Chapter 161
လင်းလော့ချင်းက ရှောင်လီ၏ အလုပ်တာဝန်မှာ သူထင်ထားသည်ထက် ပို၍ ရှုပ်ထွေးလောက်မည်ကို တွေးမိပေသည်။ သို့သော် သူက မမေးခဲ့ပါပေ။
လင်းလော့ချင်း ကိစ္စများအပေါ် ပုံကြီးမချဲ့သလို မည်သည့်အခါမှ အများအပြားမမေးဘဲ ကျိယွီရှောင်အား ယုံကြည်မှုနှင့် ထောက်ပံ့မှုပေးထားသည်။
သူတို့နှစ်ဦးက ကလေးနှစ်ယောက်ကို ဈေးဝယ်ထပ်ထွက်ရန် ခေါ်သွားလိုက်သည်။
သူတို့က အမျိုးသား အဝတ်ဆိုင်သို့ရောက်သောအခါ ကျိလဲ့ယွီက ခေါင်းမော့ကာ ကျိယွီရှောင်အတွက် အဝတ်ရွေးပေးလေသည်။ သူက ရုတ်တရက်တွင် အနီးနားတွင် သူမြင်လိုက်သော လူနှစ်ယောက်ရှိနေသည်ကို ရုတ်တရက် သဘောပေါက်သွားလေသည်။
ထိုသူတို့က စကားပြောရင်း သူတို့နားသို့ကပ်လာစဉ်တွင် ကျိလဲ့ယွီက စက်လှေကားမှာ ဆိုင်ဘေးတွင် ရှိနေသည်ကို သတိထားမိသွားသည်။
ကျိလဲ့ယွီ၏ ခေါင်းထဲမှ ခွေးသွားစိတ်များက စတင်လည်ပတ်လာပြီး သူက ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
ကျိယွီရှောင်မှာ လက်ရှိတွင် တစ်စုံတစ်ခုကို အစမ်းဝတ်ကြည့်ရန် တိုက်တွန်းနေသော လင်းလော့ချင်းထံတွင် အာရုံရောက်နေပေသည်။ သူတို့နှစ်ဦးမှာ ကျိလဲ့ယွီကို လုံးဝ အာရုံမစိုက်နေပါပေ။
လင်းဖေးသည်လည်း လင်းလော့ချင်းနှင့် သင့်လျော်သော အဝတ်များ ရှာနေပေသည်။
ကျိလဲ့ယွီက သူတို့ရှိနေသော အမျိုးသား အဝတ်ဆိုင်မှ ထွက်လာစဉ်တွင် ကလေးနှစ်ယောက်ကို ကြည့်ရှုရန် ကျိယွီရှောင်၏ အမိန့်ပေးခံထားရသော ရှောင်လီက လှမ်းအော်လိုက်သည်။
"အပြင်မထွက်နဲ့ ရှောင်ယွီ..."
သူက ကျိလဲ့ယွီဘေးတွင် လာရပ်နေပေသည်။
ကျိလဲ့ယွီက သူ့အား နာနာခံခံနှင့် ကြည့်လိုက်သည်။
"သား သန့်စင်ခန်းသွားချင်လို့..."
"ဦးဦးလိုက်ပို့ပေးမယ်နော်..."
"ရပါတယ်..."
ကျိလဲ့ယွီက ရိုးရှင်းစွာ ဆိုလိုက်သည်။
"သန့်စင်ခန်းက ဒီနားလေးတင်ကို... သားဘာသာ သွားနိုင်ပါတယ်..."
သို့သော် ရှောင်လီက အလွန်ပင် တာဝန်ယူတတ်ပေသည်။
"မရဘူး... ကုန်တိုက်က အကြီးကြီးပဲ... ကလေးတွေက သူတို့ရဲ့ လူကြီးတွေကို ထားမသွားသင့်ဘူး... အဲ့လိုမှမဟုတ်ရင် သားက လမ်းပျောက်ပြီး မိဘတွေကို ရှာမတွေ့ပဲ နေလိမ့်မယ်..."
ကျိလဲ့ယွီ - ...
"ဘာဖြစ်လို့လဲ..."
လင်းဖေးက သူတို့နှစ်ဦး အတူရပ်နေသည်ကို တွေ့ကာ မေးလိုက်သည်။
"ရှောင်ယွီက သန့်စင်ခန်း သုံးချင်လို့တဲ့..."
