိုရုပ်ပျက်ဆင်းပျက် မျက်နှာဖြင့်သာ နေ့တိုင်း ဟိုဟိုဒီဒီ ပြေးလွှားနေရာ ...အများအပြား အသုံးပြုပြီးနောက် ထိုရုပ်ဖျက်ထားသည့် မျက်နှာဖုံးမှာ ဟောင်းနွမ်းလာတော့သည်။
ဝမ်ချဲ့နှင့် တိုက်ခိုက်နေစဉ်အတွင်း သူ့မျက်နှာ၏ ဘယ်ဘက်အခြမ်းမှ အပိုင်းအစလေးတစ်ခု ပြုတ်ကျသွားခဲ့သည်။
ဝမ်ချဲ့ မဆိုထားနှင့် ၊ အခြားသောလူအချို့ပင်လျှင် သူ့မျက်နှာမှာ အတုဖြစ်ကြောင်း မြင်နိုင်ပေသည်။ သို့သော် မည်သူမှ ထုတ်မမေးရဲကြချေ။
“ဘာကို ညှို့ယူတာလဲ ...”
တစ္ဆေဘုရင်က မေးလိုက်သည်။ ဝမ်ချဲ့က သူ့မျက်နှာအတုအကြောင်း ပြောနေသည်ကို နားလည်သော်ငြား “ညှို့ယူခြင်း” ဟူသည့် စကားကိုမူ နားမလည်ချေ။
ဝမ်ချဲ့က ပြောလိုက်သည်။
“ခင်ဗျားရဲ့ မွေးရာပါစွမ်းရည်က မြင်သမျှလူတိုင်း ချစ်မိသွားအောင် လုပ်နိုင်တဲ့စွမ်းရည် မဟုတ်လား ဒီလိုစွမ်းရည်မျိုးကို ပထမဆုံးအကြိမ် ကြုံဖူးတာပဲ .. ငါတောင် ဒီအသက်အရွယ်အထိ ရောက်နေတာတောင် .. မင်းရဲ့ ဆွဲဆောင်တာ ခံလိုက်ရသေးတယ် တော်သေးတာပေါ့ မင်းမျက်နှာက မြန်မြန်လေး အသိပြန်ဝင်သွားစေနိုင်လို့ .. ဒါပေမယ့် လူတွေကို သူတို့ကိုယ်သူတို့ သံသယဝင်လာအောင်လည်း လုပ်နိုင်တယ် ...”
တစ္ဆေဘုရင်က ကြောင်အသွားသည်။
ငါ့ပင်ကိုယ်စွမ်းရည်က လူတွေကို ချစ်မိသွားအောင် လုပ်တာ ဟုတ်လား ဘာတွေလဲဟ .. ရန်သူကို အာရုံထွေပြားသွားအောင် လုပ်နိုင်တာ မဟုတ်ဘူးလား ...
နေစမ်းပါဦး .. ဒီလိုဆိုမှပဲ အခုနောက်ဆုံး တိုက်ခဲ့တဲ့ တိုက်ပွဲတွေမှာ .. သူ့ရန်သူတွေရဲ့ အကြည့်တွေက ထူးဆန်းနေပါတယ်လို့ ခံစားမိနေတာ ...
“ဘာလို့ ဒီလိုပုံစံမျိုး ရုပ်ဖျက်ထားရတာလဲ .. မင်းပုံစံက သာမန်ပဲ ဆိုပေမယ့် ဒီရုပ်ဖျက်ထားတဲ့ မျက်နှာနဲ့ ယှဉ်လိုက်ရင် ပင်ကိုယ်စွမ်းရည်က တော်တော်လေးကို တိုးတက်လာတာပဲ ...”
ဝမ်ချဲ့က သက်ပြင်းချကာ ပြောလိုက်သည်။
တစ္ဆေဘုရင် "..."
