အပိုင်း ၅၅
Viewers 11k

Chapter 55



ကျုံးရှီယို့ပြင်ဆင်ထားသော လက်ဆောင်များသည် ဒုတိယအကြိမ် အချည်းနှီးဖြစ်သွားပြန်သည်။ 

ဒီလက်ဆောင်တို့ကိုပြင်ဆင်ရန် လဝက်လောက်အချိန်ယူခဲ့ရသည်။ အသက်တစ်နှစ်မှသည် ဆယ့်ရှစ်နှစ်မှ မိန်းကလေးများ သဘောကျနိုင်မည့် လက်ဆောင်တို့ကို လူတစ်ရပ်စာမြင့်အောင် ထုတ်ပိုးထားသော လက်ဆောင်ထုပ်ကြီးဖြစ်သော်လည်း ကျုံးယို့ယို့ကထွက်သွားပြီဖြစ်ပြီး ပေးရန်ပင်အချိန်မရလိုက်ပေ။ 


စွန့်ပစ်ခံလိုက်ရသလိုပင် သူတို့က ကားနောက်ဖုံးထဲတွင် ကျန်နေခဲ့သည်။ မွေးနေ့ပွဲပြီးနောက် သူက၎င်းတို့ကို ကျုံးအိမ်တော်ကို ပြန်ယူလာခဲ့သော်လည်း...

ကျုံးယို့ယို့က ကျုံးအိမ်တော်သို့ပြန်မလာသည်မှာ ကြာပြီဖြစ်၏။ သူမ၏အခန်းနှစ်ခန်းကို နေ့တိုင်း သန့်ရှင်းရေး လုပ်နေကြသောကြောင့် ကျုံးရှီယို့က လက်ဆောင်တွေကို သူမအခန်းထဲသို့ထည့်မထားရဲပေ။ မဟုတ်လျှင် တစ်စုံတစ်ယောက်က ခွင့်ပြုချက်မရှိဘဲ ဖောက်လိုက်မည်စိုးသည်။ ထို့ကြောင့်သူသည် လက်ဆောင်တွေ အကုန်လုံးကို သူ့အခန်းထဲသာထည့်ထားလိုက်တော့သည်။ 


သူကအနောက်တိုင်းဝတ်စုံကိုချွတ်လိုက်ပြီး ဆေးကြောကာ ရေချိုးခန်းထဲမှ ထွက်လာသည့်အခါ  အခန်းထဲရှိ လက်ဆောင်တစ်ပုံတစ်ပင်ကြီးမြင်လျှင် သက်ပြင်းချလိုက်တော့၏။


သူက စိတ်ညစ်မှုတို့ကို မထိန်းနိုင်ကာ “ မင်းကနောက်တစ်ကြိမ်ပြန်မွေးဖွားလာတာတောင်မှပဲ မင်းအစ်မရဲ့ လျစ်လျူရှုတာကို ခံနေရတုန်းပဲ” ဟု ကိုယ့်ကိုကိုယ် ပြစ်တင်ပြောဆိုလိုက်သည်။ 


သူသည် အိပ်ယာပေါ်သို့လှဲချလိုက်ကာ ဖုန်းကိုဖွင့်ပြီး သတင်းတို့ကိုကြည့်လိုက်သည်။ 


ကျုံးမိသားစု၏ ရုတ်တရက်ဆန်စွာ ကြေညာချက်ကြီးသည် အမှန်တကယ်ကိုပင် အုတ်အုတ်ကျက်ကျက်ဖြစ်သွား ခဲ့သည်ပင်။ တစ်နေ့ကုန်ပြီး ညဘက်ရောက်သွားသည်ထိ သတင်းက နာမည်ကြီးနေဆဲဖြစ်သည်။ သူကကြည့်နေရင်း မွေးနေ့ပွဲမှ ဗီဒီယို အတိုလေးတွေကိုတွေ့သွားသည်။ 


ယနေ့မှစ၍ မုန့်ရှစ်ရွှမ်၏ပုံရိပ်သည် လူထု၏ အမြင်တွေမရှိတော့ကာ ကျုံးယို့ယို့သည်သာ နေရာယူထားတော့သည်။ 


