အပိုင်း ၇၂
Viewers 7k

Chapter 72




ပြန်လည်မမွေးဖွားလာခင်က ရှဲ့ယွင်နန်သည် မြင့်မြတ်မြို့တော်ရှိ နေရာတိုင်းမှ မိသားစုကြီးများကို ဖိနှိပ်ခဲ့သောကြောင့် မြို့တော်တစ်ခုလုံး စိတ်ဓာတ်ကျနေသည့် အရိပ်အယောင်တို့ကသာ ဖုံးလွှမ်းထားသည်။ သို့သော် ယခုမူ အားလုံးက မတူညီတော့။ လမ်းဘေးတစ်ဖက်တစ်ချက်စီတိုင်းတွင် ဇိမ်ခံပစ္စည်း အသုံးအဆောင် ရောင်းချသည့်ဆိုင်များ အများအပြား ရှိနေကာ မရေမတွက်နိုင်သော ဈေးဝယ်သူများက ဥဒဟို ဝင်ထွက်သွားလာနေကြသည်။ 


ဤသည်မှာ လျောင်မုယဲ့ နေထိုင်လိုသည့် ဘဝမျိုးပင်။ 


ဟုန်ယဲ့မြို့ရှိ လျောင်မိသားစု၏ ပိုင်ဆိုင်မှုများ အသိမ်းခံလိုက်ရသည့်တိုင် မြင့်မြတ်မြို့တော်တွင်လည်း ပစ္စည်းအချို့ကို ပိုင်ဆိုင်ထားသေးသည်။ သို့သော် ပမာဏအားဖြင့် သိပ်မများလှပေ။ 


သူက ကျိုးယီချင်းကို လျောင်မိသားစုပိုင် အိမ်တစ်လုံးသို့ ခေါ်လာလိုက်သည်။ ကိုယ်လက်သန့်စင်ပြီးနောက် ဟုန်ယဲ့မြို့တော်တွင် ဖြစ်ပျက်ခဲ့သည်များအား ရှင်းပြရန် မြင့်မြတ်မြို့တော်ရှိ ယဇ်ဆရာအစည်းအရုံးသို့ ချက်ခြင်း ထွက်လာလိုက်တော့သည်။ 


ဤရက်ပိုင်းအတွင်း ဟုန်ယဲ့မြို့မှ မြင့်မြတ်မြို့တော်သို့ ရှောင်တိမ်းလာသူများ အလွန်များပြားကာ ထိုလူများအနက် အများစုမှာ အဆင့်မြင့်တိုက်ခိုက်သူများ ဖြစ်ကြသည်။ လျောင်မုယဲ့၏ တင်ပြချက်မှာ အရေးတယူ နားထောင်ခြင်း မခံရေပ၊ သူ့စကားနှင့် အလားတူသည့် တင်ပြချက်များစွာကို အခြားသူများက တင်ပြနှင့်ပြီး ဖြစ်သည်။ 


ထို့ကြောင့် နောက်တစ်နေ့တွင် သူက ကျိုးယီချင်းကို လုအိမ်တော်သို့သာ ခေါ်သွားလိုက်တော့သည်။ 


သူက လုရှောင်ရန်နှင့် ပတ်သက်သည့် သတင်းများအား ပြောပြရန် ရှိသည်ဟု ပြောလိုက်သည့်အတွက် လုရှောင်ရန်၏ မိဘများနှင့် တွေ့ခွင့်ရသွားခဲ့သည်။ 


ဒါပေမယ့် သူက လုမိသားစုခေါင်းဆောင်ကိုပဲ တွေ့ချင်တာ ...


သူက စိတ်မရှည်မှုများကို အတင်း ဖိနှိပ်သည်းခံကာ လုမိသားစုအား ဟုန်ယဲ့မြို့တွင် ဖြစ်ပျက်ခဲ့သည်များအား အသေးစိတ် ပြောပြကာ ဟုန်ယဲ့မြို့ရှိ လုရှောင်ရန်၏ ဘဝမှာ မည်မျှ သနားစဖွယ် ကောင်းလှကြောင်းကိုလည်း မျက်ဝါးထင်ထင် မြင်သာအောင် ချဲ့ကားပြောလိုက်တော့၏။ 


ဥပမာအားဖြင့် အဖိနှိပ်ခံထားရသည့်အပြင် နေ့တိုင်း အလုပ်လုပ်နေရကြောင်းများကို .. ပြောပြလိုက်သည်။ 


အဖေလု “...”


