Chapter 54
မုန့်ရှစ်ရွှမ်က နောက်ဆုံးတော့ တင့်တယ်လှပနေသည့် ဝတ်စုံနှင့် ကျုံးယို့ယို့ကို တွေ့လိုက်ရသည်။
သူမက ကြမ်းပြင်အထိရှည်ပြီး စိန်သေးသေးလေးတွေစီထားတဲ့ ဝတ်စုံကိုဝတ်ထားကာ ဝိုင်ခွက်ကိုကိုင်ရင်း ရပ်နေ၍ သူမကို ဂရုမစိုက်သလိုကြည့်နေသည်။
၎င်းသည် နှင်းမင်းသမီးလေးက သူမကိုကြည့်ပြီး လှောင်ရယ်နေသည်နှင့်တူ၏။
ထိုခဏတွင် မုန့်ရှစ်ရွှမ်၏ခေါင်းထဲ၌ တစ်စုံတစ်ခုကို သတိရသွားတော့သည်။ လွန်ခဲ့သည့် ၁၈နှစ်အတွင်း ကျုံးမိသားစု၏ကြီးကျယ်ခမ်းနားသောဘဝကို ပျော်မွေ့နေခဲ့သော်လည်း ဤကဲ့သို့ တင့်တယ်လှပသော ဝတ်စုံကိုတော့တစ်ခါမှ မဝတ်ခဲ့ဖူးပေ။
သူမကမနာလိုဖြစ်သွားခဲ့သည်။
သူမသည် ကျုံးယို့ယို့ကို မနာလိုဖြစ်သွားကြောင်း ဝန်ခံရပေမည်။
အတိတ်တွင် သူမသည် ကျုံးယို့ယို့ကို အမြဲအပေါ်စီးကနေသာ ကြည့်ခဲ့လေသည်။ သို့သော် ယခုတွင်တော့ အရာအားလုံးပြောင်းပြန်ဖြစ်ကုန်ကာ သူမသည် ခန်းမထဲရှိလူများမြင်သွားမှာကိုပင် ကြောက်နေသော ကြွက်ကလေးတစ်ကောင်နှင့်ပင်တူနေတော့သည်။
“ အဲ့တာကျုံးမိသားစုရဲ့ အရင် သမီးမလား? အတုမလား?” ရုတ်တရက် ထောင့်တွင်ရှိနေသောမုန့်ရှစ်ရွှမ်ကို တစ်ယောက်ယောက်က မြင်သွားခဲ့သည်။
မုန့်ရှစ်ရွှမ်က အံကြိတ်လိုက်ပြီး အပေါ်ထပ်သို့ အပြေးတလွှားတက်သွားလိုက်သည်။ ကိစ္စမရှိဘူး... ကျုံးမိသားစု ဒါမှမဟုတ် ကျုံးမာမားရဲ့ မျက်နှာသာရနေသ၍ သူမပိုင်ဆိုင်ထားတဲ့အရာတွေပြန်ရလာလိမ့်မယ်။
***
ကျုံးယို့ယို့က သူမရှေ့တွင်ရပ်နေသောသူကိုပြန်အာရုံစိုက်လိုက်ပြီး : နည်းနည်းတော့သောက်တာပေါ့... ဒါပေမယ့် မကတော့ဘူး”
ထိုလူက သနားစဖွယ်ပုံဖြင့် : “ မမလေးကျုံး... ကျွန်တော်က အတူကွဲကဖို့ အရည်အချင်းမပြည့်မီလို့လား?”
ကျုံးယို့ယို့က စကားပြောခြင်းကို ရပ်မည်ပြင်လိုက်သည့်အချိန်တွင် ရင်းနှီးနေသည့် ကိုယ်ထည်နှင့် တစ်စုံတစ်ယောက်က သူမ၏ပခုံးကိုဖက်လာခဲ့သည်။ ချင်းယောင်က သူဘေးတွင်ရပ်နေခဲ့ပြီး တစ်ဖက်လူကို မျက်နှာသေနှင့်ကြည့်နေခဲ့သည်။ တစ်ဖက်လူက ချင်းယောင်ဘယ်သူလဲဆိုသည်ကို သတိရသွားပြီး ကျုံးယို့ယို့၏ ပခုံးပေါ်သို့တင်ထားသော ချင်းယောင်ကိုလက်ကို ကြည့်လိုက်သည်။ သူက ရှက်သွားကာ ချက်ချင်းပင် လှည့်ထွက်သွားတော့၏။
ကျုံးယို့ယို့က မျက်နှာကို ချင်းယောင်ဘက်ကိုလှည့်ရင်း “ ဘယ်တုန်းကပြန်ရောက်နေတာလဲ?”
