အပိုင်း ၁၅၅
Viewers 35k

Chapter 155




နှစ်သစ်ကူးပြီးနောက် ကျိလဲ့ယွီနှင့် လင်းဖေးတို့က ကျောင်းပြန်တက်ပြီး လင်းလော့ချင်းသည်လည်း ကုမ္ပဏီတွင် အလုပ်ပြန်လုပ်ရပေသည်။ 


ချန်လီဝေ့က စုထုံကို မဖျောင်းဖျနိုင်၍ တစ်ဦးတည်း ထွက်သွားလေသည်။ 


လင်းလော့ချင်းက လှောင်ရယ်သော်လည်း ပေါ်ပေါ်ထင်ထင်မပြုလုပ်ပါပေ။ သူက ချန်လီဝေ့ကို နှောင့်ယှက်ရန် ရည်ရွယ်ချက်မရှိပေ။ လင်းလော့ချင်းက သူ့နည်းလမ်းများနှင့် အောင်နိုင်ပြီး ဖြစ်ရာ ၄င်းက သူ့အတွက် လုံလောက်ပေပြီ။


ထို့နောက် စုထုံက စာချုပ်အသစ်ချုပ်ရန်အတွက် လင်းလော့ချင်းကို သွားရှာလိုက်သည်။


"မင်းက စာချုပ်ထပ်ချုပ်ချင်တယ်လား..."

လင်းလော့ချင်းက အားရကျေနပ်စွာ အံ့အားသင့်သွားလေသည်။ စုထုံ၏ စာချုပ်မှာ စက်တင်ဘာတွင် သက်တမ်းကုန်မည် ဖြစ်သည်။ သူက စုထုံ ဤမျှ စောစော စာချုပ်ထပ်ချုပ်ရန် ဆုံးဖြတ်လိုက်မည်ဟု မမျှော်လင့်ထားပါပေ။ 


"ငါက အရင်တုန်းက ပျင်းနေလို့ အချိန်ဆွဲနေတာပဲရှိတာပါ... ဒါပေမဲ့ အဲ့ဒါက ငါ ကုမ္ပဏီပြောင်းဖို့ တကယ်ကြီး ရည်ရွယ်ချက်ရှိနေတယ်လို့ မဆိုလိုပါဘူး..."

စုထုံက ပျင်းရိစွာ ပြန်ဖြေလိုက်သည်။ 


လင်းလော့ချင်းက ကြောင်အသွားလေသည်။

"အဲ့ဒါဆိုရင် မင်းငါ့ကို တခြားကုမ္ပဏီတွေကိုလည်း စဉ်းစားနေတယ်လို့ပြောတုန်းက ငါ့ကို ခြောက်ချင်တာပဲပေါ့..."


စုထုံက သူ့ကိုကြည့်ကာ ကူကယ်ရာမဲ့ သက်ပြင်းချလိုက်လေသည်။

"ကျိယွီရှောင်က မင်းကို မသိစေချင်ပေမဲ့ မင်းဆီကနေ ထိန်ချန်ထားတာဖို့ မထိုက်တန်ဘူးလို့ ငါထင်တယ်... သူက ချန်လီဝေ့နဲ့ကိစ္စကို ငါ့ကိုပြောထားလို့ အစကတည်းက ငါသိနေတာ... သူက ချန်လီဝေ့မှာ အဲ့လို ရည်ရွယ်ချက်တွေ ရှိလာရင် သူ့နဲ့ ပူးပေါင်းပြီး ဦးဆောင်ပေးဖို့ ပြောထားတာ... ငါက သူ့အမိန့်နဲ့ ရည်ရွယ်ချက်အတိုင်း လိုက်လုပ်တာပဲ ရှိတာ..."


သူက လင်းလော့ချင်းကို ကြည့်လိုက်လေသည်။ 

"သူက အစက မင်း ချန်လီဝေ့အကြောင်း မင်းဘာသာပြောတော့ မင်းကို အသိပေးမလိုပဲ... ဒါပေမဲ့ အဲ့ဒါလည်း ပြီးတော့ သူငါ့ကို ထပ်ခေါ်လာတာ... ကျိယွီရှောင်က မင်း ဒီကိစ္စကို ကိုင်တွယ်နိုင်တယ်လို့ ထင်တယ်လေ... သူက မင်းမှာ အရည်အချင်းတွေနဲ့ လုပ်နိုင်စွမ်းရှိတယ်ဆိုပြီး ငါ့ကို အဲ့ကိစ္စကို ပြောခွင့်မပြုဘူးလေ..."


