ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၄၂.၁)
အလုပ်ရှုပ်လှသည့် နွေဦးကောက်စိုက်ခြင်းမှာ သိပ်မကြာခဲ့ချေ။ သက်ဝင်လှုပ်ရှားလှတဲ့အချိန်မှာ မြန်မြန်ရောက်လာပြီး မြန်မြန်ပင် ပြီးဆုံးသွားခဲ့လေသည်။ လယ်သမားတို့ရဲ့ လက်ထဲမှ အလုပ်တာဝန်များလည်း ပို၍လွယ်ကူလာလျက်။ သူတို့အားလပ်ချိန်မှာ လယ်ကွင်းသို့သွားကာ ပျိုးပင်ပေါက်လေးများကို ဂရုစိုက်ကြမည်။ နွေဦးမိုးများလာသည်နှင့်အမျှ တောင်ပေါ်ရှိ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်ရိုင်းတွေလည်း တဖြည်းဖြည်း ကြီးထွားလာကြလေပြီ။
လင်းဖန်းလျန်က ရှဲ့မိသားစုရဲ့ လယ်ကွင်း၌ ကူညီပေးပြီးနောက် မြို့သို့ ပြန်သွားခဲ့ပြီ။ သူက ရက်ပေါင်းများစွာ အဝေးရောက်နေခဲ့သဖြင့် အိမ်တွင် သမားတော်ကြီးလင်း တစ်ယောက်သာ ကျန်ခဲ့သောကြောင့် စိတ်မချပေ။ ထို့ကြောင့် သူက လယ်အလုပ်တွေဖြင့် ရှုပ်နေခဲ့သော်လည်း ရှဲ့ကောအာနှင့် စကားပြောပြီး အချိန်ကုန်ဆုံးဖို့ မကြာခဏ အကြောင်းပြချက်ရှာခဲ့သည်။
ဤအဖြစ်ကြောင့် သူလည်း တောင်အနောက်ဘက်သို့ သွားရန် အချိန်ပင်မရှိခဲ့ချေ။ သူမထွက်သွားခင်မှာ ရှဲ့ကောအာက လင်းဖန်းလျန်အတွက် ကောက်ရိုးဖိနပ်တစ်ရံပေးခဲ့၏။
အမှန်တကယ်တော့ လင်းဖန်းလျန်က ရှဲ့ကောအာလုပ်နေတာကို တွေ့သွားတဲ့အခါ သူ့အတွက် တစ်ရံလောက်လုပ်ပေးဖို့ အထူးတောင်းဆိုခဲ့၍သာ။ သူအလွန်ပျော်ရွှင်နေဆဲဖြစ်သော်လည်း တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အိမ်ပြန်သွားရလေသည်။
ရွှီမိသားစုခြံဝင်း၌ ကြက်ပေါက်လေးများဆီမှ ရံဖန်ရံခါ ကျည်ကျည်ကျာကျာအသံလေးတွေကြားနေရပြီး ဝက်ခြံထဲမှ ဝက်ကလေးကလည်း ရံဖန်ရံခါ အသံပြုနေပေရာ မူလက လူနှစ်ဦးသာရှိတဲ့ခြံဝင်းလေးမှာ သက်ဝင်လှုပ်ရှားစေလျက်။
လီချန်ဖုန်းက ဝေ့လောင်အာ့တောင်းဆိုထားတဲ့ ဗီရိုကို ပြုလုပ်နေစဥ် ရွှီချင်းက သူ့ဘေးမှာထိုင်ပြီး ကောက်ရိုးဖိနပ်တစ်ရံကို ဝီရိယရှိရှိပြုလုပ်နေသည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း သူက ဖိနပ်သုံးရံလုပ်ပြီးသွားခဲ့ကာ ဖိနပ်လုပ်ရတာကို စွဲလန်းနေတော့သည်။ သူ့ရဲ့လက်မှုပညာလည်း တိုးတက်လာခဲ့၏။ ယခုဆို လီချန်ဖုန်းက သူ့အတွက် ရွှီချင်းလုပ်ထားပေးတဲ့ ဆိုဒ်တော်တဲ့ကောက်ရိုးဖိနပ်ကို ဝတ်ထားခဲ့သည်။
"အနာဂတ်မှာ ကျွန်တော်တို့ ကြက်သားနှပ်ချက်စားရင် ကောင်းမယ်လို့ ခင်ဗျားထင်လား?" ရွှီချင်းက ရည်ရွယ်ချက်ရှိရှိ မွေးထားတဲ့ ကြက်ပေါက်ကလေးတွေ နည်းနည်းကြီးထွားလာပြီဖြစ်၍ စတင်စဥ်းစားနေပြီဖြစ်၏။ သူ ကြက်သားမစားရတာကြာပြီဆိုတော့ နေ့တိုင်း သူ့ရှေ့မှာလျှောက်ပြေးနေတဲ့ ကြက်ပေါက်လေးအုပ်စုကိုကြည့်ရင်း ကြက်သားဟင်းမျိုးစုံကို ပိုပိုပြီးတွေးလာမိခဲ့သည်။
လီချန်ဖုန်းက သစ်သားပျဥ်ပြားပေါ်မှ အဖုတစ်ဖုကို ဖယ်ထုတ်ကာ ပြန်ဖြေလာ၏။ "ဒါပေါ့၊ အဲ့ဒီဆယ့်ငါးကောင်လုံးကို ချက်ပစ်လိုက်လို့ရတယ်!"
