Chapter 96
(ရည်းစားလုဘက်)
ဝေ့ထင်သည် စုမုန့်အား ဆွဲခေါ်လိုက်သည်ကို မြင်လိုက်ရပြီး လုပိုင် သူတို့နှစ်ယောက်ရှေ့တွင် ပိတ်ရပ်လိုက်သည်။
"မစ္စတာဝေ့...မစ္စစုက မင်းနဲ့ မဆိုင်ဘဲ သူမ စကားကို လေးစားသင့်တယ်ထင်တယ်… ငါ သူမနဲ့စကားပြောနေတယ်"
လုပိုင်က မျက်မှောင်ကြုတ်ထားပြီး မကျေမနပ်ဖြစ်နေဟန်ပင်။စုမုန့် သူ့ဒေါသကို သိသည်။သူက အားလုံးအပေါ်ကိုသာ စိုးမိုးချင်သည်။လူတိုင်းက သူ့စကားကို နားထောင်ရမည်။သူမတို့ကို ကြည့်နေသည့် ရဲများအား ကြည့်ပြီး ဝေ့ထင်ကို တစ်ချက်ကြည့်ပြန်သည်။လူတွေ သူ့ကိုကြည့်နေသောကြောင့် သူ့မျက်နှာထားက မသာမယာဖြစ်နေရသည်မှာ အံ့သြစရာမဟုတ်ပေ။သူ အမြန်ဆုံး ထွက်သွားချင်နေမှာပင်။ထို့ကြောင့် သူ ဒေါသမထွက်ခင် သူမ လုပိုင်ကို
"မစ္စတာလု...ကျွန်မ အဲဒီနေ့ကရှင်းရှင်းလင်းလင်းပြောခဲ့တယ်ထင်ပါတယ်...ကျွန်မကို မေးစရာ မလိုတော့ဘူး"
သူမသည် ထိုနေ့ကပဲ အလွန်ရှင်းလင်းသော အဖြေတစ်ခုကို ပေးခဲ့ပြီးဖြစ်သည်။လုပိုင်က လူကြီးလူကောင်းတစ်ယောက်လို ပြုံးလိုက်ပြီး သူမ၏ မေးခွန်းကို မဖြေဘဲ စကားလမ်းကြောင်းပြောင်းလိုက်၏။
“အဲ ရုတ်တရတ်ကြီး ပြောမိတာ ဆောရီးပါ...နောက်မှပဲ ပြောကြရအောင်...ကိုယ်တို့ သူငယ်ချင်းတွေ ဖြစ်လာကြရင် တစ်ယောက်နဲ့တစ်ယောက် ပိုသိလာနိုင်တယ်လေ”
ဝေ့ထင်သည် သူ့ကိုရှေ့ကပိတ်ထားသူ လုပိုင်ကြောင့် စိတ်တိုနေပြီဖြစ်သည်။ထိုမျှမကသေး၊လုပိုင်က သူ့ရှေ့မှာ ဒီလိုစကားတွေ လာပြောနေတာကြောင့် သူ့မျက်နှာက ပိုသုန်မှုန်လာခဲ့သည်။စုမုန့်က သူ့ဇနီးပင်။လုပိုင်သည် သူမကို ပြောင်ပြောင်တင်းတင်းပင် ခိုးယူရန် ကြိုးစားနေလျက်ရှိသည်။ထို့ကြောင့် သူ စုမုန့်ကိုဖက်ထားပြီး အေးစက်စက်ပြောလိုက်သည်။
"မင်း စည်းမကျော်နဲ့...သူမကို ငါ ပိုင်တယ်...မင်းက သူမနဲ့ နီးစပ်ချင်လို့မရဘူး"
လုပိုင်၏ မျက်နှာက မည်းမှောင်သွားသည်။စုမုန့်နှင့် ဝေ့ထင် ကွာရှင်းတော့မည်ကို သူသိသော်လည်း၊စုမုန့်ကို ဝေ့မိသားစုမှ လက်မခံကြောင်း သူသိသည်၊သူတို့နှစ်ဦးမှာ ခံစားချက်တစ်စုံတစ်ရာမရှိမှန်း သူသိသော်လည်း၊ သူဘယ်လောက်ပဲ သိနေပါစေ..သူမဟာ ဝေ့ထင်၏ တရားဝင်ဇနီးသည်ပင်။ ထို့ကြောင့် သူတို့နှစ်ယောက်ကို သူ့မှာတားခွင့်မရှိ။
"ကောင်းပြီလေ... ဒါဆို မင်းတို့လမ်းခွဲပြီးရင် ပြောမယ်"
ထို့နောက် ခေါင်းကို လှည့်ကာ “မစ္စစု၊ အားတဲ့အခါ အတူတူထမင်းစားရင်ကော...မင်းက ကိုယ့်အသက်ကို ကယ်ခဲ့တာလေ...ကိုယ် ဒီလောက်တော့ ပြန်ပေးပါရစေ"
သူ့စကားအဓိပ္ပါယ်က ထင်ရှားသည်။ ဝေ့ထင်ကို ယနေ့ အဆုံးထိ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပုံရသည်။
စုမုန့်: “…”
လုပိုင်က ဒီလိုတဇောက်ကန်းဆိုတာ သူမ အခုမှသိရပါလား...
