Chapter 94
(ကလေးများကိုတွေ့ပြီ)
"သူက ရမ်ချီ လား"
စုမုန့် ဝေ့ထင် နောက်ကို လိုက်မေးသည်။ ဝေ့ထင်သည် ထိုလူ့၏အသက်ရှူနှုန်းအား စစ်ဆေးနေသည်ကို တွေ့လိုက်ရသည်။
"သူ့ကို ဒီကို ခေါ်လာမယ်လို့မမျှော်လင့်ထားဘူး"
“ခုနက လူကုန်ကူးတဲ့လူက အင်္ဂါအစိတ်အပိုင်းတွေတောင် ရောင်းတယ်ဆိုပဲ... ရမ်ချီရော အဆင်ပြေရဲ့လား"
စုမုန့် ပြောရင်းဆိုရင်း သစ်သားပြားဆီသို့ လျှောက်သွားပြီး အပြင်မှအသံများကို နားထောင်သည်။ လူဘယ်နှစ်ယောက်ရှိမှန်း မသိပေ။ယခုလည်း သူမတို့၏ ဖုန်းများကိုလည်း သိမ်းသွားခဲ့သည်။ယခု အရေးကြီးဆုံးက ရမ်ချီ နှင့် လွတ်မြောက်ဖို့ နည်းလမ်းကို အရင်စဉ်းစားဖို့ပင်။
“ဒဏ်ရာတွေ အများကြီးရှိပေမယ့် ကြီးကြီးမားမားတော့ မဟုတ်ဘူး...သူ့ကို အီသာသုံးထားတာဖြစ်နိုင်တယ်...သိပ်မစိုးရိမ်ရပါဘူး"
ဝေ့ထင်သည် ရမ်ချီ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြိုးကိုဖြည်လိုက်ပြီး ကုန်းပိုးလိုက်သည်။ထို့နောက် ရမ်ချီကို လက်တစ်ဖက်နှင့်ထိန်းထားကာ သစ်သားပြားကို ကျန်လက်တစ်ဖက်ဖြင့် တွန်းလိုက်သည်။သစ်သားပြားသည် သော့ခတ်ထားခြင်းမဟုတ်ပေ။
အပြင်မှာ လမ်းကြောင်းနှစ်ခုရှိသည်။ တစ်ခုက စောစောက ဝင်လာသည့် လမ်းကြောင်းဖြစ်ပြီး နောက်တစ်လမ်းက ဘယ်ကိုဦးတည်နေမှန်းမသိပေ။
စုမုန့် အလယ်မှာ ရပ်နေရင်း နှစ်ဖက်စလုံးကို အကြိမ်ပေါင်းများစွာ ကြည့်ပြီးမှ ဂူ၏ ကျောက်နံရံများကို ဂရုတစိုက် ကြည့်ပြန်သည်။
“ဟိုလမ်းကို သွားပါ...အဲဒီမှာ အသက်ရှင်ကျန်ရစ်သူတွေရှိတယ်”
သူမလည်း ရှေ့ကို လျှောက်သွားခဲ့သည်။ ဝေ့ထင်သည် သူမစကားကို လုံးဝသံသယမရှိဘဲ ခေါင်းညိတ်ပြပြီး နောက်က လိုက်လာသည်။တစ်ကယ်တော့ ဂူထဲမှာ ဘယ်သူမှ မရှိပေ။သူတို့အားလုံး အပြင်မှာရှိနေကြသည်မို့ သိပ်မခက်ပေ။အခက်ခဲဆုံးက အပြင်ထွက်၍ သူတို့နှင့်တွေ့ပါက၊ ဘာလုပ်ရမလဲဆိုသည်ကိုပင်။
လမ်းတစ်ဖက်တစ်ချက်စီတွင် ရေနံဆီမီးခွက်များ ထွန်းထားသည်။ အလင်းရောင်သည် အလွန်မှိန်ပျသော်လည်း လမ်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သေးသည်။နှစ်ယောက်သား ရှေ့ကိုလျှောက်လာရင်း ရုတ်တရက် ကလေးငိုသံကြားလိုက်ရသည်။
