Chapter 153
ဤသည်မှာ မတော်တဆဖြစ်ထားသည်က သိပ်မကြာသေး၍ဖြစ်သည်။ သို့မဟုတ်ပါက သူ့ကြွက်သွားများ ချည့်နဲ့သွားမည်မှာ ကြာပြီဖြစ်၏။
သို့သော် ကျိယွီရှောင်လမ်းမလျှောက်နိုင်၍ သူ့၏ ကြွက်သားများက ကျုံ့သွားကာ အခြေအနေများက နေ့စဉ်နှင့်အမျှ ပိုဆိုးလာမည်မှာ သိပ်မကြာတော့ပါချေ။
လင်းလော့ချင်းက ထိုအချိန်ရောက်လာသည့်အခါ မည်သို့ဖြစ်မည်ကို စိတ်မကူးနိုင်သော်လည်း စိတ်လည်းမကူးလိုပါပေ။
သူ့အမြင်နှင့်ဆိုလျှင် ကျိယွီရှောင်က ပြီးပြည့်စုံသော အမျိုးသားတစ်ဦးဖြစ်သည်။ သူက ကျိယွီရှောင်ထံသို့ ထိုကဲ့သို့ နေ့မျိုး ရောက်မလာစေလိုပါ။ သူက တစ်နေ့တွင် ကျိယွီရှောင်က မတ်တပ်ရပ်နိုင်မည်ဟု မျှော်လင့်နေဆဲ ဖြစ်သည်။ ကျိယွီရှောင်က ထိုကဲ့သို့လူတစ်ယောက်ဖြစ်နေခြင်းထက် အရာရာကို ပိုင်ဆိုင်သင့်ပေသည်။ သူက ကောင်းကင်ဘုံ၏ ဂုဏ်ယူစရာ သားတော်တစ်ပါးဖြစ်သည်။ သူက ဘီးတပ်ကုလားထိုင်ပေါ်တွင် တစ်နေ့လုံးထိုင်နေရခြင်းက မမှန်ကန်ပေ။ သူက သူ့၏ ခြေထောက်များကြောင့် အကန့်အသတ်များ ရှိမနေသင့်ပါပေ။
လင်းလော့ချင်းက သူ့ဒူးပေါ်တွင် လက်တင်ကာ အသာအယာ နှိပ်နယ်ပေးလိုက်သည်။
ဒါက ပိုကောင်းလာမှာ...
သူက တွေးလိုက်လေသည်။
သေချာပေါက်ကို ပိုကောင်းလာမှာ...
သူယုံတယ်...
သူက ကျိယွီရှောင်ကို ကြည့်ရန် နောက်လှည့်လိုက်ပြီး ကျိယွီရှောင်၏ လည်ပင်းအား ဖက်ထားလိုက်သည်။ သူက ကျိယွီရှောင်ကို နမ်းကာ အပြုံးတစ်ပွင့်ပေးလိုက်သည်။ သူ့မျက်လုံးများက တောက်ပကာ လင်းလက်နေပေသည်။
ကျိယွီရှောင်က သူ့နဖူးကို ပွတ်သပ်လိုက်ပြီး ရေရွတ်လိုက်သည်။
"အခု စိတ်မဆိုးတော့ဘူးပေါ့..."
"ငါနည်းနည်း စိတ်ဆိုးနေသေးတယ်... ဒါပေမဲ့ မင်းပြန်ကောင်းလာရင်တော့ စိတ်ထပ်ဆိုးတော့မှာမဟုတ်ဘူး..."
"ဟုတ်ပြီ..."
ကျိယွီရှောင်က သဘောတူကာ ကတိပေးလိုက်သည်။
"ငါကတိပေးတယ် တတ်နိုင်သမျှ အမြန်ဆုံး ပြန်ကောင်းလာစေရမယ်..."
"အရမ်းကြီး တွန်းအားမပေးပါနဲ့..."
