အပိုင်း ၅၆
Viewers 11k

Chapter 56





 သူမအခန်းထဲသို့ဝင်လာသောအခါ သူတို့က ခေတ္တခဏမှင်သက်နေမိကြသည်။ သူတို့က မထိန်းနိုင်ဘဲ သူမနားသို့ စုအုံသွားကြကာ ဇွန်ဘီက အသားကိုကြည့်နေသလိုမျိုး စိတ်လှုပ်ရှားနေကြတော့သည်။ 


“ ချီးပဲ... ကျုံးယို့ယို့ တော်တော်ဖုံးကွယ်နိုင်တာပဲ! ဘာလို့စောစောမပြောခဲ့တာလဲ? တစ်တန်းလုံးက သူဌေးလက်သစ်လို့လှောင်ပြောင်နေတာတောင်မပြောခဲ့ဘူး? ငါတို့အတန်းက ဂုဏ်ယူသင့်တာပေါ့! အခုလို ကြီးကျယ်ခမ်းနားတဲ့ အတန်းဖော်ရောက်လာလို့။” 


ကျုံးယို့ယို့ မလှပခဲ့စဥ်က အတန်းဖော်များသည် ထိုသို့ အပြုအမူမျိုးမရှိခဲ့ပေ။ အကြောင်းအရင်းမှာ သူမနှင့် အတန်း(၁၉)မှလူများ မရင်းနှီးသေး၍ဖြစ်၏။ ယခုတော့ သူမက အတန်း(၁၉)ရှိ အတန်းဖော်များနှင့်ရင်းနှီးနေပြီ ဖြစ်ကာ လူတိုင်းကသူတို့ဘယ်လိုခံစားရကြောင်းလာပြောကြတော့သည်။ 


အစတွင်ကျောင်း၌ ကျုံးမိသားစုမှ သမီးဖြစ်သူမရှိခဲ့ဘဲ ကျုံးယို့ယို့ကသာ ယခုလိုသမီးအဖြစ် ဖော်ထုတ်ခံလိုက်ရပါက အတန်းထဲရှိလူတော်တော်များများက သူမကို မနာလိုဖြစ်ကြလိမ့်မည်။ သို့သော် ယခုတွင် အခြေအနေတို့က ကွာခြားနေခဲ့သည်။ ကျောင်းတွင် မုန့်ရှစ်ရွှမ်သည် မနာလိုဖြစ်ခံနေရပြီး သူမ၏ ဘဝအမှန်ကလဲ ဖော်ထုတ်ခံရကာ ယခုတွင် ကျုံးယို့ယို့က သူဌေးသမီးဖြစ်လာသဖြင့် အတန်း(၁၉)မှ ကျောင်းသားများ၏ စိတ်အခြေအနေသည် တခြားအတန်းများနှင့် ကွာခြားနေတော့သည်။ 


သေစမ်း.... ငါတို့အတန်းက တစ်ယောက်က ရတနာလေးဖြစ်လာပြီကွ!!!


ဒါ့အပြင် ကျုံးယို့ယို့ကသာ ကျောင်းပန်းပွင့်ကလေးဆိုတဲ့ ဂုဏ်ပုဒ်ကို ဗိုလ်စွဲဦးမှာကွ!!!


ကျောင်းပန်းပွင့်ကလေးတဖြစ်လဲ ကျုံးမျိုးရိုးရဲ့ သမီးက ငါတို့အတန်းထဲကကွ!!! 


သူတို့က ကျုံးယို့ယို့သည် မုန့်ရှစ်ရွှမ်ကို အနိုင်ပိုင်းလိုက်သလိုခံစားလိုက်ရသည်။ 


“ မင်းကိုအရင်က သူဌေးလက်သစ်လို့ခေါ်ခဲ့တဲ့ ရှစ်ယိမုန့်ကို ကြည့်ပါဦး...ဟားဟားဟား” တစ်စုံတစ်ယောက်က ရှစ်ယိမုန့်ကို လက်ညှိုးထိုးပြီးရယ်လာခဲ့သည်။ 

အတန်း(၁၉)တစ်တန်းလုံးက နောက်ဆုံးအတန်းကို စိတ်ဓာတ်ပြင်းထန်စွာ တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်ကို မြင်သောအခါ ကျုံးယို့ယို့က မနေနိုင်ဘဲ ပြုံးလိုက်မိသည်။ 