သူ့သားက လွတ်လွတ်လပ်လပ်တောင် အလုပ်လုပ်နိုင်သေးတာပဲဟာ အဲဒါ ကောင်းတာပဲ မဟုတ်လား ...


အရေးအကြီးဆုံးအချက်က တစ္ဆေဘုရင်က သူ့ယောက်ဖလေ ပြီးတော့ အခုဆို ဟုန်ယဲ့မြို့က တစ္ဆေဘုရင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေပြီ မဟုတ်လား .. သူ့သားက အရမ်းကို သက်တောင့်သက်သာ နေနေရလားတောင် စိုးရိမ်ရတယ် ...


အဲဒီ့အစား ဒီလျောင်မုယဲ့က ဘာရည်ရွယ်ချက်တွေ ရှိနေတာလဲ ဆိုတာကိုတောင် ပိုပြီး သိချင်မိသေးတယ် ...


ဒီတစ်ယောက်က ဟုန်ယဲ့မြို့အကြောင်း ပြောဖို့ ရောက်လာတာ လုံးဝကို မဟုတ်ဘူး .. ပြီးတော့ ယောက်ဖနဲ့ ဆင်တဲ့လူကိုတောင် ခေါ်လာလိုက်သေးတယ် ...


မျက်နှာက တကယ်ကို နည်းနည်းလေးပဲ ဆင်တူတာပါ ဒါပေမယ့် သူ့ယောက်ဖ ... သူက သွားရှုပ်လို့ ကောင်းတဲ့လူမျိုး မဟုတ်ဘူး ...


သူက S အဆင့် ရာဇဝတ်ကောင် ပြီးတော့ အခုဆို သူပုန်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်တောင် ဖြစ်နေပြီ မဟုတ်လား ...


ပြီးတော့ မုန့်ယန်နဲ့ တစ်ခြားလူတွေကိုတောင် ထိန်းချုပ်ထားလိုက်သေးတယ် ...


သူ့ယောက်ဖသာ လျောင်မုယဲ့နဲ့ ဒီ ကျိုးယီချင်းကို တွေ့သွားရင် .. ကျစ် ကျစ် ကျစ် ... ဒီနှစ်ယောက်ကတော့ အသက်ရှင်လျက်တောင် ပြန်ထွက်နိုင်တော့မှာ မဟုတ်ဘူး ...


စိတ်ထဲတွင် ဤသို့ တွေးလိုက်သည့်တိုင် အဖေလုသည် မျက်နှာပေါ်တွင်တော့ မည်သည့် အမူအယာကိုမှ မပြသချေ။ 


ဒီ လျောင်မုယဲ့က တကယ်ကို ပြဿနာပဲ ...


လျောင်မုယဲ့ကလည်း ကျိုးယီချင်းကို မကြာခဏ ကြည့်နေသည့် အဖေလု၏ အကြည့်များကို သတိထားမိသွား၍ အလွန် သဘောတွေ့သွားတော့သည်။ 


လုမိသားစုခေါင်းဆောင်သည် အမြဲ ခင်ပွန်းဖြစ်သူကို လွမ်းဆွတ်နေခဲ့သည့်အပြင် စိတ်နေစိတ်ထားမှာလည်း ဆိုးရွားလွန်းလှသည်။ ရှဲ့ယွင်နန်ကို တွေ့မှသာ သူမ၏ ဒေါသစိတ်များ အနည်ကျသွားခဲ့၏။ 


အတိတ်ဘဝတွင် အဖေလုကလည်း ရှဲ့ယွင်နန်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့သည်။ 


ဒါဆို အခု .. အဖေလုက ကျိုးယီချင်းကို လုမိသားစုခေါင်းဆောင်နဲ့ မိတ်ဆက်ပေးတော့မလို့များလား ...


