Chapter 162
ကျိလဲ့ယွီက မျက်တောင်ခတ်ကာ သူ့အံဆွဲထဲမှ ကော်တစ်ဗူးကို ဖြည်းညင်းစွာ ထုတ်လိုက်သည်။
"ဒီလို ကော်က အရမ်းမပြင်းဘူးလို့ပြောကြတယ်... အဲ့ဒါကို လူတစ်ယောက်ရဲ့ ပါးစပ်ထဲထည့်လိုက်ရင် ဘယ်လိုဖြစ်မလဲပြောကြည့်..."
သူက လင်းဖေးကို စိတ်ဝင်တစားလှမ်းကြည့်ကာ သူ့၏ လှပသော သလင်းကျောက်မျက်လုံးများက အပြစ်ကင်းမှုများဖြင့် ပြည့်နေလေသည်။
သို့သော် သူ့ပါးစပ်မှထွက်လာသော စကားများမှာ ဆိုးသွမ်းမှုများ စဉ်းလဲမှုများဖြင့် ပြည့်နေလေသည်။
လင်းဖေး - ...
သူ့စိတ်ထဲတွင် လင်းဖေးက တိတ်တဆိတ် သူ့နားထင်ကို ပွတ်သပ်လိုက်သည်။
"အဲ့ဒါကို ပြန်ချထားလိုက်..."
ကျိလဲ့ယွီက မပြုလုပ်လို၍ သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။
"သူပြောတာက အရမ်း မုန်းစရာကောင်းတယ်... သူက စကားပြောဖို့ မထိုက်တန်ဘူး... သူ့ပါးစပ်ကို ကော်နဲ့ကပ်လိုက်ရင် သူစကားထပ်ပြောလို့ရတော့မှာမဟုတ်ဘူး..."
လင်းဖေး - "ပြန်ထားလိုက်..."
ကျိလဲ့ယွီက နှုတ်ခမ်းဆူကာ ကော်ကို စိတ်မပါစွာဖြင့် အံဆွဲထဲသို့ ပြန်ထည့်လိုက်သည်။ သူက မူလက ကော်ကို လင်းလော့ကျင်း၏ ရေထဲသို့ထည့်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ၄င်းက လင်းလော့ကျင်း၏ ပါးစပ်ကို ပိတ်နိုင်မည်လားဆိုသည်ကို သူ မသေချာသော်လည်း စမ်းကြည့်ချင်ပေသည်။
အဲ့ဒါက တကယ် အလုပ်ဖြစ်လောက်တာပဲလေ...
"သူတို့ပါးစပ်ကို ကော်နဲ့ကပ်တာက မသေစေပါဘူး... အဲ့ဒါက စကားပဲ မပြောနိုင်မှာ..."
ကျိလဲ့ယွီက သူ့ကိုယ်သူ ခုခံလိုက်သည်။
လင်းဖေး - ...
လင်းဖေးက အေးစက်စွာ ဆိုလိုက်သည်။
"မရဘူး..."
ကျိလဲ့ယွီမှာ ရွေးချယ်စရာ မရှိတော့ပါပေ။ သူက အံဆွဲထဲမှ နောက်ထပ် သေတ္တာတစ်ခုကို ထုတ်လိုက်သည်။
"အဲ့ဒါဆို ဒါတော့ အဆင်ပြေတယ်မလား..."
လင်းဖေးက ခေါင်းငုံ့ကာ ကြည့်လိုက်သည်။
"အဲ့ဒါက ဘာလဲ..."
ကျိလဲ့ယွီက သေတ္တာကို ဖွင့်လိုက်ရာ အတွင်းထဲတွင် ဖန်ကွဲစများ ရှိနေပေသည်။
"သားက နည်းနည်းပဲ ထည့်ထားတာ..."
သူက ေကာင်းမွန်စွာဆိုလိုက်သည်။
လင်းဖေး - ...
"မင်းက အဲ့ဒါကို ဘယ်မှာ ထည့်ဖို့ စီစဥ်ထားတာလဲ..."
"သူ့အစားအသောက်ထဲကို..."