"ကျိယွီရှောင်က မင်းက ဒီရာထူးနဲ့ သင့်လျော်ပေမဲ့ ယုံကြည်ချက်မရှိဘူးလို့လဲ ပြောတယ်... သူက ဒီကိစ္စကို မင်းကိုယ်ပိုင်နည်းလမ်းနဲ့ ကိုင်တွယ်ဖို့ ခွင့်ပြုပြီးတော့ မင်းရဲ့ ယုံကြည်ချက်ကို တိုးလာစေချင်တာ... သူက စဉ်းစားပေးတတ်တယ်နော်.. အဲ့ဒါကြောင့် ငါက မင်းတို့အတွဲကြားက ဂရုစိုက်မှု မဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်တာပဲ..."

စုထုံက ပြုံးကာဆိုလိုက်သည်။ 


လင်းလော့ချင်းက ၄င်းကို မမျှော်လင့်ထားပါပေ။ 

"အဲ့တော့ အဲ့နေ့က ငါတို့တွေ့တုန်း မင်းပြောခဲ့တဲ့ စကားတွေက အလိမ်တွေပေါ့..."


"အကုန်လုံးတော့ မဟုတ်ပါဘူး..."

စုထုံက ဆိုလိုက်သည်။


"ငါမင်းကို ချီးကျူးတာကတော့ တကယ်ပါ... ငါ့မှာ ထွက်သွားဖို့ ရည်ရွယ်ချက်မရှိပေမဲ့ ရှိနေခဲ့ရင် မင်းရဲ့စကားတွေနဲ့ ကတိတွေကြောင့် ဒီမှာဆက်နေဖို့ စိတ်ပါသွားလောက်တယ်... ဘာပဲဆိုဆို မင်းက တော်တော်လေးလှတဲ့ ပုံရိပ်တစ်ခုလည်း ခြယ်သပေးပြီး ငါကိုယ်တိုင်လေ့လာဖို့အချိန်လည်းပေးတယ်... အဲ့ဒါက တကယ်ကို ဆွဲဆောင်နိုင်တဲ့ ကမ်းလှမ်းချက်တစ်ခုပဲ အဲ့တော့ ကျိယွီရှောင်ပြောတာမှန်တယ်... မင်းက ဒီရာထူးနဲ့ တကယ်ကို သင့်တော်တယ်... မင်းကိုယ်မင်း ပိုပြီး ယုံကြည်ချက်ထားသင့်တယ်..."


လင်းလော့ချင်းက မပြုံးပဲ မနေနိုင်တော့ပါချေ။


သူက အသိအမှတ်ပြုခံရသည့် ဤခံစားချက်ကို အတန်ပင် သဘောတွေ့ပါသည်။ အထူးသဖြင့် ကျိယွီရှောင်ထံမှ ဖြစ်သည်။


သို့သော်...


"မင်းက ကျိယွီရှောင်နဲ့ ဆက်ဆံရေး ကောင်းတာလား..."


"မဆိုးပါဘူး... အဲ့ဒါက သူက ကျိယွီလင်းရဲ့ ညီဖြစ်နေတာကြောင့်ဆို ပိုမှန်တယ်..."


"အဲ့ဒါဆိုရင် မင်းက အကိုကြီးနဲ့ ဆက်ဆံရေးကောင်းတယ်ပေါ့..."


"သိပ်တော့မဟုတ်ဘူး..."


"အဲ့ဒါဆိုရင်..."


စုထုံက မတ်တပ်ရပ်လိုက်သည်။ 

"လူသားတွေက အပေါင်းအပါဆိုတဲ့ ခံစားချက်နဲ့တင် သိမ်းပိုက်ခံနေတာတင်မကဘူး... ကျေးဇူးတရားဆိုတာကြောင့်လဲ ဆက်နွယ်နေကြတာ... နားလည်လား..."


လင်းလော့ချင်းက နားလည်လေသည်။ 


"ငါအခု သွားတော့မယ်..."

