အပိုင်း ၉၉
Viewers 16k

Chapter 99

စက်ရုပ်ထိန်းချုပ်ခြင်းပြိုင်ပွဲ


နောက်ဆုံးတွင် ယောင်စစ်တစ်ယောက် အစွမ်းနှင့်ယှဉ်လျှင် စက်ရုပ်များက နိမ့်ကျကြောင်းသိသွားခဲ့သည်။  စက်ရုပ်တစ်ရုပ်၏ ရွေ့လျားနိုင်စွမ်းသည် အလွန်အမင်း ဆိုးဝါးလှပြီး ထိခိုက်ပျက်ဆီးလွယ်လေသည်။  အစွမ်းရှိသူများက ထိခိုက်ဒဏ်ရာရလျှင်ပင် ၎င်းကိုရင်ဆိုင်ပြီး ပိုမိုသန်မာလာတတ်သည်။ ခြေလက်များ ဆုံးရှုံးသွားလျှင်ပင် အစွမ်းဖြင့် ဆက်လက်တိုက်ခိုက်နိုင်နေဆဲဖြစ်သည်။ ထို့အပြင် သွေးစုပ်ဖုတ်ကောင်များက ပြန်လည်ကုသနိုင်စွမ်း အလွန်မြင့်မားပေသည်။


စက်ရုပ်များက ပြန်လည်ပြုပြင်နိုင်ပြီး ကြီးမားသော ပျက်ဆီးမှုများကို ခံနိုင်ရည်ရှိသော်လည်း ၎င်းတို့နောက်တွင် အားနည်းချက်အကြီးကြီးတစ်ခုရှိနေသည်။ အသိဉာဏ်အမြင့်ဆုံး မိုက်ခရိုချစ်ပ်များပင် ၎င်းတို့၏ အစိတ်အပိုင်းများ အလွန်အမင်းပျက်ဆီးသွားပါက အသုံးမဝင်ဖြစ်သွားပေသည်။ ပြဿနာအသေးလေးတစ်ခုကပင် စနစ်တစ်ခုလုံးကို ပျက်ဆီးစေနိုင်ပြီး နံရံတစ်ခုကိုဝင်တိုက်၍ ပြိုကျသွားစေသော ကိစ္စကပင် ၎င်းကိုယ်၎င်း ပြန်ဆွဲမနုတ်နိုင်ချေ။


၎င်းကို လမ်းလျှောက်စေရန် ထိန်းချုပ်ခြင်းကပင် အလွန်ခက်ခဲလှ၍ ယောင်စစ်၏ စိတ်အားထက်သန်မှုက တမုဟုတ်ချင်း ငြိမ်းသွားတော့သည်။ ကျောင်းတွင် ပုံတူပွားများကိုသာ အသုံးပြုခိုင်းခြင်းအား ယောင်စစ် နားလည်သွားပြီဖြစ်သည်။ ၎င်းက စတင်အသုံးပြုသူများကို စက်ရုပ်များစွာ ဖျက်ဆီးပစ်မိခြင်းမှ ကာကွယ်ရန်ဖြစ်သည်။


စကြဝဠာထဲတွင် စက်ရုပ်များသည် ထိန်းချုပ်နိုင်သော လက်နက်များဖြစ်ကြသည်။ စက်ရုပ်တစ်ရုပ်ဆီတိုင်း၏ ဈေးနှုန်းက အလွန်မြင့်မားပြီး လူတိုင်းကိုဝယ်ခွင့် မပြုထားပေ။ စကြဝဠာကွန်ရက်ပေါ်တွင် စက်ရုပ်တည်ဆောက်ရေး ကုမ္ပဏီများစွာရှိသော်လည်း လျှောက်လွှာတင်ခြင်းလုပ်ငန်းစဉ်က အလွန်အမင်းရှုပ်ထွေးလှသည်။ အဆုံးတွင် သူမကဲ့သို့ ကျောင်းသူကျောင်းသားများကို စက်ရုပ်များဝယ်ရန် ခွင့်မပြုထားပေ။