ကျိလဲ့ယွီ၏ အသံမှာ နူးညံ့ကာ ချွဲပျစ်နေပြီး ကလေးများ၏ အကြိုက်ဆုံး နို့ချိုချဉ်ကဲ့သို့ ချိုမြိန်မှု ပါဝင်နေပေသည်။
"သူစားလိုက်ရင် သူ့့ပါးစပ်နာသွားမှာ မလား..."
လင်းဖေး - ...
လင်းဖေးက သူ့ကိုကြည့်ကာ မင်းရဲ့ အဲ့ဦးနှောက်လေးထဲမှာ တစ်နေကုန် ဘာတွေတွေးနေတာလဲဆိုသည်ကို သိလိုနေပေသည်။
မင်းမှာ စာသင်ဖို့ ခွန်အားမရှိတာ အံ့ဩစရာမရှိတော့ပါဘူး...
"မရဘူး..."
"ဒါလည်း ဘယ်သူ့ကိုမှ မသေစေဘူးလေ..."
ကျိလဲ့ယွီက ငြင်းဆန်လိုက်သည်။
"ပြီးတော့ အဲ့ဒါက ရေတွေ၊ မီးတွေ၊ ဓားတွေနဲ့ ဘာမှ မဆိုင်ဘူးလေ... သူက နည်းနည်းပဲ သွေးထွက်မှာပါ... ဒါပေမဲ့ သားပြုတ်ကျရင် သားလည်း သွေးထွက်မှာပဲလေ... အဲ့ဒါနဲ့ ပတ်သတ်ပြီး ဘာမှ မမှားနေပါဘူး..."
"မရဘူး..."
လင်းဖေးက ထပ်မံဆိုလိုက်သည်။
လင်းဖေးမှာ တောင်းဆိုစရာများကာ ချေးများသည်ဟု ကျိလဲ့ယွီ ခံစားရပေသည်။ သူက တခြားသော သေတ္တာအသေးလေးကို ထပ်ထုတ်လိုက်သည်။
"အဲ့ဒါဆို ဒါရော အဆင်ပြေလား..."
လင်းဖေး - ...ငါမသိတဲ့ ရတနာတွေ မင်းမှာ ဘယ်နှခုတောင် ရှိနေတာလဲ...
လင်းဖေးက ဘာရှိနေသလဲဆိုသည်ကို သိစရာမလိုဟု ခံစားရပြီး ကျိလဲ့ယွီကို ဆွဲခေါ်လိုက်သည်။
"မင်းဒီည အိမ်စာရေးစရာမလိုဘူး..."
ကျိလဲ့ယွီက ပျော်ရွှင်သွားလေသည်။
"တကယ်လား..."
"မင်းက ငါ့အတွက် အတွေးနဲ့ လူ့ကျင့်ဝတ်ဆိုတဲ့ စာအုပ်ကောင်းတစ်ခု ဖတ်ရမယ်..."
ကျိလဲ့ယွီ - ...
"သားဖတ်ထားပြီးသား..."
လင်းဖေးက သံသယအပြည့် ရှိပေသည်။ သူက ထိုသို့ဆိုလျှင် ကျိလဲ့ယွီက ကောင်းကောင်း မဖတ်ခြင်း သို့မဟုတ် အတန်းထဲတွင် အာရုံမစိုက်ခြင်းဟု ခံစားရသည်။
"အဲ့ဒါဆိုလည်း ထပ်ဖတ်..."
ကျိလဲ့ယွီ - ...
လင်းဖေးက သေတ္တာများကို သူ့၏ အံဆွဲထဲသို့ထည့်ရန် ကူညီပေးလိုက်သည်။
ကျိလဲ့ယွီက သူ့ကိုကြည့်ကာ အသံတိုးတိုးနှင့် ဆိုလိုက်သည်။
"တွေ့လား... သားက ကိုကိုကို အရင်ပြောပြရင် ကိုကိုက သားကို တစ်ခုမှကို လုပ်ခွင့်မပေးဘူး..."
"ဘာလို့လဲဆိုတော့ မင်းလုပ်နေတာက မှားနေလို့လေ..."