စုထုံက သူ့နာမည်ကို လက်မှတ်ထိုးပြီးနောက် ဖောင်တိန်ကို ချလိုက်သည်။ ထို့နောက် သူက လင်းလော့ချင်း၏ ရုံခန်းထဲမှ ထွက်သွားလေသည်။


လင်းလော့ချင်းက သူထွက်သွားသည်ကို သံသယအပြည့်နှင့် ကြည့်လိုက်သည်။ သူအိမ်ပြန်ရောက်လာပြီးနောက် မေးမြန်းလိုက်သည်။

"စုထုံနဲ့ မင်းအစ်ကိုကြီးရဲ့ကြားက ဆက်ဆံရေးက ဘာလဲ..."


ကျိယွီရှောင်က တွေးလိုက်သည်။ 

"မင်းအဲ့လို မေးမယ်ဆိုရင် ကျေးဇူးတရားနဲ့ အကြွေးတင်နေတာလို့ ပြောရင်တော့ အကောင်းဆုံးပဲ..."


"အကြွေးတင်တယ်..."


ကျိယွီရှောင်က သူ့ကို ဖက်လိုက်သည်။ 

"စုထုံက စုမိသားစုရဲ့ သခင်ငယ်လေးလေ.... သူ့မိသားစုက ကြွယ်ဝတယ်လို့ ယူဆလို့ရပေမဲ့ စုထုံက သူ့မိသားစုရဲ့ စီးပွားရေးကို စိတ်မဝင်စားဘူး... သူက ဖျော်ဖြေရေးလောကထဲဝင်ဖို့ တစ်ပြားမှ မလျော့ခဲ့ဘူး... ပြီးတော့ သူ့မိသားစုကို ကြားဝင်ဖို့ ခွင့်မပြုဘူး... သူက ဘယ်သူ့ကိုမှ အားမကိုးပဲ အမှီအခိုကင်းကင်းနဲ့ တစ်ခုခု လုပ်ချင်ခဲ့တာ... ဒါပေမဲ့ အဲ့အချိန်က သူက ငယ်သေးတယ်...


ပြီးတော့ သခင်ငယ်လေးရဲ့ စိတ်ထားရှိတယ်... သူ့စိတ်ထားကို ဘယ်သူက သည်းခံချင်စိတ်ရှိမှာလဲ... အချိန်တိုလေးအတွင်းမှာ သူက သူ့ရဲ့ မန်နေဂျာဆီကနေ ရောင်းစားခံရလုနီးပါးပဲ... စုထုံက တစ်ယောက်ယောက်ကို ထိုးလိုက်ပြီးတော့ ပိုင်ဆိုင်မှု ပျက်ဆီးစေခဲ့တယ်... ပြီးတော့ သူက တစ်ယောက်တည်း ထွက်လာပေမဲ့ စိတ်တိုနေတုန်းပဲ... သူက လမ်းဘေးက ထိုင်ခုံလေးမှာ တစ်ယောက်တည်း ထိုင်ပြီး သောက်နေခဲ့တာ... သူက သောက်လေလေ ဒေါသထွက်လေလေဖြစ်ပြီး ခွေးလေခွေးလွင့်တစ်ကောင်လိုဖြစ်သွားတာ..."


"အဲ့နောက်မှာ ငါ့အစ်ကိုက ဖြတ်သွားမိတာ... သူက စုထုံကိုတွေ့ပြီး ကူညီလိုက်တယ်... နောက်မှာ သူက စုထုံကို ရှင်းရီအောက် စာချုပ်ချုပ်ခဲ့တာ... အဲ့လိုပဲ ဖြစ်ခဲ့တာ..."


"အဲဒါဆို မင်း အစ်ကိုကြီးနဲ့ သူ့ရဲ့ ဆက်ဆံရေးက ကောင်းတာပဲ မဟုတ်လား... သူက ဘာလို့ အဲ့လိုပြောတာလဲ..."