တစ္ဆေဘုရင်က ချက်ခြင်း တစ်ဖက်လှည့်ကာ ထွက်သွားတော့သည်။ သူ့ခေါင်းတစ်ခုလုံးကိုလည်း ရှုပ်ထွေးနေသည့် အတွေးများက နေရာယူထား၏။ ထို့နောက် သူက ချက်ခြင်းပင် ငယ်သားတစ်ဦးကို ရှာကာ သူ့ကို တိုက်ခိုက်ရန် ပြောလိုက်သည်။ ထို့နောက်တွင်တော့ ... တစ်ဖက်သူအား တစ်ဖက်သတ် အနိုင်တိုက်မိသွားတော့သည်။
တိုက်ခိုက်ပြီးနောက် .. တစ္ဆေဘုရင်သည် သူ့ဘဝကိုပင် အနည်းငယ် သံသယဖြစ်မိသွားတော့၏။
ဒါက သူ့ပင်ကိုယ်ပါရမီရဲ့ ပြဿနာ လုံးဝ မဟုတ်နိုင်ဘူး .. သူ့စွမ်းရည်တွေက ဒါမျိုးမှ မဟုတ်တာ ...
ဒါဆို .. သွမ့်ချန်ချင်း ပေးတဲ့ ကျင့်ကြံစဉ်က တစ်ခုခု ပြဿနာရှိနေတာများလား ....
သွမ့်ချန်ချင်း၏ ကျင့်စဉ်မှာ အလွန်အားကောင်းလှသည်။ ကျင့်ကြံပြီးနောက် သူ့အင်အားများ တိုးတက်လာရုံသာမက ဒဏ်ရာဟောင်းများ၏ အခြေအနေပင်လျှင် တိုးတက်လာသေး၏။
ဒီတိုင်း .. ဒီကျင့်စဉ်ရဲ့ အာနိသင်က ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ထင်မထားမိရုံလေးပဲ ...
သူက သွမ့်ချန်ချင်း၏ အခန်းရှိရာသို့ ဒေါသတကြီး ထွက်လာလိုက်သည်။
မျက်နှာတစ်ခုလုံး ဖြူရော်နေသည့် သွမ့်ချန်ချင်းက ကုတင်ပေါ်တွင် လှဲနေပြီး ရှဲ့ယွင်နန်က သူ့ကို ခွံ့ကျွေးနေ၏။
သွမ့်ချန်ချင်းက သူ့ကြောင့် အပြင်းအထန် ဒဏ်ရာရသွားခြင်း ဖြစ်သည့်အတွက် ရှဲ့ယွင်နန်က သူ့ကို ကောင်းစွာ ပြုစုပေးလိုပေသည်။
“အဖေ တစ်ခုခု ဖြစ်လို့လား ...”
တစ္ဆေဘုရင်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ရှဲ့ယွင်နန်က ချက်ခြင်း မေးလိုက်သည်။
သားဖြစ်သူ၏ စိုးရိမ်တကြီး မေးမြန်းသံကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် တစ္ဆေဘုရင်၏ ဒေါသများ ပျောက်ကွယ်သွားတော့၏။ သူက သက်ပြင်းတစ်ချက်ချကာ သွမ့်ချန်ချင်းကို ပြောလိုက်သည်။
“မင်းကို မေးစရာတစ်ခု ရှိလို့ မင်း ငါ့ကို သင်ပေးတဲ့ ကျင့်စဉ်လေ .. သူ့မှာ ဘေးထွက်ဆိုးကျိုးတွေ ရှိလား ...”
သွမ့်ချန်ချင်းက အပြစ်ကင်းစင်သည့် အကြည့်တို့ဖြင့် ပြန်ဖြေလိုက်သည်။
“အဲဒီ့ကျင့်စဉ်ကို အရင်က မကျင့်ဖူးဘူး အဲဒါကြောင့် ဘေးထွက်ဆိုးကျိုး ရှိမရှိကိုတော့ သေချာ မသိဘူး ဒါပေမယ့် ကျင့်ကြံပြီးသွားရင် မွေးရာပါ စွမ်းရည်ကို လှုံ့ဆော်ပေးနိုင်တယ်တဲ့ ...”
တစ္ဆေဘုရင် “...”
သွမ့်ချန်ချင်း၏ ပုံစံမှာလည်း လိမ်နေသည့်ပုံ မပေါ်။
ဒါဆို .. ဒီ ကျင့်စဉ်ကို သုံးတဲ့အချိန်မှာ ဖြစ်တာတွေက ... တကယ်ပဲ သူ့ရဲ့ ပင်ကိုယ်စွမ်းရည်ကြောင့်လား ...
