Chapter 151
လင်းလော့ချင်း စိတ်လျှော့လိုက်ကာ ကျိယွီရှောင်၏ ခါးကို ဖက်လိုက်သည်။
“ဘာများလဲ …မင်း မဟုတ်ကဟုတ်ကတွေ လျှောက်လုပ်ပြီး ငါ့ကို စွန့်ပစ်လိုက်ဖို့ တွေးနေတာများလား … ”
ကျိယွီရှောင် “……”
ကျိယွီရှောင် နဖူးကိုရိုက်လိုက်သည်။ “သရုပ်ဆောင်ဆိုတိုင်း ဇာတ်ကွက်တွေ လျှောက်စဉ်းစားမနေနဲ့လေ … ဟုတ်ပြီလား … ”
လင်းလော့ချင်း ရယ်လျှက် သူ့အား ကပ်လိုက်၏။ “ဒါဆိုဘာများလဲ … မင်းဟာမင်းပြောလေ ...”
ကျိယွီရှောင်က သူ၏ အပြုံးကြောင့် ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။
“ကိုယ်တောင်းပန်ပါတယ် … ” သူက တီးတိုးဆို၏။
လင်းလော့ချင်း ထိုစကားကို ကြားချိန်၌ နောက်လာမည့်စကားမှာ ‘မင်းက လူကောင်းတစ်ယောက်ပါ … ဒါပေမယ် ကိုယ်တို့က မသင့်လျော်ဘူး ...’ ဖြစ်လိမ့်မည်ဟု တွေးလိုက်၏။
သူက လူကောင်းဆိုပေမယ့် ဒီလိုလူကောင်းဆိုတာကိုတော့ လက်မခံနိုင်ပါဘူးနော် …
“ဒီတော့ …” သူက မေးလိုက်သည်။
ကျိယွီရှောင် သူ့မျက်ဝန်းတွင်း စိုက်ကြည့်လိုက်၏။ အတန်ကြာ တိတ်ဆိတ်နေပြီးနောက် သူက ပြောလိုက်သည်။
“အဲဒီ့တုန်းက ကိုယ်က မင်းအစ်ကိုနဲ့ လက်ထပ်ရမှာဆိုပေမယ့် မင်းနဲ့အစားထိုးလိုက်တာကို ဘာလို့ လက်ခံလိုက်လဲ မသိချင်ဘူးလား … ”
လင်းလော့ချင်းက ထိုစကားကို မမျှော်လင့်ထားသဖြင့် တိတ်ဆိတ်သွားသည်။
ကျိယွီရှောင် မသိစိတ်ဖြင့် သူ့အား ခပ်တင်းတင်း ပွေ့ဖက်ကာ မေးလိုက်သည်။
“ကိုယ်ဘာလို့ ဒဏ်ရာရခဲ့လဲ ဆိုတာနဲ့ ရှောင်ယွီ ဘာလို့ သူ့မိဘတွေကို ဆုံးရှုံးခဲ့ရမှန်း မင်းသိတယ်ဟုတ် … ”
လင်းလော့ချင်း ခေါင်းညှိတ်လိုက်သည်။ ၎င်းက ကားအက်စီးဒင့်ကြောင့်ပင်။
“အားလုံးက အဲဒါကို မတော်တဆလို့ ထင်ကြတယ် … ကိုယ်တော့ အဲဒီ့လို မထင်ဘူး … ”
လင်းလော့ချင်း ထိုအရာကို ခန့်မှန်းပြီး ဖြစ်သော်လည်း ကျိယွီရှောင် ထုတ်ပြောလာမည်ဟု မမျှော်လင့်ထားခဲ့။
သူက အလေးအနက်ဖြစ်နေသည့် ကျိယွီရှောင်ကို ကြည့်ကာ မေးလိုက်၏။ “ဒါဆို တရားခံကို ရှာတွေ့ပြီလား … ”
“မတွေ့သေးဘူး … ဒါပေမယ့် ကိုယ့်မှာ သဲလွန်စရှိတယ် ...”