ဝေ့ထင်က သူမကို မကြိုက်သော်လည်း သူမတို့နှစ်ယောက် လမ်းခွဲမပြီးသေးပေ။လုပိုင်သည် ဝေ့ထင် ရှေ့မှာပင် ထိုသို့သောစကားကို ပွင့်ပွင့်လင်းလင်းပြောခဲ့သည်။သူမ အမြင်မှာ ဝေ့ထင်က ဝေ့ရွှယ် တစ်ယောက်တည်းကိုသာ စိတ်ဝင်စားသည်ဟု မြင်မိ၏။ထို့ကြောင့် သူမလည်း လုပိုင်ကို အခွင့်အရေးပေးသင့်ပေသည်။
"ကောင်းပြီလေ..."
သူမ စကားဆုံးသည်နှင့် ဝေ့ထင်၏ နဂိုကမှိုင်းညို့နေသော မျက်နှာသည် ချက်ချင်းပင် နီရဲတွတ်လာ၏။
"ဒါဆို ပြေလည်သွားပြီ....မင်း အားတဲ့အချိန်မှာ လိုက်ပို့ပေးပါ့မယ်... အဘိုးကလည်း မင်းကို ထမင်းဖိတ်ကျွေးချင်နေတာ ကြာပြီ…သူက မင်းအကြောင်း နေ့တိုင်းပြောနေတယ်"
လုပိုင်သည် နောက်ဆုံးစကားတစ်ခွန်းကို တမင်တကာပင် ပြောလိုက်၏။တစ်ချိန်တည်းမှာပင် ဝေ့ထင်ကို လှမ်းကြည့်လိုက်ရာ ဒေါသထွက်နေသည်ကို တွေ့ရ၏။
“မင်း…”
သူတို့နှစ်ယောက်ကြားမှာ အခြေအနေတွေ ပိုတင်းမာလာပြီး ဝေ့ထင် တစ်ခုခုပြောဖို့ ပြင်လိုက်ချိန်မှာပဲ စုမုန့်၏ ဖုန်းက ရုတ်တရက်မြည်လာသည်။
စုမုန့် ဖုန်းကိုတစ်ချက်ကြည့်ရာ ဆရာ့ဆီကဖြစ်နေ၍ ဝေ့ထင်တို့နှစ်ယောက်ကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ပြီးမှသာ သူမ ဖုန်းကို ကိုင်လိုက်သည်။
ကောရှန်း သည် ကိစ္စများကိုသိပြီးဖြစ်ကာ စိုးရိမ်သံဖြင့်
"မင်း ပြန်ပေးဆွဲသမားနဲ့ တွေ့ခဲ့တယ်ဆို"
"စိတ်မပူပါနဲ့ အဘိုးကော...ကျွန်မ အဆင်ပြေပါတယ်...ဝေ့ထင်နဲ့ ကျွန်မ ရဲစခန်းမှာ ရှိတယ်...ကျွန်မတို့ မကြာခင် ပြန်လာမယ်"
ကောရှန်း၏ စိုးရိမ်နေသော လေသံကိုကြားပြီး သူမ သူ့ကို အမြန်နှစ်သိမ့်ပေးလိုက်သည်။
"မင်း အဆင်ပြေရဲ့လား....အဆင်ပြေရင်ပြီးတာပါပဲ...ရှန့်ကျန်းလည်း ဒီကိစ္စကို သိတယ်...သူက မင်းကို အရမ်းစိတ်ပူပြီး မင်းကိုသွားလိုက်ရှာနေတာ...သူ့ဖုန်းက ကျန်နေခဲ့လို့.. သူ့ကို ခဏစောင့်လိုက်...ပြီးမှ မင်းတို့ အတူတူ ပြန်လာလို့ရတယ်"
“အင်းအင်း..”