"ဒါပေမယ့် ကျွန်တော် ကြက်ဥလည်း စားချင်တယ်!" ရွှီချင်းက အပေါ်မှာ ကြက်သွန်မြိတ်လေးတွေနှင့် ရွှေရောင်ကြက်ဥပေါင်းကို ရုတ်တရက်တွေးမိသွားခဲ့၏။
အား... တွေးကြည့်ရုံနဲ့တင် သူ့ပါးစပ်က သွားရည်တောင်ကျတော့မယ်ကွာ။
ဤတောင်းဆိုချက်ကြောင့် လီချန်ဖုန်းမှာ ဆုံးရှုံးသွားသလိုပင်။ ကြက်ပေါက်လေးတွေက သေးသေးလေးပဲရှိသေးတာ၊ သူတို့ ဥဥကြဖို့ဆိုတာ အချိန်တော်တော်ကြာဦးမှာလေ။ ရွှီချင်းက ကြက်ဥစားချင်နေပုံရသောကြောင့် ရွာထဲမှာ ရောင်းမယ့်သူရှိလားလို့ သူသွားကြည့်ရမယ်။
"ဒေါက် ဒေါက်! လူရှိလား?"
ရွှီချင်းလည်း သူ့လက်ထဲမှ တစ်ဝက်သာပြီးသေးတဲ့ ကောက်ရိုးဖိနပ်ကို အောက်ချလိုက်ပြီး သူ့ကိုယ်သူ ဖုန်ခါလျက် "လာပါပြီ!"
သူ ဒီအသံကို မရင်းနှီးပါဘူးနော်။
"ဟယ်လို အစ်ကိုရှောင်ချင်း!" မျက်နှာပေါ်မှာ အပြုံးကြီးကြီးနှင့် ရှယွီသည် ခြင်းတောင်းတစ်လုံးဖြင့် ခြံတံခါးဝမှာ မတ်တပ်ရပ်ရင်း ရွှီချင်းကို အော်ခေါ်လိုက်၏။ (T/N: နာမည်မှာ ရှောင် တပ်ခေါ်တာကလေ ရင်းနှီးတဲ့သူတွေ/ အသက်ကြီးတဲ့သူတွေက ခေါ်ကြတာပါနော်။)
ဤအခေါ်အဝေါ်ကြောင့် ရွှီချင်းမှာ လန့်ဖျပ်သွားကာ *ပိုင်စုကျန်းဒဏ္ဍာရီမှ မြွေစိမ်းလေးကို ထူးထူးခြားခြားပင် သတိရသွားရ၏။
"မင်းက ဘယ်သူလဲ?" ရွှီချင်းမှာ ဒီလူငယ်လေးက ဘယ်သူမှန်း မမှတ်မိချေ။ သူ့ကိုလာရှာကြတဲ့လူတွေက ရှားပါးလွန်းလှလေသည်။ ကောငယ်ငယ်လေးတွေဆို ပိုတောင်ရှားသေးတာပေါ့။
*(T/N: ပိုင်စုကျန်းဒဏ္ဍာရီက မြွေဖြူမယ်ရဲ့ ဒဏ္ဍာရီလို့ လူသိများကြပြီး ခေတ်အဆက်ဆက် နာမည်ကြီးလှတဲ့ တရုတ်ရိုးရာပုံပြင်တစ်ပုဒ်ဖြစ်ပါတယ်။ ပိုင်စုကျန်းလို့ခေါ်တဲ့ ကြင်နာတတ်တဲ့ မြွေဖြူဝိဥာဥ်မလေးနဲ့ ရွှီရှန်းလို့ခေါ်တဲ့ သေမျိုးလူသားတစ်ယောက်အပေါ် သူမရဲ့အချစ်တွေအကြောင်းပြောပြတဲ့ ပုံပြင်ပါ။ ဒဏ္ဍာရီထဲမှာတော့ ပိုင်စုကျန်းမှာ ပြိုင်ဘက်တစ်ယောက်ရှိပါတယ်၊ မြွေစိမ်းသေးသေးလေးပါ။ သူ့ကိုတော့ မြွေစိမ်းလေးလို့ ရည်ညွှန်းပြောထားပါတယ်။
ရွှီချင်းရဲ့နာမည်က - Englishလိုဆို "သန့်စင်/ကြည်လင်သော ကျောက်စိမ်း"ပါ။
မိသားစုနာမည် "ရွှီ" - "သန့်စင်သော" or "ကြည်လင်သော"
"ချင်း" - "ကျောက်စိမ်း"
အဲ့ဒါကြောင့် ကျောက်စိမ်းက အစိမ်းရောင်ဖြစ်တော့ သူ့ကို အစ်ကိုရှောင်ချင်းလို့ ခေါ်လိုက်လို့ မြွေစိမ်းလေးကို သတိရသွားတယ်လို့ ပြောတာပါနော်။)
ရှယွီက စိတ်ထဲမထားဘဲ သူ့ကိုယ်သူ အပြုံးလေးနှင့် မိတ်ဆက်လာသည်။ "ကျွန်တော်က ရှမိသားစုက ရှယွီပါ!"
