Chapter 154
လင်းဖေးက မယားတတ်၍ ၄င်းက အသုံးမဝင်သည်မှာ နှမြောစရာပင်။ သို့သော် ထိုအစား လင်းလော့ချင်းက လင်းဖေး၏ ကလိထိုးခြင်းကို ခံလိုက်ရ၏။
"ရှုရှုအရင်စတာနော်..."
လင်းဖေးက ဆိုလိုက်သည်။
"မင်းက တမင်း ငါ့ကို ခြောက်တာလေ..."
လင်းလော့ချင်းက ထိုသို့ ဆိုပြီးနောက် ထပ်မံ ရယ်လိုက်သည်။ လင်းဖေးက သူ့အား တမင်သက်သက် စခဲပေသည်။ အစပိုင်းတွင် လင်းဖေးက သူ့အား အကြည့်တစ်ချက်ပင် မပေးသည်ကို အမှတ်ရနေဆဲ ဖြစ်သည်။ သူတို့နှစ်ဦး အတူစားသည့်အခါ သူ လင်းဖေးကို ကြည့်လိုက်ပါက လင်းဖေးက ပြတင်းပေါက်ကို ငေးကြည့်နေတတ်ပေသည်။ လင်းလော့ချင်းက မေးခွန်းတစ်ခု မေးသည့် အချိန်မှသာလျှင် သူက မရဲတရဲ နောက်လှည့်ကာ သူ့ကို ကြည့်လာတတ်ပေသည်။
သို့သော် ယခုတွင် လင်းဖေးက သူ့ကို စနောက်နေသည်။
ကျိလဲ့ယွီနှင့် အတူရှိနေသည့် ဤအချိန်များတွင် ကျိလဲ့ယွီက အပြုအမူကောင်းမွန်လာသည်သာမက လင်းဖေးသည်လည်း ယခုတွင် ပို၍ တက်ကြွကာ စွမ်းအင်ပြည့်လာပေသည်။
လင်းဖေး၏ သီးသန့်ဆန်သော စရိုက်အား လင်းလော့ချင်းက မှားယွင်းနေသည်ဟု တွေးနေခြင်းမဟုတ်သော်လည်း လင်းဖေးကို ပျော်စေလိုပေသည်။ သူက တခြားသူများကို စနောက်ကာ အနည်းဆုံးတွင် သူ့၏ ခံစားချက်ကောင်းကို ပြသနိုင်လာပေပြီ။
လင်းလော့ချင်းကို လင်းဖေး၏ မျက်နှာကို နမ်းလိုက်ရာ လင်းဖေးကို ကြောင်အသွားစေသည်။
ဘာလို့ ရုတ်တရက်ကြီး ထနမ်းတာလဲ...
"ဖေးဖေးက အခု ရှုရှုကို ဘယ်လို စရမလဲ သိပြီပေါ့... ကြည့်ရတာ ဖေးဖေးက ရှုရှုကို တကယ်ကြီး ကြိုက်တာပဲ..."
လင်းဖေးက ၄င်းကို ဝန်မခံပါပေ။ လင်းလော့ချင်းမရှိစဉ်က သူက သူ့၏ ခံစားချက်များ ပြသရာတွင် အနည်းငယ် နေရခက်ကာ အမြဲလိုလို ဝင့်ကြွားခဲ့ပေသည်။ သူ့၏ နားရွက်ဖျားလေးများက နီရဲနေသည်မှာ ရှင်းနေသော်လည်း သူက "လုံးဝပဲ..."ဟု ဆိုလိုက်ပေသည်။
"အဲ့ဒါဆို ရှုရှုက ဝမ်းနည်းမှာ..."
လင်းလော့ချင်းက စနောက်လိုက်သည်။
လင်းဖေး - ...
လင်းဖေးက ရုတ်တရက် ကူကယ်ရာမဲ့ ဖြစ်သွားလေသည်။
လင်းလော့ချင်းက ၄င်းကို သိပေသည်။
"ရှုရှုအခု စိတ်ဆိုးနေတယ်... ရှုရှုကို ဘယ်လို ချော့သင့်လဲ..."
