Chapter 157
၄င်းမှာ ဆရာမကျန်းက စကားပြောပြီးနောက် ထိပ်ဆုံး ကျောင်းသားသုံးဦးအတွက် တွန်းအားပေးမှုနှင့် ဆုလာဒ်အတွက် ဆုများပေးသည့် အချိန်အထိပင် ဖြစ်သည်။
လင်းလော့ချင်းက စင်မြင့်ထက်သို့သွားကာ ဆရာမကျန်း၏ ဆုလာဒ်ကို လက်ခံသည့်အချိန်တွင် ၄င်းမှာ အလွန်ထူထည်းကာ လှလှပပအလှဆင်ထားသည့် စာအုပ်တစ်အုပ်ဖြစ်သည်ကို သဘောပေါက်သွားလေသည်။
စာအုပ်မှာ အပြာရောင် ကြယ်စုံည ပန်းချီကားတစ်ချပ်ရှိပြီး ခေါင်းစဉ် စာမျက်နှာမှာ [နောက်ဆုံးစာမေးပွဲ၏ ပထမရကျောင်းသား လင်းဖေးအတွက် ဆုလာဒ်]ဟု ရေးသားထားပေသည်။
လင်းလော့ချင်းက ၄င်းကိုဖတ်ကာ အပြုံးတစ်ခုက သူ့မျက်နှာထက်တွင် ဖူးပွင့်လာပေသည်။
"ကျေးဇူးပါ ဆရာမ..."
"ရပါတယ်..."
ထိုအချိန်မှသာ ကျန်သော မိဘများနှင့် အုပ်ထိန်းသူများက ရုတ်တရက်ပေါ်လာသော လင်းဖေး၏ အုပ်ထိန်းသူက မည်သူလဲဆိုသည်ကို တွေ့သွားကြပေသည်။ သူတို့က ကြောင်အသွားလေသည်။
ဒီမိဘက အရမ်းငယ်လွန်းမနေဘူးလား... သူတို့က ဘယ်လောက်ပဲကြည့်ကြည့် ဒီလူကို မိဘတစ်ယောက်အနေနဲ့ မြင်လို့မရဘူး... ကျောင်းသားရဲ့ အစ်ကိုကြီးနဲ့တောင် ပိုတူသေးတယ်...
သူက ချောမောသည်သာမက သူ့ကလေးများကပင် အလွန်အထင်ကြီးစရာကောင်းလှပေသည်။
မနာလိုစရာပဲ...
မနာလိုလိုက်တာ...
တွေ့ဆုံပွဲ ပြီးဆုံးသည့်အခါ မိဘနှင့် အုပ်ထိန်းသူအများအပြားက သူတို့ကလေးများ၏ တိုးတက်မှုနှင့် အတန်းအခြေအနေကို ဆွေးနွေးရန် ဆရာမကျန်းနားတွင် စုပြုံနေကြသည်။
လင်းလော့ချင်းက ၄င်းကိုမြင်ကာ သူ့ထိုင်ခုံတွင် ထိုင်နေလိုက်သည်။ သူသည် မူလတွင် ဆရာမကျန်းက တခြားမိဘများနှင့် စကားပြောပြီးသည်အထိ စောင့်ကာ ကျိလဲ့ယွီနှင့် လင်းဖေးက အတန်းထဲတွင် မည်သို့ဖြစ်သည်ကို မေးမြန်းရန် ရည်ရွယ်ထားသည်ဖြစ်သည်။
သို့သော် သူမလှုပ်ရသေးခင်မှာပင် တခြားသူများက သူ့ဆီသို့ လျှောက်လာကြပေသည်။
"လင်းဖေးအဖေ မင်္ဂလာပါ... ကျွန်မက လျောင်ရှောင်ရှောင်ရဲ့ အမေပါ... ရှင့်ရဲ့ လင်းဖေးက အိမ်မှာ ဘယ်လောက်ကြာကြာ စာဖတ်တာလဲဟင်..."
"သူက ပုံမှန် ဘာတွေ ဖတ်လေ့ရှိလဲ... သူ့စာစီစာကုံးကတောင် အမှတ်ပြည့်ရတာ ကျွန်မတွေ့လိုက်တယ်... သူက ခဏခဏ စာဖတ်တာပဲ ဖြစ်ရမယ်... ဘာအမျိုးအစားတွေဖတ်ဖြစ်လဲ... ရှင် ကျွန်မတို့ကို ပြောပြချင်လားဟင်... ကျွန်မကလေးရဲ့ အမှတ်တွေက အရမ်းဆိုးနေလို့..."
