Chapter 95
(ထိပ်တိုက်ရင်ဆိုင်မှု)
စုမုန့်နှင့် ဝေ့ထင်တို့သည် အခြေအနေကို အတိုချုံးနားလည်ပြီးနောက် ရမ်ချီအား ဆွဲခေါ်ကာ ထားရင်း ဆက်ပြေးကြသည်။စုမုန့်သည် လမ်းကြည့်ရန် ရှေ့တွင်ရှိနေသည်။
အနီးနားတွင် လူမည်မျှရှိမှန်း မသိသောကြောင့် ဝေ့ထင်က သူမကို အရိပ်များမှသာ ပုန်းအောင်း၍ သွားစေသည်။ထို့ကြောင့် နောက်မှ လိုက်လာလျှင်တောင် အလွယ်တကူ မမြင်နိုင်ပေ။သုံးယောက်သား တောင်အောက်ခြေအထိ ဆက်ပြေးကြသည်။သူတို့သွားမည့် အလောင်းထားသည့် လှိုဏ်ဂူမှာ အနီးနားက တောင်ပေါ်ကို တက်ရာ လမ်းတစ်ဝက်တွင် ဖြစ်သည်။ထို့ကြောင့် တောင်ပေါ်မှ ဆင်းသွားပါက၊ထိုနေရာသို့ ရောက်လုနီးပြီဟု ဆိုလိုသည်။
နေ့ခင်းဘက်က ရောက်ဖူးသော တောင်ခြေသို့ ရောက်သောအခါ စုမုန့် စိုးရိမ်သွားသည်။ သူမသည် တောင်တက်ရာတွင် မကျွမ်းကျင်ပေ။ဒဏ်ရာရသူလည်း ရှိ၍ ဝေ့ထင်တစ်ဦးတည်းသာ တက်နိုင်သည်။
တစ်ကယ်တော့ ယခုအချိန်မှာ အကောင်းဆုံးဖြေရှင်းချက်က သူမ တောင်ခြေမှာ စောင့်နေဖို့ပါပဲ။သို့သော် သူမ နောက်လှည့်ကြည့်လိုက်လျှင် အဝေးက မီးရောင်များကို တွေ့လိုက်ရသည်။ထိုမသမာသူများသည် သူမတို့ ထွက်ပြေးလွတ်မြောက်မှန်း သိသွားပြီး လိုက်ရှာနေခြင်းပင်။ သူတို့ဘက်က လူဘယ်နှစ်ယောက်ရှိမှန်း မသိပေ။အကယ်၍ သူမတို့သုံးယောက် တောင်ပေါ် တက်သွားရင်တောင် ဝေ့ထင် ၏ လူများက သူတို့ကို ကိုင်တွယ်နိုင်ပါ့မလားဆိုတာက မသေချာသေး။ယခုရဲစခန်းကို ဖုန်းဆက်ခေါ်လိုက်လျှင်တောင် ရဲများက ချက်ချင်း မလာနိုင်သေးပေ။ဤနေရာသည် ဝေးလံခေါင်သီလွန်းသောကြောင့်၊ မည်သို့ပင်ဆိုစေ မိမိကိုယ်ကို ကာကွယ်ရန်သာ အရေးကြီးသည်။
စုမုန့် လှည့်ပတ်ကြည့်ရှုပြီး သူမကိုယ်သူမ ခုခံဖို့ နည်းလမ်းကို တွေးနေမိသည်။ ဝေ့ထင် သည် သူမ၏ စိုးရိမ်စိတ်ကို သတိပြုမိပြီး သူမ ခေါင်းထိပ်ကို လက်လေးဖြင့် အသာလေးပွတ်သပ်ပေး၍ နှစ်သိမ့်လိုက်သည်။
"မကြောက်နဲ့ ကိုယ်ရှိတယ်"
စုမုန့် သည် ဝေ့ထင် ယခုလို နူးညံ့သိမ်မွေ့သည်ကို မမြင်ဖူးပေ။ ဝေ့ထင် က သူမကို နှစ်သိမ့်ပေးပြီးနောက် သူမစိတ်ထဲမှ စိုးရိမ်စိတ်များ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ဝေ့ထင်ကို သူမ မကြိုက်သေးသော်လည်း သူ့စကားကို လုံးဝ သံသယမရှိပေ။