သူ မြင့်မြတ်မြို့တော်တွင် ရှိခဲ့စဉ်က သူ့အဖော်သားရဲကို သာမန် မြေခွေးနီတစ်ကောင်အဖြစ် ရုပ်ဖျက်ထားခဲ့ဖူးသည်။ ထိုစဉ်က အချို့လူများသည် သူ့ကိုလည်း မြေခွေးတစ်ကောင်ဟု သမုတ်ခဲ့ကြ၏။
အခုတော့ တကယ်ကို မြေခွေးအစစ် ဖြစ်နေပြီ ...
တစ္ဆေဘုရင်က စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားလိုက်သည်။
သူ အဝေးရောက်သွားကာမှ ရှဲ့ယွင်နန်က မေးလိုက်သည်။
“ကိုယ့်အဖေရဲ့ ကျင့်စဉ်က ဘာဖြစ်လို့လဲ ...”
သွမ့်ချန်ချင်းက အလွန်အမင်း လေးနက်တည်ကြည်သည့် မျက်နှာထားဖြင့် ပြောလိုက်သည််။
“သူ့ကို ပေးခဲ့တဲ့ ကျင့်စဉ်က အတိတ်ဘဝတုန်းက ရထားတာ တစ်ခါမှ ကိုယ်တိုင် မကျင့်ကြံဖူးဘူး အဲဒါကြောင့် သေသေချာချာတော့ မသိပေမယ့် ဘာပြဿနာမှတော့ မရှိနိုင်လောက်ပါဘူး ...”
မြေခွေးဝိဉာဉ်တွေက လူတွေကို သွေးဆောင်တာမျိုးကို အထူးတလည် ကျွမ်းကျင်တယ် .. ဒီလိုစကားမျိုးကိုတော့ ပြောနေဖို့ မလိုတော့ဘူးလေ ...
ဒီလိုဆိုမှ ရှဲ့ယွင်နန်ရဲ့ ရှောင်ပိုင်ကလည်း ခွေးတစ်ကောင်ပဲကို အမြီးကိုးချောင်း ရှိနေတော့ ...အခု သူသာ မဟောင်ဘူးဆို တကယ်ကို အမြီးကိုးချောင်းမြေခွေးအတိုင်းပဲ ...
ထိုကျင့်ကြံစဉ်အား ဖခင်ဖြစ်သူက မကြာခဏ ချီးကျူးတတ်ကြောင်း ပြန်တွေးမိပြီးနောက် ရှဲ့ယွင်နန်သည် ပြဿနာ မရှိနိုင်ဟု တွေးကာ သွမ့်ချန်ချင်းကိုသာ ဆက်ပြီး ခွံ့ကျွေးနေလိုက်တော့သည်။
သွမ့်ချန်ချင်းက ထပ်မေးလိုက်သည်။
“ရှောင်ပိုင်ရော သူ့ကို လွမ်းလို့ ...”
အရွယ်ရောက်ပြီးသူတစ်ဦးက တစ်ဖက်လူ၏ အဖော်သားရဲကို လွမ်းသည်ဟု ထုတ်ပြောလာခြင်းသည် အချင်းချင်း အီစီကလီ လုပ်နေခြင်းပင်။ .. ရှဲ့ယွင်နန်က အသက်ကို ပြင်းပြင်းရှူကာ ရှောင်ပိုင်အား ထုတ်ပေးလိုက်သည်။
သွမ့်ချန်ချင်းကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ရှောင်ပိုင်က ဒေါင်းဖြူတစ်ကောင်နှယ် အမြီးများကို ဖြန့်ကျက်လျက် အတင်း ပြေးဝင်လာ၏။
သွမ့်ချန်ချင်းက သူ့ကို ပွေ့ဖက်ကာ နမ်းလိုက်သည်။
ရှောင်ပိုင်သည် အမြဲ စိတ်အားထက်သန်နေခဲ့သူ ဖြစ်သည်။ အစောပိုင်းက သူသည် ရှောင်ပိုင်နှင့် နီးကပ်လိုချိန်တိုင်း စိတ်စွမ်းအင်ကို ထုတ်ပေးကာ သွေးဆောင်ခဲ့ရသည်။
ယခုမူ မတူတော့။ သူ့ဘက်က စိတ်စွမ်းအင် ထုတ်မပေးသည့်တိုင် ရှောင်ပိုင်က သူ့လက်မောင်းထဲ တိုးဝင်ကာ မဖော်ပြတတ်လောက်အောင်ကို နီးနီးကပ်ကပ် နေထိုင်နေမြဲပင်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်တိုင် ရှဲ့ယွင်နန်၏ မျက်နှာက ပြောင်းလဲမသွားချေ။ သို့သော် သွမ့်ချန်ချင်းမှာ မရယ်မောဘဲပင် မနေနိုင်တော့ချေ။ သူက ရှဲ့ယွင်နန်ကို နမ်းရန် သူ့ရှဉ့်လေးကိုပါ ထုတ်လိုက်ကာ ရှဲ့ယွင်နန်၏ လည်ပင်းအကြား တိုးဝှေ့စေလိုက်၏။
ရှဲ့ယွင်နန် “...”