လင်းလော့ချင်းက လင်းဖေးကို ညင်သာစွာ တိုက်တွန်းလိုက်သည်။
"မင်းက ရှုရှုကို ဘယ်လိုမျိုး ပိုပျော်အောင် လုပ်ပေးသင့်လဲ..."
လင်းဖေး - ...
သူက ရုတ်တရက် ရှက်ရွံ့လာမိသည်။
သူက လင်းလော့ချင်းကို ကြည့်လိုက်ရာ လင်းလော့ချင်းက သူ့၏ အဖြေကို စောင့်နေသကဲ့သို့ သူ့ကို ပြန်ကြည့်လာသည်။
"ရှုရှု မျက်လုံး မှိတ်ထား..."
သူက နေရခက်စွာ ဆိုလိုက်သည်။
လင်းလော့ချင်းက ချက်ချင်း မျက်လုံး ပိတ်ထားလိုက်သည်။
ထိုအချိန်မှသာ လင်းဖေးက ေရှ့တိုးပြီး သူ့ပါးကို နမ်းလိုက်ပေသည်။
လင်းလော့ချင်းက ပြုံးကာ သူ့ကို မေးလိုက်လေသည်။
"ရှုရှု အခုမျက်လုံး ဖွင့်လို့ရပြီလား..."
"ရပြီ..."
လင်းဖေးက တည်ငြိမ်စွာ ဆိုလိုက်သည်။
လင်းလော့ချင်းက သူ့မျက်လုံးများကို ဖွင့်လိုက်ရာ လင်းဖေးမှာ ရှက်ရွံ့သော အမူအရာတစ်ခုဖြင့် နှုတ်ခမ်းများကို တင်းတင်းစေ့ထားလေသည်။
လင်းလော့ချင်းက သူ့က ချစ်စရာကောင်းသည်ဟု ခံစားရပြီး သူ့မျက်နှာကို ထပ်နမ်းလိုက်လေသည်။
"ရှုရှု အခု ပျော်သွားပြီ... ဖေးဖေးက ရှုရှုကို နမ်းတယ်... ရှုရှု အရမ်း ပျော်တာပဲ..."
လင်းဖေး - ...
လင်းဖေးက နီရဲနေသော နားများဖြင့် တိတ်တဆိတ် ခေါင်းငုံ့ထားလိုက်သည်။
လင်းလော့ချင်းက သူ့ကို ထပ်မစတော့ပါပေ။ သူက လင်းဖေးကို ရေခြောက်အောင် သုတ်ပေးကာ ရေချိုးခန်းထဲမှ သယ်ထုတ်လာလိုက်သည်။
ထိုအချိန်တွင် ကျိလဲ့ယွီက အဝတ်အစားလဲပြီးပြီဖြစ်ကာ သူတို့ကို အိပ်ရာပေါ်တွင် စောင့်နေလေသည်။
သူတို့ထွက်လာသည်ကို မြင်သောအခါ ကျိလဲ့ယွီက လင်းဖေး၏ ညဝတ်အင်္ကျီများပေးရန် အလျင်အမြန် ရောက်လာလေသည်။
"ဒါက ကိုကို့ဟာ..."
"လိမ္မာတယ်..."
လင်းလော့ချင်းက သူ့ကို ချီးကျူးလိုက်သည်။
ကျိလဲ့ယွီက ချိုမြိန်စွာ ပြုံးပြလိုက်သည်။
လင်းဖေးက အဝတ်အစားလဲလိုက်သည်။ ထို့နောက် သူက အိပ်ရာပေါ်မှဆင်းလိုက်ရာ ကျိလဲ့ယွီက သူ့နောက်မှ ထပ်ကြပ်မကွာလိုက်လာသည်။ ကလေးနှစ်ယောက်ကာ လင်းလော့ချင်းနှင့် ကျိယွီရှောင်၏ အခန်းဆီသို့ လျှောက်လာပေသည်။
"ဒယ်ဒီ..."
