Chapter 44
အပြင်ဘက်၌ နေသာနေသော်လည်း အစည်းအဝေးအတွင်း၌ အေးစိမ့်နေလေသည်။ နည်းပညာဌာနမှာ ပြဿနာတစ်ခုဖြစ်ပွားခဲ့ပြီး အစည်းအဝေးခန်းထဲမှ လူအားလုံးသည် ချင်းယောင်၏ မျက်နှာကို ကြည့်ရန် အလွန်ကြောက်ရွံနေခဲ့ကြသည်။ သူတို့သည် ချင်းယောင် အပြစ်ရှာသည်ကို ဆက်လက်စောင့်ဆိုင်းနေကြသည် ။ သို့သော် အချိန်အတန်ကြာသည်အထိ ချင်းယောင်စကားပြောသည်ကို မကြားကြရပေ။ ထို့ကြောင့် မော့ကြည့်လိုက်ရာ ချင်းယောင်က သူ၏ဖုန်းကို ကြည့်နေသည်ကို တွေ့လိုက်ကြရသည်။
ထူကျစ်ဖန်သည် ကုမ္ပဏီကို ချင်းယောင်နှင့်အတူ တည်ထောင်ခဲ့သူဖြစ်သည်။ ချင်းယောင်သည် ငွေကြေးနှင့် နည်းပညာကို အဓိကပေးကာ သူက ကာစတန်မာများကို ဆက်သွယ်ခြင်းနှင့် သက်ဆိုင်သည့်ကိစ္စရပ်တွေကို စီမံခြင်းအတွက် တာ၀န်ယူထား၏။ သူသည် ချင်းယောင်ကို သတိမပေး၍ မရတော့ဘဲ "မစ္စတာချင်း အစည်းအဝေးကို ဆက်လုပ်ဦးမှာပါလား"
သူတို့နှစ်ဦးသည် ဆက်ဆံရေးကောင်းမွန်ကြသော်လည်း ကုမ္ပဏီမှာတော့ သူ့အား ဥက္ကဌချင်းဟူ၍ ခေါ်ရမည်ဖြစ်၏။
သူကသာမန်ကာမျှ မေးလိုက်သော်လည်း ထင်မထားသည်မှာ ချင်းယောင်က စာအနည်းငယ်ရိုက်ပြီးသည့်နောက် ခေါင်းမော့လာကာ ပြောလာခဲ့သည်။
" မလုပ်တော့ဘူး"
အစည်းအဝေးခန်းထဲမှသူများ "...."
ချင်းယောင်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
"လူနှစ်ယောက်..ငါ နဲ့ အတူ လာပြီးကြက်သားဂိမ်းလာဆော့ "
"......"
'ဘာ၊ ဘာကိုကစားရမယ် ဘာတဲ့၊ကြက်သားဂိမ်းတဲ့လား '
ဘရန်းမန်နေဂျာများ၊PRဌာနမှ ဆွေးနွေးအတိုင်ပင်ခံများနှင့် အစည်းအဝေးခန်းမှထဲများ တခြားသူအားလုံးသည် ရှုပ်ထွေးမှင်တက်ပြီး တုန်လှုပ်နေကြသည်။ သူတို့တွေသည်လည်း ကြက်သားစားရသည့်ဂိမ်းကို ဆော့ကြပါ၏။ သူတို့တွေသည် ဂိမ်းလောကထဲမှာရှိနေကြရာ မစ္စတာချင်းသည် ပိုက်ဆံအလွန်အကျွံသုံးသည့် လူနေမှုမြင့်သော နေထိုင်မှုပုံစံရှိမည်ဟုထင်ခဲ့ကြကာ အခုလိုမျိုး ဂိမ်းထဲ၌ မိန်းကလေးတွေနှင့် အီနေမည့် အိုတာကုပုံစံမျိုးဟု မထင်ခဲ့ကြချေ။
တစ်ဦးတစ်ယာက်ကမှ စကားဆို မလာကြသည်ကိုမြင်သော် ချင်းယောင်က မျက်မှောင်ကြုတ်ကာ
"တစ်ယောက်မှမရှိကြဘူးလား
ဒီလိုအခြေခံဂိမ်းလေးကို မဆော့ဖူးဘူးဆိုရင် ဘယ်လိုလုပ် အသစ်တွေကို ထုတ်နိုင်ပါ့မလဲ "
ရှောင်ဖန်ကမြန်မြန်ဆန်ဆန် လက်မြှောက်ကာ
"မစ္စတာချင်း ကျွန်တော်ရောပါမယ် ကျွန်တော်ကရွှေအဆင့်ပါ "
ချင်းယောင်က ခေါင်းငြိမ့်ပြီး ထူကျစ်ဖန်ကို ကြည့်လိုက်သည်။
" မင်းရောပဲ "