ပြောကြတာတော့ အဖော်သားရဲနဲ့ ပိုင်ရှင်က အတွေးတစ်ခုတည်းကို မျှဝေထားကြတာတဲ့ ..ဒါဆို သွမ့်ချန်ချင်းကလည်း ဒီအကြောင်း တွေးနေတာလား ...
အဝတ်များအကြားမှ ရှဉ့်ပေါက်စကို ထုတ်လိုက်ပြီးနောက် ရှဲ့ယွင်နန်သည် ၎င်း၏ အလွန်တရာ ချစ်စရာကောင်းလှသည့် မဟူရာရောင် မျက်လုံးဝိုင်းကြီးများဖြင့် တွေ့လိုက်တော့သည်။
ထားလိုက်ပါတော့ ...
ရှဉ့်ပေါက်စလေးက ပါးစပ်ကို ဟကာ သူ့ပါးစောင်ထဲမှ သစ်သီးတစ်လုံးကို ထုတ်၍ ရှဲ့ယွင်နန်ကို ပေးလိုက်သည်။
ထိုအသီးက စိတ်စွမ်းအင်များ ထုတ်လုပ်ပေးနေ၏။
ဒါက အံ့ဖွယ်အပင်က အသီးပဲ ...
သွမ့်ချန်ချင်းရဲ့ ရှဉ့်ပေါက်လေးက သူ့ကို အံ့ဖွယ်အပင် ပေးချင်နေတာလား ...
ဒီအကောင်လေးက သူ့အပေါ် တကယ်ကောင်းတာပဲ ...
အသေအချာ စဉ်းစားကြည့်ပါလျှင် ရှောင်ဟွားသည် အစောပိုင်းကတည်းက သူ့အပေါ် အလွန် သံယောဇဉ် ရှိခဲ့သည်။ သွမ့်ချန်ချင်းက သူ့ကို မြင်မြင်ချင်းပင် ချစ်မိသွားသည်ဆိုသည့်စကားမှာ အလိမ်အညာ မဟုတ်တန်ရာ။
သွမ့်ချန်ချင်းသာ ရုပ်ဆိုးနေပါလျှင် သူက မနာလိုဖြစ်နေသည်ဟု ပြောနိုင်သေးသော်ငြား ထိုသူမှာ သူ့ထက်ပင် ပိုပြီး ထင်ရှားနေသေးသည်။
ရှဲ့ယွင်နန်က အသီးကို လှမ်းယူရန် ပြင်လိုက်သည်။ သို့သော် ထင်မှတ်မထားစွာဖြင့် ရှောင်ပိုင်က အပြေးရောက်လာကာ အသီးကို တစ်ကိုက်တည်းအပြီး မျိုချလိုက်၏။
ရှောင်ပိုင်က ရှောင်ဟွားကို ဆွဲလုကာပင် လျာဖြင့် သပ်လိုက်သေးရာ ရှောင်ဟွား၏ တစ်ကိုယ်လုံး သွားရည်များဖြင့် စိုရွှဲသွားတော့၏။
ရှဲ့ယွင်နန် “...”
