အပိုင်း ၅၀
Viewers 10k

Chapter 50




အနီးစပ်ဆုံးသူတို့မှာ ယွမ်ယွမ်နှင့် ရှစ်ယိမုန့်ပင်ဖြစ်သည်။ သူတို့သည် မယုံနိုင်လောက်အောင် အံ့သြသွားကြ၏။ သူတို့က ကျုံးယို့ယို့နှင့် မုန့်ရှစ်ရွှမ်တို့ကိုကြည့်လိုက်ပြီး သူတို့၏နားကိုပင်မယုံနိုင်ဖြစ်နေကြသည်။ 


ဒါဘယ်လို အခြေအနေကြီးလဲ..


ကျောင်းတွင် ကျုံးယို့ယို့သည် ကျုံးမိသားစု၏ ဆင်းရဲသောအမျိုးဖြစ်သောကြောင့် သူမသည် သူဌေးလက်သစ်သာ ဖြစ်သည်ဟုထင်ခဲ့သော်လည်း ကျုံးမိသားစု၏သမီးအရင်းဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူတို့မှားခဲ့ကြသည်ပင်။ 


သို့သော်လည်း ယခုတွင် ကျုံးမိသားစုလာကြိုသည်မှာ မုန့်ရှစ်ရွှမ်ကို မဟုတ်ဘဲ သူမကိုလား?...


မုန့်ရှစ်ရွှမ်သည် ကျောင်းနတ်ဘုရားမလေးဖြစ်ကာ လှပသောအသွင်အပြင်နှင့် သဘောထားကြီးရက်ရောရုံသာမက ထူးကဲလှသော မိသားစုနောက်ခံကြောင့်ပါ နာမည်ကြီးလေသည်။ 


ဒီမြို့မှာ ကျုံးမိသားစုက အချမ်းသာဆုံးဆိုတာ မသိတဲ့သူဘယ်သူရှိလို့လဲ...ငွေကြေးဆိုင်ရာသတင်းတွေကို ကြည့်ကြစမ်းပါ။


 ထိုအချက်တွေကြောင့်ပဲ ဆရာ၊ ဆရာမတွေက သူမအလေးပေးကာ အတန်းဖော်များကတော့ မနာလိုဝန်တိုကြသည်။ 


အကယ်၍ ကျုံးမိသားစု၏နောက်ခံကြောင့်သာမဟုတ်လျှင် ယခုလို အခြေအနေထိ ရောက်လာနိုင်မည် မဟုတ်ပေ။ 


အခုတော့...

အားလုံးသည် ပြောစရာစကားပျောက်ရှနေကြသည်။ ဘာတွေဖြစ်နေတာလဲ? ချီးပဲ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းရှိသင့်တယ်မဟုတ်ဘူးလား...


“ဥပမာ မုန့်ရှစ်ရွှမ်နဲ့ ကျုံးယို့ယို့တို့က ဖအေတူမအေကွဲတွေဖြစ်ပြီး အမွေအတွက် အပြိုင်အဆိုင်ဖြစ်နေကြတယ် ဆိုတာမျိုးလေ...” 


“ အမွေခံတိုက်ပွဲမျိုးလား?” 


“ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးက ကျုံးမိသားစုရဲ့ သမီးတွေဆိုရင် ဘာလို့ ကျုံးယို့ယို့ကိုပဲလာကြိုပြီး မုန့်ရှစ်ရွှမ်ကို ချန်ထားရတာလဲ..မုန့်ရှစ်ရွှမ်ရဲ့မျက်နှာကိုကြည့်ဦး။ မှုန်ကုတ်နေပြီ။” 


“ဟုတ်တယ်...ထူးဆန်းလိုက်တာ။” 