“ဘာများလဲ … ” လင်းလော့ချင်း သိချင်သွားသည်။
ကျိယွီရှောင် တိတ်ဆိတ်သွားကာ ဘာမှမပြောတော့ချေ။
သူ ဘယ်လိုများ ပြောထွက်မှာလဲ …
တရားခံက သူ့အဖေနဲ့ ဆက်စပ်နေနိုင်တယ်လို့လေ …
သူ့အစ်ကိုနှင့် မရီးဖြစ်သူ သေဆုံးမှု၊ သူ့ခြေထောက် ဒဏ်ရာရရှိမှုတို့သည် သူ၏ ဖခင်နှင့် ဆက်စပ်နေနိုင်သည်။
ထိုအရာက လင်းလော့ချင်းအတွက် အလွန်ရက်စက်လွန်း၏။
သူက အလွန်ရှော့ခ်ရသွားပြီး ကျိယွီရှောင်အတွက် စိုးရိမ်ကာ စိတ်မကောင်း ဖြစ်သွားပေလိမ့်မည်။
လင်းလော့ချင်း သူ့အတွက် စိတ်မကောင်းဖြစ်နေပြီးသားဖြစ်ရာ ထပ်မံ၍ ခံစားရမည်ကို ကျိယွီရှောင် မမြင်လို။
“ကိုယ်မသေချာသေးဘူး … ဒါတွေအားလုံး ပြီးသွားရင် ကိုယ်မင်းကို ပြောမယ်လေ … ”
လင်းလော့ချင်းက သူ၏ တည်ငြိမ်သော မျက်ဝန်းများကို ကြည့်လိုက်သည်။ ထိုမတော်တဆမှုသည် ကျိမိသားစုနှင့် ဆက်စပ်နေခြင်း ဖြစ်ရမည်ဟု ခန့်မှန်းလိုက်၏။ ထို့ကြောင့်သာ ကျိယွီရှောင်က သူတို့အတွက် ရှိုးတစ်ခုအနေဖြင့် သရုပ်ပြနေခြင်းပင်။
“ကောင်းပြီလေ … ” လင်းလော့ချင်း ပြုံးလိုက်ကာ ထပ်မံတွန်းအား မပေးတော့။ “မင်း ကြိုက်တဲ့အချိန် ပြောလို့ရတယ်နော် … ငါနားထောင်ပေးမယ် … ”
ထိုစကားများကြောင့် ကျိယွီရှောင်က ပို၍ပင် အပြစ်မကင်းဖြစ်လာသည်။
“ကိုယ်တောင်းပန်ပါတယ် … ” သူက ထပ်ပြောလိုက်၏။
“အဆင်ပြေပါတယ် … ငါဂရုမစိုက်ပါဘူး … ဒါက ကိစ္စကြီးမှမဟုတ်တာ … မင်းကြိုက်တဲ့အချိန် ပြောလို့ရတယ်နော် … ဘာမှမဖြစ်ဘူး ….”
သူပို၍ စဉ်းစားပေးလေလေ၊ ကျိယွီရှောင် အပြစ်မကင်းစိတ်အား ခံစားရလေလေပင်။
“ကိုယ်အဲဒါကြောင့် တောင်းပန်တာ မဟုတ်ပါဘူး … ” သူက ပြောလိုက်သည်။
“ဒါဖြင့် ဘာလို့လဲ …”
ကျိယွီရှောင် တိတ်ကျသွား၏။
အချိန်အတန်ကြာမှ သူက ပြောလာ၏။ “အဲဒီ့ လူသတ်သမားက ကိုယ့်ကို သူ့ပြိုင်ဘက်လို့ မမြင်တော့အောင်လို့ ကိုယ်အားလုံးရှေ့မှာ သရုပ်ဆောင်ခဲ့တယ် … ကိုယ့်အဖေနဲ့ ဆွေမျိုးတွေရှေ့မှာရောပေါ့ … ”
“ငါနားလည်ပါတယ် ….”
