Chapter 92
(ရွာသူကြီးက ထူးဆန်းနေတယ်...)
သူသည် စုမုန့် ၏ အရည်အချင်းကို သိသဖြင့် သူမအား ယုံကြည်သည်။
ဝေ့ထင် က သဘောတူသောအခါ၊ စုမုန့် စိတ်ထဲတွင် အဖြေတစ်ခုကို အမြန်စဉ်းစားမိတော့သည်။သူမ လမ်းကိုကြည့်ရန်ပင် မေ့သွားကာ ဝေ့ထင်ကပဲ ရှေ့မှဦးဆောင်သွားခဲ့သည်။
သူတို့နှစ်ယောက် ရွာကို လှည့်ပတ်သွားကြပြီး မကြာမီ ရွာအဝင်ဝကို ရောက်လာသည်။ ဝေ့ထင်က သူ့လက်အောက်ငယ်သားတွေကို ခဏလောက် အေးအေးဆေးဆေး စောင့်ခိုင်းထားဖို့ ကြိုတင်အကြောင်းကြားထားပြီးသားပင်။တစ်ချိန်တည်းမှာပဲ ရမ်ချီ၏ပစ္စည်းများကို ပြန်ယူဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်၏။
စုမုန့်သည် ရွာကို တစ်ခေါက်ရောက်ဖူးပြီး ရွာသူကြီးကိုယ်တိုင် အရေးပေးထားသူဖြစ်၍ ရွာသားတွေက သူမကို ပထမတစ်ခေါက် ရောက်လာတုန်းကထက် ပိုရင်းနှီးစွာ ဆက်ဆံကြ၏။
"ဆရာမ ဘာလာလုပ်တာလဲ…ရွာသူကြီးက လာခိုင်းတာလား"
“မဟုတ်ဘူး...အရင်တစ်ခါက ရွာသူကြီးကိုပြောဖို့ မေ့သွားတာကို သတိရမိလို့ သူ့ကို လာတွေ့တာ”
စုမုန့် ပြုံးပြီး ပြန်ဖြေသည်။
ရွာသားက နားလည်မှုရှိစွာ သူမကို ကြည့်ပြီး ဝေ့ထင်ကို ကြည့်လိုက်လျှင်...
“ဆရာမ သူက မင်းရဲ့ခင်ပွန်းလား... သူက အရမ်းချောတယ်နော်...မင်းတို့ နှစ်ယောက်က အရမ်းလိုက်တာပဲ… ချစ်ခြင်းမေတ္တာတွေ ရေရှည်တည်တံ့ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်”
စုမုန့် ဆွံ့အသွားရ၏။ရွာသားပုံစံက စိတ်အားထက်သန်လွန်းနေ၍ သူမလည်း ဘာပြောရမှန်းပင်မသိတော့ေပ။အပြစ်တင်၍လည်းမဖြစ်ပေ။သူမ တစ်ခုခုပြောဖို့ ပြင်နေခိုက်မှာ ဝေ့ထင်က ရွာသားကို ယဉ်ကျေးစွာဖြင့်
“ကျေးဇူးတင်ပါတယ် ဦးလေး...ဦးလေး အလုပ်များနေမှာပေါ့...ကျွန်တော်တို့ သွားလိုက်ပါဦးမယ်"
“သွားပါ၊ ဆက်သွားပါ”
စုမုန့် က ဝေ့ထင် ကို အံ့သြစွာ ကြည့်လိုက်သည်။သူ ရူးများနေလားပင်မသိပေ။ပိုင်စိုးပိုင်နင်းနိုင်လှချေ၏။သူ့ကို အင်းစာရွက်နှင့်ကပ်ဖို့ တစ်ချက်တွေးမိသော်လည်း အမြန်ပင် အတွေးပြောင်းလိုက်၏။