ချင်းယောင်က သူမကိုကြည့်လိုက်ကာ “ အခုတင် လေယာဥ်ဆိုက်တာ”
“လေယာဥ်ဆိုက်ဆိုက်ချင်း ဒီကိုတန်းလာခဲ့တာလား?”
ချင်းယောင်၏ မျက်နှာတွင် ပင်ပန်းနေမှုအနည်းငယ်ကို ကျုံးယို့ယို့ကသတိထားမိလိုက်သည်။ ခဏကြာပြီးနောက် သူမကပြုံးကာပြောလိုက်၏။
“ချင်းယောင်... ရှင်အဲ့လို မလုပ်လဲရပါတယ်။ အာ.. ကျွန်မ ခုနလေးတင် ကျောင်းယူနီဖောင်းနဲ့ ခေါင်းကိုအုပ်ပြီး ဝင်လာခဲ့တာ။ ရှင် ကျွန်မကို သတိတောင်မထားမိခဲ့ဘူး။”
ချင်းယောင်က စကားမပြောဘဲ သူမကိုသာကြည့်နေခဲ့သည်။
ချင်းယောင်၏မျက်နှာပေါ်မှ အမူအရာတို့ကို သူမသည် ဂရုတစိုက်ကြည့်နေရင်း အနည်းငယ်လန့်လာ၏။
ချင်းယောင်က နှုတ်ခမ်းတို့ကို တင်းတင်းစိထားပြီး သူမကိုသာစိုက်ကြည့်နေခဲ့သည်။ သူ၏ မျက်လုံးထဲတွင် စိတ်ရှုပ်နေမှုအနည်းငယ်အပြင် မြတ်နိုးမှု၊ စိုးရိမ်မှု၊ အလိုမကျမှုတို့ ရောထွေးနေကာ ကိုယ့်ကိုကိုယ်အပြစ်တင်နေသည့် ပုံလဲပေါ်သည်။ သူ၏နူးညံ့နေသော အကြည့်များထဲတွင် ကျုံးယို့ယို့သည် ချဥ်စူးစူးခံစားလာရသည်။
... ချင်းယောင်က သူမအတွက် ခံစားနေခဲ့တာပဲ။
ကျုံးမိသားစုက သူမ၏သရုပ်မှန်ကို ဖော်ပြလိုက်ပြီးနောက်တွင် လူတိုင်းသည် အံ့သြထိတ်လန့်သွားခဲ့ကြသည်။ ချင်းယောင်ကတွေးလိုက်၏။ သူဘာလို့မသိခဲ့ရတာလဲ? ကျုံးအိမ်မှာ သူမနေနေတာ အခုဆို သုံးနှစ်ရှိသွားပြီ။ ဘယ်လောက်တောင်ခက်ခဲနေခဲ့လိုက်မလဲ? အိမ်ကနေခဏခဏထွက်ပြေးနေတာ မထူးဆန်းတော့ပါဘူး။ သူမအတွက် တိုက်ခန်းတစ်ခန်းဝယ်ပေးပြီး ခေါ်ထားခဲ့သင့်တာ။
ကျုံးယို့ယို့သည် ပြောစရာစကားပျောက်ရှနေ၏။ ခဏကြာပြီးနောက် သူမသည် ချင်းယောင်၏ရင်ဘတ်ပေါ်သို့ နဖူးလေးတင်လိုက်ကာ “ ချင်းယောင်... အဲ့လိုမလုပ်ပါနဲ့... ကျွန်မအဆင်ပြေပါတယ်”
ချင်းယောင်က သူ့နှလုံးသားတွင် ယားကျိကျိလေးဖြစ်နေကာ ခဏကြာတိတ်ဆိတ်နေပြီးမှ သူမကိုဖက်လိုက်ပြီး ပြောလာခဲ့သည်။ “ ကိုယ်နောက်ကျသွားတယ်။”
ကျုံးယို့ယို့က အံ့သြသွားခဲ့သည်။ သူက ပြန်ရောက်တာနောက်ကျခြင်းကို ပြောနေခဲ့တာမဟုတ်ဘဲ နောက်ကျမှသိလိုက်ရခြင်းကိုပြောနေခဲ့ခြင်းသာ။
“ထပ်မဖြစ်စေရဘူး... ကိုယ်ရှိနေသ၍ မင်းကိုဘယ်သူမှ အနိုင်မကျင့်စေရဘူး။” ချင်းယောင်၏ အသံက အက်ရှရှဖြစ်နေကာ ထိုအရာမျိုးကို ပြောခဲသည်ပင်။ သူသည် လွယ်လွယ်နှင့်ရှက်တတ်ကာ ထိုကဲ့သို့ စကားတို့ကို လွယ်လွယ်ကူကူပြောလိမ့်မည်မဟုတ်။ သို့သော် ယခုတွင် သူ၏နားရွက်များသည်နီနေပြီး သူ့နှလုံးသားထဲမှ စိတ်ဆန္ဒတို့သည် သူ့ကိုသတိမဲ့စေခဲ့သည်။