လုမိသားစုခေါင်းဆောင်နှင့် ဆက်ဆံရေးကောင်းတစ်ရပ် တည်ဆောက်ပြီးပါလျှင် သူသည်လည်း အတိတ်ဘဝက ရှဲ့ယွင်နန်ကဲ့သို့ပင် အခြားသော အထက်တန်းလွှာများနှင့် တွေ့ဆုံနိုင်တော့မည် ဖြစ်သည်။  


လုမိသားစုခေါင်းဆောင် လုကျင်းချန်းသည် လတ်တလောတွင် စိတ်အခြေအနေ ကောင်းမွန်နေပေသည်။ 


နဝမအဆင့် တိုက်ခိုက်သူ၊ လုမိသားစု၏ ခေါင်းဆောင်တစ်ဦး ဖြစ်သူ သူမသည် ပြီးခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်အတွင်း အမြဲ တင်းမာခက်ထန်သည့် စိတ်အခြေအနေကိုသာ ပိုင်ဆိုင်ထားခဲ့သည်။ 


လုကျင်းချန်းရဲ့ သား အသတ်ခံလိုက်ရပြီး သူမ သဘောကျတဲ့ ယောက်ျားပါ သေသွားတယ်ဆိုတာ မသိတဲ့သူ ရှိသေးလား ...


အင်အားကြီးမား သန်မာသည့် အမျိုးသမီးတစ်ဦး ဖြစ်သည့်အလျောက် သူမသည် ကျင့်ဝတ်စောင့်ထိန်းခြင်းများ လုံးဝ မရှိ။ မျက်လုံးထဲတွင် ဘဝင်မကျသူတစ်ဦးကို တွေ့လိုက်ပါလျှင် ချက်ခြင်း ထုတ်ပြောတတ်ကာ လိုချင်သည့် အရာတစ်ခုခုကို တွေ့ပါလျှင်လည်း ချက်ခြင်း ယူဆောင်သွားတတ်၏။ ဤသို့သော ပုံစံမျိုး ဖြစ်နေသည့်တိုင် လုမိသားစုကိုမူ ပိုပြီး ကောင်းမွန်သည့် အခြေအနေသို့ ရောက်အောင် တိုးတက်နေစေသည့်အတွက် မည်သူကမှ သူမကို လာမရှုပ်ရဲတော့ချေ။ 


စင်စစ်အားဖြင့် ၎င်းမှာ မကောင်းသည့်အချက်ဟုလည်း မဆိုနိုင်ပေ။ 


သူမ၏ လတ်တလော စိတ်ကောင်းဝင်နေခြင်းမှာလည်း အားလုံး နားလည်ထားသည့် တစ်စုံတစ်ခု ဖြစ်သည်။ 


သားဖြစ်သူမှာ ယဇ်ဆရာတစ်ဦးကြောင့် ထိခိုက်သွားခဲ့ခြင်း ဖြစ်ကြောင်းကို သာမန်သူများက သိမထားကြချေ။ သို့သော် ထိပ်သီးပိုင်းက လူများကမူ အမှန်တရားကို သိထားပေသည်။ ထိုအချိန်မှစ၍ သူမသည် ယဇ်ဆရာများကို အမြင်မကြည်တော့ပေ။ 


ယခု ဟုန်ယဲ့မြို့တော်တွင် ပုန်ကန်မှုတစ်ရပ် ဖြစ်ပွားလာရာ သူမသည် ကျိန်းသေ ပျော်ရွှင်နေမည် ဖြစ်သည်။ 


သို့သော် အမှန်တကယ် လုကျင်းချန်း ပျော်ရွှင်ရခြင်း၏ အကြောင်းအရင်းမှာ သားဖြစ်သူ အသက်ရှင်နေသေးကြောင်း သိလိုက်ရ၍ ဖြစ်သည်။ 