ရှောင်ယွီက သူ့ကိုကြည့်လိုက်သည်။
"ဖေးဖေး မင်းရော သွားချင်သေးလား... ဦး သားတို့နှစ်ယောက်လုံးကို လိုက်ပို့မယ်..."
ကျိလဲ့ယွီ - ...
လင်းဖေးက အများကြီးမတွေးပဲ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်..."
သန့်စင်ခန်းသုံးရန် လုံးဝ မရည်ရွယ်ခဲ့သည့် ကျိလဲ့ယွီ - ...
သူက စိတ်ထဲတွင် နဖူးပေါ်လက်တင်ကာ စက်လှေကားပေါ်သို့ တက်သွားသည့် လူနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
အဲ့ဒါဆိုလည်း နောက်တစ်ခေါက်ပေါ့... သူတို့ ဒီတစ်ခါ ကံကောင်းသွားတယ်လို့ပဲ ယူဆလိုက်မယ်...
လင်းဖေးက ကျိလဲ့ယွီ၏ အကြည့်များကို ချက်ချင်းသတိပြုမိသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
သူက တကယ်ပဲ... သန့်စင်ခန်းသုံးချင်တာရော ဟုတ်ရဲ့လား...
ရှောင်လီက လင်းလော့ချင်းနှင့် ကျိယွီရှောင်တို့ကိုပြောပြီး ကလေးနှစ်ယောက်ကို သန့်စင်ခန်းသုံးရန် ခေါ်သွားလိုက်သည်။
ကျိလဲ့ယွီက ဤနေရာသို့ ရောက်လာပြီးဖြစ်ရာ လက်ရှိနှင့် လိုက်လျောညီထွေ ဖြစ်ရန် လိုအပ်ပေသည်။
ကျိလဲ့ယွီက လက်ဆေးကာ ကျိယွီရှောင်ရှိနေသော အမျိုးသားအဝတ်ဆိုင်ထဲသို့ ပြန်ဝင်လာလိုက်သည်။
ထိုအချိန်တွင် ကျိယွီရှောင်မှာ အဝတ်အစားအသစ်လဲထားပြီးဖြစ်သည်။ သူက လင်းလော့ချင်းအတွက် ဝတ်စုံတစ်စုံရွေးပေးလိုက်ကာ ခံစားချက်ကောင်းနေပေသည်။
သူတို့က ကုန်တိုက်တွင် စားသောက်ပြီးနောက် အိမ်ပြန်လာသည့်အခါ ၁၀နာရီပင် ထိုးနေပြီဖြစ်သည်။
လင်းဖေးက ကျိလဲ့ယွီ ညင်သာစွာ သန်းဝေလိုက်သည်ကို ကြည့်ကာ နောက်ဆုံးတွင် ကုန်တိုက်၌ သူဘာလုပ်ရန် ရည်ရွယ်ခဲ့သည်ကို မမေးတော့ပေ။
*****
အဖေလင်းက လင်းလော့ချင်း၏ စာကို ရသောအခါ ချက်ချင်း တုံ့ပြန်လိုက်သည်။ သို့သော် ကံမကောင်းစွာဖြင့် လင်းလော့ချင်းက ပြန်မဖြေလာတော့ပါပေ။
အဖေလင်းမှာ စိတ်မအေးဖြစ်နေလေသည်။ လင်းလော့ချင်းနှင့် ကျိယွီရှောင်တို့ နောက်ဆုံးတစ်ခေါက် အိမ်ပြန်လာသည့် အချိန်မှစ၍ သူက သူတို့နှစ်ဦးကို ထပ်မတွေ့ရသေးပေ။ သူက လင်းလော့ချင်းကို ခေါ်သည့်အခါ လင်းလော့ချင်းက ရုပ်ရှင်ရိုက်နေ၍ ဆုံရန်အချိန်မရှိဟု ဆိုလာသည်။ သူက နောက်ဆုံး ရုပ်ရှင်ရိုက်ပြီးသော်လည်း ဤကဲ့သို့ စာတစ်စောင်ဖြင့် အဆုံးသတ်သွားလေသည်။ အဖေလင်းမှာ လင်းလော့ချင်းနှင့် လင်းလော့ကျင်းတို့ကြားတွင် ဘာထပ်ဖြစ်သည်လဲဆိုသည်ကို သိလိုနေသည်။
သူတို့ထပ်တွေ့ကြတာလား...
