အပိုင်း ၉၈
Viewers 16k

Chapter 98

စက်ရုပ်အစစ်ကို ပထမဆုံးအကြိမ်မောင်းနှင်ခြင်း


ယောင်စစ် ထိုလူများ၏ ခရီးကို အကြီးအကဲကောင်စီက စီစဉ်ခဲ့၍ မေ့သွားခဲ့သည်ကို အပြစ်ဆို၍ မရပေ။ သူမပြန်လာသည်နှင့် ၎င်းတို့လည်း ပြန်ရောက်လာမည်ဟု ထင်ခဲ့မိလိုက်သည်။ သို့သော် သူမ၏ ကလေးထိန်းဖေဖေ၏ဒေါသကြောင့် အကြီးအကဲကောင်စီက နန်းတော်ကို ပြန်လည်တည်ဆောက်ရင်း အလုပ်များနေခဲ့သည်။ သူတို့ ထိုလေးယောက်ကို စိတ်ထဲမှ ထုတ်ထားလိုက်ကြသည်။


ယောင်စစ် ပြောစရာစကားပင် ပျောက်ရှသွားခဲ့ပြီး ချက်ချင်း ယန်ရွှမ်ကိုဆက်သွယ်ကာ ထိုလေးယောက်ကို အရိပ်ဂြိုလ်မှပြန်ခေါ်ရန် ပြောလိုက်သည်။ မတော်တဆဖြစ်ရပ်များ ဖြစ်ပွားခြင်းမရှိစေရန် ဆိပ်ခံတံတားတွင် ထိုလေးယောက်ကို စောင့်နေခဲ့သည်။ သူမ ၎င်းတို့ကို ပြန်တွေ့ချိန်တွင် သံသယပင်ဝင်သွားခဲ့သည်။


အာ... ဒီတောပုန်းဓားပြတွေက ဘယ်သူတွေလဲ... အရိပ်ဂြိုလ်မှာ သူတို့ဘာတွေဖြစ်လာခဲ့ကြတာလဲ..


"ဘာဖြစ်ခဲ့တာလဲ..."


အဓိပ္ပါယ်မရှိပေ။ သူတို့က ရှစ်ရာမြောက်မျိုးဆက်များ အထက်မှလူများဖြစ်၍ အတော်တော်လေး စွမ်းရည်ပြည့်ဝသူများဖြစ်ကြသည်။ အရိပ်ဂြိုလ်ကဲ့သို့သော ရှေးဦးဂြိုလ်လေးတစ်လုံးမှ မည်သည့်သတ္တဝါမဆို သူတို့ကို ထိခိုက်အောင် မလုပ်နိုင်ပေ။

ဘယ်လိုလုပ် ဒီလိုသနားစရာအခြေအနေနဲ့ အဆုံးသတ်သွားကြရတာလဲ...


"သခင်မလေး..."


သူတို့ သူမအကြည့်ကို မြင်လိုက်သည်နှင့် ပိုမိုသနားစဖွယ်ပုံလေးများဖြစ်သွားကြသည်။ အချင်းချင်းအကြည့်ချင်းဖလှယ်ပြီးမှ တစ်ယောက်ပြီးတစ်ယောက် ဆက်ပြောလာကြသည်။


"သခင်မလေး ကျွန်တော်တို့ကိုတွေ့ဖို့ လူကိုယ်တိုင်တောင်ရောက်လာခဲ့တယ်နော်... ဒါ.. ဒါ အရမ်းကို ရင်ထဲထိသွားစေတာပဲ..."


"သခင်မလေး အချိန်မီပြန်လာခဲ့လို့ ဝမ်းမြောက်မိပါတယ်... ကျွန်တော်တို့ တာဝန်ကျရှုံးလို့ အပြစ်ခံယူလိုက်ပါ့မယ်..."


"ဟုတ်ပါတယ်... သခင်မလေးကို စောင်ကြည့်ပေးဖို့ တာဝန်ကျရှုံးခဲ့ပြီး အရှင်မင်းကြီးရဲ့ ယုံကြည်မှုကို သစ္စာဖောက်ခဲ့မိပါတယ်... ဒါကအလွန်အမင်းကို လက်သင့်မခံနိုင်စရာဖြစ်လို့ ကျွန်တော်တို့ ဘယ်လိုအပြစ်ပေးမှုမဆို ခံယူပါ့မယ်..."