ရှမိသားစု? အိုး ရွာလူကြီးမိသားစုပဲ! ရွှီချင်းမှာ ချက်ချင်း မှတ်မိသွားလေသည်။ ရွာထဲ၌ ရွာလူကြီးမိသားစုတစ်ခုတည်းသာ အဲ့ဒီမျိုးရိုးနာမည်ရှိလေ၏။ "မြန်မြန်ဝင်လာပါ။ ကျွန်တော်တို့အိမ်က နည်းနည်းတော့ ရှုပ်ပွနေတယ်ဗျာ။ အဆင်မပြေဖြစ်စေတဲ့အတွက် တောင်းပန်ပါတယ်နော်"
ရှယွီက ခြံဝင်းထဲဝင်မလာခင်မှာ ဟိုဟိုဒီဒီကြည့်နေတာကို ရွှီချင်းသတိထားမိလိုက်၏။ ဖြစ်နိုင်တာက ရွှီချင်းဖိနပ်လုပ်နေတဲ့အချိန်တုန်းက ဖယ်ထားလိုက်တဲ့ မလိုတဲ့အရာတွေကို တွေ့သွားတာလို့ သူထင်လိုက်ပြီး ရှက်သွားခဲ့ရသည်။ အဆုံးမှာတော့ သူ့ရဲ့မလှပတဲ့လက်ရာကို ဧည့်သည်တွေမြင်သွားတာက သိပ်မကောင်းဘူးလေ။
ရှယွီက အလျင်စလို ခေါင်းခါလိုက်ပြီး "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး! အာ စကားမစပ် ဒါက ကျွန်တော်ကိုယ်တိုင်ထိုးထားတဲ့ လက်ကိုင်ပုဝါပါ။ မင်းအတွက် လက်ဆောင်လေးပါ!"
ရွှီချင်းသည် ရှယွီက ခြင်းတောင်းထဲမှ လက်ကိုင်ပုဝါများစွာကိုထုတ်ကာ သူ့ကို ကမ်းပေးလာသည်ကို ကြည့်နေခဲ့၏။ ရွှီချင်းက ဒီလိုအချိန်မှာ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ မသိတော့ပေ။ သူနှင့် ရှယွီဆိုသည်မှာ တစ်ခါမှ အဆက်အဆံလည်းမရှိခဲ့ဘူးလေ။ သူဘာဆေးမှားသောက်မိတာများလား?