“အင်း"
စုမုန့် က သူ့ကို ယုံကြည်လာတာကြောင့် ဝေ့ထင် ပြုံးပြပြီး ဂူထဲကို ဝင်သွားသည်။ဝေ့ထင် ဂူထဲသို့ရောက်သောအခါ သူ့လက်အောက်ငယ်သားများက စောင့်နေကြဆဲဖြစ်သည်။အားလုံးက အစာခြောက်များကိုသာ စားထားကြ၏။သူ ပြန်လာသည့်အခါ အားလုံး မတ်တပ်ထရပ်ပြီး သူ့ကို နှုတ်ဆက်ကြသည်။
"ဘော့စ်"
"ရဲကိုခေါ်လိုက်...ဒီနေရာမှာ ရာဇ၀တ်ကောင်တွေ ရှိနေတယ်လို့ သူတို့ကို ပြောပြလိုက်...ပြင်ဆင်ထားလိုက်…ငါတို့ ခဏနေတွေ့ကြမယ်"
ဝေ့ထင် သူ့လက်အောက်ငယ်သားတွေကို ချက်ချင်း အမိန့်ပေးလိုက်သည်။သူပြောပြီးသည်နှင့် ပြန်ထွက်လာခဲ့သည်။သူက အကြောင်းပြချက် မပြောသလို သူတို့ကလည်း မမေး။သူတို့အတွက် အမိန့်ကို အကြွင်းမဲ့နာခံခြင်းကသာ အရေးကြီးဆုံးဖြစ်သည်။
သူတို့လည်း ရဲကိုဖုန်းဆက်ပြီးနောက် အားလုံးသတိရှိရှိ နေနေကြသည်။
ဝေ့ထင် သူ့အိတ်ထဲက စစ်ဓားတစ်ချောင်းကို ထုတ်ပြီး စုမုန့် အား ပေးလိုက်သည်။ထို့နောက် သူမကို ကျောက်တုံးကြီးတစ်ခု၏ နောက်ဘက်သို့ ခေါ်သွားပြီး ငုတ်တုတ်ထိုင်စေသည်။
"ဒီဓားကိုယူထား... အရေးကြုံတဲ့အခါ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ သုံးလို့ရတယ်...ဒီမှာ ပုန်းနေရစ်...ကိုယ် မင်းကိုမပြောမချင်း အပြင်မထွက်နဲ့"
"သူတို့မှာ လူဘယ်လောက်ရှိတယ်ဆိုတာ မသိဘူး... အရမ်းအန္တရာယ်များတယ်…ရဲတွေ ခေါ်ပြီးမှ ပြန်လာရင်ရော”
စုမုန့်က အံ့သြစွာ မေးလိုက်သည်။
"နောက်တော့ မင်းကို ကိုယ်ရှင်းပြမယ်...အချိန်က နောက်ကျနေပြီဆိုတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရဦးမယ်"
“ဟုတ်ပါပြီ”
သူမ နားမလည်သော်လည်း ယခုအခြေအနေသည် စိုးရိမ်ရမှန်း သိသောကြောင့် ဆက်မမေးတော့ေပ။သူမသည် ဘယ်လိုတိုက်ခိုက်ရမှန်း မသိသလို၊တခြားသူများလောက် မသန်မာပေ။အပြင်မှာနေပါက၊ ဝန်ထုပ်ဝန်ပိုးသာ ဖြစ်လိမ့်မည်။ပုန်းအောင်းပြီး သူမ တတ်နိုင်သမျှ ကူညီခြင်းကသာ ကောင်းပေမည်။သူမ ပုန်းပြီးသောအခါ ဝေ့ထင် လှည့်ပြီး ထွက်သွားမည်ပြုစဥ်
“ကျွန်မကို ဖုန်းပေးထားခဲ့...”