ကျုံးယို့ယို့သည်လည်း နှလုံးခုန်မြန်နေပြီး သူမ၏နှလုံးသားတွင် တစ်စုံတစ်ခုသည် အမြစ်တွယ်လာကြောင်းခံစားလိုက်ရသည်။ ထို့နောက် သူမသည် ချင်းယောင်၏ ရင်ခွင်တွင်းသို့ မျက်နှာအပ်လိုက်ရင်း ပြုံးကာပြောလိုက်သည်။
“ အင်း”
...
သီချင်းသံသည် ဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့၏။ ချင်းယောင်က ကျုံးယို့ယို့ကိုလွှတ်လိုက်ပြီး သူမ၏နားနားသို့ကပ်ကာ ညင်သာစွာပြောလိုက်သည် : “ယို့ယို့... ကိုယ်နဲ့တွဲကနိုင်မလား?”
ရှစ်ကျစ်ထန်သည် မနီးမဝေးတွင်ရှိနေပြီး ယို့ယို့ကို အတူတွဲကရန် ဖိတ်ခေါ်ချင်ခဲ့သည်။ ချင်းယောင်သည် ပိုင်ဆိုင်လိုစိတ်ကြီးပြီး တကိုယ်ကောင်းဆန်သည်။ ထို့အပြင် သူ၏ ရူးနှမ်းသည့် ပိုင်ဆိုင်လိုစိတ်ကြောင့် သူအသက်ပျောက်မလိုပင်ဖြစ်ခဲ့ဖူးသည်။ ဘယ်လိုလုပ် သူ၏လက်တွင်းမှသူမကို တခြားသူနဲ့ကဖို့ ခွင့်ပြုမှာလဲ?
သူ၏လက်မောင်းတွင်းမှ သူမသည် သူ့ကိုမော့ကြည့်လာခဲ့သည်။ သူက ဝမ်းသာပီတိဖြစ်လာပြီး လောဘကြီးကာ ပိုလိုချင်လာမိသည်။
သူက သူမကို မြဲမြံစွာ ဖက်ထားလိုက်သည်။ သူ၏လက်တွင်းမှ သူမအား ဘယ်သူမှ လာမလုနိုင်ရန် ကာကွယ်နေသည့်အလား။
သူမနဲ့ကချင်တာလား?
ချင်းယောင်က ကျုံးယို့ယို့ကို ဖက်ထားရင်း မျက်လုံးကိုပင့်ကာ ရှစ်ကျစ်ထန်ကို အေးစက်စက်ပင် ကြည့်လိုက်သည်။ ထိုအချိန်တွင် ကျုံးယို့ယို့သည် လေထုထဲတွင် အသံတိတ်တင်းမာမှုများရှိနေကြောင်း သတိမထားမိခဲ့ပေ။
မွေးနေ့ပွဲသည် ညကိုးနာရီထိတိုင် မပြီးဆုံးခဲ့ပေ။ ကျုံးယို့ယို့ ဘယ်လိုပင်တွေးပါစေ သူမသည် ဒီနေ့နှင့် မနက်ဖြန်၏ သတင်းခေါင်းစီးများတွင်ပါလာတော့မည်။ အနုပညာရှင်အသိုင်းအဝိုင်းတို့ကလည်း သူမကိုသိသွားကြပြီး သတင်းစာထဲတွင်လည်း ပါနေမည်ဖြစ်ရာ ကျောင်းသားများလဲသိကြလိမ့်မည်။
မုန့်ရှစ်ရွှမ်က ပွဲကျင်းပသည့်နေရာသို့လာပြီး ဘယ်ကိုသွားလိုက်ကြောင်းသူမသည်မသိခဲ့ပေ။ သို့သော် သတင်းတို့ကို ကြည့်လိုက်သည့်အခါ မုန့်ရှစ်ရွှမ်သည် ယခုအချိန်တွင် ကြံရာမရမဖြစ်နေမည်မှာ သေချာပေါက်ပင်ဟုတွေးလိုက်သည်။
ဧည့်သည်များသည် မပြန်ခင် ကျုံးယို့ယို့ကို နောက်ဆုံးတစ်ခွက်ဖြင့် ဂုဏ်ပြုကြသည်။ သူမ၏ဘေးတွင်ရပ်နေသူမှာ ရှစ်မိသားစု၏လူမဟုတ်ဘဲ ချင်းယောင်လား?!