လင်းလော့ချင်းက အလျင်အမြန်ဆိုလိုက်သည်။
"ကုသရေး အစီအစဉ်အတိုင်းသာလိုက်လုပ်... အရမ်းကြီး သန်မာချင်ယောင်မဆောင်နဲ့... ငါမင်းကို ပိုကောင်းလာစေချင်ပေမဲ့ နောက်ဆုံးမှာ မဖြစ်နိုင်ရင်တောင် မင်းက မင်းပဲ... မင်းအရမ်းကြီး ကြိုးစားစရာမလိုဘူး..."
ကျိယွီရှောင်က ပြုံးကာ သူ့အား ဖက်ထားလိုက်သည်။
"ငါနားလည်ပါတယ်..."
ကျိယွီရှောင်က ဆက်ပြောလိုက်သည်။
"မင်းက ငါ့အတွက် ဒီလောက်တောင် ဝမ်းနည်းနေတာကို ငါ့ကိုယ်ငါ ဘယ်လိုလုပ်ပြီး စိတ်မကောင်းဖြစ်ရဲပါ့မလဲ... အဲ့ဒါဆိုရင် မင်းကို ပိုဆိုးအောင်ပဲ လုပ်မှာမဟုတ်ဘူးလား..."
"မင်းသိရင်ပြီးရော..."
လင်းလော့ချင်းက မငြင်းဆန်ပါပေ။
ကျိယွီရှောင်က လင်းလော့ချင်း၏ ဝန်ခံမှုကြောင့် သူ့နှလုံးသားအရည်ပျော်သွားသည်ဟု ခံစားလိုက်ရသည်။ လင်းလော့ချင်းက ယခင်က မည်သူနှင့်မှ မတွဲဖူးသည် ဖြစ်ရပေမည်။ သို့မဟုတ်ပါက ဤသည်အား မည်သူ့ကိုမှ ဝန်မခံရမည်ကို မသိထားခြင်း ဖြစ်ပေမည်။ တစ်ခါတစ်ရံတွင် ပြောဆိုခြင်း၊ ဝန်ခံခြင်းများ များသောအခါ တစ်ဖက်မှ တန်ဖိုးထားမှု နည်းလာတတ်ပေသည်။
တစ်စုံတစ်ဦးက ကြားရသည်များလာသောအခါ မည်သည်ကိုမှ သက်ရောက်မည် မဟုတ်တော့ပေ။
သို့သော် ကျိယွီရှောင်က သူ့ရှေ့မှလူအား တင်းတင်းဖက်ထားလိုက်သည်။ သူက လင်းလော့ချင်း၏ ပထမဆုံးဖြစ်ရသည်မှာ အလွန်ကံကောင်းပြီး ပျော်ရွှင်ရပေသည်။ ၄င်းက လင်းလော့ချင်းအား ပွင့်ပွင့်လင်းလင်းပြောရန် ခွင့်ပြုထားလိုက်သည်။
လင်းလော့ချင်းက ယခင်က မနာကျင်ဖူးပါပေ။ သူ့ခံစားချက်များနှင့် စိတ်လှုပ်ရှားမှုများက သန့်စင်ကာ နူးညံ့ပေသည်။ လင်းလော့ချင်းက သူ့အားကြည့်သည့်အခါ လင်းလော့ချင်း၏ မျက်လုံးများထဲတွင် သူနှင့်သာပြည့်နှက်နေသည်။
ကျိယွီရှောင်သည်လည်း သူ့၏ အချစ်ဦးက ဤကဲ့သို့ လူမျိုးဖြစ်မည်ဟု မမျှော်လင့်ထားခဲ့မိ။ သို့သော် ၄င်းက လင်းလော့ချင်းဖြစ်နေ၍ သူက အလွန် ပျော်ရွှင်နေပေသည်။
သူက လင်းလော့ချင်း၏ အကြိုက်များကို စောင့်ရှောက်ကာ သူကြိုက်သော ဤလူနှင့် လက်ချင်းယှက်ကာ ကိုင်ထားနိုင်ပေသည်။ သူက ဤလူ၏ အသန့်စင်ဆုံးနှင့် စိတ်ရင်းအမှန်ဆုံး ကိုယ်လေးအား အမြဲလိုလို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။