"ကျွန်မတို့ အချင်းချင်း Wechat မှာ အပ်ကြမလား... အဲ့ဒါဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဖို့လဲ ပိုလွယ်သွားမှာ..."
လင်းလော့ချင်း - ...
လင်းလော့ချင်းမှာ သူပထမဆုံး ဝိုင်းအုံခံရသည်မှာ သူကနာမည်ကြီး၍ မဟုတ်ပဲ သူ့တူက အတန်းထဲတွင် နာမည်ကြီး၍ ဖြစ်မည်ဟု မည်သည့်အခါမှ မမျှော်လင့်ထားပါပေ။
ဒါက တကယ့်ကိုပဲ... တူလေးရဲ့အကျိုးအမြတ်တွေရနေတဲ့ ဦးလေးပဲ...
လင်းလော့ချင်းက သူတို့၏ Wechat ကို မအပ်လိုက်ပါပေ။ သူက သူတို့၏ မေးခွန်းများကို အလိုက်အထိုက်သာ ပြန်ဖြေလိုက်သည်။ သို့သော် လင်းဖေးဖတ်သည့် စာအုပ်များမှာ အမှန်တကယ်တွင် အလွန်မခက်ခဲပါပေ။ ဤသို့ဖြင့် သူက မည်သို့ရှင်းပြရမည်ကို မသိတော့ပါချေ။ သူက ပို၍ ဂန္တဝင်ဆန်သည်များကို လက်ဆင့်ကမ်းပေးရန်သာ တတ်နိုင်ပေတော့သည်။
ဆရာမကျန်းက အချိန်ရလာသည့်အခါတွင် လင်းလော့ချင်းရှိနေသည့်နေရာတွင် အရာရာက တိတ်ဆိတ်သွားပြီး ဖြစ်လေသည်။
လင်းလော့ချင်းက သူမက တစ်မနက်လုံးစကားပြောနေသည်ကိုမြင်ကာ စိုးရိမ်မှုဖြင့် ဆိုလိုက်သည်။
"ဆရာမ ကျန်း ရေလေးအရင်သောက်လိုက်ပါဦး... ကျွန်တော်က အလျင်မလိုပါဘူး... ကျွန်တော်တို့ ဖြည်းဖြည်းလုပ်လည်း ရပါတယ်..."
ဆရာမ ကျန်းကိုယ်တိုင်လည်း သူနှင့် စကားပြောလိုပေသည်။ မိဘများနှင့် အုပ်ထိန်းသူများထွက်သွားသည်နှင့် သူမက ချက်ချင်း အလျင်စလိုရောက်လာသည်။
သူမက ရေအနည်းငယ်သောက်ကာ လင်းလော့ချင်းအား ရှင်းမပြတတ်သော ခံစားချက်များဖြင့် ကြည့်လိုက်လေသည်။
လင်းဖေးနှင့် ကျိလဲ့ယွီက ကျောင်းပြောင်းလာသော်လည်း ကျိလဲ့ယွီက ငယ်လွန်းသေးကာ သူတို့က ဤအချိန်ကြီးတွင် သူမ၏ အတန်းထဲသို့ တိုက်ရိုက်ပြောင်းလာသည်မှာ တစ်ဖက်က နောက်ခံ သို့မဟုတ် ပိုက်ဆံ ရှိသည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။
ထိုအချိန်က ကလေးနှစ်ယောက်အား မည်မျှတော်သည်ဖြစ်ကြောင်း၊ မည်မျှပင် အပြုအမူကောင်းသည်ဖြစ်ကြောင်း ကျိယွီရှောင်က ချီးကျူးပါစေ သူမက မှန်ကန်သည့် လေသံဖြင့် ဝတ်ကျေတမ်းကျေသာ တုံ့ပြန်ခဲ့သည်။ သို့သော် စိတ်ထဲတွင် ဆရာမကျန်းက ကလေးနှစ်ယောက်က သူတို့၏ နောက်ခံကြောင့် ရှုပ်ထွေးမှုတစ်ခုဖြစ်မည်ကို ကြောက်ရွံ့ကာ စိုးရိမ်နေခဲ့မိသည်။
