အပိုင်း ၇၃
Viewers 7k

Chapter 73




ရှချင်၏ မျက်နှာက သုန်မှုန်နေ၏။ လုရှောင်ရန်ကို ပြောစရာ စကားပင် မရှိတော့သည့် မျက်နှာထားဖြင့် ငေးကြည့်နေဟန်မှာ သူမ၏ ဖြစ်တည်မှုကိုပင် သံသယဝင်စ ပြုလာတော့သည့်ဟန်။ 


လုရှောင်ရန်၏ မျက်ခုံးနှစ်ဖက်က ဒေါသအရိပ်အယောင်များဖြင့် ပြည့်နှက်နေကာ ဟက်စကီးကို ကြည့်နေသည့် သူ့အကြည့်တို့မှာလည်း သတ်ဖြတ်လိုသည့် အငွေ့အသက်တို့ဖြင့် ဖုံးလွှမ်းနေ၏။ 


သူမ၏ ခွေးတူဝက်တူကို ကြည့်ကာ ပြင်းပြင်းထန်ထန် ဟောင်နေသည့် ရွံ့များဖြင့် ပေပွနေသော ဟက်စကီးကို အသံတိတ်သာ စိုက်ကြည့်နေလိုက်သည်။ 


“ဝူး ဝူး ဝူး ...”


သူမက ထုတ်မမေးဘဲပင် မနေနိုင်။ 


“ရှင်က ရှဲ့ယွင်နန်ကို မကြိုက်ဘူးလား ...”


“ငါက ဘယ်တုန်းက ရှဲ့ယွင်နန်ကို ကြိုက်ခဲ့လို့လဲ ...”


လုရှောင်ရန်က ပြန်ပြောလိုက်သည်။ 


“မင်းကို ဘယ်သူက ပြောတာလဲ အဲဒီ့လူတွေက သေချာပေါက်ကို ငါ့ကို အညှိုးထားနေကြတာပဲ ဖြစ်ရမယ် ...”


သူ၏ မျက်နှာအစစ်အမှန်ကို ရှချင်ထံ ထုတ်ပြမိပြီး ဖြစ်သည့်အတွက် ယခင်ထက်ပိုကာ စကားများလာ၏။ 


ရှချင်က ပြောလိုက်သည်။ 


“လူတိုင်းက ပြောနေတာ ...”


လုရှောင်ရန် “???”


ဒီလိုကိစ္စမျိုးလည်း ရှိနေသေးတာပဲလား ...


တကယ်ကြီးကို ရှိနေတာဟ!!!! 


တစ်ပတ်ခန့် ကုသမှု ခံယူအပြီးတွင် သွမ့်ချန်ချင်းမှာ အားလုံးနီးပါး ပြန်လည်သက်သာလာတော့သည်။ ထို့အပြင် သူ၏ စိတ်စွမ်းအင် အပင်များအား ပျိုးထောင်သည့် ဝါသနာကိုပါ ဆက်လုပ်နိုင်လာတော့၏။ 


ထိုနေ့က အပင်များကို ရေလောင်းနေစဉ်အတွင်း တစ္ဆေဘုရင်၏ ငယ်သားတစ်ဦးက သူ့ကို ကြင်နာစွာဖြင့် သတိပေးလာသည်။ 


“သွမ့်ချန်ချင်း... ရှဲ့ယွင်နန်က မင်းအပေါ် အရမ်းကောင်းတယ်ဆိုပေမယ့် သေချာပေါက်ကို သတိရှိရမယ်နော် မဟုတ်ရင် .. မင်းသာ ဂရုမစိုက်လို့ကတော့ သူ့ကို တစ်ခြားသူတွေက အလစ်သုတ်သွားလိမ့်မယ် ...”