သူမ၏ ခင်ပွန်းနှင့် သူမသည် ငယ်ချစ်ဦးများ ဖြစ်ကြကာ လက်ထပ်ပြီး နှစ်ပေါင်းများစွာ ကြာသည်အထိ ကလေးမရခဲ့ကြ။ ရပြီးနောက် ချက်ခြင်းဆိုသလို အသတ်ခံလိုက်ရပြန်ရာ .. သူမအနေဖြင့် ဒေါသမထွက်ဘဲ နေနိုင်မည် မဟုတ်ချေ။ 


ယခု သူမ၏ ကလေးမှာ အသက်ရှင်လျက် ရှိနေကြောင်း သိလိုက်ရရာ အလွန် ဝမ်းသာပျော်မြူးသွားတော့သည်။ 


ဟုန်ယဲ့မြို့တော်အကြောင်း သတင်းများကို များစွာ မကြားသိရသည့်တိုင် ရှဲ့ယွင်နန်၏ ဓာတ်ပုံကို မြင်ရ၊ အသံကိုကြားရခြင်းကပင်လျှင် သူမကို အလွန် ပျော်ရွှင်မိစေနှင့်နေပြီး ဖြစ်သည်။


သူမ၏ ခင်ပွန်းသည်အတွက်မူ ...


သူမတို့၏ ကလေး မတော်တဆ ဖြစ်ခဲ့ခြင်းမှာ သူမနှင့် ပတ်သက်သောကြောင့် ဖြစ်သည်။ ခင်ပွန်းဖြစ်သူက ကလေးအတွက်.. ထို့အပြင် သူတို့မိသားစုအတွက် လက်စားချေရန် ထွက်သွားခဲ့သည်။ 


ထိုနှစ်များအတွင်း တစ်ယောက်ကိုတစ်ယောက် နားလည်မှု လွဲမှားခြင်းများကြောင့် အချင်းချင်း မတွေ့ဆုံခဲ့ကြ။ 


နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် မည်သည့်အရာများ ဖြစ်လာနိုင်ကြောင်း မည်သူမှ မသိနိုင်။ သူမကိုယ်တိုင်လည်း မသိချေ။ 


ယနေ့ လုကျင်းချန်းက အပြင်ထွက်ကာ လူအချို့ကို ကြိမ်းမောင်းခဲ့လိုက်သည်။ ထို့နောက် အိမ်သို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် အစ်ကိုဖြစ်သူထံမှ လျောင်မုယဲ့အကြောင်း သိလိုက်ရတော့သည်။ 


အစ်ကိုဖြစ်သူမှာ မသန်မာသော အလယ်အလတ်အဆင့် တိုက်ခိုက်သူသာ ဖြစ်သေးသည့်တိုင် အလွန် ဉာဏ်ကောင်းလှပေသည်။ လုမိသားစု၏ စီးပွားရေးအများစုကိုလည်း သူကသာ စီမံခန့်ခွဲခြင်း ဖြစ်သည်။ 


“လျောင်မုယဲ့နဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတယ် ...”


အဖေလုက အပိုင်အနိုင် ပြောလိုက်သည်။ 


လုကျင်းချန်းက မျက်ခုံးများကို ပင့်ပြလိုက်၏။ 


“သူ့ကို ဖမ်းချုပ်ထားပြီး စစ်မေးလိုက်ရင်ရော ...”


အဖေလု “... အရမ်းကြီး ကြမ်းကြမ်းတမ်းတမ်း မလုပ်စမ်းပါနဲ့ သူနဲ့ နီးနီးကပ်ကပ် နေလိုက်ရင် တစ်ခုခု သိလာမှာပါ ...”


“ဘာရလာမှာလဲ ရှကျီချင်းအတွက် လူစားထိုးလား ...”


သူမက အဖေလု တိတ်တိတ်လေး ခိုးရိုက်ထားသည့် ကျိုးယီချင်း၏ ဓာတ်ပုံကို လက်ညှိုးထိုးပြလိုက်သည်။ 


ရှမိသားစုက မရှိတော့ပေ။ ရှကျီချင်းကို သူတို့အိမ်သို့ ခေါ်လာစဉ်က သူသည် သူ့နာမည်ကို ကျိုးချင်းဟု ပြောင်းခဲ့ကာ ယခုအခါ သူ့ကိုယ်သူ သားဖြစ်သူ၏ မျိုးရိုးနာမည်အတိုင်း “ရှဲ့ချင်”ဟု ပြောင်းလိုက်ပြန်၏။ 


အဲဒီ့ ကျိုးချင်းအတွက် သူမက ဘာလဲ ...


