Chapter 150
အရေပါးသည့် လင်းလော့ချင်းက အပြစ်ကင်းသည့် ကလေးနှစ်ဦးထံမှ သူ့ညှပ်ရိုးရှိ အနမ်းရာများကို ဖုံးကွယ်ထားပေးမည့် အင်္ကျီအား ဝတ်ဆင်လိုက်သည်။ ထို့နောက် ကျိယွီရှောင်အား အဝတ်လဲရန် တွန်းထုတ်လိုက်ပြီး အောက်ထပ်သို့ နေ့လည်စာစားရန် ဆင်းလာလိုက်၏။
သူက လျှောက်လမ်းအဆုံးသို့ ရောက်ချိန်တွင် အကျင့်ပါနေသကဲ့သို့ လင်းဖေးနှင့်ကျိလဲ့ယွီအား ရှာလိုက်သည်။
ကျိလဲ့ယွီ၏ အခန်းတွင်း၌ မည်သူမှမရှိချေ။ သူက လင်းဖေးအခန်းသို့ ရောက်နေပုံရသည်။
လင်းလော့ချင်းက လင်းဖေးတံခါးသို့ လျှောက်သွားကာ တံခါးခေါက်လိုက်၏။ ထို့နောက် တံခါးဖွင့်ကြည့်လိုက်ချိန်တွင် စာရေးစားပွဲ၌ ထိုင်နေကြသော ကလေးနှစ်ဦးအား တွေ့လိုက်ရသည်။ လင်းဖေးက စာဖတ်နေပြီး ကျိလဲ့ယွီကမူ အိမ်စာလုပ်နေ၏။
သူအခန်းထဲဝင်လာချိန်၌ ကျိလဲ့ယွီက ပျော်ရွှင်စွာ ခေါ်လိုက်သည်။ “ပါပါး.”
လင်းလော့ချင်း ပြုံးလိုက်၏။ “စာဖတ်နေတာလား … သေချာဖတ်နော် ...”
“ပါပါး … ဘာလို့ အိပ်ရာထနောက်ကျတာလဲ … ” ကျိလဲ့ယွီက စားပွဲထံမှ သူ့ဆီပြေးလာကာ သိလိုစိတ်ဖြင့် မေးလိုက်သည်။
လင်းဖေးသည်လည်း စိုးရိမ်ဟန်ဖြင့် သူ့အနားသို့ လျှောက်လာ၏။
လင်းလော့ချင်း ရုတ်တရက် ဘာဖြေရမှန်းမသိဖြစ်သွားသည်။
ကျိယွီရှောင်က သူ့အနားရောက်လာကာ ရှင်းပြလိုက်သည်။
“ပါပါးက အလုပ်မှာ အရမ်းပင်ပန်းလာတာလေ … ဒီတော့ မနေ့က သူကောင်းကောင်း အနားယူလိုက်ရတော့တာပေါ့ ...”
လင်းလော့ချင်း ခေါင်းညှိတ်လိုက်သည်။ “ဟုတ်တယ် … ”
ကျိလဲ့ယွီ ထူးဆန်းသလို ခံစားလိုက်ရသည်။ “ဒယ်ဒီလည်း အိပ်ပျော်သွားတာလား … ”
ကျိယွီရှောင်က တည့်တိုးပြောလိုက်၏။ “ဒယ်ဒီက ဘာလို့ အိပ်လို့မရတာလဲ … သားပဲ အိပ်ပျော်လို့ရတာလား … ”
“ဒါဆို ဒယ်ဒီက ပါပါးနဲ့ တူတူအိပ်ပျော်သွားတာပေါ့ … ”
“ဒါပေါ့ … ”
ကျိယွီရှောင်က သနားစဖွယ် ပြောလိုက်၏။ “ဟုတ်ပါပြီ … ဒယ်ဒီနဲ့ ပါပါးက လုပ်ချင်တာ လုပ်လို့ရတာပဲ ...”
လင်းလော့ချင်း တွေးလိုက်သည်။ ‘…အပြစ်ရှိသလို ခံစားလာရသလိုပဲ ...’
“သားနဲ့ ဖေးဖေး စားပြီးကြပြီလား … ” သူက စကားလွှဲလိုက်သည်။
“ဟုတ် … ဦးဦးရှောင်လိက နေ့လည်စာ သွားဝယ်ပေးထားတယ် … ”
“ကောင်းတာပေါ့ … ” လင်းလော့ချင်းက ပြော၏။
“ပါပါး … မစားရသေးရင် စားတော့လေ … ”
“ဒါဆို စာကောင်းကောင်းလုပ်ကြနော် … ” လင်းလော့ချင်း သူ့ခေါင်းလေးကို ပွတ်ပေးလိုက်၏။
“ဟုတ် … ” ကျိလဲ့ယွီက ဂုဏ်ယူစွာ ပြောလိုက်သည်။ “သားက အိမ်စာပြီးတော့မှာ ...”