သူက လင်းလော့ချင်းထံမှ အဖြေမရနိုင်ရာ လင်းလော့ကျင်းကို တိုက်ရိုက်ခေါ်ပြီး ဘာဖြစ်ခဲ့သလဲဆိုသည်ကို မေးလိုက်သည်။
လင်းလော့ကျင်းက လင်းလော့ချင်းက ဤကိစ္စကို ပြောရန်မမျှော်လင့်ထားပဲ အလွန်စိတ်ဆိုးကာ ကူကယ်ရာမဲ့နေသည်။ သူက ဘာမှမလုပ်ခဲ့ဟု အသည်းအသန်ရှင်းပြရန်သာ တတ်နိုင်၏။
အဖေလင်းက သူ့စကားများကို ကြားသောအခါ လင်းလော့ကျင်းက ဖုံးကွယ်ထားရန် ကြိုးစားသည်က ပို၍ ဖော်ပြနေသည်ကို ခံစားရသည်။ သူက လင်းလော့ကျင်းကို ဆုံးမကာ လင်းလော့ချင်းကို ထပ်မံထိပ်တိုက်မတွေ့ရန် သတိပေးလိုက်သည်။
သူတို့က လင်းလော့ချင်း အိမ်ကိုပြန်လာဖို့ အရင်ဆုံး လှည့်ဖြားရမယ်...
လင်းလော့ကျင်းက ဝမ်းနည်းလာကာ ဤလက်ထပ်ပွဲကို လင်းလော့ချင်းထံသို့ တွန်းပို့ခဲ့ခြင်းကို ပို၍ နောင်တရသည်ဟု ခံစားလိုက်ရသည်။
သူက ဤလက်ထပ်ပွဲကို တွန်းမထုတ်ခဲ့ပါက လင်းလော့ချင်းမှာ ခွေးများ၏ အထင်သေးခြင်းပင်ခံရသော လူတစ်ဦးသာ ဖြစ်ေနမည် ဖြစ်သည်။
သူ အခုလိုမျိုး ဖြစ်နေမယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... သူ့အဖေကတောင် လင်းလော့ချင်းကို သည်းခံချင်တယ်... ဘာကို အခြေခံပြီးလဲ...
လင်းလော့ကျင်းနှင့် အဖေလင်း၏ သားအဖဆက်ဆံရေးတွင် ပြဿနာဖြစ်စေသော လော့ချင်းကမူ လင်းဖေး၏ စာကြည့်ခန်အသစ်အတွက် ဒီဇိုင်းမှာရှာကာ အလုပ်ရှုပ်နေ၏။
ဒီဇိုင်နာမှာ ပုံစံအများအပြားကို ပေးအပ်လာပြီး ၄င်းတို့ အားလုံးမှာ ကလေးများ၏ စာကြည့်ခန်းအတွက် မကြာသေးမီက ခေတ်စားနေသော ဒီဇိုင်းများ ဖြစ်သည်။
လင်းလော့ချင်းက ၄င်းတို့ကို ကြည့်လိုက်ပြီး လင်းဖေးကို မေးလိုက်သည်။
"မင်း ဘယ်ဟာကြိုက်လဲ..."
လင်းဖေးက ၄င်းတို့ကို ကြည့်လိုက်ပြီး တစ်ခုမှ မကြိုက်ဟု ခံစားရသည်။
"တစ်ခုမှ မကြိုက်ဘူးလား..."
လင်းလော့ချင်းက မေးလိုက်သည်။
"အဲ့ဒါဆို ငါတို့ စတိုင်ပြောင်းလို့ရပါတယ်..."
ဒီဇိုင်နာက ဤကိစ္စကိုမြင်သောအခါ မေးလိုက်သည်။
"ဒါမှမဟုတ် သခင်လေး ကြိုက်တဲ့ စတိုင်ရှိလား... ကျွန်တော်တို့က သခင်လေးရဲ့ အကြိုက်အပေါ်မူတည်ပြီး ဒီဇိုင်းအသစ် လုပ်လို့ရပါတယ်..."
လင်းဖေးက တွေးလိုက်ပြီး ကျိယွီရှောင်ကို ကြည့်လိုက်သည်။
"အဲဒါဆို ရှုရှုကျိရဲ့ စာကြည့်ခန်းစတိုင်က အဆင်ပြေပါတယ်..."
ကျိယွီရှောင် - ...
"အဲ့ဒါက အရမ်း ပျင်းစရာမကောင်းဘူးလား..."
