Chapter 43
သူမက လက်သီးကျစ်ကျစ်ဆုပ်ကာ အမုန်းတရားများနှင့်ပြည့်ကာ သွေးကြောများထင်းနေသော မျက်လုံးများဖြင့်
" နင်ကရော ငါ့ကို ဒီလိုပြောခွင့်ရှိလို့လား။ ကျုံးယို့ယို့ နင် ကျုံးအိမ်ကို ရောက်မလာခင်က အမှိုက်ကောက်ရင်းနေခဲ့ရတာကို ငါမသိဘူးလို့မထင်နဲ့ "
" မုန့်ရှစ်ရွှမ် မင်းဘာတွေပြောနေတာလဲ "
ဤဒေါသထွက်သံက ၀င်ရောက်လာခဲ့ပြီး လေထုက ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။ မုန့်ရှစ်ရွှမ်၏မျက်နှာသည် တောင့်တင်းလာပြီး သူမက စောင်းငဲ့၍ ကြည့်လိုက်သည်။
ကျုံးရှီယို့သည် ထိုနေရာ၌ ရပ်နေပြီး ဘယ်လောက်ကြာအောင် ရှိနေခဲ့သည်မှန်း မသိပေ။ ကျုံးရှီယို့၏မျက်နှာအမူအရာက ကြောက်မက်ဖွယ်ကောင်းနေပြီး သူမကို စိုက်ကြည့်နေသည့်မျက်လုံးများက မယုံကြည်နိုင်မှု၊ထိတ်လန့်မှု၊ဒေါသနှင့် အေးစက်ခြင်းများ ပြည့်နှက်နေ၏။
ကျုံးရှီယို့နှင့် မုန့်ရှစ်ရွှမ်တို့သည် နှစ်ပေါင်းများစွာအတူရှိခဲ့ပြီး မုန့်ရှစ်ရွှမ်၏ နူးညံ့သိမ်မွေ့သည့် မျက်နှာအောက်မှာ ဒီလိုပုံစံမျိုး ရှိလိမ့်မည်မှန်း မသိခဲ့ချေ။
ကားမတော်တဆဖြစ်ပြီးသည့်နောက်တွင် သူကမုန့်ရှစ်ရွှမ်ကို အပြစ်တင်ခဲ့သော်လည်း မကျေနပ်မှုလေးတင်ဖြစ်၏ ။ သူသည် မုန့်ရှစ်ရွှမ်က သူတို့မိသားစုကို ပစ်ထားခဲ့ခြင်းမှာ သူမသည် သတ္တိမရှိသောကြောင့်ဟူ၍သာ တွေးခဲ့သည်။ သို့သော် ယခုတွင်မူ မုန့်ရှစ်ရွှမ်ပြောခဲ့သည့် စကားကြမ်းမှာ မှန်ကန်နေသည်။ သူသည် သူ၏အရင်ကအစ်မကို သေချာမမြင်ခဲ့သည်က မှန်နေလေသည်။
မုန့်ရှစ်ရွှမ်၏ ဦးနှောက်သည် တဝီဝီမြည်နေခဲ့ပြီး နှုတ်ခမ်းတွေဟာ တုန်ယင်ကာ မျက်ရည်များ စီးကျလာသည်။ သူမကမေးလိုက်သည်။
" ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ "
"မုန့်ရှစ်ရွှမ်... "
ကျုံးရှီယို့သည် ခြိမ်းခြောက်သည့်စကားများကို ခုနလေးက ကြားလိုက်ရသည့်အခါ သူမငိုသည်ဖြစ်စေ မငိုသည်ဖြစ်စေ သူ၏ဒေါသတွေသည် ရင်ခေါင်းထိ တိုးပွားလာခဲ့သည်။
သူက ရပ်တန့်ပြီး ပြောလိုက်သည်။
"တခြားဘယ်လိုခေါ်ရမှာလဲ မင်းကို အစ်မလို့ဆိုပြီး ခေါ်ခံဖို့က ဖြစ်နိုင်သေးရဲ့လား မင်းရဲ့ မျိုးရိုးနာမည်က မုန့်လေ မင်းကကိုယ့်ကိုကိုယ် လှည့်စားပြီး ဒီအချက်ကို မေ့သွားခဲ့တာလား "