တံခါးဖွင့်လိုက်သည့်အချိန်တွင် ကျိယွီရှောင်က ကြည်လင်သော အသံစာစာလေးကိုကြားလိုက်ပေသည်။
ထို့နောက်တွင် ကျိလဲ့ယွီက ခုန်ဝင်လာလေသည်။
သူ့မျက်လုံးများက ကောင်းသည့်အရာတစ်ခု ကြုံခဲ့ရသကဲ့သို့ တောင်ပမှုများနှင့် ပြည့်နေလေသည်။ သူက အထူးပျော်ရွှင်နေပုံရပြီး ပေါင်းအိုးထဲမှ ထုတ်လာခါစ ပေါက်စီ အဝါလေးသဖွယ် ချိုမြကာ မွေးပျံ့နေပေသည်။
"သားက ဘာလို့အရမ်းပျော်နေတာလဲ..."
ကျိလဲ့ယွီက သူ့လက်ကို ဆွဲကာ မေးလိုက်သည်။
"ဒယ်ဒီက သားကို ကြိုက်လား..."
ကျိယွီရှောင်က သူ့ကို အိပ်ရာပေါ်သို့ ချီလိုက်ပြီး ညင်သာစွာဆိုလိုက်သည်။
"ဒါပေါ့ ဒယ်ဒီက သားကို အကြိုက်ဆုံးပဲ..."
ကျိလဲ့ယွီက ပျားရည်သဖွယ် ကြည်လင်ချိုမြစွာ ပို၍ပြုံးလာပေသည်။
"ခုဏလေးတင် ပါးပါးနဲ့ ကိုကိုက သားကို ကြိုက်တယ်လို့ပြောတယ်..."
သူ့အသံက အလွန်တိုးလှသည်။ သူက မိဘများအား သူ့၏ ခံစားချက်များကို ပြောပြနေသော ကလေးငယ်တစ်ယောက်ဖြစ်သည်။ သူက ပျော်ရွှင်သော်လည်း အနည်းငယ်လည်း ရှက်ရွံ့နေမိ၏။
ကျိယွီရှောင်က ကျိလဲ့ယွီနှင့်အတူဝင်လာသော လင်းလော့ချင်းနှင့် လင်းဖေးကို လှမ်းကြည့်ကာ အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။
"သားက အရမ်းချစ်ဖို့ကောင်းတာပဲ... ဒါပေါ့ လူတိုင်းက သားကို ကြိုက်ကြမှာလေ..."
ကျိလဲ့ယွီလည်း ထိုသို့တွေးသော်လည်း သူ့နှလုံးသားထဲသို့ တိုးဝင်လာသည့် ပျော်ရွှင်မှုကို မထိန်းချုပ်နိုင်ပါပေ။ သူက ကျိယွီရှောင်၏ ပွေ့ဖက်မှုထဲသို့ တိုက်ရိုက် ဝင်ရောက်ကာ ကျိယွီရှောင်ကို ဖက်ကာ ချွဲလိုက်လေတော့သည်။
ကျိယွီရှောင်က သူ့ကို ဖက်ကာ ခေါင်းကို ပွတ်ပေးလိုက်သည်။
ကျိလဲ့ယွီက အခုတစ်လော တက်ကြွလာသည်ဟု သူခံစားမိ၏။ သူက အမြဲလိုလို ချိုမြန်စွာ ပြုံးနေတတ်သော်လည်း ယခုတွင်တွင် တောက်ပသော မျက်လုံးများနှင့် ကောင်လေးတစ်ယောက်နှင့် ဆင်တူပြီး ပို၍ ကြီးပြင်းလာပေပြီ။