ကျုံးမိသာစုနှင့် ရှစ်မိသားစု၏ လက်ထပ်ထိမ်းမြားခြင်းကို လူတွေက မနာလိုအားကျဖြစ်ခဲ့ကြသည်။ ယခုအခြေအနေကိုကြည့်လျှင် အရင်သမီးအတုထက် ကျုံးယို့ယို့က ပို၍ သြဇာကြီးမားသည့်ပုံပင်။ သူမသည် ရှစ်မိသားစုကို စွန့်ပစ်လိုက်ပြီး ချင်းမိသားစု၏ သခင်ငယ်လေးနှင့် ဆက်ဆံရေးရှိနေသည်လား?
ရုတ်တရက်ပင် သူတို့၏ မျက်လုံးများတွင် လေးစားအားကျမှုတို့ ကိန်းအောင်းဝင်ရောက်လာကြတော့သည်။
အရာအားလုံးသည် ပြောင်းလဲသွားခဲ့ပြီပင်...
သမီးအတု ကျုံးရှစ်ရွှမ်သည် အတိတ်ကအရာတစ်ခုအဖြစ်သာ ကျန်ရှိနေခဲ့တော့မည်။ ထို့အပြင် မင်းသမီးလေး ကျုံးယို့ယို့အရှေ့တွင် သူမအကြောင်းမပြောပြသည်က အကောင်းဆုံးဖြစ်ပေလိမ့်မည်။
အချိန်တိုလေးအတွင်းတွင် ဖီးနစ်ငှက်မှ ကျီးအဖြစ်သို့ ရောက်ရှိကာ အာရုံစိုက်မည့်သူလဲမရှိတော့ပေ။ သူတို့က ခန်းမထဲမှ ပြန်သွားကြသည့်အခါ မုန့်ရှစ်ရွှမ်ဘယ်ရောက်နေကြောင်း ဂရုမစိုက်ခဲ့ကြချေ။
ဘာပဲဖြစ်ဖြစ် အတုဆိုတာပေါ်သွားပြီပဲ။ သူမသေသေရှင်ရှင် ဘယ်သူကဂရုစိုက်မှာလဲ?
လူအုပ်ကြီး၏အလယ်တွင်ရပ်နေရင်း ကျုံးယို့ယို့သည် မူးနောက်လာခဲ့သည်။ လူတိုင်းက သူမကို ကျုံးမိသားစု၏ သမီးအရင်းမှန်းသိသွားကြပြီး သူမကိုမြှောက်ပင့်နေကြသည်ကို စိတ်ညစ်လာတော့သည်။
တစ်ချိန်တည်းမှာပင် ကျုံးပါပါးက သက်ပြင်းချလိုက်သည်။ ဒီနေ့တွင် သူသည် ယို့ယို့အား သူမ၏ ဘဝအစစ်အမှန် ပြန်လည်ရောက်ရှိစေခဲ့ပြီး နောက်ဆုံးတွင်တော့ အသက်ဝဝရှူနိုင်တော့သည်။ ပြီးနောက် ဖြေးဖြေးချင်း ရင်းနှီးမှုရယူသွားနိုင်လျှင် တစ်နေ့တွင် မိသားစုလက်စုံထမင်းစားနိုင်လိမ့်မည်။ သူက ယို့ယို့ သူတို့ကိုခွင့်လွှတ်ဖို့ မမျှော်လင့်ရဲသော်လည်း သူမသည် မိုင်ပေါင်းထောင်သောင်းအကွာတွင်နေကာ မိသားစုကိုငြင်းဆန်နေသည်အား ရပ်လိုက်ရန်သာမျှော်လင့်မိသည်။
ကျုံးရှီယို့က အမြန်ပြန်လာခဲ့ပြီး မေးလိုက်သည် : “ကျွန်တော့်အစ်မရော?”