သူတို့သုံးယောက်သည် အစည်းအဝေးခန်းထဲမှာ ကြောင်အနေသည့် လူအုပ်ကို ချန်ခဲ့ကာ ရုံးခန်းထဲသို့ အင်အားအပြည့်ဖြင့် ၀င်လာခဲ့ကြသည်။ ချင်းယောင်၏ နောက်မှ ငြိမ်ငြိမ်လေးလိုက်လာသည့် ထူကျစ်ဖန်သာလျှင် ချင်းယောင်က ဒီလိုမျိုး မကစားဖူးမှန်း သိသည်။
မနေ့ညက ဘယ်လိုဆေးဝါးမျိုးကို သောက်ခဲ့သည်လည်းသူမသိပါ။ ညလုံးပေါက် ဂိမ်းဆော့ပြီးသည့်နောက်တွင် ထိပ်ဆုံးအဆင့်ဖြစ်သည် 'စစ်နတ်ဘုရား' အဆင့်ကို ရောက်ရှိခဲ့၏ ။ ဂိမ်းက Wechat အကောင့်ကို အသုံးပြုခဲ့ရာ Wechatပေါ်မှ သူငယ်ချင်းအားလုံး ဤသည်ကို သိကြ၏။
သူသည် ရှောင်ဖန်၏ သူ့ရဲ့ ရွှေအဆင့်တွေပက်သက်ပြီး စိတ်အားထက်သန်ေနသည့် ရှောင်ဖန်ကို ကြည့်ကာ သက်ပြင်းချလိုက်၏။ တိတ်တဆိတ်လေး ဖုန်းကို ထုတ်ကာ ကြေးအဆင့်ေတာင်မှ မရှိသည့် အကောင့်လေးထဲသို့ ၀င်ရောက်လိုက်သည်။
သူတို့သုံးယောက် ဂိမ်းထဲသို့ ရောက်သည့်အခါ သူတို့အဖွဲထဲ၌ 'ယို့ယို့လုမင်'ဆိုသည့် အိုင်ဒီနှင့် စကပ်တိုနှင့် မိန်းကလေးကို မြင်လိုက်ရသည်။ သူမက မြင်မြင်ချင်းမှာပဲ နူးညံ့သည့်မိန်းကလေးမှန်းသိသာလေသည်။ သူ၏သွေးတွေသည် ချက်ချင်း ဆူပွက်လာခဲ့ပြီးနှုတ်ဆက်ဖို့အတွက် ဦးစွာ စကားစလိုက်သည်။
" ဟယ်လို မိန်းကလေး မင်းနာမည်က ဘယ်လိုခေါ်လဲ ငါ့နာမည်က ဖန်လုမင်ပါ "
မိန်းကလေးကပြုံးနေပြီး မိန်းကလေးအသံချိုချိုလေးကထွက်ပေါ်လာသည်။
"ကျုံးယို့ယို့ပါ"
ချင်းယောင်ကမော့ကာ ရှောင်ဖန်အား ကြည့်လိုက်သည်။
ရှောင်ဖန်က သဘောမပေါက်သေးဘဲ ကောင်မလေးကို စကားဆက်ပြောနေသည်။
"မင်းနဲ့ငါ ခဏနေရင် လေထီးယူရအောင်၊ငါကရွှေအဆင့်၊မင်းက ကြေးပဲရှိသေးတာဆို မင်းကိုခေါ်သွားပေးနိုင်တယ် "
သူစကားပြောပြီးသည်နှင့် ထိုမိန်းကလေးက သူဌေးနောက်ကို လိုက်နေသည်ကို တွေ့လိုက်ရသည်။
"ဟေး မင်းနဲ့ သူဌေးက အဆင်ပြေသားပဲ၊သူအဆင့်ကလည်း အရမ်းမြင့်တယ်၊ဒါပေမဲ့ သူကနည်းနည်းအေးတိအေးသက်ဖြစ်လို့ မိန်းကလေးတွေကို ဂရုစိုက်တတ်တဲ့သူမဟုတ်ဘူး"
ကျုံးယို့ယို့ သည် 'ဖု 'ဟု ရယ်လိုက်မိပြီး ကိုလာတစ်ငုံစာလောက် ပန်းထွက်သွားခဲ့သည်။
"တကယ်လား "
ရှောင်ဖန်က ဂိမ်းကစားခြင်းများသည် အပန်းဖြေရန်ဖြစ်သည်ဟုတွေးခဲ့သည်။ မမျှော်လင့်စွာဖြင့် ရုံးခန်းထဲကလေထုက အေးသထက်အေးလာပြီး သူ့အား သက်တောင့်သက်သာရာမရှိဖြစ်စေလာပြီး သူဌေးအား မော့ကြည့်လိုက်၏။
ထို့နောက် သူဌေး၏ ' မင်းသေချင်တာလား'ဆိုသည့် အကြည့်များနှင့်တွေ့လိုက်ရ၏။
ရှောင်ဖန် "..."