စုမုန့် ဝေ့ထင်ကို လှည့်ကြည့်လိုက်သည်။ ဝေ့ထင် လည်း သူမကို ကြည့်နေ၏။ သူမက ဤနေရာတွင် ကလေးများရှိနေကြောင်း တိုးတိုးပြောသည်။သူကလည်း ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်သား ရှေ့ကို ဆက်လျှောက်လာခဲ့သည်။
ဤလှိုဏ်ဂူသည် အလွန်ရှည်လျားပုံရသည်။ခပ်လှမ်းလှမ်းအထိ လမ်းလျှောက်လာပြီးနောက် နံရံဘေးနားတွင် အလျားလိုက် ပိတ်ထားသော သစ်သားပြားကို တွေ့လိုက်ရသည်။စောစောက တွန်းဖွင့်လိုက်သည့် သစ်သားပြား ပုံစံနှင့် အတူတူပင်။ဤနေရာက နောက်တစ်ခန်းဖြစ်နိုင်သည်။
စုမုန့် အနည်းငယ် တွန်းဖွင့်ရုံဖြင့် အက်ကွဲကြောင်းတစ်ခု ပေါ်လာ၍ ချောင်းကြည့်လိုက်သည်။မျှော်လင့်ထားသည့်အတိုင်း သစ်သားပြားနောက်ကွယ်တွင် အခန်းတစ်ခုရှိသည်။အထဲမှာ ဖယောင်းတိုင်နှစ်တိုင် ထွန်းညှိထားပြီး အချိန်အတော်ကြာအောင် ထွန်းထားပုံရကာ အောက်ခြေအထိ မီးလောင်တော့ပေမည်။အထဲမှာ ကလေး တစ်ဒါဇင်ကျော်ခန့် လဲနေကာ သတိလစ်နေကြသည်။သူတို့ထဲမှ တစ်ယောက်က နိုးလာပြီး ကလေးများ အလယ်တွင် တိုးတိုးလေး ငိုယိုနေသည်။
ကလေးက သူမကို သတိမထားမိဘဲ ထိုင်နေရင်း ဝမ်းနည်းစွာ ငိုနေသည်။စုမုန့်ခဏကြည့်၍ သစ်သားပြားကို ပြန်တွန်းပိတ်လိုက်သည်။သူမသည် ကလေးများကို ကယ်တင်လိုသော်လည်း လောလောဆယ် ဤနေရာမှ အောင်မြင်စွာ ထွက်ခွာသွားနိုင်ရမည်ဖြစ်သည်။ အကယ်၍ ကလေးများကို ယခုပင် စိတ်အားထက်သန်စွာ ကူညီခဲ့မည်ဆိုလျှင်၊ နောက်ဆုံးတွင် သူမ အပြင်သို့ မထွက်နိုင်တော့ပေ။
ရှေ့ကို ဆက်လျှောက်လာရာ လမ်းအဆုံးကို တိုက်ရိုက်ရောက်ရှိခဲ့သည်။ သူမသည် ဂူပေါက်ဝတွင် ရပ်ကာ အပြင်ကို လှမ်းကြည့်လိုက်သည်။ ဂူထဲမှာ ဘယ်သူမှ မရှိသော်လည်း ဂူအပြင်ဘက်မှာ ရပ်နေသူတွေ အများကြီးရှိသည်။
"အခု ကျွန်မတို့ ဘာလုပ်သင့်လဲ"
သူမက ခေါင်းလှည့်ပြီး ဝေ့ထင်ကို မေးသည်။သူမနှင့် ဝေ့ထင်သာဆိုလျှင်လွတ်မြောက်ရန် နည်းလမ်းရှိသည်။ သို့သော် ဝေ့ထင်သည် သတိလစ်နေသောလူကို ကုန်းပိုးထားသောကြောင့် မလွယ်ပေ။
သူက ကျောက်နံရံကို မှီရပ်လိုက်ပြီး အသံတိုးဖြင့်
“ဘယ်နှစ်ယောက်လဲ”
စုမုန့်က လက်ကလေးထောင်ကာ "လေးယောက်"
"သူတို့မှာ လက်နက်ရှိလား"
သူမ ပတ်ပတ်လည်ကို သေချာကြည့်ပြန်သည်။ထိုလူများသည် ဘောင်းဘီတို ဝတ်ထားပြီး အပေါ်ပိုင်းကလည်း ဗလာကျင်းထားသည်။သူတို့လက်နက်တွေကို ဝှက်ထားဖို့ နေရာမရှိ။သို့သော်ဘေးမှာထောင်ထားသည့် တောခုတ်ဓားရှည် တစ်ချောင်းရှိ၏။
