Chapter 159
လင်းလော့ချင်း၏ လေသံကိုကြားရာ လင်းဖေးက ထပ်မံ ရှက်ရွံ့သွားပြီး တစ်ခွန်းမှ မဆိုတော့ချေ။
လင်းလော့ချင်းက သူ့ကို တင်းတင်းဖက်ထားပြီး အိပ်ရာပေါ်တွင် ထိုင်လိုက်သည်။ ထို့နောက် သူက စာအုပ်ကို လှမ်းယူလိုက်သည်။
"ရှုရှုကို လက်ဆောင်ပေးဖို့ လာခဲ့တာလား..."
လင်းဖေးက တစ်ခွန်းမှ မဆိုသေးပါချေ။
လင်းလော့ချင်းက သူ့ပါးကို ကြမ်းကြမ်းတမ်းတမ်း နမ်းလိုက်သည်။
"မင်းက ဘယ်လိုလုပ်ပြီး အရမ်းချစ်စရာကောင်းနေရတာလဲ... ပြီးတော့ ကျွန်တော် အခုသွားပြီနော်လို့တောင် ပြောသေးတယ်... မင်းက ချစ်စရာအကောင်းဆုံးပဲ မဟုတ်ဘူးလား..."
သူက ခေါင်းငုံ့ကာ လင်းဖေး၏ နဖူးကို အသာအယာတွန်းထိုးလိုက်လေသည်။
လင်းဖေးမှာ နားရွက်များနီလာသည်အထိ အသာအယာတွန်းထိုးခံနေရလေသည်။ သူက အဝေးသို့လှည့်ကာ လင်းလော့ချင်းကို လျစ်လျူရှုလိုက်လေသည်။
လင်းလော့ချင်းက လင်းဖေးကို သူ့ကိုကြည့်ရန် လက်တစ်ဖက်ဆန့်လိုက်သည်။
"ဒါကို ဘာလို့ ရှုရှုကိုပေးတာလဲ.... ဆရာမကျန်းက မင်းကို အထူးဆုချတာမဟုတ်ဘူးလား..."
"ရှုရှုမကြိုက်ဘူးလား..."
လင်းဖေးက သူ့ကို မေးလိုက်သည်။
"မကြိုက်တာ မဟုတ်ပါဘူး... ဒါက သားဆုရတာလေ... သားဘာသာပဲ သိမ်းမထားချင်ဘူးလား..."
လင်းဖေးက ခေါင်းခါလိုက်လေသည်။
သူတွင် စာအုပ်အများအပြားရှိနေပြီး ဖြစ်သည်။ လင်းလော့ချင်းက သူ့အတွက် စာအုပ်အများအပြား ဝယ်ပေးသည့်အပြင် ကျိယွီရှောင်ဝယ်ပေးသည်များပါ ထပ်ပေါင်းလိုက်ပါက လင်းဖေးက ၄င်းတို့အား မလိုအပ်ပါပေ။ ဤစာအုပ်မှာ သူ့၏ ကြိုးစားမှုကြောင့် ရရှိထားသည်ဖြစ်၍ ထူးခြားပေသည်။ သူက ဤစာအုပ်ကို လင်းလော့ချင်းအား လက်ဆောင်ပေးလိုပေသည်။
"အဲ့တော့ သားက ဘာလို့ ရှုရှုကို ဒါလက်ဆောင်ပေးချင်တာလဲ..."
လင်းလော့ချင်းက သူ့ကို ဖက်ထားကာ ရှေ့နောက် လှုပ်ယမ်းနေပေသည်။ သူက လင်းဖေးကို နူးညံ့သောအသံဖြင့် ချော့မော့လိုက်သည်။
လင်းဖေးက သူ့ကို တကယ်ကြီး ပြောပြလာတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...
သူက လက်ဆောင်တစ်ခုပေးသောအခါ ဆုတောင်းသည့်အတိုင်းပင် အမြဲလိုလိုပင် တိတ်တဆိတ်လုပ်ဆောင်ပေသည်။ လင်းဖေးက မပြောမီတွင် အနည်းငယ်တွေးတောလိုက်သည်။
"ရှုရှုရဲ့အလုပ်က တစ်ခါတစ်လေ စာရေးပြီး မှတ်စုမှတ်ဖို့ လိုတယ်မလား... ဒီစာအုပ်က ထူတယ်လေ... အဲ့တော့ ရှုရှုက အကြာကြီး သုံးလို့ရတာပေါ့..."