ကျိယွီရှောင်က သူ့၏ စာကြည့်ခန်းမှာ အလွန်ရှေးရိုးဆန်ကာ ကလေးများအတွက် မသင့်တော်ဟု ခံစားရပေသည်။
"မင်းက ကလေးပဲ ရှိသေးတာလေ... သားကြီးလာမှ စတိုင်ကို ပြောင်းရင်လည်း နောက်မကျသေးပါဘူး..."
လင်းဖေးက မျက်တောင်ခတ်လိုက်သည်။
"မရဘူးလား..."
ကျိယွီရှောင်က ဘယ်လိုလုပ်ပြီး သူ့ကို ငြင်းချင်မှာလဲ...
"မင်းကြိုက်ရင် ရတာပေါ့... ရှုရှုတို့က မင်းကြိုက်တဲ့အတိုင်း လုပ်ပေးမှာ..."
"ဟုတ်တယ်..."
လင်းလော့ချင်းက ဆိုလိုက်သည်။
"အဲ့ဒါဆိုရင် ကျွန်တော်က ရှုရှုကျိအတိုင်းပဲ လုပ်မယ်..."
လင်းဖေးကတည်ငြိမ်စွာ ဆိုလိုက်သည်။
ဟုတ်ပြီ...
လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။
ကြည့်ရတာ လွှမ်းမိုးနိုင်တဲ့ ဥက္ကဌတစ်ယောက်က ငယ်ငယ်ကတည်းက ပျိုးထောင်ပေးဖို့ လိုတဲ့ပုံပဲ...သူတို့ရဲ့ စာကြည့်ခန်းတွေကတောင် တစ်ပုံစံတည်းပဲ...
သူက ခေါင်းလှည့်ကာ ဒီဇိုင်နာကို ကြည့်လိုက်သည်။
"အဲ့ဒါဆိုရင် ကျိယွီရှောင်ရဲ့ စာကြည့်ခန်းပြီးရင် အဲ့ဒါကို ပြင်ဆင်လိုက်တော့..."
ဤသည်မှာ သူ့၏ စာကြည့်ခန်းကို ဤနည်းလမ်းဖြင့် ပြင်ဆင်ရန် တောင်းဆိုသော ကလေးတစ်ယောက်ကို ဒီဇိုင်နာက ပထမဆုံး တွေ့ဖူခြင်း ဖြစ်သည်။သူက တုံ့ဆိုင်းနေပေသည်။
"အဲ့ဒါဆို ဆုံးဖြတ်လိုက်ပြီပေါ့..."
"သူပြောတာ နားထောင်လိုက်ပါ..."
လင်းလော့ချင်းက လင်းဖေး၏ ပခုံးကို ပွတ်ပေးလိုက်သည်။
"အဲ့ဒါက သူ့စာကြည့်ခန်းလေ... သူပြောတဲ့အတိုင်းပေါ့..."
လင်းဖေးက "သူ့စာကြည့်ခန်း..."ဟူသည်ကိုကြားရာ ရှင်းမပြတတ်ေအာင် ပျော်ရွှင်လာမိသည်။
"ဟုတ်ပြီ..."
ဒီဇိုင်နာက သဘောတူလိုက်သည်။ မည်သို့ပင် ဆိုစေ ဤသည်က သူ့စာကြည့်ခန်း မဟုတ်ပေ။ သူက တစ်ဖက်မိဘများ သဘောတူသည်ကို နားထောင်ရန်သာ တတ်နိုင်ပေသည်။
လင်းဖေး၏ စာကြည့်ခန်းက အခြေကျသွားရာ လင်းလော့ချင်းက ကျိလဲ့ယွီကို မတွေးမိပဲ မနေနိုင်ပါပေ။
"ရှောင်ယွီလည်း စာကြည့်ခန်း မလိုဘူးလား..."
စာကြည့်ရသည်ကို အမြဲလိုလိုမုန်းသည့် ကျိလဲ့ယွီက သူ့၏ လက်ကလေးများကို ဝှေ့ယမ်းလိုက်သည်။
"မလိုဘူး... လုံဝ မလိုဘူး..."
သူငြင်းဆန်သည့်နည်းလမ်းမှာ တုံ့ဆိုင်းခြင်း အနည်းငယ်ပင် မပါဝင်ဟု ပြောနိုင်သည်။
"ဟုတ်ပြီ... အဲ့ဒါဆိုရင်လည်း သားလိုချင်တာနဲ့ ပါးပါးတို့က လုပ်ပေးမယ်နော်..."