လင်းလော့ချင်းက ပြောင်းလဲရန် မလိုပေ။ လင်းလော့ချင်းက သူ့ရှေ့တွင် ဖွင့်ထားသော စာအုပ်တစ်အုပ်ဖြစ်သောကြောင့် လင်းလော့ချင်းအား နာကျင်ခွင့်မပြုနိုင်ချေ။ သူက လင်းလော့ချင်းဘေးတွင် အမြဲတမ်းရပ်တည်ကာ လင်းလော့ချင်းအား ယခင်အတိုင်း အလွန်တောက်ပစွာ လင်းလက်ခွင့်ပြုမည် ဖြစ်သည်။
နောက်ဆုံးတွင် လင်းလော့ချင်းက ကလေးနှစ်ယောက်ကို တွေးမိသွားလေသည်။ သူနှင့် ကျိယွီရှောင်က အကြာကြီး ရေချိုးမနေတော့ပဲ လင်းလော့ချင်းက ထကာ ထွက်သွားလိုက်သည်။
သူက ရေလဲဝတ်ရုံကို သူ့ကိုယ်တွင် ပတ်လိုက်ပြီး ကျိယွီရှောင်ကို ရေကူသုတ်ပေးလိုက်လေသည်။ သူက မေးလိုက်လေသည်။
"ငါမင်းကို ချီပြီး သယ်သွားပေးရမလား..."
ကျိယွီရှောင်က သူ ဤသို့မေးလာမည်ကို ကြိုတွေးမိပြီးဖြစ်ကာ မငြင်းလိုက်ပေ။
လင်းလော့ချင်းက သူ့အား ပျော်ရွှင်စွာဖြင့် ရေချိုးကန်ထဲမှ ချီလာပြီးနောက် ကျိယွီရှောင်၏ ရေလဲဝတ်ရုံကို ယူကာ ပေးလိုက်လေသည်။
"ဒီမှာ... ကျန်တာ ကိုယ့်ဘာသာ လုပ်လိုက်တော့... ငါ ဖေးဖေးနဲ့ ရှောင်ယွီကို ရေချိုးဖို့ သွားကူလိုက်ဦးမယ်..."
ကျိယွီရှောင်က သူ့ကို စလိုက်သည်။
"အိုး... ငါက မင်းငါ့ကို ကျန်တာတွေပါ ကူပေးမယ်ထင်နေတာ..."
"မင်းဆန္ဒရှိရင်တော့ မဖြစ်နိုင်တာ မဟုတ်ပါဘူး..."
ကျိယွီရှောင် - ...
"ကလေးတွေကိုသာ သွားကူလိုက်ပါ..."
လင်းလော့ချင်းက ရယ်မောကာ ကျိယွီရှောင်ကို နောက်ဆုံးအကြည့်တစ်ချက်ပေးကာ ထွက်သွားလိုက်သည်။
*****
ကျိလဲ့ယွီကာ လင်းဖေး၏ ဘေးတွင်ထိုင်ကာ စာအုပ်တစ်အုပ်ဖတ်နေ၏။
သူက အိမ်စာပြီးသွားပြီ ဖြစ်သည်။ လင်းဖေး သူ့အား လုပ်ခိုင်းထားသည့် လေ့ကျင့်ခန်း ပုစ္ဆာများလည်း ပြီးသွားပြီ ဖြစ်သည်။ သူက လင်းဖေးအား ကဗျာအလွတ်ပင် ရွတ်ပြပြီးပြီလည်း ဖြစ်၍ ယနေ့က ကျိလဲ့ယွီအတွက် အလွန်အကျိုးရှိသော နေ့တစ်နေ့အဖြစ် ယူဆ၍ ရနိုင်ပေသည်။
နောက်ဆုံးတွင် ကျိလဲ့ယွီက အကျောက်အကန် ငြင်းဆန်လာသည်။
"မရတော့ဘူး... မရတော့ဘူး... ကိုကိုဘာပြောပြော သားဂရုမစိုက်ဘူး... သားဘာမှ ထပ်မရေးတော့ဘူး..."
