အပိုင်း ၅၂
Viewers 10k

Chapter 52



ဤဖြစ်ရပ်သည် သတင်းမီဒီယာများ၊ ချမ်းသာသည့် အနုပညာရှင် အသိုက်အဝန်းများ၊ ကျောင်းများနှင့် များစွာသော နေရာများတွင် ပြန့်နှံ့နေတော့သည်။ ချမ်းသာတဲ့မိသားစုများတွင် အဓိပ္ပာယ်မရှိသော အဖြစ်အပျက်များ ဖြစ်တတ်ကြသော်လည်း ဤတစ်ခုတော့မရှိဖူးပေ။

ကျုံးမိသားစုက ၁၈နှစ်ကြာအောင် သမီးအတုနဲ့နေနေခဲ့တာပေါ့? ကံမကောင်းလွန်းတာမဟုတ်ဘူးလား? ကံမကောင်းချက်က လူတွေပင်ရယ်ချင်စရာ။ ပိုက်ဆံတွေအများကြီးကို ဘယ်မှာသုံးခဲ့တာလဲ? ပုံအောနေတဲ့ ချမ်းသာကြွယ်ဝမှုတွေကို တခြားလူတွေရဲ့ သားသမီးတွေရဲ့ လက်ထပ်ဝတ်စုံတွေအပေါ်မှာသုံးခဲ့ရသည်ပင်။ အခုတော့ ကျုံးမိသားစု ဘယ်လိုခံစားနေရမလဲမသိ။ သေလောက်အောင်ကြောက်နေလောက်လား? 


လူတွေအားလုံးက ထိတ်လန့်နေကြပြီးနောက်မှာ စတင်တွေးတောလာကြတော့သည်။ 


အခု တကယ့်မင်းသမီးလေးပေါ်လာပြီဆိုတော့ အတုက ဘယ်ကိုသွားသင့်လဲ? ဟုတ်တယ် ကျုံးရှစ်ရွှမ်... ဒါမှမဟုတ် ကျုံးမျိုးရိုးမှာ ဆက်ရှိနေဖို့မသေချာတော့တဲ့ “ကျုံးရှစ်ရွှမ်”က အခုထိ မွေးနေ့ပွဲမှာ ပေါ်မလာသေးတဲ့ပုံပဲ။ အခုလို အရေးကြီးတဲ့အခြေအနေမှာ သူမက ဘာလို့ပေါ်မလာရတာလဲ? 


မုန့်ရှစ်ရွှမ်ကဘာကြောင့် ပေါ်မလာချင်ရတာလဲ? ကျုံးမာမားသည် သူမကို မွေးနေ့ပွဲက ညနေခြောက်နာရီမှ စတင်မည်ဟု ပြောထားသော်လည်း ထိုမွေးနေ့ကိုဆင်နွှဲရန် ကျုံးမိသားစုသည် ကျုံးယို့ယို့အား မနက်ခင်းထဲက လာကြိုသွားခဲ့ချိန်မှာပင် သူမသည် အလှည့်စားခံလိုက်ရကြောင်း သိလိုက်သည်။ သူမသည် ကျောင်းတွင် ရုတ်ရုတ်သဲသဲဖြစ်နေသော သတင်းတို့ကိုမကြားရသေးခင်မှာပင် တစ်ခုခုဖြစ်တော့မည်ဆိုတာသိနေခဲ့သည်။ 

သူမသည် မိုဘိုင်းစာမျက်နှာကိုပင်ဖွင့်မကြည့်ရဲဖြစ်နေကာ သန့်စင်ခန်းထဲတွင် ပုန်းနေရင်း နှုတ်ခမ်းတို့ကို ကိုက်ထားပြီး တုန်ယင်နေခဲ့သည်။ 


