Chapter 156
ဇန်နဝါရီ ၁၇ရက်နေ့တွင် လင်းဖေးနှင့် ကျိလဲ့ယွီတို့သည်လည်းသူတို့၏ ပထမဆုံးသော ဖိုင်နယ်စာမေးပွဲ စတင်ပြီဖြစ်သည်။
လင်းဖေးနှင့် ကျိလဲ့ယွီတို့နှစ်ဦးစလုံးက တည်ငြိမ်နေကြသည်။
တစ်ဦးမှာ ၄င်းက စိတ်ပူစရာမရှိဟု ခံစားရပေသည်။
အဲ့ဒါက ဒီအတိုင်း စာမေးပွဲလေးပဲ မဟုတ်ဘူးလား... အလွယ်လေးကို...
တစ်ခြားတစ်ဦးမှာ ဤသည်က မည်မျှပင် ကိစ္စကြီးတစ်ခုဖြစ်ပါစေ သူ့ကို စိတ်မပူစေဟု ခံစားရပေသည်။ စာမေးပွဲက ရောက်လာပြီဖြစ်ရာ ဖြစ်လာမည့်အရာက ဖြစ်လာမည်ပင် ဖြစ်သည်။
ကလေးနှစ်ဦးမှာ စိတ်ဓာတ် ကွဲပြားကြသော်လည်း တည်ငြိမ်ခြင်းနှင့် အမှုမထားခြင်းတို့ကတော့ တူညီကြပေသည်။
ထို့ထက်ပင် ပထမဆုံးအကြိမ် ဖခင်ဖြစ်လာသည့် လင်းလော့ချင်းက စိတ်လှုပ်ရှားနေပေသည်။
"ကောင်းကောင်းလုပ်နော်... ကံကောင်းပါစေ..."
"သားသိပါတယ် ပါးပါး... ဘိုင့်ဘိုင့် ပါးပါး..."
ကျိလဲ့ယွီက သူ့ကို လက်ပြနှုတ်ဆက်လိုက်သည်။
လင်းဖေးသည်လည်း ဆိုလိုက်သည်။
"ဘိုင့်..."
လင်းလော့ချင်းက သူတို့နှစ်ဦး ကျောင်းထဲဝင်သွားသည်ကို ကြည့်လိုက်ပြီး နောက်လှည့်ကာ ကျိယွီရှောင်ကို မေးလိုက်သည်။
"မင်းပြောကြည့်... ဖေးဖေးက ပထမရနိုင်မယ် ထင်လား..."
ကျိယွီရှောင်က ရယ်လိုက်သည်။
"မင်းက အမြဲတမ်း ဖေးဖေးကို ယုံကြည်ချက်ရှိတယ် မဟုတ်ဘူးလား..."
"အဲ့ဒါက သေချာပေါက် ငါသူ့ကို ယုံလို့ပေါ့... ပြီးတော့ သူကလည်း သူ့ကိုယ်သူ ယုံကြည်ချက်ရှိတယ်လေ... အဲ့တော့ ငါက သူပထမ မရရင် သူဝမ်းနည်းနေမှာ စိုးရိမ်လို့..."
"သူ ဝမ်းမနည်းပါဘူး..."
ကျိယွီရှောင်က သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
"ဖေးဖေးက သေချာပေါက် ပထမရမှာ... သူမရခဲ့ရင်တောင် ဘာက ပြဿနာဖြစ်နေလဲဆိုတာ စိစစ်ပြီး နောက်တစ်ခါကျရင် ပထမရအောင် လုပ်နိုင်မှာ..."
"ဖေးဖေးကို စိတ်ပူတာထက် ဘာလို့ ရှောင်ယွီကို စိတ်မပူတာလဲ..."
ကျိယွီရှောင်က စာလုပ်ရသည်ကို မကြိုက်သော်လည်း နှစ်ဝက်တွင် ကျောင်းပြောင်းရန်မရမက တောင်းဆိုခဲ့သော သူ့၏ စိတ်လိုက်မာန်ပါ လုပ်တတ်သည့် အငယ်ဆုံးသားလေးကို သက်ပြင်းချလိုက်လေသည်။
"သူက နောက်ဆုံးတော့ မရလောက်ဘူး မဟုတ်လား..."
"အဲ့လိုမှ မဟုတ်ရင် တစ်ယောက်က ပထမရပြီး နောင်တစ်ယောက်က နောက်ဆုံးရနေတာနဲ့ဆိုရင် မိဘဆရာတွေ့ဆုံပွဲရောက်ရင် ဆရာတွေရဲ့ အမူအရာက အရမ်းစိတ်ဝင်စားစရာကောင်းနေတော့မှာပဲ..."