တောင်ပေါ်ကနေ လမ်းလျှောက်လာရင်း ညနေစောင်းနေပြီဖြစ်သည်။မကြာခင် နေဝင်လာနိုင်၏။နောက်ဆုံးတွင် ရွာသူကြီးအိမ်သို့ ရောက်ရှိလာသည်။ ဤတစ်ကြိမ်တွင် ရွာသူကြီး၏ ခြံတံခါးသည် ဖွင့်ထားသည်။ ရွာသူကြီးသည် ခြံဝင်းအတွင်းရှိ လက်တင်ကုလားထိုင်ပေါ်တွင်ထိုင်ကာ နေပူစာလှုံနေသည်။ စုမုန့် ကိုတွေ့လျှင် သူက အတုအယောင် အပြုံးနှင့် နှုတ်ဆက်ပြီး
"ဆရာမ ဘာလာလုပ်တာလဲ"
စုမုန့်သည် အိတ်ကပ်ထဲမှ အင်းစာရွက်ကို ထုတ်ကာ ရွာသူကြီးထံ ပေးလိုက်သည်။
"ရှင့်ရဲ့ကံကြမ္မာက ပိုဆိုးလာပြီး ရှင့်ရဲ့သားစဉ်မြေးဆက်တွေရဲ့ကံက ပိုကောင်းလာမယ်လို့ ရှင့်ရဲ့ ဖုန်းရွှေကို ပြောင်းလဲဖို့ ကူညီပေးခဲ့တဲ့ အချိန်တုန်းက ကျွန်မ ပြောဖူးတယ်မဟုတ်လား...ရှင် ကံမဆိုးအောင်လို့ ကျွန်မက အင်းစာရွက်လုပ်လာပေးတာပါ"
ဤသည်မှာ ယခုအချိန်တွင် ရွာသူကြီး လိုအပ်နေသည့်အရာဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် မကောင်းသည့်အဖြစ်များ မကြာခဏ ဖြစ်ပွားခဲ့သည်။ကျောက်တုံးပေါ်မှ ခြေချော်လဲတာမျိုး၊ဟင်းရည်ထည့်ထားသည့် ပန်းကန်က ရုတ်တရက်ကွဲအက်ပြီး ဟင်းရည်တွေ ဖိတ်စင်သွားခြင်း၊စသည်ဖြင့် တခြားအရာတွေလည်း ဖြစ်ပျက်ခဲ့သည်။ထို့ကြောင့် စုမုန့်၏ အကြံကို သဘောတူလိုက်သည့်အတွက် စိတ်မကောင်းဖြစ်မိသည်။ ဒီလောက် ဆိုးတာတွေ အများကြီး ဖြတ်ကျော်ရမယ်လို့ သူ မထင်ခဲ့မိဘူး....
ထိုမျှတင်မကသေး၊အရေးကြီးဆုံးက သူသိမ်းထားသော ပိုက်ဆံများ ကြွက်ကိုက်ခံရခြင်းပင်။တခြားကံဆိုးမှုများကို သူခံနိုင်ရည်ရှိသော်လည်း ငွေနှင့်ပတ်သက်သည့် မည်သည့်အရာကိုမှ သည်းမခံနိုင်ေပ။
ရွာသူကြီး စိတ်ပါလက်ပါ ပြုံးလိုက်ကာ မတ်တပ်ထရပ်ပြီး စုမုန့်တို့အား ဝင်ထိုင်ဖို့ ဖိတ်ခေါ်သည်။တစ်ချိန်တည်းမှာပင် သူက စုမုန့် ပေးသော အင်းစာရွက်ကို ယူခဲ့သည်။စုမုန့်က ဘာမှမဖြစ်သလို ဟန်ဆောင်ကာ သော့များကို ထုတ်ယူလိုက်၍ ရွာသူကြီးဆီ ကမ်းရင်း
“ကျွန်မ ရွာဝင်ပေါက်မှာ ဒီသော့တွဲကို ကောက်ရခဲ့တာ...ရှင်က ရွာသူကြီးဆိုတော့ ဘယ်သူ ပျောက်တာလဲဆိုတာ မေးကြည့်ပြီး အဲဒီလူကို မြန်မြန်ပြန်ပေးပါ...စိတ်ပူနေမယ်"