“မဟုတ်ဘူး... မဖြစ်နိုင်ဘူး” သူမက မိုဘိုင်းစာမျက်နှာကိုဖွင့်လိုက်ချင်းချင်းပင် ကျုံးပါပါးအမှန်တရားကို ကြေညာပြီးသည်မှာ တစ်နာရီပင် ရှိသေးသော်လည်း သတင်းတို့က ချက်ချင်းပင် ထိတ်လန့်ဖွယ်ရာ ပြန့်နှံ့နေပြီဖြစ်ကြောင်းမြင်လိုက်ရသည်။ 


“ ကျုံးမိသားစုရဲ့ သမီးအရင်းဟာ အိမ်ကိုပြန်ရောက်လာခဲ့ပါပြီ။ ၁၈နှစ်ကြာအောင် အဲ့မှာကြီးပြင်းလာခဲ့တဲ့ သမီးက ဒေါင်းသိုက်ထဲရောက်နေတဲ့ ကျီးဖြစ်နေပြီလား?” 


“ ချမ်းသာတဲ့ မိသားစုတွေရဲ့ ခွေးသွေးဆန်တဲ့ အရှုပ်တွေပေါ်လာခဲ့ပါပြီ... ကျုံးလုပ်ငန်းစုရဲ့ တာဝန်ရှိသူဟာ သူ့သမီးက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက အလဲခံလိုက်ရပြီး အဲ့ပြစ်မှုအတွက် တာဝန်ရှိတဲ့ကျုးလွန်ခဲ့သူကိုလဲ ရှာဖွေနေကြောင်း ပြောသွားခဲ့ပါတယ်။” 


“ အံ့သြစရာသတင်း! ချမ်းသာတဲ့မိသားစုမှ မိန်းကလေးကျုံးရှစ်ရွှမ်မှာ တခြားနာမည်တစ်ခုရှိနေပါတယ်! သူမဟာ သူမရဲ့ မိသားစုအစစ်ဆီကို ပြန်ပို့ခံရနိုင်လား?” 


သူမက သတင်း၏ နောက်ဆုံးစာကြောင်းကိုနှိပ်လိုက်သည်။ ၎င်းတွင် သူမ၏ဓာတ်ပုံပင်တွဲ၍ပါဝင်လာသေးသည်။ ၎င်းက သူမ၏ကြည့်ရအဆိုးဆုံးသောပုံပင်။ သူမသည် ရေများစိုရွှဲနေသော ‌ကျောင်းယူနီဖောင်းကို ဝတ်ဆင်ထားပြီး ရှက်စရာဖြစ်နေသည်။ သူမပုံတွင်ဘေးတွင်ရှိနေသည်မှာတော့ ညနေခင်းဝတ်စုံဝတ်ထားသော ကျုံးယို့ယို့၏ပုံပင် ဖြစ်သည်။ တင့်တယ်လှပသောဓာတ်ပုံပင်။ 


ကျုံးယို့ယို့ ဒီညနေခင်းဝတ်စုံကိုဝတ်တာ ဘာလို့ မမြင်ဖူးရတာပါလိမ့်?


မဟုတ်မှ ဒီနေ့မွေးနေ့ပွဲက ဓာတ်ပုံများလား? 

မုန့်ရှစ်ရွှမ်က ဝမ်းနည်းသောကြောင့် သွေးများပင် အန်ထွက်လာမတတ်ပင် ဖြစ်နေတော့သည်။ 


မီဒီယာသတင်းတွေက ဒီလောက်လုပ်စရာလိုလို့လား? သူမသည် ကျုံးမိသားစု၏သမီးဖြစ်ဆဲအချိန်တွင် သတင်းစာနှင့် မီဒီယာတို့ပေါ်တွင် ပေါ်လာခဲ့သော သူမ၏ဓာတ်ပုံတို့သည် ပြီးပြည့်စုံလှသည်။ ကျုံးမိသားစုကြောင့် မီဒီယာတို့သည် သူမ၏ ဓာတ်ပုံများကို ချောမောပြေပြစ်အောင် ပြုပြင်ပြင်ဆင်ကြလိမ့်မည်။ 