လင်းဖေးက သူက လုပ်စရာရှိသည်များ အကုန်လုပ်ပြီးသည်ကိုမြင်ရာ သူ့ကို တွန်းအား မပေးတော့ပေ။
"အဲ့ဒါဆိုလည်း သွားပြီး ဆော့လေ..."
ကျိလဲ့ယွီက အမှန်တကယ် သွားပြီး ဆော့နေလိုကွသည်။ မကြာပြီတွင် သူက ပင်ပန်းသွား၍ လင်းဖေး၏ ဘေးသို့ပြန်ရောက်လာ၏။
လင်းဖေးမှာ သူမပြီးသေးသည့်စာအုပ်ကို ဖတ်နေဆဲ ဖြစ်သည်။ ကျိလဲ့ယွီမှာ တစ်နေ့လုံး စာဖတ်ရသည်ကို ကြိုက်သည့် လူတစ်ယောက် ဘယ်လိုလုပ်ရှိနေသည်ကို နားမလည်နိုင်ပါပေ။ သို့သော် ကျိလဲ့ယွီမှာ အလွန်အလိုက်သိကာ လင်းဖေးကို မနှောင့်ယှက်ပါဘဲ လင်းဖေးနှင့်အတူစာဖတ်ရန် သူ့ဘေးတွင် ထိုင်လိုက်သည်။
လင်းဖေးက သူက အနားကပ်လာသည်ကိုမြင်ရာ စာအုပ်ကို ကျိလဲ့ယွီအနီးသို့ ရွေ့ပေးလိုက်သည်။ နောက်ဆုံးတွင် ကလေးနှစ်ယောက်က စာအတူဖတ်နေလေသည်။
လင်းလော့ချင်းက သူတို့ကို လာရှာသောအခါ ကလေးနှစ်ယောက်က ညခင်းစာဖတ်မီးအောက်တွင် အတူတကွ ထိုင်နေသည်ကို တွေ့လိုက်ရသည်။
အရမ်းကြိုးစားတာပဲ...
လင်းလော့ချင်းမှာ လင်းဖေး၏ သင်ယူမှုအပေါ်နှစ်သက်ခြင်းကြောင့် ထပ်မံ၍ ရင်ထဲထိသွားပြန်သည်။
လင်းဖေးက ဝတ္ထုထဲကအတိုင်း အထင်ကြီးစရာလူတစ်ယောက်ဖြစ်လာသည်မှာ အံ့ဩစရာမရှိတော့ပါပေ။
အဲ့ဒါက အရမ်းကို ထိုက်တန်တယ်မဟုတ်လား...
လင်းဖေးက ကောင်းကောင်း မကြီးပြင်းလာရင်သာ ယုတ္တိမရှိမှာ...
ကျိလဲ့ယွီက အသံကြားရာ နောက်လှည့်ကြည့်လိုက်သည်။ သူက လင်းလော့ချင်းကို မြင်ရာ မျက်နှာထက်တွင် အပြုံးတစ်ပွင့်က ချက်ချင်း ဖူးပွင့်လာလေသည်။
"ရေချိုးတော့မှာလား..."
"ဟုတ်တယ်..."
လင်းလော့ချင်းက ပြုံးပြလိုက်သည်။
"သားတို့ အတူတူချိုးချင်လား... တစ်ယောက်ချင်းစီ ချိုးချင်လား..."
"အတူတူချိုးမှာ..."
ကျိလဲ့ယွီက အလျင်အမြန် ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် သူက စာဖတ်ခြင်းကိုလည်း ရပ်တန့်လိုက်ပြီး ခုံပေါ်မှ ခုန်ဆင်းသွားကာ လင်းလော့ချင်းဆီသို့ ပြေးသွားလိုက်သည်။ သူက လင်းလော့ချင်း၏ လက်များကို ဆွဲကာ ဆိုလိုက်သည်။
"သွားစို့... သားတို့အခုသွားကြမယ်..."
"အဲ့ဒါဆို နောက်က လိုက်ခဲ့နော် ဖေးဖေး..."
လင်းလော့ချင်းက လင်းဖေးအား ဆိုလိုက်သည်။
လင်းဖေးက သူ့ကိုကြည့်ရန် နောက်လှည့်လိုက်သည်။ သူ့အသံမှာ တည်ငြိမ်နေပေသည်။
"ရှောင်ယွီကို အရင်ချိုးပေးလိုက်ပါ... ကျွန်တော် ပြီးတော့မယ်..."
