Chapter 49
ကျုံးယို့ယို့ ဆုလက်ခံရန် တက်လာခဲ့သည်။ လှေကားထစ်များကို တစ်ထစ်ချင်းတက်ရင်း စတိတ်စင်ပေါ်မှ ဌာနမှူးသည် သူမအား ထူးဆန်းစွာကြည့်နေသည်ကို မြင်လိုက်ရသည်။ သူသည် စိတ်လှုပ်ရှားပုံပေါ်နေပြီး အကြည့်များက အလွန်အမင်း ရှုပ်ထွေးနေ၏။
နောက်ဆုံးတစ်ခေါက်ဖြစ်ရပ်ကတည်းက ကျုံးယို့ယို့နှင့် သူ မတွေ့ဖြစ်ကြပေ။ မကြာသေးခင်က စာသင်ခန်းလျှောက်လမ်းပေါ်၌ အကြိမ်ရေတချို့ တွေ့ခဲ့ဖူးသည်ရှိသော်လည်း သူသည် အံကြိတ်ထားပြီး မေးကြောတင်းနေခဲ့သည်။ ယခုဘာဖြစ်ရသနည်း။
ကျုံးယို့ယို့သည် မတွေးတတ်အောင်ဖြစ်ကာ မျက်မှောင်ကြုတ်ရင်း ဆုယူရန် စင်မြင့်ပေါ်သို့ တန်းတန်းမတ်မတ်သွားလိုက်သည်။
ဌာနမှူး၏ ခံစားချက်အခြေအနေကို ဖော်ပြဖို့က အရမ်းရှုပ်ထွေးလှ၏။
ဤရက်ပိုင်းက သူသည် ဘ၀နှင့်ပက်သက်ပြီး သံသယများဖြစ်နေခဲ့သည်။ ဘအကြောင်းမူကား ကျုံးယို့ယို့ကို အပုတ်ခတ်ခဲ့ပြီးသည့်နောက် သူ၏ဂုဏ်သတင်းက ပျက်စီးသွားပြီး ကျုံးယို့ယို့အား အပြစ်ပေးရန် အကြောင်းပြချက်ရှာနေခဲ့ပေမဲ့ ချင်းမိသားစုမှ လူများနှင့် ကျုံးမိသားစုက သူထံသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့သည်။
ချင်းမိသားစုသည် သူ၏ကုမ္ပဏီအား တိုက်ရိုက်ခြိမ်းခြောက်မှုမလုပ်ပေမဲ့ ဤအသိုင်းအ၀န်းအတွင်း၌ လူသိများသည့် မိသားစုကြီးတစ်ခုဖြစ်သည်။ ချင်းမိသားစုမှ တစ်ဦးတည်းခွဲထွက်ခဲ့သည့် မြေးသည် အလွန့်အလွန် အာဏာကြီးမားပြီး သူ့အား အပြစ်ပြု၍ မရနိုင်သည်ကို သိထားရမည်။
သူ့အား အံ့ဩမှုအပေးနိုင်ဆုံးသည် ကျုံးမိသားစုပင်ဖြစ်၏။ ကျုံးမိသားစုသည် သူ့အား ကျုံးယို့ယို့အတွက် သတိပေးခဲ့ကြသည်။ ဌာနမှူးသည် ကနဦး၌ ထိတ်လန့်သွားခဲ့ပြီး ဘာတစ်ခုမှ မလုပ်ရဲခဲ့ပေ။ ထို့နောက် ကျုံးမိသားစု၏လုပ်ငန်းများနှင့် ဆက်စပ်သည့် စီးပွားရေးကိစ္စများမှာ ရပ်ဆိုင်းခံလာရကာ သူသည် ကျုံးပါပါးကို မုန့်ရှစ်ရွှမ်၏ အတန်းပိုင်ဆရာဟူသည့် အမည်နာမကို အသုံးပြုကာ သွားရှာရန်မှတစ်ပါး ရွေးချယ်စရာမရှိခဲ့ပေ။
ထို့နောက် ထိတ်လန့်ဖွယ် လျှို့ဝှက်ချက်တစ်ခုကို သိရှိလိုက်ရလေသည်။