ရွာသူကြီးသည် သော့များကို မြင်လိုက်ရပြီး သူ့မျက်နှာမှာ တခဏမျှ တင်းတင်းမာမာ ဖြစ်နေသော်လည်း ဘာမှမဖြစ်သကဲ့သို့ ချက်ချင်းပင် ပြန်ကောင်းလာသည်။သူက အေးအေးဆေးဆေးပြောသည်။
“ကောင်းပြီလေ...ငါ အခု သွားမေးမယ်"
ထိုသို့ပြောပြီးနောက် သော့ကိုယူလိုက်သော်လည်း ယူခါနီးတွင် စုမုန့် လက်က ပြန်ဆုတ်သွားခဲ့သည်။
“ရွာသူကြီး ဒါကို တွေ့တဲ့သူက ကျွန်မလေ... ပိုင်ရှင်ရှာတွေ့ပြီးရင် သူ့ကို ကျေးဇူးတင်ကြောင်း ပြောခွင့်ပေးသင့်တယ်မလား...ကျွန်မ ရှင်နဲ့အတူ လိုက်လို့ရမလား"
"စိတ်မပူပါနဲ့ ဆရာမ ပိုင်ရှင်ရှာတွေ့ပြီးရင် မင်းကို လာကျေးဇူးတင်ခိုင်းလိုက်ပါ့မယ်...ဒါကို မင်း စိတ်ပူနေဖို့ မလိုပါဘူး...ဒီမှာခဏစောင့်ပါ... ငါ သူ့ကို သွားမေးမယ်...မကြာခင် ပြန်လာခဲ့မယ်"
ရွာသူကြီးက ဖုံးကွယ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေသော်လည်း… သူ့လှုပ်ရှားမှုများက ထိတ်လန့်တကြား ဖြစ်နေဟန်ပင်။ယခုတစ်ခါတော့ စုမုန့် ထပ်ပြီး မငြင်းဆန်ခဲ့ပါဘဲ သော့တွေကို ပေးလိုက်သည်။ထို့နောက် ရွာသူကြီးသည် သော့ကိုယူကာ အလျင်အမြန် ထွက်သွားလေသည်။ဝေ့ထင် သည် ရွာသူကြီး ပျောက်ကွယ်သွားသည်အထိ သူ့ကို စိုက်ကြည့်နေခဲ့သည်။
"ဘယ်လိုလဲ…တစ်ခုခုတွေ့လား"
စုမုန့် က သူ့ကို မေးသည်။
ဝေ့ထင်က "သူ့ရဲ့ လုပ်ရပ်က နည်းနည်းတော့ ကြောက်စရာကောင်းတယ်... နောက်ပိုင်းမှာ ပိုပြီးထင်ရှားလာမှာပါ"
စုမုန့် ခေါင်းညိတ်လိုက်သည်။
"ကျွန်မ ထင်တာမမှားရင် အိမ်ပိုင်ရှင်က ရွာသူကြီးနဲ့ ပြန်လာမှာ သေချာတယ်....သူက တစ်ကယ်သတ္တိရှိရင် တို့ကို သတ်ပစ်နိုင်တယ်...သတ္တိမရှိရင် လိုက်လာမှာမဟုတ်ဘူး”
စုမုန့် နှင့် ဝေ့ထင် တို့သည် ရွာသူကြီးအိမ်တွင်ထိုင်စောင့်နေကြသည်။များမကြာမီ ရွာသူကြီး လူတစ်ဦးကို ခေါ်လာလေသည်။
(အရူးတစ်ယောက် )
ရွာသူကြီးနှင့်အတူ လိုက်ပါလာသူမှာ အသက်လေးဆယ်ကျော်ခန့် ရှိပုံရသည်။သူသည် စုတ်ပြဲနေသော အဝတ်အစားများ ၀တ်ထားပြီး သူ့တစ်ကိုယ်လုံး ညစ်ပတ်နေသည်။ သူ့ဆံပင်ကလည်း ငှက်သိုက်လို စုတ်ဖွာနေကာ သူတောင်းစားနှင့်တူနေ၏။