"ဝင်လာခဲ့လေ။ ခြံတံခါးဝမှာ မင်းဘာလို့ရပ်နေတာလဲ?" လီချန်ဖုန်းက ခဏကြာသည်အထိ ရွှီချင်းပြန်ဝင်လာတာကို မမြင်၍ အသံကျယ်ကျယ်လှမ်းအော်လိုက်သည်။
"လာပါပြီ! အရင်ဆုံးဝင်ခဲ့ပါ။ ဒီနေရာက စကားပြောတဲ့နေရာမဟုတ်ဘူးလေ"လို့ ရွှီချင်း တုံ့ပြန်လိုက်၏။
ယနေ့ ရာသီဥတုမှာ အကောင်းဆုံးပင် - ပူနွေးလျက် ချစ်ချစ်တောက်နေပူမနေခဲ့။ နေရောင်မှာ အသားပေါ်ကျရောက်သည့်အခါ ကျေနပ်စဖွယ် ခံစားရလေသည်။ ခြံဝင်းထဲ၌ ရှယွီနှင့် ရွှီချင်းတို့ မျက်နှာချင်းဆိုင် ထိုင်နေကြကာ နည်းနည်းကသိကအောင့်ဖြစ်သလို ခံစားရ၏။
"အဟမ်း! မင်းမှာ ကျွန်တော်နဲ့ တစ်ခုခုဆွေးနွေးစရာရှိလား? ရပါတယ် ပြောသာပြောလိုက်ပါ။ ကျွန်တော်တို့က တစ်ရွာတည်းသားတွေပဲလေ၊ ဒီတော့ ဘာကိစ္စများလဲ?" ရှယွီသည် ရွှီချင်းက ခြင်းတောင်းဆီ ညွှန်ပြလိုက်သည်ကို မြင်လိုက်သဖြင့် ချက်ချင်းပင် သူ့မျက်နှာမှာ ပူနွေးသွားလေ၏။ အင်းလေ၊ ယခင်က သူတို့အဆက်အဆံမှမရှိခဲ့ဘဲ သူကအိမ်အလည်ရောက်လာတာလေ။
"ဟုတ်ပါတယ်၊ မင်းက ငါးဟင်းဘယ်လိုချက်ရသလဲသိတယ်လို့ အဒေါ်ဝေ့ပြောတာ ကျွန်တော်ကြားလို့လေ၊ အဲ့ဒါကြောင့် ကျွန်တော် မင်းဆီက လာသင်ချင်လို့ပါ" ပထမတော့ ရှယွီမှာ အဲ့ဒီဆူးထူငါးတွေက အရသာရှိတဲ့ဟင်း ဖြစ်နိုင်တယ်ဆိုတာကို သူမယုံခဲ့ချေ။
သို့သော်လည်း အခုဆို ရွာသားတော်တော်များများက ရွှီချင်းရဲ့ဟင်းကိုကြေညာပေးနေတဲ့ အဒေါ်ရှဲ့ဆီကနေ ဘယ်လိုလုပ်ရမလဲဆိုတာ သင်ယူပြီးကုန်ကြပြီ။ သူကတော့ ရွှီချင်းဆီကပဲ သင်ချင်တာပါ။ ချက်နည်းတွေက ရွှီချင်းဆီက ထွက်လာတယ်ဆိုကတည်းကိုက သူတခြားသူတွေကို မယုံတော့ဘူးလေ။
ရှယွီလာလည်တဲ့ရည်ရွယ်ချက်မှာ ငါးဟင်းချက်နည်းကို သင်ယူဖို့ဆိုတာကို ရွှီချင်းက မမျှော်လင့်ထားခဲ့ပေ။ "ပြဿနာမရှိပါဘူး။ လာ ကျွန်တော် မင်းကိုရှင်းပြမယ်လေ။ နားထောင်ပြီးလို့ မင်းနားမလည်တာရှိရင် မေးလို့ရတယ်နော်"
လီချန်ဖုန်းလည်း ရွှီချင်းက ချက်ပုံချက်နည်းအဆင့်ဆင့်ကို ဂရုတစိုက်ရှင်းပြနေတာကို နားထောင်လိုက်၏။ သူ့အသံလေးမှာ သူ့နားထဲတွင် ထူးထူးခြားခြားပင် စွဲမက်စရာကောင်းနေခဲ့သည်။ သူလှမ်းကြည့်လိုက်တော့ သူ့နှလုံးသားလေးကို မွှေနှောက်သွားစေတဲ့ ရွှီချင်းရဲ့အပြုံးလေးကို တွေ့လိုက်ရလေသည်။ တကယ်ပါပဲကွာ၊ သူ့ဇနီးလေးက အကောင်းဆုံးပဲ!