အခုတော့ သူတို့သည် ကျုံးယို့ယို့၏ လှပတင့်တယ်သောပုံနှင့် သူမ၏ ရုပ်ဆိုးနေသောပုံတို့ကို ယှဥ်တွဲထားလေသည်။ သူမတကယ်ပဲ မိသားစုအစစ်ဆီကို ပြန်ပို့ခံရလိမ့်မယ်လို့ထင်နေကြတာလား? အဲ့မှာ ဒုက္ခတွေခံနေရပြီး ထွင်လုံးတွေထပ်လုပ်လိမ့်မယ်လို့ထင်နေကြတာလား? 

သေချာပေါက် အမှန်တရားကို မသိသေးတဲ့ အင်တာနက်အသုံးပြုသူများထံမှ ကွန်မန့်များလဲရှိသည်။ 


“ ဘယ်ဘက်ကတစ်ယောက်က သမီးအရင်းမလား? ငါသာဆို သမီးအရင်းကိုပဲပြန်ခေါ်ထားလိုက်မှာ ရုပ်ရည်၊ ခန္ဓာကိုယ်နဲ့ ကိုယ်ရောင်ကိုယ်ဝါတွေက အတုနဲ့အကွာကြီးဟာကို!!” 


“ ဘယ်ဘက်ကတစ်ယောက်ကသာ သမီးအရင်းပဲ!!” 


“ သတင်းတွေကိုကြည့်ရတာ ကလေးတွေကို တမင်လဲထားခဲ့တာလား? အရမ်းရက်စက်တာပဲ။ ညာဘက်က အတုက ဖြူစင်တဲ့ပုံပေါက်ပေမယ့်လဲ ပြစ်မှုကျုးလွန်ရာရောက်တာပဲလေ။ သူမက ဆယ်နှစ်ကျော်ကြာအောင်တောင် အလိုလိုက်ပြုစုခံခဲ့ရပြီးပြီပဲ။”


...

မုန့်ရှစ်ရွှမ်သည် နှလုံးခုန်နှုန်းတို့ မြန်နေပြီး ဆက်မကြည့်ရဲတော့ပေ။ သူမသည် သူမကိုယ်သူမ နှစ်သိမ့်ရန် အတတ်နိုင်ဆုံးကြိုးစားလိုက်သည်။ အင်တာနက်အသုံးပြုသူများက ဦးနှောက်မဲ့ကြသည်။ ဟုတ်တယ်... သူတို့က ဦးနှောက်မရှိကြဘူး။ သူမသည် ပိုတည်ငြိမ်ရန် ကြိုးစားလိုက်သည်။ 

နှစ်နာရီအတွင်းမှာပင် အခြေအနေတို့သည် ဤမျှလောက်ထိ ကြီးမားသွားလိမ့်မည်ဟုထင်မထားခဲ့ပေ။


သူမသည် သတိမဲ့ခဲ့သည်။ ကျုံးမိသားစုက ကျုံးယို့ယို့နှင့် သူမအပေါ် ဆက်ဆံမှုတို့ဟာ ပြောင်းပြန်ဖြစ်လာခဲ့လျှင်တောင်မှ နှစ်‌ပေါင်းများစွာကုန်ဆုံးခဲ့သော သူတို့နှင့်သူမ၏ သံယောဇဥ်ကိုလည်းကောင်း၊ မိသားစုနှင့်သူမ၏ ဂုဏ်သတင်းကိုသော်လည်းကောင်း အနည်းနဲ့အများစဥ်းစားပြီး ဤအဆင့်ထိလုပ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ကျုံးယို့ယို့၏ ဖြစ်တည်မှုအား လူထုသို့ ချပြလိုက်ပြီးနောက်တွင် သူမသည် လူတွေ၏ အကြည့်တွေကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာကို မတွေးခဲ့ကြဘူးလား? 