ဆရာမ ကျန်းက ကလေးနှစ်ယောက်ကို ကျောင်းပြောင်းလာသည့် အပတ်ထဲတွင် အနီးကပ် အာရုံစိုက်ခဲ့သည်။ ထို့အပတ်အတွင်း၌ သူမက လင်းဖေးကို ပို၍ အာရုံမစိုက်ပဲ မနေနိုင်ပါချေ။
ကျိလဲ့ယွီမှာ တခြားကလေးအများစုကဲ့သို့ တက်ကြွ၊ စွမ်းအားပြည့်ကာ ချစ်စဖွယ်ကောင်းပြီး စဉ်းစားတတ်ပေသည်။ သူက မကြာမီတွင် ကစားကာ သူ့၏အတန်းဖော်များနှင့် ကောင်းကောင်း ရောနှောနိုင်သည်။
ကျိလဲ့ယွီက မငိုသလို ပြဿနာမရှာပါပေ။ သူက အလွန် အပြုအမူကောင်းပြီး လှပသော ကောင်ငယ်လေးဖြစ်သည်။ အတန်းထဲရှိ ယောက်ျားလေးများနှင့် မိန်းကလေးများ အားလုံက သူ့ကိုကြိုက်ကြပြီး ဆရာမ ကျန်းပင် သူ့ကို မချစ်ပဲ မနေနိုင်ကြချေ။
သို့သော် လင်းဖေးက မတူပါပေ။ သူ့၏ ခြားနားချက်မှာ သိသာပြီး ထင်ရှားလှသည်။ ၄င်းက ဆရာမကျန်း သင်ပေးနေသည့် ယခုအတန်းနှင့်ပင် မဟုတ် ဆရာမကျန်း မသင်ဖူးသည့် ကျောင်းသားများအားလုံးနှင့်ပင် ခြားနားပေသည်။
သူက တခြားကလေးများနှင့် မဆက်ဆံသလို ကစားလည်းမကစားဘဲ အမြဲတမ်း ထိုင်ခုံတွင်ထိုင်ကာ စာအုပ်ဖတ်နေသည်။
စိတ်ဝင်စားမှု၊ စိုးရိမ်မှုနှင့် လင်းဖေးက သူ့စာအုပ်များကို မည်မျှနှစ်သက်သည်ကို သတိပြုမိရာ ဆရာမကျန်းက သူမဖတ်သင့်သည်များကို ဖတ်နေမည်ကိုပင် စိုးရိမ်ခဲ့သည်။ သို့သော် သူမလျှောက်သွားသည့်အခါ လင်းဖေးက ဂန္တဝင်စာအုပ်ဟောင်းတစ်၏ ကလေးများအတွက် စာအုပ်ကို ဖတ်နေခြင်းဖြစ်သည်ကို တွေ့လိုက်ရသည်။
သူက အလွန်တိတ်ဆိတ်ကာ တစ်ခါတစ်ရံ စာမဖတ်သည့်အခါတွင် အိမ်စာများလုပ်နေပေသည်။
သူ့လက်ရေးသည်လည်း အလွန်လှပသည်။ ၄င်းက ဖြောင့်မတ် သေသပ်ကာ ပြေပြစ်လှပေသည်။ သူ့အရွယ် တခြားကျောင်းသားများနှင့် နှိုင်းယှဉ်ပါက ကွာခြားမှုမှာ မိုးနှင့် မြေကဲ့သို့ ဖြစ်သည်။
ဆရာမကျန်းက မည်မျှပင် ကြည့်ပါစေ လင်းဖေးက သူ့အရွယ် ကလေးတစ်ယောက်နှင့် မတူဟု မတွေးပဲ မနေနိုင်ပါချေ။