“ဟင့်အင်း … မင်းနားမလည်ပါဘူး … အားလုံးရှေ့မှာ သရုပ်ဆောင်ဖို့ ကိုယ်မင်းကို အသုံးချခဲ့တယ် ….” သူက ထိုစကားလုံးများကို အားတင်း၍ ပြောလိုက်၏။
လင်းလော့ချင်း ဇဝေဇဝါဖြစ်သွားသည်။ “ငါ့ကို အသုံးချတာလား … ”
“အစကတော့ မင်းအစ်ကို ကိုယ့်ကို လိုက်ကပ်နေလို့ စိတ်ရှုပ်ခဲ့တယ် … နောက် ကိုယ်ဒဏ်ရာရသွားတော့ အဲဒီ့အတင်းလိုက်ကပ်တဲ့လူကို ပထုတ်တော့မလို့ပဲ … ဒါပေမယ့် ကိုယ်ဒီသရုပ်ဆောင်တာကို ပိုပြီး စစ်မှန်အောင်လုပ်ဖို့ မင်းအစ်ကိုကို တွေးမိသွားခဲ့တာ … မင်းရဲ့မိထွေးက ကိုယ်သူ့ကို အခွင့်အရေးပေးဖို့ မျှော်လင့်တယ်ဆိုပြီး ပြောခဲ့တယ်လေ ... အဲဒါကြောင့် ကိုယ်သူ့ကို လက်ထပ်ချင်ကြောင်း ပြောခဲ့တာပဲ … ”
“အစကတော့ ကိုယ်သူ့ကို အသုံးချမယ် … အဲဒီ့အတွက် ပိုက်ဆံနဲ့ လျော်ကြေးပြန်ပေးမယ် စဉ်းစားထားတာ … နောက်တော့ မင်းက ကိုယ့်ဆီလာပြီး ကိုယ်နဲ့ လက်ထပ်ချင်တယ်လို့ ပြောခဲ့တယ် … ကိုယ်တို့ စကားများခဲ့ပြီး မင်းအပေါ်လည်း အဆိုးမြင်ခဲ့တာ … နောက်တော့ မင်းလည်း ကောင်းကောင်း လုပ်နိုင်တယ်လို့ ကိုယ်တွေးခဲ့တယ် … မင်းက ပိုပြီးကြည့်ကောင်းတယ်လေ … ကိုယ်
အလှမှာကျရှုံးသွားတယ်လို့ လူတွေတွေးသွားကြမှာပေါ့ … ဒီလိုဆို ကိုယ့်ရန်သူက ကိုယ့်ကို လျှော့တွက်သွားမယ် မဟုတ်လား … .”
ကျိယွီရှောင်က သူ၏ အိပ်ရခက်သော ရောဂါနှင့် လင်းလော့ချင်း သူ့အား အိပ်ပျော်စေသည်ဟူသည့် အချက်ကို ဖုံးကွယ်ထားခဲ့သည်။
သူ မပြောလိုခြင်းမဟုတ်ပဲ လင်းလော့ချင်းက သူ့ခန္ဓာကိုယ်ကို အလွန်ဂရုစိုက်၍သာ ဖြစ်၏။ သူထိုအကြောင်းကို ပြောလိုက်သည်နှင့် ယခင်က မပြောခဲ့ရသည့် အကြောင်းရင်းကို လင်းလော့ချင်း ချက်ချင်းမေးတော့မှာပင်။
ကျိယွီရှောင် သူ့အား မစိုးရိမ်စေလိုပေ။
လင်းလော့ချင်း သူ့အတွက် စိုးရိမ်ကာ သူနှင့်အတူတူ အိပ်စက်ပေးရန်အတွက် အလုပ်ဖျက်မည်ကို ကျိယွီရှောင် စိုးရိမ်လှ၏။
ကျိယွီရှောင်က လင်းလော့ချင်းအား ဘာမှမစတေးစေလိုချေ။ သူ သူ့အတွက် အများကြီး ပေးခဲ့ပြီးပြီဖြစ်သည်။
လင်းလော့ချင်းက အများအပြားမတွေးခဲ့။ ကျိယွီရှောင်၏ စကားများသည် သူခန့်မှန်းပြီးသည့် ကိစ္စများသာ ဖြစ်သည်။
ကျိယွီရှောင် သူ့ကို အသုံးချနေတယ်လို့ ဘာလို့ မခံစားရတာပါလိမ့် …
လင်းလော့ချင်းက တစ်ခုခုမှားနေသည်ဟု မတွေးမိ။ “အဆင်ပြေပါတယ် … ဒီလိုသာဆို ငါမင်းကို ကျေးဇူးတင်ရတော့မှာ … မဟုတ်ရင် မင်းကို ဘယ်လိုလုပ် လက်ထပ်နိုင်ပါ့မလဲ … ”
သူက ပြုံးလိုက်သည်။ “ငါမင်းကို နှစ်တွေအကြာကြီး သဘောကျခဲ့တာ … မင်းကို လက်ထပ်ရလို့ ငါပျော်တယ် … ပြီးတော့ မင်းက ငါ့ကိုဘာမှထိခိုက်အောင်လုပ်ခဲ့တာမှ မဟုတ်ပဲ ...”