ယောင်စစ် သူမဖျက်ဆီးခဲ့သော နည်းပညာမြင့်အပုံကြီးကိုကြည့်လိုက်သည်။ ၎င်း၏တန်ကြေးအကြောင်းစဉ်းစားလိုက်သည်နှင့် သူမနာကျင်သွားရသည်။ ထို့ကြောင့် သရုပ်ပြအတန်းကိုသာတက်ရန် တိတ်တဆိတ်ဆုံးဖြတ်လိုက်တော့သည်။ သူ့အဖေကချမ်းသာသော်လည်း သူမ သူ၏ ပိုက်ဆံများကို ဒီအတိုင်း မဖြုန်းလိုက်နိုင်ပေ။



ပထမကျောင်းတော်တွင် အစစ်အမှန်နှင့် တစ်ထပ်တည်းနည်းပါးတူသော ပြီးပြည့်စုံသည့် သရုပ်ဖော်စနစ်ရှိသည်။ သို့သော် စက်ရုပ်ပြိုင်ပွဲကြောင့် လူအုပ်ကြီးက ၎င်းတို့အလှည့်ရောက်ရန်ပင် အကြာကြီးစောင့်ဆိုင်းနေရသည်။ ယောင်စစ် အနည်းငယ်နောက်ကျသွားပါက လေ့ကျင့်ရန် အလှည့်ပင် ကျတော့မည်မဟုတ်ပေ။


ထိုသို့တွေးမိသည်နှင့် သူမတစ်ကိုယ်လုံး ဝမ်းနည်းမှုတို့ လွှမ်းခြုံသွားသည်။


"သခင်မလေး... အသိစိတ်ကိုလေ့ကျင့်ဖို့အတွက် စကြဝဠာကွန်ရက်ထဲကို ဝင်နိုင်ပါတယ်..."

ပိုင်ရိ အကြံပေးလိုက်သည်။


"အသိစိတ်ကိုလေ့ကျင့်တာ... အဲ့တာဘာလဲ..."


"အသိစိတ်ပြိုင်ပွဲက စက်ရုပ်ထိန်းချုပ်တာနဲ့တူတူပဲ... နှစ်ခုလုံးက စကြဝဠာကွန်ရက်နဲ့ ချိတ်ဆက်ရတာပဲ... ဒါပေမဲ့ ကျောင်းရဲ့ အသိစိတ်လေ့ကျင့်ခြင်းက အရှိန်နဲ့ စက်ရုပ်ထိန်းချုပ်ခြင်းက အတွေ့အကြုံတွေကို ပိုမိုထက်မြလာအောင် ကူညီပေးတာ..."


"စကြဝဠာကွန်ရက်..."

ယောင်စစ် မျက်လုံးများတောက်ပသွားသည်။

"နင်ပြောချင်တာ ငါ့မှာကွန်ပျူတာလက်ပတ်ရှိတာနဲ့ ဘယ်အချိန် ဘယ်နေရာမှာမဆို လေ့ကျင့်နိုင်တယ်လို့ပြောချင်တာလား..."


"ဟုတ်ကဲ့..."

ပိုင်ရိ ဘုမသိဘမသိ ပြန်ဖြေလိုက်သည်။

"စက်ရုပ်ကိုအသိစိတ်နဲ့ ထိန်းချုပ်ရတာက သာမန်ထက်ထူးခြားတော့ စကြဝဠာကွန်ရက်ထဲမှာ အသိစိတ်တိုက်ပွဲတွေအများကြီးရှိတယ်လေ... သခင်မလေး အသိစိတ်ပလာဇာထဲမှာ မတွေ့မိဘူးလား..."


"အာ..."