ထူကျစ်ဖန်သည် သူ၏တည်ရှိမှုကို အတတ်နိုင်ဆုံးလျော့ချနေခဲ့သည်။ သူသည် သူ၏ခရာကို မှုတ်ကာ ဂုဏ်ကျက်သရေမရှိသည့် ကိုရင်အဖြစ်ဟန်ဆောင်နေခဲ့သည်။ သူက နေရာတိုင်းကို ၀င်တိုက်ခဲ့ပြီး လေထီးပေါ်မှလည်းခုန်ချကာ သေနတ်ကိုပင် မကောက်ခဲ့ပါ။သူသည် ချင်းယောင် ရှိုးထုတ်ဖို့အတွက် အလုံးစုံသော အခွင့်အရေးအားလုံးကိုပေးထားခဲ့သည်။
တိုက်ပွဲပြီးသွားသည့်အခါ ရှောင်ဖန် သည် စိတ်ဓာတ်ကျနေခဲ့သည်။ သေတ္တာထဲသို့ ဆင်းသက်ခဲ့သည် ထူကျစ်ဖန်ကလွဲ၍ သူသည် သေဆုံးမှုအမြန်ဆုံးဖြစ်သည်။
မူလတန်းကျောင်းသားတွေတောင် ပူးပေါင်းဆောင်ရွက်မှုကို နားလည်ကြပေမဲ့ သူ၏သူဌေးက ထိုကဲ့သို့မဟုတ်ချေ။
အမြင့်ဆုံးအဆင့်ရှိသည့် သူတစ်ယောက်အနေနှင့် သူသည် အသင်းကို ဦးမဆောင်ခဲ့ပေ။
တစ်ချက်တည်းနှင့် သူကို မြေပြင်ပေါ်သို့ ကျစေခဲ့ပြီး သူ၏ခြေထောက်တွေကို နင်းကာ ဖြတ်ကျော်သွားခဲ့သည်
သူ့ အပေါ်ကို တက်နင်းသွားပြီးနောက် ထိုမိန်းကလေးကို ဖိုင်နယ်သို့ခေါ်ဆောင်သွားခဲ့သည်...
သူသည် ချင်းယောင်ကဲ့သို့ သူဌေးမျိုးနှင့် ဘယ်သောအခါမှ ဂိမ်းအတူမဆော့ချင်တော့ပေ။
မှိုင်းထိုင်းနေသည့် ရှောင်ဖန်နှင့် မွန်းကြပ်နေသည့် ထူကျစ်ဖန်တို့ ထွက်သွားသည့်နောက် ချင်းယောင်၏ မျက်နှာအမူအရာသည် အနည်းငယ်ပျော့ပျောင်းသွားသည်။ ကျုံးယို့ယို့ကို သူတခုခုပြောရန် လုပ်နေစဉ်မှာပဲ သူ၏နောက်က ပါလာသည့် ကျုံးယို့ယို့ထံမှ ခေါ်သံကိုကြားလိုက်ရသည်။
"သွားပြီ ချင်းယောင်၊....ကျွန်မ ဗုံးနယ်မြေထဲကို ကျသွားပြီးပိတ်မိနေပြီ သေတော့မှာပဲ ..."