သူ့အရွယ် ကလေးအများစုမှာ သင်ယူလေ့လာရသည်က မည်မျှအရေးကြီးသည်ဟူသော သဘောတရားကို မသိကြပါပေ။ သူတို့က မိဘဆရာများ၏ အုပ်ထိန်းမှု လိုအပ်ပေသည်။ သို့သော် လင်းဖေးက အလွန်အမှီအခိုကင်းကာ စည်းကမ်းရှိပြီ သူကိူယ်တိုင်က ၄င်းကိုနှစ်ခြိုက်နေခြင်းဖြစ်သည်။
ဆရာမကျန်းက ထိုအချိန်ကတည်းက ဤကလေးမှာ စာမေးပွဲတွင် အမှတ်အလွန်ကောင်းမည်ကို သိပေသည်။
သူ့၏ ပထမဆုံးစာမေးပွဲဖြစ်သည့် ဖိုင်နယ်စာမေးပွဲတွင်ပင် လင်းဖေးက လျောင်ရှောင်ရှောင်ကို အောင်အောင်မြင်မြင်ကျော်ကာ အတန်းထဲတွင် ပထမနေရာရခဲ့ပေသည်။
ပထမရသည်မှာ အသစ်အဆန်း မဟုတ်ပါပေ။ မည်သို့ပင်ဆိုစေ အတန်းတိုင်းတွင် ပထမရသူ ရှိပေသည်။ သို့သော် ထူးခြားသည်မှာ ဘာသာရပ်တိုင်းတွင် အမှတ်ပြည့်ရခြင်း ဖြစ်၏ ။
ဤသည်က ကျောင်းသား၏ အခြေခံနှင့် ဗဟုသုတကို အတည်ပြုပေးရုံသာမက ကျောင်းသားက မည်မျှ အသေးစိတ်ကာ ဂရုစိုက်သည်ကို ပြသပေသည်။ သို့မဟုတ်ပဲ အာရုံစိုက်မှု အနည်းငယ်ပင် ပျက်ပြားသွားကာပါ ဤအမှတ်ရရန် မဖြစ်နိုင်ပါပေ။
"လင်းဖေးအတွက်က စာလေ့လာတာနဲ့ ပတ်သတ်ရင် ဘာမှ စိုးရိမ်စရာရှိတယ်လို့ ကျွန်မ မထင်ဘူး... ကျွန်မစိုးရိမ်မိတာက သူက သူ့ရဲ့ သက်တူရွယ်တူ အပေါင်းအဖော်တွေနဲ့ ရောနှောဆက်ဆံနိုင်ရဲ့လားဆိုတာပဲ... သူက ကျိလဲ့ယွီလိုမျိုး ရွှင်ရွှင်ပျပျနေပြီး သူငယ်ချင်းဖွဲ့သင့်တယ်မဟုတ်လား..."
"ရှောင်ယွီက သူ့သူငယ်ချင်းပါပဲ..."
"ဒါပေမဲ့ သူက သူငယ်ချင်းတစ်ယောက်ပဲ ထားနေလို့မရဘူးလေ..."
ဆရာမကျန်းက အသံတိုးတိုးဖြင့် ဆိုလိုက်သည်။
လင်းလော့ချင်းက ပြုံးကာ ခပ်ဖွဖွဆိုလိုက်သည်။
"လူတိုင်းက သူငယ်ချင်းတွေ အများကြီး ရှိရမယ်လို့ ဘယ်သူကမှ မပြောထားပါဘူး... ကျွန်တော်တို့ သူလိုနေတယ်လို့ထင်တဲ့အရာက ကျွန်တော်တို့ လိုနေတာရဲ့ ရောင်ပြန်တစ်ခါပါပဲ... ဒါပေမဲ့ သူကိုယ်တိုင်ကတော့ သူဘာလိုလဲဆိုတာကို အရှင်းလင်းဆုံး အသိဆုံးပါ..."
"အဲ့တော့ သူ့အတွက်ကို သူကိုယ်တိုင်ပဲ ဆုံးဖြတ်ပါစေ... သူက သူငယ်ချင်းလိုတယ်လို့ထင်ရင် သူ့ကို သူငယ်ချင်း ဖွဲ့ခွင့်ပေးလိုက်ပါ... သူမလိုဘူးဆိုရင်တော့ လင်းဖေးမှာ သူ့ကိုယ်ပိုင် ကမ္ဘာလေးရှိပါတယ်... ကျွန်တော်တို့က သူ့ထက်ကြီးတာနဲ့ပဲ သူ့ကို တွန်းအားပေးလို့မရဘူးလေ ဟုတ်တယ်မလား..."