ပတ်ပတ်လည်တွင် ဝိုင်းအုံဆွေးနွေးနေကြပြီး သူတို့တွေဘယ်လိုခန့်မှန်းနေကြပါစေ ဘာဖြစ်နေသည်ကိုတော့ မခန့်မှန်းနိုင်ကြပေ။ သူတို့ကစိတ်လှုပ်ရှားနေရုံဖြစ်ပြီး တီးတိုးဖြင့် အတင်းအဖျင်းတွေကို စတင် ပြောလာကြတော့သည်။ 


ရှေ့ဘက်တွင်ရှိနေသည့် ကျောင်းသားများက ကျုံးယို့ယို့အား လက်ထောက်ကပြောနေသော စကားတို့ကိုကြားနိုင်ပြီး ပထမဆုံးအကြိမ်အဖြစ် အခုလို သတင်းမျိုးကိုသေချာကြားရသော်လည်း နောက်ဘက်နံရံတွင်ရှိနေသော ကျောင်းသားများမှာ သေချာမသိရဘဲ ရှုပ်ထွေးနေကြသည်။ 


သူတို့သည် ကျုံးယို့ယို့ကို ဝတ်စုံပြည့်ဝတ်ထားသည့် လူတစ်ယောက်က ကျောင်းပေါက်ဝသို့ခေါ်ထုတ်သွားပြီး ကားအကောင်းစားကြီးဖြင့်လာကြိုသည်ကိုသာ မြင်နေရသည်။ 


ဟင် နေပါဦး... ဒီကားက ကျုံးရှစ်ရွှမ်ကို လာကြိုနေကျ မဟုတ်ဘူးလား.. အခု ကျုံးယို့ယို့ကို တကယ်ကြီးလာကြိုတာလား?!


ကျုံးယို့ယို့က ကျုံးမိသားစုရဲ့ ဆင်းရဲတဲ့အမျိုးတစ်ယောက်ပဲလို့ ဘယ်သူပြောခဲ့တာလဲ? ကျုံးရှစ်ရွှမ်ထက်တောင် ပိုပြီး အ‌ခြေအနေကြီးမားသေးတယ်။ ကြည့်ရတာ ကျုံးရှစ်ရွှမ်ကသာ ဆင်းရဲတဲ့အမျိုးနေမှာ။ 


ခန့်မှန်းမှုအမျိုးမျိုးတို့သည် တဖြည်းဖြည်းတိုးလာနေကာ မုန့်ရှစ်ရွှမ်၏မျက်နှာသည်လည်း ပို၍ ဖြူစုတ်လာတော့သည်။ သူမသည် ကြောက်ရွံ့မှု၊ မယုံနိုင်မှုတို့ဖြင့် အံကြိတ်လိုက်သည်။ 


ကျုံးယို့ယို့ကိုလာကြိုတယ်...


အတိတ်တုန်းကမွေးနေ့ပွဲတွေမှာ ကျုံးယို့ယို့က ဘယ်တုန်းကမှ အဓိကဇာတ်ဆောင်ဖြစ်ခဲ့တာမဟုတ်ဘူး။ အခုတော့ ကျုံးပါပါးက ကျုံးယို့ယို့တစ်ယောက်ကိုသာ ကြိုဖို့ သူ့လက်ထောက်ကိုလွှတ်လိုက်တယ်။ မွေးနေ့ပွဲမှာ တစ်ခုခုကို ကြေငြာဖို့ရှိနေတာများလား?


ထိုအတွေးသည်ရုတ်တရက်ပေါ်လာခဲ့ကာ မုန့်ရှစ်ရွှမ်သည် ကြောက်လန့်လာခဲ့သည်။


သူမသည် ကျုံးမာမားက သူမအတွက် မွေးနေ့ပွဲပြင်ဆင်ပေးနေသည်ကိုသိသည်။ ဒီ့အပြင် ကျုံးမိသားစုသည် သူမကို အခုနောက်ပိုင်း ခွဲခွဲခြားခြားဖြစ်လာသည်ကိုလဲသိသည်။ သို့သော် အခုလိုလုပ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ 