သို့သော် ကျုံးမိသားစုက ဒီလောက်ထိ နှလုံးသားမဲ့လိမ့်မည်ဟု ထင်မထားခဲ့ချေ။ 


မုန့်ရှစ်ရွှမ်က သန့်စင်ခန်းထဲတွင် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ရပ်နေခဲ့ပြီး နှစ်ပေါင်းများစွာ သူမကြောက်နေခဲ့သော အိပ်မက်ဆိုးကြီးသည် ယခုတွင်လက်တွေ့ဖြစ်လာခဲ့ကြောင်းကို မှင်သက်နေမိသည်။ သူမသည် ကျုံးမိသားစု၏ နောက်ကျောကိုဓားထိုးခြင်းခံလိုက်ရသလို ခံစားလိုက်ရသည်။ ရလဒ်အနေနှင့် ဒေါသနှင့် မုန်းတီးမှုတို့သည် သူမ၏နှလုံးသားထဲတွင် ထိန်းချုပ်၍မရနိုင်အောင် ပြည့်လျှံလာတော့သည်။ 


ကုန်ဆုံးခဲ့သော ၁၈နှစ်ဟူသည့်အချိန်တစ်ခုလုံးသည် မုသားတို့သာဖြစ်သည်။ သို့မဟုတ်လျှင် သူမဘက်တွင်ရှိနေခဲ့သော သူများသည် ကျုံးယို့ယို့၏ဘက်သို့ ယခုလို ဘာကြောင့် လျင်မြန်စွာပြောင်းသွားနိုင်ရတာလဲ?

သူမဘာလုပ်သင့်လဲ? 

...

သူမသည်စိတ်တည်ငြိမ်သွားရန် အချိန်အတော်ယူလိုက်ရပြီး သန့်စင်ခန်းတံခါးကိုဖွင့်ရင်း ဖြည်းဖြည်းချင်း ထွက်လာလိုက်သည်။ 


မိန်းကလေးနှစ်ယောက်သည် လက်ချင်းချိတ်ကာ သန့်စင်ခန်းဆီသို့လာနေကြသည်။ ကြက်ကလေးကဲ့သို့ ကြောက်လန့်နေသော သူမကိုတွေ့သောအခါ သူတို့သည် ထိတ်လန့်သွားကြသည်။ ထို့နောက်တော့ ကျုံးရှစ်ရွှမ်သည် ကျုံးမိသားစု၏ သမီးမဟုတ်ကြောင်း သတင်းကို သတိရသွားကြ၏။ သူမက စာနာသနားစိတ်တို့နှင့် ကြည့်နေသော သူတို့ကို ကြည့်လိုက်သည်။


သူတို့ထဲမှတစ်ယောက်သည် မနေနိုင်ဘဲ မေးလာခဲ့သည် : “အဆင်ပြေရဲ့လား?” 


“ ကျုံးရှစ်ရွှမ်... သတင်းတွေက အမှန်တွေမဟုတ်ဘူးလား? နင်ကတကယ်ပဲ...ဟင်?” 


မုန့်ရှစ်ရွှမ်သည် အမြဲအလိုလိုက်ခံခဲ့ရသူဖြစ်သည်။ ၁၈နှစ်ကြာအောင် သူမကိုသာ လူတိုင်းက အားကျမနာလိုဖြစ်ကြသည်။ ဘယ်တုန်းက အဲ့လိုအကြည့်ခံခဲ့ရဖူးလို့လဲ? ၎င်းသည် သူမကို ပြက်ရယ်ပြုနေသလိုဖြစ်နေပြီး ဒေါသတို့ထွက်လာတော့သည်။


“နင်တို့နဲ့မဆိုင်ဘူး”

သူမကအံကြိတ်လိုက်ပြီး ကောင်မ‌လေးနှစ်ယောက်ကို တွန်းကာ လှည့်မကြည့်ဘဲ ကျောင်းပေါက်ဝသို့ ပြေးထွက်သွားတော့သည်။ 