xxx
ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၄၂.၂)
"မင်းနားလည်လား? တခြားမေးခွန်းတွေရှိသေးလား?" လို့ ရွှီချင်းမေးလိုက်သည်။
ရှယွီမှာ ချက်ချင်းပင် ခေါင်းညိတ်လျက် "ကျွန်တော်နားလည်ပါတယ်။ အစ်ကိုရှောင်ချင်းရေ၊ မင်းက ငါးကို ဒီလိုမျိုးနည်းလမ်းနှင့် ချက်ဖို့ စဥ်းစားမိတာဆိုတော့ တကယ့်ကို အမေးဇင်းပဲဗျာ"
အကယ်၍ "အစ်ကိုရှောင်ချင်း"ဆိုတဲ့ သုံးလုံးသာမပါရင် ရွှီချင်းက ပိုတောင်ပျော်မိပါဦးမယ်။ "ကျွန်တော့်ကို ရွှီချင်းလို့ ခေါ်နိုင်ပါတယ်၊ ဒါမှမဟုတ် အစ်ကိုချင်းဆိုလည်း အဆင်ပြေတယ်"
(တရုတ်လိုဆို 'ရှောင်ချင်းကော' အဲ့လိုသုံးလုံးပဲနော်)
အဲ့ဒါက 'အစ်ကိုရှောင်ချင်း'ဆိုတဲ့ နာမည်အခေါ်အဝေါ်ကြောင့်ဆိုတာကို ရှယွီမှာ သဘောမပေါက်ဘဲ ဒီအတိုင်း သူမကြိုက်လို့ပဲလို့ ထင်သွားကာ ချက်ချင်း သူ့အခေါ်အဝေါ်ကို ပြောင်းလိုက်ပေသည်။ "အစ်ကိုချင်း! ကျွန်တော်နားလည်ပါပြီ။"
ကလေးတစ်ယောက်ကို သင်ကြားပေးနိုင်တယ်ဆိုတာ အမှန်တကယ်ပင်။ ရွှီချင်းက သူ့ရဲ့ သင်ကြားမှုစွမ်းရည်ကို ပိုပိုပြီး ကျေနပ်လာလျက် "အစ်ကိုချင်းက သမားတော်လင်းနဲ့သိတာလားဟင်?" ရှယွီမှာ ရွှီချင်းအား အသံတိုးတိုးဖြင့် သတိထားမေးလိုက်သည်။
လီချန်ဖုန်းက မေးခွန်းကို ကြားကြားချင်း သဘောပေါက်သွားလေပြီ။ အဲ့ဒီကောင် လင်းဖန်းလျန်ဟာ ရွာထဲက အိမ်ထောင်မပြုရသေးတဲ့ ကောတွေရဲ့ အသည်းကွဲစေတာပဲကွာ။
မြို့ထဲမှ အမျိုးသားတစ်ယောက်က ရွာကိုလာဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါပေမယ့် ဘာလို့ ရက်နည်းနည်းပဲနေပြီး သူပြန်သွားရတာပါလိမ့်? ရွာထဲရှိ ကောငယ်ငယ်လေး အများအပြားက အအေးမိဟန်ဆောင်ကြကာ "ကုသမှုယူ"ရန် လင်းဖန်းလျန်ရဲ့ဆိုင်ဆီသို့ သွားကြလေသည်။
"အင်းလေ၊ ကျွန်တော့်မိသားစုရဲ့ ချန်ဖုန်းနဲ့ သမားတော်လင်းက ညီအကိုကောင်းတွေပဲလေ။ ဘာဖြစ်လို့လဲ?" ကြည့်ရတာ ကောငယ်ငယ်လေးတွေတောင်မှ လင်းဖန်းလျန်ကိုရှာဖို့ လာကြပုံပဲ။
ရှယွီမှာ သူ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး "ဘာမှမဟုတ်ပါဘူး၊ မြို့က သမားတော်လင်းက ကျွန်တော်တို့ရွာကို ရောက်လာတယ်လို့ တစ်ယောက်ယောက်ပြောတာ ကြားလိုက်လို့လေ၊ သူဘာလို့ ကျွန်တော်တို့ရွာကိုရောက်လာပြီး လယ်ကိစ္စတွေကိုတောင် လာကူညီတာလဲဆိုတာ သိချင်သွားလို့။"
ရွှီချင်းမှာ ဤမေးခွန်းကြောင့် ကြောင်အသွားရလျက်။ လင်းဖန်းလျန်က ရည်ရွယ်ချက်ရှိရှိ ဒီကိုလာတယ်လို့ သူပြောလို့မရဘူးလေ။ "သမားတော်တစ်ယောက်အနေနဲ့ သူ့အတွေးတွေက ကျွန်တော်တို့နဲ့ကွာတယ်။ ဒါက သာမန်ပါပဲလေ။"
ရှယွီသည် ရွှီချင်းရဲ့ပါးစပ်မှ အသုံးဝင်သော အချက်အလက်တွေ မရနိုင်တော့သည်ကို မြင်လိုက်ရသောကြောင့် ခဏထိုင်ပြီးနောက် နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။
"ကျစ် ကျစ်၊ ငါ့ရဲ့ အစ်ကိုရှောင်ယွီမှာ အချစ်ပြိုင်ဖက်ရှိနေတာပဲ!" ရွှီချင်းက ရှယွီရဲ့အတွေးတွေကို သတိထားမိသွားပြီး ရှဲ့ယွီအတွက် စိတ်ပူစပြုလာပေသည်။ ဒီတစ်ခါတော့ နားမလည်သူမှာ လီချန်ဖုန်းဖြစ်လာ၏။ "သူတို့က အတွဲတွေတောင်မဖြစ်သေးတာကို ဘာလို့ အချစ်ပြိုင်ဘက်ဖြစ်သွားရတာလဲ?"
