Chapter 158
လင်းဖေးနှင့် ကျိလဲ့ယွီက ညစာစားပြီးနောက် ညနေခင်းတစ်ရေးမအိပ်ပါချေ။ ထိုအစား သူတို့က လင်းလော့ချင်းနှင့် ကျိယွီရှောင် အိမ်ပြန်လာသည်ကို စောင့်နေကြသည်။
ကျိလဲ့ယွီက ဆိုဖာပေါ်တွင် ထိုင်ကာ TVကြည့်နေပြီး သူ့မျက်လုံးများက တစ်ခါတစ်ရံ ပြတင်းပေါက်အပြင်သို့ ငေးကြည့်နေသည်။
ဤသည်က အကြိမ်ကြိမ်ဖြစ်ပြီးသည့်တိုင် လင်းလော့ချင်းနှင့် ကျိယွီရှောင်ကို အတန်ကြာအောင် မတွေ့ရပါပေ။
"သူတို့က ဘယ်လိုလုပ်ပြီး အခုထိ အိမ်ပြန်မလာကြသေးတာလဲ..."
ကျိလဲ့ယွီက လင်းဖေးကို စိတ်ရှုပ်ထွေးစွာ လှမ်းကြည့်လိုက်သည်။
လင်းဖေးက ခေါင်းခါပြလိုက်သည်။
"ငါလဲ မသိဘူး..."
"မူလတန်းကျောင်း မိဘဆရာတွေ့ဆုံပွဲက ဒီလောက်တောင် ကြာတာလား..."
သူမူကြိုတုန်းက လုပ်ခဲ့တဲ့ မိဘဆရာတွေ့ဆုံပွဲတွေက ဒီလောက်မကြာပါဘူး...
လင်းဖေးက ၄င်းကို တွေးလိုက်သော်လည်း သူ့ကိုယ်သူ မည်သည်ကိုမှ တွေးမရပါပေ။ မည်သို့ပင်ဆိုစေ လင်းလော့ချင်းမှာ သူ့၏ နှစ်ဝက်စာမေးပွဲ မိဘဆရာ တွေ့ဆုံပွဲသို့ မည်သည့်အခါမှ မသွားခဲ့ပေ။ မူလတန်းကျောင်း မိဘဆရာတွေ့ဆုံပွဲများက ဤမျှအထိကြာသည်မှာ ဖြစ်နိုင်သည်။
သူက စတော်ဘယ်ရီတစ်လုံးကိုယူကာ ကျိလဲ့ယွီပါးစပ်ထဲသို့ ထည့်ပေးလိုက်ပြီး TV ဆက်ကြည့်နေလိုက်သည်။
အတန်ကြာပြီးနောက်ဆုံးတွင် အရှေ့တံခါးတွင် လှုပ်ရှားမှုတစ်ချို့ ရှိလာပေသည်။ ကျိလဲ့ယွီက အလျင်အမြန် လည်ဆန့်ကာ လှမ်းကြည့်ပြီးနောက် ထရပ်လိုက်သည်။ သူကပျော်ရွှင်စွာ ပြေးသွားလိုက်သည်။
"ပါးပါး ပြန်လာပြီ..."
လင်းလော့ချင်းက ကျိလဲ့ယွီ၏ အသံစာစာလေးကို ကြားချိန်တွင် သူ့၏ ရှူးဖိနပ်ပင် မလဲရသေးပါပေ။ သူက ကျိလဲ့ယွီက အတန်ပင် စိတ်အားထက်သန်နေသည်ဟု ခံစားလိုက်ရသည်။
သူက ရှူးဖိနပ်ကို အလျင်အမြန် လဲလိုက်ကာ သူ့ဆီသို့ အချိန်ကိုက်ပြေးဝင်လာသော ကျိလဲ့ယွီကို ဖမ်းလိုက်ပြီး သူ့မျက်နှာကို နမ်းလိုက်လေသည်။
"ရှောင်ယွီက အရမ်းအထင်ကြီးစရာကောင်းပြီး စာမေးပွဲကို ကောင်းကောင်းဖြေခဲ့တာပဲ..."
"တကယ်လား..."
ကျိလဲ့ယွီက သူ့ကို အပြုံးတစ်ခုနှင့် မေးလိုက်သည်။
သူ့အသံထဲတွင် စိတ်ရှုပ်ထွေးခြင်းနှင့် သံသယများရှိနေသော်လည်း ကျိလဲ့ယွီက မျှော်လင့်ထားသကဲ့သို့ သူ့အမူအရာထဲတွင် အံ့အားသင့်ခြင်းနှင့် ထိတ်လန့်ခြင်းများစွာ မရှိပါပေ။
လင်းလော့ချင်းက သူ့၏ မျက်နှာလေးကို ထိလိုက်ပေသည်။
"ဒီတစ်ခေါက် သားက ကောင်းကောင်းလုပ်ခဲ့တယ်ဆိုတာ ခန့်မှန်းထားပြီးသားလား..."