လင်းလော့ချင်း - ...မင်းတူလေးဖြစ်တဲ့ လက်ရှိမင်းရဲ့ မွေးစားသားလေးကိုမင်း နည်းနည်းလေး ပိုပြီး အကောင်းမြင်ပေးလို့မရဘူးလား...
နောက်ဆုံး ဟုတ်လား...
မင်းလို အဖေမျိုးလဲ ရှိသေးတာလား...
"သေချာပေါက် မရပါဘူး... ရှောင်ယွီက အရမ်း ဉာဏ်ကောင်းတာ... သူက သေချာပေါက် တိုးတက်လာပြီး နောက်ဆုံးရမှာမဟုတ်ဘူး..."
ကျိယွီရှောင်က ပြုံးလိုက်သည်။
"တိုးတက်လာတယ်... မင်းသားကို ပိုနားလည်အောင် ကြိုးစားပါဦး... သူက သာမန်အဆင့်ထက် ပိုရရင်တောင် ကံကောင်းတာကို..."
လင်းလော့ချင်းက အေးစက်စွာ နှာမှုတ်လိုက်သည်။
"အဲ့ဒါဆို မင်းစောင့်နေလိုက်ပါ... ရှောင်ယွီ သူ့အမှတ်ကို အိမ်သယ်လာပြီး မင်းမျက်နှာကို ရိုက်ပေးတာကို စောင့်နေ..."
ကျိယွီရှောင်က စောင့်ဆိုင်းလိုက်သည်။
"အဲ့ဒါဆိုရင်လည်း ငါ မျှော်နေပါမယ်..."
လော့ကျား - ...အဲ့ဒါဆိုရင် သူက ဘာလို့ ဒီထပ်ရောက်နေပြန်တာလဲ...
သူက ကားထဲမှာရှိနေရမှာမဟုတ်ဘူး... ကားအောက်မှာ ရှိနေရမှာလို့...
(လော့ကျားက သူ့ကိုယ်သူ third wheel လို့ ဆိုလိုချင်တာပါ 😂)
သူက အဲ့ချွဲပျစ်နေတဲ့ ခွေးချစ်သူတွေကို အမုန်းဆုံးပဲ...
******
နောက်ဆုံးစာမေးပွဲပြီးနောက် လင်းဖေးနှင့် ကျိယွီရှောင်က တရားဝင် အနားရပြီဖြစ်သည်။
"ဆရာမက ဆောင်းရာသီ ပိတ်ရက်မှာ လုပ်ဖို့ အိမ်စာတွေ ပေးလိုက်တယ်... နောက်ရက်နည်းနည်းကြာလို့ ပါးပါးက မိဘဆရာတွေ့ဆုံပွဲကို သွားရင် ဆရာမက ကိုကို့ကို အလုပ်တွေ ပေးလိုက်မှာ... ပြီးရင် ပါးပါးကလည်း သားတို့ ဘာအဆင့်တွေရလဲဆိုတာ သိသွားတော့မှာ..."
ကျိလဲ့ယွီ၏ အသံမှာ ဆူညံနေကာ ကြည်လင်နေပေသည်။
လင်းဖေးက ခေါင်းညိတ်ပြလိုက်သည်။
"အင်း..."
လင်းလော့ချင်းက သူ့ကလေးနှစ်ယောက်ကို ကြည့်ကာ စိုးရိမ်နေမိသည်။
သူက ယခုတွင် ကလေးများကိုယ်တိုင်က တည်ငြိမ်ကာ မစိုးရိမ်သည့်အချိန်တွင် မိဘတစ်ဦးအနေဖြင့် ပူပန်နေရသည်က မည်သို့ ခံစားရသည်ကို နားလည်သွားပေသည်။
လင်းဖေးက ပထမရခဲ့ရင်လည်း သူ့ရဲ့ ပေါ့ပေါ့ပါးပါး အမူအရာတစ်ခုပဲ ဖြစ်မှာပေမဲ့ သူ ပထမ မရခဲ့ရင် သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားမှာ မဟုတ်ဘူးလား...
လင်းလော့ချင်းမှာ သူ့၏ သားပေါက်လေးက ထိုကဲ့သို့ ရိုက်ခတ်မှုကို ခံနိုင်မည်မဟုတ်ဟု ခံစားရကာ လင်းဖေး ပထမရန် အသည်းအသန် ဆုတောင်းနေပေသည်။
"ပါးပါး သားအတွက် မိဘဆရာတွေ့ဆုံပွဲကို သွားပေးရမယ်နော်..."