သူက ဒီလောက်အထိတောင် စိတ်တွေ တအားထက်သန်နေတာလား... ထားပါ သူလည်း သွမ့်ချန်ချင်းကို တကယ်ကို သဘောကျနေတာပဲဆိုတော့လည်း ...
သွမ့်ချန်ချင်းက ရှောင်ဟွားကို အသုံးပြုကာ သူ့ချစ်သူအား ကျီစယ်နေစဉ် တစ္ဆေဘုရင်က အပြင်ဘက်တွင် လမ်းလျှောက်နေသည်။
သာမန်လူများအား ကျင့်ကြံနည်း သင်ကြားပေးသည့် နေရာသို့ လျှောက်လာလိုက်၏။
ထိုသူများအား သင်ကြားပေးရန် တာဝန်ယူထားသူမှာ သူ့ဇနီး၏ တူဖြစ်သူ လုရှောင်ရန် ဖြစ်သည်။
လုရှောင်ရန်၏ မျက်နှာထားမှာ အလွန် တင်းမာလှသည်။ ထို့အပြင် တင်းတင်းကြပ်ကြပ် သင်ကြားပေးနေသည့် သူ့ပုံစံမှာ အလွန် အားကိုးချင်စဖွယ်ပင်။ သူ့ကိုသာ တစ်ဦးချင်း သီးသန့် မမြင်ဖူးပါလျှင် အလွန်အမင်း လေးနက်တည်ကြည်လှသည့် လူငယ်လေးဟု အလွယ်တကူ ယုံကြည်မိသွားမည်ဖြစ်သည်။
မုန့်ယန်နှင့်အတူ မြင့်မြတ်မြို့တော်မှ လိုက်လာခဲ့သူများမှာ ယနေ့အချိန်အထိ စောင့်ကြည့်ခံနေရဆဲပင်။ အချို့ကမူ လွယ်ကူရိုးရှင်းသည့် တာဝန်အချို့အား ဆောင်ရွက်ရန် တာဝန်ပေးခြင်း ခံထားရ၏။
ဟုန်ယဲ့မြို့တော်တွင် တစ်ခဏမျှ နေထိုင်ခဲ့ပြီးနောက် သူတို့၏ ဒေါသစိတ်များလည်း အနည်ထိုင်သွားကာ ညွှန်ကြားချက်များကို နာခံလာကြတော့သည်။ ရက်အနည်းငယ်ခန့် ကြာပြီးနောက် သူသည် ရှဲ့ယွင်နန်အား ကူညီရန်ပင် လူအချို့ လွှတ်ပေးနိုင်တော့မည် ဖြစ်သည်။
လုရှောင်ရန်၏ အပေါင်းအဖော်များမှာ မည်မျှပင် တုံးအနေပါစေ မိသားစုကြီးများမှ ဆင်းသက်လာသူများ ဖြစ်နေကြဆဲပင်။ ရှဲ့ယွင်နန်သာ သူတို့ကို သိမ်းသွင်းနိုင်ပါလျှင် တစ်ချိန်ချိန် မြင့်မြတ်မြို့တော်ကို တိုက်ခိုက်သည့်အခါ ပိုပြီး လွယ်ကူသွားတော့မည် ဖြစ်သည်။
ပြီးတော့ မြင့်မြတ်မြို့တော်ကို သိမ်းပိုက်နိုင်သွားရင် .. သူလည်း ဇနီးလေးကို သွားတွေ့လို့ရပြီ ...
ဇနီးလေးရဲ့ နှစ်သိမ့်ပေးတာကို ခံချင်နေပြီလို့ ..