လင်းလော့ချင်းက အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။
ကျိလဲ့ယွီသည် လင်းလော့ချင်းမှာ ထိုနေ့ရောက်လာရန် မည်သည့်အခါမှ မြင်ရမည် မဟုတ်ဟု ခံစားရသည်။
သူက တစ်ဘဝလုံး ဘယ်တော့မှ လိုချင်မှာ မဟုတ်ဘူး...
သူက ၄င်းကို တွေးနေစဉ်တွင် လင်းလော့ချင်း၏ ဖုန်းက မြည်လာ၏။
လင်းလော့ချင်းက ယူကာ တစ်ချက်ကြည့်လိုက်သည်။ ဤသည်က အဖေလင်းဖြစ်နေရာ သူက မဖြေလိုက်ပေ။
၄င်းမှာ ဒီဇိုင်နာပြန်သွားပြီး သူက ကျိယွီရှောင်နှင့်အတူ သူ့၏ အခန်းသို့ ပြန်လာသည်အထိ ဖြစ်ကာ နောက်ဆုံးတွင် အေးအေးဆေးဆေးဖြင့် သူ့ဖုန်းကို ကိုင်လိုက်လေသည်။
သူက အိပ်ရာပေါ်တွင် ထိုင်ကာ ပျင်းရိစွာ ပြန်ဖြေလိုက်သည်။
"ဟယ်လို..."
"မင်းစောစောက ဘာလို့ ဖုန်းပြန်မဖြေတာလဲ..."
အဖေလင်းက မေးလိုက်သည်။
"ကျွန်တော်အလုပ်များနေပြီး မမြင်လိုက်လို့..."
လင်းလော့ချင်းက ပြန်ဖြေလိုက်သည်။
"ဘာကိစ္စလဲ..."
"လော့လော့... တရုတ် နှစ်သစ်ကူး ရောက်ခါနီးပြီ... မင်း အိမ်ကို လာလည်သင့်တယ်လို့ မထင်ဘူးလား... အဖေက သားကို မတွေ့ရတာကြာပြီ..."
လင်းလော့ချင်းက သက်ပြင်းချကာ ဆိုလိုက်သည်။
"ထားလိုက်ပါတော့... ရှောင်ကျင်းက ထပ်ပြီး စိတ်ဆိုးနေဦးမယ်..."
"ဘာလို့ စိတ်ဆိုးရမှာလဲ... ငါသူ့ကို သင်ပြပြီးပြီ... သူအဲ့လို ထပ်မလုပ်ရဲတော့ပါဘူး..."
"သူက အဲ့လိုတောင် ဖြစ်နေပြီးမှ အဲ့လိုပဲ ဖြစ်မှာပေါ့... ကျိယွီရှောင်က အဖေတို့တွေ ကျွန်တော်ကို လုံးဝ ဂရုမစိုက်ဘူးလို့ တွေးတယ်... ရှောင်ကျင်းက ကျွန်တော်ကို လုံးဝ ဂရုမစိုက်ဘူးလေ... ကျိယွီရှောင်က ကျွန်တော်ကို အိမ်မပြန်စေချင်ဘူး..."
အဖေလင်းက အထိတ်တလန့်ဖြစ်သွားသည်။
"အဲ့လို မဖြစ်နိုင်ပါဘူး... ငါက မင်းကို ဂရုအစိုက်ဆုံးပဲ မဟုတ်ဘူးလား... လော့လော့... မင်းက အဖေရဲ့ ပထမဆုံးကလေးပါ... မင်းကို လုံးဝ ဂရုမစိုက်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
လင်းလော့ချင်း - "တကယ်လား..."
"တကယ်ပေါ့... အဲ့လိုမှမဟုတ်ရင် အဖေက မင်းအိမ်ပြန်လာဖို့ ကိုယ်တိုင် ဖုန်းခေါ်ပါ့မလား..."
"အဲ့ဒါဆိုလည်း ကျွန်တော်သူ့ကို ပြောကြည့်လိုက်မယ်..."
"ဟုတ်ပြီ... ဟုတ်ပြီ... ဟုတ်ပြီ..."
အဖေလင်းက အလျင်အမြန်ဆိုလိုက်သည်။
"မင်းသူ့ကို ကောင်းကောင်း ဖျောင်းဖျပြီးတော့ အိမ်ပြန်လာရမယ်နော်..."
"အင်း..."