မည်သူကမှ သူ့အား ဤစကားမျိုးကို အကြောင်းအရင်း မရှိဘဲ လာပြောမည် မဟုတ်ပေ။ ဆိုလိုချင်သည်မှာ .. သူ့ထံမှ လုယူလိုသူများ အမှန်တကယ် ရှိနေ၍သာ ဤစကားမျိုး ကြားရခြင်းဖြစ်သည်။ 


သူက မေးလိုက်သည်။ 


“ဘာဖြစ်လို့လဲ ...”


“ဘာဖြစ်လို့လဲဆိုတော့ .. မြင့်မြတ်မြို့တော်ရဲ့ လုမိသားစုက လာတဲ့ လုသခင်လေးလေ ..မင်း ပိုပြီး အာရုံစိုက်သင့်တယ်နော် ...”


ထိုသူက အလွန်အမင်း စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။ 


လုရှောင်ရန်က ဘယ်လောက်တောင် ထောင်လွှားမောက်မာလိုက်သလဲဆိုတာ ကြည့်လိုက်ပါလား သူက ပုံမှန်ဆို လူတွေကို လျစ်လျူရှုထားတတ်ပေမယ့် ရှဲ့ယွင်နန်ကိုဆို အရမ်းကို နာခံပြနေတာလေ ပြီးတော့ ရှဲ့ယွင်နန် ခိုင်းသမျှ ဘာမဆိုကို လုပ်ပေးတာ ...


သူရဲ့ ရှဲ့ယွင်နန်ကို ကြည့်တဲ့အကြည့်ကလည်း သိပ်မဟုတ်ဘူး ...


ပြီးတော့ လူတိုင်းကလည်း ဒီလိုပဲ တွေးကြမှာလေ ... ရှဲ့ယွင်နန်က အရမ်းကို ချောတဲ့အပြင် ယောကျာ်းတွေကိုလည်း ကြိုက်သေးတယ်ဆိုပြီးတော့ ...


လုရှောင်ရန်အတွက် ရှဲ့ယွင်နန်ရဲ့ ကျော့ကွင်းမှာ မိသွားတယ်ဆိုတာကလည်း ပုံမှန်ပဲ မဟုတ်လား ...


သွမ့်ချန်ချင်း “...”


သူက အစောကြီးကတည်းက လုရှောင်ရန်အကြောင်း သိထားပြီးသားပါနော် ...သူက ရှဲ့ယွင်နန်ရဲ့ ဝမ်းကွဲအစ်ကိုလေ ...


အဲဒါတင် မကသေးဘူး ... အဲဒီ့ဝမ်းကွဲက အပြင်ပိုင်းမှာသာ အေးစက်သလိုလိုနဲ့ တကယ်တမ်း သူ့အတွင်းစိတ်က လုံးဝကို အားကိုးလို့လည်း မရဘူး ...


လုရှောင်ရန်က ရှဲ့ယွင်နန်ကို ကြိုက်နေတာ ဟုတ်လား ဒါကဖြင့် ပိုပြီးတောင် မဖြစ်နိုင်သေးတယ် .. သူ့အမြင်အရဆို လုရှောင်ရန်က တစ္ဆေဘုရင်ကို ကြောက်နေတာ .. ပြီးတော့ ရှချင်ကိုလည်း ကြိုက်နေသလိုပဲ ...


“ပြီးတော့ မင်းလည်း အခုတလော သင်ပေးနေတဲ့ လေ့ကျင့်ခန်းကို လိုက်ကျင့်သင့်တယ်နော် မင်းရဲ့ အခြေခံက တော်တော်လေး အားနည်းတယ်ဆိုပေမယ့် သေချာလေး ကြိုးစားမယ်ဆိုရင်တော့ တိုက်ခိုက်သူတစ်ယောက် ဖြစ်လာနိုင်ပါသေးတယ် ...”