ယောင်စစ်၏ နှုတ်ခမ်းများတွန့်လိမ်သွားသည်။ သူမစကြဝဠာကွန်ရက် screenပလာဇာနှင့် အသိစိတ်ပလာဇာများအကြောင်းသိပေသည်။ ၎င်းတို့က အခြေခံအားဖြင့် ဝင်ရောက်ကြည့်ရှုနိုင်သော ပလာဇာများဖြစ်ကြပြီး တစ်ခုကသူမသုံးနေကြ screenမှဖြစ်ပြီး တစ်ခုက အသိစိတ်ကို စကြဝဠာကွန်ရက်ကို တိုက်ရိုက်ပို့ပေးလိုက်ခြင်းဖြစ်သည်။


၎င်းက အစစ်အမှန်နှင့်တူပြီး သူမအရင်တစ်ခေါက်က ကစားခဲ့သည့် ဂိမ်းနှင့်ဆင်ကာ နောက်ထပ်ကမ္ဘာတစ်ခုကို ရောက်သွားသည်နှင့်တူသည်။ သို့သော် သူမ ဂိမ်းထဲတွင်တစ်လလုံးပိတ်မိခဲ့သည့် အကြောက်တရားကို မချေဖျက်နိုင်သေး၍ သူမ၏အသိစိတ်ကိုသုံး၍ ဝင်မကြည့်ဖူးပေ။ ထိုကိစ္စဖြစ်ပျက်ပြီးကတည်းက ထိုသို့နောက်တစ်ကြိမ်ဖြစ်လာမည်ကို ကြောက်နေမိသည်။


"ငါက အသိစိတ်ပလာဇာထဲ ဝင်တာရှားတယ်လေ..."


"ဒါဆို ကျွန်တော်လမ်းပြပေးမယ်လေ..."

ပိုင်ရိ သူ့ရင်ဘတ်သူ အားရပါးရပုတ်ပြလေသည်။

"စိတ်မပူပါနဲ့ သခင်မလေးရယ်... ကျွန်တော်က စက်ရုပ်တွေနဲ့ပတ်သတ်ရင် အတော်လေးအတွေ့အကြုံရှိပါတယ်... ကျွန်တော်က စကြဝဠာပြိုင်ပွဲကြီးရဲ့ ထိပ်ဆုံးတစ်ရာထဲတောင်ဝင်သေးတာ..."


သူ သူ၏ကွန်ပျူတာလက်ပတ်ကိုထိ၍ ဖွင့်လိုက်ပြီး သူမကိုပါတီဖိတ်ကြားလွှာတစ်ခုပို့လိုက်သည်။


ယောင်စစ် အနည်းငယ် တုံ့ဆိုင်းသွားသည်။ သို့သော် သူမတွင်လုပ်စရာမရှိသလို စက်ရုပ်များကိုထပ်မံဖျက်ဆီးရန်မလုပ်ချင်တော့၍ ထိုဖိတ်ကြားချက်ကို လက်ခံလိုက်သည်။ နောက်တစ်စက္ကန့်တွင် သူမ မရင်းနှီးသော ပတ်ဝန်းကျင်တစ်ခုကို ရောက်သွားသည်။


ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူမက လျှောက်လမ်းတစ်ခုတွင်ရှိနေပုံပေါ်ပြီး လမ်းအစား သူမခြေထောက်အောက်တွင် တောက်ပနေသော မြေကြီးသာရှိသည်။ ၎င်းက သူမပတ်ပတ်လည်တွင် တောက်ပနေလျက်ရှိသည်။ လမ်းတစ်လျောက်ကို ရင်းနှီးနေသော ကြော်ငြာများဖြင့် ဖုံးအုပ်မနေသော်လည်း ယောင်စစစ်နားမလည်သော ခလုတ်နှင့် ပုံသဏ္ဍာန်များစွာသာရှိနေသည်။ ဟိုဟိုသည်သည်သွားလာနေကြသော လူများစွာရှိနေပြီး အဆုံးအစမရှိသော လူပင်လယ်ကြီးဖြစ်နေသည်။


ယောင်စစ် လူအုပ်ကြီးကို စတင်လေ့လာလိုက်သည်။ လူတိုင်းက ကွဲပြားသော ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ကိုယ်ခန္ဓာများမတူညီကြသလို အသွင်အပြင်များလည်းမတူညီကြပဲ ၎င်းတို့မျက်နှာပေါ်ရှိ အကွက်အပျောက်များပင် မတူညီကြပေ။


နေစမ်းပါဦး... သူတို့မျက်နှာတွေကို ဘာလို့ ဖုံးထားကြတာလဲ...