"သားက အဲ့ပုစ္ဆာတွေအကုန်လုံးကို သိတယ်..."
ကျိလဲ့ယွီက သူ့လည်ပင်အား အသာအယာ ပွတ်လိုက်သည်။
"ကိုကိုက သားကို သင်ပေးထားတာ..."
"တော်လိုက်တာ..."
လင်းလော့ချင်းက သူ့မျက်နှာပေါ်သို့ ထပ်မံနမ်းလိုက်သည်။
ကျိလဲ့ယွီက အလွန်ပျော်နေပြီး သူ့မျက်လုံးများက လခြင်းကွေးအဖြစ် ကွေးတက်သွားလေသည်။
ကျိယွီရှောင်က ကြည့်နေရင်း ကျေးဇူးတင်မှုနှင့် ပျော်ရွှင်မှုကို ခံစားရပေသည်။
သူက ကျိလဲ့ယွီ၏ အဆင့်အား အလွန် အရေးမထားချေ။ဤအရွယ်ကလေးအများစုက စာသင်ခြင်းကို မနှစ်ခြိုက်သည်အား လက်ခံကာ အနာဂတ်တွင်မှ စတင်စာလေ့လာလျှင် အလွန်နောက်မကျသေးဟု လက်ခံထားသော်လည်း ကျိလဲ့ယွီက သူ့ကလေး ဖြစ်နေဆဲပင်။ ယခုတွင် ကျိလဲ့ယွီက ကောင်းကောင်းလုပ်နိုင်ရာ သူက မပျော်ရွှင်ကာ မကျေနပ်ဖြစ်ရန်မှာ မဖြစ်နိုင်ပါပေ။ သူ့အကြည့်ကပင် ပို၍ ညင်သာလာပေသည်။
လင်းလော့ချင်းက ကျိလဲ့ယွီကို ချီကာ ဆိုဖာဆီသို့ သွားလိုက်သည်။ လင်းဖေးက ထိုနေရာတွင် ထိုင်နေဆဲဖြစ်ကာ ကျိလဲ့ယွီ၏ တက်ကြွသော ကြိုဆိုမှုနှင့် ဆန့်ကျင်စွာ ကွဲလွဲချက်တစ်ခုကို ထောက်ပံ့နေဆဲ ဖြစ်သည်။ လင်းဖေးက လှိုင်းမရှိသည့် ရေကဲ့သို့ အလွန်တည်ငြိမ်ကာ စိတ်ဝင်စားမှု မရှိပုံရပေသည်။
သို့ဖြစ်၍ လင်းဖေးက မကြာခဏ တခြားသူများ၏ ကျော်သွားခြင်းကို ခံရသည်။
သို့သော် လင်းလော့ချင်းက သူ့ကို မည်သည့်အခါမှ လျစ်လျူရှုမည် မဟုတ်ချေ။
လင်းလော့ချင်းက ကျိလဲ့ယွီကို ဆိုဖာပေါ်တွင် တင်လိုက်ပြီးနောက် လင်းဖေးကို ကြည့်လိုက်သည်။
လင်းဖေးက စိတ်ရှုပ်ထွေးသွားလေသည်။
"ဘာလဲ..."
"ဖေးဖေး ဒီတစ်ခေါက် သားအမှတ် ဘယ်လောက်ရလဲ မှန်းကြည့်ချင်လား..."
လင်းလော့ချင်းက တမင်သက်သက် လျှို့ဝှက်ချင်ယောင်ဆောင်လိုက်သည်။
ကျိလဲ့ယွီက လက်မြှောက်လိုက်သည်။
"သူက ပထမပဲ ဖြစ်ရမယ်..."
လင်းဖေးက အမူအရာမဲ့နေလေသည်။
"အင်း..."
လင်းလော့ချင်း - ...
"မင်းက ပျော်ပျော်လေး အံ့အားသင့်လိုက်လို့ မရဘူးလား..."
လင်းဖေး - ...
"ကျွန်တော်က ခဏလောက် ပျော်ပျော်လေး အံ့အားသင့်လိုက်သင့်တာလား..."
သူက စိတ်ရှုပ်ထွေးစွာ ဆိုလိုက်သည်။
ကျိယွီရှောင်က ရယ်လိုက်သည်။
"မလိုပါဘူး... ငါတို့ ဖေးဖေးက အရမ်းတော်တာ... ပထမရတာ သဘာဝပါပဲ... ဘာလို့ အံ့ဩရမှာလဲ..."