ထိုသူက သွေးဆောင်လိုက်သည်။ 


သွမ့်ချန်ချင်းက ကြည့်ကောင်းသည့်အပြင် ပြဿနာလည်း မရှာတတ်။ ထို့ကြောင့် သူ့ကို အကောင်းမြင်သူများ များပြားကာ မည်သူကမှ သူ့ကို အစွန့်ပစ်ခံဘဝသို့ မရောက်စေလိုကြပေ။ 


သွမ့်ချန်ချင်းက သူ့ကို ပြုံးပြလိုက်သည်။ 


“ကျေးဇူးတင်ပါတယ် ...”


“ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး ...”


ထိုသူက သွမ့်ချန်ချင်း၏ အပြုံးကြောင့် ရီဝေသွားတော့၏။ 


ဒီသွမ့်ချန်ချင်းက .. တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးကို ကြည့်ကောင်းလာတာပဲ ...


စကားပြောပြီးနောက် ထိုသူက ချက်ခြင်း ထွက်သွား၏။ ထို့နောက် ရှဲ့ယွင်နန်က သူ့အနား ရောက်လာသည်။


“စောစောက ဘယ်သူနဲ့ ပြောနေတာလဲ ...”


သွမ့်ချန်ချင်းက ယောကျာ်းတစ်ယောက်နဲ့ စကားပြောနေတဲ့အပြင် .. အဲဒီ့လူကို ပြုံးပါ ပြုံးပြလိုက်သေးတယ် .. ရှဲ့ယွင်နန်က အဝေးမှ လှမ်းကြည့်နေရင်း ချဉ်စူးလာတော့သည်။


“သူက ခင်ဗျားကို စောင့်ကြည့်ဖို့ ပြောနေတာ တစ်ခြားသူတွေ ဘေးကနေ အလစ်သုတ်သွားတာမျိုး မဖြစ်စေနဲ့တဲ့ ...”


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


ရှဲ့ယွင်နန် “....”


ထို့နောက် သွမ့်ချန်ချင်းက ထပ်ပြောလိုက်ပြန်သည်။ 


“ပြီးတော့ ကောလဟာလတွေလည်း ရှိသေးတယ် လုရှောင်ရန်က ခင်ဗျားကို ကြိုက်နေတာ ဆိုလားပဲ ...”


“သူက ကိုယ့်ဝမ်းကွဲလေ .. ဘာလို့ သူက ကိုယ့်ကို ကြိုက်နေတယ်လို့ ပြောနေကြတာလဲ ...”


ရှဲ့ယွင်နန်က သူ့ဝမ်းကွဲသည် သူ့ကို တိုက်ခိုက်လိုကာ သွမ့်ချန်ချင်းအကြောင်းလည်း စပ်စုလိုနေသည်ဟုသာ ခံစားမိ၏။


တကယ်တမ်းတော့ လုရှောင်ရန်က အရမ်းကို စပ်စုတာ .. ဟိုကိစ္စ၊ ဒီကိစ္စနဲ့ သူ သိချင်တာတွေမှ အများကြီးပဲ ...


“ဘာလို့ဆို .. လုရှောင်ရန်က ခင်ဗျားတစ်ယောက်တည်း အပေါ်မှာပဲ ထူးထူးခြားခြား ဆက်ဆံနေလို့များလား ...”


“သူက ကိုယ့်အဖေကို နည်းနည်း ကြောက်နေလို့ ထင်တယ် ...”


ရှဲ့ယွင်နန်မှာ ကူကယ်ရာမဲ့သွားတော့သည်။ 


သွမ့်ချန်ချင်းက သူတို့ကို အထင်လွဲမနေကြောင်း သိနေသည့်တိုင် ထိုကဲ့သို့သော ကောလဟာလမျိုးမှာ ရှင်းပြရန် ခဲယဉ်းလှသည်။ ကိစ္စရပ်များကို ရှင်းလင်းစေရန် အလွယ်နည်းဟူ၍ မရှိ။ ရှဲ့ယွင်နန်က သူနှင့် လုရှောင်ရန်အကြားတွင် မည်သည့်ဆက်ဆံရေးမှ မရှိဟုလည်း သွားပြော၍ မရပေ။ 


