Chapter 96
ပထမကျောင်းတော်သို့ ပြန်သွားခြင်း
"အယ်... နတ်ဆိုးမိန်းကလေး... မင်းမျက်နှာက ဘာဖြစ်နေတာလဲ..."
ထောင်လွှားလှသော ကိုလေပေါက တင်းမာနေသောလေထုကို လုံးဝလျစ်လျူရှုထားပြီး သူမဘေးသို့ သိချင်စိတ်အပြည့်ဖြင့်တိုးကပ်လာသည်။ သူအရမ်းနီးကပ်လာသည်မှာ သူမတို့နှစ်ယောက် မျက်မှာအချင်းချင်း ထိလုနီးပါးပင်ဖြစ်သွားသည်။
သူ သူမကို အနီးကပ်စစ်ဆေးလိုက်သည်။
"မင်းမျက်နှာကို ပြောင်းနိုင်တယ်ဆိုတော့... မင်းက လူတွေရဲ့ ယန်စွမ်းအင်ကို စားသုံးတဲ့ နတ်ဆိုးပဲဖြစ်ရမယ်..."
"နင်ဘာတွေလျှောက်ပြောနေတာလဲ...."
ယောင်စစ် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။
သူမ အခု မိသားစုပြဿနာဖြေရှင်းဖို့ ကြိုးစားနေတာပါနော်...
"ငြင်းဖို့ကြိုးစားမနေပါနဲ့... ဒါက မင်းဘာကိစ္စကြောင့် ငါ့ခန္ဓာကိုယ်ကိုရဖို့ ညစ်ပတ်တဲ့ကိစ္စတွေလုပ်လဲဆိုတာ ပြနေပြီပဲ..."
ဖက်ခ်... နင့်ကို ဘယ်သူက စကားပြောသင်ပေးလိုက်လဲဟ... အသုံးအနှုန်းက သောက်တလွဲတွေချည်းပဲ..
"မင်းဘာပြောလိုက်တာလဲ..."
ယောင်စစ် ပြန်မဖြေနိုင်မီ မူရွှမ်ဖိနှိပ်ထားသော စွမ်းအင်များက ထိန်းချုပ်မှုလွတ်ထွက်သွားကာ သူ့ခန္ဓာကိုယ်ထဲမှ ကျယ်လောင်သော ပေါက်ကွဲသံကြီးဖြင့် ထွက်ပေါ်လာသည်။ အိမ်ထဲရှိ အရာများအားလုံး မြေဆွဲအားမရှိသလို မြင့်တက်လာပြီး ဖုန်မှုန့်များအဖြစ် အစိတ်စိတ်အမြွှာမြွှာပျက်ဆီးသွားကာ အဆောက်အဦးကြီးပင် ပျောက်ကွယ်သွားသည်။
ယောင်စစ် ဤအခြေအနေကို မထိန်းချုပ်နိုင်တော့ပေ။ သူမ၏ပါးစပ်ထဲတွင် ဖုန်များပြည့်နေပြီး သူမ၏အိမ်လေးလည်း ပျောက်ကွယ်သွားကာ ပတ်ပတ်လည်နေရာတစ်ခုလုံးက ဘာမှမရှိသလို ပြန့်ပြူးသွားသည်။ မြေပြင်က တုန်ယင်နေဆဲဖြစ်ကာ မူရွှမ်အောက်မှနေ၍ အပြင်သို့ တစ်လက်မချင်းအက်ကွဲလာသည်မှာ ကမ္ဘာပျက်ကပ်သို့ ရောက်သွားပြီဟုပင် ထင်သွားနိုင်သည်။
"အ..အဖေ..."
ယောင်စစ် ကြောက်လန့်၍ ခုန်လိုက်မိသည်။ ဤသည်က သူမ မူရွှမ်၏ကြောက်မက်ဖွယ် အမျက်ဒေါသကို ပထမဆုံးကြုံဖူးသည့် အကြိမ်ဖြစ်သည်။ တစ်စုံတစ်ယောက်က အနီရောင်ဂြိုလ်တစ်ခုလုံးကို ဖောက်ခွဲရန်ပြင်နေသဖြင့် သူမ ဖင်ငြိမ်ငြိမ် မနေနိုင်တော့ပေ။ သူမ မူရွှမ်ကိုဖက်ကာ မြန်မြန်ပြောလိုက်ရသည်။
"စိတ်ငြိမ်ငြိမ်ထား... စိတ်ငြိမ်ငြိမ်လေးထားလိုက်... ကျွန်မပြောတာနားထောင်ပါဦး အထင်လွဲနေတာပါ..."