သူမသေသေချာချာကြည့်လိုက်သောအခါ လူတစ်ယောက်တည်းသာ ထိုသို့ဖြစ်နေသည်မဟုတ်ကြောင်း သိလိုက်ရသည်။ သူမပတ်ပတ်လည်ရှိ ၈၀%သောလူများ၏ မျက်နှာများကို အကွက်အပျောက်များဖြင့် ဖုံးထားကြသည်။


အာ... ဒါ စကြဝဠာကွန်ရက်မှာ ရေပန်းစားနေတဲ့ မျက်နှာအသွင်အပြင်များလား...


"အမ်...သခင်မလေး ဘာလို့ အလိုအလျောက်ပုံစံနဲ့ရှိနေရသေးတာလဲ... မပြောင်းရသေးဘူးလား.."

ရင်းနှီးနေသော အသံတစ်ခုက မေးလာသည်။


ယောင်စစ် လှည့်ကြည့်လိုက်သောအခါ ခေါင်းအပြည့်ရွှေဝါရောင်ဆံပင်များနှင့် သမင်ဦးချိုတစ်စုံရှိသော ကောင်လေးတစ်ယောက်က သူမကိုအံ့အားတကြီးကြည့်နေကြောင်း တွေ့လိုက်သည်။ သူက အရောင်မျိုးစုံအဆက်မပြတ်ပြောင်းလဲနေပြီး သက်တံ့ဟုယူဆရသော အရောင်မျိုးစုံဖြင့် အဝတ်အစားများကို ဝတ်ထားသည်။


"နင်ဘယ်သူလဲ..."

နီယွန်မီးအိမ် ဝိဉာဉ်ကြီးလား...


"ကျွန်တော် ပိုင်ရိလေဗျာ..."

သူပြန်ပြောလိုက်သည်။ သူတစ်စုံတစ်ခုကို အမှတ်ရသွားဟန်ဖြင့် မျက်နှာပေါ်တွင် ဂုဏ်ယူမှုအပြည့်ဖြင့် သူဆံပင်ကို နောက်သို့သပ်ချလိုက်သည်။

"ဘယ်လိုလဲ သခင်မလေး... ကျွန်တော့်ရဲ့ ပုံရိပ်ယောင်ပုံစံလေးက မိုက်တယ်မလား... ကျွန်တော့်ရဲ့ဆံပင်ပုံစံ၊ အသားအရောင်နဲ့ အခြားအရာတွေအားလုံးက လူတွေရဲ့ အာရုံစိုက်မှုကို  အေးအေးဆေးဆေးရစေတဲ့ အကန့်အသတ်ထုတ်တွေလေ... ဘယ်လိုနေလဲ သဘောကျသွားတယ်မလား..."


"အာ...ဒါပေါ့..."

မျက်စိကန်းမတတ် တလက်လက်တွေနဲ့ဆိုတော့ ထိတ်လန့်သွားတယ်လို့ ပြောရင်ပိုမှန်လိမ့်မယ်... နင်ရဲ့ပွစိပွစိလုပ်တတ်တဲ့ အကျင့်အပြင် နင့်ရဲ့ အလှအပခံစားတတ်မှုကြီးက လုံးဝဆိုးဝနေမှန်း အခုမှပဲသိတော့တယ်...


"သခင်မလေး ပုံရိပ်ယောင်ပုံစံကို သခင်မလေးကြိုက်တဲ့ပုံကို ပြင်လို့ရတယ်လေ..."


ယောင်စစ် သူမကိုယ်သူမငုံ့ကြည့်လိုက်သောအခါ နှင်းကဲ့သို့ဖြူဖွေးနူးညံ့နေသည့် ဘောလုံးလေးကိုတွေ့လိုက်ရသည်။ ၎င်းတွင် အမွှေးပွပွခြေတိုလေးနှစ်ချောင်းပင် ရှိနေသည်။

ငါက ယုန်လား... လူတိုင်း ဒီလိုပုံကနေစတာလား...