“ဒီလူအတွက် အများကြီး စိတ်ပူမနေနဲ့ ငါ့အထင်တော့ လျောင်မုယဲ့ကမှ ပြဿနာ ရှိနေတာ ...”


“အိုကေ သူနဲ့ နီးနီးကပ်ကပ် နေကြည့်ချင်လည်း လုပ်ကြည့်ပေါ့ ဂရုမစိုက်ဘူး ...”


လုကျင်းချန်းက ပုခုံးတွန့်ပြလိုက်သည်။ 


“ကျွန်မကို ဂရုမစိုက်စေချင်ဘူး မဟုတ်လား ဟုန်ယဲ့မြို့တော်ဘက်ကနေ သတင်းပို့လာတယ် တစ္ဆေဘုရင်က အဆင့်တက်သွားပြီး နတ်ဘုရားအဆင့် တိုက်ခိုက်သူ ဖြစ်သွားပြီတဲ့ ...”


“မင်းအလုပ်ကိုသာ အာရုံစိုက် အိမ်မပြန်လာတာကိုလည်း လျော့ .. ငါက ဒီမှာ လျောင်မုယဲ့ရဲ့ ကိစ္စတွေကို တာဝန်ယူလိုက်မယ် ...”


အဖေလုက ပြောလိုက်သည်။ 


သူ့ယောက်ဖက သွားရှုပ်ဖို့ လွယ်တဲ့သူ မဟုတ်ဘူး သူကိုယ်တိုင်လည်း သွားမရှုပ်ရဲဘူး ...


ဒီတိုင်း .. သူ့သားက ယောက်ဖလက်အောက်မှာ ဘာလုပ်နေလဲ ဆိုတာကို မသိရသေးတော့ ...


*****

ဟုန်ယဲ့မြို့တော်တွင် လုရှောင်ရန်သည် အလုပ်ကို ကောင်းကောင်း လုပ်နေ၍ ရှဲ့ယွင်နန်၏ လက်ထောက်အဖြစ်သို့ပင် ရာထူးတိုးသွားတော့သည်။


လုရှောင်ရန်က သူ့အဖေကဲ့သို့ သံသယများဖြင့် ပြည့်နှက်နေသူ မဟုတ်ပေ။ သူ့အမြင်တွင်မူ ဟိုဟာဒီဟာအကုန် လိုက်တွေးနေရခြင်းက လွန်စွာ ဒုက္ခများလှပေသည်။


သူ့ကို ဘာလုပ်ရမလဲဆိုတာ ပြောပြပေးနေတဲ့ လူတစ်ယောက်ရှိတာ ကောင်းလိုက်တာ ...


ဦးလေးနဲ့ ဝမ်းကွဲက ဟုန်ယဲ့မြို့ရဲ့ တာဝန်ရှိတဲ့သူဆိုတော့ .. သူက သူတို့စကားကို အေးအေးဆေးဆေး နားထောင်နေလိုက်ရုံပဲ ...


သူက နားမထောင်ဘဲလည်း မနေရဲ။ ဦးလေးဖြစ်သူ၏ သင်ပြခြင်းအား ခံရမည်ကိုလည်း ကြောက်မိပေသည်။ 


လုရှောင်ရန်က အလွန် နာခံမှု ရှိစွာဖြင့် ခိုင်းသမျှတိုင်းကို တာဝန်ကျေကျေ လုပ်ပေးနေသည်။ 


သို့သော် ဦးလေးဖြစ်သူနှင့် နှိုင်းယှဉ်ပါလျှင် သူသည် ရှဲ့ယွင်နန်၏ စကားကိုသာ ပိုပြီး နားထောင်လို၏။ 


သူ့စိတ်ထဲမှာ ဦးလေးနဲ့ ပတ်သက်ပြီး အစိုင်အခဲ အကြီးကြီး ရှိနေတာ အသိသာကြီးပဲလေ ...