ကောရှန်း နှင့် စကားပြောပြီးနောက် သူမ ဖုန်းကိုချကာ ခေါင်းလှည့်ကြည့်လိုက်သည်။ လုပိုင် နှင့် ဝေ့ထင် တို့သည် တစ်ယောက်ကိုတစ်ယောက် မဖြစ်ဘဲ၊သူမက တိတ်တိတ်နေရန် ပြောထားသောကြောင့် စကားမပြောဖြစ်ခဲ့ကြပေ။သူမ ဝေ့ထင်ကို
"ကျွန်မ လူတစ်ယောက်ကို စောင့်ရမှာ… ရှင် အရင်ပြန်သွားလို့ရတယ်"
(စိတ်နဲ့ကိုယ်နဲ့မကပ်သူ)
သူမနှင့် ဝေ့ထင် တို့ဟာ အခက်အခဲတစ်ခုကို အတူတူခံစားခဲ့ကြဖူးသည်။ထို့ကြောင့် ဝေ့ထင်သည် အလွန်သစ္စာစောင့်သိသူမှန်း သိ၏။ထို့ကြောင့် သူမ သူ့ကို မုန်းတီးနေသေးသော်လည်း သူမ၏ သဘောထားမှာ များစွာ ပျော့ပျောင်းသွားခဲ့သည်။
“မစ္စစု စောင့်ချင်တယ်ဆိုလည်း ဧည့်ခန်းထဲမှာ ခဏလောက်ထိုင်လို့ရတယ်…မင်းအဲဒီမှာစောင့်လို့ရတယ်"
လုပိုင် ပြုံးပြီး စုမုန့်ကို ဖိတ်ခေါ်သည် ။
"မလိုပါဘူး... ငါတို့အပြင်မှာစောင့်နေမယ်"
ဝေ့ထင်က မျက်မှောင်ကြုတ်ပြီး ပြောကာ စုမုန့် ၏ လက်ကောက်ဝတ်ကို ကိုင်ပြီး သစ်ပင်ရိပ်အောက်ဆီသို့ ဆွဲခေါ်သွားသည်။ အချိန်က အတော်အတန်စောနေသေးသော်လည်း နေရောင်နှင့်အကြာကြီးထိတွေ့ပြီးနောက် အားလုံး ပူအိုက်လာကြသည်။
“ဒါလည်း ကောင်းပါတယ်...ကိုယ်လည်း အခုမှပဲ အနားယူရတာ... မင်းနဲ အတူစောင့်ပေးနိုင်ပါတယ်"
လုပိုင်သည် အချိန်ကိုကြည့်လိုက်ပြီး သစ်ပင်ရိပ်ဆီသို့ လိုက်လာသည်။
လေထုက တင်းမာနေဆဲပင်။ စုမုန့် သူတို့ နှစ်ယောက်ကို စေ့စေ့မကြည့်တော့။သူမ ပြောသင့်တာကို ပြောပြီးပြီ။ သူမသည် ဝေ့ထင် နှင့်ကွာရှင်းမည်ဖြစ်သလို၊ လုပိုင်ကိုလည်း လက်ခံမည်မဟုတ်ပေ။ထို့ကြောင့် သူတို့နှစ်ဦးကြားတွင် မည်သို့ပင်ဖြစ်နေပါစေ၊ သူမကို မထိခိုက်စေသရွေ့ သူမနှင့် ဘာမှမဆိုင်။သူမအတွက်၊ ယခုအချိန်တွင် အရေးကြီးဆုံးမှာ ငွေရှာရန်နှင့် ဆရာဖြစ်သူကို ထောက်ပံ့ရန်ဖြစ်သည်။သူမတခြားဘာကိုမှ ဂရုမစိုက်။
ကံကောင်းစွာနှင့် မကြာင် ရှန့်ကျန်း ရောက်လာသည်။ ရှန့်ကျန်း စိုးရိမ်တကြီးဖြင့် ကားထဲမှ ဆင်းလာပြီး သူမဆီ ပြေးလာနေ၏။
"စုမုန့် အဆင်ပြေရဲ့လား"
စုမုန့် အနားရောက်သွားတော့ သူမကို ပွေ့ဖက်ဖို့ လက်ကိုကားလိုက်၏။သို့သော်လည်း သူ့လက်က စုမုန့် ကိုမထိခင်မှာ သူ့ဘယ်ညာပခုံးတစ်ဖက်ဆီကနေ လက်သန်ကြီးနှစ်ဖက်က နောက်ပြန်ဆုတ်စေသည်။
ရှန့်ကျန်း ဓားနှင့်တူသော အကြည့်နှစ်စင်းကို လျစ်လျူရှုလိုက်ကာ စုမုန့်ကို