ရွာသူကြီးက ထိုလူကို စုမုန့်ဆီ ခေါ်သွားပြီး
“ဆရာမ ဒါက သော့ပိုင်ရှင်ပါ...သူ့နာမည်က မုန့်ချင်းပါ… ဒါပေမယ့် သူက သိပ်မူမမှန်တော့ သည်းခံပေးကြပါ”
ထိုသို့ပြောပြီးနောက် မုန့်ချင်းအား စုမုန့်ထံ ဆွဲခေါ်ကာ
"မင်းသော့ကို ကောက်လာပေးတာ သူမပဲ...သူမကို ကျေးဇူးတင်ကြောင်း မြန်မြန်ပြောလိုက်"
မုန့်ချင်းသည် စုမုန့် ရှေ့လျှောက်သွားပြီး အပြုံးဖြင့် သူမကို စိုက်ကြည့်နေသည်။ သူမကို အကြာကြီးကြည့်ပြီးနောက် သူက
“လှတယ်...အရမ်းလှတယ်…မင်းကိုငါ့မိန်းမ ဖြစ်စေချင်တယ်"
ဘေးမှာရပ်နေသည့် ဝေ့ထင်က သူ့ကို စူးစူးရဲရဲကြည့်လိုက်ရာ သူ့အရောင်အဝါကလည်း ချက်ချင်း အေးစက်သွား၏။မုန့်ချင်း စိတ်မနှံ့သော်လည်း အန္တရာယ်ကို ချက်ချင်း ခံစားလိုက်ရသည်။ထို့ကြောင့် ဝေ့ထင်ပြောမည့်စကားကို မစောင့်ဘဲ ရွာသူကြီးနောက်သို့ပုန်းနေလိုက်သည်။
ရွာသူကြီးကလည်း စုမုန့်ကို တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ် ဆရာမ...စိတ်ထဲမထားပါနဲ့...သူ့ဦးနှောက်က ချို့ယွင်းနေတာဆိုတော့လေ...သူ့အသက်ကသာ အရမ်းကြီးနေတာ..အိမ်ထောင်မကျသေးလို့ မိန်းမလှလေးတွေ မြင်ရင် လျှောက်ပြောတတ်တယ်... ဒါပေမယ့် သူက မကောင်းတဲ့လူ မဟုတ်ပါဘူး”
"ရပါတယ်”
မုန့်ချင်း၏မျက်နှာကို ကြည့်လိုက်သည်။ရွာသူကြီးပြောတာမှန်သည်။ထိုလူက တစ်ကယ့်ကို စိတ်မကောင်းသူပင်။သို့သော် သူ့ကံကြမ္မာအရ မွေးကတည်းက ချို့ယွင်းနေခြင်းမဟုတ်။တစ်ခုခုဖြစ်ပြီးနောက်မှ ယခုလိုဖြစ်သွားခြင်းပင်။ထိုလူ၏ ကံကြမ္မာက ရှင်းနေသေးသဖြင့် မကောင်းတာမှန်သမျှ လုပ်ဖူးသူမဟုတ်ပေ။
အကယ်၍ အခင်းဖြစ်ပွားရာနေရာ၌ တွေ့ရှိသောသော့များသည် သူ၏ သော့များဖြစ်ပြီး ရမ်ချီသည် သူ့ထံမှ လုယူသွားကြောင်း မှန်ပါက၊ ထိုသူသည် ဘယ်သူ့ကိုမှ မသတ်ခဲ့ဟု ဆိုလိုခြင်းဖြစ်သည်။တစ်နည်းဆိုရသော် ရမ်ချီ လုံခြုံနေသေးသည်။
စုမုန့်နှင့်ဝေ့ထင် သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ နှစ်ယောက်သား အတွေးကို ချက်ချင်း နားလည်သွားကြသည်။
