အပိုင်း ၅၁
Viewers 11k

Chapter 51




ဟောက်ကျစ်က ယွီစစ်ရွှယ်ကို အနည်းငယ်အထင်သေးသည်။ သူမသည် မုန့်ရှစ်ရွှမ်၏နောက်သို့ အစေခံကဲ့သို့ အမြဲတကောက်ကောက်လိုက်နေတတ်သည်။ ယွီမိသားစုတွင် ပိုက်ဆံသိပ်မရှိသော်လည်း သူမအပေါ်တွင်တော့ နည်းနည်းသုံးထားသည်ပင်။ 


အပေါ်ယံတွင်သူမသည်လည်း ဟန်ဆောင်တတ်လေသည်။ ယခုပင် သူမသည် မသိချင်ယောင်ဆောင်လိုက်ကာ “ ကျုံးယို့ယို့ကို တွေ့မိလား? ဒီမွေးနေ့ပွဲအတွက် သူမ လှလှလေးဝတ်သင့်တယ်။ အိမ်ကသားလေး ချင်းယောင်က ဒီကိုရောက်နေတယ်လေ...သေချာပေါက် သူမအတွက်ပေါ့” 


ကျုံးယို့ယို့က အရင်တစ်ခေါက်တွင် ညှာတာမှုမရှိဘဲငြင်းခဲ့ပြီး ဟောက်ကျစ်သည် သူမကိုမုန်းနေဆဲပင်။ 

ထိုစကားတို့ပြောလိုက်သည့်အခါတွင်လည်း သူမသည် ကျုံးယို့ယို့၏အမည်အား မုန်းတီးမှုအပြည့်နှင့် ပြောလိုက်ခြင်းဖြစ်သည်။ 


ယွီစစ်ရွှယ်၏ အမူအရာက ရုပ်ဆိုးသွားကာ ဝိုင်နီကို တစ်ငုံလောက်ငုံလိုက်ပြီး အံကြိတ်ကာပြောလိုက်သည် 


: ဘယ်သူသိမှာလဲ အန်တီရယ်... သူလာရင်တောင် ရှစ်ရွှမ်ကို အနှောင့်အယှက်ပေးမှာစိုးရိမ်မိပါတယ်။ ဒီမွေးနေ့ပွဲရဲ့ အဓိကဇာတ်ဆောင်က ရှစ်ရွှမ်ပဲလေ။ ထောင့်မှာပဲကပ်နေမယ့်သူ့ကို ဘယ်သူကအဖက်လုပ်မှာလဲ?” 


သူမက ဟောက်ကျစ်ကို ချင်းယောင်ဘယ်လိုနေကြောင်းမေးရန်ပြင်လိုက်သော်လည်း အခမ်းအနားမှူးက ပွဲ၏ အဓိကဇာတ်ဆောင် ရောက်လာပြီဖြစ်ကြောင်းကြေညာလိုက်လေသည်။ သူမသည် စကားဝိုင်းကိုရပ်လိုက်ကာ လှည့်ကြည့်လိုက်သည်။ 


“ ကျုံးမိသားစုရဲ့ သမီးလေး ရောက်လာပြီ...ယခုလို ကြီးကျယ်ခမ်းနားတဲ့  ၁၈နှစ်ပြည့်မွေးနေ့ပွဲကို မေ့ပျောက်လို့မရမှာအမှန်ပဲ...” 


“ ကျုံးမိသားစုရဲ့ သမီးက အရမ်းလှတယ်လို့ကြားမိတယ်... ဟုတ်ရဲ့လား?” 