"သခင်မလေး ကျွန်တော်တို့ကို အပြစ်ဒဏ်ပေးလို့ရမလားဗျာ..."


"အစိတ်စိတ်အမြွှာမြွှာခုတ်ပိုင်းခံရမှာလား ထာဝရအိပ်စက်ခြင်းခံယူရမှာလား... အရှင်မင်းကြီးကိုယ်တိုင် အပြစ်ပေးမှာလားဟင်..."


"..." ယောင်စစ်


ဟမ်... ဒါဆို ဒါကသူတို့တစ်ချိန်လုံး စိတ်ပူနေကြတဲ့ဟာလား... ဒီလိုနဲ့ပဲဒီလောက်အထိ အခြေအနေဆိုးနေကြတာပေါ့လေ... သွေးစုပ်ဖုတ်ကောင်တွေရဲ့ မျက်လုံးထဲမှာ မူရွှမ်က ဘယ်လိုပုံရိပ်မျိုးလဲ...


"တော်လောက်ပြီ... ဒါက ငါ့အမှားတွေပါ နင်တို့နဲ့ ဘာမှမဆိုင်ဘူး..."

ယောင်စစ် သူတို့ပခုံးကိုပုတ်ပြီး နှစ်သိမ့်ပေးလိုက်သည်။

"စိတ်မပူပါနဲ့ ငါမူရွှမ့်ကို နားချလိုက်ပါ့မယ်... အဆင်ပြေပါတယ်..."

သူ၏ဒေါသအများစုကို ချင်လေပေါထံတွင် ဖောက်ခွဲခဲ့သဖြင့် ဤလေးယောက်အပေါ် ထွက်စရာ ဒေါသမရှိလောက်တော့ပေ။


မျက်လုံးလေးစုံက ချက်ချင်း အရောင်လက်သွားပြီး အသက်ပြန်ဝင်လာတော့သည်။


"တကယ်လား... သခင်မလေး..."


"ကောင်းလိုက်တာ... သခင်မလေး ကျွန်တော်တို့ အသက်ကို ကယ်ပေးတာ တကယ်ကျေးဇူးတင်ပါတယ်..."


"တော်ပါသေးရဲ့... ဒီနှစ်လလုံး စိုးရိမ်နေခဲ့ရတာက ငါ့ရဲ့စိတ်ကျန်းမာရေးကို တကယ်ထိခိုက်စေတာ..."


"သခင်မလေးက အံ့ဩစရာကောင်းလိုက်တာ... သခင်မလေး အသက်ရှည်ပြီး အနာမဲ့ဖို့ ဆုတောင်းပေးပါတယ်... ဒါနဲ့ သခင်မလေး အခု နေ့လည်စာစားဖို့ ပြန်နေတာမလား..."


ဖက်ခ်... တူလေးကု နင်ဒီအကြောင်းတွေ အခုထိမမေ့သေးဘူးလားဟ...


ယောင်စစ် သူတို့အကြောင်းစိတ်ထဲမထားတော့ဘဲ အိမ်သို့ပြန်ရန်ပြင်လိုက်တော့သည်။ အဘယ့်ကြောင့်ဆိုသော် မကြာခင် နေ့လည်စာစားချိန် အမှန်တကယ်ရောက်လာတော့မည်ဖြစ်၍ ဖြစ်သည်။ ဆိပ်ခံတံတားမှ ထွက်လာသောအခါ ရင်းနှီးနေသော ပုံရိပ်လေးကို တွေ့လိုက်ရသည်။


အမ်... အဲ့တာ ညီမလော့ယင်းမလား...


"လော့.."


"ရှုချန်း..."


ယောင်စစ် သူမနာမည်ကိုခေါ်ရန်ပြင်လိုက်သော်လည်း ထိုမိန်းမပျိုလေးက သူမအနောက်ရှိ လူ၏လက်ထဲ ခုန်ဝင်သွားတော့သည်။ ဤသည်က ယောင်စစ်တစ်ယောက် သွေးစုပ်ဖုတ်ကောင်တစ်ယောက်ဆီမှ ပထမဆုံးအကြိမ် လျစ်လျှူရှုခံရခြင်းဖြစ်ပြီး ကိုးယိုးကားယားဖြင့် လက်ကို ပြန်ရုတ်လိုက်ရသည်။


"ယင်း..."

