Chapter 97
ပရိတ်သတ်အကြိုက်
"အွန်း...."
ယောင်စစ် ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။
ကျောင်းများအကြားရှိ ပြိုင်ပွဲများဆိုသည်မှာ ရလဒ်ကိုဦးတည်သည်မဟုတ်ဘဲ ကျောင်းသားများ၏ တိုးတက်မှုကိုသာ ဦးတည်ခြင်းဖြစ်သည်။
ယောင်စစ် အခြားသူများဘက် လှည့်လိုက်ပြီး သူတို့က ထိုအကြံကို မကန့်ကွက်ကြကြောင်းသိလိုက်ရသည်။
"ဒါဆို ဒီအတိုင်းပဲသွားကြတာပေါ့..."
သို့သော် သူမအိမ်ပြန်ရန် လုပ်လိုက်ချိန်တွင် မည်သူမှ မလှုပ်ကြကြောင်း သတိထားမိလိုက်သည်။
"ဘာဖြစ်လို့လဲ... ပြောစရာရှိသေးလို့လား..."
"သခင်မလေး..."
ညီမလော့ယင်းက ပြောလာသည်။
"ကျွန်မတို့ ပြိုင်ပွဲအတွက် ဆုလာဘ်ကို မဆုံးဖြတ်ရသေးဘူး..."
"ဆုလာဘ်..."
ယောင်စစ် ရပ်တန့်သွားသည်။
"အရင်နှစ်တွေကလို ပေးလိုက်လို့မရဘူးလား..."
"ဒါက ပထမဆုံးစက်ရုပ်ပြိုင်ပွဲပါ..."
"..."
အာ... ခက်ခဲလိုက်တာ... ဘာဆုပေးရင်ကောင်းမလဲဆိုတာ သူမက ဘယ်လိုလုပ်သိမှာလဲ... ဆုဖလားလား၊ ဆုတံဆိပ်လား ဒါမှမဟုတ် ပိုက်ဆံပေးရမလား...
"ဒါ ကျောင်းသားတွေအတွက်လှုံ့ဆော်မှုပေးရုံလေးပါ... ကျောင်းရဲ့ရိုးရာအရ ဥက္ကဋ္ဌက ထူးခြားပြီး အမှတ်တရဖြစ်စေတဲ့ ဆုမျိုးကို ပြင်ဆင်ပေးရမှာပါ..."
ညီမလော့ယင်းက ယောင်စစ်ကို သိချင်စိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။
"ဘာပဲပေးပေးရပါတယ် အဲ့တာကို ဆုကြေးငွေနဲ့အတူတွဲပေးမှာပါ.."
ငါက ဆုကို ငါ့ဘာသာပဲဆုံးဖြတ်ရမှာလား... တကယ့်ကို ဖြုန်းတီးတဲ့ ဓလေ့ကြီးပဲ...
"ဥက္ကဋ္ဌ ဘာပဲဖြစ်ဖြစ်ရပါတယ်... ဆုကြေးငွေရှိတယ်ဆိုတော့ ဥက္ကဋ္ဌပေးရမဲ့ဆုက တန်ဖိုးအများကြီးမရှိရင်တောင်ရပါတယ်..."
ဌာနမှူး ထပ်ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်ရတယ်..."
"ဟုတ်ကဲ့ ဥက္ကဋ္ဌပေးသမျှကို လက်ခံကြမှာပါ..."
လူတိုင်း သူမကို စိတ်အားထက်သန်စွာကြည့်လိုက်ပြီး ပရိတ်သတ်မုဒ်အွန်နေကြသည်။ ၎င်းတို့၏ မျက်လုံးများတွင် ရိုးသားမှုတို့ တောက်လောင်နေကြသည်။
ယောင်စစ်၏ နှုတ်လမ်းများ တွန့်လိမ်သွားသည်။
"ဟားဟား နင်တို့တွေ မူရွှမ်ရဲ့ လက်မှတ်ကို လိုချင်နေကြတာများလား..."
