အပိုင်း ၉
Viewers 11k



Chapter 9
တနင်္ဂနွေနေ့ ညနေခင်း။



ကျန်းရွှိသည် မီးခိုးရောင်နှင့် အဖြူရောင်အစင်းကြောင်းများပါသော အင်္ကျီကို ၀တ်ဆင်ထားပြီး ထန်ခေါ့၏ ရုံးခန်းထဲတွင်ခြေချိတ်ထိုင်နေသည်။

သူ့ရှေ့တွင် ဆေးစစ်ချက်အစီရင်ခံစာများ အများအပြားရှိသော်လည်း ဆေးစစ်ချက်ရလဒ်ပိုင်ရှင်၏အမည်မှာ မှုန်ဝါးဝါးဖြစ်နေသည်။

ထိုအရာက သူ့စိတ်တည်ငြိမ်သွားပြီဖြစ် ကြောင်း သိသာထင်ရှား၏။
ထိုပုံစံက.... သူဟာ နောက်ထပ်ဖြစ်လာမည့်အရာများကို တွေးပူနေပုံမပေါ်ဘဲ သေလုမြောပါး ရောဂါဖြစ်ပြီးနောက် အေးချမ်းစွာသေဆုံးသွားသည့်လူနာနှင့် တူနေသည်ဟု ထန်ခေါ့ ခံစားလိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ ပြောသင့်သည်များကို ပြောရန် လိုအပ်ပါသေးသည်။ "အခြေအနေကတော့ ဆိုးရွားတဲ့အကျိတ်တွေကိုတော့ ဖယ်ရှားလိုက်ပြီ။ ပြီးတော့ မင်းရဲ့ဗိုက်ထဲက သန္ဓသေားက နှစ်လရှိနေပြီ" ထန်ခေါ့က ပြောလိုက်၏။ " ငါမနက်တုန်းက‌ မင်းကိုပြောပြတဲ့ အာထရာဆောင်းရိုက်တုန်းက မှန်းဆချက်တွေနဲ့ အခုတခြားစမ်းသပ်မှု ရလဒ်တွေနဲ့ ပေါင်းစပ်လိုက်တော့ အဲ့ဒါက မှန်လောက်တယ်"

သူက လက်ဟန်ခြေဟန်နှင့် ရှင်းပြလာ၏။
“ဒါက mesodermal ဆဲလ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ဗီဇပြောင်းလဲမှုကြောင့် ဖြစ်လာပုံပဲ။Paramedian ducts တွေက ဆဲလ်သေတွေရဲ့ ယိုယွင်းခြင်းဖြစ်စဉ်ကို လုပ်ဆောင်လို့ မပြီးပြတ်သေးခင်မှာပဲ သားအိမ်နဲ့ သားဥပြွန်လမ်းကြောင်းက မင်းခန္ဓာကိုယ်တွင်းမှာ ပုံမှန်မဟုတ်ပဲ ဖွံ့ဖြိုးလာတယ် ။ပြီးတော့ သားအိမ်ခေါင်းအပေါက်နဲ့ အူလမ်းကြောင်းကြားမှာအရမ်းပါးလွှာတဲ့ ခပ်ပျော့ပျော့ ပြွန်လမ်းကြောင်းတစ်ခုရှိတယ်။ ငါခန့်မှန်းကြည့်ရမယ်ဆိုရင် ဆီးလမ်းကြောင်းနဲ့မျိုးပွါးလမ်းကြောင်းကြားမှာရှိတဲ့ အဆက်လမ်းကြောင်းပြွန်ရဲ့ အနောက်နံရံနဲ့ အူနံရံနဲ့ကပ်နေတာကြောင့်လို့ထင်တယ်"

ထန်ခေါ့ က မျက်မှောင်ကြုတ်ပြီး “စမ်းသပ်မှုရလဒ်တွေအရတော့ မင်းရဲ့ကိုယ်ခန္ဓာမှာရှိတဲ့ သားအိမ်နဲ့ သားဥပြွန်လမ်းကြောင်းက လွန်ခဲ့တဲ့ နှစ်လကနေ သုံးလနီးပါးလောက်ကတည်းက လှုပ်ရှားလာတာဖြစ်လိမ့်မယ်။ကံကောင်းထောက်မစွာနဲ့ပဲ ဒါက ဖွံ့ဖြိုးမှုနောက်ကျပြီးတော့ မင်းခန္ဓာကိုယ်အပေါ် သက်ရောက်မှုအနည်းငယ်ပဲရှိတယ်။ မင်းဒီကလေးကို လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ သားအိမ်နဲ့သားဥပြွန်လမ်းကြောင်းက ခွဲစိတ်တာကို လုပ်ကိုလုပ်ရမယ်။ဒီအရာတွေက မင်းခန္ဓာကိုယ်ရဲ့ ပထမနေရာမှာ ကြီးထွားမလာသင့်ဘူး။steroidမဟုတ်တဲ့ဟော်မုန်းတွေ ရှုပ်ထွေးလာရင် ပြဿနာဖြစ်လာလိမ့်မယ်"