ထို့နောက် သူမက ဝေ့ထင်အား အခြေအနေကို အသေးစိတ်ရှင်းပြသည်။ ဝေ့ထင် ကြားပြီးနောက် ရမ်ချီကို မြေပြင်ပေါ်တွင် ညင်သာစွာ ချထားလိုက်သည်။ဘေးဘီကို ကြည့်လိုက်ေသာအခါတွင် ကျောက်တုံးတွေကလွဲ၍ ဘာမှမတွေ့ပေ။ထို့ကြောင့် ကျောက်တုံးတစ်တုံးကို ကောက်ကိုင်ပြီး ထွက်လာခဲ့သည်။ထို့နောက် သူ လုံးဝမရှောင်ဘဲ လူလေးယောက်ဆီသို့ တန်းတန်း လျှောက်သွားသည်။
ဝေ့ထင်သည် ဤမျှ ရဲရင့်လိမ့်မည်ဟု စုမုန့် မထင်ထားခဲ့ပေ။သူဘယ်လောက်ပဲ စွမ်းနေပါစေ၊လူလေးယောက်ကို တစ်ပြိုင်နက် တိုက်ခိုက်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ထို့အပြင် သူက ဒဏ်ရာရထားဆဲပင်။
လူလေးယောက်က ဂူကို ကျောပေးထားပြီး ဘာမှသတိမပြုမိဘဲ စကား ပြောနေကြဆဲ။
“လခွမ်း…ဒီတောင်မှာ ခြင်တွေ အရမ်းများတာပဲ...ငါ့တစ်ကိုယ်လုံးကို ကိုက်တယ်...ဒါပေမယ့် အဝတ်အစား အပြည့်ဝတ်ထားရင်လည်း အရမ်းပူတယ်.တစ်ကယ်ကို မလွယ်ဘူး”
(လေးဦးသေဆုံး)
“ငါတို့က တစ်နှစ်လုံးနေမှ အလုပ်လေးနည်းနည်းပဲ လုပ်ရတာ..လစာကလည်း ကောင်းတယ်...မင်း ဒါကို ပင်ပန်းတယ်လို့ထင်ရင် အပြင်မှာ အလုပ်လုပ်လို့ မရဘူး...အပြင်က သူဌေးတွေက ဝန်ထမ်းတွေကို အရမ်းညစ်တာ... နေ့ရောညပါ အလုပ်လုပ်ကြတာတောင် လစာက နည်းနေသေးတယ်…ငါတို့က သူဌေး ပြောတဲ့အတိုင်းလုပ်တော့ အန္တရာယ်လည်း မကြုံရဘူး...ပိုက်ဆံများများရရင် အိမ်ဝယ်ပြီး မိန်းမယူလို့ရတယ်...အရမ်းမိုက်"
သူတို့လေးယောက် စကားစမြည်ပြောနေစဉ် ဝေ့ထင် တိတ်တဆိတ် ချဉ်းကပ်လာသည်။ ထို့နောက် တောခုတ်ဓားဘေးတွင် ရပ်နေသူ၏ နောက်သို့ လျှောက်သွားကာ ကျောက်တုံးကိုမြှောက်၍ ခေါင်းကို ထုလိုက်သည်။ထိုလူ အားကနဲ အော်ကာ ချက်ချင်းပင် သတိလစ်သွားခဲ့သည်။
ကျန်သုံးယောက်မှာ ရုတ်တရက်ဖြစ်၍ ကြောင်စီစီဖြစ်နေကြ၏။အပြင်လူတစ်ယောက် ရုတ်တရက်ပေါ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိပေ။ ဝေ့ထင် အလွန်လျင်သည်။သူတို့တွေ ကြောင်နေချိန်မှာ ရှေ့ကိုသွားပြီး တစ်ယောက်ကို လှဲသိပ်လိုက်၏။ကျန်နှစ်ယောက်ကလည်း ကျားကနဲအော်လာပြီး သူ့ဆီ ပြေးလာကြ၏။
ဝေ့ထင် သည် တစ်ယောက်၏ လက်သီးကို ရှောင်လိုက်ပြီး နောက်တစ်ယောက်ကို လက်သီးဖြင့် ထိုးသည်။ပြီးလျှင် သူ့ခြေကို ကန်မည့်ပုံလုပ်၍ အားယူလိုက်သည်။ထိုအခါ အကန်ခံရတော့မည်ထင်ပြီး ခုခံလိုက်သည်။သို့သော် ဝေ့ထင်က ခြေဖြင့်မကန်ဘဲ ထိုသူ၏ရင်ဝကို ဆောင့်ထိုးလိုက်၏။တစ်ဖန် နောက်ဆုံးတစ်ယောက်ကိုတော့ ကိုင်ပေါက်လိုက်လေတော့သည်။
