အပိုင်း၉၃
Viewers 7k

Chapter 93

(အတူတူအိပ်စက်ကြပြန်ပြီ)


 "မင်း ကုတင်ပေါ်မှာ အိပ်....ကိုယ်က ကြမ်းပြင်ပေါ်မှာ အိပ်မယ်"  


စုမုန့်က သူနှင့် ဝေးဝေးနေလိုမှန်း သိနေသဖြင့် ဝေ့ထင် အရင်ပြောလိုက်သည်။


 "အို ရှင်က ဒီလိုမျိုးလည်း တွေးပေးတတ်သေးတာပဲ"


စုမုန့် မျက်ခုံးပင့်လိုက်သည်။ဝေ့ထင် သည် ယခုလို ငဲ့ညှာတတ်မည်ဟု သူမ မယုံနိုင်ပေ။သူ့ကို ကြမ်းပြင်ပေါ်မှာ ဆင်းအိပ်ဖို့ သူမကစ၍ပင် ပြောနေစရာမလိုပေ။


 “ဒီအိပ်ယာက အရမ်းကြီးတယ်...ရှင်က တစ်ဖက် ကျွန်မက တစ်ဖက် အိပ်လို့ရတယ်လေ...ဝေးလည်းဝေးတယ်ဆိုတော့ အဆင်ပြေတယ်"


သူမ ပြတင်းပေါက်ရှေ့မှာထိုင်ပြီး အပြင်ကိုလှမ်းကြည့်သည်။ခြံဝင်းအတွင်းရှိ မီးများ မဖွင့်ထားသောကြောင့် အမှောင်ထဲတွင် သူမ ဘာမှ မမြင်ရပေ။ထို့ကြောင့် ခဏကြည့်ပြီး ကုတင်တစ်ဖက်စွန်းမှာပင် ဝင်အိပ်လိုက်သည်။


သူမက ‌အိပ်ဖို့ပြောလာတာကြောင့် ဝေ့ထင် မီးပိတ်လိုက်သည်။ထို့နောက် အဝတ်အစားလဲပြီး ကုတင်တစ်ဖက်မှာ လှဲနေလိုက်၏။


တောင်ပေါ်ရွာလေး၏ ညချမ်းသည် တိတ်ဆိတ်ငြိမ်သက်နေ၏။မြို့နှင့်မတူပေ။ကားဟွန်းသံများ၊ ညဘက်လမ်းဖြတ်သမားများပင် မရှိပေ။ပိုးကောင်များ၏ အသံသာကြားရသည်။


ဝေ့ထင် သူ့ဘေးမှ စုမုန့်၏ အသက်ရှူသံကို အတိုင်းသား ကြားလိုက်ရသည်။အရင်ကလည်း သူတို့နှစ်ယောက်အတူအိပ်ဖူးသည်။ဘယ်လိုခံစားချက်မျိုးမှ ဖြစ်မလာခဲ့။သို့သော်၊ အခုအချိန်မှာတော့ သူမဘေးမှာ အိပ်ဖို့က သူ့အတွက် ခက်ခဲနေရသည်။အရင်က စုမုန့်သည် သူ့အနားရောက်လာဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့သော်လည်း အခုတော့ အရာအားလုံး ပြောင်းပြန်ဖြစ်သွားသည်။သူမ၏ အသက်ရှုသံသည် အိပ်ပျော်နေသကဲ့သို့ တည်ငြိမ်နေသည်။သူက သူမကို ကြည့်ဖို့ ခေါင်းကိုလှည့်လိုက်သည်။သူမ မျက်လုံးမှိတ်ထားပြီး မလှုပ်ရှား ဖြစ်နေသော်လည်း လုံးဝမအိပ်သေးကြောင်း သူသိသည်။


 “သူတို့ အခု ဂူသစ်ရှာတွေ့ထားတယ်တဲ့... ဂူထဲက ကျောက်ဆောင်တွေရဲ့နောက်မှာ အလောင်းတစ်လောင်းရှိတယ်လို့ပြောတယ်...အဲဒါကလည်း   မကြာသေးခင်က အသတ်ခံခဲ့ရတဲ့ ကလေးတစ်ယောက်ပဲ"


စုမုန့် မျက်လုံးဖွင့်ပြီး မျက်နှာကျက်ကို ကြည့်လိုက်သည်။သူမ လက်သီးများကလည်း အလိုလိုဆုပ်မိလျက်သားဖြစ်သွားရ၏။


ဒီလူတွေ တစ်ကယ်ကို ရူးနေတာပဲ...သူတို့နဲ့မဆိုင်တဲ့ အရာတစ်ခုရဖို့ ကလေးတွေကို နာကျင်အောင်လုပ်ချင်နေကြတယ်...