ကံကောင်းစွာနှင့် ဖွင့်ပွဲအခမ်းအနားနှင့် အားကစားချိန်တို့သည် ပြီးသွားပြီဖြစ်ရာ လမ်းတွင်ကျောင်းသားများ တစ်ယောက်မှမရှိနေပေ။ ကျောင်းထဲတွင် ကျောင်းသားများသာရှိနေပါက လမ်းတလျှောက် သူမကို ဝိုင်းလှောင်ကြမည်ဖြစ်သည်။ 


မုန့်ရှစ်ရွှမ်က ခေါင်းကိုငုံံ့ထားခဲ့ပြီး လမ်းတွင်တွေ့သောလူများသည် သူမ၏နှလုံးသားကိုတူဖြင့်ထုနေသကဲ့သို့ နာကျင်နေသည်။ လူတွေကသူမကိုတွေ့သွားပြီး ဝိုင်းအုံလာကြမည်ကို ကြောက်နေခဲ့သည်။ 


သူမက ကျောင်းပေါက်ဝဆီသို့ မြန်မြန်ပြေးသွားလိုက်သည်။ 

လမ်းတွင် ကျုံးပါပါးနှင့် ကျုံးမာမားတို့ကို ဖုန်းဆက်တိုက်ခေါ်နေသော်လည်း ဘယ်သူမှပြန်မဖြေကြပေ။ ကျောင်းဂိတ်ပေါက်ဝသို့ ရောက်သောအခါ သူမသည် ကျုံးဗီလာသို့ သွားရန် ကားငှားဖို့ပြင်လိုက်သည်။ သို့သော် သူမ တစ်စီးကို တားလိုက်ချင်းချင်းပင် သူမ၏ဘေးတွင် စိတ်မပါလက်မပါနှင့်ပြောလာသော အသံသည် ထွက်လာခဲ့သည် : “ မင်း အခုသွားလို့မရဘူး”


ကျုံးရှီယို့က လက်များကို ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်ထားရင်း ကျောင်းပေါက်ဝအပြင်ရှိ သစ်ပင်ကို မှီနေပြီး မုန့်ရှစ်ရွှမ်ကို ကြည့်နေသည်။ သူ၏အကြည့်များက အေးစက်နေ၏။


မိသားစုထဲတွင် နှလုံးသားအနုနယ်ဆုံးမှာ ကျုံးမာမားပင်ဖြစ်သည်။ အကယ်၍ မုန့်ရှစ်ရွှမ်သာ မွေးနေ့ပွဲသို့သွားကာ မျက်လုံးများနီရဲသည်ထိငိုယိုပြီး အခြေအနေတို့ကိုနှောင့်ယှက်လိုက်လျှင် ကျုံးမာမားသည် စိတ်မကောင်းဖြစ်၍ အဖြစ်မှန်ကိုဖော်ထုတ်ခြင်းအား ‌ရွှေ့ဆိုင်းလိုက်နိုင်သည်။ ထိုသို့မဖြစ်စေရန် သူက မွေးနေ့ပွဲကို မသွားဘဲ ဒီမှာပဲ သူမကို စောင့်နေခဲ့ခြင်းဖြစ်သည်။


 သူ၏အစ်မမွေးနေ့ပွဲမပြီးခင်အထိ မုန့်ရှစ်ရွှမ်ကိုတားထားလိုက်မည်။ 


မုန့်ရှစ်ရွှမ်ကသူ့ကိုလျစ်လျူရှုကာ ကားတံခါးကိုဖွင့်လိုက်သည်။ ကျုံးရှီယို့က မျက်မှောင်ကြုတ်လိုက်ပြီး လျှောက်လာခဲ့ကာ ကားတံခါးကိုဆောင့်ပိတ်လိုက်၍ ဒရိုင်ဘာကိုပြောလိုက်သည် : “ သွားတော့... သူကအခု ကားစီးဖို့မလိုဘူး”


မုန့်ရှစ်ရွှမ်၏ ဒေါသတို့သည် ငယ်ထိပ်ထိရောက်လာခဲ့ပြီး ကျုံးရှီယို့ကို မယုံနိုင်စွာကြည့်လိုက်သည် : “နင်ဘာလုပ်နေတာလဲ? ငါသိတဲ့ ကျုံးရှီယို့ရောဟုတ်ရဲ့လား?