ရွှီချင်း ခြံတံခါးကိုပိတ်လိုက်ပြီးနောက် သူ့လက်ထဲမှာ လုပ်နေတဲ့အလုပ်ကို ဆက်လုပ်နေရင်း "ကျွန်တော်တွေးနေမိတာက..."
"ဒေါက်! ဒေါက်! အိမ်မှာလူရှိလားဟေ့? ငါချန်ချီပါ!"
ရွှီချင်းစကားမဆုံးခင်မှာပင် ခြံတံခါးခေါက်သံကို ထပ်ကြားလိုက်ရ၏။
"ချန်ချီ! သူလာတဲ့ကိစ္စက သူ့ညီလေးကိစ္စနှင့် သေချာပေါက်ပတ်သက်နေမှာပဲ!" ရွှီချင်းက အနားယူနေတဲ့ လီချန်ဖုန်းကို တံခါးသွားဖွင့်ခိုင်းပြီး သူကိုယ်တိုင်ကတော့ ကောက်ရိုးဖိနပ်လုပ်နေရာမှရပ်ကာ သူ့ကိုယ်သူသပ်သပ်ရပ်ရပ်ပြင်ဆင်လိုက်ပြီးမှ နေ့လည်စာပြင်ရန် ပြင်ဆင်လိုက်လေသည်။ ချန်ချီက ဒီကို တခြားရွာက လာခဲ့ရတာလေ၊ သူ့ကို ဗိုက်ဟောင်းလောင်းနဲ့ ပြန်မလွှတ်လိုက်နိုင်ပါဘူးနော်။
"ချန်ဖုန်းရေ"
"မင်းဘာဖြစ်လို့လဲ?!" လီချန်ဖုန်းလည်း တံခါးဖွင့်လိုက်သည်နှင့် ချန်ချီရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့မျက်နှာနှင့် ရှုံ့မဲ့နေတဲ့အပြုံးကို မြင်လိုက်ရပေသည်။ "ဝင်လာခဲ့"
ရွှီချင်းလည်း လက်ဖက်ရည်ကို ပင်မခန်းရှိ စားပွဲပေါ်တင်လိုက်ပြီး ချန်ချီရဲ့စိတ်အခြေအနေကြောင့် အံ့သြသွားမိသည်။ အနှီလူဟာ ဦးလေးရှဲ့လိုမျိုး အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်နဲ့ ဖြောင့်မတ်သည့်ပင်ကိုယ်စရိုက်ရှိမှန်း သူမှတ်မိလေ၏။
ချန်ချီက သူ့ကိုနှုတ်ဆက်ပြီးနောက် သူ့မျက်နှာတွင် ထိုအမူအရာရှိနေသေးသဖြင့် သူ့နှလုံးသားထဲမှာ တစ်ခုခုဖုံးကွယ်ထားမှန်း သိသာနေ၏။ "ကျွန်တော် နေ့လည်စာ သွားပြင်လိုက်ဦးမယ်နော်။ ခင်ဗျားတို့ စကားပြောကြ။"
လီချန်ဖုန်းလည်း ထိုင်ခုံတစ်ခုံဆွဲကာ ချန်ချီ၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး "ငါ့ကိုပြော၊ ဘာတွေဖြစ်နေတာလဲ? အဲ့ဒီကိစ္စရော ဘယ်လိုဖြစ်သွားလဲ?"
ချန်ချီက သူ့မျက်နှာကို လက်နှစ်ဖက်လုံးဖြင့်ပွတ်လိုက်ပြီး "မာဖူကွေ့အကြောင်း ငါ့ကို မင်းတို့ပြောပြီးတဲ့နောက် ငါပြန်သွားတော့ ငါ့မိသားစုကို အားလုံးပြောပြလိုက်တယ်။ သူတို့လည်း တော်တော်အံ့သြသွားကြပြီး အစကတော့ မယုံဘူးလေ။ ဒါပေမယ့် နောက်တော့ သူတို့လည်း မြို့က တစ်ယောက်ယောက်နဲ့ တိတ်တိတ်ကလေး စုံစမ်းလိုက်တာ။ သေစမ်း၊ အဲ့ဒီမိသားစုက ငါတို့ကို တကယ်ပဲ ဖုံးကွယ်ထားခဲ့တာ! ဒီတော့ အဲ့ဒီညမှာပဲ ငါက မာမိသားစုဆီသွားပြီး စေ့စပ်ပွဲသွားဖျက်တော့ ဘယ်သူထင်ထားမှာလဲ..."