သူက ကျိလဲ့ယွီကို အိမ်သို့ ပထမဆုံး ခေါ်ခဲ့သည့် အချိန်ကို မှတ်မိနေဆဲပင်။ ကျိလဲ့ယွီက နာနာခံခံ ရှိခဲ့သော်လည်း အလွန်နာခံလွန်းပြီး တိတ်ဆိတ်နေတတ်ပေသည်။ ကျိယွီရှောင်က တစ်နေ့လုံး စာကြည့်ခန်းထဲတွင် နေနေပါက ကျိလဲ့ယွီက သူ့ကို တစ်နေ့လုံး အနှောင့်အယှက်မပေးပါပေ။ ကျိယွီရှောင်က ကျိလဲ့ယွီကို ကျောင်းပို့သောအခါ ကျိလဲ့ယွီက ကျောင်းကို သူကိုယ်တိုင်သွားနိုင်သည်ဟု ဆိုခဲ့သည်။ ကျိယွီရှောင် အပြင်သွားသည့်အချိန်တိုင်းတွင် ကျိလဲ့ယွီက သူဘယ်အချိန်ပြန်လာမလဲ ဆိုသည်ကိုသာမေးကာ.. သူအိမ်တွင် နေရပါက ကျိလဲ့ယွီလည်း အိမ်တွင်နေမည် ဖြစ်သည်။
ထိုမတော်တဆမှုပြီးသည့် အချိန်မှစ၍ ကျိလဲ့ယွီက အပြင်သို့ ထွက်မဆော့တော့ပေ။
သူက ပန်းခြံများနှင့် သူငယ်ချင်းများ၏ အိမ်များသို့ မသွားဘဲ ကျိယွီရှောင်ကို အဖော်ပြုပေးရန်အတွက် အိမ်တွင်သာ လိမ်လိမ်မာမာ နေလေ့ရှိသည်။
သူက ကျိယွီရှောင် စိတ်ဓာတ်ကျလာသည်အထိပင် အပြုအမူကောင်းခဲ့ပေသည်။
ဤကဲ့သို့ ချောက်ချားဖွယ် အတွေ့အကြုံတစ်ခုကို ကြုံရပြီးနောက် အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်၏ စိတ်ဓာတ်သည်ပင် ပြောင်းလဲသွားမည် ဖြစ်ကာ ကျိလဲ့ယွီကဲ့သို့ ကလေးတစ်ယောက်အတွက်မူ ပြောဖွယ်ရာပင် မရှိသည်ကို ကျိယွီရှောင် သိသည်။ သူက ကလေးတစ်ယောက်သာ ဖြစ်ရာ သူ့အတွက် မပြောင်းလဲရန်မှာ မဖြစ်နိုင်ပါပေ။ ဤသို့ဖြင့် ကျိယွီရှောင်သည်လည်း ကျိလဲ့ယွီအား ပို၍တက်တက်ကြွကြွနေရန် တွန်းအားမပေးခဲ့ပါပေ။
သူက ကျိလဲ့ယွီ ပို၍ ပျော်ရွှင်ရန်သာ ဆန္ဒရှိမိသည်။
သူလင်းလော့ချင်းအား လက်ထပ်လိုက်စဉ်က လင်းလော့ချင်းက ကျိလဲ့ယွီအား ကရုဏာဖြင့် မဆက်ဆံနိုင်မည်ကို အစိုးရိမ်ဆုံးဖြစ်သည်။ တခြားသော စိုးရိမ်မှုမှာ ကျိလဲ့ယွီနှင့် လင်းဖေးက တစ်ဦးနှင့်တစ်ဦး လက်မခံနိုင်မည်ကို ဖြစ်သည်။
ထိုအချိန်က ထိပ်တိုက်ဖြေရှင်းရန် ပြဿနာတစ်ခုကြုံလာပါက တုံ့ဆိုင်းခြင်းမရှိ ကျိလဲ့ယွီကို ရွေးချယ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်၏။
မည်သို့ပင်ဆိုစေ ထိုအချိန်က သူက လင်းလော့ချင်းနှင့် မရင်းနှီးသေးပါချေ။ သူတို့၏ လက်ထပ်ခြင်းတွင် နှစ်ဖက်စလုံးမှာ ကိုယ်ပိုင် တွေးတောစရာများ ရှိပေသည်။
ကျိယွီရှောင်၏ အိပ်ရခက်ခြင်းအခြေအနေက အဆင်ပြေသွားသောကြောင့် အပေါ်ယံဟန်ဆောင်ရခြင်းကို စိတ်အနှောင့်အယှက်မဖြစ်ပေ။ သို့သော် ၎င်းက ကျိလဲ့ယွီ၏ ပျော်ရွှင်မှုကို စွန့်လွတ်ရမည်ဆိုလျှင် ထိုခြေအနေကို သူ လုံးဝ ငြင်းဆန်ပေမည်။