မူရွှမ် ထိန်းမနိုင်သိမ်းမရ ဒေါသထွက်နေပြီဖြစ်သော်လည်း ရပ်လိုက်ကာ သူမကို ငုံ့ကြည့်လိုက်သည်။ သူ့ပတ်ပတ်လည်ရှိ ကြောက်မက်ဖွယ်လေထုက ခဏမျှငြိမ်သက်သွားကာ အေးစက်သောအသံဖြင့်ပြောလာသည်။
"မင်းပြောတာနားထောင်ရမယ်.."
ယောင်စစ် ဖြစ်နိုင်သမျှ အရိုးသားဆုံးနှင့် အနာခံဆုံးပုံဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်... ကျွန်မပြောတာ အရင်နားထောင်ဦး..."
"နတ်... နတ်ဆိုး...."
ချင်လေပေါ စိတ်လွတ်အောင်ကြောက်သွားပြီး အပျက်အစီးပုံကြီးထဲ ပစ်လဲကျသွားသည်။ သူ သူမကိုကြည့်ပြီး တစ်စုံတစ်ခုပြောရန် ကြိုးစားလာသည်။
"မင်း...."
"ပါးစပ်ပိတ်ထား..."
အနည်းငယ် သက်သာချောင်ချိသွားသော လေထုက နောက်တစ်ကြိမ်တင်းမာလာပြန်၍ ထိုလူစကားပြောသည်ကို အတင်းရပ်ချလိုက်ရသည်။
တော်သင့်ပြီ ဖျက်လိုဖျက်ဆီးကောင်ရေ... နင့်ရဲ့ စကားပြောနည်းက သောက်ရမ်းကိုမှားနေတာဟ...
သူမ အသက်ပြင်းပြင်းရှူကာ အနီရောင်ဂြိုလ်ပေါ်တွင် ကြုံတွေ့ခဲ့ရသည်ကို အိတ်သွန်ဖာမှောက် အကုန်ပြောပြလိုက်တော့သည်။
ဆယ်မိနစ်ကြာသောအခါ...
"စာချုပ်ချုပ်တယ်... မင်းပြောချင်တာက..."
မူရွှမ် မြေပြင်ပေါ်လဲနေသောလူကိုကြည့်လိုက်သည်။
"သူက မင်းမွေးစားထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးပေါ့..."
"အာ... အဲ့လိုပြောလို့ရတယ်လား..."
ချင်လေပေါသည် ယခုတွင် ဒေသထွက်ကုန်မှ အိမ်မွေးတိရစ္ဆာန်လေးအဖြစ် ပြောင်းလဲသွားတော့သည်။
မူရွှမ်၏ မျက်နှာ မဲမှောင်သွားတောသည်။
"မင်းသူ့ကို ခေါ်ထားချင်တာလား..."
"ဘယ်ကသာ..."
သူမတွင် ထိုကဲ့သို့ ထူးခြားသော ဝါသနာမရှိပေ။
"သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းအဆင့်က SSSမဟုတ်တော့ သူ့ဂြိုလ်သူပြန်လို့မရဘူးလေ... အဲ့တာနဲ့ပဲ ရွေးချယ်စရာမရှိလို့ သူ့ကို ဒီကိုပြန်ခေါ်လာရတာ..."
မူရွှမ် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ပေါက်ကွဲလုနီးပါးဖြစ်နေသော စွမ်းရည်များက ငြိမ်သက်သွားပြီဖြစ်သော်လည်း သူမဖော်ပြတတ်သော တစ်စုံတစ်ခုက သူ့ကို စိတ်အနှောင့်အယှက်ပေးနေဆဲဖြစ်သည်။
သူတစ်ယောက်ယောက်ကို သတ်ချင်နေသေးတယ်...
"သူက အာကာသမျိုးနွယ်ရဲ့ တစ်စိတ်တစ်ပိုင်းဆိုတော့ သူတို့နဲ့ပဲ လွှတ်ထားလိုက်တော့..."