ဒီနေ့အဖြစ်အပျက်တွင်လဲ သူမသည် အကြောင်းတစ်စုံတစ်ရာပင် မသိခဲ့ရချေ။ 


ကျုံးမာမားကသူမကိုဘာပြောခဲ့လဲ? ကျောင်းကိုအေးဆေးသွား မွေးနေ့ပွဲကိုလဲ အစအဆုံးပြင်ထားပေးမယ် ကျောင်းဆင်းရင် ဒရိုင်ဘာက အချိန်မီလာကြိုလိမ့်မယ်လို့ပြောခဲ့တယ်လေ! သူမကိုညာနေတာလား? အခုတော့ ကျုံးယို့ယို့က အကုန်လုံးကိုသိနေပြီး ဒီအခြေအနေကိုဖျက်စီးတော့မှာမဟုတ်ဘူးလား? သူမအပေါ် နှလုံးသားတစ်ခုလုံးနဲ့ ပြုစုစောင့်ရှောက်လာခဲ့တဲ့ ကျုံးမာမားက ဘာလို့ ခုလို သူမကို သူစိမ်းတစ်ယောက်လို ဆက်ဆံရက်ရတာလဲ?


ဘေးပတ်လည်မှစကားတို့ကိုကြားနေရသောအခါ မုန့်ရှစ်ရွှမ်သည် ရေခဲပြင်ထဲသို့ ပြုတ်ကျသလို ခံစားလိုက်ရသည်။  သူမသည် နှလုံးခုန်မြန်လာကာ ကြောက်ရွံ့ခြင်းတို့ဖြင့်ပြည့်နှက်လာပြီး မူးနောက်လာတော့သည်။ 


“ရှစ်ရွှမ်... ဘာတွေဖြစ်နေတာလဲ” 


ယင်ချူးချူးသည်လည်းပြောစရာစကားပျောက်ဆုံးနေသည်။ သူမသည် ကျုံးပါပါး၏ လက်ထောက်ကိုသိသည်။ သူမ မုန့်ရှစ်ရွှမ်နှင့် အပြင်ထွက်ကစားချိန်တွင် ထိုလူသည် ရှစ်ရွှမ်အတွက် ကားတံခါးကိုဖွင့်ပေးနေကျဖြစ်သည်။ 


အခုဘာလို့ ရှစ်ရွှမ်ကိုလှည့်တောင်မကြည့်ဘဲ ကျုံးယို့ယို့ကိုကြိုဖို့လာရတာလဲ? 

မုန့်ရှစ်ရွှမ်က သူမကိုယ်သူမထိန်းချုပ်လိုက်ကာ လူတွေ၏အကြည့်တွေ သူမပေါ်ကို ပိုရောက်မလာခင် အားကစားကွင်းထဲမှ ခေါင်းငုံံ့ပြီးထွက်လာခဲ့လိုက်သည်။


သူမ၏နားထင်သည် ထိုးကိုက်လာခဲ့သည်။ အရင်ရက်များကကြောက်နေခဲ့သော အရာများသည် ယခုတွင် အိပ်မက်ဆိုးတစ်ခုအဖြစ် ဖြစ်ပျက်ခဲ့လေပြီ။ သူမသည် စာသင်‌ဆောင်သို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။ ခြေထောက်များက အားနည်းလာပြီး ပြိုကျမတတ်ပင်ဖြစ်နေသည်။ 


ရှစ်ကျစ်ထန်က လူအုပ်၏နောက်ဘက်တွင်ရပ်နေပြီး မုန့်ရှစ်ရွှမ်သည် ဖြူဖျော့နေသောမျက်နှာဖြင့် ပြေးထွက်သွားသည်ကို ကြည့်နေခဲ့သည်။ 

သူ၏ဘေးတွင်ရပ်နေသော တစ်ယောက်ကမေးလိုက်သည် : “ရှစ်ကျစ်ထန်... သွားမကြည့်တော့ဘူးလား။ ကျုံးရှစ်ရွှမ်ကြည့်ရတာအဆင်မပြေတဲ့ပုံပဲ။ နေမကောင်းဖြစ်နေတာများလား။” 