ကျိလဲ့ယွီ၏ မိဘများက မရှိကြတော့ပေ။ ကျိလဲ့ယွီတွင် သူတစ်ယောက်တည်းသာ ရှိလေရာ သူက ကျိလဲ့ယွီကို ကောင်းကောင်း ဂရုစိုက်ရပေမည်။
သို့သော် သူစိတ်ပူနေသည်များက တစ်ခုမှ အမှန်ဖြစ်မလာခဲ့ပေ။ အမှန်တကယ်တွင် ကျိယွီရှောင် မျှော်မှန်းထားသည်ထက်ပင် ပိုကောင်းမွန်နေသည်ကို တွေ့လိုက်ရပေသည်။
ကျိလဲ့ယွီက လင်းလော့ချင်းနှင့် လင်းဖေးကို လက်ခံသည်သာမက သူတို့၏ ဆက်ဆံရေး တစ်လျှောက်လုံးတွင် ယခင်က တက်ကြွမှုလည်း ပြန်လည်ရရှိခဲ့သည်။
ကျိလဲ့ယွီက သူနှင့် ထိုက်တန်သော အားမာန်၊ ယုံကြည်မှု၊ ဝင့်ဝါမှုများဖြင့် ကြီးပျင်းလာပေပြီ။ သူက ကျိယွီလင်း၏ သားဖြစ်ကာ အထက်တန်းလွှာမိသားစုမှ ဖြစ်သည်။ သူ့မိဘများက သူ့ကို ချစ်မြတ်နိုးကြသည်။ သူ့ဦးလေးက သူ့ကို အလိုလိုက်ကာ တုန်နေအောင်ချစ်ပေးသည်။ သူက မည်သည့်အရာကိုမှ စိတ်ပူစရာမလိုပါပေ။ ဤအရွယ် သူ့အတွက် သူ့မိဘများနှင့် ကျိယွီရှောင်၏ တစ်ခုတည်းသော ဆန္ဒနှင့် တောင်းဆိုချက်မှာ ကျိလဲ့ယွီပျော်နေရန်သာဖြစ်သည်။
ယခုတွင် ကျိလဲ့ယွီမှာ လမ်းမှန်ပေါ်သို့ ရောက်နေလေပြီ။
ကျိယွီရှောင်က ကျေနပ်မှုနှင့် ကျေးဇူးတင်ခြင်း နှစ်ခုစလုံးကို ခံစားလိုက်ရသည်။ လင်းလော့ချင်းအား လက်ထပ်ခြင်းမှာ သူဤဘဝတွင် ပြုလုပ်ခဲ့သော အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်သည်။ သူကိုယ်တိုင်အတွက်သာမက ကျိလဲ့ယွီအတွက်လည်းတူတူပင်။
သူက ခေါင်းမော့ကာ သူ့နှလုံးသားထဲတွင် ပြောမပြတတ်အောင် ကျေးဇူးတင်ခြင်းများအပြည့်နှင့် ပြုံးပြလိုက်သည်။
လင်းလော့ချင်းသည်လည်း ပြုံးကာ လင်းဖေးကို အိပ်ရာပေါ်သို့ ချီလာလိုက်သည်။
"ဒီနေ့က နှစ်သစ်ရဲ့ ပထမဆုံးနေ့ပဲ... ရှောင်ယွီ သားမှာ ဘာဆုတောင်းတွေ ရှိလဲ.... သာထုတ်ပြောရင် အမှန်ဖြစ်လာလောက်တယ်..."
သူက ကျိလဲ့ယွီကို ပြောလိုက်သည်။
ကျိယွီရှောင်၏ ရင်ဘတ်ထဲတွင် မြုပ်နေသော ကျိလဲ့ယွီ၏ ခေါင်းက ထောင်လာသည်။ သူက ခတ္တတွေးတောလိုက်ကာ အလေးအနက်ပင် သူ့လက်ချောင်းများနှင့် စာရင်းပြုလုပ်လိုက်သည်။
"သားက ဒယ်ဒီရဲ့ခြေထောက် မကြာခင် ပြန်ကောင်းလာစေချင်တယ်..."
"ပြီးတော့..."
