Chapter 45
မီးဖိုချောင်ထဲ၌ အိမ်အကူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ သူတို့သည် ချမ်းသာသည့် သူဌေးများ၏ လျှို့ဝှက်ချက်တွေကို အမြဲတမ်းကြားခဲ့ဖူးကြသော်လည်း ဒီတစ်ကြိမ်က အဏုမြူဗုံးကဲ့သို့ အားကြီးသည့် ဗုံးတစ်လုံးဖြစ်သည်။
လူအများအပြားသည် သူတို့၏ အသံတွေ ပျောက်ဆုံးသွားသကဲ့သို့ဖြစ်ပြီး အချိန်အတော်ကြာ မီးဖိုချောင်ထဲ၌ မျက်နှာအမူအရာအမျိုးမျိုးဖြင့်ရှိနေကြသည်။
ကျုံးမိသားစု၀င်တွေ၏ စကားများမှတဆင့် တစွန်းတစ ကြားခဲ့ဖူးသော်လည်း မဆက်စပ်နိုင်ခဲ့ကြပေ။ မထင်မှတ်စွာ အကြီးဆုံးမမလေးက တကယ့်မမလေးမဟုတ်ဘဲ ရစ်ငှက်က ငှက်ကျားအသိုက်ကို အပိုင်စီးထားခြင်းဖြစ်နေသည်။ ရစ်ငှက်ဟူ၍ သတ်မှတ်ထားသည့် ကျုံးယို့ယို့ကမှ တကယ့် ကျုံးမိသားစု၏ သမီးရင်းဖြစ်နေလေသည်။
ကျုံးမိသားစု၏ သမီးနှစ်ယောက်အပေါ် လတ်တလော ဆက်ဆံသည့် အပြုအမူများပြောင်းလဲသွားခြင်းက အံ့ဩဖွယ်မဖြစ်ချေ။
ထိုအချိန်က ကလေးချင်းလဲခဲ့သည့်သူမှာ အကြီးဆုံးသခင်မလေး အာ မဟုတ်သေး မုန့်ရှစ်ရွှမ်၏ မွေးမိခင်အရင်းဖြစ်သည်လား။ တခြားသူတွေ၏ ကလေးကို ချမ်းသာကြွယ်၀မှုအတွက် ခိုးယူခဲ့တာက တကယ်ကို ကိုယ်ကျင့်တရားပျက်ပြားပေသည်။
မီးဖိုချောင်ထဲမှ လူအနည်းငယ်သည် ကလေးများရှိကြသူများဖြစ်သည်မို့ ထိုကဲ့သို့ သူတို့၏ ကလေးများ မွေးပြီးပြီးချင်း အစားထိုးခံရပြီး တစ်ပါးသူနောက်ပါသွားခြင်းကို စိတ်ကူးနှင့်ပင် မတွေးဝံ့ကြချေ။ ပြီးတော့ တခြားသူ၏ ကလေးက သူတို့၏ လက်ဖဝါးထဲ၌ အလိုရှိရာကို ရပြီး အလိုလိုက်ခံရမည်ဆိုလျှင်.....
ကိုယ့်ကလေးလေးက ဘယ်လောက်တောင် သနားစရာကောင်းလိုက်မလဲ။ သူတို့၏ အိမ်မှ သူတို့နေရာကို အစားလုယူခံရသွားမည့် ကလေးလေးများကို တွေးလိုက်သည်နှင့် အသားများ ပဲ့ထွက်သွားသကဲ့သို့ နာကျင်ရသည်။
" အရမ်းကို ယုတ်မာတာပဲ။တွေးကြည့်လို့တောင် မရနိုင်ဘူး "
ယွီမားသည် မနေနိုင်ဘဲ ပြောလိုက်သည်။
" ဒုတိယမမလေးက မဒမ်နဲ့ရုပ်တူပြီး အကြီးဆုံးမမလေးက မဒမ်နဲ့ နည်းနည်းမှ ရုပ်မဆင်ဘူးလို့ ပြောခဲ့မိတာ မဆန်းတော့ဘူး ပြီးတော့ ငါတို့က အရင်က ဆက်ဆံခဲ့တာတွေက အရမ်းလွန်ခဲ့တယ်...."