ကျုံးယို့ယို့သည် အလွန်စိတ်ဓာတ်ကျနေခဲ့သည်။' ဘာလို့သူက ရွှေခါးပတ်ရှိပြီး ရန်သူသတ်တာမခံရပေမဲ့ မိုးကြိုးကို နင်းမိပြီး ကိုယ့်ကို သေစေသွားရတာလဲ ၊ကံမကောင်းလိုက်တာ '
သူမသည် ထွက်လိုက်ပြီး ချင်းယောင်ဆော့သည်ကို ကြည့်ဖို့လုပ်လိုက်သည်။
စက္ကန့်အနည်းငယ်အတွင်း ချင်းယောင်သည် မိုးကြိုးကိုပစ်လွှတ်ကာ သတ်သေပြီး ဆုတ်ခွာသွားခဲ့သည်။
ကျုံးယို့ယို့ " ဟမ် "
ချင်းယောင်၏အသံသည် နည်းနည်းနိမ့်ကာ အောနေခဲ့သည်။
" ကိုယ်မင်းကို နောက်တခါကျ တစ်ယောက်တည်း ခေါ်သွားပေးမယ် "
သူသည် ကျုံးယို့ယို့ကို ရှောင်ဖန်က သူ၏ရှေ့မှာ စကားပြောနေမည်ကို တွေးကြည့်ရုံနှင့် အလွန်ပင် စိတ်မချမ်းမြေ့ဖြစ်လာသည်။
ချင်းယောင်၏ အထူးသဖြင့် ဂိမ်းထဲမှအသံသည် နိမ့်ကာ ညို့ဓာတ်ရှိလှသည်။ ကျုံးယို့ယို့၏ နှလုံးသားလေးသည် တိမ်ထဲမှာ ဖမ်းဆုပ်ခံရသလိုမျိုး၊ ရင်ခုန်စွာဖြင့် တဒုတ်ဒုတ်မြည်နေခဲ့ပြီး မုန့်ရှစ်ရွှမ်ကြောင့် ဖြစ်ခဲ့သည့် မကြည်မလင်ခံစားချက်အားလုံးက တစ်ခါတည်း ပျောက်ကင်းသွားပုံပေါ်သည်။
သူမက မပြုံးဘဲ မနေနိုင်တော့ကာ
"အိုခေ မြန်မြန်ပြန်လာနော် ကျွန်မ..."
ကျွန်မ ရှင့်ကို လွမ်းတယ် ချင်းယောင်။
သူမ စကားမဆုံးသေးပေမဲ့ ချင်းယောင်၏ မျက်နှာသည် ရုတ်ချည်းနီမြန်းသွားခဲ့သည်။ သူသည် ဖုန်းကို ကိုင်ထားရင်း ပြတင်းပေါက်အပြင်သို့ ကြည့်နေခဲ့ပြီး သူ့နှုတ်ခမ်းထောင့်များ ကွေးတက်သွားခဲ့သည်။
သူမသည် ဒုတိယတစ်၀က်ကို မပြောခဲ့သော်လည်း သူမ၏စကား " မြန်မြန်ပြန်လာနော် "ဆိုသည်လေးကပင် သူကို ပီတိဖြစ်စေဖို့ လုံလောက်ပေသည်။
***
ထို့အပြင် ကျုံးရှီယို့လည်းပဲ ကျေနပ်ပီတိဖြစ်နေခဲ့သည်။ ကျောင်းဆင်းသည့်အခါ သူသည် ဘတ်စကတ်ဘောအသင်းနှင့် ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေခဲ့သည်။မှောင်လာသည့်အခါ ချွေးတရွဲရွဲဖြင့် ဘောလုံးကို အိမ်သို့ သယ်လာခဲ့သည်။သူ၏ ခံစားချက်တွေ ကောင်းမွန်နေသောကြောင့် ညခင်းမှာ ဆက်ဆော့ဖို့ ကြံရွယ်ထားသောကြောင့်ဖြစ်သည်။
အိမ်ပြန်ရောက်ရောက်ချင်း မီးဖိုချောင်ထဲ၌ အိမ်အကူများသည် တချို့သောဆေးတွေကို ကြိုနေပုံရပြီး အလုပ်များနေကြသည်ကို တွေ့လိုက်သည်။ ထို့ကြောင့် သူက တစ်ယောက်ကို တားဆီးကာ မေးလိုက်သည်။
" ဘာဖြစ်တာလဲ ဘယ်သူနေမကောင်းလို့လဲ "
ဘေးကလူသည် သူ အိမ်ပြန်ရောက်လာသည်ကို မြင်သော် ၀မ်းသာသွားပြီး မြန်မြန်ပြောပြလိုက်သည်။