လင်းလော့ချင်းက သူ့ကို ကြားသောအခါ ခေါင်းညိတ်ပြလိုက်သည်။
"အမှန်ပဲ... အဲ့ဒါဆို ရှုရှုဒီစာအုပ်ကို အိတ်ထဲမှာ သယ်သွားလိုက်မယ်... အဲ့ဒါဆိုရင် ဒါက သားကို နေ့တိုင်း အလုပ်ခေါ်သွားသလိုပဲ ဖြစ်မှာပေါ့... တခြားလူတွေမြင်ရင် ရှုရှုက ကြည့်စမ်း ငါ့တူက ပေးထားတာလေ... သူက နာခံတတ်တယ်... ချစ်စရာကောင်းတယ်... ပြီးတော့ အဆင့်လည်းကောင်းတယ်... သူ့က အဆင့်တစ်ပဲ... အရမ်းအထင်ကြီးစရာပဲလေ... ဆိုပြီး ပြောလို့ရတာပေါ့..."
လင်းလော့ချင်း ပြောပြီးသည့်အခါ လင်းဖေး၏ မျက်နှာပေါ်သို့ အနမ်းတစ်ပွင့်ခိုင်ခိုင်မာမာ ပေးလိုက်လေသည်။
လင်းဖေးက လင်းလော့ချင်း၏ စကားများကို ကြားသောအခါ သူက အနည်းငယ် ပျော်သွားသော်လည်း ရှက်လည်း ရှက်ရွံ့နေပေသည်။ သို့သော် သူက လင်းလော့ချင်း အလုပ်လုပ်ရန် အပြင်သို့ အကြာကြီးထွက်ရာ သူ့စာအုပ်လေးက လင်းလော့ချင်းကို အဖော်ပြုနိုင်မည်ကိုတွေးမိရာ လင်းဖေး၏ နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခုပေါ်လာ၏။
လင်းလော့ချင်းက ၄င်းကိုမြင်ကာ သူက မည်သို့ ဤမျှ ချစ်စရာကောင်းရသလဲဟု တွေးလိုက်လေသည်။ သူက သူ့တူလေးအား ထပ်မံနမ်းလိုက်ပြီး လင်းဖေး၏ မျက်နှာအား သူ့မျက်နှာဖြင့် တိုးဝှေ့လိုက်လေသည်။
"ဘယ်လိုလုပ်ရမလဲ... ရှုရှု ဖေးဖေးကို အရမ်းကြိုက်တာပဲ... ဖေးဖေးသာ သေးသေးလေးပြောင်းပြီး အိတ်ကပ်ထဲ ထည့်သွားလို့ရရင် ရှုရှုက တစ်နေ့လုံး အတူတူ အလုပ်လုပ်ဖို့ သယ်သွားမိမှာပဲ..."
လင်းဖေးက လင်းလော့ချင်းမှာ တွယ်ကပ်တတ်သည်ဟု အမြဲလိုလို ခံစားရသည်။ လင်းလော့ချင်း၏ စကားများကြားသောအခါ လင်းလော့ချင်းက အလွန်ပင် တွယ်ကပ်တတ်သည်ဟု ထပ်မံ ခံစားလိုက်ရပေသည်။
သူက ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ဖြစ်နေသေးတာလဲ...
သူက ရင့်ကျက်ပြီး တွေးခေါ်တတ်တဲ့ လူကြီးတစ်ယောက်ဖြစ်ရမှာ မဟုတ်ဘူးလား...
အိုး... ဟုတ်သား... လင်းလော့ချင်းက ဘယ်တုန်းကမှ အဲ့လို မဟုတ်ခဲ့ဘူးပဲ...