သူက လင်းလော့ချင်းကို လှည့်ကြည့်လိုက်သည်။
"ဒီနှစ်မှာ ဒယ်ဒီရဲ့အလုပ်က ချောမွေ့ပြီး ငြိမ်းချမ်းစေချင်တယ်..."
"နောက်ဆုံးက ကိုကိုက အခုလာမဲ့နောက်ဆုံးစာမေးပွဲမှာ ပထမရစေချင်တယ်..."
လင်းလော့ချင်းက ၄င်းကိုကြားပြီး ရင်ထဲ ထိသွားလေသည်။ သူက ကျိလဲ့ယွီ၏ နောက်ဆုံး ဆုတောင်းကိုကြားရာ ရယ်မောလိုက်သည်။
"သားက ကိုကို,ကို ပထမရစေချင်တယ်ပေါ့... သားရော ပထမ မရချင်ဘူးလား..."
"ဟုတ်တယ်..."
ကျိယွီရှောင်က မေးလိုက်သည်။
"သားက ဘာရချင်တာလဲ..."
ကျိလဲ့ယွီ - ...
သူက ဇတ်ကလေးပုကာ သူတို့အား အပြစ်ကင်းစွာ မျက်တောင် ခတ်ပြလိုက်သည်။
"သားက ပထမတန်းကို နှစ်ဝက်ကြီးမှာ ပြောင်းလာတဲ့ မူကြိုကျောင်းသားပဲ ရှိသေးတာလေ..."
ကျိယွီရှောင်က ရယ်လိုက်သည်။
"အိုး... အဲ့တော့ အခု မင်းက မူကြိုကျောင်းသားဆိုတာ သိတယ်ပေါ့... မင်းကျောင်းပြောင်းဖို့ အတင်းပြောတုန်းကရော.. လိုက်မီပါတယ်လို့ ပြောတာ ဘယ်သူပါလိမ့်... အဲ့ဒါမင်းမဟုတ်ဘူးလား... ရှောင်ယွီ..."
ကျိလဲ့ယွီက သဘာဝကျကျဆိုလိုက်လေသည်။
"လိုက်နိုင်တယ်ဆိုတာက ပထမရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး... သားက ပထမနေရာကို ကိုကို့ကို ပေးလိုက်တာ..."
ထို့နောက် သူက လင်းဖေးကိုကြည့်ကာ အလျင်အမြန် ခေါင်းစဉ်ပြောင်းလိုက်လေသည်။
"ကိုကို လုပ်နိုင်တယ်မလား..."
လင်းဖေး၏ တုံ့ပြန်မှုက ကျိလဲ့ယွီမှာ သူပထမရနိုင်လားဟု မေးသည်မဟုတ်ပဲ သူညစာစားချင်လားဟုမေးသကဲ့သို့ အေးအေးဆေးဆေးပင် ဖြစ်လေသည်။
"အင်း..."
သူက ယုံကြည်ချက်နှင့် ဝင့်ကြွားမှုအပြည့်ဖြင့် တည်ငြိမ်စွာဆိုလိုက်သည်။ သူက ထိုကဲ့သို့ ရည်မှန်းချက်ကြီးမားသော တောင်းဆိုမှုတစ်ခုအပေါ် သူ့၏ သဘောထားမှာ သဘာဝမကျဟု အနည်းငယ်ပင် မတွေးပါပေ။
ကျိလဲ့ယွီသည်လည်း ထိုသို့ မတွေးပါပေ။ ထိုအစား သူက ဆုံးဖြတ်လိုက်လေသည်။
"ကိုကိုပထမရရင် အဲ့နေ့ အိမ်ပြန်ရောက်တာနဲ့ အောင်ပွဲလုပ်ကြမယ်..."
လင်းဖေးက လင်းလော့ချင်းကို ကြည့်ရန် ခေါင်းမော့လာရာ လင်းလော့ချင်းက သူ့ခေါင်းကို ညိတ်ပြလိုက်သည်။
"အဲ့အချိန်ကျရင် ငါတို့ မင်းကို ကစားဖို့ အပြင်ခေါ်သွားပေးမယ်..."