ဟုတ်၏။ သူတို့သည် အမှန်တရားကိုမသိရှိခဲ့စဉ်က ကျုံးယို့ယို့သည် သခင်ကြီး၏ အပြင်မှခေါ်လာခဲ့သည့် တရားမ၀င်သမီးဟု ထင်ခဲ့ကြပြီး ကျုံးယို့ယို့ကို ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ကြပေ။ ဘာပဲဖြစ်ဖြစ် သူတို့သည်လည်း မိန်းမသားများဖြစ်ကြရာ မယားငယ်များကို မုန်းကြသည်။
အခု အမှန်တရားကိုသိရှိလိုက်ရသည့်အခါ သူတို့၏ ခံစားချက်က ရှုပ်ထွေးသွားလေသည်။
သိသာစွာဖြင့် ဤကိစ္စရပ်မှာ အပြစ်မဲ့သူသည် ကျုံးမိသားစုထံမှ ခေါ် ဆောင်သွားခံရကာ အစားထိုးခံရပြီး အရာအားလုံး လုယူခံလိုက်ရသည့် ကလေးဖြစ်သော ကျုံးယို့ယို့သာလျှင် ဖြစ်သည်။ ကျုံးမိသားစုထံသို့ ပြန်ရောက်လာပြီးသည့်နောက် မိသားစုထံမှ လျစ်လျူရှုခံရပြီး မုန့်ရှစ်ရွှမ်၏ အရိပ်အောက်၌ နေထိုင်ခဲ့ရသည်။ ဒုတိယမမလေး အိမ်ကနေ ထွက်သွားသည်က အံ့ဩဖွယ်ရာမဟုတ်ချေ။
ရေခဲသေတ္တာဘေးမှာ ရပ်နေသည့်သူသည် စိတ်ထဲ၌ ထိသွားရင်း တီးတိုးပြောလိုက်သည်။
" ငါကြားခဲ့တာ မမလေးယို့ယို့ရဲ့ အဆင့်တွေက ပိုပိုကောင်းလာတယ်တဲ့၊ သူမသာ အစကတည်းက ကျုံးမိသားစုမှာ ကြီးပြင်းလာခဲ့မယ်ဆိုရင် သူမကပိုပြီး သာနေလောက်မှာ "
ယွီမားက ဒေါသအထွက်ဆုံးသူဖြစ်သည်။ သူမသည် ကျုံးမိသားစုကဘာလုပ်ခဲ့သည်ကို မြင်ပြီး သရော်လိုက်သည်။
"ဒုတိယမမလေးဖို့ကတော့ ငါထင်တာက ကျုံးရှစ်ရွှမ်က မီးစာရှိတဲ့မီးအိမ်မဟုတ်ဘူး၊လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ကိုယ့်မိခင်ရင်းက ဘယ်သူဆိုတာ သိခဲ့ပြီးလျက်နဲ့ ဘာလို့ မိခင်အရင်းနဲ့ လိုက်မသွားတာလဲ ၊သူမက ဒီကိစ္စကို ဖွင့်တောင်မပြောခဲ့ဘူး ပြောစရာမလိုအောင်ကို ဂုဏ်ကျက်သရေနဲ့ စည်းစိမ်ဥစ္စာကို မက်မောနေတာပဲမလား "
"အဲ့လိုမျိုးလည်း မြန်မြန်ကောက်ချက်မချနဲ့ "
အိမ်တော်ထိန်းကပြောလိုက်သည်။