"ဒါပေမဲ့ သူတို့ကလည်း မမှန်နေဘူးဆိုရင် ဘယ်လိုလုပ်မလဲ..."
ကျိလဲ့ယွီက ဖြောင့်မတ်စွာ ဆိုလိုက်သည်။
"အဲ့နေ့က ကုန်တိုက်မှာ သန့်စင်ခန်းသုံးဖို့ တကယ်လိုတာရော ဟုတ်ရဲ့လား..."
လင်းဖေးက သူ့ကို မေးလိုက်သည်။
ကျိလဲ့ယွီက တစ်ခွန်းမှ မဆိုပါပေ။
"မင်းဘာလုပ်ချင်တာလဲ..."
ကျိလဲ့ယွီက ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။
"မြန်မြန်ပြော..."
လင်းဖေးက တွန်းအားပေးလိုက်သည်။
"ထွေထွေထူးထူးမဟုတ်ပါဘူး..."
ကျိလဲ့ယွီက အသံတိုးတိုးနှင့် ဆိုလိုက်သည်။
"သူတို့က စက်လှေကား စီးတော့မှာ... သားက ပြေးသွားပြီး သူတို့ကို တွန်းပြီး ပြုတ်ကျအောင် လုပ်မလို့..."
လင်းဖေး - ...
"စက်လှေကားတွေက အရမ်း အန္တရာယ်များတာ မင်းမသိဘူးလား..."
ကျိလဲ့ယွီက ထင်ထင်ရှားရှားပင် မသိပါပေ။
"အဲ့ဒါတွေက ရွေ့လျားနိုင်တဲ့ လှေကားတွေပဲ မဟုတ်ဘူးလား..."
"မဟုတ်ဘူးပေါ့... စက်လှေကားတွေက သာမန်လှေကားတွေထက်ကို အများကြီး အန္တရာယ်များတယ်... နောက်ဆိုရင် အဲ့ဒါတွေပါတဲ့ အစီအစဉ်တစ်ခုမှ မလုပ်ရဘူး..."
ကျိလဲ့ယွီ - "အိုး..."
၄င်းမှာ သူက လင်းဖေး၏ ထပ်တလဲလဲ ငြင်းဆိုချက်များကြောင့် အပြင်အထန် ထိခိုက်ပြီး ဖိနှိပ်ခံရသည်ဟု ခံစားလိုက်ရသည်။ သူ့အမူအရာက သုန်မှုန်နေကာ စိတ်ဓာတ်ကျနေပြီး ခေါင်းငုံ့ကာ စကားထပ်မဆိုတော့ပါပေ။
လင်းဖေးက သူ့ကိုကြည့်လိုက်ပြီး အနည်းငယ်တွေးကာ သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။ သူက ဆိုလိုက်သည်။
"လိမ်လိမ်မာမာနေ..."
ကျိလဲ့ယွီက ခေါင်းမော့ကာ သူ့ကိုကြည့်ပြီး စိတ်ရင်းဖြင့် ဆိုလိုက်သည်။
"ဒါပေမဲ့ သားက တော်လည်းမတော်ဘူး... အပြုအမူလည်း မကောင်းဘူးလေ..."
"အဲ့ဒါဆိုရင် မင်းက ပိုကောင်းအောင် ကြိုးစားလို့ရတာပဲ..."
ကျိလဲ့ယွီက ဆန္ဒရှိဟန် မရပါပေ။ သူကဆိုလိုက်သည်။
"သားသူ့ကို မုန်းတယ်..."
"မင်း သူ့ကို အော်လို့ရတယ်... ရိုက်လို့ရတယ်... တခြားဟာတွေ လုပ်လို့ရတယ်... ဒါပေမဲ့ ဒါတွေတော့ မရဘူး..."
"အဲ့ဒါဆိုရင် ဘာလုပ်လို့ရလဲ..."