သူက မြူတစ်မှုန်စာမျှပင် စိတ်ဆိုးခြင်း မသက်မသာဖြစ်ခြင်း မရှိပဲ အေးအေးဆေးဆေး ပြောလိုက်၏။
ထိုအခါမှသာ ကျိယွီရှောင် သက်ပြင်းချလျှက် ရယ်မောလိုက်သည်။
သူက လင်းလော့ချင်း၏ ထိခိုက်နာကျင်သော မျက်ဝန်းများကို မမြင်ချင်ခဲ့ချေ။
လင်းလော့ချင်းက ထိုသို့ ပြောလာခဲ့ခြင်းသည် သူ၏ လျှို့ဝှက်ချက်အား အချိန်တစ်ခုအထိ ဝန်ခံလိမ့်မည်မဟုတ်ဟု ဆိုလိုက်ခြင်းဖြစ်သည်။
တစ်ဖက်လူ သူ့အပေါ် နှစ်ကြာရှည် ကြိုက်ခဲ့သည်ဟူသည့် အပြောကို ကျိယွီရှောင် မည်သည့်အခါကမှ မယုံခဲ့ချေ။ လင်းလော့ချင်း သူ့အား ထိုစဉ်က အလွန်လက်ထပ်ချင်နေခြင်းသည် အချစ်မဟုတ်သည့် အခြားအကြောင်းရင်းကြောင့်သာ ဖြစ်ရပေမည်။
အစက သူထိုသို့ ဝန်ခံလျှင် လင်းလော့ချင်းလည်း ဝန်ခံလိမ့်မည်ဟု သူတွေးခဲ့မိ၏။ နှစ်ဦးလုံး ပွင့်ပွင့်လင်းလင်း ပြောဆိုရန် လက်ရှိအချိန်မှာ အသင့်တော်ဆုံးဖြစ်သည်။
သို့သော် လင်းလော့ချင်း ဝန်မခံချင်ပါက သူသည်လည်း မတိုက်တွန်းလိုချေ။ လင်းလော့ချင်းက အလွန်တွေးတတ်သည့် လူတစ်ဦးဖြစ်သည်။ လက်ရှိအချိန်မှာ အချိန်ကောင်း မဟုတ်သေး၍သာ ဝန်မခံခြင်းပင်။
လင်းလော့ချင်း၏ လျှို့ဝှက်ချက်က သူ့အား ထိခိုက်စေမည်ကိုလည်း ကျိယွီရှောင် မစိုးရိမ်။ လင်းလော့ချင်းက သူ့ခန္ဓာကိုယ်အား အလွန်ဂရုစိုက်တတ်သည် ဖြစ်ရာ သူ တစ်စုံတစ်ခုထိခိုက်မည်ကို လက်မခံနိုင်ဆုံးလူက လင်းလော့ချင်းသာ ဖြစ်၏။
လင်းလော့ချင်းတွင် သူနားမလည်နိုင်သည့် ကိစ္စများစွာ ရှိ၏။ သို့သော် သူက တစ်ဖက်လူအား ယုံကြည်နေဆဲဖြစ်သည်။
လင်းလော့ချင်းက သူ့အား ထိခိုက်စေမည်မဟုတ်ပေ။ ထိုအချက်က ရာနှုန်းပြည့်သေချာ၏။
သူက ပြုံးလျှက် မျက်စိရှေ့မှလူအား နမ်းလိုက်သည်။ “မင်း ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှ မဖြစ်တာ ကောင်းပါတယ် … မင်းသာ စိတ်ဆိုးရင် ကိုယ့်အပေါ် မင်းရဲ့ဆွဲဆောင်မှု ကျသွားနိုင်တယ်လေ … မင်း စိတ်ဆိုးရင်လည်း မင်းနှလုံးသားလေး နာကျင်ရမှာ …”
လင်းလော့ချင်းက ထိုစကားကြောင့် ချိုမြိန်မှုအား ခံစားလိုက်ရကာ ကျိယွီရှောင်ကို နှစ်သိမ့်လိုက်၏။ “ဘာမှမဖြစ်ပါဘူး … မင်းက ငါ့ကိုမှမသိပဲ … မင်းငါ့ကို သဘောကျလို့ လက်ထပ်ချင်တာ မဟုတ်တာ သဘာဝကျတယ်လေ … ငါ့ကိုအသုံးမချရင် မင်းက ဘယ်သူ့ကို အသုံးချမလို့လဲ … ချီစီဝမ်လား …”
ကျိယွီရှောင် ရယ်လိုက်၏။ “မဖြစ်နိုင်တာ … ”
“ဒါဖြင့် လင်းလော့ကျင်းကိုလား … ”
ကျိယွီရှောင် သူ့ကိုဖက်ကာ ချော့လိုက်၏။ “သူက ကိုယ့်ဆီ အရင်ရောက်လာတာပါကွာ …မဟုတ်ရင် ကိုယ်သူနဲ့ ဘယ်ဆွေးနွေးပါ့မလဲ … မင်းဆီတိုက်ရိုက်ရောက်လာမှာပေါ့ ….”