ရှဲ့ယွင်နန်ကတော့ မတူဘူး ရှဲ့ယွင်နန်ရဲ့ ပေါင်ကိုလည်း တင်းတင်းကြပ်ကြပ် ဖက်ထားပြီးရော ဦးလေးက သူ့ကို ဘာမှ မလုပ်ရဲတော့ဘူး ...


ရှဲ့ယွင်နန်က အရမ်းကို ကောင်းတာပဲ ...


ဥပမာ ပြောရရင် သူ့ တိုက်ခိုက်ရေးစွမ်းရည်တွေ တိုးတက်အောင် အပြင်ကို အမဲလိုက်သွားချင်တယ်လို့ ခွင့်တောင်းတိုင်း ဦးလေးက သူ့ကို လှောင်ရယ်ပြီး ခွေးကျောင်းထွက်မှာ မဟုတ်လားလို့ အမြဲတမ်း မေးတာ ဒါပေမယ့် ရှဲ့ယွင်နန်ကတော့ မျက်နှာထား မပြောင်းဘဲ ခွင့်ပြုပေးတယ် ...


သူ့ဝမ်းကွဲက တကယ်ကို လူကောင်းလေး ...


အချိန်တိုအတွင်းမှာပင် လုရှောင်ရန်သည် ရှဲ့ယွင်နန်အား တင်းမာခက်ထန်စွာဖြင့် စိုက်ကြည့်ခြင်းကို ရပ်တန့်လိုက်တော့သည်။ 


ပုံပန်းသွင်ပြင်အရ အလွန် တင်းမာခက်ထန်သည့် သူ့အဖော်သားရဲမှာလည်း ရံဖန်ရံခါ လူရှေ့သို့ ပေါ်လာချိန်တိုင်း ရှဲ့ယွင်နန်ကို အမြီးယမ်းပြလေ့ရှိသည်။ 


လုရှောင်ရန်ကလည်း ထိုကိစ္စကို မှားသည်ဟု မထင်။ 


သူ့အဖော်သားရဲက အမြီးကိုသာ ယမ်းပြ၏။ ဤသည်မှာ ၎င်းကို ထိန်းချုပ်ရန် သူ ခက်ခက်ခဲခဲ ကြိုးစားထားသည်များ၏ ရလဒ်ပင် ဖြစ်သည်။ 


 အမှန်စင်စစ်တွင်မူ သူ ရှဲ့ယွင်နန်နှင့် တွေ့လေတိုင်း သူ့ဟက်စကီးသည် ရှဲ့ယွင်နန်၏ အဖော်သားရဲနှင့် တိုက်ခိုက်ရန် အလွန် စိတ်အားထက်သန်နေတတ်၏။ သို့သော် ရှဲ့ယွင်နန်၏ အဖော်သားရဲတွင် အမြီးကိုးချောင်း ရှိနေကြောင်း မတော်တဆ သိလိုက်ရသည့်အခါ သူ့အဖော်သားရဲ၏ တိုက်ခိုက်လိုသည့် ဆန္ဒများ ပျောက်ကွယ်သွားပြီး ထိုအမြီးကိုးချောင်းကို လှမ်းဆွဲ၍ ကစားလိုစိတ်များသာ တိုးပွားလာတော့သည်။ 


သူက ရှဲ့ယွင်နန်ကို အနိုင်မတိုက်နိုင်တာတော့ .. နှမြောစရာပဲ ...


လုရှောင်ရန်က ရှဲ့ယွင်နန်ကို သည်းခံမှုနှင့် တမ်းတစိတ်တို့ အနည်းငယ် ရောယှက်နေသော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။ 


လုရှောင်ရန်၏ ဘေးနားရှိ ငတုံးများ “...”