မူရွှမ် ယန်ရွှမ်ကို သူ့ဆီလာရန် ခေါ်လိုက်သည်။
မူရွှမ်က သူ၏ယာဉ်ပျံအသေးစားလေးကိုစီးပြီး ငါးမိနစ်အတွင်း ရောက်လာခဲ့သည်။ သူ လေထဲတွင် ယာဉ်ပျံကိုရပ်လိုက်ပြီး နီးကပ်လာသည်နှင့်အမျှ တစ်စုံတစ်ခုကို သတိပြုမိပြီး ပစ်လဲတော့လုမတတ်ဖြစ်သွားသည်။
"အရှင်မင်းကြီး... သခင်မလေး..."
သူ၏မျက်လုံးများ ပြူးကျယ်သွားကာ ပြောင်ရှင်းနေသော မြေပြင်ကို ဆက်တိုက်ကြည့်နေကာ သူနေရာမှားလာလိုက်မိသလို ခံစားနေရသည်။
တော်ဝင်နန်းတော် ဘယ်ရောက်သွားတာလဲ... ခုဏက ငလျှင်ကြောင့် ပြိုကျသွားတာလား... ဒါပေမဲ့ ပြိုကျသွားတယ်ဆို နန်းတော်ရာကတော့ရှိနေဦးမှာလေ... ဘာလို့ မြေပြင်ကပြားနေပြီး ဧရိယာတစ်ခုလုံး ဗလာကြီးဖြစ်နေရတာလဲ...
"ငါသူ့ကို မင်းဆီအပ်ခဲ့ပြီ..."
သူ့လက်ကို မြှောက်လိုက်ပြီး မြေပြင်ပေါ်လဲကျနေသော ချင်လေပေါကို လေထဲသို့ မြောက်တက်သွားစေပြီး ယန်ရွှမ်ထံ ဝန်ထုပ်ကြီးတစ်ခုလို ပစ်ပေးလိုက်သည်။
ယန်ရွှမ် စိတ်ရှုပ်ထွေးနေသော မျက်နှာဖြင့် ထိုလူကိုဖမ်းလိုက်သည်။
"အရှင်မင်းကြီး..."
"မင်းအဲ့တာကို ဂရုစိုက်လိုက်..."
ဂရုစိုက်တယ်... ဘယ်လိုဂရုစိုက်တာကိုပြောချင်တာလဲ.. အကြွပ်ကြော်လား အစိုကြော်လား...
ယန်ရွှမ် ကြောင်တောင်တောင်လေးဖြစ်နေသည်။
"အရှင်မင်းကြီး ဒီလူက..."
သူ အတိအကျမေးရန် လုပ်လိုက်သော်လည်း ပြင်းထန်စွာဖြတ်ပြောခံလိုက်ရသည်။
"မင်းဘာသာ အဖြေရှာ..."
မူရွှမ်ပတ်ဝန်းကျင်ရှိ ကြောက်မက်ဖွယ်လေထု ပေါက်ကွဲသွားတော့သည်။
"ဟုတ်ကဲ့..."
ယန်ရွှမ် ချင်လေပေါကိုမကာ မြန်မြန်သာ ထွက်ပြေးလိုက်တော့သည်။
အရှင်မင်းကြီးက ဒီနေ့အရမ်းကြောက်ဖို့ကောင်းတာပဲ...
ယောင်စစ် ထိုသူများ အလျှင်စလို ထွက်ပြေးသွားသည်ကို ကြည့်လိုက်သည်။ ယန်ရွှမ်နှင့် အာကာသမျိုးနွယ်များကြားရှိ ဆက်နွယ်မှုအရဆိုလျှင် သူက ဤကိစ္စကို ကိုင်တွယ်ရန် အကောင်းဆုံးလူဖြစ်သည်။ သူမ ဤပြဿနာကြီး ဖြေရှင်းပြီး၍ စိတ်သက်သာရာရသွားတော့သည်။
ဒါပေမဲ့
သူတို့ ဘယ်မှာ နေရတော့မှာလဲ...
ယောင်စစ် ဗလာဖြစ်နေသော မြေပြင်ကိုကြည့်၍ ငိုပင်ငိုချင်သွားသည်။ သူမ မနေနိုင်မထိုင်နိုင် တရားခံကို ခိုးကြည့်လိုက်သည်။
ရှင့်ရဲ့ ဒေါသကြီးက အရမ်းများမသွားဘူးလားဟင်... ဒါက မိသားစုတွေကိုပါ ထိခိုက်စေတယ်လေ ရှင်မသိတာလားပြော...
"မူ..."