"မင်းအဆင်ပြေရဲ့လား...ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကော ပျောက်သွားသေးလား"
"ကျွန်မ နေကောင်းပါတယ်...ဒါပေမယ့် ရှင့်ကိုယ်တွင်းအင်္ဂါတစ်ခုကတော့ ပျောက်နေတယ်ထင်တယ်"
စုမုန့်၏ စကားကိုကြားလျှင် ရှန့်ကျန်း ထိတ်လန့်သွားသည်။ သူ စက္ကန့်အနည်းငယ်လောက် တွေးကြည့်ပြီးနောက် စုမုန့်က
“ရှင့်စိတ်က လူနဲ့မကပ်နေဘူးလေ”
ရှန့်ကျန်း သေချာမတွေးခဲ့မိပေ။သူမ၏ အင်္ဂါအစိတ်အပိုင်းများသာ အမှန်တစ်ကယ် ဖယ်ထုတ်ခံရပါက၊ သူမသည် ဤကဲ့သို့ အပြင်မှာအရှင်လတ်လတ်ကြီး ရပ်နေနိုင်မည်မဟုတ်ပေ။ သို့သော် ရှန့်ကျန်း စိုးရိမ်ပူပန်နေတာကြောင့် စိတ်ထဲမှာ နွေးထွေးမိလေ၏။
ရှန့်ကျန်း: "..."
သူ မပြောခင်ကတည်းက စဉ်းစားသင့်သည်။သူ့ဆရာ၏ အဆိပ်ပြင်းသောလျှာက အတော်ပြင်းလေ၏။
"ကောင်းပြီ တခြားဘာမှ မရှိဘူးဆိုတော့ သွားကြရအောင်"
စုမုန့် လမ်းဘေးသို့ လျှောက်သွားရင်းဆိုသည်။
"တို့ ဘယ်လိုပြန်သွားကြမလဲ… တက္ကစီစီးမှာလား"
ရှန့်ကျန်းကလည်း သူမ၏နောက်သို့ လိုက်သွားခဲ့သည်။ ဝေ့ထင် နှင့် လုပိုင် တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ချက်ချင်း နောက်မှလိုက်ကြသည်။
လုပိုင်သည် စုမုန့် အနားကို အမြပြေးလာပြီး "မစ္စစု၊ ဒီနေ့ အရေးကြီးကိစ္စရှိလို့လား"
သူမ ခေါင်းယမ်းလိုက်သည်။
"ဟင့်အင်း...အိမ်ပြန်ပြီး အနားယူဖို့ စီစဉ်ထားတယ်”
"ဒီမှာ တက္ကစီရှာရတာ မလွယ်ဘူး...ကိုယ်လည်း အားတယ်လေ...လိုက်ပို့ပေးမယ်...အဘိုးကော ဆီကိုလည်း တစ်ခါတည်းလည်လို့ရတယ်"
သို့သော် သူမ ပြန်မဖြေမီတွင် အနက်ရောင်ကားတစ်စီး သူတို့ဘေးတွင် ရပ်လိုက်သည်။ကားမောင်းသမားက ကားပေါ်ကဆင်းပြီး တံခါးဖွင့်ပေးရင်း ဝေ့ထင်နှင့် စုမုန့်ကို တလေးတစား နှုတ်ဆက်သည်။
"ဥက္ကဌဝေ့... သခင်မလေး...တောင်းပန်ပါတယ်...ကားလမ်း နည်းနည်းကျပ်နေလို့ ကျွန်တော်နောက်ကျနေတာပါ"
ဝေ့ထင်က ခေါင်းညိတ်ပြီး စုမုန့်ကို
"ကားပေါ်တက်ပါ....ပြန်လိုက်ပို့ပေးမယ်"
ရှန့်ကျန်းသည် လုပိုင်ကိုကြည့်ပြီးတော့ ဝေ့ထင်ကိုကြည့်လိုက်ပြန်သည်။သူ အေးဆေးတည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားနေသော်လည်း စိတ်ထဲက အတော်လှုပ်ရှားနေရလေပြီ။မကြာမီ သူမညံ့ဘူးဆိုသည့်အကြောင်း စုမုန့်အား ပြချင်လာကာ...