သူက သူ့လက်ကို ဖြန့်လိုက်ပြီး “ဒါတွေကို ငါ မင်းကိုပြောစရာ မလိုပါဘူး။မင်းလည်း ဆရာဝန်ပဲ။ မင်းလည်းကောင်းကောင်းသိပါတယ်"

ကျန်းရွှိ သည် ဆေးစစ်ချက်အစီရင်ခံစာများကို တစ်ခုပြီးတစ်ခုဖတ်ပြီးသွားပြီးနောက် သူ့လက်ချောင်းများကို ယှက်ကာ ထန်ခေါ့ ၏ စားပွဲပေါ်ကို မှီလိုက်၏။

"မင်းကလေးယူဖို့အစီစဉ်ရှိလား။" ထန်ခေါ့က မေးသည်။

ကျန်းရွှိ သည် စိတ်လွတ်ထွက်သွားမလိုပုံစံမျိုးဖြင့်ပင် မဟော်ဂနီရောင် စားပွဲကို ခဏလောက် စိုက်ကြည့်နေ၏။
"ငါမလိုချင်ဘူး။"

ထန်ခေါ့က နားလည်မှုဖြင့် ခေါင်းညိတ်လိုက်သည်။ ကျန်းရွှိ၏စိတ်က အမြဲခိုင်မာနေပုံရလင့်ကစား တကယ်တမ်း သူသည်ယောက်ျားတစ်ယောက်ဖြစ်ပြီး ကိုယ်ဝန်ရှိ နေသည်ကို လက်ခံလိုက်ရခြင်းက သူ၏စိတ်ကို အတော်လေး ထိခိုက်စေပြီးကလေးကို မလိုချင်သည့် အတွေးကိုတွေးမိသည်က ပုံမှန်ပါပင်။

"ဒီကလေးက အသက်ဘယ်လောက်ရှိပြီလဲ မင်းတွက်ကြည့်နိုင်လား" သူက ကျန်းရွှိ ကိုမေးလိုက်၏။

Ultrasoundသည် အရွယ်အစားအပေါ်အခြေခံ၍ အကြမ်းဖျင်းခန့်မှန်းပေးသော်လည်း တိကျမှုမရှိပါပေ။

"၆၅ ရက်" ကျန်းရွှိသည် အများကြီး စဉ်းစားနေရန် မလိုအပ်ဘဲ ပြက္ခဒိန်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သိသည်။ "၄၉ ရက်ကျော်သွားပြီဆိုတော့ ဆေးနဲ့ ကိုယ်ဝန်ဖျက်ချဖို့ လည်းမဖြစ်နိုင်တော့ဘူး" သူက သူ့ကိုယ်သူ တွက်ချက်ပြီးနေပြီဖြစ်သည်။

သို့သော် ထန်ခေါ့ကမယုံနိုင်သလိုပုံစံဖြင့် ပြောလာပါ၏။"မင်းနဲ့ မင်းရဲ့ကောင်လေးရဲ့လိင်မှုဘဝကမကောင်းဘူးလား"

ကျန်းရွှိပါတနာက ယောကျာ်းလေးဖြစ်နေသည့်အချက်ကို သူအမြန်လက်ခံလိုက်ပြီးပြီဖြစ်ပြီး အချိန်ကို ခပ်မြန်မြန်တွက်နိုင်သည့်အချက်ကလည်း တစ်ကြိမ်သာဖြစ်ခဲ့ဖူးသည်ဟု ဆိုလိုခြင်းဖြစ်သည်။

ကျန်းရွှိက သူ့စကားတွေကို လျစ်လျူရှုလိုက်ပြီး နောက် ပြောလာ၏။ " ပြွန်ပျော့ရဲ့ အချင်းက0.5 စင်တီမီတာထက်သေးနေပြီးတော့ အူလမ်းကြောင်းဆုံရာထောင့်ဘက်ကို negative pressureပေးဖို့အတွက် အရမ်းကျဉ်းလွန်းနေတယ်”