သူ မိုးကြိုးထိမှန်သကဲ့သို့ ထိတ်လန့်သွားခဲ့ရ၏။ သူသာ ဤကိစ္စအား သိရှိခဲ့ပါက ခေါင်းဖြတ်ခံရမည်ဆိုလျှင်ပင် ကျုံးယို့ယို့ကို သေချာပေါက် ပစ်မှတ်ထားမည်မဟုတ်ပါ။ သူတွေးလေလေ ပိုပိုပြီးကြောက်လန့်လာခဲ့သည်။ ' ဘယ်လိုရူးရူးနှမ်းနှမ်းတွေလုပ်မိခဲ့ရတာလဲ။ ပြန်ပြင်ဖို့နောက်ကျသွားပြီလား '
သူ၏ စိတ်လှုပ်ရှားတုန်လှုပ်မှုကို အတင်းဖိနှိပ်ကာ ဌာနမှူးသည် ဂုဏ်ပြုလွှာကို ကျုံးယို့ယို့အား ချီးမြှင့်လိုက်၏။သူသည် ကြင်နာသည့်မျက်နှာထားဖြင့်
"ကျောင်းသူယို့ယို့ သမီး တော်တော်လေးတိုးတက်လာခဲ့တယ်နော် မသိတာရှိရင် စိတ်မပူနဲ့ ဌာနမှူးရူံးခန်းကိုလာပြီး ဆရာ့ကိုလာရှာလို့ရတယ်နော် စာမှာပဲဖြစ်ဖြစ် ဘ၀နဲ့ဆိုင်တာဖြစ်ဖြစ် ဆရာအတတ်နိုင်ဆုံး ကူညီပေးနိုင်တယ်နော် သမီး "
သို့သော် သူစကားမဆုံးသေးခင်မှာပဲ ကျုံးယို့ယို့က သူ့ကိုစိုက်ကြည့်နေ၏။ ထို့နောက် ဂုဏ်ပြုလွှာကို ယူကာ လှည့်ထွက်သွားခဲ့သည်။
ဌာနမှူး "..…"
'သွားပြီ။အခုတော့ ပြန်ပြင်ဖို့နောက်ကျသွားလွန်းပြီ '
ဒုကျောင်းအုပ်က မိန့်ခွန်းပြောရန် မိုက်ခရိုဖုန်းကို ဟိုရွှေ့ဒီရွှေ့လုပ်နေခဲ့သည်။
ယင်ချူးချူးက မုန့်ရှစ်ရွှမ်ကို ဆင်းရန်ကူညီပေးနေပြီး ရှေ့သို့ လျှောက်လာနေသည့် ကျုံးယို့ယို့ကို ဖြတ်သွားကြသည်။
ကျုံးယို့ယို့က သူတို့နှစ်ယောက်ကို ဖြတ်ကျော်သွားသည့်အခါ မုန့်ရှစ်ရွှမ်၏ မျက်နှာက ခါတိုင်းနေ့များထက် ဖြူဖတ်ဖြူရော်ဖြစ်နေပြီး ညပေါင်းများစွာ အိမ်မက်ဆိုးများမက်ကာ အိပ်မရပုံပေါ်သည်။
' မုန့်ချန်အကြောင်း ငါပြောခဲ့လို့ အရမ်းကြောက်လန့်နေတာများလား'
'ကျုံးယို့ယို့ : ....အတွေ့အကြုံနုသေးတာပဲ'
မုန့်ရှစ်ရွှမ်သည် ဆင်းတော့မလို့ ပြင်လိုက်သော်လည်း ခြေထောက်များသည် ရုတ်တရက်ပျော့ခွေသွားပြီး သူမ ခန္ဓာကိုယ်သည်လည်း ရုတ်ချည်း ယိုင်နဲ့သွားသည်။ ယင်ချူးချူက မုန့်ရှစ်ရွှမ်ကို လျင်မြန်စွာ တွဲကူလိုက်သည်။ မုန့်ရှစ်ရွှမ်က ယိမ်းယိုင်သွားသည်က ကျူံယို့ယို ခလုတ်တိုက်မိအောင် လုပ်သောကြောင့်ဟု တွေးလိုက်မိသည်။
ယင်ချူးချူးသည် ကျုံးယို့ယို့ကို ချက်ချင်း ဒေါသတကြီးကြည့်လိုက်ပြီး
" နင် ဘာလို့သူများကို ခလုတ်တိုက်အောင် လုပ်နေတာလဲ "
"ရူးနေတာလား "