သူမ အသွင်အပြင်ပြောင်းရန် တွေးမိလိုက်သည်။  ထင်ထားသည့်အတိုင်းပင် သူမ၏လက်ရှိ ယုန်ပုံစံနှင့်အတူ ပြောင်းလဲ၍ရသော ပုံပန်းသွင်ပြင်၊ မျိုးနွယ်စုအပါအဝင် အရာတိုင်းကို အတန်းလိုက်ဖော်ပြနေသော screenအကြီးကြီးတစ်ခု ပေါ်ထွက်လာသည်။ အထည်ဆိုင်ပင် ရွေးချယ်စရာရှိသေးသည်။


ဘာလဲဟ... ဒါက စကြဝဠာဗားရှင်း QQဖက်ရှင် စတိုးလား...


ယောင်စစ် တစ်ခုချင်း လိုက်ရွေးမနေတော့ဘဲ ကျပန်းဟူသော ကဏ္ဍကိုသာ နှိပ်လိုက်သည်။ ခဏအကြာတွင် ယုန်မှလူပုံသို့ ပြောင်းလဲသွားသည်။ ၎င်းက လူအုပ်ထဲပစ်ထည့်လိုက်လျှင်ပင် ချက်ချင်းပျောက်သွားနိုင်သော သာမန်အသွင်အပြင်သာဖြစ်သည်။ ယောင်စစ် စိတ်ကျေနပ်စွာလက်ခံလိုက်သည်။


အသွင်ပြောင်းလဲမှုအတွက် အတည်ပြုချက်က သူမရှေ့တွင်ပေါ်ထွက်လာသည်။

[စကြဝဠာကွန်ရက်အသုံးပြုသူ ၃၈၃၈၄၃၈... သင့်ရဲ့ ပုံသဏ္ဍာန်အသစ်ကို အောင်မြင်စွာ ပြောင်းလဲပြီးပါပြီ...]



ဒီ နံပါတ်အတန်းလိုက်ကြီးကဘာလဲဟ... ငါ ထပ်ပြီးအစော်ကားခံလိုက်ရတာလား...


(╯‵□′)╯︵┻━┻


"သခင်မလေး နာမည်ကပြောင်းလို့ရပါတယ်..."

ပိုင်ရိ သူမကိုပြောပြလိုက်သည်


ယောင်စစ် သူမနှုတ်ခမ်းများ တွန့်လိမ်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် ကိုယ်ရေးအချက်အလက်ကို ချက်ချင်းနှိပ်လိုက်ပြီး နာမည်ပြောင်းလိုက်သည်။


[သင့်ရဲ့ ဝက်ဘ်နာမည်ကို 'ဘိုးဘေးကြီး'လို့ ပြောင်းလိုက်ပါပြီ... ဘိုးဘေးကြီး အချိန်ကောင်းလေးပိုင်ဆိုင်ပါစေလို့ ဆုမွန်ကောင်းပို့သအပ်ပါတယ်....]


အမ်း... ပိုကောင်းသွားပြီ...


"သခင်မလေး သခင်မလေးရဲ့နာမည်ပြောင်က အရမ်းကို... လိုက်ဖက်တာပဲ..."

အရူးအမူးပရိတ်သတ် ပိုင်ရိက သူ့မျက်နှာတွင် ရိုးသားမှုအပြည့်နှင့်အတူ ချက်ချင်းချီးကျူးလိုက်သည်။ 


သူမ ခေါင်းမော့လိုက်ကာ သူ့ခေါင်းပေါ် လှမ်းကြည့်ပြီး ငြိမ်ကျသွားသည်။


"အင်း... နင့်ရဲ့နာမည်ပြောင်ကလည်း တကယ်လိုက်ဖက်ပါတယ်..."

ငေါ့တော့တော့ပြောရတာ တကယ်ကောင်းပါတယ်...

"အိုး ဟုတ်သား နင်ပြောတဲ့ စက်ရုပ်အသိစိတ်လေ့ကျင့်ရေးကွင်းဆိုတာ ဘယ်မှာလဲ...'