သူသည် စိတ်ထဲတွင် မည်သူ့ထက်မဆို သာလွန်စွာ သိထားသည့် အမျိုးမျိုးသော လုပ်ထုံးလုပ်နည်းများကို စဉ်းစားနေခဲ့ပြီး"ငါတို့ laparoscopy ဒါမှမဟုတ် laparotomy လုပ်ရုံပဲလုပ်နိုင်မယ်"

တန်ခေါ့က ခေါင်းငြိမ့်လိုက်သည်။
"ငါတို့တွေ အခုအချိန်ဆို laparoscopyခွဲစိတ်မှု လုပ်လို့ရနိုင်သေးပေမယ့် မင်းနှောင့်နှေးနေရင်တော့ laparotomy လုပ်ရလိမ့်မယ်" သူ ခွဲစိတ်မှုများကို မလုပ်ခဲ့ဖူးသည့်တိုင် laparotomy နှင့်ဆက်စပ်သော ဘေးထွက်ဆိုးကျိုးများနှင့် အန္တရာယ်များစွာအကြောင်း သူသိသည်။ ခွဲစိတ်၍ကုသနိုင်သော နည်းပညာအနည်းငယ်ထဲတွင် laparotomy သည် majorခွဲစိတ်မှုဟုယူဆရပြီး ခန္ဓာကိုယ်အပေါ်သက်ရောက်မှုကြီးမားသည်။

"ဒါပေမယ့် ဒီမှာ သတင်းကောင်းတွေရှိတယ်"
ထန်ခေါ့ကပြောလိုက်၏။ "လွန်ခဲ့တဲ့ နှစ်ရက်လောက်က မင်းကြောင့် ငါ အတော်လေးကသောင်းကနင်း ဖြစ်ခဲ့ရတယ်။ ဒါကြောင့်မို့ ငါ့သူငယ်ချင်းတွေကို မေးကြည့်တော့ တစ်ခုခုတော့ ရှာတွေ့ခဲ့တယ်။ "

ထန်ခေါ့က သူ့ tablet ကို ထုတ်ယူပြီး ကျန်းရွှိဆီမပေးခင် တစ်ခုခုကို နှိပ်လိုက်သည်။

"နိုင်ငံခြားကဂျာနယ်တစ်ခုမှာ အယ်ဒီတာလုပ်နေတဲ့ ငါ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ပြီးခဲ့တဲ့လက မင်းနဲ့အရမ်းဆင်တူတဲ့ ဆောင်းပါးတစ်ပုဒ်ရှိခဲ့တယ်။ စာရေးသူကM နိုင်ငံ ကဖြစ်ပြီးတော့ ဆောင်းပါးကို မထုတ်ဝေရသေးဘူး။ငါ့သူငယ်ချင်းက အဲ့ဒါကိုငါ့ဆီလှမ်းပို့ဖို့ အရမ်းခက်ခဲခဲ့ပေမယ့် ငါ့မှာ စာရေးသူရဲ့ အဆက်အသွယ် အချက်အလက်တွေ ရှိတယ်။ ဒါကြောင့် မင်း လိုအပ်ရင် သူကူညီနိုင်မလားဆိုတာသိဖို့ သူ့ကို အီးမေးလ် ပို့လို့ရတယ်။ဘယ်လိုပဲဖြစ်ဖြစ် သူ့လူနာကလည်း ကလေးမွေးဖွားခဲ့တယ်။သူက ဗိုက်ခွဲမွေးပေးခဲ့ပြီးတော့ အခုသားအဖနှစ်ယောက်လုံး ဘေးကင်းသွားကြပြီ"

ကျန်းရွှိ၏ မျက်တောင်များ လှုပ်ခတ်လာသည်။
ထန်ခေါ့ပြောခဲ့သလို ၎င်းက တကယ့်ကို သတင်းကောင်းပင်။
အနည်းငယ်လောက် မျှော်လင့်ချက်ရှိခြင်းက ဘာမှမရှိသည်ထက် ပိုကောင်းပါသေးသည်။