ဤစကားသည် သူမမွေးဖွားကတည်းက ကျုံးရှီယို့ သူမအား ပြောဖူးသည့် အရက်စက်ဆုံးစကား ဖြစ်ပါလိမ့်မည်။
အတိတ်မှာတုန်းက ကျုံးရှီယို့သည် သူမကို အမြဲတမ်းကာကွယ်ခဲ့သည်၊ ချစ်ခဲ့သည်၊ ပြန်လည်မွေးဖွားပြီးသည့်နောက်တွင်လည်း သူမကိုမောင်းထုတ်ဖို့စိတ်ကူးမရှိခဲ့ချေ။ သိုသော် ယခုအခါ ကျုံးရှီယို့သည် မုန့်ရှစ်ရွှမ်၏ သိမ်မွေ့သည့် သွင်ပြင်အောက်မှာ ကွယ်ဝှက်ထားသည့် အကျည်းတန်သောအခြမ်းကို မြင်တွေ့လိုက်ရပြီး ရွံရှာသွားပြီဖြစ်၏။
မုန့်ရှစ်ရွှမ်သည် ဤအခိုက်အတန့်၌ သူမ၏မောင်လေးကို ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း နားလည်သဘောပေါက်သွား၏။ သူမ၏မျက်နှာသည် မျက်ရည်များဖြင့် စိုရွှဲကာ သူမခြေထောက်တွေသည်လည်း ချက်ချင်းပင် ပျော့ခွေကုန်သည်။ သို့သော် သူမ၏အမုန်းတရားကို မချုပ်တည်းနိုင်ဘဲ ကျုံးယို့ယို့ကို စိုက်ကြည့်လိုက်၏။
ဘာကြောင့် ကျုံးရှီယို့ ကြားသွားသည်အထိ တိုက်ဆိုင်နိုင်ရသနည်း။
ကျူံယို့ယို့က မကြောက်လန့်ဘဲ ဓားသွားကို ဆက်လက်လှည့်နေခဲ့သည်။ ကျုံးရှီယို့၏ မျက်လုံးတွေသည်လည်း နီရဲနေပြီး သူက လျှောက်လှမ်းလာကာ သူမ၏ လက်ကောက်၀တ်ကို ဆုပ်ကိုင်၍ ဦးဆောင်ခေါ်သွားခဲ့သည်။
"အစ်မ သွားရအောင် အနိုင်ကျင့်မခံနဲ့တော့ "
ကျူံယို့ယို့သည် 'အစ်မ' ဆိုသည်ကို ကြားသောအခါ မျက်မှောင်ကြုတ်သွားသော်လည်း သူ့ဆီက လွတ်အောင် ရုန်းမထွက်ခဲ့ပေ။
ကျုံးရှီယို့သည် ကသိကအောက်ဖြစ်နေသည်။ သူသည် အရင်က အပေါ်ယံမျက်နှာပြင်ကိုသာ ကြည့်ခဲ့မိမှန်း ရုတ်ချည်း ခံစားလိုက်ရသည်။ သူ မည်သူကိုနှစ်သက်ပါစေ တခြားသူများ၏ ထင်မြင်ချက်ကို ဂရုမစိုက်ခဲ့ပေ။
သူသည် မုန့်ရှစ်ရွှမ်က ညစာစားပွဲ၀ိုင်း၌ ကျုံးယို့ယို့အတွက် ဟင်းများခပ်ထည့်ပေးခြင်းကို မြင်တွေ့ရလေ့ရှိသည်။ ကျုံးယို့ယို့သည် ရွံရှာနေပုံပေါ်ပြီး သူမ ကြိုက်သည့်အရာကိုသာ ရွေးစားခဲ့သည်။ သူက မုန့်ရှစ်ရွှမ်သည် သူ၏အမြင်၌ ကောင်းမွန်နေခဲ့ပြီး ကျုံးယို့ယို့က ဘာကြောင့် ထိုကဲ့သို့ လုပ်နေမှန်းမသိခဲ့ချေ။ ထုံးစံအတိုင်း ထိုသို့သော အရာများကြောင့် သူသည် ကျုံးယို့ယို့ကို ပို၍ပို၍ လျစ်လျူရှုလာခဲ့သည်။