“ဒါဆို … ” လင်းလော့ချင်း အပြုံးနှင့်ပြောလိုက်၏။ “အဆုံးမှာတော့ ငါဖြစ်ကို ဖြစ်ရမှာပေါ့လေ …”
ကျိယွီရှောင်က သူ၏ ပွင့်လင်းသော စကားကြောင့် ပါးကလေးအား ချစ်မြတ်နိုးစွာ ဆိတ်လိုက်သည်။ “ဟုတ်တယ် … မင်းဖြစ်နေတာ ကံကောင်းတာပဲ ...”
လင်းလော့ချင်းသည်လည်း ကံကောင်းသည်ဟု ခံစားရ၏။
ကံကောင်းစွာဖြင့် မူလကိုယ်က လျင်မြန်စွာ ပြေးထွက်သွားကာ ကျိယွီရှောင်ထံသို့ သူ့ထက်အရင် ရောက်ခဲ့သည်။ လင်းလော့ချင်းသာ စောစောရောက်လာခဲ့ပါက ကျိယွီရှောင်အား စော်ကားမိမည် မဟုတ်သလို သူနှင့်လည်း လက်ထပ်ဖြစ်လိမ့်မည် မဟုတ်ပေ။
ဘယ်လိုတောင် ကံကောင်းတာလဲ …
သူက ထိုအချက်ကို တွေးရင်း မျက်နှာပေါ်ရှိ အပြုံးမှာလည်း ပိုမိုထင်ရှားလာသည်။
ကျိယွီရှောင် သူ့ကိုကြည့်ကာ ပြုံးလိုက်၏။ “မင်း ဘာတွေတွေးပြီး ဒီလောက်ပြုံးနေတာလဲ … ”
“ဘာမှ မဟုတ်ပါဘူး … အားလုံး မှန်တယ်လို့ ငါတွေးနေမိတာ … ”
သူက ကျိယွီရှောင်နှင့်ပင် တွေ့ခဲ့ရလိမ့်မည်မဟုတ်။
“အမှန်ပဲ … ” ကျိယွီရှောင် ပြောလိုက်၏။
သူက လူရှုပ်ကလေးနှင့် အခြေမကျခင် ထိုသူ၏ အချက်အလက်များကို ရှာတွေ့ခဲ့ပါက လက်ထပ်ဖြစ်လိမ့်မည် မဟုတ်သလို လင်းလော့ချင်းကိုလည်း အိမ်တွင်းသို့ ဝင်ခွင့်ပြုခဲ့လိမ့်မည်မဟုတ်။
ကြောက်မက်ဖွယ် အဖြစ်အပျက်ကြောင့် ဘုရားသခင်က သူ့အား နှစ်သိမ့်လိုက်ပုံရ၏။
လင်းလော့ချင်းက ကျိယွီရှောင်ကို ကြည့်လိုက်သည်။ သူက ကျိယွီရှောင်အား ပြောပြသင့်သည်ဟု ထင်သော်လည်း လက်လျှော့လိုက်၏။
သူ ကူးပြောင်းလာကြောင်း ပြောရန်လွယ်သော်ငြား ကျိယွီရှောင်နှင့် လက်ထပ်ချင်ခဲ့သည့် ကိစ္စကမူ ပြောရခက်လှသည်။
အဘယ့်ကြောင့်ဆိုသော် ဤကိစ္စ၌ ကျိလဲ့ယွီ ပါဝင်နေ၏။ ကျိလဲ့ယွီက ကျိယွီရှောင် သူ၏ အစစ်အမှန်စိတ်ထားအား မြင်တွေ့သွားမည်ကို မလိုချင်ပေ။
အချို့ကိစ္စများကို မိမိကိုယ်တိုင်က ဘာမှမတွေးပဲ ဖြတ်သန်းခဲ့ခြင်း ဖြစ်သော်ငြား တစ်စုံတစ်ဦးက အစဖော်လိုက်လျှင် စတင်တွေးလာတော့မည် ဖြစ်သည်။
လင်းလော့ချင်းက ကျိလဲ့ယွီ၏ အစစ်အမှန်မျက်နှာအား ကျိယွီရှောင်ရှေ့တွင် မထုတ်ဖော်လို။ ထိုကိစ္စက မလိုအပ်သလို ကျိလဲ့ယွီအတွက်လည်း အလွန်မတရားရာ ကျပေလိမ့်မည်။