လင်းဖေး - အင်း...
လင်းလော့ချင်းက ရွှင်မြူးကာ "မင်းပြောသမျှ မှန်တယ်"ဟူသော သူ့အမူအရာကို ရယ်လိုက်လေသည်။ သူက လင်းဖေး၏ ပါးကို ဆွဲဆိတ်လိုက်သည်။
"သားက ပထမရတာတင်မဟုတ်ဘူး... စာမေးပွဲအားလုံးမှာ အမှတ်ပြည့်ရတယ်... မင်းတစ်ယောက်တည်းပဲ... တခြားဘယ်ကျောင်းသားမှ မလုပ်နိုင်ဘူး... မင်းအရမ်းကို ကောင်းကောင်းလုပ်ခဲ့တာပဲ.... အရမ်းအထင်ကြီးစရာကောင်းတယ်..."
ထို့နောက် လင်းလော့ချင်းက လင်းဖေး၏ မျက်နှာနုနုကို မထိပဲ မနေနိုင်ပေ။
လင်းဖေးက မျက်နှာ နီလာသည်အထိ အထိခံလိုက်ရသည်။ သူ့၏ အေးစက်သော စိတ်ထားကြောင့် အမြဲလိုလို ချောမောကာ သီးသန့်ဆန်သည့် သူ့မျက်နှာလေးမှာ ရှင်းမပြတတ်အောင် နူးညံ့ကာ ချစ်စဖွယ် သံစဥ်တစ်ခု ရရှိနေပေသည်။
သူက "အိုး..."ဟုဆိုလိုက်သော်လည်း အလွန် စိတ်မဝင်စာပုံလည်း ရသည်။
ကျိလဲ့ယွီကမူ အလွန်ပူးပေါင်းတတ်ကာ တုံ့ဆိုင်းခြင်းမရှိ ချီးကျူးလာပေသည်။
"ကိုကိုက အကောင်းဆုံးပဲ..."
"ဒါပေါ့... ဆရာမကတောင် သားကိုကိုကို ချီးကျူးလိုက်တာ... တခြားကလေးတွေရဲ့ မိဘတွေကတောင် သားပါးပါးကို သားကိုကို အိမ်မှာ ဘယ်လို စာလေ့လာလဲ လာမေးကြတယ်... သူတို့က သူတို့ကလေးတွေကို သားကိုကိုနဲ့ စာကြည့်စေချင်ကြတာလေ... သား ဘယ်လောက်တောင် ကံကောင်းလဲ ကြည့်ပါဦး... နောက်ဆို ကိုကိုလဲအတူ လိမ်လိမ်မာမာ စာကြည့်ရမယ်နော်... ဟုတ်ပြီလား..."
ကျိယွီရှောင်က ကျိလဲ့ယွီကို ဆုံးမလိုက်သည်။
ကျိလဲ့ယွီမှာ တခြားမိဘများနှင့် အုပ်ထိန်းသူများက သူတို့ကလေးများကို လင်းဖေးနှင့် စာကြည့်စေလိုသည်ဟု ကြားသောအခါ သူက ချက်ချင်း မကျေမနပ်ဖြစ်သွားလေသည်။ သူက လင်းဖေးကို အလျင်အမြန်ဖက်ကာ နှုတ်ခမ်းဆူလိုက်သည်။
"မရပါဘူး... မလိုချင်ဘူး... ဖေးဖေးက သူတို့နဲ့ စာမလုပ်ရဘူး..."
"ဟုတ်ပါပြီ... ဟုတ်ပါပြီ..."
လင်းလော့ချင်းက သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။
"ဖေးဖေးက သားနဲ့ပဲ စာလုပ်မှာပါ... ဟုတ်ပြီလား..."
ကျိလဲ့ယွီက ခေါင်းညိတ်ပြလိုက်သည်။
"အင်းအင်း..."