ကျိယွီရှောင်က ရှင်းပြလိုက်သည်။ 

"အဲ့တုန်းက ငါ့အစ်ကိုက.. ငါ့မရီးက ဖန်သားပြင်ပေါ်မှာ ပေါ်လာချင်တဲ့ ရည်ရွယ်ချက်မရှိဘူးဆိုတာ နားလည်သွားပြီ... သူက ကုမ္ပဏီကို ချန်လီဝေ့ကို လွှဲပေးလိုက်ပြီးသားဖြစ်နေတာ... သူက ရှင်းရီကို တစ်နှစ်မှာ ၃ခေါက်ကနေ ၅ခေါက် ရောက်ရင်တောင် များတယ်လို့ ယူဆလို့ရနိုင်တယ်... ပြီးတော့ စုထုံက နယ်ပယ်ထဲမှာ တိုးတက်လာပြီး အလုပ်များလာပြီလေ... သူက ကုမ္ပဏီပြောင်းပြီး ရှင်းရီကို လာလိုက်တဲ့အချိန်မှာ စတားတစ်ယောက်ဖြစ်လာတဲ့သဘောပေါ့... သူတို့နှစ်ယောက်က အချင်းချင်း အပြန်အလှန်ဆက်သွယ်ဖို့ အခွင့်အရေးသိပ်မရှိခဲ့ဘူး... သူတို့ ဆက်ဆံရေးက အဲ့လောက်ကြီး မရင်းနှီးကြဘူး..."


"အဲ့တော့ အဲ့လိုပေါ့..."


လင်းလော့ချင်းက ခေါင်းညိတ်လိုက်သည်။ 

"ငါသိပြီ... သူက မင်းအစ်ကိုကို လေးစားမှုနည်းနည်း ရှိလောက်တယ်... သူအလိုအပ်ဆုံးအချိန်မှာ အစ်ကိုကြီးက လမ်းပြပြီး ကူညီပေးခဲ့တာ... အဲ့ဒါကြောင့် သူက ရှင်းရီကို သစ္စာရှိတာပေါ့..."


"ဖြစ်နိုင်ပါတယ်..."

ကျိယွီရှောင်က မတော်တဆဖြစ်ပြီးနောက် နိုးလာလာချင်းတွင် မြင်ခဲ့သည့် စာတိုကို တွေးမိသွားသည်။ စုထုံက သူ့အား အကြိမ်များစွာ ဖုန်းခေါ်ကာ wechat စာများ ပို့ထားပေသည်။ 


ဖတ်ထားသည့် စာတို : [မင်း ပြန်ဖြေနိုင်ရင် စာပြန်ပါ...]


ထိုအချိန်က စုထုံမှာ သူ့အတွက် စိတ်ရင်းဖြင့် စိတ်ပူနေခဲ့ပေသည်။ 


ကျိယွီရှောင်က သက်ပြင်းချလိုက်သည်။ တရုတ်နှစ်သစ်ကူးက ရောက်လုနီးပြီ ဖြစ်သည်။ ဤနှစ်တွင် မိသားစုပြန်လည်တွေ့ဆုံခြင်းက မဖြစ်နိုင်သည်မှာ နှမြောစရာကောင်းလှ၏။ 


******


 စုထုံ သူ့ပြတင်းပေါက်မှမြင်နေရသော လကို လှမ်းကြည့်နေပေသည်။ 


အမှန်တကယ်တွင် သူက ဖျော်ဖြေရေး နယ်ပယ်ထဲသို့ စတင်ဝင်ရောက်ခဲ့သည့် အချိန်ကို မေ့လုနီးပါးပင် ဖြစ်နေလေပြီ။ မည်သို့ပင်ဆိုစေ ၄င်းမှာ ကောင်းမွန်သော အမှတ်တရမဟုတ်ပါပေ။ သို့သော် သူက ကျိယွီလင်းအားတွေ့ခဲ့သော နေ့ကို မမေ့နိုင်သေးပါပေ။ 


ထိုညက လက အလွန် တောက်ပကာ မြူးကြွနေပေသည်။ သူက လူအနည်းငယ်ကို ထိခိုက်စေကာ စားပွဲကို မှောက်ပစ်ပြီး ကလပ်ထဲမှ ဒေါသတကြီး ပြေးထွက်လာခဲ့သည်။


သို့သော် မကြာမီတွင် သူ့နှလုံးသားထဲမှ ဒေါသက ပူဆွေးမှုအဖြစ် ပြောင်းလဲသွားလေသည်။ သူက အရက်အချို့ဝယ်ကာ တစ်ပုလင်းပြီး တစ်ပုလင်းသောက်နေခဲ့သည်။ သူက သောက်လေလေ မိမိကိုယ်ကို သံသယဝင်လာလေလေဖြစ်သည်။ သူက နောက်ဆုံးတွင် အရှုံးပေးရမည်လားဟု တွေးနေပေသည်။


သို့သော် ထိုအချိန်တွင် တစ်စုံတစ်ယောက်က ရယ်ကာ ဆိုလိုက်သည်ကို ကြားလိုက်ပေသည်။ 

"မင်း ဒီညလယ်မှာ အိမ်မပြန်ပဲ ဘာလို့ သောက်နေတာလဲ..."