တူလေးကုက သူမကို သဘာဝကျကျလွယ်ကူစွာဖမ်းလိုက်သည်။ သူမကို ပြန်မဖက်ခင် ခဏမျှတောင့်တင်းသွားပြီးမှ တင်းတင်းကြပ်ကြပ် ပြန်လည်ပွေ့ဖက်လိုက်သည်။ သူတို့နှစ်ယောက်က မခွဲနိုင်မခွာရက် ကြားလေမသွေးနိုင်အောင် ဖက်နေကြသည်။


ယောင်စစ် သူတို့နှစ်ယောက်၏ နီးကပ်လှသော ဆက်ဆံရေးကြောင့် သက်ပြင်းပင်အသာချမိသည်။ အရင်က ညီမလော့ယင်းက တူလေးကုကိုလိုက်ရှာရင်း အဖမ်းခံခဲ့ရသည်။ အကယ်၍ သူမသာ တူလေးကုအကြောင်း သတိမပေးပါက ယောင်စစ် နှစ်ယောက်လုံးပျောက်နေသည်ကို အချိန်အတော်ကြာမှ သတိထားမိမည်ဖြစ်သည်။


"ဟမ့် စင်ကယ်ခွေးတွေကို နှိပ်စက်နေပြန်ပြီ..."

ပိုင်ရိ ထိုနှစ်ယောက်ကိုကြည့်ရင်း မနာလိုအားကျနေသည်။ သူ ထိုနှစ်ယောက်ကို စိတ်မရှည်စွာကြည့်ရင်း အချိန်ပေးလိုက်သည်။


သူထွက်သွားနေရင်းဖြင့်ပင် ဝမ်းပန်းတနည်းပြောနေသေးသည်။

"ဟမ့် ဆက်ခံသူရှိတာဘာကောင်းလို့လဲ... မင်းတို့တွေ ငါတို့လို စင်ကယ်ခွေးတွေကို အထင်သေးနေတာလား... ငါလည်း မကြာခင် တစ်ယောက်ယောက်ရလာမှာကွ.."

(Note - စင်ကယ်ခွေးဆိုတာ တရုတ်မှာ single တွေကို နှိမ်ပြောတဲ့ ဗန်းစကားမျိုးပါ )


အခြားသွေးစုပ်ဖုတ်ကောင်များကလည်း သဘောတူဟန်ဖြင့် ခေါင်းငြိမ့်လိုက်ကြသည်။


အမ် ဒါကြီးကထူးဆန်းတယ်ရော... စင်ကယ်ခွေးတွေနဲ့ ဆက်ခံသူတွေနဲ့ ဘာဆိုင်လို့လဲ...


ယောင်စစ် စိတ်ရှုပ်ထွေးသွားသည်။ သူမ ယခုအထိ ဖက်နေဆဲဖြစ်သော အဖေနှင့် သမီးစုံတွဲကိုကြည့်လိုက်သည်။ တူလေးကုက ခေါင်းကိုနှိမ့်၍ လော့ယင်းနားထဲကို တစ်ခုခုတီးတိုးပြောလိုက်ကာ လော့ယင်းက ရှက်သွားဖြာသွားပြီးသူမခေါင်းကို သူ့လက်မောင်းများကြား အတင်းတိုးဝင်သွားတော့သည်။ ဤမြင်ကွင်းက နူးညံ့သိမ်မွေ့ကာ သဟဇာတဖြစ်နေသည်။


ယောင်စစ် ထိုမြင်ကွင်းကိုကြည့်၍ အတော်လေးထူးဆန်းသည်ဟုသာ မြင်နေမိသည်။ တစ်စုံတစ်ခု လွဲနေပုံပေါ်သော်လည်း သူမအတိအကျမပြောနိုင်ပေ။ ယင်းအစား ယန်ရွှမ်နှင့် အခြားလူများနှင့်အတူ ထွက်သွားလိုကိသည်။ မဟုတ်လျှင် သူမ နေ့လည်စာစားချိန် အမှန်တကယ် နောက်ကျသွားပေလိမ့်မည်။



တူလေးကု ပြန်လာသည်နှင့် ယောင်စစ် ကျောင်းကောင်စီတာဝန်များကို သူ့ထံပစ်ပြေးကာလိုက်ပြီး ကျောင်းစာတွင်သာ အာရုံစိုက်လိုက်တော့သည်။


"စက်ရုပ်..."