ကျုံးယို့ယို့သည် ယုံရခက်ဖြစ်နေသည်။ "နင့်ရဲ့ ဘယ်မျက်လုံးက ငါခြေထိုးတာကို မြင်လိုက်တာလဲ "
" မပြောပါနဲ့ သူမငါ့ကို ခြေထိုးတာမဟုတ်ပါဘူး အဲ့ဒါက ဒီအတိုင်း ငါနေသိပ်မကောင်းချင်လို့ ဖြစ်သွားတာ မြန်မြန်ဆင်းကြရအောင် "
မုန့်ရှစ်ရွှမ်သည် ပွဲကြည့်ပရိသတ်များ ကြည့်နေကြသည်ကိုမြင်ပြီး ယင်ချူးချူးက အကူအညီမဖြစ်ဟုသာ တွေးလိုက်မိသည်။ ကျုံးယို့ယို့သည် ကိုင်တွယ်ရလွယ်သူ မဟုတ်ပေ။ အားလုံး၏ရှေ့၌ ကျုံးယို့ယို့ကို ရင်ဆိုင်တွေ့လျှင် ကောင်းမွန်သည့် အကျိုးရလဒ် ရှိလာမည်မဟုတ်ချေ။
ယင်ချူးချူးသည် မုန့်ရှစ်ရွှမ်က ဆက်မပြောချင်သည်ကိုတွေ့လိုက်သောကြောင့် သူမ မုန့်ရှစ်ရွှမ်ကို ဆင်းဖို့မကူညီခင် ကျုံးယို့ယို့ကို စိုက်ကြည့်လိုက်သည်။
ကျုံးယို့ယို့သည် ပြုံးလိုက်၏။ သို့သော် ဆုလက်ခံယူပြီးသည့်အခါ လူအများနှင့်အတူရှိနေပြီး မုန့်ရှစ်ရွှမ်၏ သူငယ်ချင်းအကြောင်း ဂရုစိုက်မနေတော့ပေ။
သူမသည် ဆင်းခါနီး၌ မနီးမဝေးမှ ဌာနမှူးသည် ချက်ချင်း ရောက်လာခဲ့ပြီး ယင်ချူးချူးအား ဒေါသဖြစ်စွာဖြင့် ဆူငေါက်လာသည်
" ယင်ချူးချူး ကျောင်းသူလေး မင်းဘယ်လိုတောင် ကိစ္စတစ်ခုလုံးကို သေချာမသိပဲ သူများကို စွပ်စွဲရတာလဲ မင်းကြောင့် အပြစ်မဲ့တဲ့ အတန်းဖော် ထိခိုက်နစ်နာသွားမယ်ဆို ဘယ်လိုလုပ်မလဲ "
ကျုံးယို့ယို့ "....."
ယင်ချူးချူး "....."
ပရိတ်သတ်အစုအဝေးထဲမှ ကျောင်းသား၊ေကျာင်းသူအများစုသည် မုန့်ရှစ်ရွှမ်၏ နူးညံ့သည့် ခြေထောက်လေးက လဲကျတော့မလို ဖြစ်သည်ကို မမြင်ခဲ့ပေမဲ့ ဌာနမှူး၏ ဒေါသတကြီးပုံစံကိုတော့ မြင်လိုက်ရသည်။ သူတို့ထင်မိသည်က ကျုံးယို့ယို့ကို ပြဿနာရှာချင်ပြန်ပြီဟူ၍ ဖြစ်ပြီး သို့သော်ငြား သူက ကျုံးယို့ယို့ကို မျက်နှာချိုသွေးပြောလိမ့်မည်ဟု မသိခဲ့ကြပါ။
လူတိုင်းအံ့အားသင့်ကုန်ကြသည်။
' ဒါကဘယ်လိုဖြစ်ရတာလဲ။ ဌာနမှူးက ကျုံးယို့ယို့ကို အထူးတလှယ် မနှစ်မြို့နေတာမဟုတ်ဘူးလား။ ဒါ့အပြင် သူကတခြားသူကို သူများတွေကို ထိခိုက်ေအာင်လုပ်တယ်တွေပြောနေတယ် သူအရင်ကဘာလုပ်ခဲ့တာလဲ မသိတော့ဘူးလား '
ထိုအချိန်မှာပဲ ဇိမ်ခံမှန်လုံကားအချို့က ပြိုင်ပွဲကွင်း၏ အနောက်မြောက်ဖက်ဂိတ်မှ မောင်းနှင်၀င်ရောက်လာခဲ့သည်။