“ဒီမှာ"
ဝေ့ထင်သည် စုမုန့်အား ဖုန်းပေးခဲ့ပြီး ထွက်ခွာသွားခဲ့သည်။
စုမုန့်သည် ကျောက်ဆောင်တစ်ခု၏ နောက်ကွယ်တွင် ပုန်းနေပြီး ဝေ့ထင်၏ နောက်ကျောကို ကြည့်လိုက်သည်။သူ၏နောက်ကျောသည် သူမ သိနေသောလူတစ်ယောက်လို အလွန်ရင်းနှီးနေကြောင်း သူမ ခံစားမိသည်။သို့သော်လည်း ဘယ်သူမှန်း မသိပေ။
အခြားသူများလည်း ပုန်းရှောင်ခဲ့ပြီး ဝေ့ထင်သာ တစ်ယောက်တည်း အပြင်မှာ ရှိနေသည်။
မကြာမီ၊ ရွာသူကြီးနှင့် ထိပ်ပြောင်သော လူ တစ်ယောက် လက်အောက်ငယ်သား တစ်ဒါဇင်ခန့် လိုက်ပါလာခဲ့သည်။သူတို့ လက်ထဲတွင် လက်နက်တစ်မျိုးစီ ကိုင်ဆောင်ထားကြသည်။
“ငါ ထင်ထားတဲ့အတိုင်း သူတို့က အကောင်းလာတာမဟုတ်ဖူးပဲ…ငါတို့ဆီကနေတောင် ထွက်ပြေးနိုင်ပါလား"
ရွာသူကြီးက အသံနက်ကြီးဖြင့် ပြောလေသည်။
(ဝေ့ထင်က ပြန်ပေးဆွဲသမား)
ထိပ်ပြောင်သူသည် မတ်တပ်ရပ်နေသော ဝေ့ထင်ကို ကြည့်ကာ တစ်စုံတစ်ခုကို ရှာနေသကဲ့သို့ ဘေးပတ်ပတ်လည်ကို ဓာတ်မီးဖြင့် ထိုးထားသည်။ သို့သော် သူ ဘာမှမတွေ့သွားပေ။
"မင်းနဲ့ ပါလာတဲ့ ကောင်မလေး ဘယ်မှာလဲ... ပုန်းနေတာလား…ထွက်ပြေးသွားတာလား"
ဝေ့ထင်က သူတို့ကို ဂရုမစိုက်ဘဲ ဘာမှမပြောသောအခါ၊ ထိပ်ပြောင်သူ ရှက်သွားရသည်။
“အဲဒီကောင်မလေး မင်းရဲ့ရည်းစားမဟုတ်လား... မင်းသူမကို အရမ်းကာကွယ်နေတာ မဆန်းပါဘူး… မင်းရဲ့ရည်းစားကို အရင်ထွက်ပြေးခိုင်းပြီး ဘာလို့ နောက်မှာနေခဲ့တာလဲ…ပြီးတော့ အဲဒီ ဒဏ်ရာနဲ့ကောင်လည်း ပျောက်သွားတယ်...မင်းတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိပုံရတယ်… စိတ်မပူပါနဲ့…ငါမင်းတို့နှစ်ယောက်ကို အချိန်အကြာကြီး မခွဲထားဘူး… ငါတို့ရဲ့လျှို့ဝှက်ချက်ကို မင်းတို့ မပေါက်ကြားစေနဲ့…မဟုတ်ရင် မလွယ်ဘူး"
ထိုလူကပြောပြီးသည်နှင့် သူ့နောက်မှ လူနှစ်ယောက်ကို စုမုန့် နှင့် ရမ်ချီ တို့နောက်သို့ လိုက်ရန် အမိန့်ပေးလိုက်သည်။ကျန်သူတွေက ဝေ့ထင်ကို ကိုင်တွယ်ဖို့ နောက်မှာ ကျန်နေကြမည်ဖြစ်သည်။