မူရွှမ် စွပ်ပြုတ်လောင်းထည့်နေတုန်း တန်းလန်းတွင် ရပ်သွားသည်။ သူမျက်မှောင်တင်းတင်းကြုတ်၍ သူမကို စွပ်ပြုတ်ပန်းကန် လှမ်းပေးလိုက်သည်။


"ကျောင်းက ကျွန်မတို့ကို စိတ်ကြိုက်ဘာသာရပ်ကို အနည်းဆုံးသုံးဘာသာရွေးခိုင်းတယ်လေ..."

ယောင်စစ် စွပ်ပြုတ်တစ်ငုံသောက်လိုက်သည်။

"စက်ရုပ်တွေရဲ့ တိုက်ခိုက်နိုင်စွမ်းက အစွမ်းနဲ့ယှဉ်ရင် ဒုတိယနေရာမှာပဲရှိတယ်ဆိုပေမဲ့ ကျွန်မကလည်း အခြား ပညာရပ်တစ်ခုကိုသင်ယူချင်နေတယ်... အဲ့ဒီ့အပြင် အထက်တန်းကျောင်းအတွက် အဓိက နယ်ပယ်က အစွမ်းအကြောင်းပဲ ဒါပေမဲ့ ရှင်ရှိနေတော့ ကျောင်းကနေဘာမှ သင်စရာမလိုတော့ဘူးလေ.."


မူရွှမ်၏ တင်းမာနေသော မျက်နှာက ချက်ချင်း ပြေလျော့သွားသည်။

"မင်းသင်ယူလို့ရပါတယ်... ဒါပေမဲ့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ အဓိကခွန်အားက အစွမ်းဖြစ်လို့ စက်ရုပ်တွေဆိုတာဒီတိုင်း အပိုပစ္စည်းတွေလိုပဲ... အရမ်းကြီးလေးလေးနက်နက် လုပ်စရာမလိုပါဘူး..."


"ဟုတ်ကဲ့ပါ ဖေဖေ..."

ယောင်စစ် တစ်ဝက်မျှစားပြီးသော ပန်းကန်ကိုအောက်သို့ချလိုက်ကာ မူရွှမ်ရှိရာဘက်ကို လှည့်ကြည့်လိုက်သည်။

"ကျွန်မကို တစ်ခုခု ကူညီပါလား..."


"မူရွမ်..."

သူအကျင့်အတိုင်း ခေါ်ဝေါ်ပုံကို ပြင်ပေးလိုက်ပြီး တစ်ခုခုကြံနေဟန်ဖြင့် တောက်ပနေသော သူမ၏ မျက်လုံးများကိုကြည့်လိုက်သည်။

"ဘာအကြောင်းလဲ ပြောပြလေ..."


"ကျွန်မ စက်ရုပ်တွေအကြောင်းလေ့လာဖို့ အစီအစဉ်ဆွဲထားတော့လေ လက်တွေ့သုံးဖူးတဲ့ အတွေ့အကြုံရှိသင့်တယ် မဟုတ်လား... ဒါပေမဲ့ ရှင်သိတဲ့အတိုင်းပဲ စကြဝဠာမဟာမိတ်အဖွဲ့ရဲ့ဥပဒေအရ ကျွန်မလို ကျောင်းသူလေးတစ်ယောက်က စက်ရုပ်အစစ်ဝယ်လို့မရဘူးလေ..."

ပိုက်ဆံနဲ့တောင် ဝယ်လို့မရတာ...

"ဒီတော့လေရှင်..."

သူမ ရပ်လိုက်ပြီး သူ့ကိုစိုက်ကြည့်လိုက်သည်။


မူရွှမ် တောင့်ခဲသွားကာ သူ့လက်ကို သူမခေါင်းပေါ်တင်၍ စိုးရိမ်တကြီးမေးလာသည်။

"မင်းမျက်လုံးက ဘာဖြစ်တာလဲ..."

ဘာလို့ မျက်တောင်တအားခတ်နေရတာလဲ...


"..."

ငါနင့်ကို ချွဲဖို့ကြိုးစားနေတာ မမြင်တာလား...


ယောင်စစ် နှလုံးသားလေး ဓားစိုက်သွားသလို ခံစားလိုက်ရသည်။


"မင်းစက်ရုပ်လိုချင်လို့လား..."

မေ့လွယ်သော ကလေးထိန်းဖေဖေက သူမမျက်လုံးကို လေမှုတ်ပေးရင်းမေးလိုက်သည်။ ထို့နောက်အလေးအနက်ဖြစ်နေသော အမူအရာဖြင့် ထပ်မေးလာသည်။

"အခု နေရသက်သာသွားပြီလား..." 