သူက ဆိုလိုက်သည်။
"မင်းရော ရှောင်ယွီရော အတူသွားလို့ရတယ်..."
ကျိလဲ့ယွီက ထွက်ကစားရမည်ဟု ကြားသောအခါ ကျိယွီရှောင်၏ ခြေထောက်များကို တွေးမိသွားလေသည်။ သူက ခေါင်းခါကာ မေးလိုက်သည်။
"သားတို့ အပြင်သွားလို့မရဘူး... သားအပြင်မှာ မဆော့ချင်ဘူး..."
ကျိယွီရှောင်က သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။
"အပြင်မှာ သွားဆော့လေ... သားအခုဆို အိမ်အပြင်မထွက်တာ နှစ်ဝက်လောက်တောင် ရှိပြီ..."
ဒါပေမဲ့...
ကျိလဲ့ယွီက သူ့ကို့ ကြည့်လိုက်သည်။
ဒါပေမဲ့ သူတို့ အပြင်ထွက်ဆော့ရင် ကျိယွီရှောင်ကရော...
သူတို့အကုန်လုံး ထွက်ဆော့ပြီး ကျိယွီရှောင်ကို တစ်ယောက်တည်း ကြည့်ခိုင်းထားမှာလား...
လင်းလော့ချင်းက ကျိလဲ့ယွီမှာ ကျိယွီရှောင်ကို ငေးကြည့်ကာ တိတ်ဆိတ်သွားသည်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ကျိလဲ့ယွီအဘယ့်ကြောင့် အပြင်ထွက်မကစားချင်ဘူးဟု ပြောလာသည်ကို နားလည်သွားလေသည်။
"အပြင်ထွက်ကြစို့လေ..."
လင်းလော့ချင်းက အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။
"ငါတို့ တစ်ခါမှ ရုပ်ရှင် အတူမကြည့်ဖူးဘူးလေ... အဲ့အချိန်ရောက်ရင် ငါတို့ ဇာတ်ကားကောင်းကောင်းတစ်ခုလောက်ရွေးပြီး လေးယောက်အတူတူကြည့်ကြမယ်လေ... ဟုတ်ပြီလား..."
ကျိလဲ့ယွီက မျက်တောင်ခတ်ကာ တွေးလိုက်သည်။
အိုး... သူတို့က ပန်းခြံကို မသွားဘူးပဲ... ရုပ်ရှင်ကြည့်မှာပဲ... အဲ့ဒါဆို သူ့ဦးလေးကလည်း သူတို့နဲ့အတူထိုင်ပြီး ကြည့်ရတာပဲ...
သူ့၏ ငြင်းဆန်မှုနှင့် တွန့်ဆုတ်မှုတို့က ရုတ်တရက် ပျောက်ကွယ်သွားကာ သူက ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်..."
သူရုပ်ရှင်သွားကြည့်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သူလည်း ရုပ်ရှင်ကြည့်ချင်သည်။
ကျိယွီရှောင်က လင်းလော့ချင်း၏ စကားများနောက်မှ ရည်ရွယ်ချက်ကို သိပေသည်။ လင်းလော့ချင်းက ကျိလဲ့ယွီစိတ်ပူနေသည်များကို ထည့်တွေးပေးသည်ကိုလည်း သူသိပေသည်။ သူက လင်းလော့ချင်းအား တိတ်တဆိတ် အပြုံးတစ်ခုပေးလိုက်လေသည်။
လင်းလော့ချင်းသည်လည်း ပြန်ပြုံးပြလိုက်ပြီး သူ့ကို မျက်တောင် တဖျပ်ဖျပ်ခတ်ပြလိုက်သည်။
ထို့နောက် သူက ခေါင်းငုံ့ကာ လင်းဖေးကို ကြည့်လိုက်သည်။
"ဒါပေမဲ့ ဖေးဖေး ဖိအားမများနဲ့နော်... သား ဘာအဆင့်ပဲရရ ရှုရှုကျိနှင့် ရှုရှုက သားတို့ နှစ်ယောက်လုံးကို အပြင်ခေါ်သွားပေးမယ်..."
"ဖိအား မရှိပါဘူး..."