သူမစကားမပြောလိုက်နိုင်မီ သူမခါးကို တင်းတင်းအဖက်ခံလိုက်ရပြီး ပွေ့ဖက်ခံရမှုထဲကျရောက်သွားကာ ရင်းနှီးနေသောရနံ့လေးက သူမ၏အနံ့ခံအာရုံကို ကျီစယ်လာသည်။ မူရွှမ် သူ့ခေါင်းကိုငုံ့ကာ သူမပခုံးကြားတင်လိုက်သည်။
ယောင်စစ် ကိုးယိုးကားယားဖြင့် တွန့်လိမ်မိသွားသည်။ ခဏအကြာတွင် သူမနားရွက်ဆီ လေပူတစ်ခုထိတွေ့သွားသည်။
"စစ်စစ်... ကိုယ်လေ ချွင်းချက်ဖြစ်တဲ့ အရာတစ်ခုကလွဲလို့ မင်းလိုချင်တာမှန်သမျှ သဘောတူလက်ခံပေးပါတယ်..."
"..." ဘာကြီး..
ယောင်စစ် အံ့ဩသွားသည်။ သူမ အတိအကျမေးတော့မည့်အချိန်တွင် မူရွှမ်က သူမကို လွှတ်ပေးပြီးဖြစ်လေသည်။ သူက သူမ၏လက်ကို ဆုပ်ကိုင်ကာ စတင်ထွက်ခွာတော့သည်။
"နေပါဦး... ကျွန်မတို့ဘယ်ကိုသွားနေတာလဲ..."
"နေစရာတစ်နေရာ..."
"နေစရာ..."
သူတို့ ဟိုတယ်ကိုသွားကြမှာလား...
"ဒါ အကြံကောင်းတော့ မဟုတ်ဘူးနော်..."
သူက သွေးစုပ်ဖုတ်ကောင်များ၏ အုပ်ချုပ်သူဖြစ်ပေသည်။ အိမ်မရှိတော့၍ သူ၏ဆက်ခံသူနှင့် ဟော်တယ်သာသွားအိပ်ရပါက ၎င်းသည် မနက်ဖြန်တွင် စကြဝဠာတစ်ခွင် ခေါင်းစည်းပိုင်းသတင်းကြီး ဖြစ်လာပေလိမ့်မည်။
သူမ အတွေးလွန်သွားခဲ့ပေသည်။မူရွှမ်က သူမကို သူမ၏အိမ်သို့ခေါ်သွားခဲ့သည်။ ၎င်းက လွန်ခဲ့သည့်နှစ်နှစ်က သူမအတွက် သွေးစုပ်ဖုတ်ကောင်များ ဆောက်ပေးခဲ့သည့်အိမ်ဖြစ်ကာ ထိုအချိန်တည်းက လူမနေတော့ပဲ လွတ်နေခဲ့သည်။
ယောင်စစ် ထိုကိစ္စကိုဖြေရှင်းပြီးပြီဟု တွေးနေချိန်တွင် မူရွှမ်စိပ်ပြေသွားပြီဟုထင်သော်လည်း မမျှော်လင့်ထားစွာဖြင့် သူစိတ်အနှောင့်အယှက်ဖြစ်သွားသည်။ သင်တန်းချိန်အတွင်း လမ်းလွဲသွားမှုကြောင့် ကလေးထိန်းဖေဖေက အချိန်တစ်ညလုံးသုံး၍ သူမကို စိတ်ခွန်အားကြောင်း စိတ်ရှည်လက်ရှည် သင်ပြပေးခဲ့သည်။ သူ သူမကို တစ်ပတ်တာလုံး အိမ်၌ဆွဲခေါ်ထားခဲ့ပြီး သူမ စာလုံးရေတစ်သောင်း အလင်းပြန်ခြင်းကိုရေးနေသည်ကို နီးကပ်စွာ စောင့်ကြည့်ခဲ့သည်။ သူမကို ကျောင်းစာသင်နှစ်အစတွင်ပင် ပြန်လွှတ်ရန် ဆန္ဒမရှိခဲ့ပေ။
သူမကို မရေမတွက်နိုင်သေး သတိပေးချက်များဖြင့် သတိပေးခဲ့သည်။ ယောင်စစ် နောက်ဆုံး အိမ်ပြင်ထွက်ခွင့်ရချိန်တွင် သူမ အသက်ပြင်းပြင်းရှူမိလိုက်သည်။ ထိုအချိန်တွင် သူမကျောင်းတော်ကြီးကိုချစ်လွန်း၍ သေတော့မည်ဟု ခံစားလိုက်ရတော့သည်။ သူမ ကျောင်းဂိတ်တံခါးကိုဖွင့်ကာ ကျောင်းဝင်းထဲဝင်လိုက်သည်နှင့် သက်တောင့်သက်သာဖြစ်သွားသည်။
ရင်းနှီးနေသော ကျောင်းဂိတ်ကပင် နောက်ထပ် စကြဝဠာတစ်ခုမှလာသည်ဟု ခံစားလိုက်ရသည်။
သူမတစ်ခုခုကိုမေ့နေတယ်လို့ ဘာလို့ထင်နေရတာလဲပဲ...