"..."

ယောင်စစ် နှလုံးသားလေး နောက်ထပ်ဓားတစ်ချောင်းစိုက်သွားသည်ဟု ခံစားလိုက်ရသော်လည်း ပြင်းပြင်းထန်ထန် ခေါင်းငြိမ့်ပြနေဆဲဖြစ်သည်။

"အင်း အင်း အင်း..."


"ငါကြားဖူးတာအရဆိုရင် ကျောင်းရဲ့စက်မှုဌာနက စက်ရုပ်တစ်ရုပ်ရဲ့ လုပ်ဆောင်ချက်တွေကို ပုံတူကူးနိုင်တဲ့ ကိုယ်ပိုင် နည်းပညာရှိတယ်..."


"ဒါပေမဲ့ ပုံတူကူးထားတာက အစစ်တစ်ခုနဲ့ လုံးဝမတူဘူးလေ..."

ယောင်စစ် သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ ၎င်းက ကားပြိုင်ပွဲဂိမ်းနှင့် အစစ်အမှန်ကားပြိုင်ပွဲ ကွာခြားသလိုပင်ဖြစ်သည်။ ထို့အပြင် Transformers ကြည့်ပြီး ကြီးပြင်းလာရသော မြေကမ္ဘာသူတစ်ယောက် အနေဖြင့် သူမလက်ထဲတွင် ပစ္စည်းအစစ်များကို ကိုင်ဖူးချင်ပေသည်။

"ရှင်ပဲ တိုက်ပွဲအစစ်တွေကမှ ကျွန်မရဲ့အစွမ်းကို မြှင့်တင်နိုင်တာလို့ မပြောခဲ့ဘူးလားဟင်..."


မူရွှမ် မျက်မှောင်ကြုတ်လိုက်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် သူမ၏ ပန်းကန်ကို စိုကိကြည့်၍ လေးလေးနက်နက်ပြောလိုက်သည်။

"ကုန်အောင်စားလိုက် ဘာမှမကျန်စေနဲ့..."



မူရွှမ်က ယောင်စစ် ကောင်းကောင်းစားနေသမျှကာလပတ်လုံး ယောင်စစ်ပြောသမျှကို သဘောတူပေသည်။ ကျောင်းပိတ်ရက်ကို အခွင့်ကောင်းယူ၍ သူမကို လေ့ကျင့်ရေးကွင်းပြင်ကို ခေါ်သွားခဲ့သည်။ သူမ၏ မျှော်လင့်တောင်းတနေသော အမူအယာအောက်တွင် သိုလှောင်ခလုတ်ကဲ့သို့သောအရာကို ထုတ်လိုက်ပြီး နှိပ်ချလိုက်သည်။


ဘိကနဲမြည်သံဖြင့် သူမခေါင်းပေါ်ရှိ လေဟာနယ် စုတ်ပြဲသွားပြီး အပေါက်တစ်ခုဖြစ်ပေါ်လာသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လူသုံးယောက်စာမျှရှည်လျားသော စက်ရုပ်ကြီးတစ်ခု သူမရှေ့တွင် ထွက်ပေါ်လာသည်။


၎င်းက Transformer သို့မဟုတ် သူမ ဇာတ်ကားနှင့် Anime များထဲတွင် မြင်ဖူးသော စက်ရုပ်များနှင့်မတူပေ။ ၎င်းက ဝဖိုင့်ဖိုင့်ကြီးဖြစ်သည်။


-_-|||


ထို့အပြင် ၎င်းတို့ ဘောလုံးတစ်လုံးနှင့်တူသော လုံးတစ်နေသည့် ဘီယာဗိုက်တစ်ခုရှိသည်။ ၎င်းက သုံးမီတာမြင့်သော်လည်း ခြေလက်များက ပုတိုကာ သန်မာလှသည်။


ယောင်စစ် စိတ်ကူးယဉ်ခဲ့သော ခံ့ညားထည်ဝါလှသည့် ပုံရိပ်က တစ်စဆီကွဲအက်သွားတော့သည်။ မနေနိုင်တော့ဘဲ သူမဘေးရှိ ကလေးထိန်းဖေဖေကို အနုပညာခံစားမှု ချို့တဲ့နေသလားဟူသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။


စက်ရုပ်တွေက ဘယ်ဒီဇိုင်းမဆိုရတယ်မဟုတ်ဘူးလား... ဘာလို့ဒီတစ်ခုက အရမ်းရုပ်ဆိုးနေရတာလဲ... ရှင်မရွေးတတ်ရင်တောင် ကျွန်မကို ကူရွေးခိုင်းလို့ရပါသေးတယ်..."