အစမှအဆုံးအထိ သူက ကျိယွီရှောင်အရှေ့တွင် အကောင်းဆုံး နေထိုင်ခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ကျိယွီရှောင်၏အမြင်တွင် သူက လိမ္မာ၍ အပြစ်ကင်းသော တူလေးတစ်ဦး ဖြစ်ချင်၍ပင်။
သူက ကျိယွီရှောင်နှင့်သာမက လင်းလော့ချင်း၊ လင်းဖေးတို့နှင့် ဆက်ဆံရာတွင်လည်း အထူးသတိထားခဲ့၏။
သူ ဂရုစိုက်သည့်လူများအပေါ်တွင် အလွန်သိတတ်ပြီး နာခံလှသည်။ သူက ထိုလူများ မည်သည့်ကိစ္စကို လုပ်ဆောင်သည်ဖြစ်စေ စိတ်မဆိုးတတ်ချေ။
ထို့ကြောင့် သူ့အတွက် မတွေးပဲ လက်ထဲရှိ ပန်းသီးသုံးလုံးအား မဆိုင်းမတွ ပေးခဲ့ခြင်းဖြစ်သည်။
သူဂရုမစိုက်သည့် လူများကိုမူ လုံးဝဂရုမစိုက်ချေ။ သို့သော် သူ့အား လင်းဖေးက စောင့်ကြည့်နေရာ လွန်လွန်ကျူးကျူး ကိစ္စများကို လုပ်ဆောင်လိမ့်မည်မဟုတ်ပေ။
ထိုသို့ဆိုပါက ကျိယွီရှောင်အား သူအလွန်ချစ်ရသည့် ကလေးသည် ရိုင်းစိုင်းရက်စက်သော ဗီလိန်တစ်ဦး ဖြစ်လာမည်ဟု အဘယ့်ကြောင့် ပြောနေမည်နည်း။
သို့သော် ကျိလဲ့ယွီအကြောင်း မပါပါက သူရှင်းပြနိုင်မှာမဟုတ်ပေ။
လင်းလော့ချင်း ခဏတွေးလိုက်ကာ ကျိယွီရှောင်အား လောလောဆယ် လျှို့ဝှက်ထားရန် စဉ်းစားလိုက်သည်။ ကျိလဲ့ယွီအကြောင်းမပါပဲ ပြောနိုင်မည့် အကြောင်းအရင်းအား ရှာတွေ့သော အခါမှသာ သူပြောတော့မည်။
သူက ကျိယွီရှောင်ကိုကြည့်ရင်း လည်တိုင်အား သိုင်းဖက်လိုက်သည်။ ထို့နောက် အပြစ်ရှိစိတ်ဖြင့် ကျိယွီရှောင်၏ နှုတ်ခမ်းအား ခပ်ဖွဖွနမ်းလိုက်၏။
သူက ကျိယွီရှောင်အား လောလောဆယ် ဘာမှမပြောနိုင်သေး။
ကျိယွီရှောင်က သူ့ပုခုံးကို ဖက်လိုက်ရင်း သူ့အား လက်မောင်းထဲ ဆွဲသွင်းလိုက်၏။
လင်းလော့ချင်းက သူ့လက်မောင်းများကို ပွတ်သပ်လျှက် ရင်ခွင်ထဲတွင် မီလိုက်သည်။
ကျိယွီရှောင်က ပြော၏။ “မင်းက စိတ်ထဲမထားပေမယ့် ကိုယ်ဆွေမျိုးတွေနဲ့ အဖေကတော့ မင်းကို အထင်လွဲနေကြပြီ … မင်းကို သာမန်လက်ထပ်ပွဲတစ်ခုမှာ ရှိသင့်တဲ့ နွေးထွေးတဲ့ မိသားစုမျိုး မပေးလောက်တော့ဘူး … ကိုယ်တောင်းပန်ပါတယ် ...”
“ဒါပေမယ့် ငါ့မှာ ရှိပြီးသားလေ … ” လင်းလော့ချင်း သူ့ကိုကြည့်လိုက်၏။ “မင်းရယ်၊ ငါရယ်၊ ရှောင်ယွီရယ်၊ ဖေးဖေးရယ်က မိသားစုပဲကို ...”
ကျိယွီရှောင် ခေါင်းညှိတ်လိုက်သည်။ “အမှန်ပဲ ...”