ထိပ်ပြောင်သူသည် အမိန့်ပေးပြီးနောက် ကျန်လူများကို ဝေ့ထင်အား ဖမ်းရန် အမိန့်ပေးခဲ့သည်။ဝေးလံသော နေရာမှာ ရှိနေတာမို့ ဝေ့ထင် အော်ဟစ်နေလျှင်တောင် ဘယ်သူမှ မကြားရချေ။ သို့သော် ဝေ့ထင် ရွာအနီးသို့သွားပါက ကိုင်တွယ်ရန် ခက်ခဲလိမ့်မည်။
“အားလုံးသတိထား...သူ့ရဲ့ အရည်အချင်းက သာမန်မဟုတ်ဘူး...အစောင့်လေးယောက်ကို သတ်ခဲ့ပြီးပြီ”
ထိပ်ပြောင်သူက နောက်လိုက်များကို သတိပေးသည်။
နောက်လိုက်များက ဝေ့ထင်ဆီသို့ ဝိုင်းအုံလာနေတာကို စုမုန့် ကြည့်ပြီး စိတ်တွေတင်းကြပ်လာရသည်။သူမ စိတ်ပူမိသည်က ဝေ့ထင်မှာ ဒဏ်ရာ ရှိနေဆဲကိုပင်။တစ်ဖက်တွင် လူတစ်ဒါဇင်ကျော်ရှိပြီး ဝေ့ထင်ဘက်တွင် သူအပါအဝင် ခြောက်ဦးသာရှိသည်။သူမ ကျောက်ဆောင်နောက်ကွယ်မှ တိတ်တဆိတ် ကြည့်နေသည်။ အကယ်၍ တစ်ဖက်က တုတ် သို့မဟုတ် ဓားရှည်များ မကိုင်ပါက ဝေ့ထင် ဤလူများကို အပြတ်ချပြီးခဲ့လောက်ပြီ။
ဝေ့ထင် လျှော့တွက်၍ မရကြောင်း ထိပ်ပြောင်သူက သိလိုက်ပြီး သူ့လူများအား နောက်ဆုတ်ရန် ပြောလိုက်သည်။တစ်ချိန်တည်းမှာပင် အဝေးမှ ရဲကားများ၏ ဥဩသံများ ထွက်ပေါ်လာသည်။
“ရဲတွေလာပြီ…အားလုံး ဆုတ်ကြ!”
ထိပ်ပြောင်သူ နောက်လှည့်၍ပြေးလေ၏။ ရွာလူကြီးကလည်း သူ့နောက်မှ လိုက်သွားသည်။ဝေ့ထင် မသမာသူတို့ကို တားဆီးထားချင်သော်လည်း သူတို့မှာ လူအင်အား မလုံလောက်ပေ။တစ်ဖက်က လူများသဖြင့် သူတို့ လက်အောက်ငယ်သားများကိုသာ တိုက်နိုင်ခဲ့သည်။ထိပ်ပြောင်သူနှင့် ရွာသူကြီးသည် နောက်တွင် တချိန်လုံး ပုန်းနေခဲ့၍ သူတို့နှစ်ဦးလွတ်မြောက်သွားခဲ့သည်။
အခင်းဖြစ်ပွားရာနေရာသို့ ရဲများရောက်ရှိလာသောအခါ၊ လူတစ်ဒါဇင်ကျော်မှာ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး အော်ဟစ်သံများကလည်း ဆူညီနေ၏။တစ်ချို့က ကိုယ့်ခြေထောက်ကိုယ် ဖိနှိပ်ထားသလို တစ်ချို့ကလည်း ခေါင်းကို ကိုင်ထားကြသည်။ ဆိုးဆိုးရွားရွား အရိုက်ခံရပုံရ၏။
မတ်တပ်ရပ်နေသည့် လူခြောက်ယောက်မှာ အဝတ်အစားတွေက နည်းနည်းလေး ရှုပ်ပွနေရုံမျှသာ။ ဦးဆောင်သူ လူလတ်ပိုင်း ရဲအရာရှိ တစ်ဦးက ဝေ့ထင်ထံ လှမ်းလာပြီး အေးစက်စွာ ပြောသည်။