ရှစ်ကျစ်ထန်သည် သူ့အကြည့်တို့ကိုရုတ်သိမ်းလိုက်ကာ မျက်နှာတွင် စိတ်ဝင်စားမှု တစ်စိုးတစ်စိရှိမနေဘဲ : “ ငါနဲ့မဆိုင်ဘူး” 


ရှစ်ကျစ်ထန်သည် နာရီကိုကြည့်လိုက်သောအခါ အိမ်ပြန်ပြီး မွေးနေ့ပွဲအတွက် ပြင်ဆင်ရန် အချိန်ရောက်နေသဖြင့် လှည့်ထွက်လာခဲ့လိုက်သည်။ 

...


ယွီစစ်ရွှယ်သည် ကားထဲမှ ထွက်လိုက်သောအခါ ချက်ချင်းပင် တွန့်ဆုတ်သွားရသည်။ ဗီလာ၏ အခြေတွင် တောင်များနှင့် လွင်ပြင်များသည် အလင်းရောင်အစက်အပြောက်လေးများထင်ဟပ်နေကာ တိမ်လေးတွေ မျောနေသယောင်ထင်မှတ်ရပြီး ကြီးကျယ်ခမ်းနားလှသည်။ ကားပါကင်သည် ကားအကောင်းစားနှင့်ပြည့်နှက်နေ၍ သာမန်ကားတစ်စီးမှမတွေ့သေးပေ။ အနုပညာရှင်များစွာလည်း ရောက်ရှိနေပြီး သူမ၏ အစ်ကို ယွီကျားသည်လဲ ရောက်နေသည်။ မီဒီယာများအတွက်တော့ သူမကိုဝိုင်းအုံလာလိမ့်မည်မထင်။ 

သူမသည် ယုံကြည်မှုတချို့တိုးလာစေရန် ခန္ဓာကိုယ်ပေါ်တွင် ဝတ်ထားသော ဂရုတစိုက်ဝတ်ဆင်ထားသည့် ဝတ်စုံကိုကြည့်လိုက်သော်လည်း မနာလိုမှုတို့ဖြင့်ပြောလိုက်သည် :


 ”ကျုံးမိသားစုရဲ့ မွေးနေ့ပွဲက ဒီတစ်ခါတကယ် ကြီးတာပဲ” 


နှစ်တိုင်းမွေးနေ့ပွဲတွေ လုပ်ပြီး ဘာလုပ်ကြတာလဲမသိ? 

သူမကျင်းပရာနေရာသို့မဝင်နိုင်သေးမှာပင် ကားနှစ်စီးသည် ဖြတ်မောင်းသွားသည်။ တစ်ကားသည် ကျုံးမိသားစု၏ ကားဖြစ်သည်။ 


“ ကျုံးမိသားစုရဲ့ သမီး ကျုံး(မုန့်)ရှစ်ရွှမ် ရောက်လာပြီ! မွေးနေ့ပွဲရဲ့ အဓိကဇာတ်ဆောင်ရောက်လာပြီ!” ဗီလာ၏အပြင်ဘက်တွင်စောင့်နေသော သတင်းထောက်များသည် စုပြုံလာတော့သည်။ ကျုံးမိသားစုသည် မြို့တွင် အချမ်းသာဆုံးဖြစ်ပြီး မွေးနေ့ပွဲကျင်းပမည့် အကြောင်းကို ကြို၍ ထုတ်ပြန်လိုက်ရာ ယခုလို ကြီးမားသော အနှောင့်အယှက်တွေဖြစ်လာရသည်။ ပုံမှန်ဆိုလျှင် မီဒီယာအနည်းငယ်သာ သတင်းယူရန် လာကြလေ့ရှိသည်။ 