“အိုး … သားက အရမ်းတော်တာပဲ … ”
ကျိလဲ့ယွီက ဝံ့ကြွားစွာ ခေါင်းညှိတ်လိုက်၏။
ကျိယွီရှောင် ထိုအခြင်းအရာကြောင့် ရယ်လိုက်သည်။ “ခေါင်းတွေစွတ်ညှိတ်မနေပါနဲ့ … ဖေးဖေး ကြောင့်သာမဟုတ်ရင် သားအိမ်စာကို စောစော ပြီးမှာတဲ့လား … ဖေးဖေး သားကို ပြောပြနေလို့ မဟုတ်ရင် မနက်ဖြန်ညမှ ပြီးလောက်မှာ ...”
“သား စာရေးတာ လက်စသတ်လိုက်ဦးမယ် ...”
“သားရဲ့ကိုကိုက သားအပေါ် ကူညီခဲ့တာကို သတိရနေရမယ်နော် … အနာဂတ်မှာ သားအစ်ကိုမှာ ပြဿနာရှိလာခဲ့ရင် သားက ကူညီပေးရမယ် … နားလည်လား … ”
ကျိလဲ့ယွီ ခေါင်းညှိတ်လိုက်၏။ “ဟုတ်ကဲ့ … ”
ကျိယွီရှောင်က သူ့ကို ချီးကျူးလိုက်သည်။ “တော်တယ် … ”
သူက ကျိလဲ့ယွီအား ချီးကျူးပြီးနောက် လင်းဖေးထံ ဦးတည်လိုက်သည်။ “သား ကြိုးစားပေးလို့သာ ရှောင်ယွီ အိမ်စာကို မြန်မြန် လက်စသတ်နိုင်တာ … ဖေးဖေးက သေချာကြိုးစားခဲ့တာပဲ …”
လင်းဖေး မည်သည့် အခက်အခဲကိုမှ မကြုံခဲ့ရချေ။ “သူက ဒီနေ့လိမ္မာနေတယ် ...”
ကျိလဲ့ယွီ သဘောတူလိုက်၏။ “သားက နေ့တိုင်းလိမ္မာနေတာ ...”
သူ၏ မျက်နှာအစစ်နှင့် ရင်းနှီးသော လင်းဖေး “……”
သူ၏ မျက်နှာအစစ်နှင့် ရင်းနှီးသော လင်းလော့ချင်း “……”
ကျိယွီရှောင်တစ်ဦးထဲသာ သူ၏ အစစ်အမှန် မျက်နှာအား မမြင်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် သူက သဘောတူလိုက်၏။
“ဒါပေါ့ … ရှောင်ယွီက နေ့တိုင်း လိမ္မာတယ် … ဒယ်ဒီသိတာပေါ့ … ”
လင်းဖေး “……”
လင်းလော့ချင်း “……”
တစ်ခါတစ်ရံတွင် မည်သည့်အရာကိုမှ မသိခြင်းက ပို၍ပျော်စရာကောင်း၏။
လင်းလော့ချင်း၊ ကျိယွီရှောင်နှင့် ကလေးနှစ်ဦး စကားပြောပြီးနောက် အောက်ထပ်သို့ နေ့လည်စာစားရန် ဆင်းလာကြသည်။
ကျိလဲ့ယွီက သူတို့နှစ်ဦး စားသောက်သည့်အရာကို သိချင်စိတ်စောနေ၏။ ထို့ကြောင့် သူက မေးခွန်းနှစ်ခု ဖြေပြီးသည့်နောက် လင်းဖေးကို မေးလိုက်သည်။
“ပါပါးတို့ ဘာစားနေလဲ သွားကြည့်ကြမလား … ”
“မင်းရော စားချင်လို့လား …” လင်းဖေးက မေးသည်။
ကျိလဲ့ယွီ ခေါင်းလေးစောင်းလိုက်၏။ “သားကြိုက်တာရှိရင် နည်းနည်း စားချင်တယ် … ”
“ဒါဆိုသွားလေ …”
“ကိုကိုလည်း လိုက်ခဲ့ … ” ကျိလဲ့ယွီ သူ့ကို ဆွဲလိုက်သည်။
“သွားရအောင်နော် … ပြီးမှ စာဆက်ဖတ်လို့ရတာပဲ … သားပြန်ရောက်တာနဲ့ ကျန်တဲ့အိမ်စာအကုန် အပြီးဖြတ်မယ်လို့ ကတိပေးတယ် ...”