သူမတို့လာရသည့် အကြောင်းအရင်းကို သတိတရမေးလိုက်သည်။


"အဲ့တာက သံချပ်ကာကွင်းမှာလေ...'

ပိုင်ရိ သူမကို လမ်းညွှန်မြှားများစွာရှိသောနေရာကို ခေါ်သွားကာ ထိပ်တွင်ဓားနှစ်ချောင်းပါသည့် လိုဂိုရှိသောဟာကို နှိပ်လိုက်သည်။


ဝီကနဲမြည်သံဖြင့် အလင်းတန်းများထွက်ပေါ်လာကာ မူလက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်က အသံများဆူညံလာသည်။


လမ်းမကြီး ပျောက်ကွယ်သွားပြီး ရှေးဟောင်း ဧရိယာတစ်ခုကို ရောက်သွားခဲ့သည်။ ဤနေရာတွင် ပိုများသော လူအုပ်ကြီးရှိကာ လူတိုင်းက စိတ်လှုပ်ရှားနေသော အမူအယာများဖြင့် တိုက်ပွဲကို အော်ဟစ် အားပေးနေကြသည်။


ယောင်စစ် အလယ်ကိုကြည့်လိုက်သောအခါ တောက်ပနေသည့် screen ကြီးတစ်ခုက သူမအာရုံကို ဖမ်းစားသွားသည်။ screen ပေါ်တွင် တစ်ယောက်ချင်းတိုက်ပွဲများစွာက နေရာယူထားပြီး ငါးယောက်တစ်အုပ်စုတိုက်နေ‌သော တိုက်ပွဲများလည်းရှိသည်။


ပိုင်ရိ စတင်မိတ်ဆက်ပေးတော့သည်။ အသိစိတ်လေ့ကျင့်ခြင်းဆိုသည်မှာ အမှန်တကယ်တွင် ပါဝင်ဆင်နွှဲသူများကို တိုက်ပွဲအတွေ့အကြုံရရှိစေရန် ပြိုင်ဆိုင်ရသည့် virtualစက်ရုပ်ပြိုင်ပွဲသာဖြစ်သည်။ ၎င်းတွင် ကျွမ်းကျင်အဆင့်၊ အလယ်အလတ်အဆင့်နှင့် အစပျိုးအဆင့်ဟူ၍ အဆင့်သုံးဆင့်ခွဲခြားထားသည်။ နှစ်တိုင်း စကြဝဠာထဲတွင် ထိပ်ဆုံးဆယ်ယောက်ကို လူအများကိုဆွဲဆောင်နိုင်သည့် ဆုများပေးသော ပြိုင်ပွဲကို ကျင်းပလေသည်။ ထိပ်ဆုံးအယောက်တစ်ရာဆိုသည်မှာ စက်ရုပ်ထိန်းချုပ်မှုတွင် ကျွမ်းကျင်သူများဖြစ်ကြသည်။


"ချန်ပီယံက အသူရာတိုက်ပွဲနတ်ဘုရားပဲဖြစ်လောက်တယ်... သူက ငါးထပ်ကွမ်းချန်ပီယံလေ...."

ပိုင်ရိ screenကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ 

"ကျွန်တော်ကြားတာတော့ သူက ခန္ဓာကိုယ်အင်အား SSSရှိတဲ့ မဟာမိတ်စစ်တပ်ကလူတစ်ယောက်တဲ့... ဒီတော့ သူချန်ပီယံဘွဲ့ကို ထပ်ထိမ်းထားနိုင်တာ အံ့ဩစရာတော့မဟုတ်ပါဘူးလေ..."