ကားသည် ကင်မရာဖလက်ရှ်မီးတို့ဖြင့် ဝိုင်းအုံနေတော့သည်။  


ကျုံးယို့ယို့သည် ‌နောက်ခုံတွင်ထိုင်နေပြီး ခဏလောက် လန့်သွားရသည်။ ကျုံးပါပါးက ဒီလောက်မီဒီယာတွေအများကြီး ငှားထားတာကိုဘာလို့မပြောရတာလဲ? အခုသူမထွက်၍ပင်မရတော့ပေ။ 


ထို့အပြင် အနှီလူအုပ်ကြီးသည် ကားထဲတွင် မုန့်ရှစ်ရွှမ်ထိုင်နေသည်ဟု ထင်နေကြသေးသည်။ လူမှားနေသည်ဟု ဝန်ခံရမှာ ကသိကအောက်နိုင်လှလေသည်။ 

ကားတစ်စီးက ချက်ချင်းပင်ထိုးရပ်လာခဲ့သည်။ ကားတံခါးက ပွင့်လာခဲ့ပြီး ငယ်ရွယ်ပြီးချော‌မောသည့် လူငယ်လေးသည် ကားပေါ်မှဆင်းလာခဲ့ကာ ဗီလာထဲသို့ဝင်သွားလေသည်။ 

သတင်းထောက်သည် အံ့သြမှုတို့ဖြင့် လှည့်ကြည့်နေရင်း ပို၍ပင်စိတ်လှုပ်ရှားလာခဲ့သည် : ချင်းယောင်ရောက်လာတာကွ... မြန်မြန်ရိုက်ကြ။”


ချင်းယောင်ပြန်ရောက်နေတာလား? သူ့ကိုမတွေ့ရတာ တော်တော်ကြာနေပြီ။ ကျုံးယို့ယို့သည် အပျော်လွန်သွားပြီး သူ့ကိုလှမ်းရပ်စေချင်သော်လည်း သူမသည်ဒီကားထဲတွင် ထိုင်နေမှန်း သူ မသိသည်ကို သတိရသွားသည်။ 


သူမ ဘဝင်မကျဖြစ်သွားပြီး ကျောင်းယူနီဖောင်းဂျက်ကတ်ကို ချွတ်လိုက်ကာ ခေါင်းနှင့်မျက်နှာကိုခြုံလိုက်သည်။ အဝတ်အစားအလဲရသေးခင် ဓာတ်ပုံအရိုက်မခံခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်။ 

ထို့နောက်သူမသည် တံခါးကိုတွန်းလိုက်ပြီး ကားထဲမှထွက်လိုက်၏။ ကျုံးပါပါး၏လက်ထောက် အကူအညီဖြင့် သူမသည် သတင်းထောက်များကိုတွန်းရင်း ဝင်သွားလိုက်သည်။ 


သတင်းထောက်များသည် မိန်းကလေး၏ နောက်ကျောကို ဓာတ်ပုံရိုက်ပြီးရင်းရိုက်နေကြသည်။ သို့သော် တစ်စုံတစ်ယောက်က တစ်ခုခုမှားနေကြောင်း သတိထားမိသွားသည် : 


“ဒီခန္ဓာကိုယ်က ဘာလို့ ကျုံးရှစ်ရွှမ်နဲ့ မတူတာပါလိမ့်?”


ကျုံးမိသားစုသည် မြို့ထဲတွင် အချမ်းသာဆုံးမိသားစုဖြစ်ကာ မိသားစုဝင်များကိုလဲ လူထုကသိနှင့်ကြပြီးဖြစ်သည်။ မုန့်ရှစ်ရွှမ်သည် ငယ်စဥ်ကပင် ရောင်ခြည်များခြုံလွှမ်းနေသော မိန်းကလေးဖြစ်သည်။ ဒီခန္ဓာကိုယ်နဲ့ မုန့်ရှစ်ရွှမ်က မတူတဲ့လူနှစ်ယောက်လိုပဲ... လမ်းလျှောက်တဲ့ပုံကလဲ မုန့်ရှစ်ရွှမ်ထက် ခြေလှမ်းကျဲနေတာ သေချာမြင်လိုက်တယ်။ 