"ဟုတ်ပြီ..."
လင်းလော့ချင်းသည်လည်း အလျင်မလိုပါပေ။
သူက ကျိလဲ့ယွီကို ရေချိုးခန်းထဲသို့ခေါ်သွားလိုက်ပြီး အဝတ်အစားများချွတ်သည်ကို ကူညီပေးလိုက်သည်။
သူက ကျိလဲ့ယွီ၏ ရှပ်အင်္ကျီကို ကြယ်သီးကူဖြုတ်ပေးနေစဉ်တွင် ကျိလဲ့ယွီက သူ့ကို ကြည့်ကာ ရုတ်တရက် ဆိုလိုက်သည်။
"ပါးပါး..."
"ပြောလေ..."
လင်းလော့ချင်းက သူ့ကို ကြည့်လိုက်သည်။
ကျိလဲ့ယွီက ပြုံးကာ လျှို့ဝှက်သော အသံဖြင့် တီးတိုးဆိုလိုက်သည်။
"သားတစ်ခု ပြောချင်တယ်..."
"ဘာလဲ..."
"သားဒယ်ဒီက စွပ်ပြုတ်ကြိုက်တယ်..."
ကျိလဲ့ယွီက ၄င်းကို ဆိုပြီးနောက် အလွန်ချစ်စရာကောင်းလှကာ အပြစ်ကင်းစွာ မျက်တောင် ခတ်လိုက်လေသည်။
ထိုအခိုက်အတန့်တွင် လင်းလော့ချင်းက သူ့နှလုံးသားမှာ အေးခဲသွားသည်ဟု ခံစားလိုက်ရသည်။
"သားက အများကြီး သိတာပဲ..."
ကျိလဲ့ယွီက ဝင့်ကြွားစွာ ခေါင်းညိတ်ပြလိုက်သည်။ သူက မေးလိုက်လေသည်။
"အဲ့တော့ ပါးပါးသိလား..."
"ဘာကို..."
လင်းလော့ချင်းက သူ့ကို တမင်တကာ စနောက်လိုက်သည်။
"ဒယ်ဒီက ပါးပါးကို ကြိုက်တယ်ဆိုတာကိုပေါ့..."
လင်းလော့ချင်းက ရယ်မောလိုက်သည်။ သူက ကျိလဲ့ယွီ၏ ခေါင်းကို ပွတ်ပေးလိုက်သည်။
"သားက အများကြီး တွေးထားတာပဲ..."
ကျိလဲ့ယွီက ပြုံးလိုက်သည်။
"အင်း... အခုဆို ပါးပါးလဲ သိသွားပြီလေ..."
"သားက ဘာလို့ ပါးပါးကိုလည်း သိစေချင်တာလဲ..."
လင်းလော့ချင်းက သူ့ကို ထပ်မံမေးလိုက်သည်။
"သူက ပါးပါးကို ကြိုက်တယ်လေ... ပါးပါးက အဲ့ဒါကို သိသွားတော့ မပျော်ဘူးလား..."
ကျိလဲ့ယွီက အရာရာကို အလေးအနက် ယူဆလိုက်သည်။ သူ့ဦးလေးက လင်းလော့ချင်းကို ကြိုက်သောကြောင့် သူ့ဦးလေးက ပျော်သည်ကို သူသိပေသည်။
အဲ့ဒါဆို သူ့ဦးလေးက သူ့ကို ကြိုက်တယ်ဆိုတာ သိတော့ လင်းလော့ချင်းကလည်း ပျော်သင့်တာ မဟုတ်ဘူးလား...
လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။
"အဲ့ဒါဆို သားကို တခြားသူတွေက ကြိုက်တယ်ဆိုတာ သိရရင် ပျော်မှာလား..."
မပျော်ဘူးပေါ့... သူက တခြားလူတွေကို မကြိုက်ဘူးလေ... တခြားလူတွေ သူ့ကို ကြိုက်ကြိုက် မကြိုက်ကြိုက် သူ့အတွက် ဘာအရေးပါလို့လဲ...