ယောင်စစ် ခေါင်းငြိမ့်ပြလိုက်သည်။ အကယ်၍ ထိုလူသာ လက်တွေ့ဘဝတွင် ကျွမ်းကျင်သော ယာဉ်မောင်းတစ်ဦးဖြစ်ပါက ဂိမ်းနှင့်တူသော လေ့ကျင့်ရေးမျိုးတွင် အနိုင်ရရန် ခက်ခဲမြည်မဟုတ်ပေ။


"အဲ့တစ်ယောက်ကတော့ ကျွန်တော်အလေးစားဆုံးလူပဲ... "

ပိုင်ရိ တတိယနေရာရှိ အနက်ရောင် စက်ရုပ်ကို လက်ညှိုးထိုးပြလိုက်သည်။

"မဟူရာလျှပ်စီး... သူက ဒီနှစ်ရဲ့မြင်းနက်ပဲ... သူက သူ့ရဲ့ ကိုယ်ရောအချက်အလက်ကို လျှို့ဝှက်ထားလို့ သူဘယ်သူလဲဆို တာဘယ်သူမသိဘူး... ကျွန်တော်ကြားတာတော့ သူ့ရဲ့ပြိုင်ပွဲက ဒသမအဆင့်ရှိတဲ့တစ်ယောက်နဲ့ ပြိုင်ရတာတဲ့... သူလည်းနိုင်သွားရော ချက်ချင်းကြီး နာမည်ကြီးလာတော့တာပဲ... သူ ဒသမနေရာကနေ တတိယနေရာအထိကို အချိန်တိုအတွင်း တက်သွားနိုင်တာပဲ..."


"သူကအဲ့လောက်တော်တာလား..."

ယောင်စစ် မေးလိုက်သည်။


"သေချာတာပေါ့,.."

စိတ်လှုပ်ရှားနေသောလူငယ်လေးက အဆက်မပြတ်ခေါင်းငြိမ့်ပြလိုက်သည်။

"သူ့ရဲ့ နိုင်ပွဲနှုန်းက ၁၀၀%ပဲ.. အဲ့တာက ပထမနေရာမှာရှိတဲ့ အသူရာရဲ့ ၉၅%ထက်တောင် မြင့်သေးတယ်... သူက ထိပ်ဆုံးအဆင့်ထဲကို နှိုင်ပွဲနှုန်း ၁၀၀%အပြည့်နဲ့ တက်လာတဲ့ ပထမဆုံးလူဖြစ်သလို အသူရာကိုနိုင်ပြီး ရှုံးပွဲမရှိတဲ့ ချန်ပီယံဖြစ်လာမှာလေ..."


သူက ချန်ပီယံအဖြစ် လျာထားခံရတဲ့သူပဲ... ဒါအတော်လေး လေးစားစရာကောင်းတယ်...


ယောင်စစ် အနက်ရောင်စက်ရုပ်ကို သေချာလေ့လာလိုက်သော်လည်း ပတ်ဝန်းကျင်က အလွန်မှောင်နေ၍ သူ၏ အသွင်အပြင်ကို သေချာမကြည့်နိုင်ပေ။ သူမမြင်နိုင်သည်အရာမှာ တောက်ပနေသော တြိဂံငယ်လေးနှင့်အတူ အနက်ရောင်အရှုပ်အထွေးတစ်ခုသာဖြစ်သည်။


"အဲ့တာဘာကြီးလဲ..."

ယောင်စစ် လက်ညှိုးဖြင့်ထိလိုက်ပြီး မေးလိုက်သည်။


ပိုင်ရိ ဖြူဖျော့သွားကာ ချက်ချင်းအော်လိုက်သည်။

"သခင်မလေး အဲ့တာကို ထိလို့မရဘူး..."

သို့သော် အလွန်နောက်ကျသွားပြီဖြစ်သည်။ အဖြူရောင်အလင်းများက ယောင်စစ်မြင်ကွင်းကို အုပ်သွားပြီး နောက်တစ်စက္ကန့်တွင် သူမကို ကွင်းထဲသို့ ပို့ပေးလိုက်သည်။


သူမရှေ့တွင်ရှိသည်မှာ လွန်ခဲ့သည့်စက္ကန့်ပိုင်းက သူမသေချာကြည့်နေသော အနက်ရောင်စက်ရုပ်ဖြစ်သည်။ 


[မဟူရာလျှပ်စီးက သင့်ရဲ့စိန်ခေါ်မှုကို လက်ခံလိုက်ပါပြီ..]


ချီးပဲဟေ့....