ကျိလဲ့ယွီက ထပ်ဆိုလိုက်သည်။
လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။
သူက ထို့နောက် လင်းဖေးကို ကြည့်လိုက်သည်။
"သားအတွက်လဲ ရှုရှုသွားပေးမယ်နော်..."
"ဟုတ်..."
လင်းဖေးက မထူးခြားဟန်ပြသထားသော်လည်း စိတ်ထဲတွင် ပျော်ရွှင်နေသည်။ သူ့နှလုံးသားထဲတွင် မြက်ပင်လေးတစ်ခု ပေါက်လာပေသည်။
လင်းလော့ချင်းက နှစ်ဝက်စာမေးပွဲပြီးနောက် မိဘဆရာတွေ့ဆုံပွဲတွင် မရှိခဲ့ပါချေ။ သူက မိဘမလာသည့် တစ်ဦးတည်းသော ကလေးဖြစ်ခဲ့သည်။
ထိုအချိန်က သူက အများကြီး မတွေးသည့်အပြင် လင်းလော့ချင်း သူ့အတွက် မလာသည်ကို စိတ်မဆိုးခဲ့ပါပေ။
သို့သော် ယခုတွင် လင်းလော့ချင်းက မိဘဆရာ တွေ့ဆုံပွဲကို တက်ရောက်ပေးမည် ဖြစ်၍ သူ(လင်းဖေး)ပျော်နေမိသည်။
သူ့ကို ဂရုမစိုက်သည့်အခါ လင်းဖေးက သူ့ခံစားချက်များကို ဖြုန်းတီးမည် မဟုတ်ပါပေ။ သို့သော် သူ့ကိုစတင်ဂရုစိုက်သည့်အခါ မျှော်လင့်ချက်နှင့် စောင့်စားချက်များက ရှင်းမပြတတ်အောင် သူ့ကိုယ်ထဲတွင် ဖူးပွင့်လာပေသည်။
လင်းဖေးသည်လည်း သူ့မိခင် တစ်ချိန်က ပြုလုပ်ခဲ့သည့်အတိုင်း လင်းလော့ချင်းအား သူ့၏ မိဘဆရာတွေ့ဆုံပွဲကို တက်ရောက်စေလိုသည်ကို သဘောပေါက်သွားမိသည်။
သူက တိတ်တဆိတ် ခေါင်းငုံ့ကာ သူ့နှလုံးသားထဲမှ မြက်ပင်လေးကို ဖုံးကွယ်ထားလိုက်သည်။
လင်းလော့ချင်းအတွက် ဤကဲ့သို့ ပွဲမျိုးတက်ရောက်သည်မှာ ပထမဆုံးအကြိမ်ဖြစ်၍ အလွန် စိတ်လှုပ်ရှားနေမိသည်။
နောက်ဆုံးတွင် မိဘဆရာတွေ့ဆုံပွဲရောက်သည့်အခါ သူက ဗီရိုရှေ့တွင် အတန်ကြာကာ ရပ်နေပေသည်။
"ငါ ဘာဝတ်သင့်တယ်လို့ မင်းထင်လဲ... ဒီဂျက်ကတ်ကရော..."
သူက ကျိယွီရှောင်ကို မေးလိုက်သည်။
ကျိယွီရှောင် - ...
ကျိယွီရှောင်က စိတ်ရင်းဖြင့် ပြန်ဖြေလိုက်သည်။
"ဒါမှ မဟုတ်ရင် အပြင်မှာ အရမ်းအေးတယ်လေ... အဲ့အစား ဝတ်စုံတစ်စုံ ဝတ်ဖို့ စီစဉ်ထားလား..."
"ငါက အဆောက်အဦးထဲမှာ ဝတ်စုံဝတ်လို့ရတယ်..."
လင်းလော့ချင်းက ပြန်ဖြေလိုက်သည်။
ကျိယွီရှောင် - ...အရမ်းကြီး သမားရိုးကျဖြစ်နေစရာ မလိုပါဘူးနော်...
မင်းက မိဘဆရာတွေ့ဆုံပွဲတက်မှာပါ နိုင်ငံတော် အစည်းအဝေးတက်မှာ မဟုတ်ပါဘူး...
"ဂျက်ကတ်က အဆင်ပြေပါတယ်... လိမ်လိမ်မာမာနဲ့ အထဲမှာ ဆွယ်တာဝယ်သွားလိုက်... မင်းကိုယ်မင်း နွေးအောင်နေ..."