သို့သော် အခုချိန်၌ သူသိချင်မိသည်။ မုန့်ရှစ်ရွှမ်သည် သူမ၏ပုံစံအမှန်ကို ကျုံးယို့ယို့အား ပြခဲ့ပြီး မိသားစု၀င်တွေရှေ့မှာ ကျုံးယို့ယို့ကို ကြင်နာစွာ ပြုံးပြခဲ့သည်။ သူမသည် နောက်ကွယ်၌ ကျုံးယို့ယို့အား ရက်စက်သည့် စကားများကို ပြောခဲ့ဖူးနိုင်သည်။
သူက ချက်ချင်း အရွယ်ရောက်လာသည်ဟု ခံစားလိုက်ရသည်။
သူသည် ခေါင်းမာစွာဖြင့် ကျုံးယို့ယို့၏ လက်ကို ဖမ်းကိုင်လိုက်ပြီး ရှေ့သို့တိုးလာခဲ့သည်။ ကျုံးယို့ယို့သည် မျက်မှောင်ကြုတ်ပြီး
"ကောင်းပြီ ငါ့ကို လွှတ် "
ကျုံးရှီယို့၏ မျက်လုံးများသည် နီရဲနေပြီး သူကမတရားခံရသကဲ့သို့ မကြည်လင်သော အသံဖြင့် မေးလိုက်သည်။
" မုန့်ရှစ်ရွှမ်က ဒီလိုမျိုး မကြာခဏ လုပ်ဖူးလား "
'အရင်ကလား '
ကျုံးယို့ယို့ ၀တ္ထုအား ပြန်တွေးလိုက်သည်။ မုန့်ရှစ်ရွှမ်သည် ယခုကဲ့သို့ သူမ၏ တကယ့်မျက်နှာကို မပြဖူးပါ။ သူမက ၀တ္ထုထဲ၌ အမြဲတမ်း ကြင်နာနေခဲ့ပြီး လူတိုင်းကိုလည်း ရည်မွန်ပြီး သဘောထားကြီးလေသည်။ သူမ၏ ပုံစံက မူလပိုင်ရှင်၏ အမြင်ထဲ ကျရောက်သွားပြီး မူလပိုင်ရှင်အား သူ့ကိုယ်သူ အရှက်ရစေရုံသာဖြစ်သည်။
မူလပိုင်ရှင်သည် ကျုံးမာမားကို အခန်းထဲက အပူပေးစက်က ပျက်နေသည်ကို ပြောပြချင်ခဲ့သည်။ သို့သော် ကျုံးမာမားက မုန့်ရှစ်ရွှမ်ကို ပွေ့ဖက်ကာ ရယ်မောနေခဲ့ပြီး ပိတ်ရက်၌ ဘယ်နေရာသို့ သွားမည်ကို ဆွေးနွေးနေကြသည်ကို မူလပိုင်ရှင်က မြင်ခဲ့သော်ကြောင့် ဘာမှမပြောဖြစ်ခဲ့ပေ။
သူမ ဘာမှမပြောရဲပါ။ ကျုံးမာမားသာမက ကျုံးမိသားစုထဲရှိ လူအားလုံးက ထိုသို့ဖြစ်ကြသည်။ သူတို့၏ အာရုံသည် မုန့်ရှစ်ရွှမ်အပေါ်၌သာ ရှိကြသည်။ အချိန်တွေ ကုန်ဆုံးလာပြီး မူလပိုင်ရှင်သည်လည်း အဆုံးစွန်သို့ ရောက်သွားခဲ့သည်။
"အဲ့လို မဟုတ်ဘူး "
ကျုံးယို့ယို့သည် ရိုးရိုးသားပြောသည်။
ကျုံးရှီယို့သည် မယုံခဲ့ပါ။ သူ၏မျက်လုံးထဲ၌ မုန့်ရှစ်ရွှမ်သည် သူ၏အစ်မကို အရင်ကလည်း အနိုင်ကျင့်ခဲ့ဖူးပြီး သူ၏ အစ်မက ခေါင်းမာမာဖြင့် မပြောပဲနေရုံသာဖြစ်မည်။
သူသည် ပိုပြီးအပြစ်ရှိစိတ်ခြင်းနှင့် နာကျင်ခြင်းကို ခံစားရပြီး အချိန်ကြာသွာ တိတ်ဆိတ်နေခဲ့သည်။ ယခုအချိန်တွင် သူနောင်တရပါ၏။ သူ၏ အပြစ်ရှိစိတ်တွေသည် ကျုံးယို့ယို့အတွက် သောကအဖြစ်ပြောင်းလဲသွားသည်။