မေ့လိုက်တော့ အဲ့တာကအရေးမကြီးဘူး.... သင်ကြားလေ့လာခြင်းကမှ ပိုအရေးကြီးတာ...
"အား.."
သူမ ကျောင်းထဲဝင်လိုက်သည်နှင့် စူးရှနေသေ အော်သံများက ဆီးကြိုလေသည်။
"ဥ...ဥ..ဥက္ကဋ္ဌ ရောက်လာပြီ.. ပဉ္စမမျိုးဆက် သွေး...သွေးစုပ်ဖုတ်ကောင်..."
"အစစ်ကြီး... အစစ်ကြီးဟ သူမကဗွီဒီယိုထဲနဲ့ တစ်ပုံစံတည်းပဲ...."
"အားးးး ဒါ ပဉ္စမမျိုးဆက်ပဲ ပဉ္စမမျိုးဆက်..."
"အရေးအကြီးဆုံးက သူက မူရွှမ်ရဲ့ ဆက်ခံသူပဲ... ငါတို့ နတ်ဘုရားမူက စင်ကယ်ဒေါ့မဟုတ်တော့ဘူးကွ...."
"စိတ်လှုပ်ရှားလိုက်တာဟယ်.... ဥက္ကဋ္ဌက ဒီမှာဆိုတော့ နတ်ဘုရားမူကရော... နတ်ဘုရားမူရော ဒီမှာလား..."
“…”
ဖက်ခ်... သူမ သူမ၏ကိုယ်ရေးအချက်အလက်များကို ဖော်ထုတ်ခဲ့ပြီးဖြစ်ကြောင်း မေ့သွားခဲ့သည်။ သူမသိခဲ့ပါက စိတ်ခွန်အားလည်ဆွဲကို ဝတ်ဆင်လာခဲ့မည်ဖြစ်သည်။
"သူမနောက်ဆုံးတော့ရောက်လာပြီပေါ့လေ... ငါဖြင့် သူမကို ဒီမှာနှစ်နာရီလောက်စောင့်နေတာ..."
"ငါဆိုသုံးနာရီတောင် စောင့်နေတာ..."
"ငါဆို လေးနာရီတောင်..."
"ဟားဟားဟား ငါကတိုက်ဆိုင်သွားတာ... ဒီနေ့ကျောင်းနောက်ကျသွားတာကို တကယ်ကျေးဇူးတင်မိတယ်.. ငါအရမ်းကံကေင်းတာပဲ.."
"ငါရောပဲ ငါရောပဲ... ငါဒီနေ့ကစပြီး နေ့တိုင်း ကျောင်းနောက်ကျတော့မယ်..."
ဟေး ဟေး ဟေး ဘာကိုနေ့တိုင်း ကျောင်းနောက်ကျမှာလဲ... အကျင့်ဆိုးတွေ မမွေးမြူစမ်းနဲ့... စကားမစပ် ငါကတယ်နောက်ကျနေပြီလား...