သခင်လေးလုက အမြဲတမ်း တစ်ကိုယ်တည်း ဖြစ်နေပြီး ရေခဲရိုက်နှလုံးသား ဖြစ်ခဲ့ပေမယ့် ရှဲ့ယွင်နန်ရဲ့ စကားတွေကိုတော့ အမြဲ နားထောင်ပြီး ရှဲ့ယွင်နန်ရဲ့ အနောက်ကနေ တကောက်ကောက် လိုက်နေတာ ပြီးတော့ သူ့ကိုလည်း ဒီလိုမျိုး ကြည့်နေလိုက်သေးတယ် ...


ဒါ ... တစ်ခုခု ရှိနေတာများလား ...


သနားစရာပဲ ...


စီနီယာအဆင့် ယဇ်ဆရာကို သဘောကျမိနေတာ .. အနာဂတ်ကတော့ ကမ်းမမြင် လမ်းမမြင်ပါလားနော် ...


လုရှောင်ရန်က အခြားလူများ၏ အမြင်ကို သတိမထားမိ။ ရှဲ့ယွင်နန်ကို လေးစားကြသူများ အသင်း၏ အဖွဲ့ဝင် ဖြစ်လာခဲ့တော့သည်။ 


သူက ရှချင်ကို သဘောကျနေခြင်း ဖြစ်သည်။ 


ရှချင်ကို စတွေ့ကတည်းက သဘောကျမိခဲ့ခြင်း ဖြစ်သည်။ သူမက သူ့ဦးလေး၏ တပည့်ဖြစ်ကြောင်း သိလိုက်ရသည့်အခါတွင်မူ ...


တကယ်ကို အံ့အားသင့်စရာပဲ ...


ရှချင်က သူ့အဖော်သားရဲ၏ မျက်နှာအစစ်ကို သိနေသည့်အတွက် အနည်းငယ် ရှက်ရွံ့မိသည့်တိုင် အသေအချာ စဉ်းစားကြည့်ပါလျှင် ...


ဒါ အနာဂတ်ကျ သူ ရှချင်ကို ဘာမှ ဖုံးကွယ်စရာ မလိုတော့ဘူးဆိုတဲ့ သဘောပဲ မဟုတ်လား ...


ဤရက်ပိုင်းအတွင်း ရှဲ့ယွင်နန်ကို ကူညီပေးရုံသာမက သူသည် အားလပ်ချိန်တိုင်း ရှချင်ကိုပါ အမဲလိုက်ထွက်ရန် ဖိတ်ခေါ်လေ့ရှိသည်။ 


သူ့စိတ်ခံစားချက်တွေရဲ့ သားကောင်လေးက သူ့အဖော်သားရဲရဲ့ ရူးကြောင်ကြောင် အပြုအမူတွေနဲ့ နေသားကျနေအောင် လုပ်ပေးရမယ်လေ ...


ဒီလိုဆိုမှ သူလည်း ရှချင်ရဲ့ အဖော်သားရဲကို အရမ်းကို သဘောကျမိနေတာ အဲဒါလေးက သူ့ရဲ့ အူကြောင်ကြောင် အဖော်သားရဲကောင်ကို ဖိနှိပ်ထားနိုင်တယ်လေ ...


ထိုကလေးများအား စီမံခန့်ခွဲပေးရသည့်အပြင် ရှချင်သည် သွမ့်ချန်ချင်းအတွက် အစားအစာ ပြင်ဆင်ပေးရန်လည်း တာဝန်ရှိသည့်အတွက် ဟုန်ယဲ့တောအုပ်သို့ နေ့တိုင်း သွားရသည်။ ထို့ကြောင့် လုရှောင်ရန်က သူမနှင့်အတူ လိုက်လိုကြောင်း ပြောလာသည့်အခါ အလိုလို သဘောတူမိခဲ့သည်။ 


နှစ်ဦးသား တောထဲသို့ နောက်တစ်ကြိမ် ဝင်သွားလိုက်ကာ တောထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် လုရှောင်ရန်၏ အဖော်သားရဲက ကစားရန် အပြင်သို့ ချက်ခြင်း ခုန်ပေါက်ကာ ထွက်လာပြီး ရွှံ့အိုင်ထဲတွင်ပင် လူးလှိမ့်လိုက်သေးသည်။ 


သူမက အနည်းငယ် စိတ်ပင်ပန်းသွားတော့၏။ 


အစပိုင်းက သူမသည် လုရှောင်ရန်ကို များစွာ သဘောကျမိခဲ့သော်ငြား ထိုသူက ဤကဲ့သို့ ဖြစ်နေရာ ...