ဤအခိုက်အတန့်၌ ကျုံးယို့ယို့က သူ့ကို သူမ၏အသက်ကိုပင် ဂရုမစိုက်ဘဲ ကားထဲမှ ကယ်ဆယ်ခဲ့ခြင်းကြောင့် မဟုတ်ဘဲ အတိတ်ဘ၀နှင့် လွန်ခဲ့သည့်တစ်ဆယ့်ငါးနှစ်လုံး ပျောက်ဆုံးနေသည့် သူ၏အစ်မအဖြစ် တကယ် သတ်မှတ်ပြီး ချစ်ခြင်းဖြစ်သည်။
ကျုံးယို့ယို့သည် သူက အတော်ကြာစကားမပြောသည်ကိုတွေ့သော် ကသိကအောက်ဖြစ်လာပြီး စာသင်ခန်းဆီသို့ ပြန်သွားချင်ခဲ့သည်။
"ဒါဆို ငါအပေါ်တက်နှင့်တော့မယ် "
ကျုံးရှီယို့ သူမကို ရုတ်တရက် ဖမ်းဆွဲလိုက်သည်။ သူက သူမကိုတည့်တည့်မကြည့်ဝံ့ဘဲ တိုးတိုးလေးပြောခဲ့သည်။
"အစ်မ ကျွန်တော် ကျွန်တော်က အနာဂတ်မှာ သူမ အစ်မကို အနိုင်ကျင့်ခွင့်မပြုတော့ဘူး။ အခုက စပြီးတော့ အရသာရှိတဲ့အစားအသာတွေအားလုံးက အစ်မဖို့ပဲ၊အရုပ်အားလုံးကလည်းအစ်မအတွက်၊ပြီးတော့ အစ်မကသာ ကျွန်တော့်ရဲ့ တစ်ဦးတည်းသောအစ်မပါ ကောင်းပြီလား "
သူပြောလိုက်သည်နှင့် လေထုသည် စက္ကန့်အနည်းငယ်ကြာ ငြိမ်သက်သွားခဲ့သည်။
ကျုံးယို့ယို့သည် ကျုံးရှီယို့၏ မေးခွန်းကို မည်သို့ တုံ့ပြန်ရမလဲ မသိတော့ပါ။ သူမရောက်လာပြီးနောက် ကိစ္စအတော်များများမှတဆင့် မူလပိုင်ရှင်သည် သူမ၏ တခြားကိုယ်တစ်ခုကဲ့သို့ ခံစားနေရသည်။
တိုက်ဆိုင်မှုများမှာ သူမတို့သည် လက်ရေးနှင့် လမ်းလျှောက်သည့် အနေအထားတို့မှာ ထပ်တူညီပြီး ၀တ္ထုဆရာက သူမအတိုင်း ရေးထားသကဲ့သို့ပင်။ သို့သော် သူမသည် မူလပိုင်ရှင်မဟုတ်ရာ ခွင့်လွှတ်ဖို့ မခွင့်လွှတ်ဖို့ကို ဆုံးဖြတ်ချက်ချရန် အရည်အချင်းမရှိဟု ခံစားနေရသည်။
မူလပိုင်ရှင်က ခွင့်လွှတ်မည်လား။အနည်းဆုံးတော့ ယခုအချိန်မှာ ခွင့်လွှတ်ဦးမှာ မဟုတ်ချေ။ ကျုံးယို့ယို့၏ နှလုံးသားထဲမှာ တိုးလျသည့် အသံတစ်ခုရှိနေပြီး .....
အချိန်အနည်းငယ် ကြာပြီးသည့်နောက်
"မကောင်းဘူး" ဟု သူမပြောလိုက်သည်။
ချက်ချင်း ကျုံးရှီယို့၏ မျက်နှာက ပုံမှန်မဟုတ်စွာဖြင့် စိတ်အားငယ်သွားပြီး သူဟာ အတန်ကြာစကားမပြောနိုင်ခဲ့ချေ။
သူသည်လည်း အစားထိုးလုပ်ပေးခြင်းက မလုံလောက်ဘူးဆိုသည်ကို သိပါ၏။ ထို့အပြင် သူသည် ယခုအချိန်သည် ခွင့်လွှတ်မှုကို အလေးအနက်မထားပဲ တောင်းသကဲ့သို့ဖြစ်သွားပြီး နည်းနည်းလွန်သွားခဲ့သည်။ သူက မွေးနေ့လက်ဆောင်မွန်တွေ အများကြီးကို ပြင်ဆင်ထားခဲ့ပြီး အနည်းဆုံးတော့ အစ်မက သူ၏လက်ဆောင်တွေကို လက်ခံသည့်အချိန်ထိစောင့်ဖို့....