ထိုသို့ တွေးနေစဉ်မှာပင် လေ့ကျင့်နေသည့် သာမန်သူတစ်ဦး၌ ထူးဆန်းသည့်ကိစ္စတစ်ရပ် ပေါ်ထွက်လာသည်။
ထိုသူက တိုက်ခိုက်သူအဖြစ်သို့ အဆင့်တက်ရောက်ရှိသွား၏။
တစ္ဆေဘုရင်နှင့် ရှဲ့ယွင်နန်က သွမ့်ချန်ချင်း ပေးထားသည့် ကျင့်စဉ်ကို မိတ်ဆက်စဉ်က အလေးအနက်ထား ကျင့်ကြံသရွေ့ တိုက်ခိုက်သူ ဖြစ်လာနိုင်သည်ဟု ပြောခဲ့သည်။
သို့သော် အများစုက မယုံကြည်ခဲ့ကြပေ။
အတူတူ လိုက်ပါ ကျင့်ကြံခြင်းမှာ ပတ်ဝန်းကျင်အခြေအနေကြောင့်သာပင်။ မသင်ဘဲလည်း မနေရဲ၊ အခြား လုပ်စရာလည်း မရှိသည့်အတွက် ရေလိုက်ငါးလိုက်လုပ်ကာ လိုက်သင်ခဲ့ရခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် လက်နဲ့ ခြေထောက်တွေကို လှုပ်နေပေးရုံပဲဟာ ထိခိုက်စရာလည်း မပါဘူးလေ ဟုတ်တယ် မဟုတ်လား ...
ထို့ကြောင့် ပြီးခဲ့သည့် သုံးရက်အတွင်း သာမန်ကာလျှံကာ လိုက်လုပ်သူများသာ များပြားကာ ရှဲ့ယွင်နန်၏ စကားကို ယုံကြည်လက်ခံပြီး အလေးအနက်ထား လေ့ကျင့်သူဟူ၍ လက်တစ်ဆုပ်ခန့်သာ ရှိခဲ့သည်။
တိုက်ခိုက်သူအဆင့်သို့ ရောက်ရှိသွားသူမှာလည်း ထိုသူများအနက် တစ်ဦးပင်။
ထို့အပြင် ထိုသူမှာ ရုပ်ပိုင်းဆိုင်ရာအရလည်း ကြံ့ခိုင်သန်စွမ်း၏။ အဖော်သားရဲ မပါဘဲ တစ်ကိုယ်တည်း တိုက်ခိုက်ရသည့်တိုင် နိုင်ပွဲကသာ များတတ်ပေသည်။ ထို့ကြောင့်လည်း သူက တိုက်ခိုက်သူ ဖြစ်လိုသည့် အိပ်မက်ကို စွန့်လွှတ်ရန် တုန့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ထိုအကြောင်းကြောင့် အိမ်ထောင်ပင်မပြုခဲ့။ ရှာ၍ ရလာသမျှ ငွေကြေးများအား အံ့ဖွယ်သားရဲအသားကို ဝယ်ရန်သာ အသုံးပြုခဲ့သည်။ သို့သော် အံ့ဖွယ်သားရဲအသား အနည်းအကျဉ်းမှာ အသုံးမဝင်သဖြင့် အသက်သုံးဆယ်သို့ ရောက်လာသည့်တိုင် သူသည် တိုက်ခိုက်သူ ဖြစ်မလာသေးပေ။
သို့သော် စိတ်ကို မလျော့ခဲ့။ သာမန်လူများနှင့်အတူ ကျင့်ကြံစဉ်အား မျှဝေလေ့ကျင့်သည့်အခါ သူက အလေးအနက် အရှိဆုံး ကျောင်းသားတစ်ဦး ဖြစ်လာခဲ့သည်။
ထို့နောက်တွင်တော့ ... အမှန်တကယ်ပင် တိုက်ခိုက်သူ ဖြစ်သွားတော့၏။
တစ္ဆေဘုရင်ကလည်း ထိုကျင့်စဉ်မှာ အသုံးဝင်လိမ့်မည်ဟု သိထားပြီး ဖြစ်သည့်တိုင် တိုက်ခိုက်သူအဖြစ်သို့ အလျင်အမြန် ရောက်ရှိသွားသူပင် ရှိလာလိမ့်မည်ဟုတော့ ထင်မှတ်မထားပေ။ သူကိုယ်တိုင်ပင်လျှင် အနည်းငယ် အံ့ဩသွားရတော့၏။
လုရှောင်ရန်ပင်လျှင် တိုက်ခိုက်သူ ဖြစ်သွားသူအား ကြည့်ရင်း အကြည့်တို့ ဝင်းလက်သွားတော့သည်။