 ကျုံးယို့ယို့ကို အဲ့လောက်တောင် ဂရုစိုက်တာပဲလား?” 


ယခင်က သူမသိခဲ့သော ကောင်လေးသည် ယခုတော့ စိမ်းကားသွားခဲ့ပြီ။


လွန်ခဲ့သည့်လများတွင် ကျုံးရှီယို့သည် အရပ်ပိုရှည်လာပြီး ပိုလဲပိန်သွားကာ ယခင်ကထက် ပိုချောမောလာခဲ့သည်။ သို့သော် သူ၏မျက်နှာထားနှင့် အကြည့်တို့သည် မုန့်ရှစ်ရွှမ်ကို နားမလည်နိုင်ဖြစ်စေကာ လွန်ခဲ့သည့်၁၈နှစ်ကနှင့်မတူဘဲ အေးစက်နေခဲ့သည်။ 


“ ဟုတ်တယ်... ဂရုစိုက်ကိုစိုက်ရမယ်!!!” ကျုံးရှီယို့ကပြောလိုက်သည်။


သူက အလိုမကျဟန်ဖြင့်မုန့်ရှစ်ရွှမ်ကိုကြည့်လိုက်ကာ : “သူမက ငါ့အစ်မပဲ... ငါမှ မကာကွယ်ရင် ဘယ်သူကာကွယ်မှာလဲ?”


“ငါကရော?” မုန့်ရှစ်ရွှမ်၏နှုတ်ခမ်းတို့သည် တုန်ယင်နေပြီး မျက်လုံးများတွင်လည်း မျက်ရည်တို့ပြည့်နှက်နေကာ မေးလိုက်သည် : ငါဘာလုပ်ရတော့မှာလဲ? ငါ့မိဘတွေက အမှန်ကိုဖော်ထုတ်လိုက်တဲ့နောက်မှာ ငါ့ကို လူတွေဘယ်လိုထင်ကြမလဲ၊ အတန်းဖော်တွေဘယ်လိုမြင်ကြမလဲဆိုတာ နင်တွေးဖူးလား? ကျုံးရှီယို့... နင်ငါ့ကို ဘာလို့ အခုလိုလုပ်ရက်တာလဲ?”


“ လွန်ခဲ့တဲ့ ၁၈နှစ်နဲ့တင် လုံလောက်နေပြီလို့မထင်ဘူးလား?”


 ကျုံးရှီယို့က သူ၏အစ်မဖြစ်ခဲ့ဖူးသော မုန့်ရှစ်ရွှမ်ကို ရွံရှာမှုဖြင့်ကြည့်လိုက်သည်။ သူမက အနာဂတ်တွင် ယခုလို ကြီးကျယ်ခမ်းနားပြီး ချမ်းချမ်းသာသာမနေနိုင်တော့မည်ကိုသာ စိတ်ပူနေလေသည်။ သူမသာအမှန်တကယ် မိသားစု၏ချစ်ခင်နှစ်သက်ခြင်းကို ဂရုစိုက်မည်ဆိုလျှင် ဆိုးဝါးတဲ့လုပ်ရပ်တွေ မလုပ်ဘဲနေခဲ့သင့်သည်။ ကျိုးကြော်မဆီလျော်လိုက်တာ!!! 