ထိုကိစ္စကိုတွေးမိသည့်အခါ သူသည် စိတ်မချမ်းမမြေ့ဖြစ်သွားသော်လည်း ဖျစ်ညှစ်ထုတ်ပြီး ကြိုးစားပမ်းစား ပြုံးပြရင်း " အဆင်ပြေပါတယ် အစ်မ စာသင်ခန်းဆီပြန်တော့လေ "
"ဒါပေမဲ့ "
ကျုံးယို့ယို့က ထပ်မံပြောလိုက်သည်။
"ငါ နင့်ပြိုင်ပွဲကို လာခဲ့မယ် "
ကျုံးရှီယို့ " ...."
သူ ငရဲကနေ နတ်ပြည်သို့ ချက်ချင်း ရောက်သွားသကဲ့သို့ဖြစ်ပြီး ရိုလာကိုစတာစီးနေရသကဲ့သို့ ခံစားနေရသည်။ ။သူ၏အစ်မက သူ့ပြိုင်ပွဲကို လာကြည့်မည်ဟုလို့ပြောလိုက်သည်လား။
ဘုရားရေ။
ဤကိစ္စက သေးငယ်တဲ့ လိုက်လျောမှုလေးပဲ မဟုတ်ဘူးလားဟုမေးလာလျှင်... မင်းသိထားရမှာက ကျုံးယို့ယို့ လာလိမ့်မည်လို့ သူ လုံး၀ စိတ်မကူးခဲ့ဖူးဆိုသည်ပင်။ ဤသေးငယ်သည့် လိုက်လျောချက်လေးကနေ အနာဂတ်မှာ သူမ သူ့ကို လက်ခံလာနိုင်လောက်သည်မလား။
ကျုံးရှီယို့သည် စိတ်လှုပ်ရှားကာ ပျော်လွန်း၍ သေလုမတတ်ပင်။သူ၏မျက်လုံးများက နီရဲနေကာ မျက်နှာက မျက်မှောင်ကြုတ်နေခဲ့သော်လည်း ယခုတော့ သူ၏မျက်နှာက အလွန်တောက်ပလင်းလက်နေလေသည်။
" ဒါဆို ကျွန်တော်က သေချာပေါက် ရမှတ်ကောင်းကောင်းရမှာ အစ်မ ကျွန်တော့်ရဲ့ ခန့်ညားတဲ့ ဂိုးသွင်းမှုတွေကို ကြည့်ဖို့ စောင့်နေလိုက်တော့ "
' ဒီကလေးကိုကြည့်ကြဦး '
ကျုံးယို့ယို့က သူ့အားတစ်ချက်ကြည့်ကာ အေးစက်စွာဖြင့်ပြောသည်။
" ငါက တမင်သက်သက် မုန့်ရှစ်ရွှမ်ကို ဒေါသထွက်အောင်လုပ်လိုက်တာ နင့်ပြိုင်ပွဲကို တကယ်တမ်း မကြည့်ချင်ဘူး "
ကျုံးရှီယို့သည် ထိုမျှလောက် ဂရုမစိုက်ပါ။ သူက ဘတ်စကတ်ဘောပြိုင်ပွဲကို ခုချက်ချင်း သူ့မျက်စိရှေ့၌ စတင်စေချင်သည်။
အခုကို အခုချက်ချင်း။သူအစ်မ၏ ထိုင်ခုံကို အလယ်တည့်တည့်သို့ ရွေ့ပြီး သူ၏ ခန့်ညားတဲ့ ပုံစံကို ကျုံးယို့ယို့အား သေချာကြည့်စေမည်။
"ကျွန်တော်နားလည်ပါတယ် ဒါဆို ကျွန်တော် သွားပြီးလေ့ကျင့်တော့မယ်နော် "
သူက တက်ကြွလာခဲ့ပေမဲ့ ကောင်းကောင်း ပြုမူနေသေးသည်။ သူသည် သူမကို အစ်မဟု ကြိမ်ဖန်များစွာ ခေါ်ခဲ့ပြီး ကျုံးယို့ယို့ စိတ်မရှည်မည်ကို ကြောက်သောကြောင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်ရင်း ပျော်ရွှင်စွာဖြင့် ပြေးထွက်သွားခဲ့သည်။
ကျုံးယို့ယို့ "......"