လင်းလော့ချင်းက သူ့၏ ရိုးရှင်းကာ နုံအသော သရုပ်ဆောင်မှုကို ပြုလုပ်လိုက်သည်။
သို့သော် သူဖုန်းချလိုက်သည်နှင့် အမူအရာက ပြောင်းသွားလေသည်။
"မင်းဘာလုပ်ရမလဲ သိတယ်မလား..."
သူက ကျိယွီရှောင်ထံသို့ ခေါင်းလှည့်လိုက်သည်။
ကျိယွီရှောင်က သူနှင့် ပူးပေါင်းကာ ပါးနပ်သော နားလည်မှုတစ်ခု တည်ဆောက်လိုက်သည်။
"ပိုက်ဆံတောင်းရမယ်..."
"ဟုတ်တယ်..."
လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။
"ကြိုးစားထားနော်~"
ကျိယွီရှောင်က သူ့ဖုန်းကိုထုတ်ကာ ခေါ်လိုက်သည်။
သူက အလွန် တည့်တိုးဆန်ကာ သူပါးစပ်ဖွင့်လိုက်သော ကြေးမှာ ချက်ချင်းပင် ၁၀သန်းဖြစ်ပေသည်။
"လင်းလော့ချင်းက ကျွန်တော်ကို သူ့ညီနဲ့ ရန်မဖြစ်ဖို့ပြောလို့ ကျွန်တော်ကလည်း တကယ်ကို ဒီကိစ္စကို ပုံကြီးမချဲ့ချင်ပေမဲ့ ဦးလေးက သူ့ညီကို ဒီလို ပြုမူခွင့်ပြုထားတာက ကျွန်တော်တို့ လက်ထပ်ထားတာကို ဂရုမစိုက်ဘူးဆိုတာ ပြနေတာပဲ မဟုတ်ဘူးလား..."
အဖေလင်း စိတ်ထဲတွင် လင်းလော့ကျင်းကို ထပ်မံ ကျိန်ဆဲကာ တိတ်တဆိတ်ဆိုလိုက်သည်။
သူက တကယ်ပဲ ဘာကောင်းတာမှမလုပ်ပေမဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဖျက်တတ်တာပဲ... ဘယ်လို ပြဿနာရှာရမလဲပဲ သိတယ်...
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ရှောင်ယွီ... ငါက ဒီလက်ထပ်တာနဲ့ မင်းကို တကယ်အလေးထားပါတယ်..."
"တကယ်လား... အဲ့ဒါဆို ဦးလေးက စိတ်ရင်းအမှန်ကို ဘာလို့မပြတာလဲ... မိဘတွေရဲ့ သူတို့ကလေးအပေါ်ချစ်ခြင်းက သူတို့ပေးတဲ့ မုန့်ဖိုးနဲ့ ဖော်ပြနိုင်တယ်လို့ အမြဲတမ်း ပြောကြတာမဟုတ်ဘူးလား... အခုဆို လော့ချင်းက ကြီးလာပြီ... ဦးလေးက အများကြီး ပေးစရာမလိုပါဘူး... စိတ်ရင်းအမှန်နဲ့ ဒီကိစ္စကို ကျော်သွားဖို့ ၁၀သန်းလောက်ပါပဲ... အဲ့ဒါဆို ကျွန်တော် ပိုစိတ်ချတယ်လို့ ခံစားရမှာ..."
အဖေလင်း : ...သူက ဘာလို့ ပိုက်ဆံ ထပ်တောင်းနေတာလဲ...
၁၀သန်း....
ပြီးတော့ ဒီကိစ္စကို ကျော်သွားဖို့...
အဖေလင်းက နှလုံးအားနည်းလာသည်ဟု ခံစားရပေသည်။
"ရှောင်ယွီ... ဦးလေးမှာ ပိုက်ဆံ မကျန်တော့ဘူး..."
"အဲ့ဒါဆို ဦးလေးရဲ့ သူ့ကို ဂရုစိုက်တယ် ချစ်တယ်လို့ ထပ်တလဲ ပြောနေတာက ဦးလေးရဲ့ သနားစရာဘဝကို ဦးလေးနဲအတူ ပြန်လာပြီး ခံစားဖို့ပဲလား..."