ဒါပေမယ့် အဲ့ဒီမာမိသားစုက စေ့စပ်ပွဲဖျက်သိမ်းဖို့ ငြင်းလိမ့်မယ်လို့ ဘယ်သူသိမှာလဲ? သူတို့က ညလယ်ကြီးမှာ ရာမန်မှာအလုပ်လုပ်နေတဲ့ မာဖူကွေ့ရဲ့ ဝမ်းကွဲကိုတောင် ခေါ်လိုက်သေးတယ်။ သူတို့ပြောကြတာက ချန်မိသားစုက သူတို့စကားမတည်တဲ့အတွက် ဒီကိစ္စဟာ ရာမန်ဆီရောက်သွားခဲ့ရင် တစ်ယောက်ယောက်က အပြစ်ပေးခံရမှာတဲ့လေ!
"ငါတို့လယ်သမားတွေက ရာမန်နဲ့ပတ်သတ်တဲ့ကိစ္စတွေကို နားမလည်ဘူးလို့ မထင်နဲ့။ ရှောင်ဟုန်ကို အဲ့ဒီလိုလူမျိုးနဲ့အိမ်ထောင်မပြုရအောင် တားဆီးဖို့အတွက် ငါက မာမိသားစုကို စေ့စပ်ပွဲဖျက်သိမ်းတာကို သဘောတူဖို့ အများကြီးအားထုတ်ခဲ့ရတာ။"
လီချန်ဖုန်းလည်း ဤကိစ္စဟာ ဒီလောက်မရိုးရှင်းဘူးလို့ ခံစားလိုက်ရ၏။ တကယ်လို့ ဒီကိစ္စဟာ ဒီလိုသာပြီးသွားခဲ့ရင် ချန်ချီက အခုလိုပုံစံဖြစ်နေမှာမဟုတ်ဘူးလေ။ "နောက်တော့မှ သူတို့စိတ်ပြောင်းသွားကြလို့လား?"
ချန်ချီမှာ ပင်ပန်းနွမ်းနယ်စွာ ခေါင်းခါလိုက်ပြီး "ရှောင်ဟုန်က မာဖူကွေ့ကို တကယ်ပဲ လက်ထပ်ချင်နေသေးတာ အခုချိန်ထိတောင် ငါမယုံနိုင်သေးဘူး။ ဒါဘယ်လိုအခြေအနေမျိုးကြီးလဲကွာ? ငါတို့က မာမိသားစုကို ဒီစေ့စပ်ပွဲဖျက်သိမ်းပေးဖို့ အများကြီးအားထုတ်ခဲ့ရတာလေ၊ ဒါပေမယ့် ရှောင်ဟုန်က, သူကတော့... ဟင်း!"
ချန်ဟုန်က မာဖူကွေ့ကို လက်ထပ်ရန် ဆက်လက်တောင်းဆိုနေသေးသောကြောင့် ချန်မိသားစုမှာ ခက်ခဲသောအခြေအနေတစ်ခုဖြစ်နေခဲ့၏။ သူတို့က မာမိသားစုကို စေ့စပ်ပွဲဖျက်သိမ်းစေရန် အစွမ်းကုန်ကြိုးစားခဲ့ကြသော်လည်း ချန်ဟုန်ကတော့ ထိုလူကို လက်ထပ်ချင်နေသေးတယ်ဆိုပြီး အခုပြဿနာထပ်ရှာနေပြန်သည်။
သို့ရာတွင် ချန်မိသားစုသည် မာဖူကွေ့က ဘယ်လိုလူမျိုးလဲဆိုတာသိပြီးနောက် မာမိသားစုဆီ သူတို့ရဲ့ချန်ဟုန်ကို ပို့လိုက်ဖို့ရာ မယုံနိုင်ချေ။ သည့်အပြင် သူတို့က စေ့စပ်ပွဲဖျက်သိမ်းပြီးကြပြီလေ။
အကယ်၍ သူတို့က သူ့ကို အခုလက်ထပ်ဖို့ခွင့်ပြုလိုက်ရင် သူတို့ပဲ ဆုံးရှုံးလိုက်သလို ဖြစ်သွားမှာမဟုတ်လား? ဒါပေမယ့် သူတို့က ခွင့်မပြုပြန်ရင်လည်း ချန်ဟုန်က မာဖူကွေ့ကို လက်မထပ်နိုင်ခဲ့ရင် တခြားဘယ်သူ့ကိုမှ လက်မထပ်တော့ဘူးဆိုပြီး အိမ်မှာဝုန်းဒိုင်းကြဲနေခဲ့သည်!