"ဒါက လက်သင်အဆင့်မော်ဒယ်ပဲ..."

မူရွှမ် သူမ၏ စပ်စုချင်စိတ်ကိုအာရုံခံမိဟန်ဖြင့် ရှင်းပြလိုက်သည်။

"ဒါက အခြားအရာတွေနဲ့ယှဉ်ရင် ခုခံမှုစနစ်က အကောင်းဆုံးပဲ... မင်းကအခုမှ အစပျိုးရုံရှိသေးတော့ ဒီမော်ဒယ်က မင်းနဲ့ အသင့်တော်ဆုံးပဲ..."


ဒါဆို ဒီလိုပေါ့...


ယောင်စစ် စက်ရုပ်ကို လှည့်ကြည့်လိုက်သည်။ ကြီးမား၍ ဝတုတ်နေသောပုံစံရှိသော်လည်း အလွန်လက်ရာမြောက်လိုက်သည်။  စက်ရုပ်ကို တင်းတင်းကြပ်ကြပ်ပိတ်ဆို့ထားပြီး အတွင်းပိုင်းရှိ အစိတ်အပိုင်းများကို တစ်စွန်းတစ်စပင်မမြင်ရပေ။ သို့သော် မူရွှမ်ပြောသကဲ့သို့ အကောင်းဆုံး ခုခံရေး စနစ်ရှိသည်လားမသိ၍ သူမအစွမ်းဖြင့် စမ်းသပ်ကြည့်ချင်လာသည်။


မူရွှမ် တစ်စုံတစ်ခုကို နှိပ်လိုက်ပုံပေါ်ပြီး ဘိဟူသော မြည်သံဖြင့် စက်ရုပ်၏ ကြီးမားသော ဝမ်းဗိုက်ကြီးပွင့်သွားကာ ဗလာဖြစ်နေသော နေရာကို ပြသလာသည်။


"မင်း မောင်းနှင် ထိန်းချုပ်ကြည့်ချင်လား..."

သူ အတွင်းဘက်ကို လက်ညှိုးထိုးပြလိုက်သည်။


ယောင်စစ် ချက်ချင်းခေါင်းငြိမ့်လိုက်ပြီး သူ၏ ညွှန်ကြားချက်အတိုင်း လိုက်လုပ်လိုက်သည်။ သူမ နှစ်မီတာမျှကျယ်သော နေရာတစ်ခုထဲ ဝင်လိုက်သည်။ သူမကိုယ်သူမ တည်ငြိမ်အောင်ထိန်းပြီးသည်နှင့် အောက်ဘက်မှ အလင်းရောင်တောက်လာပြီး အလင်းတန်းများက သူမ၏ ခြေလက်များနှင့် လက်ကောက်ဝတ်များကို ပတ်လာပြီး တံခါးက သူ့အလိုလိုပိတ်သွားခဲ့သည်။ သူမတစ်ယောက်တည်း ဤနေရာတွင် ကျန်နေဟန်ဖြင့် စတင်ထိတ်လန့်လာသော်လည်း မူရွှမ်ကို လှမ်းခေါ်ကာနီးတွင် သူ့အသံကိုကြားလိုက်ရသည်။


"မကြောက်နဲ့... ထိန်းချုပ်ရေးစနစ်ကို စိတ်ခွန်အားနဲ့ လိုက်ရှာကြည့်.."


ယောင်စစ် သူ၏ လမ်းညွှန်ချက်ကို လိုက်နာလိုက်သည်။ နောက် တစ်စက္ကန့်တွင် ဗလာဖြစ်နေသော နေရာလွတ် ပျောက်ကွယ်သွားကာ မူရွှမ်၏ ပုံရိပ်က သူမရှေ့တွင် ပေါ်လာသည်။ သို့သော် မူရွှမ်က သေးငယ်သွားသယောင်ထင်နေရသည်။

သူမ စက်ရုပ်ကို ထိန်းချုပ်နေတာလား...