ထို့နောက် သူက ပျော်ရွှင်စွာနှင့် လင်းဖေးကို ခေါင်းမှီထားလိုက်သည်။ သူတို့နှစ်ဦးက နီးကပ်ကာ ကျွမ်းဝင်သော ဆက်ဆံရေးတစ်ခု၏ ပြီးပြည့်စုံသော ပုံရိပ်ကို ခြယ်သနေကြပေသည်။
လင်းလော့ချင်းနှင့် ကျိယွီရှောင်တို့က ကြည့်ကာ ရယ်မောလိုက်သည်။
သူတို့နှစ်ဦးက ကလေးနှစ်ယောက်မှာ မစားရသေးသည်ကို သိကာ အလျင်စလိုဖြစ်သွားကြသည်။ အန်တီကျန်းက သူတို့ကို အစားအသောက်များ ပြင်ဆင်ပေးလိုက်သည်။ သူမက သူတို့ အိမ်ပြန်လာသည်ကို မြင်သောအခါ အစားအသောက်များချမပေးမီ အလျင်အမြန် ပြန်နွေးထားပေသည်။
လင်းလော့ချင်းမှာ စားရန် အလျင်မလိုပါပေ။ ထိုအစား သူက ဆရာမကျန်းက လင်းဖေးအား အထူးဆုပေးထားသည့် စာအုပ်နှင့် အဖြေလွှာ စာရွက်များကို ထုတ်လိုက်သည်။
"ဒီမှာ ဒါက လင်းဖေးရဲ့ အဖြေလွှာ စာရွက်တွေနဲ့ ဒါက ရှောင်ယွီဟာတွေ... ပြီးတော့ ဒါက..."
သူက လင်းဖေးကို စာအုပ်ကမ်းပေးကာ စာအုပ်အဖုံးကို ဖွင့်ပြီး အတွင်းတွင်ရေးထားသော စာကြောင်းကို ပြသလိုက်သည်။
"ဆရာမကျန်းက မင်းဒီလိုမျိုးဆက်ပြီး ကောင်းကောင်းလုပ်ဖို့ မျှော်လင့်ပြီး မင်းအတွက် ဆုအနေနဲ့ အထူးပြင်ဆင်ပေးထားတာ...
လင်းဖေးက ဂရုမစိုက်ဟန်ဖြင့် ဆိုလေသည်။
"အိုး..."
"နောက်တစ်ခါ ရှောင်ယွီက ထိပ်ဆုံး သုံးယောက်ထဲမှာ ဝင်ရင် သားလဲ လက်ဆောင်ရမှာ..."
လင်းလော့ချင်းက အားပေးလိုက်သည်။
"ထိပ်ဆုံး သုံးယောက်လုံးက ဆုရကြတယ်လေ..."
ကျိလဲ့ယွီ - ...
ကျိလဲ့ယွီမှာ သူ့တွင် မည်သို့ဆိုဆို လုပ်စရာအလွန်များနေပြီဟု ခံစားလိုက်ရသည်။ သူက ထိုဆုများအတွက် တခြားကျောင်းသားများနှင့် မပြိုင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။
သူက ချိုသာစွာ ပြုံးလိုက်ပြီး စိတ်ထဲရှိအရာများကို သူ့၏ အပြုံးချိုချိုနှင့် ဖုံးကွယ်ရန် ပြင်ဆင်လိုက်သည်။
ကျိယွီရှောင်က ရယ်ရမည်လား ငိုရမည်လားပင် မသိပါပေ။ သူက ကျိလဲ့ယွီမှာ ကလေးဆန်ကာ ပါးနပ်သော ကလေးတစ်ယောက် ဖြစ်နေဆဲဟု တွေးလိုက်မိသည်။
အတော်လေးကို ချစ်ဖို့ကောင်းတယ်...
သူက ကျိလဲ့ယွီကို ပေါင်ပေါ်သို့တင်ကာ သူ့မျက်နှာကို နမ်းလိုက်သည်။ ကျိယွီရှောင်က သူ့အစ်ကိုသာ ဤနေရာတွင် ရှိနေဆဲ ဖြစ်ကာ ကျိလဲ့ယွီ၏ အဆင့်များကို မြင်နိုင်ပါက ကျိယွီလင်းမှာ သေချာပေါက် ပျော်ရွှင်မည်ဟု တွေးမိသည်။ သူက သူ့အမူအရာမည်သို့ဖြစ်မည်ကို စိတ်ကူးကြည့်ရန် ကြိုးစားလိုက်သည်။
ကျိလဲ့ယွီက သူ့၏ အနမ်းခံရပြီး ရင်ထဲတွင် ချိုမြိန်သည်ဟု ခံစားရပေသည်။ သူက မေးလိုက်လေသည်။
"ဒယ်ဒီ... အဲ့ဒါက သားတို့အားလုံး ရုပ်ရှင်အတူတူ ကြည့်လို့ရတယ်လို့ ဆိုလိုတာလား..."
"ဒါပေါ့..."
ကျိယွီရှောင်က ဆိုလိုက်သည်။
"ဒါပေမဲ့ ဒီတစ်ခေါက် ပထမရတာ သားကိုကိုလေ... တို့အားလုံးက သူ့အကျိုးဆီကနေ အမြတ်ထုတ်နေတာ... အဲ့တော့ သားကိုကို ရွေးတာကို ကြည့်ကြမယ်..."