ချက်ချင်းဆိုသလိုပဲ လေထုက ပိုမိုသက်ဝင်လှုပ်ရှားလာခဲ့ပြီး တယောပညာရှင်ကလဲ သံစဥ်ကိုငြိမ့်ငြိမ့်ညောင်းညောင်းလေး တီးခတ်လိုက်ရာ ခန်းမတစ်ခုလုံး လှုပ်ရှားလာတော့သည်။ လူအများစုက ကျုံးမိသားစု၏ သမီးကို သတင်းတွင်သာမြင်ဖူးကြပြီး အပြင်တွင်မတွေ့ဖူးကြပေ။ သူတို့က ကြောင်လိမ်လှေကားဆီသို့ စိတ်ဝင်စားစွာဖြင့် ကြားဖူးသလို ကျုံးမိသားစု၏ သမီးငယ်က အမှန်တကယ်ပင် လှပသည်လားကို သိချင်စိတ်အပြည့်နှင့်ကြည့်နေကြသည်။ 


ပထမဆုံး အမြင်တွေကိုဖမ်းစားသွားသူမှာ ကျုံးပါပါးပင်ဖြစ်သည်။ 


သူ၏လက်မောင်းတွင် ဖြူဖွေးသွယ်လျသော လက်လေးကချိတ်ထားသည်။ လက်ကလေးကိုမြင်လိုက်ရသည်ကပင် ခန်းမထဲရှိလူများသည် ကျုံးမိသားစု၏သမီးပျိုလေးက ဘယ်လိုဝတ်ထားမလဲဆိုသည့် သိချင်စိတ်များပြင်းထန်လာတော့သည်။ 


“ကျွန်တော်သမီးရဲ့ ၁၈နှစ်ပြည့်မွေးနေ့ပွဲကို တက်ရောက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒီအခိုက်အတန့်လေးအတွက် ကျွန်တော်အကြာကြီး စောင့်မျှော်နေခဲ့တာပါ။” 


ကျုံးပါပါးက ခန်းမထဲရှိလူများအားလုံးအား ခေါင်းညိတ်ပြရင်း မျက်နှာတွင်လည်း ပျော်ရွှင်မှုတို့ပြည့်နှက်နေကာ ပြောကြားလိုက်သည်။ 


ကျုံးယို့ယို့က စိတ်မပါသော်လည်း သူနှင့်အတူ ထွက်လာရန်သဘောတူလိုက်သည်ကိုပင် အပျော်ကြီးပျော်နေတော့သည်။  ဒီနေ့တွင် သူ၏သမီးအရင်းသည် လူတိုင်း၏အာရုံစိုက်မှုကိုခံရမည်ဖြစ်ပြီး မနက်ဖြန်တွင်လည်း သတင်းစာခေါင်းစီးတွင် ပါလာစေရမည်။ အဲ့ဒီ့အတွက်လဲ ယုံကြည်ချက်ရှိပေသည်။ 


သူသည် ကျုံးယို့ယို့၏အတွေးတွေကိုတော့ မသိခဲ့ပေ။ 

ကျုံးယို့ယို့သည် ကျုံးမိသားစုနှင့် ပတ်သက်ရန် ဆန္ဒမရှိသော်လည်း မူလပိုင်ရှင်အတွက် ရသင့်သလောက်ကို ယူသင့်သည်ဟုတွေးလိုက်သည်။ ထိုသို့တွေးရင်း သူသည် မုန့်ရှစ်ရွှမ်၏မျက်နှာ အနေအထားကို မှန်းဆလိုက်ကာ နှုတ်ခမ်းတို့ ကွေးတက်သွားတော့သည်။ 


“လူကြီးမင်းကျုံး... လေးစားပါတယ်ဗျာ!” လေထုသည် သက်ဝင်လှုပ်ရှားနေသည်။


နှုတ်ဆက်ခြင်းပြီးဆုံးသွားသည့်အခါ မြစိမ်းရောင်ဝတ်စုံရှည်လေးသည် လှေကားထောင့်မှပေါ်လာခဲ့သည်။ စကတ်ထောင့်များတွင် ဇာအကွက်လေးများနှင့် အစက်အပြောက်လေးများပုံစံဖန်တီးထားကာ နူးညံ့လှသော ပိုးသားသည် လှပသော မိန်းမငယ်လေးနှင့် ကောင်းစွာလိုက်ဖက်နေတော့သည်။ 