တစ်မိနစ်မပြည့်မီတွင် ဝေ့ထင်သည် လူလေးယောက်ကို သက်ညှာမှုမရှိဘဲ အလဲထိုးနိုင်ခဲ့သည်။သူသည် လူ့ခန္ဓာကိုယ်၏ အထိခိုက်ဆုံး အစိတ်အပိုင်းကို သိနေတာကြောင့် ထိုလူလေးဦးလုံး မေ့လဲသွားခဲ့သည်။
"သေပြီလား"
စုမုန့် ထိုလူများ လဲကျသွားသည်ကို မြင်သောအခါမှ ထွက်လာခဲ့သည်။
“မေ့သွားတာ...သူတို့ကို မသတ်ပါဘူး”
ဝေ့ထင်က လက်မှ ဖုန်မှုန့်တွေကို ခါချပြီးရမ်ချီကို ပြန်သယ်သည်။ပြီးလျှင် သူက စုမုန့် လက်ကိုဆွဲပြီး တောင်ပေါ်ကို ခေါ်သွားသည်။
"လမ်းကိုကြည့်"
မှောင်လွန်းနေပြီဖြစ်၍ ဝေ့ထင် သည် လမ်းကိုမြင်ရသော်လည်း စုမုန့် လောက် မတော်သဖြင့် သူမကို မေးရသည်။
"ကျွန်မ နောက်လိုက်ခဲ့ပါ... ဒီနေရာက နေ့ခင်းဘက်က လှိုဏ်ဂူနဲ့ မဝေးဘူး”
လောလောဆယ်တော့ အခြေအနေက အရေးတကြီး ဖြစ်၍ စုမုန့် သည် ဝေ့ထင်နှင့် ခပ်ခွာခွာနေရမည်ဆိုသည်ကို ဂရုမစိုက်တော့။သူမကပဲ သူ့လက်ကို ကိုင်ထားလိုက်၏။
ခြေဖဝါးအောက်တွင် ရွေ့လျားနေသော ကျောက်တုံးများရှိသည်။ နင်းမိရင် လွယ်လွယ်နှင့် ချော်ကျသွားလိမ့်မည်ဖြစ်၍ စုမုန့် လမ်းကို ဂရုတစိုက်နှင့် ဦးဆောင်ခဲ့၏။ တောင်ပေါ်ရှိ လေထုသည် လတ်ဆတ်လှသည်။ ရံဖန်ရံခါ လေညင်းများ တိုက်ခတ်လာကာ လူကို လန်းဆန်းစေသည်။ဝေ့ထင် ၏ ကျောတွင်ရှိသော ရမ်ချီသည် အလုံပိတ်လှိုဏ်ဂူမှ ထွက်သွားပြီးနောက် လေရှူလိုက်ရသဖြင့် နိုးလာခဲ့သည်။
"ဘော့စ်"
လရောင်အောက်မှနေ၍ သူ့ကို ကုန်းပိုးလာသူက ဝေ့ထင်ဖြစ်နေသောအခါ ရမ်ချီ လန့်သွားရ၏။
ဝေ့ထင် သည် ရမ်ချီ နိုးလာသည်ကိုမြင်သောအခါ ခြေလှမ်းရပ်လိုက်ပြီး
"မင်းနိုးလာပြီဆိုတော့ ဆင်းလိုက်"
သူက ရမ်ချီကို အသာအယာလွှတ်ချလိုက်သည်။ရမ်ချီလည်း နိုးလာခါစဖြစ်၍ အားမရှိတာကြောင့် မတ်တပ်မရပ်ဘဲ မြေပြင်ပေါ်မှာ ထိုင်ချလိုက်သည်။မြေပြင်သည် မြက်ပင်များဖြင့် ဖုံးလွှမ်းထားသောကြောင့် ပြုတ်ကျလျှင်လည်း မထိခိုက်နိုင်ပေ။
"ဘော့စ်က ဘာလို့ဒီကိုရောက်နေတာလဲ... သူတို့ဘယ်မှာလဲ"
ရမ်ချီ ဘာဖြစ်သွားမှန်း မသိသေး။
စုမုန့် လည်း ထိုင်ချပြီး ရမ်ချီ ကို
"ရှင့်ကို ဘယ်လိုဖမ်းသွားတာလဲဆိုတာ သိလား"
"မင်းက?"