လင်းဖေး၏ မျက်နှာက လင်းလော့ချင်း၏ တိုးဝှေ့မှုကြောင့် နီရဲလာလေသည်။ သူက သူ့၏ လက်မောင်းလေးကို ဆန့်ထုတ်ကာ လင်းလော့ချင်းကို တွန်းလိုက်ပြီး အသံတိုးတိုးနှင့်ဆိုလိုက်သည်။
"ကျွန်တော် ပြန်သွားရတော့မယ်..."
"ဘာလုပ်ဖို့လဲ..."
"အိမ်စာလုပ်ဖို့..."
သူက အလေးအနက်ဆိုလိုက်သည်။
"ကျွန်တော်က အခုထိ ဆောင်းရာသီ ပိတ်ရက်အတွက် အိမ်စာမလုပ်ရသေးဘူး..."
လင်းလော့ချင်း - ...ဆောင်ရာသီပိတ်ရက်က အခုမှစတာလေ ကလေးရဲ့... မင်းအရမ်းတက်ကြွနေရင် စာလုပ်ရတာမုန်းတဲ့ မင်းရဲ့ညီလေးက မင်းကြောင့် စိတ်ဒဏ်ရာရသွားလိမ့်မယ်...
သို့သော် လင်းလော့ချင်းက လင်းဖေး၏ မျက်လုံးထဲမှ အလေးအနက်ထားမှုကို မြင်ကာ မငြင်းဆန်နိုင်ပါပေ။
"ဟုတ်ပြီ..."
လင်းလော့ချင်းက သူ့ကို ကြမ်းပြင်ပေါ်သို့ ပြန်ချလိုက်သည်။
"အဲ့ဒါဆိုရင် စာကောင်းကောင်းကြည့်... မင်းရှုရှုကျိကို မင်းစာကြည့်ခန်းအတွက် ဒီဇိုင်နာကို ဆက်သွယ်ဖို့ ရှုရှုပြောထားတယ်... သူတို့က မင်းအခန်းကို ဒီဇိုင်းဆွဲတာ ကူညီပေးဖို့ နောက်ရက်ပိုင်းလောက်ကျရင် ရောက်လာလောက်တယ်... အဲ့အချိန်ရောက်ရင် မင်းစာကြည့်ခန်းအတွက် ဒီအထပ်က အကြီးဆုံးအခန်းကို ရှင်းပြီး ရှုရှုကျိက စာအုပ်တွေ အများကြီး ဝယ်ပေးလိမ့်မယ်..."
လင်းဖေးက ပျော်ရွှင်စွာ အံ့အားသင့်သွားလေသည်။
"အင်း..."
လင်းလော့ချင်းသည်လည်း လင်းဖေး၏ မျက်လုံးများက ချက်ချင်း အရောက်တောက်သွားသည်ကို မြတ်နိုးသွားလေသည်။ သူက သူ့တူ၏ ခေါင်းလေးကို ပွတ်ကာဆိုလိုက်သည်။
"ဖေးဖေးလိုချင်တာ ရှိသေးလား... ရှုရှုက ဖေးဖေးအတွက် အကုန်ဝယ်ပေးမယ်... ဖေးဖေး ဒီတစ်ခေါက်အရမ်းတော်တာကို ရှုရှုက ဘာမှမပေးရသေးဘူးလေ..."
"မလိုပါဘူး..."
လင်းဖေးက သူတခြားလိုချင်သည့်အရာကို မတွေးခဲ့ပါပေ။ သူက တစ်ခုမှ မတွေးနိုင်၍ လောလောဆယ်တွင် သူလိုအပ်သမျှ အားလုံးရှိနေသည်ကို သိသွားလေသည်။
လင်းလော့ချင်းက အနည်းငယ်တွေးတောကာ ဆိုလိုက်သည်။
"ရက်နည်းနည်းလောက်ကြာရင် ရှုရှုက ပြတိုက်ကို ခေါ်သွားပေးမယ်ဆိုရင်ရော..."
ဤအရွယ် ကလေးအများစုမှာ ပြတိုက်အတွင်းရှိ သတင်းအချက်အလက်များပြည့်နှက်ကာ တည်ကြည်သည့် ပတ်ဝန်းကျင်ကို မကြိုက်ကြသော်လည်း လင်းဖေး၏ စရိုက်နှင့်ဆိုပါက ကြိုက်လောက်မည်ဟု လင်းလော့ချင်းထင်ပေသည်။
"ပြတိုက်ဆိုတာ ဘာလဲ..."