လင်းဖေးက စာအုပ်ကိုချ၍ သူနှင့်အတူ လိုက်ပါရန်မှအပ ဘာမှမတတ်နိုင်ချေ။
ကျိယွီရှောင်က လင်းလော့ချင်း နောက်တစ်ကြိမ် နိုးလာစဉ်ကတည်းက ရှောင်လိအား စာပို့ကာ နေ့လည်စာ ဝယ်ခိုင်းခဲ့ပြီးဖြစ်သည်။
လင်းလော့ချင်းနှင့် မနေ့ညက အတူတူအိပ်ခဲ့ခြင်း ဖြစ်ရာ တစ်ဖက်လူ အဆင်မပြေဖြစ်မည်ကို ကျိယွီရှောင် စိုးရိမ်မိသည်။ ထို့ကြောင့် သူက ခပ်စပ်စပ် အစားအစာများအစား ဆန်ပြုတ်နှင့် စွပ်ပြုတ်ကဲ့သို့သော အစားအစာများကိုသာ ဝယ်ယူခဲ့စေ၏။
လင်းလော့ချင်းက စွပ်ပြုတ်ကိုနှစ်သက်သည်။ ထို့ကြောင့်သူက ဆန်ပြုတ်ကို ဘေးပို့ကာ စွပ်ပြုတ်သောက်ရင်း ပုစွန်ဖက်ထုပ်နှင့် ကြက်ခြေထောက်များကို စားလိုက်၏။
ထိုအခြင်းအရာကြောင့် ကျိယွီရှောင်က ဆန်ပြုတ်ကိုသာ သောက်လိုက်ပြီး သူ့အတွက် စွပ်ပြုတ်ကို ချန်ထားလိုက်သည်။
ကျိလဲ့ယွီနှင့် လင်းဖေးတို့ ထမင်းစားခန်းတွင်း ဝင်လာချိန်၌ လင်းလော့ချင်းရှေ့ရှိ အစားအစာများကို တွေ့လိုက်ရ၏။
လင်းလော့ချင်းက သူတို့နှစ်ဦးကို ကြည့်ရင်း မေးလိုက်သည်။ “သားတို့ ဘာလို့ ဆင်းလာတာလဲ … စားဦးမလား … ”
ကျိလဲ့ယွီ ခေါင်းညှိတ်ကာ ချစ်စဖွယ်ပြောလိုက်သည်။ “ပါပါး … သားကို ပုစွန်ဖက်ထုပ်တစ်ခုလောက် ကျွေးပါ …”
“စား … စား … ” လင်းလော့ချင်း အပြုံးနှင့် ပြောလိုက်သည်။
ကျိလဲ့ယွီက လင်းဖေးကိုဆွဲလျှက် လင်းလော့ချင်းနှင့်ကျိယွီရှောင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ သူက ပုစွန်ဖက်ထုပ်အား ယူလိုက်ကာ ပါးကလေးဖောင်းလျှက် ရှဉ့်ပေါက်လေးကဲ့သို့ စားနေ၏။
လင်းလော့ချင်းက သူ၏ ပလုတ်ပလောင်း မျက်နှာလေးကို ကြည့်ရင်း ချစ်စရာကောင်းသည်ဟု တွေးနေမိသည်။
သူက လင်းဖေးအား တစ်ခုပေးလိုက်၏။ “ဖေးဖေး … သားလည်း စားကြည့်လေ … ”
လင်းဖေး ဗိုက်မဆာချေ။ သို့သော် လင်းလော့ချင်းပေးလာသဖြင့် သူကယူလိုက်၏။ “တစ်ခုဆိုဝပါပြီ ...”
“ဟုတ်ပြီ … ”
ကျိလဲ့ယွီက အစားမက်သော်လည်း ဗိုက်တင်းသွားချိန်တွင် ထပ်မံမစားနိုင်တော့ချေ။ သူက အစာသွပ်မုန့်သုံးခု ထပ်စားပြီးနောက် လင်းလော့ချင်းနှင့် ပေါက်ပေါက်ဖောက်နေလေသည်။
လင်းလော့ချင်း စွပ်ပြုတ် သုံးပန်းကန် သောက်လိုက်၏။ သူက သက်ပြင်းချလိုက်သည်။ “သူတို့ စွပ်ပြုတ်က တော်တော် အရသာရှိတာပဲ … ”
ကျိယွီရှောင်က တုံ့ဆိုင်းမနေခဲ့ချေ။ “နောက်တစ်ခါ ရှောင်လိကို ထပ်ဝယ်ခိုင်းရအောင် … ”
လင်းလော့ချင်း ပြုံးလိုက်၏။ ရှောင်လိသည် ကားမောင်းသူလည်း ဖြစ်သလို အစားအစာ လိုက်ပို့သည့် ကောင်လေးလည်း ဖြစ်ရသည်။ သူက အလွန် အလုပ်များလှ၏။
သူက နောက်ဆုံး စွပ်ပြုတ်ပန်းကန်အား ကျိယွီရှောင်ထံ တိုးပေးလိုက်သည်။ “စားကြည့်ပါဦး … စွပ်ပြုတ်မကြိုက်ဘူးလား … မင်း ထိတောင်မထိသလိုပဲ ...”