ထို့နောက် နှစ်ယောက်သား စကားမဆိုဘဲ မျက်လုံးမှိတ်ကာ အနားယူကြသည်။အချိန်အတော်ကြာပြီးနောက် လူတစ်ယောက်ရောက်လာပြီး ပြတင်းပေါက်မှန်ကိုခေါက်လိုက်သည်။တစ်ချိန်တည်းမှာပင် သူက ခပ်တိုးတိုးပြော၏။


“အထဲမှာ လူရှိလား” 


ဝေ့ထင်နှင့် စုမုန့်တို့မှာ အိပ်ပျော်နေပြီဖြစ်၍ အခန်းထဲတွင် ဘာသံမှ မကြားရဘဲ ငြိမ်သက်နေသည်။ထိုအခါ အပြင်ဘက်ကလူသည် ပြတင်းပေါက်ကို တိတ်တိတ်လေးဖွင့်ပြီး ခုန်ဆင်းလာသည်။ထိုလူသည် အနက်ရောင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး အမှောင်ထဲတွင် ပုန်းနေခဲ့သည်။ ကုတင်ဘေးနားသို့ ရောက်သောအခါ ကုတင်ပေါ်ရှိ လူနှစ်ယောက်မှာ အိပ်ပျော်နေကြသည်ကို တွေ့လိုက်ရသဖြင့် အိတ်ကပ်ထဲမှ အဝတ်တစ်ထည်ကို ထုတ်ယူလိုက်သည်။ယောက်ျားဖြစ်သူကို အရင်ကိုင်တွယ်ခြင်းက ပိုလွယ်မည်ထင်သည်။


ထိုလူသည် ဝေ့ထင်အနားသို့ တိတ်တဆိတ် လျှောက်လာကာ ဝေ့ထင်၏ပါးစပ်နှင့် နှာခေါင်းကို အဝတ်ဖြင့် ညင်သာစွာ ဖုံးအုပ်လိုက်သည်။ချက်ချင်းပင်၊ ဝေ့ထင်၏ ခန္ဓာကိုယ်သည် တစ်ချက်၊နှစ်ချက်ခန့် လှုပ်သွားပြီး ငြိမ်ကျသွားသည်။ထိုလူက သေချာအောင် ခဏကြာသည်အထိ တမင်တကာ အုပ်ထားလိုက်သည်။ လုံလောက်ပြီဟု သူခံစားမိသည့်အခါ စုမုန့် အနားကိုသွားပြန်၏။


စုမုန့်၏ ပါးစပ်နှင့် နှာခေါင်းကို အဝတ်ဖြင့် အုပ်လိုက်သည့်အခါ သူမ မျက်လုံးဖွင့်ကြည့်လိုက်ရာ လူတစ်ယောက် ရောက်လာမှန်း  တွေ့လိုက်ရ၏။ သို့သော်၊သူမလည်း နှစ်ချက်သာ ရုန်းကန်ပြီး ပျော့ခွေသွားသည်။ 


နှစ်ယောက်စလုံး ငြိမ်ကျသွားသောအခါ၊ ထိုလူက သေချာအောင် တစ်ယောက်ချင်းစီ လှုပ်နှိုးကြည့်၏။နှစ်ယောက်လုံး ဘာတုံ့ပြန်မှုမှမရှိမှသာ သူ စိတ်သက်သာရာရသွားသည်။


 "လာခဲ့…ငါ ကိစ္စပြီးအောင်လုပ်လိုက်ပြီ"


 ပြတင်းပေါက်ရှေ့မှာ ရပ်နေသူက အပြင်ကလူကို ပြောလိုက်သည်။သူ့အသံက ရွာသူကြီး၏ အသံစစ်စစ်ပင်။မကြာမီ အခန်းတံခါးပွင့်လာကာ လူသန်ကြီးနှစ်ယောက် ဝင်လာသည်။


 “သူတို့ နှစ်ယောက်ကို ဆေးအုပ်ပြီးပြီ... ခေါ်သွားတော့...ပိပိရိရိနဲ့ ဘယ်သူမှ မရိပ်မိအောင် လုပ်ကြ"


ရွာသူကြီး၏ လေသံသည် အရင်ကလို  နူးညံ့သိမ်မွေ့ မနေဘဲ ရက်စက်ကြမ်းကြုတ်လာသည်။


 “ဟုတ်ပါပြီ”  