ထိုအချိန်မှသာ လင်းလော့ချင်းက ကူကယ်ရာမဲ့စွာ ဗီရိုထဲမှ ဆွယ်တာတစ်ထည် ထုတ်လိုက်သည်။
သူက အဝတ်လဲကာ စိတ်လှုပ်ရှားစွာဖြင့် တွန့်ဆုတ်စွာ အပြင်သို့ ထွက်သွားလိုက်သည်။
ကျိယွီရှောင်က လင်းလော့ချင်းကို ကျောင်းသို့လိုက်ပို့လိုက်သည်။
"ကံကောင်းပါစေ..."
ကားရပ်သွားသောအခါ ကျိယွီရှောင်က သူ့ကို အားပေးလိုက်သည်။
လင်းလော့ချင်းက အသက်ပြင်းပြင်းရှုကာ သူ့ကို ကြည့်လိုက်သည်။ သူ့က ကျိယွီရှောင်ကို တင်းတင်းဖက်လိုက်ပြီး ကားထဲမှ ထွက်လိုက်သည်။
သူက အစပိုင်းတွင် ကျိယွီရှောင်အား သူနှင့်အတူ မိဘဆရာ တွေ့ဆုံပွဲတက်လိုခြင်းဖြစ်သော်လည်း ကျိယွီရှောင်က ငြင်းဆန်ခဲ့ပေသည်။
ကျိယွီရှောင်က ၄င်းမှာ ဒုက္ခရောက်သည်ဟု မထင်သော်လည်း သူ ယခုပုံစံနှင့် ဆိုပါက သူတို့၏ ပါးစပ်များကို မပိတ်နိုင်ကာ ကလေးများပေါ်တွင် မလိုအားအပ်သော မှတ်ချက်များပေးမည့် မိဘတစ်ချို့ သေချာပေါက်ရှိမည် ဖြစ်သည်။ ကလေးငယ်များ၏ အပြစ်ကင်းစင်မှုမှာ အသွားနှစ်ဖက်နှင့် ဓားဖြစ်သည်။ သူတို့က သူတို့၏ စကားများက မည်မျှ နာကျင်စေမည်ကို မသိ၍ သူတို့က နောက်နေ့တွင် ကျိလဲ့ယွီအား တစ်ခုခုပြောလာမည်လား ဆိုသည်ကို အတတ်မပြောနိုင်ပါပေ။
သူတို့က တစ်ခုခုကိုမှ မရည်ရွယ်သော်လည်း ကျိလဲ့ယွီက သူတို့၏ စကားများကြောင့် နာကျင်နိုင်ဆဲ ဖြစ်ပေသည်။
ဤအပိုင်းတွင် ကျိလဲ့ယွီက အမြဲလိုလို အထိမခံပါပေ။ သူက ကျိယွီရှောင်၏အခြေအနေမှာ သူ့ကြောင့်ဖြစ်သည်ဟု အမြဲလိုလို ခံစားခဲ့ရသည်။ ထို့ကြောင့် ကျိလဲ့ယွီက အမြဲလိုလိုပင် ကျိယွီရှောင်ဘေးတွင် အလွန်ဂရုစိုက်နေခြင်း ဖြစ်သည်။ ကျိလဲ့ယွီက ကျိယွီရှောင်ကို သူ့ကို ကျောင်းလိုက်ပို့ရန်ရော သူနှင့် ထွက်ဆော့ရန်ရော မလိုဟု ပြောခဲ့ပေသည်။
ကျိယွီရှောင်က ကျိလဲ့ယွီကို မလှုံ့ဆော်လိုပေ။ထို့ကြောင့် လင်းလော့ချင်းကိုသာ တစ်ယောက်တည်း သွားခိုင်းလိုက်သည်။
လင်းလော့ချင်းက မိဘများ အုပ်စုဖွဲ့စကားပြောခန်းထဲတွင် ညွှန်ကြားသည့်အတိုင်း ပြုလုပ်ကာ ကျိလဲ့ယွီနှင့် လင်းဖေးတို့ တက်ရောက်သော အတန်းကို ရှာလိုက်သည်။
အတန်းပိုင်ဆရာမ ဖြစ်သည့် ဆရာမကျန်းက သူ့ကိုမြင်သောအခါ အလွန် ကြောင်အသွားပေသည်။
ဒီတစ်ယောက်က သူ့တို့ ကျောင်းသားတွေရဲ့ မိဘလား... သူက အရမ်းမငယ်နေဘူးလား... အဲ့ဒါက အစ်ကိုကြီးများလား...