“ကိုယ် ဗိုက်တင်းနေပြီ … ” ကျိယွီရှောင် တည်ငြိမ်စွာဆို၏။ “ထားထားလိုက် … မင်းနောက်တစ်ခါ ဗိုက်ဆာလာရင် စားလို့ရတာပေါ့ ...”
လင်းလော့ချင်းက သူ့အား ထပ်မံမတိုက်တွန်းတော့ချေ။
ကျိလဲ့ယွီ တိတ်တဆိတ်ပြုံးလိုက်၏။ လင်းလော့ချင်း သူ့အား ကြည့်လိုက်သည့်အခါ ကျိလဲ့ယွီ ပါးစပ်ကလေးကို ကာ၍ ခုံပေါ်မှ ခုန်ဆင်းလိုက်သည်။
“သား ဗိုက်တင်းပြီ … အိမ်စာသွားလုပ်တော့မယ် … ပါပါး … ဖြည်းဖြည်းစားနော် … ”
ကျိယွီရှောင် သူ့ကိုရယ်လိုက်သည်။ “သားက အိမ်စာလုပ်ဖို့ စပြောနေပါလား ...”
“ဒါပေါ့ … သားက အရမ်းလိမ္မာတာလေ … ” သူက စကားဆုံးသည်နှင့် လင်းဖေးထံ သွားလိုက်၏။ “ကိုကို … သွားရအောင် … ”
လင်းဖေးက လင်းလော့ချင်းကို ကြည့်လိုက်သည်။ “ဒါဆို ကျွန်တော်တို့ သွားတော့မယ် ….”
“သွားလေ … ” လင်းလော့ချင်း ပြောလိုက်၏၊၊
ကျိလဲ့ယွီ တစ်စုံတစ်ခုအား တွေးမိသွားကာ လင်းဖေး နောက်မှ ခေါင်းလေးပြူထွက်လာပြီး မေးလိုက်သည်။ “သားတို့ဒီညတူတူအိပ်ကြမှာလား … ”
လင်းလော့ချင်း ခေါင်းညှိတ်လိုက်၏။ “ဟုတ်တယ် ...”
ကျိလဲ့ယွီက လိုချင်သည့်အဖြေကြောင့် ကျေနပ်သွား၏။ သူက လင်းဖေးကိုဆွဲကာ ပျော်ရွှင်စွာ ထွက်သွားတော့သည်။
ထမင်းစားခန်းမှ ထွက်လာသည့်နောက် လင်းဖေးက သူ့ကို မေးလိုက်၏။ “ဘာလို့ ခုနကပြုံးလိုက်တာလဲ … ”
ကျိလဲ့ယွီ ထပ်ပြုံးလိုက်သည်။
“သားရဲ့ဦးလေးက စွပ်ပြုတ်ကြိုက်တယ် … ”
လင်းဖေး မည်သို့မှ မတုံ့ပြန်ချေ။
ကျိလဲ့ယွီ သက်ပြင်းချလိုက်၏။ လင်းဖေးသည် ဤကဲ့သို့ ကိစ္စမျိုးတွင် ဉာဏ်မကောင်းဟု သူ တွေးလိုက်မိသည်။
“သားမေမေက ကီဝီသီးကြိုက်တယ်လေ … ဒီတော့ ဖေဖေက သူမအတွက် ကီဝီသီးတွေ အခွံခွာပေးပြီးတော့ သူမ သေချာစားပြီးပြီဆိုမှ သူက စစားလေ့ရှိတယ် ...”