သူမ ခေါင်းငုံ့လိုက်ပြီး သူမလက်များကိုကြည့်လိုက်သော်လည်း ၎င်းတို့က ပုတိုဝတုတ်‌သော စက်ရုပ်လက်ဖဝါးများဖြစ်နေကြသည်။ သူမကိုယ်သူမ စက်ရုပ်တစ်ရုပ်အဖြစ် အသွင်ပြောင်းသွားသလိုပင် ခံစားလိုက် သည်။


"အခု မင်းရဲ့စိတ်ခွန်အားနဲ့ ချိတ်ဆက်ပြီး အဲ့ဒီ့အပေါ်ပဲ မူတည်သွားပြီ..."

မူရွှမ်သူမကိုပြောလိုက်သည်။

"ခံစားရတာ တစ်ပုံစံတည်းဆိုပေမဲ့ ထိန်းချုပ်ရတာကတော့ မင်းရဲ့ပုံမှန် လှုပ်ရှားမှုတွေနဲ့ ကွဲပြားလိမ့်မယ်... ဒါက မင်းရဲ့ပထမဆုံးအကြိမ်ဆိုတော့ အရမ်းကြီး သက်တောင့်သက်သာဖြစ်မှာမဟုတ်ဘူး... ဒါပေမဲ့ နေသားကျသွားရင် အဆင်ပြေသွားပါလိမ့်မယ်..." 

သူ အနီးရှိနေရာကို လက်ညှိုးထိုးပြလိုက်သည်။

"အဲ့ဒီ့ကိုသွားဖို့ ကြိုးစားလိုက်..."


ယောင်စစ် လမ်းလျှောက်ရန် ကြိုးစားလိုက်သော်လည်း စက်ရုပ်က မလှုပ်မရှားဖြစ်နေဆဲဖြစ်သည်။ အပြင်ပိုင်းမြင်ကွင်းက အလွန်ရှင်းလင်းပြီး စက်ရုပ်၏ အစိတ်အပိုင်းတိုင်းကို အာရုံခံနိုင်သော်လည်း သူမ၏ကိုယ်ပိုင်အစိတ်အပိုင်းများဟု မခံစားရ၍ ဘယ်လောက်ကြိုးစားနေပါစေ လုံးဝမရွေ့ပေ။


"စိတ်လျှော့ထား... မင်းရဲ့ခန္ဓာကိုယ်ကို လှုပ်ရှားဖို့မကြိုးစားနဲ့... စက်ရုပ်က မင်းရဲ့စိတ်ခွန်အားအပေါ်မူတည်တာ... စိတ်နဲ့ပဲ လှုပ်ရှားဖို့ကြိုးစားကြည့်..."


ယောင်စစ် သူမ၏ ခြေထောက်များကို လှုပ်ရှားနေသည်မှရပ်လိုက်ကာ စိတ်ကို တည်ငြိမ်အောင်ထားလိုက်သည်။ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူမ၏ စိတ်ခွန်အားကို စက်ရုပ်တစ်ခုလုံးဆီ ဖြန့်ကျက်လိုက်ပြီး သူမသွားလိုသည့်နေရာကိုသာ အာရုံစိုက်လိုက်သည်။ ထင်ထားသည့်အတိုင်း စက်ရုပ်က စတင်လှုပ်ရှားလာပြီး သူမညွှန်ကြားသော နေရာကို အရှိန်ဖြင့် သွားလေသည်။


သို့သော် အလွန်မြန်သော အရှိန်ဖြင့် သွားနေခြင်းဖြစ်သည်။ 


စက်ရုပ်က ရှေ့ကို မြှားတစ်စင်းနှယ် ပြေးသွားပြီး ဝှစ်ကနဲမြည်သံကြီးဖြင့် သူမ၏ အမြင်အာရုံပင် လင်းလက်သွားသည်။ နောက်တစ်စက္ကန့်တွင် ကျယ်လောင်သောအသံကြီးဖြင့် စက်ရုပ်က နံရံကို ဝင်တိုက်သွားသည်။


ယောင်စစ်၏ အမြင်အာရုံ မှောင်မိုက်သွားပြီး အနီရောင်စာလုံးများက သူမရှေ့တွင် ပေါ်ထွက်လာသည်။


[စက်ရုပ်က ပြင်းပြင်းထန်ထန် ပျက်ဆီးသွားပါပြီ... ဆက်လက်မောင်းနှင်ရန် မလုံခြုံတော့သဖြင့် အပြင်ထွက်ရန်လုပ်ဆောင်ပေးပါ...]


ယီးပဲဟေ့...