“ယောက်ဖနဲ့ မင်းရဲ့ အနာဂတ် ချစ်သူကြား တိုက်ပွဲပါလား...မင်းက ဘယ်သူ့ကိုရွေးချင်လဲ"
“…”
စုမုန့်၊ ဝေ့ထင် နှင့် လုပိုင်တို့ သူ့ကိုဘာမှမပြောဘဲကြည့်လိုက်ကြသည်။ရှန့်ကျန်း ကတော့ ဆက်ပြောနေသည်။
“ယောက်ဖက အတိတ်မှာကျန်ခဲ့ပြီလေ..အခုတော့ မင်း မျှော်လင့်ရမှာက အနာဂါတ်....."
"ပါးစပ်ပိတ်ထား"
သူ့စကား တစ်ဝက်တစ်ပျက်မှာတင် ရှန့်ကျန်း ပတ်ဝန်းကျင်မှ အေးစက်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ အတန်ငယ် ကြောက်စရာကောင်းသည်။ တုန်တုန်ယင်ယင်နှင့် စကားဆက်ချင်သော်လည်း အေးစက်မှု၏ဇာစ်မြစ် ဝေ့ထင်၏ မျက်နှာထားကို သူမြင်လိုက်ရသည်။ထို့ကြောင့် သူ ချက်ချင်းပင် နှုတ်ခမ်းကိုပိတ်လိုက်ပြီး ဇစ်ပိတ်သည့် အမူအရာ လုပ်ပြလိုက်လေတော့သည်။
(ဆရာမနှင့်အတူ ထိုင်ချင်တယ်...)
ကားကို ဘယ်သူပို့လိုက်လဲဆိုသည့် မေးခွန်းကို စဉ်းစားဖို့တောင် စုမုန့် အခွင့်အရေး မရတော့။ရှန့်ကျန်း ပြောနေချိန်မှာ ရဲသားတစ်ယောက် ရဲစခန်းထဲက ထွက်လာပြီး လုပိုင်ကို
"ဆရာ…ဒါက သာမာန်ကိစ္စမဟုတ်လို့ အဲဒါကို ကိုင်တွယ်ဖြေရှင်းဖို့ ဆရာ့ရဲ့ လမ်းညွှန်ချက်လိုပါတယ်”
စုမုန့် နှင့် အခြားသော ပြင်ပလူများ ရှိနေသဖြင့် ရဲအရာရှိက ၎င်းနှင့်ပတ်သက်သည့် အကြောင်းအရာကို အသေးစိတ်မပြောပေ။လျှို့ဝှက်ကိစ္စလည်း ဖြစ်၍ ထုတ်ပြော၍မရ။
လုပိုင် စိတ်ပျက်သွားသော်လည်း လူထုကို အကာအကွယ်ပေးရမည့်မှာ သူ့တာဝန်ဖြစ်၍ နှောင့်နှေးမနေနိုင်ပေ။ သူ စုမုန့်ကို ချက်ချင်းတောင်းပန်ပြီး
"တောင်းပန်ပါတယ် မစ္စစုရယ်....ဒီနေ့ ကိုယ် မင်းကို လိုက်မပို့နိုင်တော့ဘူး… နောင်အချိန်ရရင် မင်းကို လာတွေ့မယ်"
စုမုန့်က ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်ပြီး "ကျွန်မ ဆရာ့ကိုယ်စား ကျေးဇူးတင်ပါတယ်"
ကားမောင်းသမားသည် အတော်လျင်သူဖြစ်၍ ဘာကိုဆိုလိုမှန်းနားလည်ကာ ဝေ့ထင် အမိန့်ကိုပင်မစောင့်ဘဲ...