လင်းဖေးက စိတ်ဝင်စားသွားလေသည်။ သူက ပြတိုက်ကို တစ်ခါမှမရောက်ဖူးပါပေ။
လင်းလော့ရှီးမှာ အသက်ရှင်စဉ်က အမြဲလိုလို အလုပ်ရှုပ်နေတတ်ပေသည်။ ထို့အပြင် လင်းဖေးမှာ ထိုအချိန်က အလွန်ပင် ငယ်သေးရာ သူ့ကို ကစားရန် ခေါ်ထုတ်သွားသူ မရှိသလောက်နီးပါပင်ဖြစ်သည်။ ထို့နောက် လင်းဖေးကကြီးလာသော်လည်း ကလေးငယ်များ နှစ်သက်သည့် တိရစ္ဆာန်ရုံများ ပန်းခြံများသို့သာ ခေါ်သွားခံရသည်။ ပြတိုက်မှာမူ လင်းဖေး မရင်းနှီးသော အရာတစ်ခုဖြစ်လေသည်။
"ငါတို့ သွားကြရင် သိမှာပေါ့... မင်း အဲ့နေရာကို အရမ်းကြိုက်လောက်မှာ..."
"ဟုတ်ကဲ့..."
လင်းဖေးက သဘောတူလိုက်သည်။
လင်းလော့ချင်းက သူ့ခေါင်းကို ထပ်ပွတ်ကာ ထရပ်လိုက်ပြီး လင်းဖေးကို သူ့အခန်းထဲသို့ ပြန်လိုက်ပို့လိုက်သည်။
ကျိလဲ့ယွီက လင်းဖေးနှင့်အတူ အိမ်စာလုပ်သည့် ဒုတိယမြောက်နေ့မှသာလျှင် လင်းဖေး၏စာအုပ်မရှိတော့သည်ကို သဘောပေါက်သွားလေသည်။
သူက စိတ်ရှုပ်သွားကာ မေးလိုက်လေသည်။
"အဲ့စာအုပ်က ဘယ်မှာလဲ... ဆရာမကျန်း ကိုကိုကိုဆုချတဲ့ဟာလေ..."
"လက်ဆောင်ပေးလိုက်ပြီ..."
လင်းဖေးက ခေါင်းပင်မမော့ပဲ ဖြေလိုက်သည်။
ကျိလဲ့ယွီ - ...
"လက်ဆောင်ပေးလိုက်တယ်..."
သူက မယုံနိုင်စွာ အော်ဟစ်လိုက်သည်။
"ဘယ်လိုလုပ်ပြီး လက်ဆောင်ပေးလိုက်နိုင်တာလဲ... ဘယ်သူ့ကို ပေးလိုက်တာလဲ..."
"သားကိုကျ မပေးပဲနဲ့..."
ကျိလဲ့ယွီက ဒေါသထွက်ကာ စိတ်ထိခိုက်နေပြီး နှုတ်ခမ်းတင်းတင်းစေ့ထားလိုက်သည်။
လင်းဖေး - ...
"ဟွန့်..."
ကျိလဲ့ယွီက နှုတ်ခမ်းဆူလိုက်ကာ ဒေါသတကြီး ဆိုလိုက်လေသည်။
"အဲ့ဒါက ကိုကို ပထမရလို့ ပထမဆုံးဆုရတာကို တခြားတစ်ယောက်ကို တကယ်ကြီး ပေးလိုက်တယ်ပေါ့... ပြီးတော့ အဲ့လူက သားမဟုတ်ဘူးပေါ့... သားထက် ဘယ်သူက ပိုအရေးကြီးနေတာလဲ... သား စာမကြည့်တော့ဘူး..."
ထို့နောက် ကျိလဲ့ယွီက သူ့၏ ဆောင်ရာသီပိတ်ရက် အိမ်စာကို အဝေးသို့ တွန်းပို့လိုက်ကာ ငြင်းဆန်သော အနေအထားဖြင့် ထိုင်နေလေသည်။
လင်းဖေး - ...