ရုပ်ရှင်များတွင် တွေ့ရသော ဇာတ်ဝင်ခန်းများကဲ့သို့ပင် ပျားပန်းခတ်ဆူညံနေခဲ့သောခန်းမကြီးသည် မိန်းမငယ်လေးမျက်နှာပေါ်လာမည့်အချိန်တွင် ဖြည်းဖြည်းချင်းငြိမ်သက်လာတော့သည်။  


အကုန်လုံးသည် မျှော်လင့်တကြီးနှင့် အသက်ပင်အောင့်ထားမိကာ ကျုံးမိသားစု၏ သမီးပျိုလေးကိုမြင်ရန် စောင့်ဆိုင်းနေကြသည်။ 


ယွီစစ်ရွှယ်သည် မျက်လုံးများနီလာခဲ့ပြီး : “ဒီနှစ် ရှစ်ရွှမ်က အရမ်း...”


ကျုံးပါပါး၏နောက်မှပါလာခဲ့သော မိန်းမငယ်လေး၏ မျက်နှာအား ဖွင့်လှစ်ပြလိုက်သည့်အခါ လူအုပ်ကြီးသည် တိတ်ဆိတ်သွားပြီး ခန်းမထဲတွင် လေအေးပေးစက်အသံတစ်ခုသာ ကြားနေရတော့သည်။

မိန်းမငယ်လေး၏ မျက်နှာလေးသည် အလွန်လှပသည်။ မျက်ခုံးတို့မှာ ‌ရေခဲတုံးပေါ်ရှိ ရေစက်ကလေးကဲ့သို့ပင် ရှင်းလင်းဖြောင့်တန်းနေပြီး အကြည့်မလွှဲနိုင်အောင်ပင်။ 

သို့သော်...

“ကျုံးရှစ်ရွှမ်မဟုတ်ပါလား!” 


လူအုပ်ကြီးသည် ကျုံးယို့ယို့၏အလှ၌ ခဏကြာ နစ်မျောနေကြပြီးနောက် အုတ်အုတ်ကျက်ကျက်ဖြစ်လာကြတော့သည်။ 

ပင်လယ်ထဲတွင် ဗုံးပေါက်ကွဲသွားသလိုပင် လူတိုင်းသည် ရုတ်ရုတ်သဲသဲဖြစ်နေကြရာ မျက်နှာကျက်တွင် ရှိနေသော မီးဆိုင်းပင် ပြုတ်ကျလာမလိုဖြစ်နေတော့သည်။


ကျုံးပါပါးက ဘာလို့ ကျုံးမိသားစုရဲ့ သမီးပျိုလေးဖြစ်တဲ့ ကျုံးရှစ်ရွှမ်ကို ခေါ်မလာတာလဲ?


ယခုပင်  လူကြီးမင်းကျုံးက သူ့သမီးရဲ့ ၁၈နှစ်ပြည့်မွေးနေ့ပွဲကို   တက်ရောက်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်းပြောသွားသေးသည်။ သူ့ရှေ့တွင်ရှိနေသည့် မိန်းမငယ်လေးကဘယ်သူများလဲ? 


“ဒီမိန်းကလေးကို မြင်ဖူးသလားလို့?” အိမ်အဝင်ဝတွင် ကျုံးယို့ယို့ကို ဓာတ်ပုံရိုက်ခဲ့သော သတင်းထောက်သည် ရုတ်တရက် မှတ်မိသွားတော့သည် : 


“ ငါရိုက်လိုက်တာ ကျုံးရှစ်ရွှမ်မဟုတ်ဘူးလို့ပြောခဲ့တယ်လေ... အဲ့တာသူမပဲ!” 


ယွီစစ်ရွှယ်နှင့် ဟောက်ကျစ်တို့သည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ အံ့အားသင့်သွားကာ ကျုံးပါပါး၏ ဘေးတွင်ရှိနေသော ကျုံးယို့ယို့ကို မယုံနိုင်စွာ ကြည့်နေမိသည်။ 


ကျုံးယို့ယို့က ကျုံးမိသားစုရဲ့ အမျိုးသက်သက်ပဲမဟုတ်ဘူးလား? မုန့်ရှစ်ရွှမ်ထွက်လာရမှာကို ဘာလို့ထွက်မလာရတာလဲ? ဘာတွေဖြစ်နေတာလဲ?