ရှစ်ယိမုန့်က စားပွဲပေါ်သို့ ခြေထောက်တင်ထားပြီး လက်ပိုက်ထားကာ ပြတင်းပေါက်ဘက်သို့ကြည့်နေရင်း တစ်ယောက်ယောက်က သူ့အပေါ် သန်း၈၀လောက်ကြွေးတင်နေသကဲ့သို့ စူပုတ်နေတော့သည်။ 


တခြားသူများ၏ မျက်လုံးထဲတွင်တော့ ရှစ်ယိမုန့်က သူပြောခဲ့သည့် စကားများအတွက် မျက်နှာဖြတ်ရိုက်ခံရသလိုဖြစ်နေကာ မပျော်မရွှင်ဖြစ်နေသည်ဟု မြင်ကြသည်။ 

သို့သော် သူဘာကို စိတ်ညစ်နေလဲဆိုသည်ကို ရှစ်ယိမုန့်ကိုယ်တိုင် အသိဆုံးပင်ဖြစ်သည်။  ဘေးအိမ်တွင်နေနေသော တိတ်တခိုးမြတ်နိုးနေရသည့် မိန်းကလေးက ရုတ်တရက် နိုင်ငံ၏မင်းသမီးလေးဖြစ်သွားကာ တောက်ပနေပြီး လိုချင်တပ်မက်၍မရနိုင်သည့် သူတစ်ယောက်ဖြစ်သွားသလို ခံစားနေရသည်။ 


မနေ့ညကသူသည် ညလုံးပေါက်မအိပ်ဘဲနေခဲ့သောကြောင့် မျက်လုံးတို့နီရဲနေကာ သူတွေ့သမျှသတင်းများသည် ကျုံးမိသားစုနှင့် ရှစ်မိသားစု၏ လက်ထပ်ထိမ်းမြားသည့်သတင်းနှင့်  မွေးနေ့ပွဲတွင် ကျုံးယို့ယို့က ချင်းယောင်ဟုခေါ်သည့်လူနှင့် ဘေးချင်းကပ်ရပ်နေသော ဓာတ်ပုံတို့ပင်ဖြစ်သည်။ သူတို့သည် လိုက်ဖက်သည်ဟု ဆိုနိုင်သည်။ ချင်းယောင်၏အရပ်၊ အသွင်အပြင်နှင့် မိသားစုနောက်ခံတို့သည် သူနှင့် လားလားမှမတူ။ ထို့အပြင် ရှစ်ကျစ်ထန်လည်းရှိသေးသည်။ 


သူရောဘာဆက်လုပ်မလဲ? ဒီတိုင်းပဲ ဘေးထွက်နေလိုက်တော့မှာလား? 


ဆယ်ကျော်သက် ယောက်ျားလေးများ၏ ကိုယ့်ကိုကိုယ် အထင်ကြီးမှုနှင့် ယုံကြည်မှုတို့သည် ကြီးကြီးမားမား ထိုးနှက်ခံလိုက်ရသည်။ သူတို့သည် ကျောင်းသို့ရောက်ပြီး လွယ်အိတ်များကို ချလိုက်ကာ ဘာစကားမှ မပြောချင်ဘဲ စိတ်ညစ်နေကြတော့သည်။ 


“ စကားမစပ် နင့်ခုံပေါ်က လက်ဆောင်အပုံလိုက်ကြီးက ငါတို့ရောက်တည်းကရှိနေတာ။ နင့်ကို သဘောကျနေတဲ့သူ တစ်ယောက်ယောက်က ပေးသွားတာဖြစ်မယ်။”


 ယွမ်ယွမ်က အနားတွင်ရှိနေပြီး လူတိုင်း၏ နွေးထွေးမှုနှင့် ပျော်ရွှင်မှုတို့ကို ခံစားရင်း သူမ၏နှုတ်ခမ်းက ကွေးတက်သွား‌တော့သည်။ သူမက ပြုံးလိုက်ရင်း ရှင်းပြလိုက်သည် : “ပြီးတော့ရှိသေးတယ်... မနေ့ကတာဝန်ကျတဲ့ကျောင်းသားက ပြတင်းပေါက်တွေကိုပိတ်သွားခဲ့တာ ဒါပေမယ့် ဒီမနက်ကျ ဖွင့်လျက်သားကြီးဖြစ်နေတယ်!!!” 