စုမုန့်က ပြုံးပြီး
“ဒါက မပြောပလောက်ပါဘူး…ပိုင်ရှင်ကိုတွေ့ပြီဆိုတော့ ပြန်လွှတ်လိုက်ပါတော့....ကျွန်မတို့လည်း အခု ထွက်သွားတော့မယ်”
"ဒါပေမယ့် ရှင့်ကိုမေးချင်တာတစ်ခုရှိတယ်...ကျွန်မတို့က လူကုန်ကူးသမားနောက်ကို လိုက်နေတာ...သူက ဒီရွာကို ရောက်နေမယ်ထင်တယ်…တောင်နားလေးမှာ သူ့ကို ခြေရာခံလိုက်နေတုန်း သူ ပျောက်သွားတယ်... သူဘယ်မှာ ပုန်းနေလဲ မသိဘူး”
"ဒီရွာကို ရှင့်ထက် ပိုသိတဲ့သူ မရှိဘူးထင်တယ်၊ ဒါကြောင့် ဒီလူကုန်ကူးသမား ဘယ်မှာ ပုန်းနေလဲဆိုတာ သိနိုင်မလား"
စုမုန့် ရွာသူကြီးအား မမှိတ်မသုန် စိုက်ကြည့်နေသည်။
'လူကုန်ကူးသမား' ဆိုသည့် စကားကို ရွာသူကြီး ကြားလိုက်သည့်အခါ သူ့မျက်နှာက ပျက်သွားသော်လည်း ခဏချင်း ပြန်ကောင်းသွား၏။
“ဆရာမ... အဲဒီလူက ငါတို့ရွာထဲ ဝင်လာတာကို တွေ့လား”
ရွာသူကြီးက သေသေချာချာ မေး၏။
စုမုန့် ဝမ်းနည်းစွာ ခေါင်းခါလိုက်ရင်း
“ဟင့်အင်း... သူ တောင်ပေါ်ရောက်နေတာကို မြင်တယ်၊ ဒါပေမယ့် တောင်တက်လမ်းက လျှောက်ရခက်နေတော့ သူ့ကို မျက်ခြေပြတ်သွားတယ်... အဲဒါကြောင့် ရှင့်ကို လာမေးရတာပါ…ဒါနဲ့ပဲ လမ်းမှာ သော့တွဲကို ကောက်ရခဲ့တယ်"
ရွာသူကြီးက သက်ပြင်းချလိုက်ပြီး
“ဆရာမ ငါတို့ရွာက တောင်တွေ ဝိုင်းနေတာပါ...လူတစ်ယောက်က ဒီကိုလာရင်တောင်မှ တို့ရွာကို လာမှာမဟုတ်ဘူး... တောင်တွေက တက်ရခက်တယ်လေ"
“အဲဒါဆိုရင် ကျွန်မကိုယ်တိုင် သွားရှာမယ်..ကံကောင်းရင် သူတို့ကို ရှာတွေ့နိုင်တယ်...ပုံမှန်ဆို လူကုန်ကူးသမားတွေမှာ ကြံရာပါတွေရှိတယ်... ကြံရာပါတွေအပြင် ဝယ်သမားလည်း ရှိတယ်"
စုမုန့်က ပြောပြီးနောက် ဝေ့ထင်ကို ဆွဲပြီး လှည့်ထွက်သွားသည်။ စုမုန့် ထွက်သွားတော့မည်ကိုမြင်တော့ ရွာသူကြီးက ချက်ချင်း တားထားလိုက်သည်။