ထို့အပြင် ကျုံးယို့ယို့သည် လူတိုင်းကို အံ့သြစေခဲ့ကာ သူတို့သည် ပထမတွင် ငြိမ်သက်နေမိသည်။ ဒါက ကျုံးယို့ယို့ပဲ! 


မီဒီယာသတင်းထောက်၏တုံ့ပြန်မှုနောက်မှာ သူတို့သည် စိတ်လှုပ်ရှားလာကြတော့သည်။ ကျုံးမိသားစုက ဒီနေ့မှာ လျှို့ဝှက်ချက်ကြီးတစ်ခုကိုကြေညာတော့မယ့်ပုံပဲ!

ချက်ချင်းဆိုသလိုပင် ကျုံးယို့ယို့၏ရှေ့တွင် ကင်မရာမီးတို့သည် စုံပြုံလာပြီး တဖျတ်ဖျတ်ဖြစ်နေတော့သည်။ ကျုံးယို့ယို့၏မျက်နှာလေးသည် အလွန်လှပကာ လူငယ်အငွေ့အသက်တို့နှင့် ပြည့်နှက်နေပြီး အမျိုးသမီးအနုပညာရှင်တို့ ဖိုတို‌ရှော့လုပ်ထားသည်များထက် ပို၍ပင်သာသေးလေသည်။ 


ယခင်က ရိုက်ကူးခဲ့သော မုန့်ရှစ်ရွှမ်နှင့်ယှဥ်လိုက်လျှင်  သတင်းထောက်အနည်းငယ်သည် သူတို့၏ရှေ့ရှိ မိန်းကလေးသည်သာ ကျုံးမိသားစု၏ သမီးအရင်းနှင့် ပိုတူကြောင်း ခံစားရသည်။ 


“ မမလေးကျုံး... ဒါက မမလေးကျုံးလား? ဒါဘယ်လိုအခြေအနေပါလဲ?”


“တဆိတ်လောက်ပါ... နာမည်ဘယ်လိုခေါ်ပါလဲဗျ... ဘာလို့အရင်က မတွေ့ဖူးရတာပါလဲ?” 


တရားမဝင်သမီးများဖြစ်နေမလား? 


သတင်းထောက်တွေသည် အမျိုးမျိုးခန့်မှန်းကြတော့သည်။ 


သူမသည် ထိုနေရာတွင် တည်တည်ငြိမ်ငြိမ်နှင့် ရပ်နေခဲ့ကာ ကင်မရာမီးတို့ရှေ့တွင် မျက်တောက်တစ်ချက် မခပ်ခဲ့ဘဲ စိတ်တို့ရှုပ်ထွေးလာခဲ့သည်။ 


“အားလုံးပဲ တိုးတိုးနေကြပါ” ကျုံးပါပါးက အသံကိုမြှင့်လိုက်သည်။ ဘေးတွင်ရှိနေသော အခမ်းအနားမှူးသည် လန့်ဖြန့်သွားကာ စကားပင်မပြောနိုင်ဘဲ သူ့ကို မိုက်ကရိုဖုန်းပေးရန်ပင်မေ့နေခဲ့သည်။


သူကမပြောခင်ချောင်းဟန့်လိုက်ကာ လူအုပ်ကြီးဆွေးနွေးနေခြင်း ငြိမ်ကျမသွားခင်ထိ ခဏစောင့်နေလိုက်သည် : “ ဒါက ကျွန်တော့်ရဲ့ သမီးအရင်း ကျုံးယို့ယို့ပါ... ဘာတွေဖြစ်နေတယ်ဆိုတာ သိချင်နေကြလိမ့်မယ်ထင်ပါတယ်” 