ကျိလဲ့ယွီက တွေးလိုက်လေသည်။
တခြားသူတွေ သူ့ကိုကြိုက်တိုင်းသာ သူပျော်ရမယ်ဆိုရင် မူကြိုမှာ သူ့ကိုကြိုက်တဲ့ ကလေးတွေ အများကြီးလေ... သူက ပျော်လွန်းလို့ သေသွားမှာ မဟုတ်ဘူးလား...
သူက အဲ့လို မဖြစ်ချင်ပါဘူး...
သို့သော် ကျိလဲ့ယွီက နာနာခံခံဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။ မည်သို့ပင်ဆိုစေ သူက လင်းလော့ချင်း၏ စိတ်ထဲတွင် ဖြူစင်ကာ အပြစ်ကင်းပြီး ချစ်စရာ ကလေးငယ်တစ်ယောက်အဖြစ် ရှိနေရန် မျှော်လင့်ဆဲ ဖြစ်ပေသည်။
လင်းလော့ချင်းက သူခေါင်းညိတ်ပြသည်ကို ပြုံးကြည့်နေပြီး သူ့ပါးများကို ဆွဲညှစ်လိုက်သည်။ သူက မေးလိုက်လေသည်။
"အဲ့ဒါဆိုရင် ပါးပါးလည်း သားကို တကယ်ကြိုက်တယ်ဆိုတာ ပါးပါးပြောဖူးလား..."
ကျိလဲ့ယွီက ကြောင်အသွားလေသည်။
သူက လင်းလော့ချင်း ဤသို့ပြောလာမည်ဟု ထင်ထားသည့်ပုံမရပါပေ။ အတန်ကြာပြီးနောက် သူ ပျော်ရွှင်စွာ ခေါင်းညိတ်ပြပြီး လင်းလော့ချင်း၏ လက်မောင်းထဲသို့ ဝင်ရောက်လာလေသည်။
"သားအခု သိပြီ..."
သူက လင်းလော့ချင်း၏ ပခုံးပေါ်သို့ သူ့မျက်နှာဖြင့် ပွတ်သပ်လိုက်သည်။ သူ့နှလုံးသားက ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေပေသည်။
လင်းလော့ချင်းက သူ့ကို ကြိုက်သည်ဆိုခြင်းအား သူသိသော်လည်း ထိုစကားများကြားရခြင်းက သူ့ကို ပီတိဖြစ်စေသည်။
သူ့မျက်နှာက နီရဲနေကာ လင်းလော့ချင်းအား ချွဲကာ ဖက်ထားလိုက်ပြီး လွတ်ပေးရန် တွန့်ဆုတ်နေပေသည်။
ကျိလဲ့ယွီက ရေချိုးကန်ထဲသို့ ဝင်လိုက်သည့်အချိန်မှာပင် လင်းဖေးက ဝင်လာလေသည်။ သူက လင်းဖေးဝင်လာသည်ကို မြင်သောအခါ ချိုသာစွာ အော်ခေါ်လိုက်လေသည်။
"ကိုကို..."
လင်းကေ သူ့မျက်နှာပေါ်မှ ပျော်ရွှင်မှုကို မြင်ကာ မေးလိုက်သည်။
"ဘာလဲ..."
ကျိလဲ့ယွီက ပျော်ရွှင်စွာဆိုလိုက်သည်။
"ပါးပါးက သားကို ကြိုက်တယ်လို့ပြောတယ်..."
လင်းဖေး - ...
လင်းဖေးက လင်းလော့ချင်းထံသို့ ဖြည်းညင်းစွာ ခေါင်းလှည့်လိုက်သည်။
အကြောင်းပြချက်တချို့ကြောင့် လင်းလော့ချင်းက ရှင်းမပြတတ်အောင် အပြစ်ရှိသည်ဟု ခံစားလာရပေသည်။
"ငါက မင်းကိုလည်းကြိုက်ပါတယ်... ငါက မင်းကိုရော ရှောင်ယွီကိုရော ကြိုက်တယ်..."