" ကျုံးယို့ယို့ဘက်ကို အခု ကျုံးမိသားစုက အားသာနေပေမဲ့ နောက်ကျရင် ဘာဖြစ်မလဲ ဘယ်သူသိနိုင်မှာလဲ ။ သူတို့က ဒီကိစ္စအကြောင်း အပြင်ကို ထုတ်မပြောကြသေးတော့ အဲ့ဟာနဲ့ ပက်သက်ပြီး ပြောနေလို့မကောင်ဘူး "
ထိုသို့ပြောလိုက်သည်နှင့် အများစုက ကျုံးယို့ယို့အတွက် ဒေါသထွက်သွားကြသည်။
သူတို့သာ တခြားသူ၏ကလေးနှင့် အစားထိုးခံရပြီး ပညာမတတ်၊ကောင်းကောင်းမွန်မွန်လည်း မစားသောက်ရဘဲ ပင်ပန်းဆင်းရဲစွာကြီးပြင်းလာရမယ်ဆိုလျှင် သူတို့သည်လည်း စိတ်မကောင်းဖြစ်လိမ့်မည်။ ' ဘာလို့လဲ၊ဘာလို့ လဲလှယ်ထားသည့် ကလေးက တခြားသူ၏ အရာအားလုံးကို ပိုင်ဆိုင်ထားရတာလဲ ။ အရာအားလုံးပြန်ပေးအပ်သင့်သည်။ '
မုန့်ရှစ်ရွှမ်သည် လူးလိမ့်နေခဲ့ပြီး အိပ်မပျော်နိုင်ခဲ့ပေ။ သူမစိတ်က အိမ်မက်ဆိုးတွေနဲ့ပြည့်နေခဲ့သည်။ ရက်ပေါင်းများစွာ စိုးရိမ်ကြောက်ရွံ့ခဲ့ပြီးသည့်ေနာက် အနည်းငယ် အဖျားရှိလာခဲ့သည်။
အစေခံများက သူမဆီသို့ ဆေးယူလာခဲ့ရမည်ဖြစ်သော်လည်း ယခုထက်ထိ ရောက်မလာကြချေ။
သူမက ပင်ပန်းပြီးဖြူဖျော့နေသည့်
မျက်နှာကို ပွတ်သပ်ရင်း အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။
ယွီမားနှင့် အခြားအစေခံနှစ်ယောက်သာ မီးဖိုချောင်ထဲ၌ အလုပ်ရှုပ်နေခဲ့သည်။ ကျုံးပါပါးနှင့်အတူ ကျုံးမာမားက အလုပ်ခရီးထွက်သွားခဲ့သဖြင့် အိမ်အကူက စောစောအိပ်သွားခဲ့ပြီဖြစ်သည်။ မုန့်ရှစ်ရွှမ်သည် ထိုအလုပ်သမားတွေသည် ပိုပိုပြီး ထိန်းမနိုင်သိမ်းမနိုင်ဖြစ်လာသည်ဟုသာ ခံစားနေရသည်။ နှစ်နာရီ၊သုံးနာရီလောက် ကြာသွားသော်လည်း ဆေးယူလာဖို့ ကျရှုံးခဲ့သည်သာမက သူတို့က ထိုကိစ္စကို မေ့နေပုံပင် ပေါ်ကြသည်။
သူမသည် စိတ်ထဲမှ ဒေါသကို ဖိနှိပ်ကာ မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
" ဆေးက အဆင်သင့်မဖြစ်သေးဘူးလား "
ယွီမားသည် မနက်ဖြန်အတွက်
ဟင်းချက်စရာတွေကို ဆေးကြောနေခဲ့ပြီး ထိုအသံကို ကြားလိုက်သည့်အခါ သူမကို ကြည့်လာခဲ့သည်။