“ဒါ့ကြောင့် စိတ်မကောင်းဖြစ်စရာ မလိုပါဘူး ….” လင်းလော့ချင်း သူတို့နဖူးများကို ထိကပ်ထားလိုက်၏။
“လူတိုင်းက ကိုယ်မွေးလာတဲ့ နေရာမှာ မိသားစုကို ရှာတွေ့နိုင်တာမဟုတ်ဘူးလေ … မိသားစုတစ်ခု တည်ဆောက်ရတာလည်း ရှိကြတာပဲ … မင်းမှာ အိမ်အသစ်ရှိနေပြီ … မင်းကို နားမလည်ပေးတဲ့ လူတွေအတွက် စိတ်ထိခိုက်မခံပါနဲ့ … ”
သူက ကျိယွီရှောင်ကို ဖက်လိုက်၏။
“ငါမင်းကိုပဲ ဂရုစိုက်တယ် … ကျန်တဲ့လူ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး …သူတို့ငါ့ကို ကြိုက်ကြိုက် မကြိုက်ကြိုက် ဘာအရေးလဲ … ငါ သူတို့အပေါ် ဘယ်လိုတွေးမလဲဆိုတာ သူတို့ဂရုမစိုက်သလိုမျိုးပေါ့ ...”
ကျိယွီရှောင်က လင်းလော့ချင်း သူ့အား နှစ်သိမ့်ပေးလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။
သူအစက လင်းလော့ချင်း မည်မျှ ကောင်းမွန်ကြောင်း ပြောပြကာ မိသားစု လက်မခံရခြင်းသည် သူ့အပြစ်သာဖြစ်ကြောင်း ပြော၍ နှစ်သိမ့်မည်ဟု စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။ လင်းလော့ချင်း၏ အပြစ်မဟုတ်ပဲ သူ့ဆုံးဖြတ်ချက်ကြောင့်သာ ဖြစ်ကြောင်း ရှင်းပြမည်ဟု။
သို့ရာတွင် လင်းလော့ချင်းက နှစ်သိမ့်ပေးစရာ မလိုအပ်ပဲ ကျိယွီရှောင်ကိုပင် နှစ်သိမ့်နေ၏။
ကျိယွီရှောင်က သူ့လက်မောင်းကြားရှိ လူအား တင်းတင်းဖက်လိုက်ရင်း ဘာပြောရမှန်း မသိတော့ချေ။
လင်းလော့ချင်း သူ၏ စီစဉ်မှုအတွင်းသို့ ကျရောက်လာချိန်ကတည်းက သူ့ဖခင်၏ နှစ်သက်မှုအား မည်သည့်အခါမှ ရရှိနိုင်တော့မည် မဟုတ်ကြောင်း သူသိခဲ့ပြီးသားပင်။
သို့သော် သူ့ဖခင်သည် တွေးတတ်လိမ့်မည်ဟု မျှော်လင့်ခဲ့မိ၏။ သူ့တွင် အကြောင်းပြချက်ရှိမည်ဟု တွေးစေချင်ခဲ့သည်။ သူ၏ဖခင်က သူ့အား အချိန်ပေးသည်ကို မျှော်လင့်ခဲ့မိပြီး လင်းလော့ချင်းအား အထင်သေးသည့် အပြုအမူမျိုးလည်း မလုပ်စေချင်ခဲ့ချေ။
ကျိယွီရှောင်က လင်းလော့ချင်းအား သဘောကျကြောင်းဆိုကာ အိမ်သို့ ခေါ်သွားခဲ့ခြင်းဖြစ်သည်။ သူတို့သာ မြင်မြင်ချင်း ချစ်မိခဲ့ပါက မိသားစု၏ ကြိုဆိုခြင်းမခံရခြင်းသည် လင်းလော့ချင်း အတွက်မတရားချေ။
သူ့သားမည်မျှ အရှက်ရသွားမည်နည်း…
သူ့ဖခင်က ထိုသို့မတွေးခဲ့။
သူတို့က သားအဖဖြစ်ရာ ကျိယွီရှောင် ထိုကိစ္စအား မည်သည့်ခံစားချက်မှ မရှိပဲမနေချေ။ သူ့ဖခင်အား မည်မျှစိတ်ပျက်သည်ဖြစ်စေ၊ သူအနည်းငယ် မျှော်လင့်နေမိဆဲပင်။
—ယခုမူ အားလုံးကွယ်ပျောက်သွားလေပြီ …
ကျိယွီရှောင် ရုတ်တရက် ဝမ်းနည်းလာမိ၏။
သူက မသိစိတ်ဖြင့် လင်းလော့ချင်းအား တင်းတင်းဖက်လိုက်သည်။ လင်းလော့ချင်း အနည်းငယ် နာသွားသော်လည်း ကျိယွီရှောင်ကို မပြောတော့ချေ။
ကျိယွီရှောင်၏ ဝမ်းနည်းမှုအား သူခံစားမိ၏။ အပြင်ဘက်တွင် နေသာနေသော်လည်း ကျိယွီရှောင်၏ ခန္ဓာကိုယ်တွင်း၌မူ အေးစက်နေရှာသည်။
သူက ကျိယွီရှောင်ကိုဖက်ကာ လည်တိုင်အား နမ်းလိုက်သည်။
သူကပြော၏။ “ကျိယွီရှောင်.”