လင်းဖေးက ၄င်းကိုကြားရာ ကြောင်အသွားလေသည်။ သူက ထိုကိစ္စများကို ဂရုမစိုက်ကာ သူဘာကြည့်ချင်သည်ကို ရွေးရမည်ထက် ယနေ့နာမည်ကြီး ရုပ်ရှင်များကိုပင် မသိပါပေ။
သူက လင်းလော့ချင်းကို လှမ်းကြည့်ကာ လင်းလော့ချင်း ဤရက်ပိုင်းတွင် ဘာကြည့်ချင်နေသည်ကို တွေးတောနေသည်။
လင်းလော့ချင်းက လင်းဖေးကို ဖက်ကာ သူ့မျက်နှာကို နမ်းလိုက်သည်။
"အလျင်မလိုပါဘူး... သားအချိန်ယူပြီး စဉ်းစားလို့ရတယ်... ဘာပဲဖြစ်ဖြစ် သားက နားရက်ရထားတာဆိုတော့ အချိန်တွေ အများကြီး ရှိပါသေးတယ်..."
လင်းဖေးက ခေါင်းညိတ်ပြလိုက်သည်။ သူက အချိန်ရောက်သည့်အခါ ကျိလဲ့ယွီ ကြည့်ချင်သည်ကို ကြည့်မည်ဟု တွေးလိုက်သည်။ ကျိလဲ့ယွီက အမြဲလိုလို TVကြည့်ရသည်အား ကြိုက်ပေသည်။
သူက ရုပ်ရှင်ရုံကို ရုပ်ရှင်ကြည့်သွားကြည့်တာကိုလည်း ကြိုက်လောက်တယ်...
ကျိယွီရှောင်နှင့် လင်းလော့ချင်းက ကလေးများနှင့် အချိန်ဖြုန်းလိုက်ပြီး နောက်ဆုံးတွင် နေ့လည်စာစားရန် သွားလိုက်သည်။
လင်းဖေးက သူ့လက်ထဲမှ စာအုပ်နှင့် အတွင်းမျက်နှာဖုံးတွင် ရေးထားသော [ဖိုင်နယ်စာမေးပွဲ ၏ ပထမဆုရ ကျောင်းသား လင်းဖေးအတွက် ဆုလာဒ်]ဟုရေးထားသော စာကြောင်းကို ကြည့်လိုက်သည်။
ဤသည်က လင်းလော့ချင်းထံမှ လက်ဆောင်မဟုတ်ပါပေ။ ဤသည်က လင်းလော့ချင်း၏ ပိုက်ဆံသုံးကာ ဝယ်ခဲ့သည့် အရာတစ်ခုလည်း မဟုတ်ပါပေ။ သူက ဤသည်ကို ကိုယ်ပိုင် စွမ်းဆောင်ရည်နှင့် အဆင့်ကောင်းကောင်းကြောင့် အနိုင်ရခဲ့သည်။ ဤသည်က သူ့အပိုင်ဖြစ်သည်။
ဤသည်က လင်းလော့ချင်းမှာ အလုပ်ကြိုးစားပြီး ပိုက်ဆံစုခြင်းကဲ့သို့ပင်။ လင်းဖေးက ဤသည်ကို အလုပ်ကြိုးစားကာ အနိုင်ရခဲ့သည်။
သူက စာအုပ်မျက်နှာဖုံးကို ဂရုတစိုက် လေ့လာကြည့်လိုက်သည်။ ၄င်းမှာ အပြာရောင် ကြယ်စုံကောင်းကင်အဖုံးတစ်ခုနှင့် ဝိုးတဝါးနှင့် အိပ်မက်ဆန်သော နေနှင့် လက ၄င်းကို လျှို့ဝှက်ဆန်းကြယ်ကာ လွမ်းဆွေးဖွယ် ဖြစ်နေစေပေသည်။
လှလိုက်တာ...
လင်းလော့ချင်း ကြိုက်လောက်တယ်...