ဤသို့ဖြင့် ရုတ်တရက် သဘောပေါက်သွားသော ကျိယွီရှောင်က မေးလိုက်လေသည်။
"ဦးလေး... ဦးလေးက လင်းလော့ချင်းကို ကျွန်တော်ဆီက ပိုက်ဆံယူပြီး ထောက်ပံ့ပေးဖို့အတွက် ပစ္စည်းတစ်ခုအနေနဲ့ သုံးနေတာတော့ မဟုတ်ဘူး မလား..."
ထိုကဲ့သို့ ရည်ရွယ်ချက် အမှန်ပင်ရှိနေသော အဖေလင်း - ...
"မဟုတ်ဘူးပေါ့..."
အဖေလင်းက ဝန်ခံရန် ငြင်းဆန်လိုက်သည်။
"အဲ့ဒါဆို ဦးလေးက သူ့ကို ဒီ၁၀သန်းကို ပိုတောင်ပေးသင့်တယ်... အဲ့၁၀သန်းသာ မရှိရင် ဦးလေးရဲ့စကားတွေက နည်းနည်းလေး အားနည်းပြီး မယုံရတဲ့ပုံမရဘူးလား..."
၅၃သန်း သုံးထားပြီးဖြစ်သည့် အဖေလင်း - ...
သူက စိတ်ထဲတွင် တိတ်တဆိတ် ရုန်းကန်ကာ ချက်ချင်းပြန်မဖြေပါပေ။ သူ သဘောမတူပါက ထို၅၃သန်းမှာ ဖြုန်းတီးပစ်သည်ဟု ယူဆ၍ ရနိုင်ပေသည်။ သူသဘောတူပါက သူက သူ့၏ ရင်းနှီးမြှုပ်နှံမှုထဲတွင် နောက်ထပ် ၁၀သန်း ထပ်ထည့်ခြင်းဖြစ်မည်။ အတန်ကြာအောင် တွေးတောပြီးနောက် အဖေလင်းက နောက်ဆုံးတွင် ကျိယွီရှောင်အား နောက်တစ်ရက်တွင် ပြန်ခေါ်လာသည်။
"ကောင်းပြီ..."
သူက အလွန် လက်လျော့ထားပြီး ဖြစ်သည်။ အဖေလင်းမှာ မည်သည့်အရာကိုမှ နောက်ပြန်ဆုတ်ရန် မတတ်နိုင်တော့ပေ။
သူ ဒီအလောင်းအစားကို နိုင်ဖို့ လိုတယ်...
လင်းလော့ချင်းက သူ့၏ စုတ်သတ်လိုက်သည်။
လောင်းကစားက တကယ်ကို လူသားတွေအတွက် ဆွဲဆောင်တတ်ပြီး ယုတ်ညံ့တဲ့ အတိတ်တစ်မျိုးပဲ...
သူက အဖေလင်း၏ ငွေလွှဲကို လက်ခံရပြီးဖြစ်ရာ သူက အိမ်ကို သွားလည်ရပေမည်။ သူက ပေါ်လာသည့် အခကြေးငွေ ၁၀သန်းတန်အောင် အလုပ်ဆက်ပြီး ကြိုးစားရပေမည်။
"သဘက်ခါ နေ့လည်စာစားပြီးရင် သားအဖေနဲ့ ငါအပြင်ခဏ သွားရမယ်... သားတို့နှစ်ယောက် အိမ်မှာ လိမ်လိမ်မာမာ နေခဲ့ကြနော်..."
လင်းလော့ချင်းက ညွှန်ကြားလိုက်သည်။
"ပါးပါးတို့ ဘယ်သွားမလို့လဲ..."
ကျိလဲ့ယွီက သိလိုပေသည်။
"ပါးပါးအိမ်... ဖေးဖေးရဲ့ အဘိုးအိမ်..."
ကျိလဲ့ယွီက သူပြောသည်ကို ကြားသောအခါ သူ့ခေါင်းထဲမှ ခွေးသွားစိတ်များက ထပ်မံ ပွင့်လာပေသည်။
လင်းလော့ကျင်း... လင်းလော့ကျင်း....
ဤအမည်မှာ သူ့ဦးလေးနှင့် အဖေကဲ့သို့ အလွန်ဆင်တူပေသည်။ သူတို့၏ အမည်က တစ်လုံးတည်းသာ ကွဲပေသည်။ သူတို့တွေကလည်း ညီအစ်ကိုများဖြစ်ရပေမည်။ ဆိုလိုသည်မှာ အဖေတစ်ယောက်တည်း ဖြစ်သည်။ ထိုလင်းလော့ကျင်းသည်လည်း ထိုနေရာတွင် ရှိသင့်ပေသည်
သူက ချက်ချင်း လက်မြှောက်လိုက်သည်။
"ပါးပါး သားလဲ လိုက်ချင်တယ်..."