"မင်းက လူတွေကို ပြန်ပေးဆွဲပြီး ရိုက်နှက် သတ်ဖြတ်ချင်နေတဲ့သူလား…ရဲစခန်းကို လိုက်ခဲ့…စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့လိုတယ်”
ဝေ့ထင်က သူ့ကို လက်ထိတ်ခတ်တော့မည့် ရဲကို အေးစက်သောအကြည့်ဖြင့်ကြည့်ကာ
“သွားဖမ်းလိုက်”
ဝေ့ထင်၏ အကြည့်ကြောင့် ရဲအရာရှိ စိတ်ရှုပ်သွားသည်။သူ့စိတ်ထဲတွင် ညည်းညူမိသည်။
"ဒီလူက ရုပ်လေးက သနားကမားနဲ့ ဘာလို ဒီလိုလုပ်ရတာလဲ…သူက ပြန်ပေးဆွဲသမားပဲ...ထင်ထားတဲ့အတိုင်၊ရုပ်ချောသူတွေက လူကောင်းမဟုတ်ဘူး…"
သူ၏ အနှစ် 20 ကျော်ကြာ ရဲအရာရှိသက်တမ်းအတွင် ပြန်ပေးဆွဲသမား ငယ်ငယ်ချောချောလေးအား ပထမဆုံးအကြိမ်တွေ့ခြင်းဖြစ်သည်။
“အရာရှိ တောင်းပန်ပါတယ်...တကယ်တော့ အဲဒီလူတွေကမှ ပြန်ပေးဆွဲသူတွေပါ”
စုမုန့် ကျောက်ဆောင်နောက်ကနေ ချက်ချင်း ထွက်လာ၍ ပြောလိုက်၏။
“ဒီလူတွေက ကလေးတွေကို ခိုးပြီး ရောင်းစားတာတင်မကဘဲ သက်ရှိလူတွေကိုလည်း အင်္ဂါအစိတ်အပိုင်းတွေ ရောင်းဝယ်ဖောက်ကားဖို့အတွက် ဖမ်းပါတယ်...ဟိုဘက်မှာ လှိုဏ်ဂူက ရောင်းဝယ်ဖောက်ကားတဲ့ နေရာပါ”
စုမုန့်က သူမတို့ထွက်ပြေးလာသည့် လှိုဏ်ဂူကိုပြသည်။
လူလတ်ပိုင်းအရွယ် ရဲအရာရှိ: “…”
ဝေ့ထင် မျက်နှာမှာ ဒဏ်ရာတစ်ခုမှ မရှိတာကို သူမြင်လိုက်ရသည်။ ထို့နောက် မြေပြင်ပေါ်ရှိ လူများမှာ ဆိုးရွားစွာ အရိုက်ခံထားရပုံပင်။သူဘယ်လိုပဲကြည့်ကြည့် ဝေ့ထင်က ပြန်ပေးဆွဲသူနှင့် ပိုတူနေသည်။
ပြန်ပေးဆွဲသမားကို ဓားစာခံက ဘယ်လိုရိုက်နှက်ဖမ်းဆီးနိုင်တာလဲ…
မူလက သူသည် ပြန်ပေးဆွဲသူများကို စာနာစိတ်ရှိခဲ့သော်လည်း ကလေးများကို ပြန်ပေးဆွဲရောင်းချကြောင်း ကြားသိရသောအခါတွင် သူ၏စာနာမှုသည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် သူက တခြားရဲအရာရှိတွေကို အမြန်စုပြီး စုမုန့် အား ပြန်ပေးဆွဲခံရသည့် ကလေးတွေကို တွေ့ဖို့ လမ်းပြခိုင်းသည်။