ကျုံးယို့ယို့၏ နေ့လည်စာနားချိန်က အလုံးစုံပျက်စီးသွားခဲ့ပြီးနောက် သူမ စာသင်ခန်းသို့ ပြန်မသွားချင်တော့ပြီ။သူမပြန်သွားသည့်အခါ သူမအတန်းဖော်များ၏ သိချင်စိတ်ပြင်းပြသော မျက်လုံးများဖြင့် သေချာပေါက် ကြည့်ခံရလိမ့်မည်။ အထူးသဖြင့် ရွှီရှောင်ယွဲ့နှင့် ရန်ကျီအန်းဖြစ်သည်။
ပြောရမယ်ဆိုလျှင် သူတို့ ကြံရာမရဖြစ်သည့်အချက်က သူမ အတန်းထဲမှာနံပါတ်တစ်ဖြစ်ခြင်းဖြစ်သည်။
သူမသည် ကစားကွင်းထဲတွင် နေရောင်တောက်လောင်နေသောကြောင့် ကန်တင်းသို့သွားကာ ကိုလာတစ်ဘူး၀ယ်လိုက်ပြီး ကျောင်းဆောင်ထဲက ကျောက်တုံးစားပွဲလေးပေါ်၌ ဂိမ်းဆော့ရန် သွားလိုက်သည်။
သူမ ချင်းယောင်၏ ကုမ္ပဏီမှ ဂိမ်းတော်တော်များများကိုဆော့ခဲ့ပြီး သူမလက်ရှိအများဆုံးဆော့ဖြစ်သည်က ကြက်သားစားရသည့် ဂိမ်းပင်ဖြစ်သည်။
တကယ့်ကမ္ဘာမှ ကြက်သားစားရသည့်
ဂိမ်းများသည် စာအုပ်ထဲမှာလည်း ဘာကြောင့်ရှိနေမှန်း ဘုရားသခင်သာလျှင် သိလိမ့်မည်။
ကျုံးယို့ယို့ ဒေါင်းလုပ်ဆွဲပြီးသည့်နောက် သူမသည် မတည်ငြိမ်သည့် လေထုထဲမှာ ညို့ယူဆွဲဆောင်သည့်အငွေ့အသက်ကို ခံစားနေရသည်။
ဤနည်းအားဖြင့် သူမအချိန်တွေကို ကုန်ဆုံးနိုင်လေသည်။
အဆင့်တွေက ငွေရောင်ကနေ ကြေးအဆင့်ကို ကျသွားသည့်အတွက် အနည်းငယ် ၀မ်းနည်းနေရုံသာဖြစ်သည်။ကျုံးယို့ယို့သည် ကျောင်းစာ၌ အဆင့်ကောင်းတွေရှိသော်လည်း သူမသည် ဂိမ်းကစားရာတွင် အလွန်ညံ့လှသည်။ သူမသည် ပစ်ခတ်ရာတွေ ယခုအချိန်ထိ မထိမှန်သေးဘဲ မကြာခဏ သေတ္တာတွေထဲသို့ ကျသွားတတ်သည်။ ရလဒ်အနေဖြင့် သူမ၏အရင်ဘ၀က မိန်းကလေးသူငယ်ချင်းများသည် သူမနှင့်အတူ ကစားဖို့ရာ အလွန်တွန့်ဆုတ်ကြ၏။
ဂိမ်းကိုဖွင့်လိုက်ရင်း ကျုံးယို့ယို့သည် တစ်ယောက်တည်းကစားဖို့ရာ အနည်းငယ်အထီးကျန်နေခဲ့ပြီး မအောင့်အီးနိုင်တော့ဘဲ ချင်းယောင်ဆီသို့ စာပို့လိုက်သည်။
"အလုပ်များနေလား"
သူက ချင်းယောင် ဒီအချိန်၌ အစည်းအဝေးလုပ်နေမည်ထင်ခဲ့ရာ ပြန်စာ မြန်မြန်ရောက်လာမည် မထင်ခဲ့ပါ။
" မများပါဘူး ဘာကိစ္စရှိလို့လဲ "
ကျုံးယို့ယို့က "မြန်မြန် ငါ့ကို ဒီဂိမ်းထဲမှာ လာကူပေးပါဦး "