လင်းဖေး နားလည်သွား၏။ “ဒီတော့ မင်းရဲ့ရှုရှုက ငါ့ရဲ့ရှုရှု ကြိုက်မှန်းသိလို့ တမင်ချန်ထားပေးတာပေါ့ … ”
ကျိလဲ့ယွီ ခေါင်းညှိတ်လိုက်သည်။
သူက လှေကားထံသို့ လင်းဖေးအား လက်ဆွဲလျှက် ပျော်ရွှင်စွာ လျှောက်သွား၏။ သူက လှေကားထစ်များကိုပင် ခုန်ပေါက်၍ တက်နေလေသည်။
လင်းဖေးက သူပြုတ်ကျမည်စိုးသဖြင့် ကျိလဲ့ယွီ၏ နောက်မှ တစ်ထစ်ချင်း လိုက်တက်ပေး၏။
ကျိလဲ့ယွီ မျက်နှာပေါ်ရှိ သက်တောင့်သက်သာဖြစ်သော အပြုံးကြောင့် သူကမေးလိုက်သည်။
“မင်း မိဘတွေကို သတိရလား … ”
“အွန်း … ” ကျိလဲ့ယွီ လှေကားထစ်တစ်ခု ခုန်တက်လိုက်ပြီးနောက် သူ့ကို ပြန်ကြည့်လိုက်သည်။
“ကိုကိုရော ကိုကို့အမေကို မလွမ်းဘူးလား … ”
လင်းဖေး ဘာမှပြန်မပြောသော်လည်း သူ သူမအား လွမ်းနေမိသည်။
“သားမိဘတွေက အကောင်းဆုံးနဲ့ အပျော်ဆုံး မိဘတွေပဲ … သားက ဒယ်ဒီနဲ့ ပါပါးကို အပျော်ဆုံးဖခင်တွေ ဖြစ်စေချင်တယ် … ” သူက ညှင်သာစွာဆိုသည်။
သူ့မျက်ဝန်းများက ကြည်လင်နေကာ တောင်းဆုများဖြင့် ပြည့်နှက်နေ၏။
လင်းဖေး ထိုအရာကို တွေ့ချိန်၌ ချစ်စရာကောင်းသည်ဟု ခံစားမိလိုက်သည်။
သူ့တွင် လှည့်ကွက်များနှင့် အကျင့်ဆိုးလေးများ ရှိသော်လည်း သူက အလွန့်အလွန် ချစ်စရာကောင်းလှ၏။
လင်းဖေးက လှေကားတစ်ထစ် ဆက်တက်ကာ ကျိလဲ့ယွီနှင့် ဘေးချင်းယှဉ်ရပ်လျှက် သူ့ခေါင်းလေးကို ပွတ်ပေးလိုက်သည်။ “အွန်း … ”
လင်းလော့ချင်းက စားပြီးသည်အထိ အစားအစာအားလုံးသည် မစပ်ပဲ ပေါ့ပါးသည့် အစားအစာများသာ ဖြစ်ကြောင်း မရိပ်မိခဲ့ချေ။
ကျိယွီရှောင်က မနေ့ညက ကိစ္စအား စဉ်းစားကာ ရှောင်လိအား ဝယ်ခိုင်းခဲ့ပုံရ၏။ လင်းလော့ချင်း ထိုသို့တွေးမိသည့်နောက် သူ့နှလုံးသားတွင်းရှိ စာကလေးက တစ်ချက်ခုန်သွားသကဲ့သို့ သူက အလွန်ပျော်နေ၏။
သူက ကျိယွီရှောင်အား ကြည့်လိုက်သည်။ “စာကြည့်ခန်းကို သွားမှာလား … အိပ်ခန်းကို သွားမှာလား … ”
ကျိယွီရှောင် ခဏစဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။ “အခန်းကို ပြန်သွားမှာ ….”
“ကောင်းပြီလေ …” လင်းလော့ချင်း ပြန်ဖြေလိုက်သည်။
သူက စားပွဲကို ရှင်းလင်းလိုက်ပြီး ဆန်ပြုတ်နှင့် မကုန်သည့် အစားအစာများအား ရေခဲသေတ္တာအတွင်းသို့ ထည့်လိုက်သည်။ ထို့နောက် ကျိယွီရှောင်အား ဓာတ်လှေကားအတွင်းသို့ တွန်းပေးလိုက်၏။
သူတို့နှစ်ဦးက အိပ်ခန်းထံသို့ အတူတကွ ပြန်လာကြသည်။ နေရောင်ခြည်ကြောင့် ဝရန်တာတစ်ခုလုံး လင်းထိန်နေ၏။ ကန္တာရဆူးပင်လေး နှစ်ပင်သည်လည်း စိမ်းစို သန်မာလျှက်ရှိသည်။
လင်းလော့ချင်းက အပင်များထံ လျှောက်သွားကာ မြေကြီးကို စစ်ဆေးပြီးနောက် ရေအနည်းငယ် လောင်းပေးလိုက်သည်။
ကျိယွီရှောင်က တိတ်ဆိတ်စွာ ကြည့်နေ၏။
သူက လင်းလော့ချင်း ဂရုတစိုက်နှင့် ညှင်သာစွာ အပင်ရေလောင်းနေပုံကို ငေးကြည့်နေမိသည်။
ကန္တာရ ဆူးပင်နှစ်ပင်သည် လင်းဖေးက သူတို့အတွက် ပေးခဲ့ခြင်းဖြစ်သည်။ တစ်ပင်က အခြားတစ်ပင်ထက် ပို၍ အရပ်ရှည်၏။ ထိုအပင်နှစ်ပင်က အတူတကွ ရှိနေကြသည့် ချစ်သူများနှင့် တူသည်။
“ဖေးဖေးနဲ့ ရှောင်ယွီရဲ့ ဆူးပင်ထက်စာရင် ငါတို့ အပင်တွေက အရင်ပွင့်လာကြမှာ မဟုတ်လား … ” လင်းလော့ချင်း ခပ်တိုးတိုးပြောလိုက်သည်။
“အဲဒီ့အခါကျ ရှောင်ယွီ့ကို ပြရအောင် … သူ ဆူးပန်းပွင့်ကို မမြင်ဖူးသေးဘူး ...”