လင်းဖေး၏ အသံမှာ တည်ငြိမ်နေသည်။ သူက အမှန်တကယ်ပင် နားမလည်ပါပေ။
"ကျွန်တော်က ဘာလို့ ဖိအားများတယ်လို့ ခံစားရမှာလဲ..."
လင်းလော့ချင်း - ဒါက...
"သားပထမမရရင်တောင် အဆင်ပြေပါတယ်လို့ ပြောချင်တာပါ... သားက အရမ်းအထင်ကြီးစရာကောင်းတယ်... အကြာကြီးနေလို့ တစ်ခါလောက် ပထမ မရရင်လည်း အဆင်ပြေပါတယ်...."
လင်းဖေးက ပို၍ စိတ်ရှုပ်ထွေးသွားလေသည်။
"ကျွန်တော်က ဘာလို့ မရနိုင်မှာလဲ..."
"ကျွန်တော်က အစကတည်းက အမြဲတမ်း ပထမရတယ်လေ..."
လင်းဖေးက အမှန်တရားကို ဆိုလိုက်သည်။
၄င်းက အမှန်တရားဖြစ်နေရာ သူက တခြားအကြောင်းအရာများကိုပင် မတွေးမိတော့ပါချေ။
ထို့အပြင် ကျိလဲ့ယွီသည်လည်း ထောက်ခံလာပေသည်။
"အင်း... ဟုတ်သားပဲ... ကိုကိုက စာဖတ်ရတာ ဒီလောက်ကြိုက်တာ သူက သေချာပေါက် ပထမရမှာပါ... တစ်တန်းလုံးမှာကို ပထမရမှာ..."
လင်းလော့ချင်း - ...
ကောင်းပါပြီ... သူက ပါရမီရှင်တွေရဲ့ ကမ္ဘာကို နားမလည်နိုင်ပါဘူး...
အတန်းရဲ့ ဉာဏ်ကြီးရှင်လေးက သူပထမရမယ်လို့ပြောရင် သူရမှာပေါ့... သူ့လို အခြေခံလူတန်းစားလေးက ဘာသိမှာလဲ...
သူက ခေါင်းညိတ်ကာ ခေါင်းစဉ်ပြောင်းလိုက်လေသည်။
"ဖေးဖေး... သားကရော နှစ်သစ်အတွက် ဘာဆုတောင်းလဲ..."
လင်းဖေးက မည်သည့် ဆုတောင်းမှ မရှိသော်လည်း ကျိလဲ့ယွီ၏ ဆုတောင်းများကို တွေးမိရာ သူလည်း အတူတူပဲ ဆန္ဒရှိသည်ကို တွေ့လိုက်ပေသည်။ သူသည်လည်း ကျိယွီရှောင်၏ ခြေထောက် မကြာမီပြန်ကောင်းလာစေချင်ပြီး လင်းလော့ချင်း၏ အလုပ်က အောင်မြင်ကာ ချောမွေ့စေလိုပေသည်။ သူနောက်တစ်ခုထပ်ဆုတောင်းရပါက ကျိလဲ့ယွီအဆင့်အရမ်းမဆိုးစေရန် ဖြစ်နိုင်ပေသည်။
၄င်းက မဖြစ်သင့်ဟု လင်းဖေးက တွေးလိုက်ပေသည်။ မည်သို့ပင်ဆိုစေ သူမကြာမီက ကျိလဲ့ယွီအား လေ့ကျင့်ရေး ပုစ္ဆာအတန်ပင် ပေးခဲ့ပေသည်။ ကျိလဲ့ယွီက ၄င်းတို့ကို မှန်မှန်ကန်ကန် လုပ်ခဲ့ပေသည်။ သူအဆင်ပြေသင့်ပေသည်။
သူက ပထမပင်မရနိုင်သော သူ့ညီလေးကိုကြည့်ကာ စိတ်ပူလာပေသည်။
သူက ဘာလို့ ပထမ မရနိုင်ရတာလဲ...
သူက စာအုပ်တွေ ဖတ်တာ မလုံလောက်သေးလို့ပဲ...
သူ့ကို ထပ်ပြီး အလုပ်ပေးရမယ်...