အင်တာနက်အသုံးပြုသူ တော်တော်များများသည် ပါးစပ်သရမ်းကြသည်။ ကျုံးရှီယို့ကတော့ ဂရုမစိုက်ဘဲ ဖုန်းကို ချလိုက်ပြီး အခန်းထဲရှိ လက်ဆောင်တစ်ပုံတစ်ပင်ကြီးကို နောက်တစ်ခါ ထပ်ကြည့်လိုက်မိသည်။ မင်းသာ အစ်မကိုတိုက်ရိုက်ပေးလိုက်မယ်ဆိုရင် ဒီလက်ဆောင်တွေရဲ့ ကံကြမ္မာကိုတွေးကြည့်လို့ရတယ်... အမှိုက်ပုံးထဲရောက်ရင်ရောက် မဟုတ်ရင် ဒီတိုင်းလွှင့်ပစ်ခံရမှာပဲ!!  


ဘာလို့တိုက်ရိုက်ပေးမှာလဲ? ဘယ်သူပေးမှန်းမသိအောင် ပေးလို့ရတာပဲ။ သူ့ဦးနှောက်က အပေါက်ဖြစ်နေတာများလား? 


ကျုံးရှီယို့၏ မျက်လုံးများသည် အရောင်တောက်သွားကာ အိပ်ယာ‌ပေါ်မှထလိုက်သည်။

သူကအိပ်ယာထဲက ခုန်ထွက်လာကာ လက်ဆောင်တစ်ခုချင်းစီပေါ်မှ စာရေးထားသော ကတ်တို့ကို ဖယ်လိုက်သည်။ ထို့နောက် မနက်ဖြန် ကျောင်းသို့စောစောသွားကာ အတန်း(၁၉)၏ ပြတင်းပေါက်တို့ကိုဖွင့်ပြီး ထားခဲ့လိုက်မည်ဟု ဆုံးဖြတ်လိုက်၏။ 


တစ်ချိန်တည်းမှာပင် ကျောင်းတွင်လည်း ဆူညံပွက်လောရိုက်နေတော့သည်။ ထိတ်လန့်မှုတင်မက ကျောင်းသားတို့သည် မယုံနိုင်ကြပေ။ 


ဘာကြောင့်ဆို ဒီထက်ပိုပြီး မယုံနိုင်စရာကောင်းသောကိစ္စမရှိသည့်အတွက်ပင်။ 

ကျောင်းပန်းလေးအဖြစ် ကျောင်းတွင် ကျော်ကြားခဲ့သော သူမသည် မြို့၏အချမ်းသာဆုံးမိသားစုဖြစ်သည့် ကျုံးမိသားစု၏ သမီးအရင်းမဟုတ်ဟု ထုတ်ဖော်ခံလိုက်ရလေသည်။


 သတင်းတွေအရဆိုရင် သူမရဲ့မျိုးရိုးနာမည်က မုန့်တဲ့လား? ငါတို့သူမကို မုန့်ရှစ်ရွှမ်လို့ ခေါ်သင့်လား? 


ဒါကတကယ်ကို ဖီးနစ်ငှက်က တကယ်တော့ ကျီးတစ်ကောင်ဖြစ်နေတယ် ဆိုတဲ့ ဇာတ်လမ်းမဟုတ်ဘူးလား? 


ကျောင်း၌ ပထမတန်းမှ တတိယတန်းအထိတွင် ကျောင်းသူများသည် မုန့်ရှစ်ရွှမ်ကို အားမကျကြခဲ့ပေ။ သူမသည် မင်းသမီးလေးလဲဖြစ်ပြီး ကျောင်းရှိယောက်ျားလေးများ၏ နှစ်သက်ခြင်းခံရသောနတ်ဘုရားမလဲဖြစ်သည်။  


သို့သော် အထက်တန်းပထမနှစ်တွင် သူမသည် ကျုံးမိသားစု၏ ကားအကောင်းစားကြီးနှင့် ကျောင်းကိုလာခဲ့၏။ ထိုအချိန်မှစ၍ သူမသည် ကျောင်းဖိုရမ်ပေါ်တွင် နာမည်ကြီးလာတော့သည်။ ထို့နောက်တွင် သူမ၏ မိသားစုနောက်ခံဖြင့် ဆရာ၊ ဆရာများ၏ မျက်နှာသာပင်ရခဲ့သည်။ မည်သည့်ဆရာ၊ ဆရာမကမှ သူမကို လေသံမာမာဖြင့်ပြောခဲ့ဖူးခြင်းမရှိပေ။ 