“…”
လူအုပ်ကြီးက ခေတ္တမျှ ငြိမ်သက်သွားပြီး ယောင်စစ် သူမစိတ်ပြောင်းရန် ကြံရွယ်လိုက်ချိန်တွင်
ဌာနမှူးများစွာက သူမဆီ အပြေးအလွှား ဝိုင်းအုံလာကြသည်။
"ဥက္ကဋ္ဌ... ကျွန်မရောပါလို့ရလား... အတွင်းသတင်းတွေရဖို့လဲ လိုသေးတယ်လေ..."
သူမ စပြောလိုက်သည်နှင့် ကျန်သူများကလည်း ရူးသွပ်လုနီးပါးဖြစ်သွားကြသည်။
"ဥက္ကဋ္ဌ ကျွန်တော်လည်း စက်မှုဌာနကို ပြောင်းဖို့ အရမ်းနောက်ကျသွားပြီလားဟင်..."
"ကျွန်တော်ရောပဲ... ကျွန်တော်က အစက စက်မှုဌာနကဗျ..."
"ဥက္ကဋ္ဌ ကျွန်မတို့ဆုကြေးငွေအစား လက်မှတ်နှစ်ခုအဖြစ် ပြောင်းလိုက်ရအောင်လေ..."
“…”
နင်တို့က တကယ့်ကို အရူးအမူးပရိတ်သတ်တွေပဲ... တော်လောက်ပြီ...
–
ဤသို့ဖြင့် စက်ရုပ်ပြိုင်ပွဲ၏ ဆုများက ထိုသို့အဆုံးသတ်သွားခဲ့ရသည်။ ကျောင်းသားကော်မတီသည် အခြားကျောင်းမှ ကျင်းပသော ပြိုင်ပွဲကို ထူးထူးခြားခြား အရေးတယူတွေဖြစ်ကုန်သည်။ အစည်းအဝေးပွဲအပြီးတွင် မူရွှမ်၏ လက်မှတ်ကို ဆုအဖြစ်ပေးမည်ဟူသော သတင်းက တောမီးပမာ ပျံ့နှံ့သွားသည်။
ကျောင်းကြီးတစ်ခုလုံး ရူးသွပ်သွားကြတော့သည်။
လူတိုင်းနီးပါးက စက်ရုပ်ဆိုင်ရာနယ်ပယ်ကို ၎င်းတို့၏ စိတ်ကြိုက်ရွေးဘာသာအဖြစ် ရွေးချယ်လာကြကာ တစ်ကြောင်းလုံးကို လှိုင်းလုံးထသွားကြသည်။ ပထမဆုံးအကြိမ်အဖြစ် စက်ရုပ်ဌာနက စိတ်ဝင်စားကြသော ကျောင်းသားကျောင်းသူများ တပြုံတခေါင်းကြီးကို ကြုံလိုက်ရသည်။ နောက်ရက်အနည်းငယ်အပြီးတွင် လာရောက်လာပတ်ခွင့်များပင် ပိတ်သွားတော့သည်။
ထို့အပြင် ၎င်းက ပထမကျောင်းတော်အတွက် ပလိပ်လှိုင်းလုံးကြီးတစ်ခုပင်မဟုတ်ပဲ ထိုသတင်းက စကြဝဠာကွန်ရက်တစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့သည်။ ထို့နောက် စကြဝဠာတစ်ခုလုံးရှိ ကျောင်းသားများက ပထမကျောင်းတော်ကို ဝင်ခွင့်လျှောက်ရန် အပြေးအလွှားလာကြတော့လေသည်။