“ လွန်ခဲ့တဲ့ ၁၈နှစ်အတွင်းမှာ ငါမင်းအပေါ်လုံလုံလောက်လောက်ကောင်းပေးခဲ့ပြီးပြီ။ မင်းကိုလုံးဝအနိုင်ကျင့်မခံရအောင်ကာကွယ်ပေးခဲ့တယ်။ မင်းကြိုက်တဲ့အရာမှန်သမျှ၊ လှတဲ့အရာမှန်သမျှ မင်းရှေ့ကိုရောက်အောင်လဲလုပ်ပေးခဲ့တယ်။ မင်းကို နတ်သမီးတစ်ပါးလိုကို ဆက်ဆံပေးခဲ့တယ်။ ဒါပေမယ့် မင်းတွေးခဲ့ဖူးလား။ မင်းအမေခိုးယူသွားခဲ့တဲ့အရာတွေအကုန်လုံးက မင်းအပိုင်တွေမဟုတ်ဘူးဆိုတာကိုလေ?!” 


ကျုံးရှီယို့က သူမကြည့်လိုက်ပြီး အဓိကအချက်ကို ဖိပြောလိုက်သည် : “ ဘာလို့အဲ့လောက်တောင် တမ်းတမ်းစွဲ ဖြစ်နေရတာလဲ? ကြာသွားလို့မေ့သွားတာလား? အဲ့တာတွေအကုန်လုံးက ကျုံးယို့ယို့ဟာတွေပဲဖြစ်ခဲ့သင့်တာ။” 


မုန့်ရှစ်ရွှမ်က မျက်ရည်တို့အဆက်မပြတ်ကျလာခဲ့ပြီး ဆက်မပြောနိုင်တော့ပေ။ သူမက သူတို့နဲ့ ပြန်မပြေလည်သေးဘူးလေ။ ပြန်မပေါင်းစည်းကြသေးဘူးလို့!!!!! ဘာလို့ အကုန်လုံးက ကျုံးယို့ယို့ပိုင်ဆိုင်ရမှာလဲ? အစတည်းက သူမဟာတွေဆိုတာအသိသာကြီးပဲလေ!! ၁၅နှစ်အရွယ်ကျမှ အဖြစ်မှန်ကိုသိခဲ့ရတာကရော ဝမ်းနည်းဖို့မကောင်းဘူးလား?” 


လမ်းတစ်ဖက်ကနေ တက်စီတစ်စီးလာနေသည်ကိုမြင်သောအခါ သူမသည် ကားတွေရဲ့ ဟွန်းသံတွေကိုလျစ်လျူရှုပြီး လမ်းကိုဖြတ်ကာ ကားတံခါးကိုဖွင့်ပြီး ခုန်ဝင်လိုက်သည်။ 


ကျုံးရှီယို့က သူမထွက်သွားသည်ကိုကြည့်ပြီးမျက်မှောင်ကြုတ်လိုက်သည်။ သူကနာရီကိုကြည့်လိုက်သောအခါ ကံကောင်းစွာနှင့် မွေးနေ့ပွဲကမကြာခင်ပြီးတော့မည်ပင်။ မုန့်ရှစ်ရွှမ်သွားလျှင်ပင် အသုံးမဝင်တော့ချေ။ 


မုန့်ရှစ်ရွှမ်က ကျုံးမိသားစု၏ ဗီလာဆီသို့လာခဲ့သည်။ တက်စီမှမဆင်းခင် သတင်းထောက်အုပ်လိုက်ကြီးသည် အပေါက်ဝတွင် ကင်မရာအတိုအရှည်တို့ဖြင့် စုပြုံနေကြောင်းတွေ့လိုက်ရသည်။ သူမသည် စိတ်ထိန်းလိုက်ကာ နောက်ကြည့်မှန်မှတစ်ဆင့် ကြည့်ရင်း မျက်ရည်တို့ကိုသုတ်လိုက်သည်။ 


သူမကားထဲကထွက်လိုက်သောအခါ သတင်းထောက်များသည် သူမကို သတိထားမိသွားကြပြီး စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ယင်ကောင်တွေကဲ့သို့ ဝိုင်းအုံလာတော့သည်။