မကြာခင် ဂူထဲမှ ကလေးများကို ရဲတွေက တွေ့ရှိခဲ့သည်။ကလေးများကို တွေ့ရှိခဲ့သော်လည်း ရွာသူကြီးနှင့် ထိပ်ပြောင်သူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ရဲအရာရှိအချို့က ဖမ်းမိထားသော ပြန်ပေးဆွဲသူများကို ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ကျန်လူများကို တောင်ပေါ်၌ ဆက်လက်ရှာဖွေလျက်ရှိသည်။
(အချစ်ပြိုင်ဖက်များ တွေ့ကြပြီ)
နောက်ဆုံးတော့ လူများကို ရှာမတွေ့တော့ဘဲ အခြားဂူတစ်ခုမှ ကလေးအလောင်းကို တွေ့ရှိခဲ့သည်။ကလေးက မကြာသေးခင်ကမှ သေဆုံးသွားခြင်းပင်။
စုမုန့် စိတ်ဓာတ်ကျသွားရသည်။ သူတို့သည် အတော်ကို ရက်စက်ကြမ်းကြုတ်သူများပင်။လူ့အင်္ဂါများကို အရှင်လတ်လတ်ရောင်းစားကာ၊ ဖမ်းဆီးခေါ်ဆောင်သွားသော ကလေးများကို တစ်ဦးပြီးတစ်ဦး အသက်ဆုံးရှုံးစေခဲ့သည်။သို့သော် သူတို့ကိုယ်သူတို့ လုံးဝ အပြစ်မမြင်။သူတို့ စိတ်ထဲမှာ ငွေရဖို့သာ သိသည်။သူတစ်ပါး၏ဘဝကို ထိခိုက်စေသူများ၏ဘဝကလည်း အမြဲတမ်း ချောမွေ့နေမှာ မဟုတ်ေပ။တစ်နေ့မှာ သူတို့အမှားတွေအတွက် ပေးဆပ်ရလိမ့်မည်။
ပိတ်မိနေသော ကလေးငယ်များကို ရဲများက အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့သည်။စုမုန့်က လှိုဏ်ဂူထဲမှ အရိုးတွေအကြောင်း ရဲများအား ပြောပြသည်။ဤကိစ္စက အရေးကြီးသည့်အတွက် ရဲတွေက ဝေ့ထင် နှင့် စုမုန့်တို့ကို ရဲစခန်းဆီ ပြန်ပို့ပြီး စုံစမ်းစစ်ဆေးဖို့ လိုအပ်နေသည်။
စုမုန့် ကူညီချင်သော်လည်း ဝေ့ထင် ကို လှည့်ကြည့်လိုက်သည်။ဝေ့ထင်၏ မျက်နှာမှာ ဖြူဖျော့နေသည်။ တိုက်ပွဲအတွင်း သူ ဒဏ်ရာရသွားသောကြောင့် ဖြစ်နိုင်သည်။
"ကိုယ် အဆင်ပြေပါတယ်"
ဝေ့ထင် နှင့် စုမုန့်တို့ ရဲကားထဲသို့ဝင်ပြီးနောက် သူက ထိုတစ်ခွန်းတည်းသာ ပြောပြီး ထိုင်ခုံနောက်ကိုပြန်လှဲကာ မျက်လုံးမှိတ်ပြီး အနားယူလိုက်သည်။သူ နောက်ထပ် ဘာအသံမှ ထပ်မထွက်လာတော့။
ရဲစခန်းကို ပြန်ရောက်သည့်အခါ ရွာသူကြီး၏ သတင်းအချက်အလက်များကို အမြန်သိသွားကြသည်။ သို့သော် ဝေ့ထင်၊စုမုန့်နှင့် အခြားသူများမှလွဲ၍ ထိုထိပ်ပြောင်သူကို သေချာမသိကြ။