ကျိလဲ့ယွီက မေးလိုက်သည်။
လင်းဖေးက ရုတ်တရက် ဘာပြန်ဖြေရမလဲ မသိတော့ပါပေ။
သူနှင့် ကျိလဲ့ယွီမှာ လုံးဝပင် ခြားနားသောစရိုက်များ နှင့် ကိုယ်ရည်ကိုသွေးရှိပေသည်။
ကျိလဲ့ယွီမှာ အညိုးထားတတ်ပြီး လက်စားချေခြင်းနှင့် ပြန်လည် ပေးဆပ်တတ်သည်။ သူ့ကိုဖြစ်စေ သူဂရုစိုက်သောလူများကိုဖြစ်စေ စကားလေးတစ်ခွန်းနှင့်ပင် နာကျင်စေသော မည်သူမဆိုကို သူက နှစ်အကြာကြီး မှတ်ထားကာ ပြန်လည်ပေးဆပ်တတ်သည်။
သို့သော် သူ (လင်းဖေး)ကမူ မာနကြီးကာ ဝင့်ကြွားတတ်သည်။ သူက လူတိုင်းကို သူ့အောက်လွှာမှလူဟု မြင်ပြီး သူတို့ကို ဂရုမစိုက်ပဲ သူတို့အတွက် မည်သည့်စွမ်းအင်ကိုမှ မဖြုန်းတီးလိုပါပေ။
လင်းဖေး၏ ကမ္ဘာနှင့် အမြင်မှဆိုလျှင် အရာများစွာက သူ့အတွက် အရေးမပါသလို သူက မည်သည်ကိုမှ အာရုံမစိုက်လိုပေ။ သူက ကြီးပျင်းကာ ရင့်ကျက်လာပြီး သူလိုအပ်လာသည့်အခါ သူ့ကို ကာကွယ်ရန် သူ့၏ ကိုယ်ပိုင်ဆူးများ တိုးတက်လာရန်သာ ကြိုးစားနေပေသည်။
သို့သော် ကျိလဲ့ယွီ၏ ကမ္ဘာနှင့် အမြင်မှ ဆိုလျှင် မည်သူကမှ သူ့၏ ကြေးခွံများကို မထိနိုင်ပါပေ။ သူက မည်သူကိုမှ အနားကပ်ခွင့်မပေးကာ အနားကပ်လာသူများကိုမူ သူ့၏ အပြုအမူကောင်းကာ အပြစ်ကင်းသည့် ဟန်ဆောင်မျက်နှာဖုံးကို ဆွဲခွာပြီး ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်မည်ဖြစ်သည်။
သူတို့နှစ်ဦးမှာ မူလထဲက အချင်းချင်း ဆက်ဆံမှု လုံးဝပင် မရှိရမည်ဖြစ်သည်။
လင်းဖေးက နားမလည်သော်လည်း ကျိလဲ့ယွီ မည်သည်ကို ဂရုစိုက်သည်ကိုရော ကျိလဲ့ယွီ ဘာလုပ်ခဲ့သည်ကိုရော ဂရုမစိုက်ပေ။
လင်းဖေးက ကျိလဲ့ယွီကို ရန်စရန် ဦးစွာ မလုပ်ဆောင်သရွေ့ ကျိလဲ့ယွီလည်းက လင်းဖေးကို လက်တုံ့ပြန်မည် မဟုတ်ပါပေ။
၄င်းမှာ မူလ ဝတ္ထုထဲတွင် ဖြစ်ရမည့် အရာဖြစ်ပေသည်။
သို့သော် ယခုတွင် လင်းလော့ချင်းနှင့် ကျိယွီရှောင်၏ လက်ထပ်မှုကြောင့် သူတို့နှစ်ဦးက တစ်မိုးအောက်ထဲတွက် အတူတကွ နေထိုင်နေရသည်။
လင်းဖေးက သူ့ရှေ့မှ ကလေးကို လေ့လာလိုက်သည်။ ကျိလဲ့ယွီမှာ သူလုပ်နေသည်က မကောင်းသည်ကို မသိခြင်း မဟုတ်ပါပေ။ သူလုပ်နေသည်က မမှန်ကန်သည်ကိုလည်း သူသိပေသည်။ သို့သော် သူသည်လည်း ပြောင်းလဲစရာလိုသည်ဟု မခံစားရပေ။
လင်းဖေးက သူ့ကို ပြောင်းလဲရန် မည်သည့်နည်းလမ်းမှ မရှိပါပေ။ သူက ကျိလဲ့ယွီ ကျိရှင်းကို ရေကန်ထဲသို့ တွန်းချသည်ကို မြင်လိုက်သည့်အချိန်တွင် ကျိလဲ့ယွီမှာ များစွာသော ခြားနားသည့် သွင်ပြင်များရှိပြီး ကြောင်သူတော်ဆန်ကာ၊ ဉာဏ်များပြီး ရက်စက်သည်ကို သိခဲ့ရသည်။ သူက ဤပုံစံဖြင့် မွေးဖွားလာခြင်းဖြစ်သည်။