“မင်းမှားနေတာ..ကျုံးအိမ်ရဲ့ကားထဲကထွက်လာမှ‌တော့ ကျုံးရှစ်ရွှမ်မဟုတ်ဘဲနေမလားကွ? သူမကဒီနေ့ အခမ်းအနားရဲ့ အဓိကဇာတ်ဆောင်ပဲကို... အခုသူမညနေခင်းဝတ်စုံလဲသင့်တာမလား?” 


ထူးဆန်းသည်ဟုခံစားနေရသော သတင်းထောက်သည် သူရိုက်ယူထားသော ဓာတ်ပုံတို့ကိုကြည့်၍  ခေါင်းခါလိုက်ကာ “ သူမနဲ့ လုံးဝမတူသလိုပဲ” သို့သော်သူသည် အများကြီးဆက်မတွေးတော့ပေ။ 


ကျုံးယို့ယို့သည် အိမ်ထဲသို့ဝင်သွားပြီး အခမ်းအနားပြင်ဆင်မှုများကြောင့် အံ့သြသွားရပြန်သည်။ ရှန်ပိန်ခွက်တွေနှင့် အနုပညာရှင်တို့သည် တိမ်တွေအလား။ ကျုံးမိသားစုမှ ဖိတ်ခေါ်ထားသော မီဒီယာများသည်လည်း ကင်မရာများကိုနေရာချနေကြသည်။


ချင်းယောင်သည် သူမကိုလိုက်ရှာနေလိမ့်မည်ဟုတွေးကာ သူမလှည့်ပတ်ကြည့်လိုက်သော်လည်း ချင်းယောင်ကိုရှာမတွေ့ခဲ့ဘဲ အပေါ်ထပ်သို့ ကျုံးပါပါး၏ လက်ထောက်ကြောင့် အလျင်အမြန်တက်ရတော့သည်။

 

သူမသည် အပြေးတလွှားတက်လာလိုက်သည်။ 

ကျုံးမာမားက အပေါ်ထပ်ရှိအခန်းထဲတွင် သူမကို စောင့်နေသည်။ ကျုံးယို့ယို့ရောက်လာသည်ကိုမြင်သောအခါ သူမကပျော်သွားပြီး ချက်ချင်းပင်ထလာကာ ကျုံးယို့ယို့ကို ဆွဲလိုက်ရင်း “ ဝတ်စုံကိုဝတ်လိုက်ဦး... မေမေ‌ရွေးပေးထားတာ... ကြိုက်ရဲ့လား?”


ကျုံးယို့ယို့သည် မေမေဟူသော စကားလုံးကိုကြားသောအခါ ဘဝင်မကျဖြစ်မိသည်။ သို့သော် သူမသည် ၎င်းကို ဖော်ပြရန်တော့ ပျင်းနေခဲ့သည်။ 


သူမ၏အကြည့်များသည် ဘေးဘက်တွင် ရပ်နေသော မော်ဒယ်၏ကိုယ်ပေါ်မှ ဝတ်စုံသို့ရောက်ရှိသွားသည်။ 

“...” 

သူမက ဝတ်စုံသည် တကယ်ပင် လှပလွန်းသောကြောင့် အံ့သြသွားရကြောင်းဝန်ခံရပေမည်။ ကြမ်းပြင်မှမျက်နှာကျက်ထိရှိနေသော မှန်‌ရှေ့တွင် ကျောင်းယူနီ‌ဖောင်းဝတ်ထားသောသူမနှင့် စကတ်ရှည် ညနေခင်းဝတ်စုံကို ဝတ်ဆင်ထားသောသူမသည် ကမ္ဘာနှစ်ခုတွင်ရှိနေသည့်အလား လူတွေ၏ စိတ်တွင် အိပ်မက်ဆန်ဆန် ခံစားလာရတော့သည်။ 


ဒါပေမယ့် မူလပိုင်ရှင်ရော ဒီလိုလှပတဲ့ ညနေခင်းဝတ်စုံမျိုးဝတ်ဖူးခဲ့ရဲ့လား?