စုထုံက နောက်လှည့်လိုက်သည်။ ၄င်းမှာ ကျိယွီလင်းဖြစ်သည်။ 


သူက ကျိယွီလင်းကို မှတ်မိပေသည်။ ယခင်က သူ့ဖခင်နှင့် အစ်ကိုက စုထုံအား သူ့ကို မိတ်ဆက်ပေးဖူးပေသည်။ 

ဒါက ကျိအုပ်စုရဲ CEO လေ... ရှောင်ထုံ မင်းသူ့ကို ကောလို့ ခေါ်လို့ရတယ်...


"ဘာမှ မဟုတ်ပါဘူး..."

စုထုံက ကျိယွီလင်းကို ပြောလိုက်သည်။ သူက သူ့ရှေ့က လူနှင့် အခြေအတင်မဖြစ်လိုပါပေ။ 


"မင်း သရုပ်ဆောင်ချင်တယ်လို့ ငါကြားတယ်... မင်း ငါ့ကုမ္ပဏီကို လာချင်လား..."


"ကျွန်တော့ကောက ပြောတာလား..."

စုထုံက ချက်ချင်း ပြန်ဖြေလိုက်သည်။ 


"စုမိသားစုရဲ့ သခင်ငယ်လေးက ဖျော်ဖြေရေး နယ်ပယ်ထဲကို ဝင်ချင်တယ်... အဲ့ဒါကိုသိဖို့ မင်းကောက ပြောစရာလိုလို့လား... ငါမသိချင်ရင်တောင် Wechat ပေါ်က သူငယ်ချင်းတွေ မိသားစုတွေရဲ့ ပိုစ့်တွေကို ကြည့်ပြီးတာနဲ့တင်ကို ငါသိနိုင်တယ်..."


စုထုံက သူ့ကို မနှောင့်ယှက်လိုပါပေ။ သူက ထရပ်ကာ ထွက်သွားရန် ပြင်လိုက်သော်လည်း ကျိယွီလင်းက အလျင်မလိုသော အသံဖြင့် ဆိုလိုက်သည်ကိုကြားလိုက်ပေသည်။

"မင်းကိုယ်မင်း အဲ့လောက်ပဲ အထင်သေးတာလား... ငါမင်းနဲ့ စာချုပ်ချုပ်ချင်တာက မင်းကောကြောင့် ဖြစ်စရာလိုလို့လား... မင်းရဲ့ ကိုယ်ပိုင် ဩဇာကြောင့်ရော မဖြစ်နိုင်ဘူးလား..."


သူက အရက်အနည်းငယ် သောက်ထားရာ ကျိယွီလင်း၏ ရန်စခြင်းကို သူအမှန်တကယ်ပင် ဒေါသထွက်သွားသည်။ သူက နောက်လှည့်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။


ကျိယွီလင်းက လရောင်အောက်တွင် ရပ်နေလေသည်။ 

"မင်းကိုယ်မင်း သက်သေပြချင်တယ်ဆိုရင် မင်းက စင်မြင့်တစ်ခုလိုတယ်... ပြီးတော့ ကျွမ်းကျင်သူတစ်ယောက်ရောပေါ့... အပြင်မှာ မိုင်တစ်ထောင် မြင်းတွေ ထောင်ချီပြီးရှိတယ်... ဒါပေမဲ့ ကျွမ်းကျင်သူတော့ သိပ်မများဘူး... ဒီကိစ္စက ရိုးရိုးရှင်းရှင်းလေးပဲဆိုတာ မင်း နားလည်သင့်တယ် မဟုတ်လား..."


"အဲ့တော့ ကျွန်တော် နားလည်ရင် ဘာဖြစ်လဲ..."