သူမက ကျောင်းကောင်စီ၏ ဥက္ကဌနှင့် နှစ်သစ်ကူးနေ့များတွင် ကျောင်းပွဲများ၌ အစီအစဥ်များစွာ၏ အစီအစဥ် တင်ဆက်သူအဖြစ် လွယ်လွယ်ကူကူဖြစ်လာခဲ့၏။ ဆောင်းတွင်းဘက်တွင် ယောက်ျားလေးများသည် သူမအတွက် ကန်တင်းမှ မုန့်တို့ကို ဝယ်‌ပေးကြသည်ဖြစ်ပြီး နွေရာသီတွင် ကိုယ်ကာယအတန်းအတွက် ကစားကွင်းသို့ သွားရသည့်အခါတွင်လည်း သူမကို အအေးဝယ်ပေးသည့်သူများသည် ဒါဇင်လိုက်စီတန်းနေတတ်သည်။ သူမကတော့ လှလှလေးဝတ်စားထားပြီး ညင်ညင်သာသာလေးပြုံးပြလိုက်ရန်သာလိုသည်။ 


အဲ့လို ပြီးပြည့်စုံနေတဲ့ဘဝက တကယ်လဲ မနာလိုအားကျစရာကောင်းတာပဲ။

သို့သော် ယခုတွင်တော့...

နတ်ဘုရားမသည် သူမ၏ပိုင်ဆိုင်ထားသော အရာအားလုံးက ခိုးယူထားခဲ့ခြင်းများသာဖြစ်ကြောင်း ဖော်ထုတ်ခံလိုက်ရလေသည်။


သူမသည် နောက်ခံမရှိသည့် မိသားစုမှ သာမန်သူတစ်ယောက်ပင်ဖြစ်သင့်ခဲ့ပြီး ကျောင်းတွင်လဲ ယခုလို အဆင့်များရအောင် စာကိုအသေအလဲကြိုးစားရမည်ဖြစ်သည်။ သို့လျှင် သူမသည် လှပသော်လည်း နာမည်ကြီးတော့မည်မဟုတ်သလို ဆရာ၊ဆရာမများ၏ မျက်နှာအပေးခံရတော့မည်မဟုတ်ပေ။ ကျောင်းတွင် သာမန် ယောက်ျားလေးအနည်းငယ်၏ နှစ်သက်ခြင်းတော့ခံရနိုင်သေး၏။ 


ကျောင်းရဲ့ ကင်းဖြစ်တဲ့ ရှစ်ကျစ်ထန်နဲ့ ဆက်ဆံရေးရှိလာဖို့ဆိုတာကတော့ ပြောမနေပါနဲ့တော့။ 

သူမ၏ မူလမိသားစုနောက်ခံနှင့်ဆိုလျှင် ဒီကျောင်းကိုဝင်လာနိုင်မည်ပင် မဟုတ်ပေ။ 


မင်းက အရင်က အထင်မှားခဲ့ပြီး အခုထိ မုန့်ရှစ်ရွှမ်ကို အပြစ်ကင်းတယ်ပဲထင်နေသေးတယ်ဆိုရင် သတင်းကိုကြည့်လိုက်။ သတင်းမှာ ကျုံးမိသားစုပြောသွားတာက အသိသာကြီးပဲ။ မုန့်ရှစ်ရွှမ်ရဲ့အမေက ချမ်းသာကြွယ်ဝမှုတွေကို လောဘကြီးပြီး ကလေးတွေကို ရည်ရွယ်ချက်ရှိရှိလဲထားခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်းပဲလေ။

အဲ့လိုလုပ်တာက လူကုန်ကူးတာနဲ့မခြားဘူးမလား? အရမ်းရွံဖို့ကောင်းတာပဲ! 