“ သူကစားပွဲပေါ်ကိုနင်းသွားတယ် ဒီမှာဖိနပ်ရာတောင်ကျန်ခဲ့သေးတယ်။ ဒါက ဆိုဒ် ၄၃ ယောက်ျားလေးစီးဖိနပ်ပဲ” ပြတင်းပေါက်နားတွင်ထိုင်နေသည့် ယောက်ျားလေးကပြောလိုက်သည်။ 


“သူက ဒါတွေကိုလာထားဖို့သက်သက် ပြတင်းပေါက်တွေကို တမင်ဖွင့်ခဲ့တာလား?” ကျုံးယို့ယို့က လက်ဆောင်အပုံကိုကြည့်ရင်း ခေါင်းကိုက်လာတော့သည်။ ဒီလူက သူမအကြိုက်ကိုမသိဘူးပဲ။ ဒါတွေကိုကြည့်ရတာ ခေါင်းကိုက်လိုက်တာ။ သူမက ဒီအရုပ်တွေနဲ့ကစားဖို့ နည်းနည်းကြီးနေပြီမဟုတ်ဘူးလား? 


သူမက နောက်ဘူးတစ်ဘူးကို ဖောက်ကြည့်လိုက်သည်။ ဒါက ခရမ်းရောင် ခရစ်စတယ် ပန်းသီးတွေလား? 

“ စားလို့ရတဲ့ ပန်းသီးအစစ်တွေတောင် မရဖူးသေးဘူး” ကျုံးယို့ယို့က ပျို့တက်လာခဲ့၏။


“မိန်းမလှလေး ဒါတွေက ရှယ်တွေနော်!”  သူမဘေးတွင်ရပ်နေသော မိန်းကလေးကအားကျစွာပြောလာခဲ့သည်။


“ တစ်ယောက်ယောက်က ဒီလောက် ပစ္စည်းတွေအများကြီး ပေးခဲ့တာကို ငါတို့မှာ အားကျနေရပေမယ့် နင်ကဒါတွေကို မကြိုက်ဘူး? ဒီလူက သေချာပေါက် ချမ်းသာလိမ့်မယ်။ တော်တော်များများက အကန့်အသတ်နဲ့ ထုတ်ထားတဲ့ ပစ္စည်းတွေ!!” 


“...” ကျုံးယို့ယို့က အံ့သြမှုကြောင့် ပြောစရာစကားပျောက်ရှသွားသည်။ ဒီအပုံကြီးကို ဘယ်လိုလုပ်ရမလဲ စဥ်းစားမရဘူး။ 


မိန်းမလှလေး? 


ရုတ်တရက်ကြီးအဲ့လို အခေါ်ခံလိုက်ရတော့ နည်းနည်းအနေရခက်သား။ အရင်ကဆို မုန့်ရှစ်ရွှမ်ကသာ အဲ့လို အခေါ်ခံနေကျလေ။ 


“တစ်ဝိုင်းဝယ်ကျွေးပါ!!” မည်သူစပြောလိုက်လဲမသိပေ။ 


“တစ်ဝိုင်း!တစ်ဝိုင်း!” 


ချက်ချင်းပင် အတန်းထဲတွင် တရုတ်နှစ်သစ်ကူးအချိန်ကိုရောက်သွားသကဲ့သို့ လေထုက သက်ဝင်လှုပ်ရှားလာတော့သည်။ မနေ့က အံ့သြထိတ်လန့်ခဲ့ခြင်းတို့ဖြစ်ပျက်သွားပြီးနောက် လူတိုင်းက ထိုင်ပြီးစာလုပ်ဖို့ စိတ်မပါကြချေ။ ထိုင်နေသောသူများကထလာကြ၍ ရပ်နေသောယောက်ျားလေးအချို့က ခုန်ပေါက်နေကြပြီး အကုန်လုံးစိတ်လှုပ်ရှားနေကြကာ : “ ကျုံးယို့ယို့... နင်ကအရမ်းချမ်းသာတာပဲ... နောက်ကျ ငါတို့ကို တစ်ဝိုင်းဝယ်ကျွေးပါနော်!!!” 


ကျုံးယို့ယို့မနေနိုင်ဘဲ ရယ်လိုက်ကာ “ ကောင်းပြီ... ဒီနေ့ကျောင်းဆင်းရင်...”