လင်းဖေးက လင်းလော့ချင်း နေလည်စာအတွက် ထိုင်နေသည့် နေရာသို့ တိတ်တဆိတ် ကြည့်လိုက်သည်။ သူက ပြုံးနေဆဲ ဖြစ်ကာ သူက စင်မြင့်ထက်သို့ သွားကာ လင်းဖေး၏ ဆုကို သွားယူစဉ်က တခြားမိဘများ သူ့ကို မည်သို့ မနာလိုစွာ ကြည့်နေသည်ကို ကျိယွီရှောင်အား ပြောပြနေပေသည်။
သူက ပျော်နေဟန်ရသည်။ အကြောင်းမှာ လင်းဖေး ပထမရ၍ဖြစ်သည်။ အကြောင်းမှာ သူ ဆုချခံရ၍ဖြစ်သည်။ လင်းဖေးက အဘယ့်ကြောင့်ပျော်ရွှင်ထိုက်သည်ကို နားမလည်သော်လည်း လင်းလော့ချင်းက အလွန်ပျော်နေပုံရသည်ကိုမြင်ပြီးနောက် သူ သည်လည်း ရှင်းမပြတတ်အောင် ပျော်ရွှင်လာမိသည်။
လင်းဖေးက သူ့စာအုပ်နှင့် အဖြေလွှာများကို ချကာ ကျိလဲ့ယွီ၏ အဖြေလွှာများကို ကြည့်လိုက်သည်။
ကျိလဲ့ယွီက အထိတ်တလန့် ဖြစ်သွားလေသည်။ သူက ထရပ်ကာ ထွက်သွားရန် ပြင်လိုက်သော်လည်း လင်းဖေးထံတွင် မိသွားလေသည်။
"ကောင်းကောင်းထိုင်..."
လင်းဖေးက တည်ငြိမ်စွာ ဆိုလိုက်သည်။
ကျိလဲ့ယွီက သူ့ကို ပယင်းရောင် မျက်လုံးပြူးများဖြင့်ကြည့်လိုက်သည်။ သူက နူးညံ့ကာ ညင်သာသော အသံဖြင့်ဆိုလိုက်သည်။
"သားက အဆင့်၈ရတယ်..."
"အဆင့် ၈က ကောင်းတာလား..."
ကျိလဲ့ယွီ - ...
မှန်ပေသည်။ လင်းဖေးက အဆင့် ၈ကို မဆိုနှင့် အဆင့် ၁ရသည်ကိုပင် အများကြီး မတွေးပါပေ။
"သားက ကျောင်းပြောင်းခါစ မူကြိုကလေးပဲ ရှိသေးတာ..."
ကျိလဲ့ယွီ၏ အသံက ပို၍ပင် နူးညံ့သွားကာ အလွန်ပင် သနားစဖွယ်နှင့် ချစ်စဖွယ်ကောင်းနေပေသည်။
လင်းဖေးမှာ ကျိလဲ့ယွီက သနားစဖွယ် ဟန်ဆောင်သည်နှင့် အကျင့်ဖြစ်နေပြီကို သိသော်လည်း ကျိလဲ့ယွီ ထိုသို့ ပြုလုပ်သည့်အချိန်တိုင်းတွင် သူက ချစ်စရာကောင်းသည်ဟု မတွေးပဲ မနေနိုင်ပါပေ။
"မင်းဘာမှားတာလဲ ကြည့်ဦးမယ်..."
ကျိလဲ့ယွီက သက်ပြင်း တစ်ချက်ချလိုက်သည်။
လင်းဖေး - "အဲ့ဒါဆို မင်းအဲ့ဒါတွေကို ၁၀ကြိမ်စီ ပြန်ရေးလို့ရတာပေါ့..."
ကျိလဲ့ယွီ - ...
ကျိလဲ့ယွီက ဆိုဖာပေါ်သို့ ချက်ချင်း လဲကျသွားကာ သူက ငါးသေတစ်ကောင်ကဲ့သို့ ခံစားလိုက်ရပေသည်။
ကိုကိုက ရက်စက်လွန်းတယ်...
တကယ်ကို လွန်တယ်... ဟွန့်...
ကျိယွီရှောင်နှင့် လင်းလော့ချင်းက နေ့လည်စာစားပြီးကာ တစ်ရေးတစ်မော အိပ်ရန် သူတို့အခန်းထဲသို့ သွားရန် ပြင်လိုက်စဉ်တွင် ကျိလဲ့ယွီသည်လည်း လေ့ကျင့်ရေး ပုစ္ဆာများ ပြုလုပ်ရန် လင်းဖေးအခန်းထဲသို့ မျက်ရည်အဝိုင်းသားနှင့် ဆွဲခေါ်သွားခြင်းကို ခံလိုက်ရပေသည်။
ကျိယွီရှောင်က သူ့၏ သနားစဖွယ် အမူအရာကို ကြည့်ကာ ရယ်ရသည်ဟုပင် ခံစားရပြီး အော်ရယ်မိလုနီးပါးပင်ဖြစ်သွားသည်။
ဟုတ်တယ်... တော်တော်လေး သနားစရာကောင်းပေမဲ့ အတော်လည်း ရယ်ရတယ်....
သူ့တူက အရင်တုန်းက သနားစရာေကာင်းရင် ရယ်ရတယ်လို ဘာလို့ မသိခဲ့တာလဲ...