"ဆရာမရယ်...အခုက မှောင်လာပြီ… တောင်တက်လမ်းက လျှောက်ရတာ မလွယ်ဘူး… ကြည့်စမ်း၊ အရမ်းနောက်ကျနေပြီ…ဆရာမ ဒီမှာနေချင်လား... ဒီနေရာက အရမ်းတောဆန်ပြီး မြို့ကြီးတွေလို ထည်ထည်ဝါဝါမရှိဘူး...ဒါပေမယ့် ငါတို့အိမ်က သန့်ရှင်းပါတယ်...ဒေသထွက်အစားအစာတွေကလည်း စားလို့ကောင်းပါတယ်...မင်းဒီမှာ တစ်ညလုံး ဘာလို့မနေတာလဲ… မနက်ဖြန်မနက်မိုးလင်းရင် ကူရှာပေးဖို့ လူတစ်ယောက်ထည့်ပေးပါမယ်... "
“ကျေးဇူးပြုပြီး မငြင်းပါနဲ့… မင်းက ငါတို့ကို အရမ်းကူညီခဲ့တယ်...ဘာပဲဖြစ်ဖြစ် ငါတို့ မင်းကိုကျေးဇူးတင်သင့်တယ်…ငါတို့ သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး ရှာတွေ့နိုင်မယ်ထင်တယ်"
ရွာသူကြီး၏ သဘောထားမှာ ရိုးသားပုံပေါက်သည်။ စုမုန့်ကို တစ်ကယ်ကျေးဇူးတင်ပြီး ကူညီချင်ပုံရ၏။
ဝေ့ထင်သည် စုမုန့်ကိုကြည့်ကာ ခေါင်းညိတ်သည်။ထိုမှသာ စုမုန့် က သဘောတူလိုက်သည်။
"ကောင်းပြီ...ဒါဆိုလည်း နေလိုက်ပါဦးမယ်"
"ငါတို့က တစ်ယောက်နဲ့တစ်ယောက် သိပြီးသားတွေလေ…အချင်းချင်းကူညီမှ သူငယ်ချင်းပီသတော့မှာပေါ့…"
ရွာသူကြီးသည် စုမုန့် နှင့်ပိုရင်းနှီးလိုဟန်များ ပြလျက်ရှိ၏။
"မင်းဒီမှာရှိနေတာကို တခြား ဘယ်သူတွေ သိသေးလဲ " သူက ခဏရပ်ပြီး “လူကုန်ကူးသမားတွေက မင်းတို့လာတာကိုရိပ်မိပြီး ထွက်ပြေးသွားမှာစိုးလို့ပါ"
(နေထိုင်ရန် ပြင်ဆင်ထားခြင်း)
စုမုန့် သူ့ကိုပြုံးပြီးနောက် ခေါင်းယမ်းကာ
“ကျွန်မတို့ ဒီကိုလာတယ်ဆိုတာ ဘယ်သူမှ မသိပါဘူး…လူကုန်ကူးသမား တွေကို မိရင် ဆုရတယ်မလား...သူများတွေကို ပြောပြရင် ဆုကြေး ခွဲပေးရလိမ့်မယ်လေ”
ထိုကဲ့သို့ ရယ်စရာကောင်းသော အကြောင်းပြချက်ကို သူမ လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ဝေ့ထင်သည် သူမကို ကူကယ်ရာမဲ့ ကြည့်လိုက်သည်။သူ အံ့အားသင့်ဆုံးအရာက ရွာသူကြီးက တစ်ကယ်ယုံကြည်သွားခြင်းပင်။
“ဆရာမပြောတာလည်း မှန်ပါတယ်”
ထို့နောက် သူက ဝေ့ထင်ကိုကြည့်ကာ
“ဒါက ဆရာမရဲ့ခင်ပွန်း ဟုတ်လား... ပြီးရင် မင်းတို့နှစ်ယောက်အတွက် အခန်းစီစဉ်ပေးမယ်"
ဝေ့ထင်၏တုံ့ပြန်မှုက သူတို့နှစ်ယောက် မှာ လင်မယားတွေဖြစ်ကြောင်း အတည်ပြုပေးလိုက်ခြင်းပင်။
“ကျွန်မတို့က…”
“ဒါဆို ကျေးဇူးတင်ပါတယ် ရွာသူကြီး...အခန်းတစ်ခန်းပဲလိုပါတယ်.."