သူမစကားမဆုံးခင်မှာပင် ယောက်ျားလေးတစ်ယောက်ကဝင်ပြောလာ၏။ : “အခု ကျုံးမိသားစုရဲ့ မင်းသမီးလေး ဖြစ်သွားပြီဆိုတော့ လမ်းဘေးဆိုင်လေးနဲ့မရဘူးနော်။ အနည်းဆုံး ကြယ်သုံးလုံးစားသောက်ဆိုင်လောက်တော့ သွားရအောင်!!!” 


ဒါကကျုံးယို့ယို့ရဲ့ အိတ်ကိုပြောင်အောင်လုပ်နေတာမဟုတ်ဘူးလား? အတန်းထဲက လူ ၄၀၊၅၀ လုံးသာသွားရင် ဒေါ်လာ ထောင်သောင်းချီကုန်လိမ့်မယ်ထင်တယ်။ 


သို့သော် ကျုံးယို့ယို့က အတန်းထဲရှိလေထုကို ပျော်မွေ့သဘောကျနေမိသည်။သူမသည်  ဘယ်အချိန်က အတန်းထဲရှိသူတွေနဲ့ လုံးဝရင်းနှီးသွားလဲမသိပေ။ ဒါပေမယ့် အကုန်လုံးပျော်နေကြတာဆိုတော့ ပြဿနာမရှိပါဘူး။ 


သူမ၏ နှုတ်ခမ်းထောင့်တို့က ကွေးတက်သွားခဲ့ကာ ပြောလိုက်၏ : “ Wasteland ကိုသွားကြမလား?” 

Open Wasteland သည် မြို့ထဲရှိ စျေးအကြီးဆုံး စားသောက်ဆိုင်ဖြစ်ပြီး အတန်းထဲရှိ လူအနည်းငယ်သာ ထိုသို့ သွားစားဖူး၏။ အတန်းဖော်များက မှင်သက်သွားကာ ကျုံးမိသားစုမှ မိန်းမလှလေး၏ ဆွဲဆောင်မှုတွင် လုံးဝနစ်မြောသွားကြတော့၏။


 ချမ်းသာတဲ့လူတွေက သူတို့ရဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ထိုက်တန်ပါတယ်!!! 


အတန်းဖော်များက စိတ်လှုပ်ရှားလာကြကာ ယနေ့တွင် ဗိုက်ပေါက်ထွက်မတတ်စားကြရန် အဆင်သင့်ဖြစ်နေကြတော့သည်။ 


“ ချီးပဲ... မိုက်လိုက်တာကွာ! ဟုတ်ပြီ အားလုံးနေ့ခင်းကျ ဘာမှမစားကြနဲ့နော်။ ညအတွက် ဗိုက်ကိုအလွတ်ထားကြ!!” 


“ ကျုံးမိသားစုရဲ့ မိန်းမလှလေး ပိုက်ဆံကုန်သွားတဲ့ထိစားကြမယ်!! အဲ့လိုမှမစားနိုင်ရင် ငါ့ကိုယ်ငါ အရှုံးသမားလို့ သတ်မှတ်လိုက်မယ်။” 


တစ်တန်းလုံးက စနောက်ရင်းရယ်မောနေကြကာ ပျော်ရွှင်နေကြတော့သည်။ ယခင်ကလဲ ယခုလိုအချိန်မျိုးရှိခဲ့ဖူးသည်။ ၎င်းမှာ ကျုံးယို့ယို့က သင်ကြားရေးနည်းပြကို ပြောစရာစကားပျောက်ရှအောင် ပြုလုပ်လိုက်သည့်နေ့ကဖြစ်သည်။ ယခုတွင် အတန်းထဲရှိ လူအကုန်လုံးက စာသင်ဖို့ စိတ်မဝင်စားကြချေ။ 


ကျုံးယို့ယို့က တစ်ခုခုကိုသတိရသွားကာ လူအုပ်ကြီးကိုကျော်ပြီးကြည့်၍ တမင်သက်သက်မေးလိုက်သည် : “ ရွှီရှောင်ယွဲ့... လိုက်မှာလား?” 


“ မလိုက်ဘူး!” ရွှီ‌ရှောင်ယွဲ့က စာရွက်အလွတ်ပေါ်တွင် ဘောပင်နှင့် လျှောက်ခြစ်လိုက်သည်။ 

မလိုက်ဘူး မလိုက်ဘူး မလိုက်ဘူး!!! 