ထိုလူနှစ်ယောက်က ပြောကာ ဝေ့ထင်နှင့် စုမုန့်တို့ကို ကြိုးများဖြင့် ချည်နှောင်ကာ သယ်ထုတ်သွားကြသည်။ပြီးလျှင်စုမုန့်တို့နှစ်ယောက်ကို ကားနောက်ခန်းထဲသို့ထည့်ကာ တိတ်တဆိတ် ရွာမှ ထွက်ခွာသွားကြသည်။


အပြင်က လှုပ်ရှားမှုများ ငြိမ်ကျသွားသောအခါ ကားပေါ်ရှိလူနှစ်ယောက် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ကားထဲမှာ မှောင်နေသဖြင့် စုမုန့် ဝေ့ထင်ကို မမြင်ရပေ။


 "ဝေ့ထင် ရှင်ရှိလား"


 “အင်း” 


ဝေ့ထင်က ပြန်ဖြေသည်။  ထို့နောက် စုမုန့် နံဘေးသို့ လာကာ သူ့ဘက်ကို ဆွဲယူဖက်ထားလိုက်၏။


ယခုဆို စုမုန့်သည် အမှောင်ထဲမှာ  ဖြည်းဖြည်းချင်း လိုက်လျောညီထွေဖြစ်နေပြီဖြစ်သည်ရှင်းရှင်းလင်းလင်း မမြင်ရသေးသော်လည်း ရှေ့မှအရိပ်တစ်ခုကို မြင်နေရသည်။ဝေ့ထင်က သူမကို သူ့ဘက်ဆွဲယူလိုက်၍ သက်ပြင်းချမိသည်။သို့သော်၊ ဝေ့ထင်က သူမကို ကြိုးဖြည်ပေးချိန်မှာ တစ်ခုခု မှားနေမှန်း သိလိုက်သည်။ ဝေ့ထင်က သူမလိုပဲ ကြိုးချည်ခံထားရတာ မဟုတ်ဘူးလား...သူ ဘယ်လို လွတ်သွားတာလဲ


 "ရှင့်ကိုရော ချည်ထားတာ မဟုတ်ဘူးလား" 


ထိုအချိန်က သူမသည် မျက်လုံးများကိုမှိတ်ထားတာကြောင့် ဘာတွေဖြစ်နေမှန်း မသိခဲ့ပေ။


(ဝေ့ထင်ကို ရောင်းစားတော့မယ်)


 "ဒီကြိုးက ရိုးရိုးလေးချည်ထားလို့လေ"


ကြိုးပြည်သွားပြီးနောက် စုမုန့်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။စောစောက သူမ မေ့သွားစဉ်ကတည်းက သူမဖုန်းကို သိမ်းသွားခဲ့ပြီဖြစ်သည်။ထို့ကြောင့် သူမသည် အလင်းရောင်မရှိ၍ ဘေးနားက ပစ္စည်းများကို လက်နှင့်စမ်းကြည့်သည်။သစ်သားလိုမျိုး ပစ္စည်းများ ကားထဲတွင် အမြောက်အမြား ရှိနေသည်။


 "တို့ကို ဘယ်ကိုခေါ်သွားတာလဲ...ရမ်ချီရှိတဲ့ နေရာလို့ ရှင်ထင်လား"  


စုမုန့်က မေးသည်။ အမှောင်ထဲတွင် ဝေ့ထင်၏ မျက်နှာအမူအရာကို သူမ မမြင်နိုင်ပေ။


“ကားက တောင်ပေါ်တက်နေတာ... ကျောက်စရစ်လမ်းပဲ...အချော မခင်းရသေးဘူးထင်တယ်...အခု  ရွာနဲ့ ဝေးတဲ့ တောင်ပေါ်ကို ခေါ်သွားနေတယ်”


မကြာမီ ကား၏အရှိန်က တဖြည်းဖြည်း နှေးသွားရ၏။


 “ကိုယ်တို့ မမေ့သေးဘူးဆိုတာကို ထုတ်မပြောနဲ့နော်”  


ဝေ့ထင်သည် စောစောက ပြည်နေသော ကြိုးကိုယူပြီး သူမအား ထပ်မံချည်နှောင်လိုက်သည်။သို့သော် ယခုက အလွယ်ချည်ထားခြင်းသာ။တစ်ချက်ဆွဲလိုက်ပါက၊ကြိုးက ပြေသွားလိမ့်မည်။