လူအုပ်ကြီး စတင်၍ ဖရိုဖရဲဖြစ်လာပြီး တံခါးလမ်းတစ်လျှောက် ပြည့်နှက်နေသည်။ ယောင်စစ် လူတိုင်းကို အပြုံးလေးဖြင့် နှုတ်ဆက်လိုက်ပြီး လူအုပ်ကြီး မတုန့်ပြန်နိုင်မီ အထက်တန်းအဆောက်အဦးကို အသော့နှင်လိုက်တော့သည်။ ကြည့်ရသည်မှာ သူမ၏လူသိနည်းသောဘဝလေးက သူမကို တာ့တာပြသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
ကျေးဇူးတင်စွာဖြင့် စကြဝဠာသည် အပြာရောင်ဂြိုလ်နှင့် တူမနေပေ။ လူတိုင်းက စာသင်ခန်းတစ်ခုတည်းတွင် အတူရှိနေကြသော်လည်း အပြန်အလှန်ဆက်ဆံမှုများ မလိုအပ်ပေ။ စာသင်ခန်းတွင် ကျောင်းသားဦးရေအလိုက် တစ်ယောက်ချင်းဆီကို ကိုယ်ပိုင် လူတစ်ကိုယ်စာ အခန်းကျဉ်းလေးတွေထဲ နေရမည်ဖြစ်သည်။ ကျောင်းသားတိုင်းကို ၎င်းတို့၏ ဗဟုသုတနှင့်ကိုက်ညီသည့် သင်ယူရေး ဗွီဒီယိုများပို့ပေးမည်ဖြစ်သည်။ ထို့ကြောင့် ဆရာများက သင်ပေးရန် မလိုအပ်ပေ။
သင်ခန်းအနည်းငယ်ကို လေ့လာပြီးချိန်တွင် ယောင်စစ် ကျောင်းသားကော်မတီထံမှ သတိပေးချက်ရလိုက်သည်။ သူမ သင်ကြားရေးဗွီဒီယိုကိုပိတ်လိုက်ပြီး ကော်မတီရုံးခန်းသို့ အပြေးလေးသွားလိုက်သည်။ လမ်းတစ်လျှောက်တွင် စပ်စုနေသော ကျောင်းသူကျောင်းသားများ၏ တီးတိုးတီးတိုသဖန်းပိုး လုပ်နေသည်ကိုလည်း ခံရသေးသည်။
လွန်ခဲ့သည့် ကျောင်းစာသင်နှစ်၏ ဂရုမစိုက်ပဲ လိုက်လျောညီထွေဖြစ်သည့် ခံစားချက်မျိုးမဟုတ်ဘဲ ကော်မတီတစ်ခုလုံးက သူမဝင်လာသည်နှင့် စိတ်လှုပ်ရှားတင်းမာနေသော လေထုဖြစ်သွားခဲ့သည်။ ကော်မတီ၏ လူတစ်ဝက်က သွေးစုပ်ဖုတ်ကောင်များဖြစ်ပြီး ထိုလူများက မတ်တတ်ထကာ ညီညာသောအသံဖြင့် သူမကို နှုတ်ဆက်လာသည်။
"မင်္ဂလာပါ သခင်မလေး...."
"မင်္ဂလာပါ... လူတိုင်းကို မင်္ဂလာပါ..."
"သခင်မလေး အလုပ်ကြိုးစားခဲ့တာပဲ...."
"လူတွေအတွက်... အာ ဖွီး... လုံးဝမခက်ပါဘူး... ထိုင်ကြပါ ထိုင်ကြပါ.."
ယခုမြင်ကွင်းက စစ်ရေးပြနေသည်နှင့် တူနေသည်။
လူတိုင်း ပြန်ထိုင်လိုက်ကြကာ နောက်စာသင်နှစ်အတွက် လှုပ်ရှားမှုများကို စနစ်တကျ အစီရင်ခံတင်ပြကြသည်။ အရင်နှစ်များ၏ ထပ်ကာတလဲလဲကျင်းပနေကြဖြစ်သော ပြိုင်ပွဲများအားလုံးဖြစ်သည့်အတွက် ယောင်စစ်က အားလုံးကို သဘောတူညီမှုပေးခဲ့သည်။ သို့သော် သူမဘေးရှိ ဌာနမှူးက သူ့အလှည့်ရောက်သောအခါ မဝံ့မရဲ မတ်တတ်ရပ်လိုက်သည်။
"ဥက္ကဋ္ဌ... တစ်ခုကျန်ပါသေးတယ်.. ကျိုးဖုန်းကျောင်းတော်က စကြဝဠာထဲမှာရှိသမျှ ကျွန်တော်တို့ ကျောင်းအပါအဝင် ကျောင်းတော်တွေအားလုံးကို မိတ်ဖြစ်တွေဖြစ် စက်ရုပ်ပြိုင်ပွဲကျင်းပဖို့ ဖိတ်ကြားထားပါတယ်.."
"စက်ရုပ် ပြိုင်ပွဲလား..."