သူ လင်းဖေးမှာလည်း သဘာဝအရ သီးသန့်ဆန်ကာ ဥပက္ခာပြုတတ်သကဲ့သို့ ပြောင်းလဲစရာမရှိသလို ပြောင်းလဲရန်လည်း မလိုပါပေ။
သို့ဖြစ်၍ လင်းဖေးက ကျိလဲ့ယွီကို ထိန်းသိမ်းရန်သာ တတ်နိုင်ပေသည်။
ဓားတစ်ချောင်းက လူများကို လှီးဖြတ်နိုင်သော်လည်း ဓားအိမ်ထဲတွင် ထည့်ထားပါက ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။
"နောင်ဆိုရင် မင်းက ဒီလိုမျိုး လုပ်ချင်တဲ့ စိတ်ရှိလာတိုင်း ငါ့ကို အရင်အသိပေးရမယ်နော်..."
သူက ညင်သာစွာ ဆိုလိုက်သည်။
"ဒါပေမဲ့ ကိုကိုက သားကို တစ်ခုမှ လုပ်ခွင့်မပေးဘူးလေ..."
ကျိလဲ့ယွီက နှုတ်ခမ်းတင်းတင်း စေ့လိုက်သည်။
"အခုလိုမျိုးပဲ..."
"လုံးဝတော့ မဟုတ်ပါဘူး..."
ကျိလဲ့ယွီက ခေါင်းမော့ကာ သူ့ကိုကြည့်လိုက်သည်။ သူက နှုတ်ခမ်းတင်းတင်းစေ့ကာ တစ်ခုခုပြောလိုသည့်ဟန်ရသော်လည်း မပြောနိုင်ကာ အလွန်သနားစရာပုံပေါက်နေသည်။
သူက အမှန်တကယ်တွင် လင်းဖေးကို
"သားက အဲ့လိုပဲလေ... သားက အမြဲတမ်း အဲ့လိုပဲလို့... သားက အစကတည်းက လူလိမ္မာမဟုတ်ဘူး..."ဟု ပြောလိုသည်။
သူက
"ကိုကိုက အခုသားကို မုန်းစရာကောင်းတယ်လို့ ထင်သွားပြီလား..."ဟုလည်း မေးလိုလှသည်။
သို့သော် သူက ၄င်းကို ထုတ်မပြောနိုင်သလို မေးလည်း မမေးနိုင်ပါပေ။
လူကြီးများအားလုံးက စဉ်းစားတတ်ကာ အပြုအမူကောင်းသော ကလေးများကို ကြိုက်ကြသည်။ ကျိလဲ့ယွီသည်လည်း လူတိုင်းကြိုက်သည့် အပြုအမူကောင်းသော ကလေးတစ်ယောက်ဖြစ်လိုသည်။ သို့ဖြစ်၍ သူ့အမေ၊ အဖေနှင့် ဦးလေးတို့ ရှေ့တွင် ထိုကဲ့သို့ ဟန်ဆောင် မျက်နှာဖုံးကို အမြဲတမ်း ထိန်းသိမ်းထားပေသည်။ ရိုးရှင်းကာ နုံအပြီး မကောင်းသော ရည်ရွယ်ချက် အနည်းငယ်ပင် မရှိပါပေ။
သို့သော် သူက အမှန်တကယ်တွင် မကောင်းသောရည်ရွယ်ချက်များနှင့် ပြည့်နေသော အံဆွဲတစ်ခုရှိပေသည်။ သူက အစကတည်းက လူလိမ္မာတစ်ယောက် မဟုတ်ခဲ့ပါပေ။
ထို့ကြောင့်လည်း ကျိလဲ့ယွီက လင်းဖေး၏ ချော့မော့ခြင်းကို နှစ်ခြိုက်ခြင်းဖြစ်သည်။ ဤသို့ဖြင့် လင်းဖေးက သူ့ကို "လိမ်လိမ်မာမာနေ..."ဟု ပြောလိုက်သည့်အခါတိုင်း သူက "သားက လူကောင်းလေးပါ..."ဟု ပြန်ဖြေကာ သူက အမှန်တကယ်ပင် အပြုအမူကောင်းကာ စဉ်းစားတတ်သော ကလေးတစ်ယောက်ဖြစ်လာမည် ဖြစ်သည်။
"သားက သူ့ကို သေချာပေါက် ဒေါသထွက်အောင်လုပ်ဖို့ လိုတယ်..."