ဘယ်လိုမိန်းကလေးမျိုးက သူမအတွက် သီးသန့်မွေးနေ့ ညစာစားပွဲ ကျင်းပပေးဖို့ မမျှော်လင့်ဘဲနေကြမှာလဲ?  မျက်စိကျိန်းလောက်အောင် ကြော့ရှင်းမှုတို့နှင့်အတူ ကြောင်လိမ်လှေကားကနေ ဖြေးဖြေးချင်းဆင်းလာတာမျိုး....။ 


မူလပိုင်ရှင်သည်လည် ယခုလို မျှော်လင့်ခဲ့လိမ့်မည်။ သို့သော် မုန့်ရှစ်ရွှမ်ကသာ အမြဲတမ်း အာရုံစိုက်ခံရခြင်းတို့၏ အဓိကအလယ်တွင် ရှိနေခဲ့သည်။ 

မူလဇာတ်ကြောင်းထဲတွင် နှစ်စဥ်မွေးနေ့ဧည့်ခံပွဲများ၌ မုန့်ရှစ်ရွှမ်ကသာ ဧည့်သည်များနှင့် သိမ်မွေ့မြင့်မြတ်စွာ စကားပြောနေချိန် မူလပိုင်ရှင်သည် ထောင့်လေးတွင် လူပြက်သဖွယ်ရပ်နေရမြဲဖြစ်သည်။ 


မနှစ်က မွေးနေ့ပွဲတွင်တော့ ယွီစစ်ရွှယ်သည် သူမ၏ဝတ်စုံပေါ်သို့ ဝိုင်များကို ရည်ရွယ်ချက်ရှိရှိလောင်းချခဲ့ပြီး နှောင့်ယှက်ခဲ့သည်။ သို့သော် ကျုံးမာမားကသူမကို အပေါ်ထပ်သို့ ခေါ်သွားခဲ့ကာ အောက်သို့မဆင်းခိုင်းတော့ပေ။ 


ကျုံးယို့ယို့သည်တွေးရင်း မူလပိုင်ရှင်ခံစားခဲ့ရသော အထီးကျန်သိမ်ငယ်မှုတို့သည် သူမ၏ နှလုံးသားထဲတွင် တင်းကြပ်လာသယောင်ခံစားလိုက်ရသည်။ သူမက  အ‌ရေးမစိုက်သကဲ့သို့ မလှုပ်မယှက်ဖြင့်  ကျုံးမာမားက သူမအတွက်ပြင်ဆင်ထားသည်များကိုသာကြည့်နေခဲ့သည်။


သူမက အဝတ်လဲရန် ပြင်ဆင်လိုက်သည်။ 

ကျုံးမာမားသည် သူမ၏သမီးကို မှန်ထဲမှကြည့်လိုက်သည်။ ယို့ဘို့မျက်နှာလေးကတကယ် ချောမွေ့လှပတာပဲ။ သူမက သာမန် ‌ကျောင်းယူနီဖောင်းတွေကိုသာ ဝတ်လေ့ရှိသည်။ သူမသည် ညနေခင်းဝတ်စုံဝတ်လိုက်ခြင်းဖြင့် မွေးနေ့ဧည့်ခံပွဲကို ဘယ်လောက်တောင် ထူးခြားသွားစေသည်ကို မသိချေ။ 


သူမသည် အတွေးတို့ကိုရပ်ကာမြန်မြန်ပင်ပြောလိုက်သည် : “ယို့ယို့... မေမေကူဝတ်ပေးမယ်” 