လင်းဖေးက ကြောင်သွားလေသည်။
အဲ့ဦးနှောက်လေးနဲ့ ကျိလဲ့ယွီက ဘယ်လိုလုပ်ပြီး အဆင့် း၈ ရသွားတာလဲ...
သူ့အတန်းဖော်တွေအကုန်လုံးက ငတုံးတွေ မို့လား...
သူတို့က ဦးနှောက်ကိုတောင် မသုံးတတ်တဲ့ ကျိလဲ့ယွီထက်တောင် ကောင်းတဲ့နေရာ မရနိုင်တော့ဘူးလား...
ကျိလဲ့ယွီက လင်းဖေး၏ အထင်အမြင်သေးသော မျက်လုံးများထဲသို့ စိုက်ကြည့်လိုက်သည်။ သူက လင်းဖေးအား သင်ခန်းစာပေးလုဆဲဆဲ အချိန်တွင် လင်းဖေးက မနေ့ကတည်းက အပြင်မထွက်သည်ကို ပြန်အမှတ်ရသွားလေသည်။
သူက စာအုပ်ကို တစ်ယောက်ယောက်ကို လက်ဆောင်ပေးလိုက်တာဆိုရင် အဲ့ဒါက...
"ကိုကိုက အဲ့ဒါကို... ကိုကိုရဲ့... ဦးလေးကို ပေးလိုက်တာလား..."
ကျိလဲ့ယွီက ရုတ်တရက် သူ့၏ အရှိန်များ ပျောက်ဆုံးသွားပြီး မရဲတရဲဆိုလိုက်သည်။
"အဲ့လိုမှ မဟုတ်ရင် ဘာဖြစ်ရမလဲ..."
လင်းဖေးက သူ့ကို အထင်သေးမှုများပြည့်နေသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ကျိလဲ့ယွီ - ...
"ကိုကို နောက်တစ်ခါ ဒီလိုဖြစ်လာရင် ကိုကို့ ဦးလေးကို ပေးလိုက်တယ်ဆိုပြီး တိုက်ရိုက်ပြောလိုက်လို့မရဘူးလား..."
သူက စောစောကပြောရင် ကျိလဲ့ယွီလည်း ဒေါသထွက်ရမှာ မဟုတ်ဘူးလေ...
လင်းဖေးက ကျိလဲ့ယွီမှာ အတွေးလွန်ကာ ကျိုးကြောင်းမဆီလျော်တော့သည်ကို တွေ့လိုက်ပေသည်။ သူက နူးညံ့မှု၊ သိမ်မွေ့သော ကိုယ်ဟန်တို့ကိုပြန်လည်ရရှိလာသော ကြောင်လေးတစ်ကောင်ကဲ့သို့ ဖြစ်ကာ ရယ်လိုက်လေသည်။ သူက ကျိလဲ့ယွီ၏ မျက်နှာကို ဆွဲညှစ်လိုက်သည်။
"ငတုံးလေး..."
ကျိလဲ့ယွီက မကျေနပ်ပါပေ။
"သားက အဲ့ဒါကို မတွေးမိတာပါ..."
လင်းဖေးက သူဆွဲညစ်ထားသော ပါးလေးကို အသာအယာခါယမ်းလိုက်သည်။
"တုံးပြီး ဗိုလ်ကျတယ်..."
ကျိလဲ့ယွီက သူ့ကို တွန်းထုတ်လိုက်သည်။
"သားက မတုံးပါဘူး..."
သို့သော် သူက ဗိုလ်ကျသည်ဟူသော အချက်ကိုမူ မငြင်းခဲ့ပါပေ။
လင်းဖေးက သူ့ကို လွတ်ပေးလိုက်ပြီး သူဆွဲညစ်လိုက်၍ နီရဲသွားသည့် ပါးလေးကို ကြည့်လိုက်သည်။ သူက မီးတောက်လေးတစ်ခုနှင့် တူပေသည်။
"မင်းက အဲ့စာအုပ်ကို မင်းအတွက် လက်ဆောင်ပေးစေချင်တာလား..."