သူမက ထိုအမျိုးသား တဖြည်းဖြည်းနှင့် နီးကပ်လာသည်ကို ကြည့်ကာ ပို၍ ကြည့်လေလေ ပို၍ ချောလာလေလေဖြစ်သည်။ ဤရုပ်ရည်က ဤအမျိုးသားအား ဖျော်ဖြေရေးနယ်ပယ်ထဲတွင် ရှိနေစေရန် လုံလောက်ပေသည်။
၄င်းမှာ သူက ဆရာမကျန်းထံသို့ ရုတ်တရက် နီးကပ်လာသည့် အချိန်အထိပင်ဖြစ်သည်။
ဒီလူက အရမ်း ရင်းနှီးနေပါတယ်... ဒီပုံရိပ်နဲ့ မျက်နှာသွင်ပြင်က အရမ်းကို...
"ရှင်က လင်းဖေးရဲ့ အုပ်ထိန်းသူလား..."
သူမက မရဲတရဲမေးလိုက်လေသည်။
လင်းလော့ချင်းက သူမက သူ့အားမှတ်မိနေမည်ဟု မမျှော်လင့်ပဲ အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။
"ဟုတ်တယ်... ကျွန်တော်က လင်းဖေးရဲ့ ဦးလေးနဲ့ ကျိလဲ့ယွီရဲ့ အဖေပါ... ကျွန်တော်က သူတို့အတွက် မိဘဆရာတွေ့ဆုံပွဲကို တက်ဖို့လာတာပါ..."
ဆရာမကျန်းက လင်းဖေးနှင့် ကျိလဲ့ယွီတို့က ရင်းနှီးသော ဆက်ဆံရေးရှိသည်ကို သိကာ ထိုကိစ္စကို အကျယ်မချဲ့တော့ပါပေ။ သူမက သူ့ကို ပြုံးပြကာ သူမ၏ မျက်လုံးများက ရှင်းမပြတတ်သော နားလည်မှုနှင့် ပျော်ရွှင်မှုများကို ဖော်ပြလာလေသည်။
"အဲ့ဒါဆိုရင် ဝင်လာခဲ့ပါ... သူတို့နှစ်ယောက်က အဲ့နားက ပြတင်းပေါက်နားမှာ ထိုင်ကြပါတယ်... နောက်ဆုံးကနေဆို တတိယမြောက် အတန်းပါ..."
ထို့နောက် သူမက မနေနိုင်ပဲ လင်းလော့ချင်းကို ဆိုလိုက်သည်။
"လင်းဖေးက ဒီတစ်ခေါက် စာမေးပွဲမှာ အရမ်းတော်တယ်... သူက ဘာသာတိုင်းမှာ အမှတ်ပြည့်ရတယ်... သူစာစီစာကုံးရေးတာလဲ အရမ်းတော်တယ်... ဘာသာရပ်ဆရာက သူ့စာစီစာကုံးကို ဖတ်တုန်းက အမှတ်တောင် မလျော့နိုင်ဘူး... လင်းဖေးဦးလေး နောက်မှ ရှင်အားပြီး စိတ်ရှိရင် လင်းဖေးရဲ့ သင်ကြားရေး နည်းစနစ်တွေနဲ့ ပရိယာယ်တွေကို တခြားကလေးတွေ သူ့ဆီကနေ သင်ယူလို့ရအောင် ကျန်တဲ့မိဘတွေကို ဝေမျှပေးပါနော်..."
လင်းလော့ချင်းက သူ့စကားများကိုကြားသောအခါ သူ့နှလုံးသားထဲမှ စိုးရိမ်မှုက နောက်ဆုံးတွင် ပြေလျော့သွားလေသည်။
ပါရမီရှင် ဖြစ်ထိုက်ပါတယ်လေ...
သူက အပြုံးတစ်ခုနှင့် ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့... ကျေးဇူးပါ ဆရာမ..."
"ရပါတယ်... ဒါက တကယ်တော့ စာလုပ်ရတာ အရမ်းကိုကြိုက်တဲ့ ကျောင်းသားတစ်ယောက်နဲ့တွေ့ရတာ ကျွန်မအတွက် ပထမဆုံးပါပဲ... ပုံမှန်ဆိုရင် အတန်းပြီးရင် တခြားကလေးတွေက အိပ်ရင်အိပ် ဒါမှမဟုတ်ရင် ထွက်ဆော့ရင်ဆော့ကြတာ... ဒါပေမဲ့ လင်းဖေးက အမြဲတမ်းစာဖတ်နေတာ... သူအရမ်းကြိုးစားတာဆိုတော့ သူအဆင့်ကောင်းတာကလည်း အံ့ဩစရာမရှိပါဘူး..."