သူသည် သူမကို ကြိုးပြန်ချည်နှောင်ရန် ကူညီပေးရုံသာမက သူ့လက်ကိုလည်း သူ့ဘာသာသူ ချည်လိုက်သည်။ စုမုန့် အံ့သြသွားရသည်။သူ ယခုလိုတွေ လုပ်တတ်နေမ ည်ဟု မမျှော်လင့်ထားခဲ့ပေ။


အချိန်အတော်ကြာအောင် မောင်းနှင်ပြီးနောက် နောက်ဆုံးတွင် ကားရပ်သွားခဲ့သည်။ ချက်ချင်း အပြင်ဘက်မှ တံခါးကိုဖွင့်၍ ကားထဲသို့ ဓာတ်မီးဖြင့် ထိုးကြည့်သည်။


 ရုတ်တရက် ပြင်းထန်သည့် ဓာတ်မီးအလင်းကြောင့် စုမုန့် မျက်လုံးမှိတ်ထားသော်လည်း အလင်းကစူးနေဆဲပင်။သူမ အတော်အားတင်းထားရသည်။ကံကောင်းထောက်မစွာ၊ထိုလူက သတိမထားမိခဲ့ဘဲ သူ့ဘေးနားကလူကို စကားပြောသည်။


 "ဘာတွေဖြစ်နေတာလဲ... ငါတို့ ကလေးတွေပဲ လိုချင်တယ်လို့ ပြောထားတယ်မလား..လူကြီးနှစ်ယောက်ကို ဘာလို့ခေါ်လာတာလဲ"  


ကားတံခါးကိုဖွင့်လိုက်သူက ကားပေါ်မှလူတွေကိုမြင်လိုက်ရလျှင် စိတ်မကျေမနပ် ဖြစ်သွားသည်။


 ရွာသူကြီးက “ဘာကလေးတွေလဲ... ဒီနှစ်ယောက်က မင်းကိုဖမ်းဖို့ လာကြတာ...မင်းသူတို့ကို မဖြရှင်းရင် မင်းခံရမယ်" 


“လခွမ်းပဲ...ငါ တောင်ပေါ်မှာ နေနေတာ ကြာပြီ... နောက်ဆုံးတစ်သုတ် ရောင်းဖို့ မထွက်ခင် နောက်ထပ် ကလေး လာပေးလို့ မင်းကို ပြောထားတယ်မလား...ငါ့ကို ဘယ်လိုရှာတွေ့သွားကြတာလဲ... မင်းကို အရူးလုပ်သွားကြတာများလား" 


 ရွာသူကြီးက “ရဲက ဆုငွေထုတ်ထားပေးတယ်မဟုတ်ဘူးလား”


ထိုလူက အော်ပြောပြန်သည််။


"ငါတို့ အတူတူ အလုပ်လုပ်လာတာ ဘယ်လောက်ကြာပြီလဲ...ငါတို့ တစ်ခါမှ အဖမ်းမခံရဖူးဘူး...ဘယ်လိုလုပ် ဆုငွေပေးပြီး ဖမ်းကြမှာလဲ... မင်းကို လိမ်နေကြတာထင်တယ်...ဒါပေမယ့် ဒီလောက် လျှို့ဝှက်ထားခဲ့ကြတာကို... ငါတို့ဒီမှာရှိတယ်ဆိုတာ သူတို့ဘယ်လိုသိလဲ...ဒီနှစ်ယောက်က ရဲသူလျှိုတွေ ဖြစ်နိုင်လား...သူတို့မှာ GPS ရှိလား"


ထိုလူက ပြောပြောဆိုဆို စုမုန့်တို့အား ရှာမည်ပြုသည်။ 


 “သူတို့ဆီက ဟာမှန်သမျှ အကုန်ယူထားတယ်...ဖုန်းကလွဲလို့ ဘာမှ မရှိဘူး... သူလျှိုတွေ မဖြစ်နိုင်ဘူး... သူလျှိုတွေက ဘယ်လိုလုပ် ဒီကိုရောက်လာမှာလဲ...စုံစမ်းနေတဲ့ ကလေးတစ်ယောက်‌ယောက်ရဲ့ မိဘတွေ ဖြစ်နိုင်တယ်" 