ထို့ကြောင့် ရိုးရိုးရှင်းရှင်းသာ လျစ်လျူရှုထားလိုက်တော့သည်။ 


လုရှောင်ရန်အတွက်မူ ... သူက လူများအား ရှာကာ ရှင်းပြလိုသော်ငြား အခွင့်အရေး တစ်ခုတစ်လေပင် မရခဲ့။ ထို့ကြောင့် အခြားသူများအား သူက ရှချင်ကို ကြိုက်နေခြင်း ဖြစ်ကြောင်းသာ လိုက်ပြောလိုက်တော့သည်။ 


မည်သူကမှ သူ့အား မယုံကြည်ကြသည်မှာ သနားစရာပင်။ ထို့အပြင် အချို့က သူသည် ရှဲ့ယွင်နန်ကို အမိမဖမ်းနိုင်၍ ဒုတိယပစ်မှတ်ကို လိုက်နေခြင်း ဖြစ်သည်ဟုပင် ထင်သွားကြသေး၏။ 


လုရှောင်ရန် “...”


အကျိုးနည်း ဘာတွေလဲကွ .. သူက အမြဲတမ်း မိန်းမလှလေးတွေကိုပဲ ကြိုက်ခဲ့တာပါ ...


ရှချင်အတွက်မူ .. သူမက လုရှောင်ရန်နှင့် ခပ်ဝေးဝေး နေလိုသော်ငြား ရှောင်ရန်မှာ အလွန် သနားစရာ ကောင်းလွန်းသည်ဟု ခံစားမိ၍ သူ့ကို ငြင်းဆန်ရန်လည်း အားနာနေမိသည်။ 


ထို့ကြောင့် .. လူတိုင်းတွင် ထိုထက်ကောင်းသည့် လုပ်စရာများ မရှိတော့၍လားတော့ မပြောတတ်၊ ရှဲ့ချင်က ရှဲ့ယွင်နန်ကို ကြိုက်နေသည်ဆိုသည့် ကောလဟာလတစ်ခု ထပ်မံ ပျံ့နှံ့လာပြန်သည်။ 


တစ္ဆေဘုရင်က မီးလောင်ရာများဖြင့် ပြည့်နှက်နေသည့် မျက်နှာကို ချွတ်ချပြီးနောက် ထိုကဲ့သို့သော ကောလဟာလများ ထွက်လာခြင်း ဖြစ်သည်။ 


မီးလောင်မျက်နှာဖုံးမှာ ပျက်စီးသွားပြီ ဖြစ်သည့်အတွက် နောက်ထပ် သုံးရန် မဖြစ်နိုင်တော့။ ထို့ကြောင့် တစ္ဆေဘုရင်သည် နောက်ထပ် မျက်နှာဖုံးအတုတစ်ခုကို အစားထိုး အသုံးပြုရန် ပြင်လိုက်သည်။ 


မျက်နှာပေါ်တွင် လေဝင်ပေါက်ပင် မရှိအောင် တင်းတင်းကြပ်ကြပ် ကပ်ထားရပါသည့် အရေပြားအတု မျက်နှာဖုံးနှင့် နှိုင်းယှဉ်ပါလျှင် သာမန်မျက်နှာဖုံးက ဝတ်ထားရာ၌ သက်တောင့်သက်သာ ရှိသည့်အပြင် ချွတ်ရန်လည်း လွယ်ကူပေသည်။ 


ယခုအချိန်မှာ ဆောင်းရာသီ ဖြစ်သည့်အတွက် သတ္ထုမျက်နှာဖုံးကို အသုံးပြုရန် အေးလွန်းလှသည်။ သူက အမြဲ သားရေမျက်နှာဖုံးနှင့် အဝတ်မျက်နှာဖုံးကိုသာ အသုံးပြုပေသည်။ 