ကျိလဲ့ယွီက အနည်းငယ်ပင် ငြင်းဆန်ခြင်းမပြုပဲ ခေါင်းညိတ်ပြလိုက်လေသည်။
"နောက်တစ်ခေါက်..."
လင်းဖေးက ဆိုလိုက်လေသည်။
"နောက်တစ်ခေါက် ဆရာမကျန်းက ငါ့ကို ဆုချရင် မင်းကို လက်ဆောင်ပေးမယ်..."
ကျိလဲ့ယွီက ပျော်သွားပြီး လင်းဖေးကို လှမ်းဖက်ထားလိုက်သည်။
"ကိုကိုက အကောင်းဆုံးပဲ..."
"အဲ့ဒါက မင်း ပုစ္ဆာတွေ တွက်ဖို့ အကောင်းဆုံးနေမှာ..."
လင်းဖေးက ခပ်ဖွဖွ ဆိုလိုက်သည်။
"အဲ့ဒါက စာအုပ်တစ်ခုလုံးပဲ... မင်းချရေးဖို့ နေရာ လုံလုံလောက်လောက်ရတာပေါ့..."
ကျိလဲ့ယွီ - ...
သူက ရုတ်တရက် စာအုပ်ကို သိပ်၍ မလိုချင်တော့ပါပေ။
ဒီလိုအချိန်မျိုးဆို သူ့ကိုကိုက ကောင်းတာ အနည်းဆုံးပဲ...
သူက သူ့၏ သေးငယ်သည့် နူးညံ့သော မျက်ခုံးများကို ကျုံ့ထားလိုက်ပြီး အလွန်သနားစဖွယ် ရုပ်ပေါက်နေပေသည်။ ၄င်းကို မြင်သူတိုင်းက သူ့အတွက် စိတ်မကောင်းဖြစ်သည်ဟု ခံစားရမည် ဖြစ်သည်။
သို့သော် သူ့၏ အသည်းမာသော အစ်ကို လင်းဖေးက သူ့ကို သနားရန် ရည်ရွယ်ချက်မရှိသည်မှာ သိသာလှပေသည်။
"မင်းလိုချင်သေးလား..."
ကျိလဲ့ယွီ - ...
ကျိလဲ့ယွီက အထပ်ထပ်တွေးကာ အံကြိတ်ပြီး ပြန်ဖြေလိုက်သည်။
"လိုချင်တယ်..."
"ဟုတ်ပြီ..."
လင်းဖေးက ခေါင်းညိတ်ပြလိုက်သည်။
ကျိလဲ့ယွီက သူ့ကို ဖက်ထားပြီး ချိုသာကာ အသံစာစာလေးဖြင့် ဆိုလိုက်သည်။
"အဲ့ဒါဆို သားတို့က ပုစ္ဆာတွေ အများကြီး မလေ့လာရင်ရော ရလားဟင်..."
လင်းဖေးက သူ့အားအကြည့်တစ်ချက်ပေးလိုက်ကာ သူ့ကိုယ်သူ အဖြေရှာစေလိုက်သည်။
ကျိလဲ့ယွီ - ...အဟင့်... သူ့ကိုကိုက အရမ်းရက်စက်တာပဲ... ရက်စက်လွန်းတယ်...
လင်းဖေးက ကျိလဲ့ယွီ၏ မျက်မှောင်ကြုတ်နေသော အမူအရာကိုကြည့်ကာ ရှင်းမပြတတ်အောင် ကြည်နူးလာပေသည်။ သူက ၄င်းကို အတန်ကြာ နှစ်ခြိုက်နေပြီးနောက် တည်ကြည်စွာ ဆိုလိုက်သည်။
"မင်းက အခုထိ ဆောင်းရာသီပိတ်ရက် အိမ်စာတွေမပြီးသေးဘူး... အိုး ဟုတ်သားပဲ... မင်းက စာမလုပ်တော့ဘူးလို့ ပြောတာပဲ..."
ကျိလဲ့ယွီက လင်းဖေးကို ချက်ချင်းလွတ်ကာ သူ့ခဲတံကို ထပ်မံကောက်ကိုင်လိုက်သည်။
"သားအခု ချရေးနေပါပြီနော်..."