အခြားသခင်လေးများက အလုပ်လုပ်ရခြင်းအား မပျော်ရွှင်၊ ဆက်တိုက် ငြီးငြူနေကြသော်လည်း သူကမူ မတူ၊ အခန်းထဲတွင် ပိတ်လှောင်ခံထားရမည့်အစား အပြင်သို့ ထွက်လာကာ အလုပ်လုပ်ရခြင်းကိုသာ ပိုပြီး လိုလားပေသည်။
ထို့အပြင် တစ္ဆေဘုရင်ကလည်း သူ့ကို ယုံကြည်ရာ .. ထို့ကြောင့် ဤရက်ပိုင်းအတွင်း သူ့အချိန်အများစုမှာ အားလပ်နေပြီး အခြားသူများအား မည်ကဲ့သို့ ကျင့်ကြံရမည်ကို သင်ကြားပေးခဲ့သည်။
သူက အခြားသူများကို သင်ပေးလိုသည့်အတွက် ... ပထမဆုံးအနေဖြင့် သူကိုယ်တိုင်လည်း ကျင့်ကြံရပေသည်။ လေ့ကျင့်လေတိုင်း သူ့ခွန်အားမှာ ယခင်ထက် တိုးတက်လာသည်ဟု ခံစားမိနေ၏။
သူ့စိတ်ထဲက ထင်နေခြင်းများလားဟု သံသယဝင်ခဲ့မိသေးသော်ငြား ယခုမူ သူ့ခံစားချက်မှာ အမှန်ဖြစ်ကြောင်း သက်သေထွက်လာတော့သည်။
ဒီကျင့်စဉ်က တကယ်ကြီးကို အသုံးဝင်တာပဲ ...သာမန်လူတွေက တိုက်ခိုက်သူ ဖြစ်လာနိုင်ပြီးတော့ သူ့လိုမျိုး တိုက်ခိုက်သူ ဖြစ်ပြီးသားလူတွေကကျ ပိုပြီး သန်မာလာနိုင်တယ် ...
သို့သော် လေ့ကျင့်ရေးမှာ လွန်စွာ ပင်ပန်းလွန်းလှ၏။။ ထို့ကြောင့် အများစုသည် တစ်ခဏမျှ လေ့ကျင့်ပြီးနောက် ပင်ပန်းလွန်း၍ ဆက်လေ့ကျင့်ရန် ငြင်းဆန်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် သူက မတူ။ သူသည် လေ့ကျင့်ရခြင်းကို နှစ်သက်သူ ဖြစ်သည်။
ထို့အပြင် ဤကျင့်စဉ်ကို လေ့ကျင့်ခြင်းက တစ်နေကုန် အပြင်ထွက်ကာ ဆော့ကစားလိုသည့် သူ့အဖော်သားရဲအားလည်း အနည်းငယ် တည်ငြိမ်အေးချမ်းသွားစေပေသည်။
လုရှောင်ရန်က အိမ်ပြန်ရောက်သည့်အခါ ပိုပြီး လေ့ကျင့်ရန် ဆုံးဖြတ်လိုက်တော့သည်။
လေ့ကျင့်ပြီးနောက် သာမန်လူပင်လျှင် တိုက်ခိုက်သူအဖြစ်သို့ အမြန် ရောက်ရှိသွားနိုင်သည်ဆိုသော သတင်းမှာ ပျံ့နှံ့သွားတော့သည်။
ကျင့်စဉ်မှာ အမှန်တကယ် အသုံးဝင်သည်ဟု မယုံကြည်ခဲ့ကြသူများပင်လျှင် စတင်ကျင့်ကြံလာကြတော့၏။
ထိုသို့ဖြင့် ဟုန်ယဲ့မြို့တော်တွင် ရှိနေသူတိုင်း ကြိုးကြိုးစားစား လေ့ကျင့်လာကြကာ လေ့ကျင့်ပြီးနောက် သူတို့၏ အစားစားလိုစိတ်မှာလည်း များစွာ တိုးတက်လာခဲ့တော့သည်။
သို့သော် ၎င်းက များစွာ အရေးမပါပေ။
ယခင်က ဟုန်ယဲ့မြို့တော်ရှိ ကုန်ဈေးနှုန်းသည် အဆမတန် မြင့်တက်ခဲ့သည့်တိုင် .. ယခုမူ အလွန့်အလွန် လျော့နည်းသွား၏။