ညီအစ်ကို ဆက်နွယ်မှုရှိသည့် ကျိယွီရှောင်မှာလူတိုင်းက အစ်ကိုတစ်ယောက်လိုအပ်သည်ဟု တွေးလိုက်သည်။
ကျိယွီရှောင်က မရယ်မိအောင်ထိန်းကာ ကျိလဲ့ယွီ၏ခေါင်းကို ပုတ်ပေးပြီး ကျိလဲ့ယွီအား သူ့ကိုကိုအား ကောင်းကောင်းနားထောင်ရန်ပြောကာ သူ့အိပ်ခန်းထဲသို့ လင်းလော့ချင်း၏ တွန်းသွားခြင်းကို ခံလိုက်ရပေသည်။
ကျိလဲ့ယွီ - ...အဟင့်
လင်းလော့ချင်းက တစ်မနက်ခင်းလုံး အလုပ်ရှုပ်နေပေသည်။ ထိုအချိန်တွင် မောပန်းမှုသည်လည်း အသားကျနေပြီးဖြစ်သည်။ သူက ညအိပ်ဝတ်စုံကို ပြောင်းဝတ်လိုက်ပြီး ကျိယွီရှောင်နှင့် အိပ်ရာပေါ်သို့ လှဲလိုက်သည်။
ဤရက်ပိုင်းတွင် ကျိယွီရှောင်က အလွန်ကောင်းစွာ အိပ်နိုင်ပြီး လင်းလော့ချင်းနှင့်ယှဉ်လျှင် သူက မပင်ပန်းပါပေ။ သို့ဖြစ်၍ ကျိယွီရှောင်က လင်းလော့ချင်းကိုဖက်ကာ အိပ်ယာပေါ်တွင် အတူလှဲရန် ရည်ရွယ်ထားသော်လည်း သူကိုယ်တိုင်က တဖြည်းဖြည်းနှင့် ကောင်းကောင်း အိပ်ပျော်သွားပေသည်။
သူတို့နှစ်ဦးနိုးလာသောအခါ ညနေခင်း လေးနာရီပင် ထိုးနေလေပြီ။
ကျိယွီရှောင်က မျက်နှာသစ်ကာ လင်းလော့ချင်းကို နမ်းပြီး စာကြည့်ခန်းထဲသို့ သွားလိုက်သည်။
လင်းလော့ချင်းက အနည်းငယ် နောက်ကျိနေဆဲဖြစ်ကာ မည်သည့်အလုပ်မှ မလုပ်လိုပါပေ။ ဤသို့ဖြင့် သူက အိပ်ရာပေါ်တွင်လှဲကာ ဖုန်းဆော့နေပေသည်။
သူက ဖုန်းဆော့နေစဉ်တွင် တံခါးခေါက်သံတစ်ခုကြားလိုက်ပေသည်။ သူခေါင်းလှည့်လိုက်ရာ လင်းဖေး၏ခေါင်းလေး ဝင်လာသည်ကို တွေ့လိုက်သည်။
လင်းလော့ချင်းက ဖုန်းကို ချကာ မေးလိုက်သည်။
"ဘာလဲ..."
လင်းဖေးက လက်များကို နောက်တွင်ဖွက်ကာ လင်းလော့ချင်း၏ အိပ်ရာဘေးသို့ လျှောက်လာသည်။ လင်းလော့ချင်းက လင်းဖေး၏ အမူအရာမှ မည်သည်ကိုမှ ပုံဖော်၍ မရပါပေ။
လင်းလော့ချင်းက လင်းဖေးက ဤအချိန်တွင် သူ့ကို အဘယ့်ကြောင့်နှင့် ဘာကြောင့် လာရှာသည်ကို မတွေးနိုင်သောကြောင့် လင်းဖေးကို ဆက်ကြည့်ကာ လင်းဖေး စကားပြောလာရန်သာ စောင့်နေလိုက်သည်။
လင်းဖေသည်လည်း လင်းလော့ချင်းကို စိုက်ကြည့်ကာ ရှင်းမပြတတ်အောင် ရှက်ရွံ့လာသည်ဟု ခံစားနေရသည်။
သူ့၏ မူလ ရည်ရွယ်ချက်မှာ အတန်ပင် တည့်တိုးဆန်ပေသည်။ လင်းဖေးက သူ့၏ ကိုယ်ပိုင် စွမ်းရည်နှင့် တစ်ခုခုရသည်မှာ ရှားပါးလှသည်။ သူက ၄င်းကို လင်းလော့ချင်းအား လက်ဆောင်ပေးလိုသည်။ အဘယ့်ကြောင့်ဆိုသော် သူက လင်းလော့ချင်းအား သူကိုယ်တိုင် စုဆောင်းထားသည့် တစ်စုံတစ်ခုကို တစ်ခါမှ မပေးဖူး၍ ဖြစ်သည်။
သူက ဤသည်မှာ သူလင်းလော့ချင်းကိုပေးသော ပထမဆုံးလက်ဆောင်ဟု ခံစားရသည်။
သို့သော် ယခုတွင် လင်းလော့ချင်းက သူ့အား ဤသို့ စိုက်ကြည့်နေရာ စာအုပ်ကို ကိုင်ထားသော သူ့လက်များက ပူလာသည်ဟု ခံစားရပြီး ယူထုတ်လာရန် ခက်ခဲသည်ကို တွေ့လိုက်ရသည်။
"ရှုရှု မျက်လုံး မှိတ်ထား..."