ကျုံးယို့ယို့က ကျုံးပါပါးကို အံ့သြစွာနှင့်ကြည့်လိုက်သည်။ 


ကျုံးပါပါးက သူ့ကို မွေးနေ့ဧည့်ခံပွဲကိုလာဖို့ ခဏခဏတိုက်တွန်းနေတာ မထူးဆန်းတော့ပါဘူး...။ ဒါပေမယ့် တကယ့်ရည်ရွယ်ချက်က ဒါကိုကြေညာဖို့လို့တော့ထင်မထားခဲ့ဘူး။ ကျုံးမိသားစု၏ သူမအပေါ် အပြုအမူတို့သည် လွန်ခဲ့တဲ့လတွေအတွင်း ပြောင်းလဲနေခဲ့သော်လည်း သူတို့၏ ဘဝနေထိုင်မှုထဲကိုပါ နီးကပ်စေရန် ဆွဲခေါ်လိမ့်မည်ဟု အမှန်တကယ် ထင်မထားခဲ့ပေ။ 


ဒီတစ်ကြိမ်တော့ မုန့်ရှစ်ရွှမ် တိုက်ခိုက်မှာကို စိတ်ပူစရာမလိုတော့ဘူးထင်တယ်? 


ခန်းမတစ်ခုလုံးသည် အံ့သြမှုတို့ဖြင့် ကျယ်လောင်နေတော့သည်။ လူတိုင်းသည် မယုံနိုင်မှုတို့ဖြင့် အံ့အားသင့်နေကြသည်။ အထူးသဖြင့် ဟောက်ကျစ်နှင့် ယွီစစ်ရွှယ်တို့သည် သူပြောသွားသည့်အဓိပ္ပာယ်ကို လိုက်မမီနိုင်ဖြစ်နေကာ ပါးစပ်အဟောင်းသားနှင့် ကျုံးပါပါးကို ကြည့်နေကြသည်။ 


ကျုံးယို့ယို့က သမီးအရင်းဆိုတာဘာလဲ? ကျုံးယို့ယို့ကသာ ကျုံးမိသားစုရဲ့ သမီးဖြစ်တယ်လို့ပြောချင်တာလား? 


“ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်..”


ကျုံးမိသားစုတွင် ကလေးချင်းလဲထားခဲ့သည်ဆိုသည့်အချက်က အကြီးမားဆုံး အတင်းအဖျင်းသတင်းဖြစ်သွား နိုင်သော်လည်း ကျုံးပါပါးသည် ဂရုစိုက်မနေဘဲ အမှားကိုပြင်ရန်သာဆုံးဖြတ်ချက်ချလိုက်တော့သည်။ 

သူကနာကျင်စွာပြောလိုက်သည် 


:” ကျွန်တော့်အမျိုးသမီးဆေးရုံမှာ မီးဖွားတုန်းက ကလေးချင်းမတော်တဆ မှားသွားခဲ့ပါတယ်...။ ကျုံးမိသားစုနဲ့ သွေးသားတော်စပ်တဲ့ တကယ့်ကလေးက အခုကျွန်တော့်ဘေးမှာရပ်နေတဲ့ ကျွန်တော့်သမီး ကျုံးယို့ယို့ပဲဖြစ်ပါတယ်...။” 


“ ကျွန်တော်လည်း ဒီအဖြစ်မှန်ကို စုံစမ်းသိခဲ့တာ မကြာသေးပါဘူး... ကျွန်တော့်ကလေးအတွက် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်...။ နှစ်တွေအကြာကြီး သူမကို ပြုစုစောင့်ရှောက်ဖို့ ပျက်ကွက်ခဲ့ပါတယ်...။ အခုသူမအိမ်ပြန်ရောက်ပြီဆိုတော့ အခုကစပြီး သူမကို ကာကွယ်စောင့်ရှောက်သွားပါ့မယ်...။ မီဒီယာတွေကနေတစ်ဆင့် စာနာထောက်ထားပေးကြပါ...။ ကျွန်တော်တို့မှာ အိမ်တွင်းရေးကိုကိုင်တွယ်ဖို့ အချိန်ရှိပါတယ်..။” 


အတိတ်ကအကြောင်းတွေကိုပြန်ပြောရင်း ကျုံးပါပါးသည် ခံစားချက်တို့ရှုပ်ထွေးလာခဲ့ပြီး အသံတို့မှာ အနည်းငယ် တုန်ယင်လာတော့သည်။ 


“...”