ထိုလူ မရှာခင်  ရွာသူကြီးက သူ့ကို အချိန်မီ တားလိုက်သည်။


 "အဲဒါဆို ရပြီ...တတိယအစ်ကိုက လုပ်ငန်းအသစ်စချင်နေတာ...  မကြာသေးခင်က ကိုယ်တွင်းအင်္ဂါ တွေ ရောင်းတာက ကလေးရောင်းတာထက် ပိုမြတ်တယ်လို့ သူ သိသွားတယ်...ဒီလူနှစ်ယောက်ကို ပြန်ပေးဆွဲပြီး တတိယအစ်ကိုဆီကို ပို့လိုက်ကြမယ်... ကလေးတွေက ဖမ်းရခက်လာတယ်...မိဘတွေကလည်း အနီးကပ် စောင့်ကြည့်နေကြတယ်...အထက်ပိုင်းတွေကလည်း အရမ်းတင်းကြပ်တယ်...တတိယအစ်ကို တည်ငြိမ်လာတဲ့အခါ ငါတို့ ဒီမှာ ဘာမှ မလုပ်တော့ဘူး”


ထိုလူက ပြောပြီးသည်နှင့် သူ့လက်အောက်ငယ်သားနှစ်ယောက်ကို ခေါ်ကာ ဝေ့ထင်နှင့် စုမုန့်တို့ကို ခေါ်သွားခဲ့သည်။


 “ဒီ‌ေကာင့်ကို အင်္ဂါရောင်းစားပြီး မိန်းကလေးကိုတော့ ငါတို့ညီအစ်ကိုတွေကို ပေးလိုက်...သူမကို ငြီးငွေ့လာတဲ့အခါကျရင် အင်္ဂါအစိတ်အပိုင်းတွေကို ရောင်းလို့ရတယ်"  


ထိုလူက ဟင်းသီး၊ဟင်းရွက်ဝယ်နေ သလိုမျိုး ပေါ့ပေါ့ပါးပါး စကားတွေ ပြောနေ၏။သူသတိမထားမိသည့်အရာက စုမုန့်ကို မဖွယ်မရာ ပြောသည့်အခါ ဝေ့ထင် မျက်မှောင်ကြုတ်သွားတာကိုပင်။


ဝေ့ထင်နှင့် စုမုန့်သည် မျက်လုံးမဖွင့်ထားသောကြောင့် မည်သည့်နေရာသို့ ခေါ်သွားမှန်း မသိခဲ့ကြပေ။တဖြည်းဖြည်း ပတ်ဝန်းကျင်သည် ပို၍အေးမြလာခြင်းကိုတော့ ခံစားလိုက်ရသည်။


အချိန်အတော်ကြာ လမ်းလျှောက်ပြီး၊ နောက်ဆုံးတွင် နေရာတစ်ခုကို ရောက်ရှိသွားကြသည်။ထမ်းလာသူနှစ်ယောက်က စုမုန့်တို့ကို မြေပြင်ပေါ်ပစ်ချပြီး ထွက်သွားသည်။သူ ထွက်သွားသည်နှင့် တစ်ခုခု ပြုတ်ကျသွားသံကို စုမုန့် ကြားလိုက်ရသည်။အသံက အတော်ပြင်း၏။


အချိန်အတော်ကြာအောင် စောင့်ပြီးမှ  ဘာသံမှ မကြားရလျှင် သူမ မျက်လုံးကို ဖြည်းညှင်းစွာဖွင့်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။သူမတို့ ရောက်နေသည်က ဖယောင်းတိုင်တွေ ထွန်းထားသော ဂူကြီးတစ်ခုထဲကိုပင်။ စောစောက မြေပြင်ကို ပြင်းပြင်းထန်ထန် ထိမှန်သော အသံသည် ဂူပေါက်ဝရှိ သစ်သားပျဉ်ပြားတစ်ချပ်ဆီမှ ဖြစ်သည်။


သူမ အံ့အားသင့်ဆုံးအရာမှာ သူမနှင့် မနီးမဝေးတွင် အနက်ရောင်ဝတ်ထားသော အမျိုးသားတစ်ဦး ရှိနေသည်။ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ အများကြီးရထားပြီး သွေးတွေလည်း အိုင်နေသည်။မျက်လုံးလည်း မှိတ်ထားသဖြင့် သတိလစ်နေပုံရ၏။


သူမ ချည်ထားသည့်ကြိုးကို ချက်ချင်းဖြေလျော့လိုက်ကာ ဝေ့ထင်ရှိရာဘက်ကို ခေါင်းလှည့်လိုက်သည်။ဝေ့ထင်မှာ ကြိုးကို ဖြည်ပြီး ဘေးကလူဆီသို့ သွားနေသည်။



xxxxxx