"သူက စာဖတ်ရတာ တကယ်ကိုကြိုက်တာ... သူက အိမ်မှာလဲ အတူတူပဲ..."
"တကယ်လား..."
ဆရာမကျန်းမှာ သူနှင့် ထပ်မံ ဆွေးနွေးရန် ပြင်ဆင်လိုက်ရာ တခြားမိဘက သူမကို လှမ်းခေါ်သည်ကို ကြားလိုက်ပေသည်။ ထို့နောက် သူမက ဆိုလိုက်သည်။
"လင်းဖေး ဦးလေး... အရင်ဆုံး ဝင်ခဲ့ပါ... အစည်းအဝေးပြီးရင် ကျွန်မတို့ ထပ်ဆွေးနွေးလို့ရပါတယ်..."
"ဟုတ်ကဲ့..."
လင်းလော့ချင်းက ဆိုကာ စာသင်ခန်းထဲသို့ ဝင်လာလေသည်။
ဆရာမကျန်းက ကျောင်းသားများ၏ စားပွဲအသီးသီးတွင် စာမေးပွဲအဆင့်များ တင်ထားပြီးဖြစ်သည်။ လင်းလော့ချင်းက လင်းဖေး၏ ထိုင်ခုံပေါ်တွင်ထိုင်ချလိုက်သောအခါ လင်းဖေးမှာ အမှတ်တကယ်ပင် သူ့၏ စာမေးပွဲများအားလုံးတွင် အမှတ်ပြည့်ရထားသည်ကို တွေ့လိုက်ပေသည်။ အဖြူရောင်နောက်ခံတွင် အနီရဲရဲ ၁၀၀ရာခိုင်နှုန်းမှာ မျက်လုံးထဲ ထင်းနေပေသည်။
လင်းလော့ချင်း ရင်ထဲထိသွားပြီး သူ့၏ နှလုံးသားမှာ ပျော်ရွှင်မှုနှင့် ဝင့်ကြွားမှုကြောင့် ဖောင်းလာပေသည်။
ဤသည်က သူ့၏ ကလေးဖြစ်သည်။ သူဂရုစိုက်ကာ ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ရသည့် ကလေးဖြစ်သည်။ သူက ထမင်းစား,ရေသောက်မည်ဟု ပြောသကဲ့သို့ ဂရုမပြုပဲ ပထမနေရာရမည်ဟု ဆိုခဲ့ပေသည်။ ၄င်းမှာ လင်းဖေးမှာ လုပ်နိုင်စွမ်းရှိ၍ ဖြစ်သည်။ သူက ပထမနေရာရမည်ဟု ဆိုလျှင် ပထမနေရာ ရမည်ဖြစ်သည်။
သူက ဉာဏ်ကြီးရှင်အဖြစ် မွေးလာပြီး တခြားကလေးများထက် အလုပ်ကြိုးစားသည်။ တခြားကလေးများက ဆော့နေစဉ်တွင် လင်းဖေးက စာဖတ်နေတတ်သည်။ တခြားကလေးများက ဟိုဟာလိုချင်သည် ဒီဟာလိုချင်သည်ဟု ပူဆာနေစဉ်တွင် လင်းဖေးက သူ့ကိုယ်ပိုင်စာကြည့်ရန်သာ လိုချင်ပေသည်။ တခြားကလေးများက အဘယ့်ကြောင့် စာကြိုးရမည်လဲဟု ရည်ရွယ်ပြောဆိုနေစဉ်တွင် လင်းဖေးက သူလက်လျော့၍ မရသော အရာမှာ သင်ယူခြင်းနှင့် လေ့လာခြင်း ဖြစ်သည်ကို သိထားပြီး ဖြစ်လေသည်။
သူက အလွန်စောစော ရင့်ကျက်လာပြီး သူဘာလိုချင်သည်လည်း ဆိုသည်ကို ကောင်းကောင်းသိသည်။ ထိုသည်သာမက သူက အလွန်ကောင်းသော မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းလည်း ရှိပြီး အလွန်စည်းကမ်းရှိသည့် အချိန်ဇယားရှိပေသည်။ သူက ယခင်ကဲ့သို့ တောက်ပသော ကြယ်တစ်စင်းဖြစ်သည်မှာ သဘာဝကျပေသည်။ လင်းဖေးက ၄င်းနှင့် ထိုက်တန်လှသည်။