ထိုလက်အောက်ငယ်သားများကို ထိပ်ပြောင်သူက ယာယီသာ ငှားရမ်းခဲ့ခြင်းဖြစ်သည်။သူတို့သည် သူနှင့် တစ်နှစ်ခွဲမျှသာ လက်တွဲခဲ့သောကြောင့် သူ့အကြောင်းကို ဘာမှ မသိခဲ့ကြပေ။ အများအားဖြင့်တော့ ထိပ်ပြောင်သူပြောသမျှကို လုပ်ကြရ၏။ သို့သော် သူတို့နှင့် ပတ်သက်၍ အလွန်ရှင်းလင်းပြတ်သားသည့် အချက်တစ်ခုရှိသည်။ သူတို့လုပ်ခဲ့တာတွေက တရားမ၀င်မှန်းသိသော်လည်း ပိုက်ဆံရဖို့သာ ဆန္ဒရှိသူများပင်။
ဖမ်းဆီးခံထားရသည့် ကလေးငယ်များ၏ သတင်း အချက်အလက်တွေကို ရဲစခန်းက ထုတ်ပြန်ခဲ့သည်။မိသားစုက ကလေးတွေ အမြန်ရှာတွေ့ဖို့ စောင့်နေကြသာ်ပင်။ ဤဖြစ်ရပ်၏ သက်ရောက်မှုမှာ အလွန်ကြီးမားပြီး ရာဇ၀တ်ကောင်အရေအတွက် များလွန်းသဖြင့် တောင်ရွာရှိ ရဲစခန်းမှာ မကိုင်တွယ်နိုင်ပေ။ ထို့ကြောင့် နောက်နေ့တွင် သူတို့အားလုံး ထွက်ခွာသွားကြပြီး စုမုန့်တို့သည်လည်း ရဲကားဖြင့် ပြန်သွားခဲ့သည်။
ရဲတပ်ဖွဲ့က ဤအဖြစ်အပျက်ကို ပိတ်ပစ်ဖို့ ရည်ရွယ်ထားသည်။အခင်းဖြစ်ပွားရာရှိ ဓာတ်ပုံအချို့ကိုသာ ထုတ်ပြန်ခဲ့ပြီး အဖြစ်အပျက်ကို အတိအကျ မဖော်ပြထားပေ။သို့သော်လည်း ရွာအနီးတစ်ဝိုက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ကိစ္စက ကြီးမားတာကြောင့် နောက်နေ့မှာ သတင်းထဲအထိ ပါလာသည်။
အထူးသဖြင့် ရွာသူကြီးကပါ၊ ဖြစ်စဥ်ထဲတွင် ပါဝင်နေ၍ ကိုယ်တွင်းအင်္ဂါကုန်ကူးခြင်းနှင့် ကလေးကုန်ကူးခြင်း ဖြစ်ရပ်မှာ ခေတ်စားသွားရသည်။အမျိုးမျိုးသော အွန်လိုင်းပလက်ဖောင်းများတွင်လည်း ခေတ်စားနေသော ရှာဖွေမှုများထဲတွင် ပါဝင်လာ၏။
ဖုန်းရွှေ ဝါသနာအိုးများသည် ဂူအတွင်းရှိ ဓာတ်ပုံများကို မြင်သောအခါတွင် ၎င်းနောက်ကွယ်ရှိ ပဟေဠိကို ချက်ချင်းတွေ့မြင်ကြသည်။
[သရဲဇာတ်ကားတွေကို ဆယ်နှစ်ကျော်လောက် ကြည့်ရတဲ့ ကျွန်တော့် အတွေ့အကြုံအရဆို၊ ဒီဂူထဲမှာ အချက်အလက်တွေ အများကြီးရှိတယ်...ဒါက အစီအရင်တစ်ခု ဖြစ်မယ်...ဒီလိုမျိုး အရမ်းကောင်းတဲ့ နေရာမျိုးမှာ ရက်စက်တဲ့ကိစ္စတွေကို ကျူးလွန်ကြတာပဲ...ပိုပြီး အံ့သြစရာအကောင်းဆုံးကတော့ ဒီလို လျှို့ဝှက်အစီအရင်နဲ့ လုပ်ထားတဲ့နေရာကို ရှာတွေ့တာကိုပဲ..ဘယ်ပညာရှင်က ဒီလောက် အစွမ်းထက်တာလဲ..