မုန့်ရှစ်ရွှမ်က သူမ၏ထင်ယောင်ထင်မှားဖြစ်မှုလားမသိပါ။ ယွီမားနှင့် အခြားအစေခံတွေ၏ အပြုအမူက သိသာသည့် ပြောင်းလဲမှုရှိနေသည်ဟု သူမခံစားမိနေ၏။ သူတို့သည် သူမကို ရိုသေပြီး ဂရုစိုက်လေ့ရှိကြရာ ယခုတွင်မူ ထိုမျက်လုံးများက ဟာသတစ်ခုကိုကြည့်နေသကဲ့သို့ ဖြစ်နေကြသည်။
" ကျွန်မကို ဘာပြောချင်ကြတာလဲ "
မုန့်ရှစ်ရွှမ်၏ ပါးစပ်က ခြောက်သွေ့နေပြီး သူမမီးဖိုချောင်ထဲသို့ ၀င်လာသည့်အခါ သူတို့က ရေတစ်ခွက်ပင် လောင်းထည့်မပေးခဲ့ကြပါ။
" ကျွန်မ နားလည်ပါပြီ ခဏနေရင် ပို့ခိုင်းလိုက်ပါ့မယ် "
ယွီမားက သူမပါးစပ်ကိုပင့်တင့်ကာ ရွဲ့တဲ့တဲ့ပြုံးရင်း ပြောလိုက်သည်။
ထိုအပြုံးက မုန့်ရှစ်ရွှမ်၏ အမြင်၌ ဘယ်လိုပင်ကြည့်ကြည့် ထူးဆန်းနေခဲ့ပြီး ယွီမား၏ လေသံသည်လည်း ၀တ်ကျေတန်းကျေဖြစ်ပြီး အထင်သေးမှုသည်လည်း စိုးစင်းမျှ ပါနေသယောင်ပင်။
သူမကပြောလိုက်သည်။
" ရေတစ်ခွက် ငှဲ့ပေး "
မည်သူကမှ သူမပြောသည်ကို ဂရုမစိုက်ကြပါ။ သူတို့ထဲက နှစ်ယောက်သည် သူမပြောသည်ကို မကြားသကဲ့သို့ မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေကြသည်။ ယွီမား၏ မျက်နှာသည် စိတ်မရှည်မှုအချို့တောင်မှ ပြသနေခဲ့၏။
မုန့်ရှစ်ရွှမ်သည် ချောင်းဆိုးလိုက်ပြီး ဒေါသထွက်လာခဲ့သည်။
" ယွီမား ရှင်ဘာဖြစ်နေတာလဲ "
ယွီမားလည်း ဒေါသထွက်နေခဲ့သည်။
' နင်က ကျီးကန်းသိုက်ထဲက ချိူးငှက်မ။ တခြားဘာတွေဟန်ဆောင်ချင်သေးတာလဲ ၊မမလေး အဖြစ်လား။ သူမ၏ မည်သူမည်၀ါဆိုသည့် အထောက်အထားကို လက်မလျော့သေးရုံသာမကပဲ ဒုတိယမမလေးဖို့ အပြစ်ရှိသည့်စိတ်လည်း မခံစားမိရပါ။ '
သူမမျက်နှာသည် ချက်ချင်း မည်းမှောင်သွားပြီး ကြွေထည်စားပွဲပေါ်၌ ခွက်ကို တင်လိုက်သည်။
"ကိုယ်ပိုင်လက်တွေမရှိဘူးလား။ကျွန်မတို့ကို ခေါ်စရာလိုလို့လား "
မုန့်ရှစ်ရွှမ် ထိတ်လန့်သွားခဲ့သည်။
"......."