မရေမတွက်နိုင်သောလူများက ပြိုင်ပွဲဝင်ရန် အပြေးအလွှားလာရောက်ကြပြီး မူလက ပြိုင်ပွဲတစ်ချီမှသည် ယခုတွင် ဆယ်ချီအဖြစ် ပြောင်းလဲလိုက်ရသည်။ အဆုံးတွင် ၉၅%သော ကျောင်းသားများက ပြိုင်ပွဲဝင်ရန် ရွေးချယ်လိုက်ကြတော့သည်။
စကြဝဠာကွန်ရက်၏ မှောင်ခိုဈေးကွက်တွင်ပင် ဆုကြေးဖြစ်သည့် လပ်မှတ်ကို မည်သည့်ဈေးဖြင့်မဆို ပေးမည်ဟူ၍ပင် ဈေးခေါ်နေကြသည်။
မျက်စိတစ်မှိတ်အတွင်း ကျောင်းများကြားမှ ရင်းနှီးမှုပြိုင်ပွဲမှသည် စကြဝဠာတစ်ခုလုံး အာရုံစိုက်ရာတစ်ခုဖြစ်ခဲ့သည်။ လူများကြားထဲ အချင်းချင်း နှုတ်ဆက်ရာစကားများပင် ဤသို့ဤနှယ် ပြောင်းလဲသွားရသည်။
_ နင် ပထမကျောင်းတော်ရဲ့ စက်ရုပ်ပြိုင်ပွဲအကြောင်းကြားပြီးပြီလား....
ပထမကျောင်းတော်၏ နာမည်က နောက်ထပ်အဆင့်တစ်ခုအထိ တိုးမြှင့်သွားတော့သည်။ လူများက ပြိုင်ပွဲဦးစီးကျင်းပရေး တာဝန်ယူဆောင်ရွက်သည့် ကျိုးဖုန်းကျောင်းတော်ထက် ပါဝင်ဆင်နွှဲသောကျောင်းကိုသာ အထူးစိတ်ဝင်စားနေကြသည်။
ကျိုးဖုန်းကျောင်းတော် အတွက် သနားစရာပဲနော်...
ယောင်စစ် ပေါ့ပေါ့ပါးပါးပြောလိုက်သည့် စကားလေးတစ်ခွန်းက ဤကဲ့သို့သော ပြင်းထန်သည့် ကိစ္စအတွဲလိုက်ကြီး ဖြစ်ပေါ်မည်ဟု မထင်ထားခဲ့ပေ။
ဒါပေမဲ့ ဒါကဆိုးဝါးလို့လား... သူမ ဆုအကြောင်း တကယ့်ကိုဂရုမစိုက်ပါဘူးနော်...
လက်မှတ်လေးတစ်ခုပဲမဟုတ်ဘူးလား... ဒါသူ့ အဖေရဲ့ ကျော်ကြားမှုကြီးကြောင့် ဖြစ်ရတာမျိုးလေ...
သို့သော် ပေါက်ဖတ်သားရဲကြီးနှင့် တိုက်ပွဲတွင် စက်ရုပ်များ၏ လုပ်နိုင်စွမ်းကို တွေ့ခဲ့ရသဖြင့် သူမ စက်ရုပ်များအပေါ် စိတ်ဝင်စားမှု တိုးနေခဲ့ခြင်းဖြစ်သည်။ စက်ရုပ်များ၏ တိုက်ခိုက်နိုင်စွမ်းက အစွမ်းများနှင့် မယှဉ်နိုင်သော်လည်း အသွေး အသားရှိသော လူ၏ကာကွယ်ပေးမှုထက် ပိုမို အဆင်ပြေလေသည်။
ထို့အပြင် ၎င်းတို့က နည်းပညာအသစ်ဖြစ်နေသည်။
"သခင်မလေး စိတ်ကြိုက်ဘာသာရပ်အတွက် အခြားနယ်ပယ်တွေကို ကြည့်ချင်သေးလား ရှင့်..."
လော့ယင်း သူမဘေးတွင်ထိုင်ပြီး သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။
"ကောင်းပြီလေ..."