သူမက မနာလိုဖြစ်နေကာ အားကျပြီး မုန်းလဲမုန်းနေသည်။ ကျုံးယို့ယို့က ဘာလို့ အဲ့လောက်တောင် ကံကောင်းရတာလဲ? သူမက အတန်းထဲတွင် ပထမရပြီး ပြိုင်ပွဲများတွင်လည်း ဆုရနေသည်ကိုပင် လက်ခံရန်ခက်ခဲနေလေသည်။ အခု ကျုံးမိသားစုရဲ့ သမီးတစ်ယောက်တောင်ဖြစ်သွားသေးတယ်?!!


ကျုံးမိသားစု ဘယ်သူတွေမို့လို့လဲ? ဒီမြို့ရဲ့ အချမ်းသာဆုံးလေ! ယခင်က ကျောင်းပန်းပွင့်ကလေးဖြစ်သည့် မုန့်ရှစ်ရွှမ်က ထင်ရှားကျော်ကြားခဲ့သော်လည်း ယခုထိုကျော်ကြားမှုတို့တွင် သူမအမြဲမုန်းနေခဲ့သည့် သူမ၏ပြိုင်ဘက် ကျုံးယို့ယို့က အစားထိုးနေရာယူလာခဲ့၏။ 


မနေ့ကနေယခုအထိ သူမသည် မယုံနိုင်ဖြစ်နေပြီး ဖိုရမ်ပေါ်မှ သတင်းများကို ဆက်တိုက် ကြည့်နေခဲ့သည်မှာ ကျုံးယို့ယို့၏ ဝတ်စုံကိုမတွေ့ခင်အထိပင်။ သူမက အလွန် ကျော့ရှင်းလှပနေကာ အကြည့်မလွှဲနိုင်အောင်ပင် ဖြစ်ခဲ့သည်။ ထို့နောက် သူမက သဘောပေါက်သွားတော့၏။ ကျုံးယို့ယို့ရဲ့ ဘဝအမှန်က တကယ်ထူးခြားတာပဲ။ သူမကတကယ်ကို ကျုံးမိသားစုရဲ့ သမီးပဲ။ 

ဒါက သေးငယ်ပြီးချမ်းသာသည့် အိမ်မှ သူမ ကျော်လွှား၍ မရနိုင်သည့် နံရံကြီးပင်။ 


သူမ ခုဏကလေးတင် တည်ဆောက်ထားခဲ့သော ယုံကြည်ချက်တို့ ပြိုလဲကုန်တော့သည်။ 

သူမက သူမကိုယ်သူမငုံ့ကြည့်လိုက်၏။ ရင်သားကြီးကြီးမရှိ၊ မိဘမရှိနှင့် စာလဲမတော်၊ ထို့ပြင် သူမကို ဂုဏ်ယူနေကျ မိသားစုနောက်ခံသည်လည်း အခြေအနေတို့ကျဆင်းနေသည်။ 


သူမကငိုချင်လာခဲ့သည်။ 

သူမက မျက်ရည်တို့ကိုထိန်းလိုက်ပြီး နှာသံလေးနှင့်မေးလိုက်သည် : “ အဲ့မှာ ငါမစားဖူးသေးတဲ့ အရသာရှိတာမျိုးရှိလို့လား?”


ကျုံးယို့ယို့က သူမသည် တကယ်တမ်းတွင် သွားချင်နေပြီး လိမ်ညာ၍ပြောနေမှန်းသိသည်။ ထို့ကြောင့် သူမက ပြုံးလိုက်ကာ လူအုပ်ကြီးကိုဖြတ်ပြီး လျှောက်သွားလိုက်ရင်း ခေါ်လိုက်သည် : “ တကယ်မလိုက်ဘူးလား? နင်ဘာစားချင်လဲ? အဲ့မှာ နင်စားချင်တာကို သေချာပြောပြပြီး လုပ်ခိုင်းလို့ရတယ်။ စားချင်တာစားလို့လဲရတယ်။” 

တကယ်တမ်း ကျုံးယို့ယို့လဲ ထိုနေရာကို ချင်းယောင်ခေါ်သွားဖူး၍ သိခြင်းသာဖြစ်သည်။ 


ကျုံးယို့ယို့က သူမအနားသို့ နီးကပ်လာသည့်အခါ ရွှီရှောင်ယွဲ့က စိတ်လှုပ်ရှားလာခဲ့သည်။ သူမက ဒေါသတကြီးနှင့် ခေါင်းမော့လာပြီး ကျုံးယို့ယို့ကို စိုက်ကြည့်လိုက်ကာ တစ်ခုခုကိုခံစားလိုက်ရ၏။ တကယ်တော့ သူမသည် ကျုံးယို့ယို့ကို မမုန်းပေ။ ကျုံးယို့ယို့က အလွန်သဘောထားကြီးပြီးရက်‌ရောသည်။ သူမကို အကြိမ်များစွာ ရန်ရှာခဲ့သည့်တိုင် ဂရုမထားခဲ့ပေ။ 