လိမ္မာတယ်...
လင်းဖေးက ကျေနပ်သွားကာ သူ့စာအုပ်ကို ဆက်ဖက်နေလေသည်။
ကျိလဲ့ယွီ၏ အိ်မ်စာအများစုပြီးသွားသည့်အချိန်တွင် ညစားစားချိန်ပင် ရောက်လုပြီ ဖြစ်သည်။ လင်းဖေးက နောက်ဆုံးတွင် သူ့ပါးစပ်ကို ဖြည်းညင်းစွာ ဖွင့်ပြီး မေးလိုက်သည်။
"မင်းအခုတစ်လော ကြည့်ချင်တဲ့ ရုပ်ရှင်ရှိလား..."
ကျိလဲ့ယွီက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး သူက ၄င်းကို အဘယ့်ကြောင့် ရုတ်တရက် မေးလာသည်ကို မသိပါပေ။
"ဘာမှမရှိဘူးလား..."
လင်းဖေးက သူ့ကို မေးလိုက်သည်။
ကျိလဲ့ယွီက နောက်ဆုံးတွင် သတိဝင်လာပြီး သူ့ကို ပျော်ရွှင်စွာ ကြည့်လိုက်သည်။ သူက ပျော်ရွှင်စွာအော်လိုက်လေသည်။
"မြှောင်မြှောင် စွန့်စားခန်း..."
လင်းဖေး - အိုး...
"ကိုကိုက ပါးပါးကို သားတို့ အဲ့ဒါကြည့်ချင်တယ်လို့ပြောမှာလား..."
ကျိလဲ့ယွီက မျှော်လင့်တကြီး မေးလိုက်လေသည်။
လင်းဖေးက ပြန်မဖြေနိုင်သော်လည်း သူ့ကို မငြင်းဆန်နိုင်ရာ ၄င်းက အသံတိတ် သဘောတူခြင်းဟု ယူဆနိုင်သည်။
ကျိလဲ့ယွီက ပျော်ရွှင်သွားပြီး သူ့ကို ထပ်မံ ဖက်ထားလိုက်ကာ ဆက်တိုက်ဆိုလိုက်လေသည်။
"ကိုကိုက အကောင်းဆုံးပဲ..."
လင်းဖေးက သီးသန့်ဖြစ်ကာ အလေးမထားဟန် ရနေဆဲပင် ဖြစ်သည်။
ကျိလဲ့ယွီက သူ့ကို မကျေမနပ် မဖြစ်ပါပေ။ သူက လင်းဖေးကို ဖောက်ထွင်းမြင်နိုင်ပြီး ဖြစ်သည်။ သူက အလေးမထားဟန် ရသော်လည်း လင်းဖေး၏ စိတ်ထဲတွင် သူရှိနေပြီးဖြစ်ကာ ကျိလဲ့ယွီကို အဆက်မပြတ် တွေးနေပြီး ဖြစ်လေသည်။
သူက သူ့ကို လက်ဆောင်များပေးကာ သူ့၏ လျှို့ဝှက်ချက်များကို ထိန်းသိမ်းထားပေးသည်။ သူက သူကြည့်ချင်သည့် ရုပ်ရှင်ကြည့်ရန်လည်း ခေါ်သွားပေးလိုပေသည်။
သူက ဘာလို့ အရမ်းကောင်းရတာလဲ...
သူက ချက်ချင်းပင် လင်းဖေး၏ ပခုံးကို ပွတ်သပ်ကာ ချွဲပြီး ဆိုလိုက်သည်။
"ဖက်ထားပါဦး..."
လင်းဖေးက နောက်ဆုံးတွင် သူ့စာအုပ်ထံမှ အကြည့်လွှဲကာ ကျိလဲ့ယွီကို ကြည့်လိုက်ပြီး အဖတ်မလုပ်ဟန် သံုးဆ၊ ကူကယ်ရာမဲ့ခြင်း နှစ်ဆနှင့် အလိုလိုက်ခြင်း ငါးဆတို့ကို ဖော်ပြလာသည်။ သူက လက်တစ်ဖက်ဆန့်ကာ ကျိလဲ့ယွီကို ဖက်ထားလိုက်ပြီး တခြားတစ်ဖက်ဖြင့် ကျိလဲ့ယွီ၏ ခေါင်းကို ပွတ်လိုက်သည်။
"လိမ်လိမ်မာမာနေ..."