ယောင်စစ် ပေါ့ပေါ့ပါးပါးသဘောတူလိုက်သည်။
အထက်တန်းကျောင်းအဆင့်တွင် အခြားနယ်ပယ်များကို ရွေးချယ်ရန် ခွင့်ပြုထားကြသည်။ ဘာသာရပ်အရေအတွက်နှင့် ကျောင်းစာသင်ချိန်ကို ကန့်သတ်ထားခြင်းမရှိသဖြင့် ကျောင်းသားများက ၎င်းတို့စိတ်ကြိုက် သင်ယူနိုင်ကြသည်။ သို့သော် ဆုံးဖြတ်ချက်ချပြီးသည်နှင့် ဘွဲ့ယူရန် အရည်အချင်းပြည့်မှီရန် နောက်ဆုံးစာမေးပွဲကို အောင်မြင်စွာ ဖြေဆိုရမည်ဖြစ်သည်။
အထက်တန်းစားနည်းပြ မူရွှမ်နှင့် သွေးစုပ်ဖုတ်ကောင်များ၏ လေ့ကျင့်ရေး ပရိုဂရမ်အရ ယောင်စစ် ကျောင်း၌အစွမ်းအကြောင်း သင်ယူရန်မလိုအပ်ပေ။ ထို့ကြောင့် သူမ အခြားအရာများကိုသာ ရွေးချယ်နိုင်ပေသည်။
"မျှော်လင့်ထားတဲ့အတိုင်း သခင်မလေးရဲ့ လုံ့လဝီရိယကတော့ ပြောစမှတ်တွင်စရာပါပဲ..."
လော့ယင်း ဂုဏ်ယူနေသော အမူအယာဖြင့် ပြောလိုက်သည်။
"ငါ ဘာသာရပ်သုံးခုကို ရွေးချယ်ဖို့ ကြံထားပေမဲ့ ရွေးချယ်စရာတွေက အများကြီးရှိနေတော့ တစ်ခုပဲ ဆုံးဖြတ်ရသေးတယ်... နင့်မှာ အကြံပေးစရာလေးများရှိသေးလား..."
ယောင်စစ် ယဉ်ကျေးသမှုဖြင့် မေးလိုက်သည်။
လော့ယင်း မျက်နှာလေးရှက်သွေးဖြာသွားကာ မျက်လုံးများ တောက်ပလာသည်။
"သခင်မလေး ဂီတဘာသာရပ်က မဆိုးလှပါဘူး... သခင်မလေးရဲ့ အရည်အချင်းနဲ့ဆိုရင် စကြဝဠာတစ်ခုလုံးမှာ အကျော်ကြားဆုံး အဆိုတော်ဖြစ်လာမှာ... အနုပညာဘာသာရပ်လည်းရှိသေးတယ်... သခင်မလေးက အရမ်းကိုအရမ်းကို အနုပညာရှင်တစ်ဦးနဲ့တူနေတော့ ပန်းချီ၊ ရုပ်ရှင်ဒါရိုက်တာ ဒါမှမဟုတ် ဒီဇိုင်း အကုန်လုံးက မိန်းကလေးတွေနဲ့ အဆင်ပြေလိုက်ဖက်တယ်... ပြီးတော့ တခြား ဘာသာရပ်ခွဲတွေလည်း အများကြီးရှိပါသေးတယ်... ဟုတ်သားပဲ သခင်မလေးက ဘယ်ဘာသာရပ်ကိုရွေးထားလဲဟင်..."
"အာ... စက်ရုပ်ပြုလုပ်ရေး..."
ညီမလော့ယင်းက အနည်းငယ်တောင့်ခဲသွားပြီး လေးနက်သောမျက်နှာဖြင့် ဆက်ပြောလာသည်။
"သခင်မလေး... ဒါ အရမ်းကိုကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ... ထင်ထားတဲ့အတိုင်းပဲ သခင်မလေးက စက်ရုပ်နယ်ပယ်နဲ့ပတ်သတ်ပြီး ရည်မှန်းချက်တွေရှိတာပဲ...."