ကျိလဲ့ယွီက ခေါင်းငုံ့ထားကာ လင်းဖေးကို မကြည့်ဝံ့တော့ပေ။
"သူက သားဦးလေးကို မကောင်းတဲ့ စကားတွေပြောခဲ့တာ... အဲ့ဒါက သူ ဘာမှ ပြန်မပေးရပဲနဲ့ ဒီအတိုင်းထားလိုက်ဖို့ သားအတွက် မဖြစ်နိုင်ဘူးလို့ ဆိုလိုတာပဲ..."
၄င်းက မဖြစ်နိုင်ပါပေ။ သူက ထိုလင်းလော့ကျင်းကို ထပ်တွေ့စရာနည်းလမ်းမရှိလျင် ကျိလဲ့ယွီက ၄င်းကို ကျေးအေးနိုင်ပေလိမ့်မည်။ သို့သော် ကျိလဲ့ယွီက တိုက်တိုက်ဆိုင်ဆိုင်ပင် တစ်ဖက်ကို ရှာတွေ့နိုင်ခဲ့သည်။
သူ ဒီအတိုင်းထားလိုက်ဖို့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...
ကျိလဲ့ယွီက လင်းဖေးကို မကြည့်ရဲဘဲ သူက ခေါင်းငုံ့ကာ သူ့အကြည့်က ကြမ်းပြင်တွင် ရှိနေပြီး ဒီတစ်ခေါက်တော့ လင်းဖေးက သူ့ရဲ့ မျက်နှာအစစ်ကို ရှင်းရှင်းလင်းလင်း သိသွားလောက်ပြီဟု တွေးနေမိသည်။
လင်းဖေးမှာ သူ ကျိရှင်းကို ရေကန်ထဲသို့ တွန်းချသည်ကို မြင်ဖူးသော်လည်း ၄င်းမှာ ပထမဆုံး အကြိမ်ဖြစ်သည်။ လင်းဖေးက ကျိလဲ့ယွီမှာ ပိုကောင်းကာ ပြောင်းလဲနိုင်သည်ဟု တွေးထားနိုင်သည်။ သို့သော် ကျိလဲ့ယွီက အစကတည်းက လူကောင်းတစ်ယောက် မဟုတ်ပါပေ။ သူက ပိုကောင်းအောင် မပြောင်းလဲနိုင်သည့်အပြင် အစကတည်းက မကောင်းမှုများဖြင့် ပြည့်နေသော ဗိုက်တစ်ခုရှိနေသည်။
လင်းဖေးကတော့ သူ့ကို တကယ် စိတ်ပျက်နေလောက်ပြီ...
ဒါပေမဲ့ ဒါကလည်း သူ့အစစ်ပဲလေ...
သူက အစကတည်းက ဒီလိုမျိုးပဲကို...
သူက တိတ်တဆိတ် ထိုင်ချကာ ခြေစုံကန်နေလိုက်သည်။
အတန်ကြာပြီးနောက် သူက လင်းဖေးပြောလာသည်ကို ကြားလိုက်သည်။
"ငါမင်းနဲ့ လိုက်ခဲ့မယ်..."
ကျိလဲ့ယွီ ကြောင်အသွားလေသည်။