သူမက ကျုံးယို့ယို့ကို ရန်သူအဖြစ်သတ်မှတ်ထားသော်လည်း ကျုံးယို့ယို့က အတန်းထဲရှိသူများ အားလုံးထက် ပိုကောင်းမှန်းသူမအသိဆုံးဖြစ်သည်။ ကျုံးယို့ယို့ကဘာကြောင့် ဆိုးဆိုးဝါးဝါးတွေ ဝတ်စားပြီး စာမေးပွဲတွင်လဲ ကောင်းကောင်းမဖြေခဲ့သည်ကို နားမလည်ချေ။ သူမက ကျုံးယို့ယို့သည် တမင်လုပ်နေခဲ့သည်ဟု ထင်ခဲ့သည်။ သူမကိုပင် အထင်သေးပြီး လှောင်ရယ်ခဲ့သေး၏။ 


သို့သော် မနေ့က ကျုံးယို့ယို့၏ ဘဝအမှန်ဖော်ထုတ်ခဲ့ပြီးနောက်တွင် သူမက ခန့်မှန်း၍ ရသွားခဲ့သည်။ 

ကျုံးယို့ယို့က မိသားစု၏ အာရုံစိုက်ခြင်းကိုမခံရဘဲ ခက်ခက်ခဲခဲ ရှင်သန်နေထိုင်ခဲ့ရသောကြောင့် ခက်ထန်နေခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့်လဲ အတန်းထဲတွင် သူငယ်ချင်းမရှိသည်ပင်။ 


သူမကတွေးရင်း နှလုံးသားထဲတွင် ချဥ်စူးစူးလေးခံစားလာရသည်။ 


ယခု ကျုံးယို့ယို့က သူမကို အခွင့်အရေးပေးလာခဲ့သည်။ ထိုအခွင့်အ‌ရေးကို အမိအရ မဆုပ်ကိုင်လိုက်လျှင် ဘယ်အချိန်မှ သူမနှင့် အဆင်ပြေနိုင်တော့မည်လဲ? 


“ကောင်းပြီ” ရွှီရှောင်ယွဲ့က တင်းမာမှုတို့ကို မျိုသိပ်လိုက်ပြီး အေးစက်စက်နှင့် နှာခေါင်းရှုံ့လိုက်ကာ : “ ဒါဆိုရင် ငါလိုက်ခဲ့မယ်။ ဒါပေမယ့် အခြေအနေတစ်ခုတော့ရှိတယ်။” 


ကျုံးယို့ယို့ :??


 အခြေအနေ? နင့်ကိုနင် ချင်းယောင်ထင်နေတာလား? င့ါဆီက အချော့ခံချင်နေတယ်? 


 ရွှီရှောင်ယွဲ့က သူမလက်ကိုမြှောက်လိုက်ပြီး ထိုင်ခုံတွင် ပြန်ထိုင်လိုက်ကာ ပြောလိုက်သည်  : “အနာဂတ်မှာ ငါနဲ့ စကားကောင်းကောင်း...”


သူမစကားမဆုံးသေးခင်မှာပင် ကျုံးယို့ယို့က လှည့်သွားလိုက်ပြီး အမူအရာမဲ့စွာနှင့် : “ထားလိုက်တော့ ရွှီရှောင်ယွဲ့... ငါနင့်ကို မလိုက်စေချင်တော့ဘူး။” 


ရွှီရှောင်ယွဲ့ : “…”


တစ်တန်းလုံးရယ်သံတွေနှင့် ပြည့်နှက်သွားတော့သည်။ လူတိုင်းက သေမတတ် အူတက်အောင် ရယ်နေကြ၏။ ရွှီရှောင်ယွဲ့က ရှက်သွားရကာ ဒေါသထွက်သွားပြီး မျက်ရည်တို့ကျလာခဲ့တော့သည်။ သူမက ခြေထောက်ဆောင့်လိုက်ရင်း စားပွဲကိုတွန်းလိုက်ကာ အတန်းအပြင်ကို ပြေးထွက်သွားတော့သည်။ 


လီသုန်းဖျင် အတန်းထဲသို့ဝင်လာသောအခါ အတန်းသည် ဆူညံနေသည်ကို မြင်လိုက်ရ၏။


သူက ခုံမြင့်ပေါ်သို့ ပေတံဖြင့်ရိုက်ရင်း : “ငြိမ်ငြိမ်နေကြစမ်း! ဘာတွေဆူညံနေကြတာလဲ? ကိုယ့်နေရာကိုယ်ထိုင်ကြ!” 