ကျိယွီရှောင်က သူ ကျိလဲ့ယွီအကြောင်း ပြောသည်ကို ကြားချိန်၌ မနက်ကတည်းက စဉ်းစားနေခဲ့သည့် အရာကို တွေးလိုက်မိသည်။
သူက လင်းလော့ချင်းအား ပြောပြရမည့် ကိစ္စတစ်ခုရှိသည်။ အဘယ့်ကြောင့် လင်းလော့ချင်းအား လက်ထပ်လိုခဲ့ခြင်း ဖြစ်ကြောင်းပင်။
သူတို့နှစ်ဦးကြားတွင် မည်သည့် ခံစားချက်မှ မရှိသလို မနေ့ညကဲ့သို့ အဖြစ်အပျက်မျိုး မရှိခဲ့ပါက ထိုကိစ္စအား လင်းလော့ချင်း မသိအောင် ဖုံးကွယ်ထား၍ရသည်။ သူတို့က အချစ်အတွက် လက်ထပ်ခဲ့ကြခြင်း မဟုတ်ကြချေ။
ယခုမူ အားလုံးပြောင်းလဲသွားပြီ ဖြစ်၏။
သူက မည်သူ့ကိုမှ အသုံးမချခဲ့ဖူးချေ။ မည်သူ့ကိုမဆို ချစ်ခြင်းမုန်းခြင်းတို့အား ရှင်းရှင်းလင်းလင်း ပြုလုပ်နိုင်ခဲ့၏။ မည်သူ့အပေါ်တွင်မှ သူအကြွေးမတင်ခဲ့။
လင်းလော့ချင်း အပေါ်တွင်မူ စတင်တွေ့ဆုံချိန်မှစ၍ သူ အကြွေးတင်ခဲ့သည်။
သူက လင်းလော့ချင်းအား သူ၏ စိတ်ခွန်အားကို မြှင့်တင်ရန်နှင့် သူ့အား တိတ်တဆိတ် စောင့်ကြည့်နေသူများ အာရုံလွှဲစေရန် အသုံးချခဲ့၏။ သူက လင်းလော့ချင်းအား ကျိအဖေနှင့် ကျိမိသားစု တစ်ခုလုံး၏ ဆန့်ကျင်ဘက်တွင် ရပ်စေခဲ့သည်။
ထို့ကြောင့် လင်းလော့ချင်းသည် သူ၏ ဆွေမျိုးများထံမှ ရင်းနှီးနွေးထွေးသည့် ကြိုဆိုမှုအား ရရှိိနိုင်လိမ့်မည် မဟုတ်တော့ချေ။
လင်းလော့ချင်းက ထိုအရာကို ဂရုမစိုက်ပဲ သူ့ဘက်တွင်သာ အမြဲရပ်ပေး၍ တော်တော့သည်။ ထိုသို့မဟုတ်ပါက တစ်ဖက်လူအတွက် မတရားရာကျ၏။
ကျိယွီရှောင် ထိုအရာအား ယခင်က မတွေးခဲ့။ သူထိုကိစ္စကို တွေးသည့်အခါတိုင်း လင်းလော့ချင်းအပေါ် ပို၍ကောင်းပေးခဲ့သည်။
အဆုံးသတ်တွင် သူမည်မျှ လင်းလော့ချင်းအပေါ် ကောင်းပေးနေသည်ဖြစ်စေ၊ လင်းလော့ချင်းအား အသုံးချရာ ကျနေဆဲပင်။
သူက အခြားလူများ၏ အသုံးချခံ မဖြစ်လိုသဖြင့် သူတစ်ပါးကိုလည်း အသုံးမချခဲ့။ ယခုတစ်ကြိမ်တွင်မူ သူနှစ်သက်ရသည့် လူအား အသုံးချခဲ့မိသည်။
သူ့နှလုံးသားက ထိန်းချုပ်မရစွာ ပြာယာခတ်လာခဲ့၏။ လင်းလော့ချင်း ထိုကိစ္စအား သိရှိသွားပါက စိတ်ဆိုးခြင်း၊ သို့မဟုတ် သက်တောင့်သက်သာ မဖြစ်ခြင်းတို့ ဖြစ်ပေါ်လာမည်ကို သူအလွန်ကြောက်မိသည်။ ကျိယွီရှောင် သူ့အား ထပ်မံ၍ မလှည့်ဖျားလိုတော့။
လင်းလော့ချင်းက သူ့ကိုယ်သူကိုယ်ပင် အပ်နှင်းရသည်အထိ ယုံကြည်ချက်ထားခဲ့သည်။ ကျိယွီရှောင်က တစ်ဖက်လူအား ထိုကိစ္စကို ပေးမသိခဲ့ပါက သူသည် လင်းလော့ချင်းနှင့် မထိုက်တန်ဟု တွေးနေမိမှာပင်။
လင်းလော့ချင်း ရေလောင်းပြီးနောက် ကျိယွီရှောင်အား လှည့်ကြည့်လိုက်သည်။ သူက မျက်လွှာချကာ တစ်စုံတစ်ခုကို တွေးနေပုံရ၏။