ကျိလဲ့ယွီက သူ့ပခုံးပေါ်တွင် မှီထားပြီး သူ့အသံက အထူးပင် နူးညံ့နေသည်။
"အင်း... သားက အရမ်းလိမ္မာတယ်... အရမ်း နာခံတတ်တယ်..."
ကျိလဲ့ယွီက သူကြည့်ချင်သော ရုပ်ရှင်တစ်ခုကို ပြောလိုက်ပြီး ညစာစားချိန်ရောက်သည့်အခါ လင်းဖေးက လင်းလော့ချင်းနှင့် ကျိယွီရှောင်ကို ချက်ချင်းပင် ထိုအကြောင်းပြောလိုက်သည်။
ကျိယွီရှောင်က ရုပ်ရှင်အမည်ကိုကြားသောအခါ ချက်ချင်းပင် ၄င်းမှာ ကျိလဲ့ယွီကြည့်ချင်သည်ကို သိလိုက်သည်။
ကျိယွီရှောင်က ကျေနပ်သွားပြီး လင်းဖေးအား အလွန် စဉ်းစားပေးတတ်သော ကလေးတစ်ယောက်ဖြစ်သည်ဟု တွေးလိုက်သည်။
ကျိလဲ့ယွီက သူ့ကို အရမ်းကပ်ချွဲပြီး "ကိုကို... ကိုကို..."နဲ့ နောက်က တစ်ကောက်ကောက်လိုက်နေတာ မထူးဆန်းတော့ပါဘူး... လင်းဖေးက သူ့ကို အလိုလိုက်ပြီး အစ်ကိုအရင်းနဲ့ ဘာမှ မကွာတာပဲ... ကျိလဲ့ယွီက သူ့ကိုမကြိုက်ဘူးဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...
ကျိယွီရှောင်က ထပ်မံ၍ ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ သူက လင်းလော့ချင်းကို လက်ထပ်နိုင်သည်သာမက ကျိလဲ့ယွီအား လင်းဖေးကဲ့သို့ အစ်ကိုတစ်ယောက် ပေးနိုင်ခဲ့ပေသည်။ ဤသည်က ကြုံရခဲပေသည်။
နောက်တစ်ရက်တွင် မိသားစု လေးဦးမှာ ရုပ်ရှင်ရုံသို့ သွားကာ လင်းဖေးအား ပေးထားသော သူတို့၏ ကတိကို ဖြည့်ဆည်းလိုက်ကြသည်။
ဤသည်မှာ လင်းလော့ချင်းနှင့် ကျိယွီရှောင်တို့က သူတို့၏ ကလေးနှစ်ယောက်ကို လူမြင်ကွင်းသို့ ခေါ်လာသည့် ပထမဆုံးအကြိမ်ဖြစ်လေသည်။ သူတို့က အနည်းငယ် စိတ်လှုပ်ရှားနေသည်မှာ မလွဲပင် ဖြစ်သည်။
လင်းဖေးနှင့် ကျိလဲ့ယွီတို့က သေချာပေါ
က် ပျော်ရွှင်နေကြသည်။ အထူးသဖြင့် ကျိလဲ့ယွီဖြစ်သည်။ မတော်တဆမှု ဖြစ်ပြီးသည့်အချိန်မှ စ၍ ကျိလဲ့ယွီက အိမ်မှ မထွက်ခဲ့ပါပေ။ သူက ကျိယွီရှောင် စိတ်ဆိုးမည်ကို ကြောက်ရွံ့နေပေသည်။
ဤသို့ဖြင့် သူက ဤတစ်ကြိမ် အဖြစ်အပျက်အား အလွန်စိတ်အား ထက်သန်နေကာ သူမြင်သမျှ အရာရာတိုင်းကို ချစ်နေပေသည်။