သူက အတန်းသို့ပြန်မလာခင်တွင် ရုံးခန်းထဲ၌ ဆရာမများပြောနေသည်ကို ကြားပြီး အံ့သြခဲ့ရသည်။ ကျုံးယို့ယို့? သူတို့အတန်းထဲရှိ ကျုံးယို့ယို့က ရုတ်တရက်ကြီး ဟိုးအမြင့်ကိုရောက်သွားတာလား? ဆရာ၊ဆရာမတွေရဲ့ မျက်နှာသာပေးခံရတဲ့  ကျုံးမိသားစုရဲ့ သမီး ကျုံးရှစ်ရွှမ်နဲ့ အခြေအနေတွေ ပြောင်းပြန်ဖြစ်သွားတာလား? 

ဒါကတကယ်ကို သတင်းကြီးပဲ။ 


“ ဒီကျောင်းသူလေးက အံ့သြဖို့ကောင်းတာပဲ။ သတင်းတွေကို ဖတ်လိုက်ရတုန်းက စိတ်မကောင်းဖြစ်မိတယ်။ သူမက အရမ်းတော်တယ်။ ပညာရေးမှာ တော်တော်ပါရမီပါလာတယ်။ အခုဆို ပိုပြီးတောင် တော်လာလိမ့်ဦးမှာ။” ဟု တရုတ်ဘာသာဆရာမက ပြောနေခဲ့သည်။ 


ရူပဗေဒဘာသာ ဆရာမကလဲ ခေါင်းညိတ်ပြီး ဝမ်းနည်းနေသည့် အသံဖြင့် ပြောလာခဲ့သည် : 

“ သူမငယ်ငယ်တုန်းက တော်တော်ရုန်းကန်ခဲ့ရတာ။ လမ်း မလွဲသွားတာပဲ ကံကောင်းတယ်ပြောရမယ်။” 


ဆရာမအားလုံးတို့သည် အရွယ်ရောက်ပြီးသားသူများဖြစ်ကာ သူတို့၏ ကျောင်းသားများကို ဂရုစိုက်ကြသည်မှာ သဘာဝပင်ဖြစ်သည်။ သူတို့က ဆိုရှယ်မီဒီယာပေါ်တွင် တွေ့သမျှ သတင်းတို့ကိုဖတ်ပြီး ခဏတာတော့ အံ့သြမှင်သက်မိကြ၏။ 


အထူးသဖြင့် လီသုန်းဖျင်က သူသင်နေရသော ဒီအတန်းတွင် စာမလုပ်သောကလေးများ၊ အဆင့်မြင့်တန်းလောက် စာမတော်သော ကလေးများက သူ့ကို ငိုချင်အောင် လုပ်နိုင်စွမ်းရှိကြသည်။ သို့သော် တစ်နေ့တွင် ထိုကျောင်းသားများထဲ၌ သာမန်အဆင့်သာရှိသည့် ကျုံးယို့ယို့လဲရှိလာသည်။ ပထမတွင် သူမ၏ အဆင့်များသည် မယုံနိုင်အောင် ထိုးတက်သွားခဲ့သည်။ ထို့နောက် သူမက ကျောင်းဥက္ကဌ၏ သမီးဖြစ်လာ၏။ သူမကရုတ်တရက် ထိုသာမန်ဆိုသောအဆင့်ကို ကျော်လွန်သွားခဲ့လေပြီ။


ဤအဖြစ်အပျက်က အနည်းငယ်အယုတ္တိမရှိသော်လည်း လီသုန်းဖျင်က တခြားသူများနည်းတူ အံ့သြသွားမိသည်။  