"သခင်မလေး၊ ကားပေါ်တက်ပါ"
ထိုအခါ သူမ ကားနောက်ခန်းသို့ တက်ရန်ပြင်လိုက်သည်။သူမတို့ စခန်းထဲမှ ထွက်လာတာ တော်တော်ကြာနေပြီဖြစ်သော်လည်း ယခုထိ တက္ကစီတစ်စီးတောင် မမြင်ရသေး။ဝေ့ထင်၏ကားသာ ရောက်မလာပါက တက္ကစီစောင့်ရမည့်အချိန် ဘယ်လောက်ကြာမည်ကို မသိပေ။ယခုမူ ဇိမ်ခံကားကို ပိုက်ဆံမကုန်ဘဲ စီးရပေတော့မည်။
သူမသည် ဝေ့ထင်၏ကားနောက်ခန်းတွင် စီးမည်ဟု ရှန့်ကျန်း မြင်လိုက်သည်။သူပါ နောင်ခန်းထဲ သွားထိုင်ဖို့ပြင်ချိန်မှာ ဝေ့ထင်က သူ့အင်္ကျီလည်ပင်းနောက်ဘက်ဆီမှ ဆွဲထားလိုက်သည်။
“ရှေ့ကိုသွား”
ရှန့်ကျန်း ခေါင်းညိတ်လိုက်ပြီး ကားနောက်ခန်းကို ကြည့်လိုက်၏။နောက်ခန်းက အတော်လေး ကျယ်ဝန်းသဖြင့် လူသုံးယောက်ထိုင်၍ရ၏။ဝေ့ထင်၏ ရက်စက်မှုကို သူမြင်ဖူးသည်မှာ အတော်ကြာပါပြီ။ထို့အပြင် ဝေ့ထင်နှင့် စုမုန့် တို့သည် အချိန်အတော်ကြာ မတည့်မရှုဘဲ နေထိုင်ခဲ့ကြသည်။ ဝေ့ထင်က စုမုန့်ကို အနိုင်ကျင့်ဖို့လုပ်ရင် ဘယ်လိုလုပ်မလဲ...ထို့ကြောင့် သူ ပြတ်ပြတ်သားသား ငြင်းလိုက်သည်။
"မဟုတ်ဘူး...ကျွန်တော် ဆရာမစုမုန့်နဲ့ ထိုင်ချင်တယ်"
ရှန့်ကျန်း စကားကိုကြားတော့ ဝေ့ထင်က မျက်မှောင်ကြုတ်ပြီး “ဒါဆို မစီးနဲ့...ကိုယ့်ဘာသာပြန်"
ဝေ့ထင်၏ခြိမ်းခြောက်စကားကြောင့် ရှန့်ကျန်း ချက်ချင်း ကြောက်သွားသည်။စောစောကလေးတင်၊တက္ကစီစီးလာ၍ သူ့ပါလာသမျှပိုက်ဆံတွေ အကုန်နီးပါး သုံးခဲ့သည်။သူ့ဘာသာသူ ပြန်သွားမယ်ဆိုရင် လမ်းလျှောက်ပြန်ရမှာ မဟုတ်ဘူးလား...သူ ချက်ချင်း ပါးစပ်ပိတ်ပြီး ရှေ့ခန်းထိုင်ခုံဆီသို့ လျှောက်သွားကာ တံခါးဖွင့်၍ ကားပေါ်တွင် ငြိမ်သက်စွာထိုင်နေလိုက်သည်။
စုမုန့်: "..."