စုထုံက ဒေါသထွက်ကာ ကူကယ်ရာမဲ့နေပြီး ကျိယွီလင်းကို ဒေါသပုံချနေပေသည်။ 

"ငါ့ရဲ့ ကျွမ်းကျင်သူက ဘယ်မှာလဲဆိုတာ ဘယ်သူက သိလို့လဲ... သူကအခုထိ မွေးတောင်မမွေးသေးဘူးလားဆိုတာ ဘယ်သူသိမှာလဲ..."


ကျိယွီလင်းက သူ့၏ ဝမ်းနည်းမှုနှင့် ခေါင်းမာသော မျက်လုံးများကိုကြည့်ကာ ညင်သာစွာ ဆိုလိုက်သည်။

"မင်းသာ ဆန္ဒရှိရင် မင်းရှေ့မှာ ကျွမ်းကျင်သူတစ်ယောက်ရှိတယ်..."


စုထုံက ကြောင်အသွားလေသည်။ 


ကျိယွီလင်းက သူ့ကားဆီသို့ လျှောက်သွားပြီး တံခါးကို ဖွင့်လိုက်သည်။

"အခုလိုက်ခဲ့... နောက်ကျနေပြီ... ငါလည်း ငါ့မိန်းမဆီကို အမြန်ပြန်ရဦးမှာ..."


စုထုံ - ...


စုထုံက အတန်ကြာကြောင်သွားပြီး လိုက်နာလိုက်သည်။


ထိုအချိန်က သူသည် ငယ်ရွယ်ကာ တက်ကြွနေဆဲဖြစ်သည်။ သူက မြင်းကောင်းတစ်ကောင်ဖြစ်သည်ကို သက်သေပြရန်အတွက် သူက ရနိုင်သမျှ အခွင့်အရေးများကို ယူဆောင်မည်ဖြစ်သည်။ စုထုံက အချိန်၂နှစ်အတွင်း အောင်မြင်ကာ အရေးပါလာပေသည်။ 


ရှင်းရီ၏ နှစ်စဉ် တွေ့ဆုံပွဲတွင် ကျိယွီလင်းက ပြုံးကာ သူ့ကို ဆိုလိုက်သည်။

"အဲ့ဒါက မင်းကိုယ်ထဲမှာ တကယ်ရှိတာပဲ... မိုင်တစ်ထောင် မြင်းလေးလေ..."


ထိုအချိန်က သူ့ကို ပြုံးကာ စနောက်ခဲ့သောလူက သူ့ရှေ့သို့ နောက်တစ်ကြိမ် မည်သည့်အခါမှ ပေါ်မလာတော့မည်ကို မည်သူက စိတ်ကူးမိပါမည်နည်း။


စုထုံက ရှင်းရီမှ ထွက်မသွားပါပေ။ သူက ရှင်းရီမှ ထွက်သွားရန် မည်သည့်အခါမှ မတွေးခဲ့ပေ။ အထူးသဖြင့် ယခုတွင် လင်းလော့ချင်းက ရှင်းရီ၏ CEOဖြစ်ကာ လင်းလော့ချင်းမှာ ကျိယွီရှောင်၏ တွဲဖက်ဖြစ်သည်။ သူရှင်းရီကို ဦးစီးခြင်းမှာ ကျိယွီရှောင် ဦးစီးသည်နှင့် အတူတူပင်ဖြစ်သည်။ ကျိယွီလင်းအတွက်မူ သူ့အပိုင်မှာ သူ့ညီအပိုင်လည်း ဖြစ်သည်။ 


စုထုံက ရှင်းရီတွင် ဆက်လက်နေထိုင်ကာ ကျိယွီရှောင်ကို ထောက်ပံ့ပေးသည်က ကျိယွီလင်းကို ထောက်ပံ့ရန် နေထိုင်သည်နှင့် အတူတူပင် ဖြစ်သည်။ 


စုထုံက သူ့ဘဝထဲသို့ ကြည့်ပေးခဲ့သည့် ထိုပုဂ္ဂိုလ်ကို မမေ့လိုပါပေ။ သူက ကျိယွီလင်းကို ကျေးဇူးတင်ကာ လေးစားလှသည်။ ကျိယွီလင်းအသက်ရှိသေးပါက စုထုံက ကျိယွီလင်းအား ပြန်ပေးနိုင်ရန် ဆက်လက်၍ အလုပ်ကြိုးစားမည် ဖြစ်သည်။ သို့သော် ကျိယွီလင်းက မရှိတော့သည်ဖြစ်ရာ စုထုံက ကျိယွီလင်း ဂရုအစိုက်ဆုံးသောလူများကို ထောက်ပံ့ပေးရန်သာ တတ်နိုင်တော့သည်။