လင်းလော့ချင်းမှာ သူ့အတွက် ဂုဏ်ယူကာ သူ့အတွက် ကျေနပ်နေသည်။
သူကိုယ်တိုင်မှာ အကောင်းဆုံး ဖြစ်တည်မှုဖြစ်၍ ဤကမ္ဘာမှ ပေးအပ်သည့် အရာရာနှင့် အကောင်းဆုံးများနှင့် ထိုက်တန်ပေသည်။
လင်းလော့ချင်းက ပြုံးကာ လင်းဖေး၏ အဖြေလွှာများကို အကြိမ်ကြိမ် ပြန်ကြည့်လိုက်ပြီး ကျိလဲ့ယွီထံသို့ လက်လှမ်းလိုက်သည်။
ကျိလဲ့ယွီမှာ အမှန်တကယ်တွင် လင်းလော့ချင်း ထင်ထားသည်ထက် ကောင်းမွန်နေပြီး အလွန်ကောင်းကောင်း လုပ်နိုင်ခဲ့သည်။
လင်းလော့ချင်းက မူလတွင် ကျိလဲ့ယွီက စာသင်နှစ်အလယ်ကြီးတွင် ကျောင်းပြောင်းလိုက်ရာ သူမရင်းနှီးသေးသည့်အရာများ အများကြီး ရှိနေမည်ကို တွေးမိပေသည်။ ကျိလဲ့ယွီက စာလေ့လာခြင်းကို နှစ်သက်သည့် လူမဟုတ်ခြင်းနှင့် ထပ်ပေါင်းပါက လင်းဖေး၏ အကူအညီနှင့် ဆိုလျှင်ပင် ကျိလဲ့ယွီက အမှတ် ၈၀မှ ၉၀ ကြားရလျှင်ပင် အလွန်ကောင်းသည်ဟု လင်းလော့ချင်း တွက်ချက်မိခဲ့သည်။
ကျိလဲ့ယွီရဲ့ ပျမ်းမျှ ရမှတ်ကာ ၉၅ ပတ်ဝန်းကျင်ရမယ်လို့ ဘယ်သူက ထင်မှာလဲ... ကျိယွီရှောင်မြင်ရင်တော့ သေချာပေါက် ကျေနပ်နေတော့မှာ...
လင်းလော့ချင်းက ၄င်းကို တွေးမိရာ ကျိယွီရှောင်၏ တုံ့ပြန်မှုကို မြင်ရန် မျှော်မှန်းမိနေမိသည်။
ကျိယွီရှောင်၏ ခြေထောက်များသာ ဒဏ်ရာမရနေပါက ကျိယွီရှောင်က ပျော်ရွှင်မှုဖြင့် ခုန်ပေါက်နေလောက်ပေမည် ။
မကြာမီတွင် မိဘများနှင့် အုပ်ထိန်းသူများအားလုံးက စုစည်းလာပြီး သူတို့ကလေးများ၏ သက်ဆိုင်ရာထိုင်ခုံများတွင် ထိုင်လိုက်ကြသည်။
ဆရာမကျန်းက တံခါးကို ပိတ်ကာ မိဘဆရာ တွေ့ဆုံပွဲကို စတင်လိုက်သည်။
လင်းလော့ချင်းသည်လည်း သူ့လက်ထဲမှ အဖြေလွှာစာရွက်များကို အလျင်အမြန်ချကာ ဆရာမပြောစရာရှိသည်ကို စိတ်ရှည်စွာ နားထောင်နေ၏။
အချိန်အကြာကြီး အမှာစကားဆိုပြီးနောက် လင်းလော့ချင်းက ဆရာမကျန်း ဆိုသည်ကို ကြားလိုက်ရသည်။
"ကျွန်မက အတန်းရဲ့ အမှတ်အဆင့်ကို အုပ်စုဖွဲ့ စကားပြောခန်းထဲမှာ ပို့ထားပြီးပါပြီ... မိဘတွေက ကိုယ့်ကလေးရဲ့ အဆင့်ကိုကြည့်ပြီး ကလေးက ဘယ်နေရာမှာရှိနေလဲဆိုတာ ပိုနားလည်အောင် လုပ်ကြပါ..."