သူမတခုခုကို ရေးတေးတေး သဘောပေါက်သွားပြီး သူမျက်နှာသည် ရုတ်ချည်း ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့ပြီး လက်ချောင်းတွေကို လက်ဖဝါးထဲ ထိုး၀င်မတတ် တင်းတင်းညစ်ထားလိုက်မိ၏။
' အလုပ်သမားနှစ်ယောက်က တစ်ခုခုကို ကြားခဲ့တာလား။ ကျုံးပါပါးမာမားက သူတို့ကိုပြောခဲ့တာလား။ ဒါမှမဟုတ် ကျုံးရှီယို့ကပဲ ပြောခဲ့တာလား။ ဖြစ်နိုင်တာက ခုနတုန်းက သူမနှင့် ကျုံးရှီယို့၏ စကားတွေကို ကြားသွားခဲ့တာလား '
မုန့်ရှစ်ရွှမ်သည် မွေးကတည်းက အေးစက်သည့်မျက်လုံးများနှင့် အထင်သေးမှုကို ဘယ်တုန်းကမှ မသိခဲ့ပါ။ အခု ယွီမား၏အပြုအမူတွေက သူမမျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သကဲ့သို့ဖြစ်သည်။ သူမသည် ဒေါသထွက်လွန်း၍ နားတွေက တဝီဝီမြည်နေခဲ့ပြီး မတ်တပ်ပင်မရပ်နိုင်သော်လည်း သူမသည်းခံရမယ်ဆိုတာကို သိသဖြင့် စိတ်လျော့ကာ ရေတစ်ခွက်ထည့်ရင်း အပေါ်ထပ်သို့ တက်သွားခဲ့သည်။
သူမထွက်သွားပြီးသည့်နောက် တစ်ယောက်က အသက်ရှုထုတ်ကာ
"တကယ်ကို လန့်လိုက်တာဟယ် နင်ပြောတော့ ကျုံးမိသားစုက သူတို့သမီးကို အသိအမှတ်မပြုတော့ဖူးလို့ မပြောပါဘူးဆို ဘာလို့သူမနဲ့အငြင်းပွားချင်ရတာလဲ "
ယွီမားသည် စဉ့်နီတုံးပေါ် မီးဖိုချောင်သုံးဓားအား ထိုးစိုက်လိုက်ရင်း စိတ်တိုစွာဖြင့် " နင်တို့က ငါ့ကို အပြစ်တင်နေကြတာလား သူက ဒီထက် လေသံကောင်းကောင်းနဲ့ပြောမယ်ဆိုရင် ငါဒီလောက်ထိ စိတ်တိုမှာမဟုတ်ဘူး ။အရေးမပါဘူးလို့ သဘောထားတာတွေ လျစ်လျူရှုမှုတွေ ၊ဒုတိယမမလေးက ဒါတွေကို ဘယ်လိုများ သည်းခံနိုင်ခဲ့လဲဆိုတာ ငါတကယ် မသိတော့ဘူး ၊ငါတော့ သည်းမခံနိုင်တော့ဘူး "
...….
**
ကျုံးယို့ယို့၏ ခြေလှမ်းများကို ယွမ်ယွမ် လိုက်မမှီနိုင်နီးပါးနေဖြစ်၏။
"ယို့ယို့ နင် ကျောင်းဖိုရမ်ကို တွေ့ပြီးပြီလား ဒီနှစ်ရဲ့ ကျောင်းပန်းပွင့်ေလးရွေးချယ်မှုက အရမ်းနာမည်ကြီးနေတယ် "
"မတွေ့သေးဘူး ဘာလို့လဲ "
ကျုံးယို့ယို့သည် ပန်းသီးကို တစ်ကိုက်စီကိုက်ရင်း အားကစားကွင်းဆီသို့ ခြေလှမ်းနေခဲ့သည်။
ဤအချိန်က အထက်တန်းကျောင်း၏ အားကစားပွဲများစုစည်းမှုက စတင်ကျင်းပနေပြီး ဘတ်စကတ်ဘောပြိုင်ပွဲက စတင်နေပြီ။ ကျောင်းစာသင်ဆောင်တွေ၏ နောက်မှာ ပန်းပွားများ၏ အော်ဟစ်အားပေးသံတွေကို ကြားနေရသည်။ ဂျူနီယာအထက်တန်းကျောင်းသူများသာမဟုတ်ဘဲ အတန်းကြီးသမားများသည်လည်း ကြည့်ရှုဖို့ တိုးဝှေ့နေကြသည်။