" သခင်ငယ်လေး အကြီးဆုံးမမလေးပါ မမလေးက ကျောင်းက ပြန်လာပြီးကတည်းက သိပ်ပြီး နေ မကောင်းသလိုပဲ။ ဖျားနေသလိုမျိုး ချောင်းဆိုးနေလို့ ကျွန်မက ဂျင်းပြုတ်ရည်လေး လုပ်နေတာပါ "
'နေမကောင်းဘူး ၊အအေးမိတယ်လား '
နေ့လည်၌ဖြစ်ပွားခဲ့သည် ကိစ္စကြောင့် ကျူံးရှီယို့သည် မုန့်ရှစ်ရွှမ်အတွက် ခံစားချက်မရှိတော့ပါ။ သူက ဆေးပန်းကန်လုံးကို မကောက်ယူခဲ့ပဲ ဘတ်စကတ်ဘောလုံးကို ကိုင်ကာ အပေါ်ထပ်သို့ တန်းတန်းမတ်မတ် တက်သွားခဲ့ရင်း နှာမှုတ်လိုက်သည်။
" အဲ့ဒါ ငါ့ကိစ္စမဟုတ်ဘူး "
အစေခံတွေအားလုံး ထိတ်လန့်သွားခဲ့ကြသည်။ ' ဘာဖြစ်တာလဲ၊သခင်ငယ်လေးမှဟုတ်ရဲ့လား။သူက သခင်မလေးကို ဂရုအစိုက်ဆုံး၊အချစ်ဆုံးသောသူ မဟုတ်ဘူးလား၊ရုတ်တရက်ကြီးဘာလို့လဲ၊မင်းတို့ စကားများခဲ့ကြရင်တောင် ဒီလိုမျိုးအထိကတော့ မဟုတ်ဘူးလေ '
တချို့သူတွေသည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြရင်း ကျုံးမိသားစုက ပိုပိုပြီး ထူးဆန်းလာသည်ဟု တွေးနေခဲ့ကြသည်။
ကျုံးရှီယို့သည် လှေကားနှစ်ထစ် ခုန်ကျော်ပြီး ခြေသုံးလှမ်းလှမ်းလိုက်သည်။ မုန့်ရှစ်ရွှမ်သည် ဖျော့တော့စွာဖြင့် ကော်ရစ်တာ၌ ရပ်နေခဲ့သည်။ သူမ အောက်ထပ်သို့ ဆင်းခါနီး ထိုသို့သော စကားများကို ကြားလိုက်ရသည်။
ကျုံးရှီယို့သည် သူမအား လျစ်လျူရှုကာ သူ့အခန်းထဲသို့ ၀င်သွားခဲ့သည်။
မုန့်ရှစ်ရွှမ်သည် အသက်ပြင်းပြင်းရှုလိုက်သည်။ ဤအချိန်၌ သူမနှလုံးထဲ နာကျည်းမှု၊ဒေါသနှင့် အမုန်းတရားများက အုံကြွလာခဲ့ပြီး သူမခံစားချက်တွေသည် ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့သည်။သူမက ပြေး၀င်လာပြီး မေးလိုက်သည်။
" ကျုံးရှီယို့ နင်ပြောတာ ဘာသဘောလဲ။ ငါ့ကို နင်နှစ်တွေအကြာကြီး ချစ်လာခဲ့တာလေ ။ ဖြစ်နိုင်ရဲ့လား ငါကကျုံးယို့ယို့ကို မနိုင်ဘူးဆိုတာ "
'နောက်ဆုံးတော့ ဗိုလ်လုပွဲရောက်လာပြီလား ' ကျုံးရှီယို့ တွေးလိုက်၏။
သူသည် မျက်ခွံတွေကို ပင့်လိုက်ပြီး မုန့်ရှစ်ရွှမ်ကို အေးတိအေးစက် ကြည့်လိုက်သည်။
"အဖြေကပိုကောင်းမလာဘူး နင်ငါ့ကို ဘယ်နှကြိမ်မေးမေး အဖြေကတစ်မျိုးတည်းပဲ "
"သူမက ငါနဲ့ သွေးသား တော်စပ်တဲ့ငါ့အစ်မဖြစ်ပြီး သွေးသားတော်စပ်မှုက အရမ်းအရေးကြီးတယ်။ နင်ကရော နင့်ရဲ့ အမေရင်းက ဘယ်သူဆိုတာကို သိပြီးတဲ့နောက် မတွေးကြည့်ခဲ့ဖူးဘူးလား"
"နင်က နေ့လည်က ပြောခဲ့တာတွေက ငါ့ကိုစိတ်ဆိုးနေလို့ ပြောခဲ့တာ ဒါမှမဟုတ်..."