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ဝေ့ထင်သည် နောက်ဆုံးတွင် သူမ စကားကို ကြားဖြတ်ပြောလိုက်သည်။ ရွာသူကြီးကလည်း သဘောတူပြီးနောက် မုန့်ချင်းကို အပြင်ထွက်စေကာ အခန်းပြင်ဆင်ရန် ထွက်သွားလေသည်။စုမုန့် စကားကိုပင် သူ ဆုံးအောင်နားမထောင်တော့ေပ။
စုမုန့်: “…”
တစ်ကယ်တမ်းတွင်၊ရွာသူကြီးသည် လူကဲခတ်တတ်သူပင်။ဝေ့ထင်သည် ထူးထူးခြားခြား အဆင့်အတန်းရှိပုံရမှန်း သူ သိသောကြောင့် သူမ၏ ထင်မြင်ချက်ကို နားမထောင်ခြင်းသာ။သူမလည်း ရမ်ချီကို အမြန်ရှာနိုင်ရန် ဘာကိုမှတွေးမနေတော့ေပ။တစ်ခန်းထဲ နေရမည်ဆိုလည်း နေလိုက်ရုံပင်။ထို့အပြင် ယနေ့ညမှာ ငြိမ်းချမ်းစွာ အနားယူနိုင်မည် မဟုတ်ပေ။တစ်ခုခုဖြစ်ကောင်းဖြစ်နိုင်မည်။
ထို့နောက် စုမုန့် နှင့် ဝေ့ထင်တို့သည် ရွာသူကြီး၏ဧည့်ခန်းတွင်ထိုင်ကာ လက်ဖက်ရည်သောက်ကြသည်။ အချိန်အတော်ကြာအောင် စောင့်ပြီးနောက် ရွာသူကြီးသည် အမောတကော ပြန်ရောက်လာသည်။ထို့နောက် သူသည် ပန်းကန်များနှင့် ဝိုင်များကို စားပွဲအပြည့်ပြင်ဆင်ပြီး သူမတို့ကို ထမင်းစားရန် ဖိတ်ခေါ်သည်။
"ကျေးဇူးတင်ပါတယ် ရွာသူကြီး၊ ဒါပေမယ့် ဒီလောက်ကြီး လုပ်စရာ မလိုပါဘူး...ကျွန်မတို့က သိပ်လည်းစားနိုင်တာမဟုတ်ဘူး..."
စုမုန့် ရွာသူကြီးအား ကျေးဇူးတင်စကား ပြောပြီးနောက် ဝေ့ထင်အား စားပွဲတွင် ထိုင်ခိုင်းကာ ထမင်းစားရန် အသင့်ပြင်လိုက်၏။အစားအသောက် မြင်လိုက်ရ၍ စိတ်လည်းသက်သာရာရသွား၏။ ဝေ့ထင်က နံဘေးတွင်ထိုင်နေချိန်၌ သူမ ရွာသူကြီးနှင့် စကားစမြည်ပြောလျက်ရှိသည်။
“အစားအသောက်က ပြဿနာမရှိပါဘူး...အကြီးဆုံးသခင်လေး မစားရင် တစ်ညလုံး ဗိုက်ဆာနေလိမ့်မယ်"
သူမ ဝေ့ထင် အနားကိုတိုး၍ သူ့ကို သတိပေးလိုက်၏။ထိုအခါ သူမ၏ အသက်ရှူသံသည် ဝေ့ထင် နားထဲသို့ မှုတ်ထုတ်လိုက်ရာ သူ့နှလုံးသားကို အနည်းငယ် လှုပ်ရှားသွားစေသည်။သူ စုမုန့်ကို ကြည့်ပြီး စကားမပြောဖြစ်ပေ။