ရလဒ်အနေဖြင့် အားကစားကွင်းက ပိတ်ဆို့နေခဲ့သည်။ စောစောစီးစီးကြိုတင်နေရာယူမထားဖူးဆိုလျှင် ရပ်ကြည့်ဖို့နေရာတောင် ရှာနိုင်မည်မဟုတ်ပါ။
ကျုံးရှီယို့က သူမအတွက် ရှေ့ဆုံးတန်း၌ နေရာချန်ထားပေးထားသည်။ ထို့ကြောင့် ဒီကိစ္စဖို့ တွေးပူစိုးရိမ်စရာမလိုချေ။ စကားမစပ် ယွမ်ယွမ်သည်လည်း သူမနဲ့အတူ ထိုင်ဖို့ နေရာရနိုင်သည်။
ကျုံးယို့ယို့ ပန်းသီးကို ကိုက်စားပြီးသွားခဲ့သဖြင့် အူတိုင်ကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ပြီး ကွင်းထဲသို့ ယွမ်ယွမ်နှင့်အတူ ၀င်သွားခဲ့သည်။ သူမသည် ကျုံးရှီယို့အတွက် ဤပွဲကိုကြည့်ခြင်းမဟုတ်။ သူမထိုမျှလောက် သဘောမကောင်းဘဲ ဤဈေးပေါတဲ့ မောင်၏ ကစားပွဲကို အချိန်ဖြုန်းရုံသက်သက်ကြည့်ပြီး မုန့်ရှစ်ရွှမ်ကို မြင်စေလို၍ ဖြစ်သည်။
မုန့်ရှစ်ရွှမ်သာ သူမကို လာမထိဘူးဆိုလျှင် အားလုံးအဆင်ပြေကာ အေးအေးချမ်းချမ်းဖြစ်မည်။ သို့သော် မုန့်ရှစ်ရွှမ်ကသာ သူမကို စိတ်နှောင့်အယှက်ဖြစ်စေသည်နှင့် သူမသည်လည်း တိတ်တဆိတ်ငြိမ်နေတတ်သည့် သူမျိုး မဟုတ်ချေ။
ပြီးခဲ့သည့်အခေါက် သူမ ခိုးချသည်ဟု စွပ်စွဲခဲ့ရသည်နှင့် ပက်သက်ပြီးလည်း စာရင်းမရှင်းရသေးချေ။
ဤတခေါက်တွင် မုန့်ရှစ်ရွမ်၏အပိုင်ဖြစ်ခဲ့သည့် နေရာကို သူမ(ကျုံးယို့ယို့)က လုယူလိုက်ရာ သူမ(မုန့်ရှစ်ရွှမ်)၏မျက်နှာက ဘယ်လိုဖြစ်မလဲဆိုသည်ကို သိချင်မိသည်။ မုန့်ရှစ်ရွမ် မူလပိုင်ရှင်၏ တန်ဖိုးရှိသောအရာတွေ လုယူခံရသည့် ခံစားချက်ကို သိဖူးသွားလိမ့်မည်။
ကျုံးယို့ယို့သည် သူမမေးဖျားကို ထိရင်း ရယ်မောလိုက်ရာ ယွမ်ယွမ်ကမူ ကြက်သီးများတောင် ထလာခဲ့သည်။ လှပနူးညံ့သည့် အလှလေးတွေကို ရှုပ်လို့ မဖြစ်ပေ။ ဘာေကြာင့်ဆိုပါက သူတို့၏ရုပ်ရည်လေးနှင့် လှည့်စားတတ်ကြသည်။
သူတို့နှစ်ယောက်သည် လူအုပ်အထပ်ထပ်ကို ဖြတ်ကျော်သွားခဲ့ပြီး စီတန်းနေသည့်လူတွေ၏ ထိတ်လန့်နေသည့် အကြည့်များအောက် ရှေ့ဆုံးတန်းဆီသို့ တည့်တည့်မတ်မတ်သွားခဲ့ကြသည်။
ကျုံးယို့ယို့က မေးလိုက်သည်။
"ဒါနဲ့ နင်ပြောတဲ့ရွေးချယ်ပွဲရော အဲ့ဒါဘယ်လိုဖြစ်သွားပြီလဲ "