ထို့အပြင် တစ္ဆေဘုရင်က လူအများအပြား ငှားရမ်းကာ မြို့ထဲတွင် အိမ်နှင့် လမ်းများအား အများအပြား တည်ဆောက်စေခဲ့သည့်အတွက် .. လူငယ်များအဖို့ ခြေလက်များ အကောင်းအတိုင်း ရှိနေသရွေ့ တစ်ဝမ်းတစ်ခါးအတွက် ကိုယ်တိုင် အလုပ်ရှာဖွေနိုင်ကြပေသည်။
မသန်စွမ်းများ၊ အသက်ကြီးသူများနှင့် မိဘမဲ့များအတွက်လည်း တစ္ဆေဘုရင်က စီမံပေးခဲ့၏။ သူက လျောင်မိသားစု နေခဲ့သည့် စံအိမ်ကို ချက်ခြင်း ရှင်းလင်းကာ ထိုသူများအတွက် နေရာထိုင်ခင်းနှင့် အစားအသောက် ထောက်ပံ့ပေးခဲ့သည်။
ထိုနေရာတွင် နေထိုင်သည့် ကလေးများသည်လည်း ကျင့်စဉ်ကို သင်ယူလေ့ကျင့်ရမည် ဖြစ်သည်။
ထိုကလေးအားလုံးကို ရှချင်က စီမံခန့်ခွဲကာ သူတို့ကို လေ့ကျင့်သင်ကြားပြီးသည်နှင့် တစ်ပြိုင်နက် အနာဂတ်အတွက် ကူညီပေးသူများ ဖြစ်လာမည်ဖြစ်သည်။
ဟုန်ယဲ့မြို့တော်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ အားလုံးက အလေးအနက်ထားကာ လေ့ကျင့်နေကြရာ .. တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်သူ ဖြစ်လာကြတော့သည်။
ယဇ်ဆရာအဖြစ် နိုးထလာသည့် မိန်းကလေးတစ်ဦးပင် ရှိနေသေး၏။
ဟုန်ယဲ့မြို့တော်တွင် နေထိုင်သူများ၏ လောကဝတ် နှုတ်ဆက်စကားမှာ ဤသို့ ပြောင်းလဲသွားတော့သည်။
“လေ့ကျင့်ပြီးသွားပြီလား ...”
အောက်ခြေလူတန်းစားများတွင် တိုက်ခိုက်သူ မဖြစ်လိုသူဟူ၍ တစ်ယောက်မျှပင် မရှိချေ။
မျှော်လင့်ချက်ဟူ၍ မရှိသည့်ဘဝတွင် နေထိုင်ခဲ့ရသောကြောင့်သာ တွေးဝေငေးမောနေခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ယခု မျှော်လင့်ချက်က သူတို့၏ ရှေ့မှောက်သို့ ရောက်ရှိလာ၏။
ထိုအခြေအနေ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ...
လူအများ၏ အထက်တွင် ဇိမ်ကျကျ နေရသည့် ဘဝကို လိုချင်နေဆဲ တိုက်ခိုက်သူများသည် ဟုန်ယဲ့မြို့မှာ သူတို့အတွက် သင့်လျော်သည့် နေရာတစ်ခု မဟုတ်ကြောင်း သဘောပေါက်သွားကြပြီးနောက် အချို့က မြို့ထဲမှ တိတ်တဆိတ် ထွက်သွားကြတော့၏။
ရှဲ့ယွင်နန်နှင့် တစ္ဆေဘုရင်က ဂရုမစိုက်ပေ။ လက်ရှိအခြေအနေသည်ပင် အလွန် ကောင်းမွ
န်နေပြီ ဖြစ်သည်။ သူတို့က ဟုန်ယဲ့မြို့တော်ကို တိုးတက်စေလိုကြသူများ ဖြစ်ကြသည်။
ထိုအချိန်မှာပင် လျောင်မုယဲ့ကလည်း မြင့်မြတ်မြို့တော်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
မြင့်မြတ်မြို့တော်မှာ သူ ပြန်လည်မမွေးဖွားခင်ကနှင့် မတူတော့ချေ။