ရလဒ်အနေနှင့် အတန်းဖော်များသည် နှလုံးသားထဲတွင် လေးလံစွာခံစားနေရတော့သည်။ နှစ်နှစ်လောက် မုန့်ရှစ်ရွှမ်၏ အသွင်အပြင်ကို မြင်ခဲ့ကြရပြီးနောက်တွင် သူမ၌ ယခုလိုနေ့မျိုးရှိလာလိမ့်မည်ဟု တစ်ယောက်မှ ထင်မထားခဲ့ပေ။ ၎င်းကသူတို့ကို စိတ်မပျက်စေခဲ့သော်လည်း ဟာသတစ်ခုလိုတော့မြင်စေခဲ့၏။


ထပ်ပေါင်းပြောရမည်ဆိုလျှင် ဘာကပိုအံ့သြစရာကောင်းသည်လဲဆို ကျောင်းတွင် ကျုံးယို့ယို့၏ အဆင့်များသည် မကြာသေးမီကပင် ထိုးတက်သွားခြင်းဖြစ်သည်။ သင်ကြားရေးဌာနမှူးနှင့် ရန်ဖြစ်ပြီးနောက်တွင် သူမသည် နာမည်ကြီးလာပြီး ကျုံးမိသားစု၏ ဆင်းရဲသောအမျိုးဖြစ်ပြီး သူဌေးလက်သစ်ဟု လှောင်ပြောင်ခေါ်လာကြတော့၏။ 


တကယ်တော့ ကျုံးယို့ယို့က ကျုံးမိသားစုရဲ့ သမီးရင်းဖြစ်နေခဲ့တာပဲ!!

ဒါကတကယ်ပဲ... “ချီးပဲကွာ”... မစဥ်းစားတတ်တော့ဘူး။ 


အခြေအနေက ဒီလောက်ကြီးလိမ့်မယ်လို့ထင်မထားမိဘူး။


သူတို့ကစိတ်ရှုပ်သွားကြသည်။ သူတို့က ကျုံးယို့ယို့က လှပသော်လည်း မုန့်ရှစ်ရွှမ်ကဲ့သို့ မိသားစုနောက်ခံအင်အား မကောင်းသောကြောင့် သူမလောက်မလှဟုထင်ထားခဲ့ကြသည်။ သို့သော် သူတို့ထင်မထားခဲ့တာက တကယ် နောက်ခံကောင်းသော မိသားစုကိုပိုင်ဆိုင်ထားသည်မှာ ကျုံးယို့ယို့ဖြစ်ခြင်းပင်။


အခြေအနေတို့က ပြောင်းပြန်ဖြစ်သွားပြီး ကျုံးယို့ယို၏ အရာအားလုံးပေါင်းလျှင်တောင် မုန့်ရှစ်ရွှမ်ကို မမှီဟု ပြောခဲ့သော အတန်းဖော်က အခုသူ့မျက်နှာသည် နာကျင်နေသလိုခံစားနေရသည်။ 


ပြန်ကြည့်လိုက်လျှင် ကျုံးယို့ယို့သည် နှိမ့်နှိမ့်ချချပဲနေခဲ့သည်။

သူမက သူမ၏သရုပ်မှန်ကို ဖော်ထုတ်ရန်ပင် မကြိုးစားခဲ့ပေ။

ကျောင်းသားတို့သည် ထိုအကြောင်းတို့ကိုအချိန်ခဏကြာအောင် ပြောနေခဲ့ကြသည်။ “ဆရာမ၏ ဆံပင်အတုကြီး ကျွတ်သွားခြင်း”၊ “ ကျုံးယို့ယို့က ဆရာမကို လူရှေ့တွင် စော်ကားခဲ့ခြင်း”၊ “ ကျုံးရှီယို့ဘတ်စကတ်ဘောကစားခြင်း” စသည့် သတင်းများကိုကျော်လွန်ကာ ယခုဤသတင်းသည် အထက်တန်းကျောင်းတွင် ကျော်ကြားမှုအများဆုံးဖြစ်နေတော့သည်။


ကျုံးရှီယို့သည် ဘာကြောင့် သူ့အစ်မ ကျုံးယို့ယို့အတွက် တစ်ချိန်က မဲတို့ကို ဆွယ်ပေးခဲ့ရသလဲဆိုသည်ကို ကျောင်းသားတို့သည် အခုတွင် နားလည်သွားရတော့သည်။ ကျုံးယို့ယို့က အမှန်တကယ်ပင် ကျုံးမိသားစု၏ သမီးအရင်း မင်းသမီးလေးဖြစ်နေသောကြောင့်ဖြစ်၏။ 