လင်းဖေးက ဘာမှ မဆိုပါချေ။ သူက လင်းလော့ချင်းအား ပို၍အပြစ်ရှိအောင်ပြုလုပ်နိုင်သည့် အကြည့်တစ်ချက်သာပေးလိုက်ပေသည်။
လင်းဖေးက ရေချိုးကန်ထဲသို့ မဝင်မီတွင် အဝတ်အစားများ ချွတ်လိုက်လေသည်။ ကျိလဲ့ယွီက ချက်ချင်းပင် သူ့ဘက်သို့ ရွေ့လာကာ ပျားရည်သဖွယ်ချိုမြသော အသံဖြင့် မေးလိုက်လေသည်။
"ကိုကို သားကို ကြိုက်လား..."
ထို့နောက် သူက သူ့ခေါင်းလေးကို စောင်းကာ မျှော်လင့်ချက်အပြည့်ဖြင့် မျက်တောင်များကို တဖျပ်ဖျပ်ခတ်လိုက်လေသည်။
လင်းဖေးက သူ့ပါးကို ဆွဲညှစ်လိုက်ကာ တစ်ခွန်းမှ မဆိုပါပေ။
ကျိလဲ့ယွီက သူ့ပခုံးများကို ဖက်လိုက်သည်။
"ကြိုက်လား မကြိုက်ဘူးလား... သားကို ကြိုက်လား..."
"မကြိုက်ဘူး..."
လင်းဖေးက သူ့ကို တမင်စနောက်လိုက်သည်။
သူက အကြောင်းပြချက်ကို အသိသော်လည်း တစ်ခါတစ်ရံတွင် ကျိလဲ့ယွီမှာ ကျီစယ်တတ်ကာ မကောင်းသော ဟာသဉာဏ်များဖြင့်ပြည့်နေသည်ဟု ခံစားရပေသည်။ သူက တစ်ခါတစ်ရံ သူ့ပါးကို ဆွဲညှစ်ကာ အလွန်စနောက်ချင်ပေသည်။
ကျိလဲ့ယွီက မကျေမနပ် ဖြစ်သွားသည်။
"အဲ့ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ကိုကိုက သားကို ကြိုက်တာ အသေအချာပဲကို... မကြိုက်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
"မင်း မေးနေစရာလိုသေးလို့လား..."
"သားက ကိုကိုပြောတာကို ကြားချင်လို့ပါ..."
သူ့အသံက ချိုမြနေပေသည်။
"သားကို ကြိုက်လားဟင်..."
သူက ထိုသို့ဆိုကာ လင်းဖေး၏ ပခုံးများကို လှုပ်ယမ်းလိုက်သည်။
လင်းဖေးက ကူကယ်ရာမဲ့ ခံစားလိုက်ရပြီး ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်သည်။
"အင်း..."
ကျိလဲ့ယွီက ပျော်ရွှင်သွားလေသည်။
"သားသိပြီ..."
သူက ကျေနပ်သော အပြုံးကြီးတစ်ခုဖြင့် ခေါင်းစောင်းလိုက်သည်။
လင်းလော့ချင်းက သူ့တို့ကို ကြည့်ကာ သူတို့နှစ်ဦးစလုံးမှာ အလွန် ကြည်နူးဖွယ်ကောင်းသည်ဟု ခံစားလိုက်ရပေသည်။
"ဟုတ်ပြီ... အရမ်းနာမည်ကြီးပြီး လူကြိုက်များတဲ့ ကျောင်းသားရှောင်ယွီလေး... ပါးပါးတို့အခု ရေချိုးလို့ရပြီလား..."
သူက မေးလိုက်လေသည်။
"ရပါပြီ..."