? ? ? ! ! ! 


စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးနောက်မှာ လူအုပ်ကြီးက ရုန်းရင်းဆန်ခတ်ဖြစ်လာတော့သည်။ 

လူတိုင်းသည် အံ့သြထိတ်လန့်နေကြသည်။


လူတိုင်းက အုတ်အုတ်ကျက်ကျက်ဖြစ်လာကြ၏။ သေစမ်း... လူချမ်းသာတွေက အကြောင်းကိစ္စများလိုက်ကြတာ... ဒါကဘယ်လိုဇာတ်လမ်းကြီးလဲ? လွန်ခဲ့တဲ့နှစ်အများကြီးတုန်းက ကလေးချင်းမှားသွားပြီး အခုအရှေ့မှာရပ်နေတဲ့ မိန်းကလေးက ကျုံးမိသားစုရဲ့ သမီးအရင်းတဲ့လား? ဒါဆို ကျုံးမိသားစု အကြာကြီးပြုစုစောင့်ရှောက်လာတဲ့ ကျုံးရှစ်ရွှမ်ကရောဘယ်သူလဲ? ဒေါင်းသိုက်ထဲကို ကျီးရောက်သလိုဖြစ်နေပြီမဟုတ်ဘူးလား? 

အဓိပ္ပာယ်မရှိလိုက်တာ...


ကလေးချင်းကိုရောဘယ်သူလဲခဲ့တာလဲ? လူကုန်ကူးခံလိုက်ရတာလား? နှစ်အများကြီးကြာအောင် ချန်လှပ်ထားခဲ့ကြတာမဟုတ်ဘူးလား? 


တစ်နည်းဆိုရရင် ကျုံးရှစ်ရွှမ်က ကျုံးမိသားစုရဲ့ သမီးအရင်းမဟုတ်ဘဲ ဒီအခြေအနေကိုတွေကို ပေါ့ပေါ့ပါးပါးနဲ့ ရလိုက်တာပေါ့? ကံကောင်းစွာနဲ့လေ?


လူကြီးမင်းကျုံးသည် ဘာမှပြောမသွားသော်လည်း ကျုံးရှစ်ရွှမ်၏ အဖေရင်း သို့မဟုတ် အမေရင်းသည် ကလေးနှစ်ယောက်ကိုလဲခဲ့ပုံပေါ်သည်။ ထိုသို့ဖြစ်ခဲ့မည်ဆိုလျှင် အမှန်တကယ်ပင် ရက်စက်ဆိုးယုတ်လှသည်။


 ဒီလိုလုပ်လိုက်တာက မင်းသားလေးနဲ့ ကြောင်ကတိုးနဲ့ကိုလဲလိုက်တာနဲ့ဘာကွာတော့လို့လဲ? ကလေးနှစ်ယောက်ရဲ့ ကံကြမ္မာတွေက လုံးဝပြောင်းလဲသွားပြီမဟုတ်ဘူးလား? 


ထို့နောက် လူအုပ်ကြီးသည် ကျုံးရှစ်ရွှမ်ကို ဒေါသထွက်ကြတော့သည်။


မဟုတ်သေးဘူး...ကျုံးလူကြီးမင်းရဲ့ အပြောအဆို၊ အမူအရာအရဆိုရင် ဒီမိန်းကလေးက ကျုံးမျိုးရိုးအောက်မှာ ဆက်ရှိမနေနိုင်မှာစိုးရိမ်မိသား! သူမရဲ့ မျိုးရိုးနာမည်က ဘာတဲ့လဲ? 