ကျုံးယို့ယို့က ကျောင်းတွင် အုတ်အုတ်ကျက်ကျက်ဖြစ်နေမည်ကိုသိသော်လည်း သူမသည်ကျောင်းကိုသွားရမည်။ ထို့ကြောင့် သူမသည် နောက်နေ့တွင် ကျောင်းကိုအချိန်မီ ရောက်အောင်လာခဲ့သည်။ 


သူမသည် တိရစ္ဆာန်ရုံက ပန်ဒါကိုကြည့်နေကြသကဲ့သို့ သူမအား ကျောင်းပေါက်ဝတွင် အကုန်လုံးက ဝိုင်းကြည့်နေကြသည်။ လူအရမ်းများလွန်းသဖြင့် ကျုံးယို့ယို့က စိတ်ကူး၍မရအောင်ကို ထိတ်လန့်သွားခဲ့သည်။ သူမက လမ်းအတိုင်းလျှောက်ဝင်လာခဲ့လျှင် ကျောင်းသားတို့သည် သူတို့၏မျက်လုံးများတွင် အံ့သြနေမှု၊ အားကျမှု၊ ရှုပ်ထွေးနေမှုတို့ဖြင့် သူ့ကိုကြည့်နေကြသည်။


သူမကအကြည့်ခံရခြင်းကြောင့် ရူးမလိုဖြစ်လာရသည်။ သူမကားထဲကမထွက်ခင်ကသာသိခဲ့ရင် ချင်းယောင်ရဲ့ အပေါ်ထပ်ကို ချွတ်ပြီး ခေါင်းကိုအုပ်လာလိုက်ပါတယ်...အခုတော့။


သူမက ပိုမြန်မြန်လျှောက်လိုက်ပြီး လှေကားပေါ်ကိုပြေးတက်သွားတော့၏။ 


အတန်း(၁၉)ကိုမရောက်ခင်အထိ အရပ်မျက်နှာပေါင်းစုံမှ အံ့သြနေသည့် အကြည့်တို့က ပျောက်ကွယ်မသွားခဲ့ပေ။ မုန့်ရှစ်ရွှမ် ကျောင်းကိုစရောက်လာတုန်းက ဒီလောက်လူအများကြီးက ဝိုင်းအုံမကြည့်ခဲ့ကြပေ။ သမီးအရင်းက ပိုပြီးသက်ရောက်မှုပြင်းတာကြောင့် ကျောင်းသားတွေအကုန်လုံးကို အလွန်အံ့သြသွားစေခဲ့တာများလား?


ကျုံးယို့ယို့သည် မနေ့ညက စောစောအိပ်ပျော်သွားခဲ့ရာ သူမက အင်တာနက်ပေါ်တွင် သတင်းများ အုန်းအုန်းကျက်ကျက်ဖြစ်နေခဲ့သည်ကို မသိခဲ့ပေ။ 

သူမ၏သတင်းက အဓိကဖြစ်နေပြီး ကျောင်းသားများက သူမရောက်လာသည်နှင့် ပြတင်းပေါက်က ထွက်ကြည့်ကြ၊ လှေကားထောင့်များမှ ခေါင်းလေးတွေပြူကြည့်ကြနှင့် ဆရာ၊ ဆရာမများပင် ထိန်း၍မရလောက် ဖြစ်နေတော့သည်။ 


ကြည့်ဦး... ကျုံးမိသားစုရဲ့ တကယ့်သမီးအရင်း ရောက်လာပြီကွ!!!


ယွမ်ယွမ် စားပွဲအောက်သို့ ဝင်ကာ ပုန်းနေမိသည်။ သူမဘာကြောင့် စိတ်လှုပ်ရှားနေကြောင်းမသိပေ။ သူမက လျင်မြန်စွာနှင့် ကျောင်းဖိုရမ်ကိုဖွင့်လိုက်သည်။ ဒီနှစ်၏ ရေပန်းအစားဆုံးသတင်းတို့သည် ဖိုရမ်ပေါ်တွင် အကုန်ရှိနေသည်။ 


“မနေ့ကဖြစ်ခဲ့တာက ကျောင်းမှာ ရေပန်းအစားဆုံးဖြစ်လာတော့မှာမလား? တခြားနာမည်ကြီးနေတဲ့သတင်းတွေလဲ ရှိတယ်။ ဒါပေမယ့် အခုထိ ဖိုရမ်ပေါ်ကို တက်မလာသေးဘူး။ ဒါကတကယ်ကို အံ့သြစရာပဲ!!” 