ကွင်းထဲမှ ဆူညံသံများနှင့် ကျောင်းအုပ်ချုပ်ရေးမှုး၏ မိန့်ခွန်းများကို နားထောင်နေရသည့်အချိန် ကျောင်းသားကျောင်းသူများသည် ပျင်းရိနေကြသဖြင့် ကျောင်းဂိတ်ပေါက်၀မှာ ကားသံများကို လွယ်လွယ်ကူကူ ကြားကြ၏ ။
ကားကခပ်လျှိုလျှိုနေကာ အတွင်းထိ၀င်မလာခဲ့ဘဲ ကျောင်းအပြင်ဘက်၌ ရပ်တန့်ခဲ့သည်။ ထို့နောက် ၀တ်စုံပြည့်၀တ်ထားသည့် လူတစ်ယောက် လမ်းလျှောက်ထွက်လာခဲ့၏။
ဘယ်သူက အသံတိုးစွာ ပြောလိုက်မှန်းမသိပါ။
" ကျုံးရှစ်ရွှမ်ကို လာကြိုကြတာလား သတင်းကိုကြည့်လိုက်ကြ အခုလေးတင် ကျုံးမိသားစုက မွေးနေ့ပွဲကို ကြေညာလိုက်တယ် ကပွဲမှာလူတွေအများကြီးရှိပြီး နာမည်ကြီးတွေတောင် ရှိတယ် "
" တကယ်ကြီးဟ သေစမ်း ခမ်းနားကြီးကျယ်ချက်ပဲ ဟိုကားနှစ်စီးကို ကြည့်ဦး အဲ့တစ်စီးတန်ဖိုးက နှစ်သန်းတောင်ကျော်သေးတယ် "
"တကယ်လား အတုလား "
ပြောရလျှင် နားလည်ရခက်သောဌာနမှူးကို ဂရုစိုက်ကြသောသူများက သိပ်မရှိကြချေ။ သူတို့က ခေါင်းတွေကို လှည့်လိုက်ပြီး ကျောင်းဂိတ်ပေါက်၀သို့ကြည့်လိုက်ကြသည်။ ဇိမ်ခံကားပေါ်မှ ဆင်းလာသည့် သူတစ်ယောက်က သူတို့ဆီသို့ လာနေသည်။
အားကစားကွင်းက ချက်ချင်းပင် စကားသံများဖြင့်ဆူညံလာ၏။ ' သေစမ်း၊ ဒါကြီးက ဖွင့်ပွဲအခမ်းအနားထက်တောင် စိတ်လှုပ်ရှားဖို့ကောင်းသေးတယ် '
သူတို့ကျောင်းသည် အထက်တန်းလွှာ စာသင်ကျောင်းဖြစ်သော်လည်း ထိုကဲ့သို့
စည်းစိမ်မျိုးကို မြင်ရသည်က ရှားပါ၏။ လူတိုင်းသည် အားကျခြင်း၊မနာလိုခြင်းများနှင့် မုန့်ရှစ်ရွှမ်ကို မုန်းတီးနေကြသည်။ ဤဘ၀မျိုး၌ ၀င်စားခြင်းမျိုးက တကယ်ပင် ကောင်းလွန်းလှသည်။ သူမမွေးနေ့ပွဲကို သတင်းအစီအစဉ်မှာထုတ်လွှင့်ဖို့ရန် မီဒီယာများကိုလည်း အထူးဖိတ်ကြားထားသေးသည်။ ဤအရာက ရှင်းရှင်းလင်းလင်းပင် မင်းသမီးလေးအဖြစ် သဘောထားဆက်ဆံမှုဖြစ်သည်။
မုန့်ရှစ်ရွှမ်သည် ခုံပေါ်မှထလိုက်ပြီး သူမကို ယင်ချူးချူးမှ ထောက်ကိုင်ပေးထားသည်။ သူမအနီးအနားက အသံတွေကို ကြားသော် သူမ မပြုံးနိုင်ပါ။ တကယ်ပင် သူမအတွက် နှစ်တိုင်း မေးနေ့ပွဲများ ကျင်းပခဲ့သော်လည်း ဒီနှစ်အတွက်ကတော့ သူမလည်းပဲ သိပ်ပြီး....