ယွီစစ်ရွှယ်သည် လူကြီးမင်းကျုံး၏ ဘေးတွင်ရပ်နေသော ကျုံးယို့ယို့အားကြည့်ကာ ထိတ်လန့်ပြီး မူးနောက်လာခဲ့သည်။ 


သူမသည် လက်မခံနိုင်ဖြစ်နေသည်။ သူမက ကျုံးယို့ယို့အားအမြဲ အရှက်မရှိ၊ သူဆင်းရဲဟု လှောင်ပြောင်လေ့ရှိသည်။ သို့သော် ဒါကဘာကြီးလဲ? သူဆင်းရဲက ကျုံးမိသားစု၏ သမီးအရင်းဖြစ်ပြီးတော့ သူမအမြဲ မနာလိုအားကျခဲ့ရသည့် မုန့်ရှစ်ရွှမ်ကတော့ ကျုံးမိသားစု၏ သူဆင်းရဲအမျိုးတောင်မဟုတ်ဘူးတဲ့လား? 


ကျုံးယို့ယို့၏ ဆင်းရဲသောအမျိုးတို့ကို အမျိုးမျိုးပြောဆိုနေခဲ့ချိန်တွင် သူမသည် မရှက်မိဘူးလား? 


ကျုံးယို့ယို့က စိတ်ထဲတွင် သူမကိုလှောင်ပြောင်နေတော့မည်။ 


မုန့်ရှစ်ရွှမ်သည်လည်း ဒီအကြောင်းကိုသိနေခဲ့လိမ့်မည်။ ဘာကြောင့် သူမဘက်တွင် ကာကွယ်ရပ်တည်မပေးခဲ့ဘဲ ကောင်းကောင်းမဆက်ဆံစေခဲ့တာလဲ? 


ယွီစစ်ရွှယ်သည် ခဏအကြာတွင် သဘောပေါက်သွားခဲ့ပြီး မုန့်ရှစ်ရွှမ်အကြောင်းကိုလဲ သိလာခဲ့သည်။ သူမသည် မုန့်ရှစ်ရွှမ်ဆိုသော မမလေးက ချို့ယွင်းချက်တစ်စုံတစ်ရာမရှိဘဲ သဘာဝအလျောက် လူအများ၏ အားကျနှစ်သက်ခြင်းကိုခံသူဟုထင်ထားခဲ့သော်လည်း သူမသည် ကျုံးယို့ယို့၏ ပိုင်ဆိုင်မှုများကို ရယူထားကာ ထိုသို့ လူအများသတိထားမိစရာဖြစ်လာခြင်းပင်ဖြစ်သည်။  


ဒါဆို အစတည်းက အရာအားလုံးက သူမအပိုင်မဟုတ်ခဲ့ဘူး‌ပေါ့!


အရှက်မဲ့လိုက်တာ! 


ယွီစစ်ရွှယ်ရုတ်တရက် ဒေါသတို့ထွက်လာခဲ့တော့သည်။ သူမကအလွန်ဒေါသထွက်လာပြီး ဘာကိုမှမမြင်နိုင်အောင် ဖြစ်နေတော့သည်။ ပိုဆိုးသည်က သူမသည် မုန့်ရှစ်ရွှမ်၏ဘက်တွင်သာ အမြဲရပ်တည်ပေးခဲ့ပြီး သူမအတွက်ပင် ကျုံးယို့ယို့ကို အနိုင်ကျင့်ခဲ့လေသည်။ 


ဟောက်ကျစ်သည်လည်း ခေါင်းပေါ်သို့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ 


သူမကျုံးယို့ယို့ကို သူမသားအတွက် ကမ်းလှမ်းခဲ့တုန်းက သူများတွေကသူမကိုဘယ်လို လှောင်ပြောင်ခဲ့ကြလဲ? ဒါကကျုံးမိသားစုရဲ့ သူဆင်းရဲအမျိုးသက်သက်ပဲလေ!!! အခုတော့အဆင်ပြေသွားပြီ။ သူဆင်းရဲကနေ ဖီးနစ်တစ်ကောင် ဖြစ်လာခဲ့ပြီပင်။ 


သတင်းထောက်တို့သည် အတင်းတိုးဝှေ့ရင်း အလုအယက်မေးလာကြတော့၏။


“သူမကဘာလို့အလဲခံလိုက်ရတာလဲ? သေချာလေးပြောပြပေးလို့ရမလားဗျ?”