ထို့နောက် ဆရာမကျန်းက အဆင့်ကို တင်ပေးလိုက်သည်။
လင်းလော့ချင်းက စကားပြောခန်းထဲသို့ ဝင်လိုက်ပြီးနောက် လင်းဖေး၏ အမည်ကို ထိပ်ဆုံးတွင် တွေ့လိုက်ပေသည်။
ဘာသာတိုင်းတွင် သူ့၏ အမှတ်ပြည့်က မကြာမီတွင် မျက်လုံးထဲထင်းနေပေသည်။ မိဘများနှင့် အုပ်ထိန်းသူများက စတင်ကာ တီးတိုးဆိုလာကြသည်။
"လင်းဖေးက ဘယ်သူလဲ..."
"နှစ်ဝက်စာမေးပွဲတုန်းက သူ့နာမည်ကို မတွေ့ပါဘူး..."
"ဟုတ်တယ်... အရင်တစ်ခေါက်က ပထမရတာ လျောင်ရှောင်ရှောင် မဟုတ်ဘူးလား..."
"လျောင်ရှောင်ရှောင်က ဒီတစ်ခေါက် တတိယရတာ..."
"ဘုရားရေ... တစ်ယောက်ယောက်က ဘယ်လိုလုပ်ပြီး ဘာသာတိုင်းမှာ အမှတ်ပြည့်ရနေတာလဲ... သူတို့က စာစီစာကုံးအတွက်တောင် အမှတ်မလျော့ဘူးလား..."
လင်းလော့ချင်းက သူတို့၏ အံ့အားသင့်မှုများနှင့် မှတ်ချက်များကို နားထောင်ကာ ဂုဏ်ယူဝင့်ကြွားမှုကို ခံစားလာရသည်။ သူက အတန်း၏ အဆင့်ကို ထပ်မံကြည့်လိုက်ပြီးနောက် ကျိလဲ့ယွီကိုလည်း တွေ့လိုက်ရသည်။
ကျိလဲ့ယွီ၏ အဆင့်မှာ အမှန်တွင် အလွန်မြင့်သည်။ သူက တစ်တန်းလုံးတွင် အဆင့်၈ဖြစ်သည်။ လင်းလော့ချင်းက ၄င်းကို အံ့ဩတကြီး အကြိမ်ကြိမ် ကြည့်လိုက်မိသည်။
တော်တယ်... သူ့ရှောင်ယွီက ထင်ထားတဲ့အတိုင်းပဲ... ဝတ္ထုရဲ့ အကြီးဆုံး ဗီလိန် ဖြစ်ထိုက်ပါတယ်... သူနေ့တိုင်း စာကြည့်ရတာ ညည်းညူးတာကို စိတ်ထဲမထားနဲ့... သူက တကယ်ကို တစ်တန်းကျော်ပြီး ကျောင်းပြောင်းရတာတောင် အဆင့် ၈ရတယ်... အထင်ကြီးစရာပဲ...
ဆရာမ ကျန်းက အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။
"အခု လူတိုင်းက ကြည့်ပြီးသွားပြီဆိုရင် ဒီတစ်ခေါက် အတန်းထဲမှာ ဘာသာစုံ အမှတ်ပြည့်ရတဲ့ ကျောင်းသားလင်းဖေးကို တွေ့ကြမယ်လို့ ထင်ပါတယ်... ကျောင်းသားလင်းဖေးက အတန်းထဲမှာလည်း အရမ်းကြိုးစားပြီး သူ့ရဲ့ အုပ်ထိန်းသူပြောတာကတော့ အိမ်မှာလဲ အဲ့လိုပဲတဲ့... အဆင့်ကောင်းကောင်းဆိုတာ မိဘတွေရော ဆရာတွေဆီကပါ အကြောင်းခံလာတယ်ဆိုတာ မြင်နိုင်ပါတယ်... အဲ့ဒါကြောင့်မို့ မိဘတွေက အိမ်မှာလဲ ကလေးတွေကို အရေးကြီးတဲ့အရာတွေ သင်ယူဖို့ တိုက်တွန်းပေးဖို့ မျှော်လင့်ပါတယ်... ကျွန်မတို့က ပထမတန်းပဲ ရှိသေးတယ်ဆိုပေမဲ့ အစကောင်းဆိုတာ ခရီးတစ်ဝက်ပါပဲ... ဒီအချိန်ကို ကျွန်မတို့ လျစ်လျူရှုလို့မရပါဘူး..."
မိဘတွေနဲ့ အုပ်ထိန်းသူများက သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
လင်းလော့ချင်းသည်လည်း ခေါင်းညိတ်ကာ ပါဝင်လိုက်သည်။