ကျိယွီရှောင် သူ့ကိုကြည့်လိုက်သည်။
သူ၏ မျက်ဝန်းများက မင်ရည်သဖွယ် နက်မှောင်နေ၏။
လင်းလော့ချင်း သူ့ထံ လက်ဆန့်လိုက်ကာ ကျိယွီရှောင်၏ မျက်နှာကို ကိုင်လျှက်ဆိုသည်။ “ငါ့ကိုနမ်း … ”
သူက ပြုံးလျှက် ချွဲနွဲ့စွာ တောင်းဆိုလိုက်သည်။ “နမ်းပါ …နမ်းပါ ...”
သူ၏ အပြုံးနှင့်စကားများကြောင့် ကျိယွီရှောင်၏ ခံစားချက်က ပိုကောင်းလာ၏။ သူ့နှလုံးသားတွင်းရှိ မကြည်လင်မှုများက နေရောင်ခြည်ကြောင့် ပပျောက်သွားသည့်အလားပင်။
သူက လင်းလော့ချင်း၏ ပါးပြင်ကို ညှင်သာစွာ ပွတ်သပ်ကာ ရယ်လိုက်၏။ ထို့နောက် လင်းလော့ချင်း၏ မျက်နှာလေးကို ကိုင်ကာ နမ်းလိုက်သည်။
လင်းလော့ချင်း ပြုံးလိုက်ရင်း အကောင်ပေါက်လေးနှစ်ကောင် ပျော်ရွှင်စွာ ဆော့ကစားနေသကဲ့သို့ သူ့အား ထပ်ခါထပ်ခါ နမ်းလိုက်သည်။ ကျိယွီရှောင် ခပ်တိုးတိုးရယ်လာသည့်အခါမှ သူက နမ်းခြင်းကို ရပ်လိုက်၏။
“မင်း ဘာလို့ရယ်နေတာလဲ … ” သူက သိချင်စိတ်ဖြင့် မေးလိုက်သည်။
အနမ်းကြောင့် ယောင်နေသည့် နှုတ်ခမ်းများကို တွေ့လိုက်ရသဖြင့် ကျိယွီရှောင် ထပ်ရယ်လိုက်ပြန်သည်။
သူက လင်းလော့ချင်း ပုခုံးပေါ်မေးတင်ကာ ပြောလိုက်သည်။ “ပျော်လို့ ...”
“ငါ့ကို နမ်းရတာ ဒီလောက်ပျော်တယ်ပေါ့ … ”
“မရဘူးလား … ” ကျိယွီရှောင် သူ့ကို နမ်းလိုက်သည်။ “မင်းလည်း ဖေးဖေး မင်းကိုနမ်းရင် ပျော်တယ်လို့ သူ့ကိုပြောတာပဲလေ … ကိုယ်ကရော ပျော်လို့မရဘူးလား … ”
“ကောင်းပြီလေ ...” လင်းလော့ချင်းက ပြော၏။ “ဒါဖြင့် နောက်ပိုင်း မင်းမပျော်ရင် ငါ့ကိုနမ်းပါ ….”
ကျိယွီရှောင် ဟန်ဆောင်လိုက်သည်။ “ဒါဆို ကိုယ်နောက်ပိုင်း ခဏခဏ မပျော်ပဲ နေရတော့မှာပဲ ...”
လင်းလော့ချင်း သူ့အား စိတ်ပျက်လက်ပျက် ကြည့်လိုက်၏။
ကျိယွီရှောင် တောက်ပစွာ ပြုံးလိုက်သည်။ “မရဘူးလား … ”
လင်းလော့ချင်း ဘာမှ မတတ်နိုင်တော့ချေ။ “သဘော … သဘော ...”
ကျိယွီရှောင် သူ၏ အလိုလိုက်သော စကားသံကြောင့် နှလုံးသားတစ်ခုလုံး တောက်ပသွားသလို ခံစားလိုက်ရ၏။
သူက လင်းလော့ချင်းအား နူးညံ့စွာ တင်းတင်းဖက်လိုက်သည်။
အဆုံးသတ်တွင် သူက ကံကောင်းလှ၏။ အရာများစွာ ဆုံးရှုံးခဲ့ရသော်လည်း အလွန်တန်ဖိုးရှိပြီး လှပသည့် လူသားတစ်ဦးကို လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့လေသည်။