သူက ကျိယွီရှောင်တစ်ယောက် ကျိယွီလင်း သေဆုံးမှု၏ နောက်ကွယ်မှ အမှန်တရားကို ထုတ်ဖော်နိုင်ရန် မျှော်လင့်ထားသည်။ 


*******

ကျိယွီရှောင်က အိပ်ရာပေါ်သို့ လှဲလိုက်ရာ လင်းလော့ချင်းက သူ စုထုံအကြောင်း မပြောသည့် ကိစ္စအား အကျယ်ချဲ့ရန် ရည်ရွယ်ချက် မရှိသည်ကို သိလိုက်ရသည်။


"မင်း စိတ်မဆိုးဘူးလား..."

သူက လင်းလော့ချင်းကို မေးလိုက်သည်။ 


လင်းလော့ချင်းက သူ့ကို ဖက်ကာ ကျိယွီရှောင်၏ ရင်ဘတ်အား မှီထားလိုက်သည်။ သူက ဤအခိုက်အတန့်တွင် သည်းခံတတ်ပြီး နာခံတတ်နေပေသည်။ 

"လုံဝပဲ... မင်းက ငါ့အတွက် လုပ်ပြီး ငါ့ကို ယုံကြည်ချက်ရစေချင်တာ... စုထုံတောင် အဲ့ဒါကို နားလည်တယ်... ငါက ဘယ်လိုလုပ်ပြီး နားမလည်ရမှာလဲ..."


ကျိယွီရှောင်က သက်ပြင်းချလိုက်လေသည်။ 

"ဟန်နီ... မင်းက အရမ်းစဉ်းစားပေးတတ်တာပဲ..."


လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။

"မင်း အရမ်းကံကောင်းတယ်..."


"ဟုတ်တာပေါ့..."

ကျိယွီရှောင်က သူ့ကို နမ်းလိုက်သည်။ 


"ဟန်နီက အရမ်းစဉ်းစားပေးတတ်တော့ ငါလည်း မင်းကို စဉ်းစားပေးသင့်တာပေါ့..."


လင်းလော့ချင်းက ကြောင်သွားသော်လည်း ထို့နောက်တွင်ကျိယွီရှောင်၏ "စဥ်းစားပေးတတ်သည်"ဆိုခြင်းက မည်သည်ကို ဆိုလိုသည်အား သဘောပေါက်သွားလေသည်။ 


၄င်းက အမှန်တကယ်တွင် "နီးကပ်သည်"နှင့် "ခန္ဓာကိုယ်ချင်း နီးကပ်သည်..."ဟူ၍ ဖြစ်သည်။ 

(တရုတ်စကားလုံးမှာ 'စဥ်းစားပေးတတ်တယ်'ဆိုတာက 'နီးကပ်တယ်'ဆိုတဲ့ စကားလုံးရယ် 'ခန္ဓာကိုယ်'ဆိုတဲ့ စကားလုံးရယ် ပေါင်းပြီးရေးရတာမို့ စကားလုံးကို လှည့်သုံးလိုက်တာပါ...)


လင်းလော့ချင်းက ကျိယွီရှောင်၏ အနမ်းကိုခံနေရစဉ်တွင် ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပါချေ။ 


ကျိယွီရှောင်က သူ့အား တစ်ညလုံး နီးကပ်သည်ဆိုခြင်းက မည်သည်ကို ဆိုခြင်းအား အတိအကျသိအောင် ကူညီပေးခဲ့ပေသည်။ လင်းလော့ချင်းက သူ့၏ ခွန်အားများအားလုံး မည်သည့်နေရာမှ ရောက်လာသည်ကို နားမလည်နိုင်ပါပေ။ 


"မင်းက တစ်နေ့လုံး အိမ်မှာနေပြီး အပြင်ထွက်ဖို့ ငြင်းတာက ညကျရင် ငါ့ကိုအနိုင်ကျင့်ဖို့လား..."


"အရင်တုန်းကတော့ မဟုတ်ဘူး... ဒါပေမဲ့ ငါတို့အဲ့ဒါကို ခု ပြောင်းလို့ရပါတယ်..."