လင်းဖေးက ညင်သာစွာ ဆိုလိုက်သည်။
လင်းလော့ချင်းက မျက်ခုံးပင့်လိုက်လေသည်။ နောက်ဆုံးတစ်ခေါက် လင်းဖေးသူ့အား မျက်လုံးမှိတ်ခိုင်းသည့်အချိန်က လင်းဖေးက သူ့ကို နမ်းနိုင်ရန်ဖြစ်သည်။ နောက်ဆုံးတစ်ခေါက်မတိုင်ခင်ကမူ လင်းဖေးက လက်ဆောင်ပေးရန်ဖြစ်သည်။
အဲ့တော့ ဒီတစ်ခေါက်ကရော ဘာလဲ...
လင်းလော့ချင်းက မသိသော်လည်း လင်းဖေး ဘာဆက်လုပ်မည်လဲဆိုသည်ကို သိချင်၍ မျက်လုံးမှိတ်ရသည်ကို ပျော်ပေသည်။
"မှိတ်ထားလိုက်ပြီ..."
သူက လင်းဖေးကို မမြင်ရ၍ လင်းဖေးက မရှက်တော့ပါပေ။
ထို့နောက် လင်းဖေးက သူ့နောက်မှ စာအုပ်ကို ထုတ်ကာ လင်းလော့ချင်းဘေးမှ အိပ်ရာဘေးရှိ စားပွဲပေါ်သို့ ညင်သာစွာတင်လိုက်သည်။ ထို့နောက် သူက ကျေနပ်သွားကာ ဆိုလိုက်သည်။
"ကျွန်တော် သွားတော့မယ်..."
လင်းလော့ချင်း - ...
လင်းလော့ချင်းက ကြောင်သွားလေသည်။
သူက အခုထိ မနမ်းရသေးပါဘူး... ဒါက မဟုတ်သေးပါဘူး... ကလေး... မင်းက ဘာလို့ ဇာတ်ညွှန်းအတိုင်း သရုပ်မဆောင်ရတာလဲ...
သူက ချက်ချင်းပင် မျက်လုံးဖွင့်လိုက်သော်လည်း လင်းဖေးက နောက်လှည့်ကာ ထွက်သွားသည်ကို မြင်လိုက်ရသည်။
လင်းလော့ချင်း - ...
လင်းလော့ချင်းက ချက်ချင်းပင် အိပ်ရာပေါ်မှ ဆင်းကာ လင်းဖေးကို ချီလိုက်သည်။
"မင်းက ဒီအတိုင်း ထွက်သွားတော့မယ်ပေါ့... မင်းက ငါ့ကို စဖို့ပဲ မျက်လုံးလာမှိတ်ခိုင်းတာလား..."
လင်းဖေး - ...
လင်းဖေးက လင်းလော့ချင်း၏ အိပ်ရာဘေးမှ စားပွဲကို တိတ်တဆိတ် ကြည့်လိုက်လေသည်။
လင်းလော့ချင်းသည်လည်း လင်းဖေး၏ အကြည့်များနောက်သို့ စိတ်ရှုပ်ထွေးစွာ လိုက်ကြည့်လိုက်ရာ ဆရာမကျန်း လင်းဖေးအား ဆုချလိုက်သည့် စာအုပ်ကို ချက်ချင်း တွေ့လိုက်၏။
ဒီနေရာမှာ သူက ဘာနားမလည်တာ ရှိနေသေးတာလဲ...
"အိုး~~"
လင်းလော့ချင်းက တမင်တကာ အသံပြုလိုက်လေသည်။
"ရှုရှုက မင်းဘာလို့ မျက်လုံးမှိတ်ခိုင်းလဲဆိုတာ သိချင်နေတာ... အဲ့ဒါက ဒါကြောင့်လား..."