လင်းလော့ချင်းက နားမလည်ပါပေ။
"သားက ဘာလို့ သွားချင်တာလဲ..."
"သားက ကိုကိုဖေးဖေးရဲ့အဘိုးကို တစ်ခါမှ မမြင်ဖူးဘူးလေ... သားသူ့ကို သွားတွေ့ချင်တယ်..."
"မလိုဘူး..."
လင်းလော့ချင်းက ဖျောင်းဖျလိုက်သည်။
"ဒါပေမဲ့ ဖေးဖေးက သားအဘိုးနဲ့ တွေ့ပြီးပြီလေ..."
ကျိလဲ့ယွီ၏ အမူအရာမှာ ရိုးရှင်းကာ နုံအနေပေသည်။
"သားလည်း သူ့ရဲ့ အဘိုးကို တွေ့ချင်တယ်..."
ကျိယွီရှောင်က သူ့ကို ကြားသည့်အခါ သူက ၄င်းမှာ ကိစ္စကြီးဟုမဟုတ်ရာ ကျိလဲ့ယွီကို ငြင်းဆန်ရန် မထိုက်တန်ဟု တွေး၍ သဘောတူလိုက်သည်။
"အဲဒါဆိုလည်း လိုက်ခဲ့လေ... အချိန်ရောက်လို့ရှောင်ယွီက ထပ်ပြီးမနေချင်တော့ရင် အိမ်ပြန်လာကြတာပေါ့...."
လင်းလော့ချင်းက
"အဲ့ဒါဆိုလည်း ဟုတ်ပါပြီ... ေဖးဖေး သာရော လိုက်ခဲ့ချင်လား..."
ဟုသာပြောနိုင်ပေသည်။
လင်းဖေးက အမှန်တကယ်တွင် မသွားလိုပါ။ သို့သော် ကျိလဲ့ယွီက ရုတ်တရက် သွားချင်သည်ဟုပြောလာပေသည်။
အဲ့ဒါက သူ့ရဲ့ အဘိုးဆိုတဲ့လူကို တကယ်ကြီး တွေ့ချင်လို့လား...
လင်းဖေးမှာ မယုံကြည်ပါပေ။
"ကျွန်တော် စဉ်းစားလိုက်ဦးမယ်..."
သူက ဆိုလိုက်သည်။
လင်းလော့ချင်းက သူ့ဆန္ဒကို မဆန့်ကျင်ပေ။
"ဟုတ်ပြီ..."
စားသောက်ပြီးနောက် လင်းဖေးမှာ သူ့အခန်းထံသို့ ပြန်သွားရန် မလောပါပေ။ ထိုအစား သူက ကျိလဲ့ယွီ၏ အခန်းထဲသို့ သွားလိုက်သည်။ သူက ကျိလဲ့ယွီကိုကြည့်ကာ တိုက်ရိုက်မေးလိုက်သည်။
"မင်းဘာလို့ ငါ့အဘိုးဆီသွားချင်တာလဲ..."
ကျိလဲ့ယွီက ခေါင်းမော့ကာ သူ့ကို ေတာက်ပသောအပြုံးတစ်ခုပေးလိုက်သည်။ သူက တောက်ပသော ပယင်းရောင် မျက်လုံးများကို တဖျပ်ဖျပ်ခတ်ကာ ချိုသာကာ ညင်သာသောအသံဖြင့် ဆိုလိုက်သည်။
"ကိုကို... သားက မကောင်းတာတစ်ခုလုပ်တော့မှာ... ဒီတစ်ခေါက် သား ကိုကို့ကို အရင်ပြောပြတယ်နော်~"
လင်းဖေး - ...
သူသိသားပဲ...
ကျိလဲ့ယွီက အဲ့ကို ဘာလို့ ရုတ်တရက်ကြီး သွားချင်မှာလဲ...
သူ့အဘိုးကို တွေ့ချင်တယ်ဆိုတာ အတုကြီးပေါ့... တကယ်က လင်းလော့ကျင်းကို လက်စားချေချင်နေတာပေါ့...
လင်းဖေးက ကူကယ်ရာမဲ့သည်ဟု ခံစားလိုက်သည်။
"မင်း ဘာလုပ်ချင်တာလဲ..."