“ဘာဖြစ်လို့လဲ … ” သူက တစ်ဖက်လူထံ ချဉ်းကပ်လိုက်သည်။
ကျိယွီရှောင် သူ့အား မော့ကြည့်လိုက်၏။
လင်းလော့ချင်း နားမလည်နိုင်ခဲ့ချေ။ “တစ်ခုခု ဖြစ်လို့လား … ”
ကျိယွီရှောင်က ဘာမှမပြောပဲ သူ့ကိုသာ စိုက်ကြည့်နေမိသည်။
အချိန်အတော်ကြာ ကြည့်နေသဖြင့် လင်းလော့ချင်း အနည်းငယ် ရှက်လာ၏။ ကျိယွီရှောင်က သူ့အနားတိုးလိုက်ရင်း တစ်ဖက်လူ၏ ခါးကို ပွေ့ဖက်ကာ လင်းလော့ချင်းအား သူ့ပေါင်ပေါ်တွင် ထိုင်စေလိုက်သည်။
သူက လင်းလော့ချင်းကို တင်းတင်းဖက်လိုက်ရင်း သူ၏ မေးဖျားအား လင်းလော့ချင်း ပုခုံးပေါ် တင်လိုက်သည်။ ထိုအနေအထားက အလွန်နွေးထွေးကာ တရင်းတနှီးဆန်လှ၏။
လင်းလော့ချင်း၏ နှလုံးသားက ခုန်ပေါက်သွားကာ ရေကရားကို တင်းတင်းကိုင်လိုက်မိသည်။
သူက ရေကရားကို ငုံ့ကြည့်နေရင်း နှလုံးသားတွင် အက်ကြောင်းထင်သွားသည်ကို ခံစားမိလိုက်၏။ သကြားရည်များက ထိုအက်ကြောင်းတွင်းမှ စိမ့်ဝင်လာကာ သူ့နှလုံးသားကို ချိုမြိန်စေးကပ်အောင် ပြုလုပ်နေသည်။
ထိုခံစားချက်အသစ်အဆန်းက သူ့အတွက် ရှုပ်ထွေးလှ၏။
သူက မူလတန်းကျောင်းသားလေးကဲ့သို့ ပွေ့ဖက်မှုတစ်ခုတွင် ကျရှုံးသွားခဲ့သည်။ သူ တစ်နေ့လုံး ထိုလူ သူ့အား သဘောကျခြင်း ရှိမရှိ မရေမရာတွေးနေမိတော့မှာပင်။ သူတို့က ကိစ္စတစ်ခုအား ကျော်ဖြတ်ခဲ့ပြီးပြီဖြစ်သည်။ ယခု သူသည် ကျိယွီရှောင် အနားတွင်နေရင်း၊ တစ်ဖက်လူကို ငေးကြည့်ရင်း၊ ပွတ်သီးပွတ်သပ် နေချင်မိ၏။
အမှန်စင်စစ် ယခင်က သူသည် ထိုသို့မဟုတ်ဟု လင်းလော့ချင်း တွေးလိုက်မိသည်။ သူက လွယ်လွယ်ရှက်တတ်နေပြီး လွယ်လွယ် ရင်ခုန်တတ်နေ၏။ လုံးဝကို ထိန်း၍မရတော့ချေ။
ကျိယွီရှောင် တစ်ခုခုလုပ်လိုက်တိုင်း သူရှက်နေ၏။ သူဒီအတိုင်း စိုက်ကြည့်နေလျှင်ပင် လင်းလော့ချင်း ရှက်လာရသည်။
၎င်းက ထူးဆန်းသော်လည်း သူ့နှလုံးသား တစ်ခုလုံး ချိုမြိန်နေသည့် ခံစားချက်ကိုမူ အလွန်နှစ်ခြိုက်မိ၏။
လင်းလော့ချင်း ခေါင်းမော့ကာ သူ့ကိုဖက်ထားသည့် ကျိယွီရှောင်၏ လက်အား ဆုပ်ကိုင်လျှက် လက်ချောင်းအချင်းချင်း ယှက်နွယ်လိုက်သည်။
ကျိယွီရှောင်က သူ၏ ပါးပြင်အား ခပ်ဖွဖွ ပွတ်သပ်လာ၏။
လင်းလော့ချင်း သူ့ကို ကြည့်လိုက်ချိန်တွင် ကျိယွီရှောင် ပြုံးနေသည်အား တွေ့လိုက်ရသည်။ သူ့နှလုံးသားက ပို၍ လျင်မြန်စွာ ခုန်ပေါက်လာပြီး သူ့မျက်ဝန်းများကမူ ပို၍ တောက်ပလာ၏။
သူ၏ ကြည်လင်သော မျက်ဝန်းများက သူ့ခံစားချက်အား လှစ်ဟပြလျှက်ရှိသည်။ သူဘာမှမပြောသော်လည်း ကျိယွီရှောင် သိလေသည်။ သူက လင်းလော့ချင်းအား ညှင်သာစွာ နမ်းရှိုက်လိုက်၏။