ဆရာမကျန်းက လင်းလော့ချင်းပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားရပေသည်။
"အဲ့ဒါဆိုရင်တော့ တကယ်ကို ပြောစရာမရှိတော့ပါဘူး... ကလေးနှစ်ယောက်လုံးက အပြုအမူကောင်းကြပြီး တော်ကြပါတယ်... ရိုးရိုးသားသားပြောရရင်တော့ လင်းဖေးလို လူတစ်ယောက်နဲ့ဆိုရင် ကျွန်မက ဆရာတစ်ယောက်အနေနဲ့တောင် ကြည့်ကြပ်ပေးစရာမလိုပါဘူး... သူက အရမ်းစည်းကမ်းရှိတယ်..."
"တကယ်ပါပဲ..."
လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။
"အတန်းထဲက လူတွေက သူ့ကို အနိုင်ကျင့်သေးလား..."
"မကျင့်ပါဘူး... အဲ့အပြင် ကျိလဲ့ယွီက အတန်းထဲမှာ အရမ်းနာမည်ကြီးပါတယ်... တကယ်တော့ နှစ်ယောက်လုံးပါပဲ... သူတို့နှစ်ယောက်က ညီအစ်ကိုတွေဆိုပေမဲ့ အကျင့်စရိုက်ကတော့ အတော်လေး ကွဲပြားကြတယ်..."
လင်းလော့ချင်းက ရယ်မောကာ သူမကို အသေးစိတ် ရှင်းမပြလိုက်တော့ပါပေ။ သူမနှင့် အနည်းငယ် ထပ်စကားပြောကာ လင်းဖေးနှင့် ကျိလဲ့ယွီတို့ နှစ်ယောက်စလုံးမှာ စာလေ့လာခြင်းတွင် လိမ္မာသည်ကို အတည်ပြုပြီးနောက် လင်းလော့ချင်းက ဆရာမကို နှုတ်ဆက်ကာ ထွက်လာခဲ့သည်။
ကျိယွီရှောင်က သူ့ကို ကျောင်းအပြင်တွင် စောင့်နေပေသည်။
လင်းလော့ချင်းက စာမေးပွဲစာရွက်များ၊ လင်းဖေး၏ ဆုများနှင့် ကားပေါ်တက်လိုက်သည်။ သူ့မျက်နှာက ကွယ်ဝှက်မရသော အပြုံးတစ်ခုကို ဆင်မြန်းထားပေသည်။
"ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ်... လင်းဖေး အဆင့်ဘယ်လောက်ရလဲ မှန်းကြည့်..."
"ပထမ..."
ကျိယွီရှောင်က တွေးပင် မတွေးပါချေ။
"မင်း တော်တယ်..."
"အဓိပ္ပာယ်မရှိတာတွေ..."
ကျိယွီရှောင်က လင်းလော့ချင်းမျက်နှာပေါ်မှ အပြုံးကို ကြည့်လိုက်သည်။
"သူသာပထမမရရင် မင်းက အခုလိုမျိုး ဖြစ်နေပါ့မလား... မင်းက သူ့အဆင့်ကို ဘယ်လိုမျိုး ပထမပြောင်းပေးရမလဲ တွေးနေလောက်မှာပေါ့..."
လင်းလော့ချင်း - ...သူက လင်းဖေးကို အဲ့လောက်ထိတော့ အလိုမလိုက်ပါဘူး... ဟုတ်တယ်မလား...
"အဲ့ဒါဆို ရှောင်ယွီကရော..."
"မင်းကို ကြည့်ရသလောက်ဆိုရင် အဲ့ဒါက အဆင်ပြေလောက်ပါတယ်..."
ကျိယွီရှောင်က အနည်းငယ် တွေးတောပြီးပြောလိုက်သည်။
"၂၅လား..."
လင်းလော့ချင်းက ခေါင်းခါလိုက်သည်။
"၂၀..."
လင်းလော့ချင်းက ဆက်လက်၍ ခေါင်းခါလိုက်သည်။
ကျိယွီရှောင်က မယုံနိုင်ဖြစ်သွားလေသည်။
"ထိပ်ဆုံး ၁၀ယောက်ထဲမှာတော့ မဖြစ်နိုင်ပါဘူး... သူက အတန်းရဲ့ သင်ရိုးတစ်ဝက်ကို မသင်ရသေးဘူးလေ..."
"မှန်းကြည့်..."
"၁၅... အဲ့ထက်တော့ မမြင့်လောက်ပါဘူး..."