သူ့ကို ဆရာတင်ချင်လိုက်တာ]
အင်တာနက်အသုံးပြုသူများသည် အားလုံးဝိုင်းဖွဲ့ဆွေးနွေးကြ၏။
[ဪ...ရာဇဝတ်မှုဆိုတာ လူမနီး၊သူမနီးနေရာ မျိုးမှာလုပ်မှာပေါ့...လူတွေကလည်း ဒါမျိုးဆိုသိပ်ယုံကြတာ...အစီအရင်ကောင်းလို့သာ ချမ်းသာရကြေးဆို ကမ္ဘာပေါ်က လူတိုင်းချမ်းသာနေမှာပေါ့]
[နင်တို့ မယုံကြဘူးလား...ဒီရွာလေးမှာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့ဖူးတယ်...ငါ ခရီးသွားတုန်းက ဒီရွာကို ဖြတ်သွားခဲ့တယ်… ရွာကလူတွေက အရမ်းထူးဆန်းတယ်… အဲဒီကိုသွားတုန်းက နေ့ခင်းဘက်ကြီးပေါ့... အဘိုးကြီးတစ်ယောက်က ငါ့ကို ညမအိပ်နဲ့...အိပ်ရင် ပြဿနာကြီးကြီးမားမား ကြုံရလိမ့်မယ်တဲ့…]
[ငါလည်း မအိပ်ခဲ့ဘူး...ငါနဲ့ အတူသွားနေတဲ့ သူငယ်ချင်းက အမှန်ဟုတ်မဟုတ်ဆိုတာ သိချင်တော့ သူက ညအိပ်နေခဲ့တာ... သူ ရွာကထွက်ပြီး နောက်တစ်နေ့မှာ ကားမှောက်သွားတာပဲ..ပြီးတော့ သူကားမှောက်သွားတဲ့နေရာက ငါ ကားအကြာကြီး ရပ်ထားတဲ့နေရာတည့်တည့်မှာပဲ... အခုပြန်တွေးကြည့်တော့ အဲဒီအဘိုးကြီးကို တစ်ကယ်ပဲ ကျေးဇူးတင်ရမှာ..]
[ရွာက အစီအရင်တွေ လုပ်ဖို့ ကလေးတွေကို ပြန်ပေးဆွဲပြီး ရောင်းစားတယ်လို့ မင်းတို့ရော ထင်လား]
[ဘယ်သူသိမလဲ...အာဏာပိုင်တွေက ဘယ်လိုကြေညာမယ်ဆိုတာကို စောင့်ကြည့်ရုံပါပဲ]
ဤကိစ္စသည် အတော်ပေါက်နေပြီဖြစ်သည်။
ရှန့်ကျန်းသည် အိမ်မှာ ဘာမှလုပ်စရာမရှိ၍ ဖုန်းကြည့်ရင်း ဤသတင်းကိုမြင်သွားသည်။ဓာတ်ပုံထဲက လူများမှာ စုမုန့် နဲ့ ဝေ့ထင် ဆိုသည်ကို ချက်ချင်းသိလိုက်၏။ယခုလိုအဖြစ်မျိုး ကြုံရမည်ဟု သူ မမျှော်လင့်ထားပေ။စုမုန့် အဆင်ပြေနေမှန်း သိထားသော်လည်း သူ စိတ်ပူနေဆဲပင်။ထို့ကြောင့် သူမကို ခေါ်ဖို့ ရဲစခန်းကို ချက်ချင်းသွားခဲ့သည်။
တစ်ဖက်တွင် စုမုန့် နှင့် ဝေ့ထင် တို့သည် ရဲကားဖြင့် ရဲစခန်းသို့ ပြန်လာခဲ့ကြသည်။ဤအမှုမှာ တာဝန်ရှိသူဟာ လုပိုင် ဖြစ်နေသည်။
"မစ္စစုမုန့်...ကိုယ် မင်းကိုလိုက်ပို့ပေးမယ်...ပြီးတော့ ကိုယ် ပြောထားတဲ့ကိစ္စအတွက် အဖြေရှိလားဆိုတာကိုလည်း မေးချင်တယ်"
အမှုကိုမေးမြန်ပြီးနောက် လုပိုင်က စုမုန့်ကို မေးသည်။
"သူမက ငါနဲ့ အတူရှိတယ်... မင်း သူ့ကို လိုက်ပို့ပေးဖို့ မလိုအပ်ဘူး"
ဝေ့ထင်သည် စုမုန့်၏ လက်ကို ကိုင်ကာ ထွက်သွားဟန်ပြင်လေသည်။
xxxxxx