“ မင်းအစ်မက ချင်းယောင်နဲ့ကနေတာမဟုတ်ဘူးလား?” ကျုံးပါပါးက လှည့်ပြီး အစောင့်တို့ကိုရှာဖွေရန်စေခိုင်းလိုက်သော်လည်း ဘယ်မှာမှရှာမတွေ့ခဲ့ပေ။ ဝတ်စုံသည်လည်း မော်ဒယ်အရုပ်ပေါ်တွင် ဝတ်လျက်သားချန်ခဲ့လေ၏။
သူကအခမ်းအနားပြီးလျှင် မိသားစုလိုက် ကိတ်မုန့်ခွဲရန်ပြင်ဆင်ထားသော်လည်း ကျုံးယို့ယို့က ထိုအခွင့်အရေးကို မပေးခဲ့ပေ။
ရုတ်တရက် ကျုံးပါပါး၏စိတ်တို့သည် လေးလံလာတော့သည်။ ဒီနေ့တွင်သူလုပ်ခဲ့သမျှသည် သူ့သမီးကို ပိုင်ဆိုင်သမျှပြန်ပေးချင်ခဲ့ရုံသာဖြစ်သည်။ ယို့ယို့သည် လွန်ခဲ့သည့် ၁၈နှစ်အတွင်း ဆင်းရဲဒုက္ခတို့ကို ခံခဲ့ရကာ အခုတွင်တော့ သူမပိုင်သမျှကို ပြန်ရခဲ့ပြီဖြစ်၏။ သူ့ကိုကျေးဇူးမတင်သင့်ဘူးလား?
ကျုံးရှီယို့က ဝမ်းနည်းစွာဖြင့် ဆိုဖာပေါ်သို့ထိုင်ချလိုက်ကာ “ အဖေ... အစ်မက ကျွန်တော်တို့နဲ့ မွေးနေ့ကိတ်တောင် ခွဲမသွားဘူး။ ကျွန်တော်တို့ကိုမမုန်းတော့ပေမယ့် လုံးဝဂရုမစိုက်တော့တဲ့ပုံပဲ။”
လက်ရှိတွင် ကျုံးယို့ယို့သည် သူတို့ကို သူစိမ်းတွေကဲ့သို့သာ ဆက်ဆံနေဆဲဖြစ်၏။
ကျုံးပါပါးသည် ဤအချက်ကို သတိရသွားကာ သူ၏နှလုံးသားကို ဓားဖြင့်ထိုးသကဲ့ ခံစားလိုက်ရသည်။ သူသည် နာကျင်နေသော်လည်း ဘယ်နေရာကနာကျင်နေမှန်းမသိဖြစ်နေခဲ့၏။ သူသည် ချင်းယောင်၏ကား မောင်းထွက်သွားသည်ကို မျက်နှာသေဖြင့်ကြည့်နေမိသည်။
ချင်းယောင်...
ဟုတ်တယ်... ယို့ယို့က သူနဲ့လိုက်သွားတာများလား?
တွေးနေစဥ်မှာပင် ကျုံးပါပါး၏အစောင့်တစ်ယောက်က ပြောလာခဲ့သည် “ လူကြီးမင်းကျုံး... ချင်းယောင်က မပြန်ခင် ပြောသွားတာရှိပါတယ်။”
ကျုံးပါပါး၏အမူအရာသည် ပြောင်းလဲသွားကာ “ ချင်းယောင်ကလား?”
အစောင့်က စိတ်လှုပ်ရှားစွာဖြင့် ကျုံးပါပါးကိုကြည့်လိုက်ကာ ခေါင်းငုံ့လိုက်ပြီး ပြောလိုက်သည် “ သူက ခင်ဗျားရဲ့ကျန်တဲ့ ဘဝတစ်လျှောက်လုံးကို အပြစ်တွေနဲ့ပဲရှင်သန်သွားဖို့မျှော်လင့်တယ်။ ယွမ်သန်း၉၀ကို ကျုံးယို့ယို့နေရာမှာအစားထိုးဖို့ ပေးလိုက်မယ် လို့ပြောသွားပါတယ်။”
ကျုံးပါပါး : …