လင်းလော့ချင်းက ဒေါသထွက်ကာ သူ့ကို ဆွဲဆိတ်လိုက်ရာ ကျိယွီရှောင်၏ ဖက်ကာ နမ်းခြင်းကို ထပ်မံခံလိုက်ရပေသည်။ 


ည၂နာရီအထိရောက်ကာ သူက ပင်ပန်းလွန်း၍ ရန်မဖြစ်နိုင်တော့သည့်အချိန်မှသာ မျက်လုံးမှိတ်လာပေသည်။


ကျိယွီရှောင်က လင်းလော့ချင်းက သူ့ပခုံးပေါ်တွင် ပင်ပန်းစွာ မှီနေသည်ကို ကြည့်လိုက်သည်။ သူက လင်းလော့ချင်း၏ နဖူးကိုနမ်းကာ သူ့ကို ဖက်ထားပြီး အိပ်စက်လိုက်လေသည်။


******

နောက်ဆုံးတွင် အဲ့လစ်က ကျိယွီရှောင်၏ အတွင်းရေးမှူးဖြစ်နေဆဲ ဖြစ်သည်။ ယခင်က သူက လင်းလော့ချင်းအတွက် ယာယီကိစ္စများလုပ်ဆောင်ပေးရန် သူမကို ခန့်လိုက်ခြင်းဖြစ်သည်။ အဲ့လစ်က ကျိယွီရှောင်ဆီသို့ ပြန်လာသောအခါတွင် လင်းလော့ချင်းက ကူညီမည့်လူမရှိပဲ တစ်ယောက်တည်း ကျန်ခဲ့ပေသည်။ 


သို့သော် ကျိယွီရှောင်သည်လည်း လုပ်စရာကိစ္စများ အလွန်များလှသည်။ အဲ့လစ်က လင်းလော့ချင်းနှင့် မနေနိုင်ပါပေ။ ဤသို့ဖြင့် မကြာမီတွင် ကျိယွီရှောင်က လင်းလော့ချင်းအတွက် တခြားတစ်နေရာမှ အတွင်းရေးမှူးအသစ်တစ်ယောက် ရှာပေးလိုက်သည်။ ထိုအတွင်းရေးမှူးလာသည်သည်နှင့် ဒုဥက္ကဌအဖြစ် ချန်မန်ကို ခန့်မည်ဟု လင်းလော့ချင်းကို ပြောထားသည်။ 


"ဒါက ရှင်းရီရဲ့ အနာဂတ် ဒုဥက္ကဌ ဖြစ်လာမဲ့ ငါ့ရဲ့ စီနီယာ ချန်မန်တဲ့... မင်းနားမလည်တာ တစ်ခုခုရှိရင် သူ့ကို မေးလို့ရတယ်..."

ကျိယွီရှောင်က လင်းလော့ချင်းကို မိတ်ဆက်ပေးလိုက်သည်။ 


လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။ 

"မင်္ဂလာပါ ချင်ကော..."


ချင်မန်က ရယ်လိုက်၏။

"ငါ့ကို ယွီရှောင်လို စီနီယာလို့ပဲ ခေါ်ပါ..."


"ဟုတ်ကဲ့... အဲ့ဒါဆိုရင်တော့ နောက်ပိုင်းမှာ ဒုက္ခပေးရဦးမှာပဲ စီနီယာ..."


"ရပါတယ်..."

ချင်မန်က အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။


သူတို့သုံးဦးက နောက်တစ်ရက်တွင် ထမင်းတစ်နပ်အတူစားကာ လင်းလော့ချင်းက သူ့၏ အတွင်းရေးမှူးအသစ် ကျိုးဝမ်ဝမ်နှင့် တွေ့ဆုံလိုက်သည်။ 



ကျိုးဝမ်ဝမ်က ဤနယ်ပယ်ထဲသို့ရောက်သည်မှာ ကြာပြီဖြစ်ကာ အတွေ့အကြုံရှိလေသည်။ သူမက မကြာမီပင် အဲ့လစ်၏ တာဝန်များကို လက်လွှဲယူနိုင်ပေသည်။ 


ဤအခြေအနေတွင် လင်းလော့ချင်းက ရှင်းရီ၏ CEO ဖြစ်သော သူ့၏ အလုပ်နှင့် ကျင့်သားရနေပြီ ဖြစ်လေသည်။