ကျုံးယို့ယို့က အလိုမကျ၍ လက်ကိုမြှောက်ကာ သူမကိုတားလိုက်သည် : ရပါတယ်... သမီးဘာသာပဲ ဝတ်လိုက်ပါ့မယ်” 


ကျုံးမာမားသည် နှလုံးသားထဲတွင် နာကျင်သွားရကာ လက်ကိုပြန်ရုတ်လိုက်သည်။ 


‌ဘေးတွင်တော့ ယွီမားနှင့်တခြားသော အိမ်အကူများသည် ဘာတွေဖြစ်ပျက်နေသည်ကို သဘောပေါက်ကြသည်။ သူတို့သည် မနှစ်ကနှင့် အရင်နှစ်တွေက မွေးနေ့ပွဲတွေကိုမှတ်မိကြသည်။ သူတို့ကအချင်းချင်းကြည့်လိုက်ကာ ကျုံးယို့ယို့အတွက် စိတ်မကောင်းဖြစ်နေကြ၏။ ကလေးချင်းသာမလဲခဲ့လျှင် ယခုလိုအငွေ့အသက်နှင့် မင်းသမီးကဲ့သို့ ပြုစုစောင့်ရှောက်မှာတို့ကို ကျုံးယို့ယို့သာ ရသင့်တာဖြစ်သည်။ 

ကျုံးယို့ယို့သာ စျေးအကြီးဆုံး ညနေခင်းဝတ်စုံကို ဝတ်လိုက်ရင် မုန့်ရှစ်ရွှမ်လို လှပါ့မလား? 


ကျုံးယို့ယို့က အဝတ်အစားလဲပြီး ‌ရေချိုးခန်းတံခါးကိုဖွင့်ကာ ထွက်လာလိုက်သည်။ 


မော့ကြည့်လိုက်ကြသောအခါ အကုန်လုံးသည် အံ့သြသွားကာ အမူအရာတို့ကိုပင် မထိန်းနိုင်ခဲ့ပေ။ 


ခန်းမထဲတွင် ဧည့်သည်များသည် ရှန်ပိန်ခွက်များကိုကိုင်ထားကာ ပြုံးရယ်လျက်စကားပြောနေကြသည်။ ဖိတ်ထားသောသူများအပြင် တခြားမျက်နှာစိမ်းများလည်းလာကြသည်။ မွေးနေ့ပွဲသို့ လာသည်မဟုတ်လျှင်တောင် အနုပညာရှင်များနှင့်တွေ့ရန် လာကြသည်ထင်သည်။ ထိုသို့ဖြင့် ခန်းမကြီးသည် သက်ဝင်လှုပ်ရှားနေတော့၏။


ချင်းမိသားစုနှင့် ယွီမိသားစုတို့သည်လည်း ရှစ်မိသားစုနှင့် ကျုံးမိသားစုကဲ့သို့ပင် အချင်းချင်းသိကျွမ်းကြသည်။ထို့ကြောင့် ယွီစစ်ရွှယ်သည် ဟောက်ကျစ်ကိုငယ်စဥ်ပင်သိခဲ့သည်။ 


ဟောက်ကျစ်က ဝိုင်ခွက်ကိုကိုင်ရင်းတစ်ယောက်တည်းရပ်နေသည်ကိုတွေ့သောအခါ သူမဆီသို့လာနေသော အသက်၁၈နှစ်ဝန်းကျင် မော်ဒယ်ကောင်လေးတို့ကို ရပ်တန့်စေကာ ဟောက်ကျစ်ဆီသို့ ထွက်လာခဲ့လိုက်သည်။ 


လျှောက်သွားပြီးနောက် သူမသည် စိတ်အားထက်သန်စွာပြုံးပြလိုက်ကာ “ အန်တီ” 


ဟောက်ကျစ်က ခွက်ချင်းတိုက်လိုက်ပြီး ခေါင်းညိတ်လိုက်ကာ “ မတွေ့ရတာကြာပြီပဲ”