ယောင်စစ် ခဏရပ်၍တွေးလိုက်သည်။ သူမ စက်ရုပ်များထိတွေ့ဖူးတာမရှိဘဲ ကြားဖူးရုံသာရှိသည်။ ၎င်းက စကြဝဠာထိပ်တန်းနည်းပညာဖြစ်ပြီး အစွမ်းများကိုယှဉ်နိုင်သည့် တစ်ခုတည်းသောအရာဖြစ်သည်။
"ဟုတ်ကဲ့..."
ထို့နောက် ဌာနမှူးက သူမကိုဆက်ပြောပြလာသည်။
"ကျိုးဖုန်းကျောင်းတော်မှာ နာမည်ကောင်းတွေရှိတယ်ဆိုပေမဲ့ ကျွန်တော်တို့ကျောင်းလောက်တော့ လွှမ်းမိုးမှူးမရှိပါဘူး... အကယ်၍ ပထမဆုံးကျောင်းတော်က ပြိုင်ပွဲမှာ ဝင်မပြိုင်ရင် အခြား ကျောင်းတော်တွေကလည်း သိပ်ပြီးအာရုံစိုက်ကြမှာမဟုတ်ဘူး... အဲ့တာကြောင့်ပဲ သူတို့က ကျွန်တော်တို့ကို စိတ်အားထက်သန်စွာ လာရောက်ဆက်သွယ်ကြတာပါ..."
ငါသိပြီ...
"နင်တို့တွေ ဘယ်လိုထင်လဲ..."
သူမ ကျန်သူများကိုကြည့်၍မေးလိုက်သည်။ မည်သို့ပင်ဆိုစေ သူမက ထိုကဲ့သို့သော ကိစ္စမျိုးတွင် အတွေ့အကြုံမရှိပေ။
သူမ မေးလိုက်သည်နှင့် လူတိုင်း၏မျက်လုံးများ တောက်ပသွားကြကာ သူမထံမှ အမေးခံရခြင်းက ဂုဏ်ယူစရာဟု တွေးနေကြသည်။ နောက်တစ်စက္ကန့်တွင် သူတို့ လက်မြှောက်လိုက်ကြသည်။ ယောင်စစ် မျက်နှာ တွန့်လိမ်သွားသည်။
သူတို့ဖန်ဂဲလ်မုဒ်က ဘယ်လောက်ထိကြာအောင် ပွင့်နေကြဦးမှာလဲဟ...
သူမ သူမနှင့်နီးသော လူတစ်ယောက်ကို ရွေးလိုက်သည်။
ထိုလူက ရွှင်လန်းစွာ မတ်တတ်ရပ်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူကာ ပြောတော့သည်။
"သခင်မလေး.. ကျွန်တော်တို့ရဲ့ကျောင်းတော်က ကိုယ်ပိုင်အစွမ်းတွေကို ဦးတည်ပြီး တိုးတက်ဖို့လုပ်နေကြပြီး စကြဝဠာမဟာမိတ်အဖွဲ့က တည်ထောင်ထားတဲ့ ကျိုးဖုန်းကျောင်းတော်က စက်ပစ္စညိးဆိုင်ရာကို အဓိကထားပြီး သင်ကြားပေးတာပါ... ယေဘုယျအားဖြင့်တော့ ကျောင်းတော်နှစ်ခုလုံးရဲ့ စက်ယန္တရားဆိုင်ရာ ဗဟုသုတတွေကတော့ တူညီကြပါတယ်..."
"အကယ်၍ ကျွန်တော်တို့ ဝင်ပြိုင်ကြရင် အရင်ပြိုင်ပွဲတွေထက် ဖိအားများပြီး ရလဒ်ကလည်း အာမခံလို့မရတာမျိုးပါ... ဒါပေမဲ့ ဒီလိုပြိုင်ပွဲမျိုးက စက်ရုပ်တွေအပေါ် ကျောင်းသားတွေရဲ့ ခွဲခြမ်းစိတ်ဖြာမှု၊ ဖန်တီးမှုနဲ့ ထိန်းသိမ်းမှုတို့အပေါ် စိတ်အားထက်သန်မှုကို မီးမြှိုက်ပေးသလိုဖြစ်သွားမှာပါ... ဒီလိုမျိုးက အတော်လေး အကျိုးရှိတာကြောင့် ကျွန်တော်ကတော့ လုံးဝထောက်ခံပါတယ်...."