"..."
ဘယ်လိုတောင် ကိုးယိုးကားယားနိုင်တဲ့ စကားလမ်းကြောင်းပြောင်းမှုကြီးလဲ...
"ကျွန်မလည်း စက်ရုပ်ပြုလုပ်ရေးကို ရွေးလိုက်တော့မယ်..."
လော့ယင်း ပြုံးပြုံးရွှင်ရွှင်ဖြင့် သူမ၏ ကွန်ပျူတာလက်ပတ်ကို ဖွင့်ကာ ထိုဘာသာရပ်ကို ရွေးချယ်လိုက်သည်။
နည်းနည်းလောက် ပိုပြီး မသိမသာလုပ်လို့မရဘူးလား... ဒီကောင်မလေး မိန်းကလေးဆန်တာမျိုးတွေ သင်မလို့ မဟုတ်ဘူးလား...
"အိုး ဟုတ်သား... နင်ငါ့ကိုဘာလို့ လာရှာတာလဲ..."
ယောင်စစ်မေးလိုက်သည်။ ယခုအချိန်မျိုး၌ လော့ယင်းတစ်ယောက် သင်ခန်းစာများ သင်ယူနေသင့်လေသည်။
"အိုး... အရေးကြီးတာတော့မရှိပါဘူး..."
သူမ ပြတ်သားစွာ လက်ဝှေ့ရမ်းပြလိုက်သည်။
"သခင်မလေးကို ဘာသာရပ်ကောင်းကောင်းရွေးပေးဖို့က ပိုအရေးကြီးတာပါ..."
သူမ ကျောင်းရှိ အခြားသော ဘာသာရပ်များစွာကို ဆက်ရှင်းပြခဲ့သည်။ ပထမကျောင်းတော်က ကမ္ဘာမြေပေါ်ရှိ ကျောင်းများနှင့်မတူဘဲ စကြဝဠာထဲရှိ များစွာသော နည်းပညာရပ်များကို တစ်နေရာတည်းတွင် သင်ကြား၍ ရပေသည်။ နည်းပညာမြင့်မားမှုကြောင့် ဆရာများမလိုအပ်ပဲ အရာတိုင်းကို နည်းပညာကိုအသုံးပြုပြီး သင်ကြားနိုင်သည်။ ထို့ကြောင့် ပထမကျောင်းတော်တွင် အရာတိုင်းရှိပြီး ဆေး၊ အနုပညာ၊ နည်းပညာနှင့် စက်ရုပ်များအပါအဝင် အစရှိသောအရာများအားလုံးကို သင်ယူနိုင်သည်။
အကြံပြုချက်များအပေါ် အခြေခံ၍ စကြဝဠာကြီးအကြောင်း ပိုမိုနားလည်ရန် ယောင်စစ် ယဉ်ကျေးမှုသမိုင်းကြောင်းနှင့် ဇီဝဗေဒပထဝီဘာသာရပ်များကို ရွေးချယ်ခဲ့သည်။ သူမ ထိုနှစ်ခုကို နှိပ်လိုက်ပြီး လော့ယင်းကို တစ်ချက်ကြည့်လိုက်သည်။
သေသေချာချာကြည့်လိုက်ချိန်တွင် သူမ ထိုကောင်မလေးက ရင်းနှီးကျွမ်းဝင်နေသော လူများစွာပါဝင်သည့် Group chatတွင် စကားပြောနေကြောင်းသိလိုက်ရသည်။ Group chat ထိပ်ဆုံးတွင် အနီရောင်စကားလုံးများရှိနေသည်။
[လော့ယင်း: သတင်းထူး... သခင်မလေးက စက်ပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုသမိုင်းကြောင်းနဲ့ ဇီဝဗေဒပထဝီဘာသာရပ်တွေကို ရွေးချယ်ထားတယ်... သူမနဲ့ အနီးကပ်ရင်းနှီးဖို့နဲ့ လေးစားကြည်ညိုတဲ့လူတွေ မြန်မြန်လှုပ်ရှားကြမယ်... အချိန်မဖြုန်းကြနဲ့ မြန်မြန်...]