"ဒါပေါ့ ငါတကယ်အတည်ပြောခဲ့တာ" ကျုံးရှီယို့သည် တုံ့ဆိုင်းမနေခဲ့ပါ။
မုန့်ရှစ်ရွှမ်သည် သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမမျက်နှာသည် ဖြူဖတ်ဖြရော်ဖြစ်နေသည်။
ကျုံးရှီယို့သည် သူမ၏အားနည်းချက်က မုန့်ချန်ဖြစ်မှန်း သေချာသိ၏။ သူသည် သူမ၏ ခံစားချက်များကို ဂရုစိုက်လေ့ရှိပြီး မုန့်ချန်ကို သူမရှေ့၌ ပြောဖူးခြင်းမရှိခဲ့သော်လည်း ယခု သူမ၏ ခံစားချက်တွေကို ဂရုမစိုက်လိုပါ။
သူမ နောက်ဆုံး၌ ကျုံးရှီယို့၏အတွေးကို နားလည်သွားပြီဖြစ်၏။ ၁၈နှစ်လုံး သူမကို ကာကွယ်ပေးခဲ့သည့် ဤမောင်လေးသည် ကျုံးယို့ယို့၏ မောင်လေးဖြစ်သွားပြီမှန်း နောက်ဆုံးမှာ သူမနားလည်သွားခဲ့လေပြီ။
...
ဤအချိန်၌ ဆေးဝါးများသယ်ကာ အပေါ်ထပ်သို့ တက်လာကြသည့် အစေခံနှစ်ယောက်သည် ကျုံးရှီယို့၏ အခန်းထဲက စကားပြောသံများကို ကြားသွာခဲ့ပြီး အံ့ဩသွားခဲ့ကြသည်။
'သေစမ်း၊သေလိုက်ပါတော့လား '
မုန့်ရှစ်ရွှမ်သည် အကြီးဆုံးမမလေးကဲ့သို့ အမြဲတမ်း ပြုမူနေခဲ့သည်။ မကြာသေးခင်က သူမသည် အကျင့်စရိုက်ကဆိုးဝါးလာခဲ့ပြီး လူတွေကိုလည်းကြိမ်ဖန်များစွာ ဒေါသထွက်နေခဲ့သည်။ပြီးတော့ သူမသည် ကျုံးမိသားစု၏ သမီးအရင်းမဟုတ်မှန်း သူမကိုယ်တိုင်လည်း သိနေခဲ့သည်။
သိနေလျက်နဲ့ ဘာလို့ ဒီအိမ်မှာဆက်နေနေခဲ့သေးတာလဲ။
' ကျုံးယို့ယို့က လတ်စသတ်တော့ .....'
ဘယ်လိုတောင် အံ့ဩဖွယ်ကောင်းတဲ့ လျှို့ဝှက်ချက်ကို သူတို့ကြားလိုက်ရသည်ဖြစ်သနည်း။
ကျန်းမားကန်ထုတ်ခံရသည်မှာ အံ့ဩစရာမကောင်းတော့ပါ။ ကျန်းမားသာ သိမည်ဆိုလျှင် နောင်တရလောက်မည််လား။ သူမက နှစ်တွေအကြာကြီး လူမှားပြီးပြုစုနေခဲ့ခြင်းဖြစ်သည်။