အတန်းထဲသို့ဝင်မလာခင် သူက အသက်ကိုပြင်းပြင်းရှူလိုက်ကာ ကိုယ်လက်တို့ကိုသွေးပူအောင် အနည်းငယ်လှုပ်လိုက်ပြီး လျှောက်ဝင်လာခဲ့လိုက်သည်။ ကျောင်းသားတွေ‌ရှေ့မှာ အံ့သြနေတာကိုပြလို့ မဖြစ်ဘူး။ စိတ်လျှော့ထားရမယ်။ သူက အရည်အချင်းပြည့်မီတဲ့ ဆရာတစ်ယောက်ပဲ။


“ သြော်... ကျုံးယို့ယို့” သူက နံရံကိုမှီနေတဲ့ ကျုံးယို့ယို့ကို ကြည့်ပြီး ပြောလိုက်သည် : “ သင်ကြားရေးဌာနမှူးက အတန်းပြီးရင် လာတွေ့ဖို့ပြောလိုက်တယ်။” 


ဌာနမှူး? ကျုံးယို့ယို့က အားကစားဖွင့်ပွဲအခမ်းအနားမှ နည်းပြကို တွေးမိသွားပြီး သူဘာလုပ်ချင်သည်ကို သိ၏။ ၈၀ရာခိုင်နှုန်းက ပြန်လည်အဆင်ပြေချင်၍ဖြစ်လိမ့်မည်။


သူမက ခေါင်းညိတ်ရင်း : “ဟုတ်ကဲ့” 


ကျုံးယို့ယို့က ရုတ်တရက် ကျုံးမိသားစု၏ သမီးဖြစ်လာခဲ့သည်။ ကိုယ်ကျင့်တရားကောင်းမွန်သော ဆရာလီသုန်းဖျင်က သူမကို အရင်ကလိုပင် ဆက်ဆံပေလိမ့်မည်။ သို့သော် လီသုန်းဖျင်က ကျုံးယို့ယို့အတွက် အမှန်တကယ်ပင် အလွန်ဝမ်းသာမိသည်။ 

သင်ကြားရေးဌာနမှူးက ကျုံးယို့ယို့ကို ခိုးချခဲ့ကြောင်းမေးခွန်းထုတ်ခဲ့သည့် အချိန်က သူကဘေးတွင်သာရပ်ရင်း ဒေါသထွက်ခဲ့ရသည်။ သို့သော် ဒီနေ့မနက် ဌာနမှူး၏ နောင်တရနေကာ မျက်နှာကိုကြည့်ကာ အထင်သေးမိ၏။ ဆရာ၊ ဆရာမအားလုံးကမြင်နေကြသော်လည်း ထုတ်မပြောနိုင်ပေ။ ကျောင်းတွင် နောက်ခံကောင်းသည့် ကျောင်းသားတို့က သင်ကြားရေးဌာနမှူးဆီမှ မျက်နှာသာရကြလေသည်။ 


ယခုတွင်တော့ သင်ကြားရေးဌာနမှူးက သူကိုယ်တိုင် ကျုံးယို့ယို့ကို ခိုးချသည်ဟု မေးခွန်းထုတ်ခဲ့သည့်အပေါ် ကြောက်ရွံ့နေတော့သည်။ 


မနက်မှစကာ ယခုအထိ လီသုန်းဖျင်၏ စိတ်အခြေအနေတို့သည် ကျုံးယို့ယို့ကြောင့် ပျော်ရွှင်နေတော့၏။ 

တစ်ချိန်တည်းမှာပင် အတန်း(၁)တွင်လည်း ကျောင်းသားတို့က စကားတွေပြောနေကြကာ ဆူညံနေကြတော့သည်။ ပြောနေသည့်အကြောင်းအရာကတော့ အတန်း(၁၉)၏ အကြောင်းတွေသာဖြစ်၏။ အတန်းထဲတွင်တော့ မုန့်ရှစ်ရွှမ်နှင့် ရှစ်ကျစ်ထန်တို့၏ ခုံများမှာလွတ်နေကြသည်။ သူတို့နှစ်ယောက်လုံး ကျောင်းသို့မလာခဲ့ပေ။ 


မုန့်ရှစ်ရွှမ်ကျောင်းပျက်သည်ကိုတော့ သူမက တကယ်ဖျားနေတာမဟုတ်ဘဲ မျက်နှာမပြရဲသဖြင့် မလာသည်ကို လူတိုင်းကခန့်မှန်းနိုင်ကြသည်။ ဒါပေမယ့် ရှစ်ကျစ်ထန်ကရော ဘာလို့ ကျောင်းပျက်တာလဲ?