"သခင်မလေး..."
လော့ယင်း ယောင်စစ် စိုက်ကြည့်နေသည်ကိုကြည့်၍ ရှက်လွန်း၍ တစ်ကိုယ်လုံး ရဲရဲနီသွားသည်။
"ဒါက... ဒါက ကျောင်းထဲက သွေးစုပ်ဖုတ်ကောင်တွေပါ... သူတို့က သခင်မလေးနဲ့ ဘာသာရပ်တစ်ခုကို အတူတူသင်ချင်ပေမဲ့ သခင်မလေးကို မမေးရဲကြလို့... ဒါပေမဲ့ ကျွန်မတို့က အချင်းချင်းရင်းနှီးကြတယ်ဆိုတော့လေ..."
"..."
နင်လဲ အရူးအမူးဖန်အဖွဲ့ထဲက တစ်ယောက်ပဲလားဟ...
"သခင်မလေး စိတ်မပူပါနဲ့ သွေးစုပ်ဖုတ်ကောင်လေး နည်းနည်းပဲသိကြမှာပါ... ကျွန်မ သခင်မလေးရဲ့ သတင်းကို ဘယ်သူ့ဆီမှ မရောင်းစားပါဘူး..."
ယောင်စစ် နှုတ်ခမ်းများ တွန့်လိမ်သွားသည်။
"ရောင်းစားတယ်..."
နင်က သတင်းတွေ ရောင်းစားတယ်လား...
"အာ..."
လော့ယင်း တောင့်ခဲသွားကာ သူမမျက်နှာတစ်ခုလုံး နီလွန်း၍ ရဲတွတ်နေပြီဖြစ်သည်။
"သ...သခင်မလေး..."
"ထားလိုက်တော့...ဒါပေမဲ့ ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေ..."
ယောင်စစ် သက်ပြင်းချလိုက်သည်။ နောက်ဆုံးတွင် ၎င်းက လျှို့ဝှက်တစ်ခုလိုဖြစ်သွားခဲ့သည်။
"ငါအခု အိမ်ပြန်တော့မယ်..."
သူမ ကွန်ပျူတာလက်ပတ်ကို ကြည့်လိုက်သောအခါ နေ့လည်စာစားချိန် ရောင်ခါနီးကြောင်းသိလိုက်ရသည်။
"ဟုတ်ကဲ့ပါ... သခင်မလေး ဂရုစိုက်ပါ..."
လော့ယင်း အထိတ်တလန့်နှင့် မတ်တတ်ပင်ထရပ်လိုက်သည်။
သူမတို့နှစ်ယောက် တံခါးထံရောက်ခါနီးတွင် ထိုမိန်းမငယ်လေးက မေးခွန်းတစ်ခုကို စဉ်းစားမိသွားပြန်သည်။
"အိုး... သခင်မလေး... ကျွန်မအဖေ သခင်မလေးနဲ့အတူသွားတဲ့ခရီးက ဘယ်တော့လောက် ပြန်လာမလဲဟင်..."
"နင့်အဖေ... ဘယ်သူလဲ..."
"ကုရှုချန်း..."
“…”
ဖက်ခ်...
ယောင်စစ် နောက်ဆုံးတွင် သူမ ဘာမေ့နေလဲ သတိရမိသွားတော့သည်။ သူမ တူလေးကုနှင့် ကျန်လူများကို အရိပ်ဂြိုလ်တွင် မေ့ကျန်ခဲ့လေသည်။