“ကျုံးယို့ယို့မမလေးက အပြင်မှာ ဆယ်နှစ်ကျော်ကို ဘယ်လိုဖြတ်သန်းခဲ့ရပါလဲခင်ဗျ?” 


“ရည်ရွယ်ချက်ရှိရှိ လဲခဲ့တာလား?” 


“ဒါဆို အရင်သမီးအတုကရော? ကျုံးမိသားစုအနေနဲ့ သူမနဲ့ပတ်သက်ပြီး အစီအစဥ်ရှိပါသလား?”

...

ကျောင်းတွင် ဖွင့်ပွဲအခမ်းအနားသည် ပြီးဆုံးသွားခဲ့ပြီး ‌ကျောင်းသားတို့သည် ဆိုင်ရာအတန်းတွေဆီသို့ ဖြေးဖြေးချင်း ပြန်နေကြသည်။ 


မည်သူကဖုန်းကိုထုတ်လိုက်ပြီး သတင်းတို့ကိုကြည့်လိုက်သည်မသိ။ ကျုံးမိသားစု၏သတင်းကို တွေ့လိုက်သောအခါ သူသည် ထိတ်လန့်သွားကာ ဖုန်းပင်လွတ်ကျသွားခဲ့သည်။ 


“ ချီးပဲ... အားလုံး!! သတင်းကိုကြည့်ကြဦး!!” 

သူသည် ကြောက်လန့်နေခဲ့သည်။ 


“ကျုံးမိသားစုက ကျုံးရှစ်ရွှမ်က သူတို့ရဲ့ သမီးအရင်းမဟုတ်ဘူးလို့ ပြောထားတယ်ကွ!!ကြည့်ဦး!! ချီးပဲ...ဘာတွေဖြစ်နေတာလဲ? လန်လို့သေတော့မှာပဲ!! အဓိပ္ပာယ်ရောရှိရဲ့လား?” 


ကျုံးရှစ်ရွှမ်မဟုတ်ရင် ဘယ်သူလဲ? 


“ကျုံးယို့ယို့လား? ငါအမြင်မှားတာများလား? အဲ့တာ ကျုံးယို့ယို့မလား? ညနေခင်းဝတ်စုံနဲ့ အရမ်းလှတာပဲ! “


“ ကျုံးရှစ်ရွှမ်က သူမနေရာမှာနှစ်တွေအကြာကြီးနေခဲ့တာပေါ့??? ကျောင်းသွားကျောင်းပြန် ကားအကောင်းစားကြီးတွေစီးပြီး‌တော့လေ? ပြီးတော့ ‌ကျောင်းက ဆရာ၊ ဆရာမတွေက ကျုံးရှစ်ရွှမ်ကို အလေးပေးနေကြတာ မှားနေတာမဟုတ်ဘူးလား? ချီးပဲ ရှုပ်ထွေးလိုက်တာ။ နားမလည်တော့ဘူးကွာ!! ဒီအခြေအနေကဘာကြီးလဲ?”


တန်းခွဲ(၁၉)က ရှစ်ယိမုန့်နှင့် ရွှီရှောင်ယွဲ့တို့သည် သူတို့နောက်က အတန်းဖော်တွေ ဘာပြောနေကြလဲ နားမလည်နိုင်ဖြစ်နေကြသည်။ သူတို့သည်အံ့သြမှုတို့ဖြင့် ဖုန်းကိုထုတ်ကြည့်လိုက်ကြသည်။ ကျုံးယို့ယို့က ဘာဖြစ်တယ်? ကျုံးယို့ယို့ကသာ ကျုံးမိသားစုရဲ့ သမီးအရင်းလို့ပြောလိုက်တာလား? မှားနေတာမဟုတ်ဘူးလား? သူတို့ဘာတွေပြောနေကြလဲ?