လင်းလော့ချင်းက ခေါင်းခါနေဆဲ ဖြစ်သည်။
ကျိယွီရှောင်က မယုံနိုင်ဖြစ်နေလေသည်။
"သူက တကယ်ကြီး ထိပ်ဆုံး၁၀ယောက်ထဲမှာလို့တော့ ငါ့ကို မပြောနဲ့နော်... စာကြည့်တဲ့အပေါ် စိတ်ထားနဲ့ဆိုရင် သူက မူကြိုကလေးတစ်ယောက်ပဲ ရှိသေးတာ..."
"သေချာပေါက် မဟုတ်ဘူးပေါ့..."
လင်းလော့ချင်းက အသံတိုးတိုးဖြင့် ဆိုလိုက်သည်။
ကျိယွီရှောင်က သက်ပြင်းချလိုက်ပေသည်။
"ငါ့ကို အသေခြောက်နေတာပဲ... ငါက အဲ့ဒါမဖြစ်နိုင်ဘူးလို့ ပြောခဲ့တာလေ..."
"သူက ၈ ရတယ်..."
လင်းလော့ချင်းက သူ့နားကပ်ကာ တီးတိုးဆိုလိုက်သည်။
ကျိယွီရှောင်က ခေါင်းညိတ်ပြလိုက်သည်။
"၈..... ၈က မဆိုးပါဘူး... ငါပြောချင်တာက ထိပ်ဆုံး ၁၀ယောက်ကတော့ သူ့စိတ်နဲ့ မဖြစ်နိုင်..."
"သူအဆင့်ဘယ်လောက်ရတာ..."
ကျိယွီရှောင်က နောက်ဆုံးတွင် တုံ့ပြန်လာလေသည်။
"ဘာကြီး... ၈... ၈၀ မဟုတ်ဘူးဆိုတာ သေချာတယ်နော်..."
၈၀က ၈ထက်ပိုပြီး ယုံချင်စရာကောင်းတယ်... ဟုတ်တယ်မလား...
လင်းလော့ချင်းက သူ့အထိတ်တလန့် ဖြစ်မည်ကို သိကာ ချက်ချင်း ရယ်မောလိုက်သည်။
"ရှောင်ယွီကို အထင်သေးလို့ မင်းကို သင်ခန်းစာပေးရမယ်... ငါတို့ ရှောင်ယွီက အဆင့်၈ရတယ်... သူက မူကြိုကလေးဆိုတော့ရော ဘာဖြစ်လဲ... ငါတို့ကလေးကို ဘယ်သူက အရမ်း ဉာဏ်ကောင်းခွင့်ပြုထားတာလဲ..."
ကျိယွီရှောင် - ...
ကျိယွီရှောင်က သူ့ကို ကြည့်က်သည်။
"မင်း ငါ့ခြေထောက်ကို ဆွဲဆိတ်ကြည့်ပါလား..."
"ဘာလို့လဲ... အိပ်မက်မဟုတ်တာ သေချာေအာင်လား..."
ကျိယွီရှောင်က ခေါင်းခါလိုက်သည်။
"သူ့ရဲ့ အဲ့မူကြိုအဆင့်နဲ့ သူက တကယ်ကြီး အဆင့် ၈ရနိုင်ရင် အဲ့ဒါက အံ့ဖွယ်လို့ ငါထင်တယ်... ငါလည်း အခု မတ်တပ်ထရပ်နေနိုင်သင့်တယ်.."
လင်းလော့ချင်းက ရယ်မောလိုက်သည်။
"မင်းက ဘာလို့ အရမ်းချစ်စရာကောင်းနေရတာလဲ..."
"ဘာပဲဖြစ်ဖြစ်..."
လင်းလော့ချင်းက ရှေ့တိုးကာ သူ့ကို ပြုံးပြလိုက်သည်။
"ဖေးဖေးက ပထမရတယ်ဆိုတော့ အနည်းဆုံးတော့ ရှောင်ယွီရဲ့ ဆုတောင်းတစ်ခု တကယ်ဖြစ်လာပြီပေါ့... ကျန်တာတွေလည်း ဖြစ်လာနိုင်တာပဲ..."
--ကျိယွီရှောင်က သေချာပေါက် ထပ်ပြီး မတ်တပ်ရပ်နိုင်မှာပါ...
ကျိယွီရှောင်က ရယ်ကာ ပြောလိုက်သည်။
"အင်း..."