ဝေ့ထင်မှာ လူချမ်းသာသခင်လေးဖြစ်၍ အကောင်းစားများကိုသာ စားသုံးလေ့ရှိကြောင်း သူမသိသည်။ဤတောင်ခြေရွာလေး၏ အစားအသောက်ကို သူစိတ်မကျေနပ်မှာ သေချာ၏။ထို့အပြင် အစားအသောက်က အလွန်အမင်း မသန့်ရှင်းပေ။ထို့ကြောင့် ဝေ့ထင် စိတ်ထဲ ဖြစ်နေမည့်အတွေးကို နားလည်သည်။ သို့သော် သူမသည် သာမန်လူတစ်ယောက်မျှသာဖြစ်သည်။ ဆရာဖြစ်သူက သူမကို အစားအစာများ မဖြုန်းတီးဖို့ မကြာခဏ သင်ပေးသည်။ထို့ကြောင့် အရသာမရှိလျှင်လည်း သန့်ရှင်းပြီး စားသုံးနိုင်သရွေ့ ဘာမဆို စားတတ်သည်။
“ရွာသူကြီးကို တစ်ခုမေးပါရစေ...ကျွန်မတို့ကလွဲရင် ရွာကို လာလည်တဲ့သူရှိသေးလား…"
ရွာသူကြီးက ဝေ့ထင်၏ လက်အောက်ငယ်သားများ ရောက်လာမှန်းသိပြီး သူမ ဘာဆက်လုပ်မည် ဆိုသည်ကို သိနေမလားဟု သူမ စိတ်ထဲသံသယရှိမိ၏။
ရွာသူကြီး ခဏ စဉ်းစား၍ ခေါင်းညိတ်ပြီး
“ဟုတ်တယ်...ရှိတယ်၊ ငါတို့ရွာရဲ့ ဖုန်းရွှေက ကောင်းလွန်းတယ်လေ... သာမန်အပြင်လူကတော့ လာခဲပေမယ့် ဖုန်းရွှေပညာရှင်တွေ၊ဘုန်းကြီးတွေကတော့ ဒီနေရာကို ဖြတ်သွားကြတယ်...သူတို့ဖြတ်သွားရင် ငါတို့ကို အစားအသောက်တောင်းတယ်...မနေ့ကလည်း ဖုန်းရွှေပညာရှင်တစ်ယောက် လာတယ်၊ ဒါပေမယ့် သူက မုန့်ပေါင်းတစ်ခု တောင်းပြီး ပြန်ထွက်သွားတယ်"
ရွာသူကြီးက အမှန်အတိုင်း ပြောနေမှန်း သိလိုက်ရလျှင် စုမုန့် စိတ်သက်သာရာရသွား၏။ဝေ့ထင်၏လူများ ရောက်လာသည်ကို ရွာသူကြီး သိပုံမရ။သို့ရာတွင် တောင်သည် ရွာနှင့်အတော်အတန်ဝေးသည် ဖြစ်၍ ရွာသို့သွားသောလမ်းသည် တစ်ခုတည်းမဟုတ်ပေ။
ရွာသူကြီးနှင့် စကားစမြည်ပြောနေစဉ် ဝေ့ထင်ဆီကို ဖုန်းလာသည်။သူ့မျက်နှာက အရင်လို အေးစက်နေသော်လည်း သူမ သူ့မျက်လုံးကိုကြည့်ပြီး တစ်ခုခုမှားနေမှန်းသိလိုက်သည်။သူမလည်း အချိန်ကိုကြည့်လိုက်ပြီး ရွာသူကြီးကို
“အရမ်းနောက်ကျနေပြီ…ကျွန်မတို့အရင်အနားယူလိုက်မယ်"
“ကောင်းပြီ၊ ကောင်းပြီ…တစ်ခုခုလိုအပ်ရင် ငါ့ကို အသိပေးပါ...မင်းတို့အနောက်ခန်းမှာနေ…ငါက အရှေ့ခန်းမှာနေမယ်...တစ်ခုခုလိုအပ်ရင် ခေါ်လိုက်ပါ"
ရွာသူကြီးသည် စုမုန့်ကို အနောက်ဘက်ရှိ အိမ်ငယ်လေးဆီသို့ ဖိတ်ခေါ်ပြီး ပြန်သွားသည်။သူမ အခန်းထဲကို လှည့်ကြည့်လိုက်သည်။ ဗီရိုနှင့်ကုတင်တစ်လုံးသာ ရှိပြီး ကုတင်ဘေးတွင် စားပွဲတစ်လုံးလည်း ရှိသည်။တစ်ခန်းလုံးက ရှင်းရှင်းလေးမို့ ပထမတစ်ခေါက်နှင့် လုံးဝမတူပေ။
xxxxxxx