ဘာကြောင့်မှန်းမသိ သူမမျက်ခွံတွေသည် တုန်ယင်လာခဲ့ပြီး သူမ၏အိမ်မက်ဆိုးများ အခုအခိုက်အတန့်၌ ဖြစ်လာခါနီးနေပြီဟု အာရုံရနေ၏။
ရောက်လာခဲ့သူသည် သူမနှင့် အကျွမ်းတ၀င်ရှိသည့် ကျုံးပါပါး၏ လက်ထောက်ဖြစ်၏။ အတိတ်မှာ ကျုံးပါပါး မအားလပ်ချိန်များ၌ သူသည် မုန့်ရှစ်ရွှမ်နှင့် ကျုံးရှီယို့တို့ မောင်နှမနှစ်ယောက်အတွက် တာ၀န်ရှိ၏ ။ ထိုသူသည် ကျုံးယို့ယို့ ရှေ့မှောက်သို့ ပေါ်လာဖူးခြင်းမရှိခဲ့ပေ။
မုန့်ရှစ်ရွှမ်သည် သူမဆီသို့ လျှောက်လာနေသည့် သူကို မြင်ရသည်။ ဟုတ်သည် ။ သူက သူမဆီသို့ လျှောက်လာနေခြင်းဖြစ်ပြီး သူမရင်ဘတ်ထဲမှာ စိုးရိမ်မှုသည် အနည်းငယ် လျော့ကျသွား၏။ သူမသာ အတူ ရှိချင်သည်ဆိုလျှင် ကျုံးမာမားသည် သူမကို မစွန့်ပစ်သေးဘဲ လုံးလုံး ပစ်ပယ်မည်လည်း မဟုတ်လိမ့်ပါ။ အများဆုံး ယနေ့မှာ ကျုံးယို့ယို့နှင့် သူမတို့ အိမ်အတူပြန်ရတာမျိုးအထိပဲ ဖြစ်လိမ့်မည်။ ထိုကဲ့သို့ တွေးမိသည်နှင့် သူမမျက်မှောင်ကြုတ်သွားပြီး အတန်းဖော်တွေက မည်သို့သော စကားများပြောကြလိမ့်မည်ကို တွေးတောနေခဲ့သည်။
' ဖြတ်ကျော်သွားတယ် ။သူကဒီတိုင်း ကျော်သွားခဲ့တယ် '
သူမကို ဖြတ်ကျော်သွားသည့်အခိုက်အတန့်၌ မုန့်ရှစ်ရွှမ်၏ မျက်နှာပေါ်မှ အပြုံးသည် အေးခဲသွားခဲ့ပြီး သူမသွေးတွေက ခေါင်းထိပ်ဆီသို့ တဟုန်ထိုး၀င်ရောက်လာခဲ့သည်။ သူမ မယုံကြည်နိုင်ခဲ့ပေ။ သူက သူမကိုမမြင်လိုက်တာများဖြစ်နိုင်မလားတွေးကာ သူမခေါင်းကို ဖြည်းညင်းစွာ လှည့်လိုက်၏။
ကျုံးပါပါး၏ လက်ထောက်က ကျုံးယို့ယို့ဆီသို့ လျှောက်လာ၏ ။
ကျုံးယို့ယို့ သူ့ကို သာမန်ကာလျှံကာ ကြည့်လိုက်သော်လည်းသူမ မအံ့ဩမိပေ။ မနေ့ညက ကျုံးပါပါးသည် သူမအား ဖုန်းခေါ်ခဲ့ပြီး မနက်မှာလာကြိုမည်ဟု စီစဉ်ထားခဲ့သည်။ သို့သော် သူမသည် အတန်း ၁၉ ၏ ခေါင်းဆောင်ဖြစ်နေရာ ဖွင့်ပွဲအခမ်းအနား၌ ရှိနေရမည်ဖြစ်ပြီး ထွက်သွား၍မရပေ။
ကျုံးပါပါး၏လက်ထောက်က
"မမလေး အိမ်ကနေ မမလေးကိုကြိုဖို့ ရောက်လာကြပါပြီ။ ကျွန်တော့်ကို သူဌေးကျုံးက မမလေးကို ပြန်ခေါ်ဖို့ လွှတ်လိုက်တာပါ "
"အို." ကျုံးယို့ယို့ ဆုလက်မှတ်ကို ယွမ်ယွမ့်အား ကိုင်စေလိုက်သည်။
သို့သော် သူတို့၏စကားဝိုင်းက ဘေးလူတွေ၏ နားထဲ၌ ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းသည်ဆိုသည်ကို မသိကြပါ။
စက္ကန့်အနည်းငယ်သည် ရာစုနှစ်တစ်ခုစာကဲ့သိုပင်။
"......"
တစ်ကျောင်းလုံး ထိတ်လန့်သွားကြရသည်။
' မမလေးလား... ကျုံးမိသားစု၏ မမလေး။
ကျုံးယို့ယို့ကလား ။ ကျုံးယို့ယို့က ကျုံးမိသားစုရဲ့သမီးတဲ့လား '
ကျုံးရှစ်ရွှမ်ကရော မည်သူဖြစ်သနည်း။
တစ်ကျောင်းလုံး၏အကြည့်တွေအောက် မုန့်ရှစ်ရွှမ်၏မျက်နှာက ဖြူဖျော့နေတော့သည်။