ခွဲစိတ်မှုသည် ပျက်စီးနေသည့်အရာများကို ပြုပြင်ခြင်းဟုသာ ထင်ရလင့်ကစား ကျန်းရွှိက သူလုပ်ခဲ့သော ခွဲစိတ်မှုတိုင်းနှင့် စီနီယာမ်ား၏ မရေတွက်နိုင်သော ခွဲစိတ်မှုများကိုလေ့လာစောင့်ကြည့်ခဲ့သောကြောင့်ပင် လုပ်နည်းအဆင့်တိုင်းအားသိနေပြီး သူမည်သည်ကိုမှလုပ်ရန်မဝံ့ရဲသေးခင် လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံအားလုံးကို သိနေ၏။ထို့အပြင် သူ၏ဆရာများ ကြီးကြပ်မှုအောက်တွင် အရင်ဆုံး ကျွမ်းကျင်အောင် လေ့ကျင့်ခဲ့ရသည်။

သူရင်ဆိုင်ရန်သတ္တိရှိသော်ငြားအန္တရာယ်တော့အဖြစ်မခံနိုင်ပါပေ။

မဖွံ့ဖြိုးမတိုးတက်ခင် အချိန်က ခွဲစိတ်မှုတစ်ခုအတွက်နှစ်ပေါင်းနှစ်ရာခန့် အချိန်ယူခဲ့ရပြီး မရေမတွက်နိုင်သောအသက်ပေါင်းများစွာကို စတေးခဲ့ရကာ လူနာများ၏သွေးကလည်းယိုဖိတ်ကျနေသလို သွေးထွက်သံယိုများစွာဖြင့်ပင်။ ထိုအရာအားလုံးသည် နည်းပညာအား ယခုပစ္စုပ္ပန်ရှိ တိုးတက်ဖွံ့ဖြိုးသောအခြေအနေသို့ ခေါ်ဆောင်လာရန်သာ ဖြစ်၏။

တီထွင်ကြံဆခြင်းသည် စွန့်လွှတ်အနစ်နာခံမှုတွေဖြင့်လာတတ်သည်။ ထို့ကြောင့် ယနေ့ကမ္ဘာပေါ်ရှိ ဆရာဝန်အများစုအတွက်ဆေးပညာသည် ရှေ့ဆောင်လမ်းပြမှုထက် နည်းပညာဖြန့်ဝေခြင်းနှင့်သင်ယူခြင်းလုပ်ငန်းစဉ်တို့က ပိုမိုထိရောက်သည်။

လုံလုံလောက်လောက် ပံ့ပိုးနိုင်သောအချက်အလက်များရှိသောကြောင့် ကုသမှုအသစ်များကို တိုးမြှင့်လုပ်ဆောင်နိုင်သော်လည်း မည်သူကမျှ အခြေအမြစ်မရှိသော လုပ်ထုံးလုပ်နည်းအသစ်များကိုတော့ ကြိုးစားလုပ်ဆောင်ဝံ့ခြင်းမရှိပါချေ။

အမျိုးသားမီးဖွားခြင်းဆိုသည်ကား ယခင်က တစ်ခါမှ မရှိခဲ့ဖူးသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး M နိုင်ငံမှကိစ္စကလွဲ၍ ဟိုးအရင်ကဆေးပညာစာပေများတွင်ပင် မတွေ့ခဲ့ရဘဲ အရှားပါးဆုံး ရှားပါးရောဂါများထက်ကို တွေ့နိုင်ချေနည်းလွန်း၏။

ဤနည်းလမ်းသည် ကလေးအား ဖယ်ရှားရုံသာမက သားအိမ်နှင့် ပတ်သက်သောအဆက်အနွယ်များကို တစ်ချိန်တည်းတွင် ဖယ်ရှားခြင်းဖြစ်သည်။ ပြဿနာမှာ ထိုအရာသည် ယောက်ျားတစ်ယောက်၏ခန္ဓာကိုယ်ဖြစ်နေပြီး ဝမ်းဗိုက်ကိုဖွင့်ပြီးနောက် ထွက်ပေါ်လာမယ့် အတွင်းပိုင်းရှိ သွေးကြောများနှင့် တစ်သျှူးများ၏ ရှုပ်ထွေးမှုအခြေအနေမှာ တွေးကြည့်ရန်ပင် ခက်ခဲလှသည်။

အတွေ့အကြုံမရှိခြင်းသည်လည်း အလွန်အန္တရာယ်များသည်ဟု ဆိုလိုခြင်းပင်ဖြစ်၏။

"ကျန်းရွှိ ဒါကို ဖယ်ထုတ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် အန္တရာယ်အကင်းဆုံးနည်းလမ်းကတော့ အဲဒီဆောင်းပါးထဲက အဓိကခွဲစိတ်ဆရာဝန် ဒေါက်တာခန်း ကို ဆက်သွယ်ဖို့ပဲလို့ ငါထင်တယ်။ သူ့မှာ အတွေ့အကြုံရှိသလို M နိုင်ငံကို သွားဖို့ဗီဇာက ချက်ချင်းရဖို့လွယ်တယ်။ မင်းကတော့အချိန်ဆွဲလို့ရပေမယ့် ကလေးကတော့တောင့်မခံနိုင်ဘူးလေ"