တစ္ဆေဘုရင်ဟူသည့် လျှို့ဝှက်ချက်ကို ချပြပြီးနောက် သူသည် မျက်နှာဖုံးတစ်ခုတည်းကိုသာ ပုံသေ ဝတ်ဆင်ရန် မလိုအပ်တော့။ အမျိုးမျိုးသော ဒီဇိုင်းများကို ဝတ်ဆင်ကြည့်၍ ရလာတော့သည်။ 


တစ္ဆေဘုရင်နှင့် ရှဲ့ယွင်နန်၏ မျက်နှာအပေါ်ခြမ်းမှာ များစွာ ဆင်တူလှသည်။ ထို့ကြောင့် သူက သားရေမျက်နှာဖုံးကို တပ်သည့်အခါ မျက်နှာအပေါ်ခြမ်းကိုသာ ဖုံးကွယ်ထား၏။ 


အဝတ်အစားလဲကာ မျက်နှာဖုံးအသစ် တပ်လိုက်သည့်အခါ မည်သူကမှ သူ့ကို မမှတ်မိတော့။ သူက ရှဲ့ချင်ဖြစ်ကြောင်း အတည်ပြုပြီးသည့်အခါ အားလုံး ကြောင်အသွားကြတော့သည်။ 


မျက်နှာဖုံး မတပ်ထားသည့် မျက်နှာအောက်ခြမ်းမှာ လွန်စွာနုပျိုငယ်ရွယ်သေးပုံ ပေါ်နေသည်။ 


ထို့အပြင် သူ့အသားအရေ၊ နှုတ်ခမ်းနှင့် လည်ပင်းတို့မှာ ... ဤရှချင်မှာ ငယ်ရွယ်ရုံသာမက ရုပ်ရည်ရူပကာလည်း ကောင်းမွန်သည့်ဟန်ပင်။ 


ယခင်က သူ့ကို တစ်စက္ကန့်ပင် မကြည့်ရဲခဲ့ကြသူများက ယခုမူ ထပ်ကာထပ်ကာ ခိုးကြည့်နေမိကြတော့သည်။ 


“ရှဲ့ချင်ရဲ့ အရင်မျက်နှာက သေချာပေါက်ကို အတုပဲ ဖြစ်ရမယ် ...”


“သူ့သားရေမျက်နှာဖုံးက တော်တော်လေးကို သပ်ရပ်တယ်နော် အသားအရေကလည်း ချောမွတ်နေရောပဲ ...”


“သေချာပေါက်ကို ကြည့်ကောင်းမှာပဲ ...”


...


ထိုသို့ဖြင့် အားလုံးက ရှဲ့ချင်မှာ လူချောတစ်ဦး ဖြစ်ရမည်ဟု တစ်ညီတစ်ညာတည်း ကောက်ချက်ချလိုက်ကြတော့သည်။ 


ထို့နောက် တစ်ခုခုကို သဘောပေါက်သွားကြပြန်၏။ 


ရှဲ့ချင်က ရှဲ့ယွင်နန်အပေါ် အရမ်းကြီးကို ကောင်းလွန်းမနေဘူးလား ...


လုရှောင်ရန်ကို ဘယ်သူက ဂရုစိုက်မှာလဲကွ ရှဲ့ချင်နဲ့ ရှဲ့ယွင်နန်ကမှ တကယ်ကို ဆက်ဆံရေးကောင်းတာ ...


အရသာရှိတာ တစ်ခုခု ရလာရင် ရှဲ့ချင်က ရှဲ့ယွင်နန်ကိုပဲ သေချာပေါက် သွားပေးတာ ကောင်းတာတစ်ခုခု ရလာရင်လည်း သူက ရှဲ့ယွင်နန်ကိုပဲ အရင် တွေးမိနေတာလေ ...