လင်းလော့ချင်းက သူ့လက်မောင်းများကြား မှီနွဲ့လာကာ သူ့ကို နူးညံ့စွာ ပြန်နမ်းလာသည်။
သူက နမ်းပြီးသည့်နောက် ချက်ချင်းထွက်မသွားပဲ ကျိယွီရှောင်၏ ပုခုံးကို မီနေမိသည်။ သူက ကမာခွံအတွင်းမှ မခွာချင်သည့် ပုလဲလုံးလေးကဲ့သို့ ကပ်တွယ်လျှက်ရှိ၏။
ကျိယွီရှောင်က ဤကဲ့သို့ ကိစ္စမျိုးတွင် လင်းလော့ချင်းသည် အလွန်ရိုးသားကာ နာခံလွန်းသည်ဟု ခံစားလိုက်ရသည်။
ပုံမှန်အားဖြင့် ထက်မြက်ပြီး အမှီအခိုကင်းသော လူတစ်ဦးဖြစ်သော်လည်း အချစ်နှင့် ပတ်သတ်လာချိန်၌ နူးညံ့သွား၏။ သူက မျက်နှာပေါ်တွင် တွယ်ကပ်လိုမှုအား ရေးသားထားကာ တစ်ဖက်လူ သူ့အား စားသုံးသွားမည်ကိုလည်း စိုးရိမ်ခြင်းမရှိချေ။
သူက အလွန်သန့်စင်ကာ ရှားပါးလှသည်။
ကျိယွီရှောင် သူ၏ မေးဖျားလေးကို ထိလိုက်၏။ လင်းလော့ချင်း သူ့ကို ကြည့်လာချိန်၌ ကျိယွီရှောင်က နမ်းလိုက်ပြီး တီးတိုးပြောလိုက်သည်။
“ချင်းချင်း … ကိုယ်မင်းကို ပြောစရာရှိတယ် … စိတ်မကောင်းမဖြစ်ပဲ နားထောင်နော် … ”
လင်းလော့ချင်း ဇဝေဇဝါဖြစ်သွားသည်။ “ငါမကြိုက်တဲ့ ကိစ္စတစ်ခုခု လုပ်ခဲ့တာလား … ”
ကျိယွီရှောင်က မဖြေရဲပုံဖြင့် သူ့အား ကြည့်နေမိသည်။
လင်းလော့ချင်း ဇဝေဇဝါဖြစ်သွား၏။ သူက သူ့ကို စိတ်မကောင်းဖြစ်အောင် ဘာလုပ်ထားတာလဲ … ကျိယွီရှောင်ရဲ့ အကျင့်နဲ့ဆို သူက ဘာများလုပ်နိုင်မှာတဲ့လဲ …
သူက လင်းလော့ချင်းအတွက်ပဲ အမြဲတွေးပေးနေတာ မဟုတ်လား …
ဒါက သူ့ကို မသက်မသာဖြစ်စေမှာမှ မဟုတ်တာ …
မဟုတ်မှလွဲရော …
သူက ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားကာ ကျိယွီရှောင်၏ ကော်လံအား ဆွဲယူလျှက် ဝိုင်းစက်သော မျက်ဝန်းများဖြင့် ပြော၏။
“အရင်တစ်ခါ ခန္ဓာကိုယ်စစ်ဆေးချက်က အတုပဲ ဆိုတာနဲ့ မနေ့ညက ကိစ္စက မင်းကို မသက်မသာဖြစ်စေတယ်လို့ ပြောမလို့လား … ”
ကျိယွီရှောင် “……”
ကျိယွီရှောင် သူထိုသို့ တွေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့။
သူက သူ၏ ကော်လံစအား ဆွဲယူထားသည့် လင်းလော့ချင်း လက်ကလေးကို ဆုပ်ကို
င်ကာ နမ်းလိုက်သည်။ “အချစ်လေး … မင်းကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်တာ ကိုယ်ဝမ်းသာပါတယ် … ဒါပေမယ့် ကိုယ့်ခင်ပွန်းကိုယ် နည်းနည်းလောက် ယုံကြည်ပေးလို့မရဘူးလား … ”
“ကိုယ့်ရဲ့ မနေ့ညတုန်းက ပုံစံကိုကြည့်ရင် မသက်မသာဖြစ်နေတယ်လို့ မင်းထင်လား … ”
လင်းလော့ချင်း တွေးလိုက်သည်။ ‘…မသက်မသာ ဖြစ်နေတာမဟုတ်ဘူး … အရမ်းကို သက်တောင့်သက်သာဖြစ်နေတာ …’