ကျိလဲ့ယွီက နာနာခံခံဖြင့် ပြန်ဖြေလိုက်ကာ လင်းလော့ချင်း သူ့အား ဆပ်ပြာတိုက်ပေးရန်အတွက် ကောင်းမွန်သော အနေအးဖြင့် ရေချိုးကန်ထဲတွင် ထိုင်ချလိုက်သည်။
သူက စိတ်ခံစားချက်ကောင်းနေပြီး ရေချိုးနေစဉ်တစ်လျှောက် ဆက်တိုက် ရေကစားနေပေသည်။ လင်းလော့ချင်းက သူ့အား ရေချိုးကန်ထဲမှ သယ်ထုတ်သွားသည့်အချိန်တွင်ပင် တောက်ပကာ နူးညံ့သော အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ရှိနေဆဲ ဖြစ်လေသည်။
လင်းလော့ချင်းက သူ့ခေါင်းကို ပွတ်ပေးကာ သူ့မျက်နှာကို နမ်းလိုက်သည်။
"အဝတ်အစားဝတ်တော့... ပါးပါး သားကိုကို,ကို သွားကြည့်လိုက်ဦးမယ်..."
ကျိလဲ့ယွီက သူ့ကို မျက်နှာနီလေးဖြင့် ကြည့်ကာ ညင်သာစွာ သဘောတူလိုက်သည်။
"ဟုတ်..."
ထိုအချိန်မှသာ လင်းလော့ချင်းက ရေချိုးခန်းထဲသို့ ပြန်ဝင်လာလိုက်သည်။
လင်းဖေးက သူ့ကိုယ်သူ ဆေးကြောပြီးကာ ရေချိုးကန်ထဲမှ ထွက်လာပြီး ဖြစ်သည်။
လင်းလော့ချင်းက သူ့အား တဘက်တစ်ထည်ဖြင့် ခြုံပေးကာ ရေသုတ်ပေးရန် အလျင်အမြန် လျှောက်သွားလိုက်သည်။
သူလင်းဖေး၏ မျက်လုံးများကို ကြည့်ကာ ရှင်းပြလိုက်သည်။
"ငါက ရှောင်ယွီရဲ့ ပါးပါးလေ... အဲ့တော့ ငါက သူ့ကို သေချာပေါက် ကြိုက်ရမှာပေါ့... ရှုရှုကျိ မင်းကို ကြိုက်သလိုပဲလေ... ဒါပေမဲ့ ငါက မင်းကို အကြိုက်ဆုံးပါပဲ... ဟုတ်ပြီလား..."
လင်းဖေးက မျက်ခုံးတစ်ဖက်ပင့်ကာ "တကယ်ကြီးလား..."ဟူသော မေးခွန်းက သူ့အကြည့်ထဲတွင် ထင်ရှားနေ၏။
လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်လေသည်။
"တကယ်ပြောတာ... ငါပြောတာကို ယုံနော်..."
လင်းဖေးက သူ့၏ အလေးအနက် အမူအရာကိုကြည့်ကာ ရုတ်တရက် ရယ်မောလိုက်သည်။
"ကျွန်တော်သိတယ်..."
သူက ခပ်ဖွဖွ ဆိုလိုက်သည်။
"အဲ့ဒါဆို ငါ့ကို ဒီလိုမျိုး ကြည့်နေစရာလိုသေးလို့လား..."
လင်းလော့ချင်းက သက်ပြင်းချလိုက်သည်။
"ငါက မင်း ရှာလကာရည်တွေ သောက်နေတယ် ထင်နေတာ... လန့်သွားတာပဲ..."
"ကျွန်တော် ရှာလကာရည် မသောက်ပါဘူး..."
လင်းဖေးက တည်ငြိမ်စွာဆိုလိုက်သည်။
"အဲ့ဒါဆို မင်း..."
လင်းလော့ချင်း တုံ့ပြန်ကာ အလန့်တကြား ဆိုလိုက်သည်။
"မင်းက ငါ့ကို တမင်စနေတာလား..."
လင်းဖေး၏ မျက်လုံးများက လခြမ်းကွေးများသဖွယ် ကွေးတက်သွားပြီး သူ့မျက်လုံးများထဲတွင် ရှားပါးလှသော ကလေးဆန်ဆန် ကျီစယ်မှုများ ရှိနေသည်။
လင်းလော့ချင်းက လက်ဆန့်ကာ သူ့ကို ကလိထိုးလိုက်အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။
"ငါမင်းကို စခွင့်ပြုမယ်..."