“မုန့်ရှစ်ရွှမ်က သူ့ရဲ့ မျိုးရိုးနာမည်က ကျုံးမဟုတ်ဘူးဆိုတာသိရက်သားနဲ့ ဘာလို့မပြောခဲ့တာလဲ? အဲ့အကြောင်းကို ကျောင်းမှာ ဘယ်သူမှမသိကြဘူးမလား? 


သူမမှာ ညီမကောင်း(သူငယ်ချင်း)ဆိုတဲ့ တစ်ယောက်ရှိတယ်မလား? အဲ့ကောင်မလေးတောင် မသိခဲ့ဘူးလား?” 


ယင်ချူးချူးသည်လည်း ဖိုရမ်ကိုကြည့်နေခဲ့သည်။ ထိုစာတို့ကိုမြင်တဲ့အချိန်မှာ သူမလက်တွေဟာ ရပ်တန့်သွားတော့သည်။ 


ဟုတ်သည်။ သူမနှင့် မုန့်ရှစ်ရွှမ်သည်ထိုင်ခုံဘေးချင်းကပ်ရပ်ဖြင့် နှစ်နှစ်လုံးလုံးထိုင်လာခဲ့ပြီး သူငယ်ချင်းဖြစ်နေခဲ့တာလဲ နှစ်နှစ်ရှိပြီဖြစ်သည်။ သူမက မုန့်ရှစ်ရွှမ်ကို သူငယ်ချင်းဟု သဘောထားခဲ့သော်လည်း မုန့်ရှစ်ရွှမ်၏ မျက်လုံးထဲတွင်တော့ သူမတွင် နောက်လိုက်တစ်ယောက်လို့သာ မြင်ခဲ့ပြီး ဒီအကြောင်းတွေကို သူမ မသိခဲ့ပေ။ 


သူမသည် မုန့်ရှစ်ရွှမ်ကို လျှို့ဝှက်ချက်တွေရှိကြောင်း သတိထားမိခဲ့သည်။   မုန့်ရှစ်ရွှမ်က ယခင်က အကြိမ်ကြိမ် ထူးထူးဆန်းဆန်းပြုမူခဲ့ဖူးသည်။ 

သို့သော် သူမ၏လျှို့ဝှက်ချက်က ဒီလောက်ထိကြီးနေလိမ့်မယ်ဟု ထင်မထားခဲ့ပေ။


“သူတို့က ကလေးချင်းလဲထားခဲ့ပေမယ့်လည်း သူမက ချမ်းသာတဲ့အိမ်က သားသမီးမဟုတ်ဘူးဆိုတာကို ပြောခဲ့လို့ရတယ်လေ။ သူမလဲ ချမ်းသာကြွယ်ဝမှုတွေကို လောဘကြီးခဲ့တာပဲ... အဖြစ်မှန်တွေကို သိသွားခဲ့တာတောင်မှပေါ့!!”


 တစ်စုံတစ်‌ယောက်က ၎င်းကိုရေးခဲ့ပြီး လှောင်နေသလားပင်ထင်ရသည်။ 


ယင်ချူးချူးသည် ထိုသတင်းတို့ကိုဖတ်ပြီး ယခင်ကလိုဆိုလျှင် ချက်ချင်းငြင်းဆန်လိမ့်မည်။ မုန့်ရှစ်ရွှမ်က ထိုကဲ့သို့ သူမဟုတ်ကြောင်းကို ငြင်းဆန်မိလိမ့်မည်။

ယခုတွင်တော့ သူမသည် မသေချာတော့ချေ။ 

သူမကခေါင်းမော့လိုက်ပြီး ဘေးရှိခုံအလွတ်ကိုကြည့်လိုက်သည်။ မုန့်ရှစ်ရွှမ်က ခုထိကျောင်းမလာသေး‌ပေ။ သူမလည်း စိတ်ရှုပ်နေကောင်းရှုပ်နေလိမ့်မည်ဟု တွေးလိုက်မိသည်။ 