နိုင်ငံတကာအခြေအနေက သိပ်မရှင်းပေ။ အခုသွားဖို့အတွက် ခန့်မှန်းခြေအနည်းဆုံး သုံးလ စောင့်ရသည်။ ထိုအချိန်အတွင်း သန္ဓသေားလေးသည် ငါးလခန့်ရှိလာမည်ဖြစ်သည်။

ထိုငါးလတွင် မှတ်ဉာဏ်ရှိလာမှာဖြစ်ပြီး အမေ၏အသံကိုတောင်မှ ခွဲခြားနိုင်လာသည်။

ထန်ခေါ့က ခဏရပ်လိုက်ပြီး ဆက်ပြောလာ၏။
“တကယ်လို့ မင်းနဲ့ မင်းရဲ့လက်တွဲဖော်က ဆက်ဆံရေးကောင်းရင် အခြေအနေကို စောင့်ကြည့်ဖို့ဖြစ်နိုင်ခြေရှိတယ်။ဒါကလည်း ကံကြမ္မာပဲနော် ။ တချို့ လိင်တူချစ်သူစုံတွဲတော်တော်များများက ကလေးလိုချင်ပေမယ့် မရကြဘူးလေ။ ဒီအတိုင်းသာဆိုရင် ခွဲစိတ်ဖို့အတွက် ဆရာဝန်ကို ဆက်သွယ်ဖို့ အနည်းဆုံး ရှစ်လလောက် အချိန်ယူရလိမ့်မယ်။ အဲ့ဒါကမှ စိတ်ဖိစိမှုနည်းစေလိမ့်မယ်"

ကျန်းရွှိ က သူ့ဒူးရှေ့မှာ လက်နှစ်ဖက်ကိုပိုက်ပြီး ပြောလာ၏။
"ငါ အခုထိ အဲ့ဒါကိုဆက်လုပ်ဖို့ ကြောက်နေတုန်းပဲ"

ထန်ခေါ့က သက်ပြင်းချပြီး "ပြဿနာက အခုခွဲစိတ်မှုလုပ်ချင်ရင်တောင် မင်းကို ဘယ်သူက ခွဲစိတ်ပေးမှာလဲ" သူက ခဏရပ်လိုက်ပြီး ပြောလာပါ၏။ "မင်းကို ဒီလိုမျိုး အရဲစွန့်ပြီးခွဲစိတ်မှုလုပ်ဖို့ တရုတ်မှာ ဘယ်သူက သတ္တိရှိမှာလဲ"

ယခင်ကလည်း မည်သူမှ မလုပ်ဖူးပေ။ သူတို့၏အသက်မွေးဝမ်းကြောင်း သို့မဟုတ် ကျန်းရွှိရဲ့ ဘဝကို မည်သူကများ အလောင်းစားလုပ်ရဲမည်နည်း။

"ခွဲစိတ်မှုမှတ်တမ်းတွေကို ငါတို့သိနိုင်ရင် တစ်ယောက်ယောက်ကို ရှာတွေ့နိုင်မှာပါ" ကျန်းရွှိ က ပြောသည်။

"ဒါကတော့ Mနိုင်ငံက ဆရာဝန်ကဘယ်လောက် sharingလုပ်ပေးချင်လဲဆိုတာပေါ်မှာပဲ မူတည်တယ်" ထန်ခေါ့ ကပြောလာ၏။
"ဘာလို့လဲဆိုတော့ ကမ္ဘာပေါ်မှာ သူကလွဲပြီး ဒီလို ခွဲစိတ်မှုမျိုး ဘယ်သူမှ မလုပ်ဖူးဘူးလေ"

"တကယ်တော့ ရှိတယ်" ကျန်းရွှိက ပြောလိုက်ပြီးနောက် တိတ်ဆိတ်သွားတော့၏။

(E Translator'sNote: ဒီအခန်းက ဝေါဟာရတွေကြောင့် နည်းနည်းရှုပ်ထွေးပေမယ့် ငါအကောင်းဆုံးဖြစ်အောင်တော့ကြိုးစားထားပါတယ်)

ဘာသာပြန်သူ note /အကောင်းဆုံးဖြစ်အောင်ကြိုးစားထားပါတယ် 🥺🥺