ပင်ပန်းနေသည့်တိုင် သူမက အလွန် ဟန်ဆောင်ကောင်းသည့် လုရှောင်ရန်ကို မမောနိုင်မပန်းနိုင် သတိပေးနေလိုက်သေးသည်။


“လုရှောင်ရန် ရှောင်စန်းဖြစ်ရတာ မကောင်းဘူးနော် သိရဲ့လား ...”

(ရှောင်စန်း = အငယ်အနှောင်း )


သူမသည်လည်း လုရှောင်ရန်နှင့် သက်ဆိုင်သည့် လက်ရှိ ကောလဟာလများကို ကြားထားပေသည်။ 


ဆန်းစစ်လေ့လာပြီးနောက် လုရှောင်ရန်သည် အမှန်တကယ်ကို ရှဲ့ယွင်နန်အပေါ်တွင် မူမမှန်သည့် ခံစားချက်များ ရှိနေကြောင်း သတိပြုမိလိုက်တော့သည်။ 


ဒါပေမယ့် ရှဲ့ယွင်နန်က လက်ထပ်ထားပြီးသားလေ ...


သွမ့်ချန်ချင်းက အားနည်းတယ်ဆိုပေမယ့် .. ဒါ လုရှောင်ရန်က လုယူလို့ ရတယ်လို့ ဆိုလိုတာမှ မဟုတ်တာ ...


ထိုအကြောင်း ကြားသည့်အခါ လုရှောင်ရန်က မျက်မှောင်ကြုတ်လျက် သူမကို ခက်ထန်စွာ ပြောလိုက်သည်။ 


“ရှောင်စန်း ဟုတ်လား မင်းက လက်ထပ်ပြီးသားလား ရည်းစား ရှိနေသေးတာလား သူက ဘယ်သူလဲ ...”


ရှချင် “????”


အဲဒါ သူမနဲ့ ဘာဆိုင်လို့လဲ ...


သူမက တစ်ခုခု တွေးမိသွားဟန်ဖြင့် မနီးမဝေးရှိ အဖော်သားရဲနှစ်ကောင်ကို လှမ်းကြည့်လိုက်သည်။ လုရှောင်ရန်၏ ရွှံ့များဖြင့် ပေကျံနေသော အဖော်သားရဲက သူမ၏ ခွေးတူဝက်တူကို ခုန်အုပ်ရန် ကြံစည်နေသည်။ 


ဒီအရူးကောင်က နေ့တိုင်း သူမရဲ့ အဖော်သားရဲလေးကိုပဲ လိုက်ပြီး စနောက်နေတာ ... တောက်ပြောင်ဝင်းလက်နေတဲ့ အကောင်လေးက အခုဆို ညစ်ပတ်နေပြီ .. လုရှောင်ရန်က သူမကို လိုက်နေတာလို့တော့ လာမပြောနဲ့နော် ...


“ဝူး ...”


သခင်ဖြစ်သူ၏ ခံစားချက်ကို ခံစားမိလိုက်သည့် ဟက်စကီးက မာန်ဖီကာ သူ့ရှေ့တွင် ရှိနေသည့် ခွေးတူဝက်တူကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ 


ခွေးတူဝက်တူက မလှုပ်ရှားနိုင်၊ နေရာတွင်ပင် ရပ်လျက်သား ကြော

င်အသွားတော့သည်။ 


ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ဟက်စကီးက ချက်ခြင်း မြေပေါ်လှဲချကာ သနားစဖွယ်ကောင်းအောင် လူးလှိမ့်ငိုကြွေးလိုက်တော့၏။ 


နတ်ဘုရားမမှာ ဆိုင်သူ ရှိနေပြီးသားတဲ့လား သူက အရမ်းကို သနားစရာကောင်းတာပဲ