ယွမ်ယွမ်က ဖိုရမ်ပေါ်မှ ကျုံးယို့ယို့ကို ‌မြှောက်ပင့်နေသော ကွန်မန့်တွေကို အာရုံစိုက်နေ၏။


ဤကိစ္စဖြစ်ပြီးနောက် ကျောင်းတွင် လူတွေအကုန်လုံး အံ့သြနေကြကာ နေရာတိုင်းတွင် ဆွေးနွေးမှုများရှိနေပြီး အမျိုးမျိုးပြောနေကြတော့သည်။ ကျုံးယို့ယို့၏ သရုပ်မှန်အား ပြစ်တင်ပြောနေသူများရှိသလို ကျုံးယို့ယို့နှင့် မုန့်ရှစ်ရွှမ် တို့ကို နှိုင်းယှဥ်ပြီး ပြောနေကြသူများလည်းရှိကြသည်။ ဤအချိန်တွင် ကျုံးယို့ယို့၏ သူငယ်ချင်းတစ်ယောက်အနေနှင့် သူမသည် ကျုံးယို့ယို့ဘက်တွင်နေကာ သူမကိုကူညီချင်မိသည်။


“ကျုံးယို့ယို့ကမုန့်ရှစ်ရွှမ်ထက် ခေါင်းကနေခြေဖျားအထိ အကုန်သာတယ် အကန်းတွေရဲ့!!!”


ကျုံးယို့ယို့က တကယ်တမ်းပိုလှပြီး အဆင့်တွေလဲကောင်းသည်။ သူမ၏ ဘဝမှန်ကို မဖော်ထုတ်သေးခင်ကပင် သူမသည် ထူးကဲပြီးသားဖြစ်သည်။ အခုတော့ သူမသည် ပို၍ပင် ထူးကဲလာဦးမည်။ သူမက သူမကို အားပေးနှစ်သိမ့်နေသည့် ကွန်မန့်များကိုဖတ်ပြီး ပျော်ရွှင်နေတော့၏။ ကျုံးယို့ယို့အတွက် ဂုဏ်ယူမိရုံတင်မကဘူး ငါ့မှာ အခုလို အံ့သြဖို့ကောင်းတဲ့ သူငယ်ချင်းရှိလို့လဲ အရမ်းဂုဏ်ယူမိတယ်။ 


သို့သော် သူမစိုးရိမ်သည်မှာ ကျုံးယို့ယို့က သူမ၏ ဘဝမှန်သို့ ပြန်ရောက်သွားပြီးနောက်တွင် သူမလိုလူနှင့် သူငယ်ချင်းဆက်လုပ်ချင်ပါဦးမလား? 


ကျုံးယို့ယို့က အတန်းထဲသို့ဝင်လာခဲ့ပြီး ပွက်လောရိုက်နေမှုများကြားထဲမှ သူမ၏ထိုင်ခုံဆီသို့ လျှောက်သွားခဲ့သည်။ သူမမထိုင်ရသေးခင်မှာပင် သူမစားပွဲတွင် သေချာထုပ်ပိုးထားသည့် လက်ဆောင်ဘူးတွေနှင့်ပြည့်နေတော့သည်။ 


“ ဒါကဘာတွေလဲ?” ကျုံးယို့ယို့က လွယ်အိတ်ကို စားပွဲအောက်သို့သွင်းလိုက်ရာ အထဲက လက်ဆောင်ဘူးနှစ်ခုက ထွက်ကျလာခဲ့သည်။


သူမက နှစ်ခုလုံးကိုဖောက်ကြည့်လိုက်၏။ ဘူးတွေသည် သပ်သပ်ရပ်ရပ်ထုပ်ပိုးထားသည်။ တစ်လွှာချင်းဖွင့်ကြည့်လိုက်သည့်အခါ မိန်းမငယ်လေးတွေ၏ နှလုံးသားဖမ်းစားနိုင်သော အရုပ်များကိုတွေ့လိုက်ရ၏။ သို့သော် ထိုအရုပ်တို့သည် ကျုံးယို့ယို့နှင့် လားလာမှမသက်ဆိုင်။ 

ကျုံးယို့ယို့က ခေါင်းထဲတွင် မေးခွန်းတို့ဖြင့် ပြည့်နှက်သွားရသည်။