ရမ်ချီ သည် ဝေ့ထင် စကားကိုသာ နားထောင်သည်။စုမုန့် မေးခွန်းကို သူ မဖြေပေ။
ဝေ့ထင်က
“သူမပြောတာကို နားထောင်ပါ...မေးသမျှ ဖြေလိုက်"
“ဟုတ်!”
ရမ်ချီ က စုမုန့်ကို သေချာကြည့်မိသည်။သူ့သူဌေးက ဘယ်မိန်းမနှင့် ရင်းနှီးစွာနေလေ့မရှိ။ထို့ကြောင့် သူမသည် ကောလဟာလသတင်းများထွက်ပေါ်နေသူ ဘော့စ်၏ ဇနီးဖြစ်ပုံရသည်။ထိုအခါ သူ စုမုန့် အမေးကိုပင် မစောင့်ဘဲ အကြောင်းအရာအားလုံးကို အသေးစိတ်ပြောပြသည်။
“ကျွန်တော် ရုတ်တရက် ခြေချော်ကျပြီး လဲကျသွားတာပါ… ယွမ်ကျင်းနဲ့လည်း ဝေးနေတော့ သူ့ကို ခေါ်ဖို့ အချိန်မရှိဘူး...ကျွန်တော် ပြုတ်ကျတဲ့နေရာက အရမ်းမြင့်တယ်...ကံကောင်းလို့ ဘာမှမဖြစ်တာ... ဒဏ်ရာလည်း ပြင်းပြင်းထန်ထန် မရခဲ့ပါဘူး”
"ပြီးတော့ ယွမ်ကျင်းကို ခေါ်ချင်ပေမယ့် ပါးစပ်ကိုဟလိုက်တာနဲ့ လူတစ်ယောက်က နောက်ကနေ ရောက်လာပြီး အီသာနဲ့ အုပ်ပစ်လိုက်တာ"
“နောက်တော့ ကျွန်တော့်ကို ဒီကို ခေါ်လာခဲ့တယ်...ကျွန်တော် တစ်ချက်နိုးလာသေးတယ်...ပြီးတော့ အဲ့ဒီလူနှစ်ယောက်ကို ချတယ်ဗျာ...ဒါပေမယ့် ဒဏ်ရာကလည်း ရထားတော့... အရေးကြီးဆုံးက…”
ရမ်ချီ သည် စုမုန့်ကို ကြည့်လိုက်ပြီးနောက် ဝေ့ထင်ကို တစ်ဖန်ကြည့်လိုက်ကာ ဆက်ပြောသည်။
“ကျွန်တော့်ကိုကြည့်နေတဲ့ လူနှစ်ယောက်က အရမ်းကျွမ်းကျင်တယ်... သူတို့က စစ်တိုက်ခိုက်ရေးရာမှာ အရမ်းတော်ကြတယ်"
စုမုန့် ဘာမှ မပြောမိပေ။ထိုလူနှစ်ယောက်က တိုက်ခိုက်ရေးရာမှာ ကျွမ်းကျင်သည် ဆိုသော် အချက်ကိုတော့ အာရုံစိုက်မိ၏။သို့သော် ဝေ့ထင်ကမူ ရမ်ချီ စကားထဲက အဓိပ္ပါယ်ကို နားလည်သည်။ရမ်ချီ ဆိုလိုတာက ထိုလူနှစ်ယောက်မှာ စစ်တပ်က လာသူများဖြစ်နိုင်သည်။သို့ဆိုပါက၊ဤကိစ္စမှာ အတော်ကြီးကျယ်သည့်ကိစ္စဖြစ်လိမ့်မည်။
xxxxxx