"ဒီရက်ပိုင်းမှာ ငါရူးတော့မလိုပဲကွာ။ မင်းပြောကြည့်စမ်း၊ ရှောင်ဟုန်ဘာတွေတွေးနေသလဲဆိုတာကို။ သူအရင်က ဒီလိုမဟုတ်ပါဘူး!" ချန်ဟုန်က ဘာကြောင့်များ ဒီလိုဆုံးဖြတ်ချက်ချသလဲဆိုတာကို ချန်ချီလည်း တကယ်နားမလည်နိုင်ချေ။ သည့်အပြင် မာဖူကွေ့က ကွာရှင်းထားပြီး ကလေးမရှိဘူးဆိုကတည်းက သူ့ဇနီးသည်ကလည်း ဒီရက်တွေမှာ စိတ်အခြေအနေမကောင်းပေ။
"ဒါဆို မင်းက မာမိသားစုဆီကို အဲ့ဒီအကြောင်းသွားပြောတာလား?" လီချန်ဖုန်း မျက်မှောင်ကြုတ်လိုက်၏။ ကိစ္စတွေဟာ ချန်ဟုန်ကြောင့် ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ သူမမျှော်လင့်ထားမိချေ။ သူ့မှတ်ဥာဏ်ထဲမှာ ချန်ဟုန်ဆိုတာက မာဖူကွေ့ကိုမှ လက်မထပ်နိုင်ရင် အိမ်ထောင်ပြုမှာမဟုတ်ဘူးလို့ ပြောမယ့်လူမျိုးမဟုတ်ပါဘူး။
ချန်ချီ ခေါင်းခါလိုက်ပြီး "ငါတို့က ဒီကိစ္စကိုပြောဖို့ သူတို့အိမ်ကို ဘယ်လိုလုပ်ထပ်သွားနိုင်မှာလဲ? စေ့စပ်ပွဲဖျက်သိမ်းဖို့ ငါတို့ကတောင်းဆိုထားပြီးသားလေ။ ငါတို့ကပဲ ဖျက်သိမ်းထားပြီးတော့မှ ထပ်ပြီးသွားတောင်းပန်ရမှာလား? အဲ့လိုသာဆို ကိုယ့်ပါးကိုယ်ပြန်ရိုက်လိုက်တာဲ မဟုတ်ဘူးလား?!"
ပြီးတော့ မာမိသားစုက သဘောတူခဲ့ရင်တောင်မှ ချန်ဟုန်မှာ သူတို့မိသားစုကို တစ်ခါစေ့စပ်ပွဲဖျက်ထားခဲ့လို့ သူ့ကို ကြည်ဖြူမှာမဟုတ်ဘူးလေ။ အနာဂတ်မှာ သူဘယ်လိုနေထိုင်မှာလဲ?!
လီချန်ဖုန်းလည်း ခေါင်းညိတ်လိုက်ပြီး ဒီကိစ္စဟာ တကယ့်ကို ကိုင်တွယ်ရခက်ပေမယ့် ချန်မိသားစုအတွက် မိသားစုကိစ္စဖြစ်၍ သူတိုက်ရိုက်မကူညီနိုင်ပေ။ "ဒါနဲ့ မင်း ဒီနေ့ ဘာလို့ ရောက်လာတာလဲ?"
"မာဖူကွေ့အကြောင်းပြောပြပေးလို့ ကျေးဇူးတင်ဖို့လေ။ အဲ့ဒီတုန်းက ငါလောနေလို့ သေချာကျေးဇူးမတင်လိုက်ရဘူး။ ပြီးတော့ အိမ်က လေထုကလည်း အရမ်းဖိစီးနေတော့ ငါလေကောင်းလေသန့်ရှူဖို့ ထွက်လာတာပေါ့ကွာ"
ချန်ချီရဲ့ဇနီးမှာ ယခုရက်ပိုင်းအတွင်း ချန်ချီနှင့် စကားသိပ်မပြောဖြစ်ဘဲ ချန်မိသားစုနှင့် သူရဲ့အဆက်အဆံသည်လည်း နည်းပါးလာခဲ့သည်။ ချန်ချီက ချန်ဟုန်ကိစ္စှင့် အလုပ်ရှုပ်နေပြီး သူ့ဇနီးရဲ့တုံ့ပြန်မှုကို သိပ်ဂရုမစိုက်ဖြစ်ပေ။
ဤသည်ကို သိလိုက်ရတော့မှ ချန်ချီက သူ့ဇနီးနှင့် စကားပြောချင်ပေမယ့် မထင်မှတ်စွာပင်။ "ငါ့ဇနီးကလည်း ဒီမနက် ငါ့ယောက္ခမအိမ်ပြန်သွားလို့။ ငါသူ့ကိုသွားရှာဖို့ သွားခဲ့ပေမယ့်လည်း သူက အိမ်မှာရက်နည်းနည်းနေဦးမယ်လို့ ငါ့ယောက္ခမကပြောလိုက်တော့ ငါလည်းရွေးချယ်စရာမရှိဘဲ ထွက်လာခဲ့ရတာ"
xxx