တစ္ဆေဘုရင်၏ ငယ်သားများက တစ္ဆေဘုရင်သည် ရှဲ့ယွင်နန်ကို ကြိုက်နေသည်ဟု တွေးခဲ့ကြသော်ငြား ယခုမူ သူတို့၏ အတွေးများမှာ လှုပ်ခတ်စပြုလာတော့သည်။ 


ဤတစ်ကြိမ် သွမ့်ချန်ချင်းကို လာသတိပေးသူမှာ တစ္ဆေဘုရင်၏ ငယ်သားမဟုတ်။ မုန့်ယန် ဖြစ်နေပေသည်။ 


“လူကြီးမင်း အဲဒီ့ ရှဲ့ချင်ကို သေချာပေါက် သတိထားရမယ်နော် ... ကျွန်တော်ထင်တယ် သူက ရှဲ့ယွင်နန်အပေါ် မကောင်းတဲ့ အကြံအစည်တစ်ခုခု ရှိနေတာ ...”


“အဟုတ်ပဲ ...”


ကျောက်ချင်းယွင်ကလည်း ဝင်ပြောလိုက်သည်။ 


“သူက မင်းကိုလည်း မကျေမနပ် ဖြစ်နေတာ ပြီးတော့ ရှဲ့ယွင်နန်နဲ့ ပတ်သက်ရင် အရမ်းကို စိတ်အားထက်သန်လွန်းတယ် ...”


သွမ့်ချန်ချင်း “...”


တစ္ဆေဘုရင်ကတော့ သူ့ကို မကျေမနပ် မဖြစ်လောက်ပါဘူး သူက ကျင့်စဉ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် မျက်နှာချင်းဆိုင်ရမှာကို စိတ်မသက်မသာ ဖြစ်နေရုံလေးတင်ပါ ...


ပြီးတော့ ရှဲ့ယွင်နန်နဲ့ ပတ်သက်ရင် တအား စိတ်အားထက်သန်လွန်းနေတာကတော့ .. သူက နှစ်တွေ အကြာကြီး ပျောက်ဆုံးနေတဲ့ သားကို ပြန်တွေ့ထားရတဲ့ အဖေအိုကြီးလေ ....


ဟုန်ယဲ့မြို့တော်က လူတွေကတော့လေ ဘာအလုပ်မှ လုပ်စရာ မရှိတော့ဘူးထင်တယ် ဒီလိုကိစ္စမျိုးတွေကိုတောင် အတင်းပြောနေနိုင်တယ်ဆိုတော့ ....


ပျံ့နှံ့နေသည့် ကောလဟာလများအကြောင်း ကြားသိလိုက်ရသည့်အခါ သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်တို့ နှစ်ဦးလုံး နားဝေတိမ်တောင် ဖြစ်သွားကြတော့သည်။ သူတို့ မသိသည့် အချက်တစ်ချက်မှာ မြင့်မြတ်မြို့တော်ရှိ လျောင်မုယဲ့ကလည်း သူ့အမြင်ကို တစ်ဖြည်းဖြည်းချင်း စိမ့်ဝင်ပျံ့နှံ့လာအောင် လုပ်နေခြင်းပင်။ ဥပမာအားဖြင့် ပြောရပါလျှင် “ရှဲ့ယွင်နန်က အခြားလူများအား သွေးဆောင်ကာ သူ့အတွက် ကောင်းကျိုးများအား လုပ်ခိုင်းတတ်သည့် အောက်ပုဂ္ဂိုလ်တစ်ဦး” အစရှိသည့် စကားမျိုးပင်။ 


လုရှောင်ရန်၏ အ

ဖေ “...”


ဒီလျောင်မုယဲ့ရဲ့ ဦးနှောက်က သေချာပေါက်ကို တစ်ခုခု မှားနေပြီ ...

  

သူ့စိတ်ထဲတွင် သံသယတစ်ခုလည်း ရှိနေသေး၏။ 


ဒီလျောင်မုယဲ့က သူ မသိသင့်တာတွေကိုပါ အများကြီး သိထားနေသလိုပဲ