ဝေ့ထင်သည် စုမုန့် နံဘေးမှာထိုင်ပြီး ရှန့်ကျန်းက ရှေ့ခရီးသည်ထိုင်ခုံမှာ ထိုင်၍ ကားက ရှေးဟောင်းပစ္စည်းဆိုင်ကို မောင်းသွားသည်။ယခုထိ သုံးယောက်သား စကားမဆိုဖြစ်ဘဲ တိတ်တိတ်ဆိတ်ဆိတ်ပင်။
စုမုန့် ထိုင်ခုံနောက်ကို မှီပြီး မျက်လုံးကိုမှိတ်လိုက်၏။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူမ ကောင်းမွန်စွာ အနားမယူခဲ့ရပေ။မနေ့ညကလည်း ပြန်ပေးဆွဲသူများထံမှ လွတ်မြောက်ဖို့ ကြိုးစားထားသောကြောင့် မောပန်းနွမ်းနယ်နေခဲ့သည်။ထို့ကြောင့် သူမသည် ကားပေါ်တွင် သက်တောင့်သက်သာထိုင်ကာ စိတ်ကို ဖြေလျှော့လိုက်သည်။မကြာမီ သူမ အိပ်ပျော်သွားခဲ့သည်။ ဝေ့ထင်က သူမကို မနှောင့်ယှက်ဘဲ တိတ်တိတ်လေးပဲ ကြည့်နေခဲ့သည်။ယခု သူမ မျက်နှာလေးက နွမ်းလျနေပြီး ဆံပင်များမှာလည်း အနည်းငယ် ရှုပ်ပွနေသည်။သူမ ပင်ပန်းခြင်းကြောင့်လား သို့မဟုတ် ထွက်ပြေးစဉ်က ဖုန်များ တွယ်ကပ်နေခြင်းကြောင့်လား မသိ။သူမ၏ နဂိုက ဖြူနုသော မျက်နှာလေးသည် ယခုအခါ ဖျော့တော့နေပြီး သနားစရာကောင်းနေသည်။
ဝေ့ထင် သူမ မျက်နှာကို ထိဖို့ လက်မြှောက်လိုက်ချိန်မှာ..ရှေ့တွင်ထိုင်နေသော ရှန့်ကျန်း က ချက်ချင်းလှည့်၍
“ဘာလုပ်မလို့လဲ”
ရှန့်ကျန်းသည် ရှေ့တွင်နာခံမှုရှိရှိ ထိုင်နေသော်လည်း နောက်ကြည့်မှန်ထဲမှ ဝေ့ထင်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ဝေ့ထင် လက်ကို မြှောက်လိုက်သောအခါ စုမုန့်အား အနိုင်ကျင့်မည်ဟု တွေးထင်ပြီး ပြောလိုက်ခြင်းသာ။
ရှန့်ကျန်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားသော ဝေ့ထင်သည် အေးစက်သောမျက်လုံးအစုံဖြင့် ရှန့်ကျန်းကို စိုက်ကြည့်နေသည်။ဤအေးစက်သောအကြည့်အောက်တွင် ရှန့်ကျန်း ခြောက်သွေ့စွာ ရယ်မောပြီး
“စုမုန့် အရမ်းပင်ပန်းနေပုံရတယ်....ခင်ဗျား သူ့ကို မနှောင့်ယှက်ဘဲ ကောင်းကောင်း အနားယူစေတာက ပိုကောင်းပါတယ်.... ပြန်ပေးဆွဲသမားတွေလက်ကနေ လူတိုင်းလွတ်လာဖို့ ဆိုတာ မလွယ်ဘူးလေ"
ဝေ့ထင် တွေးလိုက်မိသည်က၊အကယ်၍ စုမုန့်သာ နိုးလာပြီး သူမကို ထိမှန်းသိလျှင် အတော်စိတ်ဆိုးနေပေမည်။ထို့အပြင် ရှန့်ကျန်း ပြောလိုက်သည်မှာ အဓိပ္ပာယ်ရှိသဖြင့် ဘာမှပြန်မပြောဖြစ်ပေ။
ကားကို အာရုံစူးစိုက်မောင်းနေသည့် ကားမောင်းသမားက ရှန့်ကျန်းသည် ဝေ့ထင် ကို စိတ်အနှောင့်အယှက်ဖြစ်စေမှန်း သတိထားမိ၏။ ထို့ကြောင့် သူက တိတ်တိတ်လေး နောက်ကြည့်မှန်ကို လှန်လိုက်သည်။သို့ဖြစ်၍၊နောက်ခန်းကို မမြင်နိုင်တော့။
“ရှေ့မှာရပ်” အတန်ကြာအောင် မောင်းပြီးသောအခါ ဝေ့ထင် ရုတ်တရက် စကားစလာသည်။
ဒရိုင်ဘာက ဘာမှမမေးပေ။ မည်သို့ပင်ဆိုစေကာ၊သူဌေးဖြစ်သူက သူ့အား ခိုင်းစေသမျှကို သူလုပ်ပေးရသည်။ ကားရပ်ပြီးနောက် ဝေ့ထင် တံခါးကိုဖွင့်ကာ ထွက်လာခဲ့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် စျေးဝယ်အိတ်တစ်လုံးနှင့် သူပြန်ရောက်လာသည်။ စုမုန့် တစ်ကယ်ပင် ပင်ပန်းနေပြီဖြစ်ကာ နှစ်ခြိုက်စွာ အိပ်ပျော်လျက်ရှိသည်။ဝေ့ထင် ကားပေါ်ကဆင်းပြီး ပြန်လာမှန်းတောင် သူမ မသိလိုက်။
xxxxxx