အပိုင်း ၅၇
Viewers 11k

Chapter 57




ဆေးရုံတွင်ဖြစ်သည်။ 

ဆေးထိုးအပ်က မိန်းမငယ်လေး၏ ပိန်ပါးလှသော လက်ခုံထဲသို့ ထိုးဝင်နေပြီး ပိုက်ကိုဖြတ်၍ ဂလူးကို့စ်တို့က စီးဝင်နေ၏။ သူမ၏မျက်နှာက ညှိုးနွမ်းနေကာ ပင်ပန်းနေပုံပေါ်သည်။ 


မွေးနေ့ပွဲကျင်းပသည့် ညက မုန့်ရှစ်ရွှမ်က ကျုံးမာမား၏ရှေ့တွင် သူမကိုယ်တွင်းရှိရေများကုန်သွားလုနီးပါး ငိုခဲ့သောကြောင့် ဆေးရုံပေါ်သို့ရောက်လာခဲ့ခြင်းဖြစ်သည်။ သူမက နှစ်ရက်ဆက်တိုက်နိုးမလာဘဲ သတိမေ့နေခဲ့သည်။ အဲ့ညက သတင်းထောက်များစွာက သူမနောက်သို့ လိုက်ခဲ့ကြပြီး ဆေးရုံထိတော့လိုက်မလာကြပေ။ သူတို့က သတင်းအချက်အလက်များ ထပ်တူးထုတ်၍ မရတော့သည့်အခါ ဆောင့်အောင့်ကာ ထွက်သွားကြ၏။ 


“ သူမကစိတ်ဖိစီးမှု လွန်ကဲနေတယ်။ စိတ်အခြေအနေကလဲ သေချာပြန်မကောင်းသေးဘူး။ ပြီး‌တော့ ခန္ဓာကိုယ်ကလဲ ပင်ပန်းနွမ်းနယ်နေတုန်းပဲ။ အဖျားကျသွားပြီး နောက်ရက်နည်းနည်းနေရင်တော့ သေချာ ဆန်းစစ်ကြည့်လို့ရလိမ့်မယ်။ ဒါပေမယ့်လည်း လူနာရဲ့ စိတ်ပိုင်းဆိုင်ရာက အထိခိုက်မခံနိုင်တဲ့အခြေအနေကို ရောက်နေပြီး ဘာမှဖြစ်မလာနိုင်ဘူးလို့ အသေအချာပြောဖို့ကတော့ ခက်ခဲလိမ့်မယ်။” 


“ စိတ်ပိုင်းဆိုင်ရာ အခြေအနေ?” 


“ ဟုတ်ပါတယ်... လွန်ခဲ့တဲ့ရက်အနည်းငယ်က ဖြစ်ခဲ့တဲ့ ကိစ္စကြောင့်လို့ ထင်ပါတယ်။” 


“...”


ကျုံးမာမားက ဆရာဝန်ရုံးခန်းထဲမှထွက်လာခဲ့ပြီး အခန်းတံခါးကိုဖွင့်လိုက်ကာ အိပ်ရာပေါ်မှ မိန်းကလေးကို ကြည့်လိုက်သည်။ သူမကို ၁၈နှစ်ကြာအောင် သူမ၏သမီးအဖြစ် ပြုစုပျိုးထောင်ခဲ့၏။ သူမ၏နှလုံးသားသည် ရှုပ်ထွေးနေတော့သည်။ 

သူမက စိတ်ရှုပ်ထွေးနေပြီး မုန့်ရှစ်ရွှမ်၏ ငိုသံများကို ပြန်ကြားယောင်နေမိသည်။ 


“ မေမေ... သမီးမှားသွားတာများရှိလို့လား? တကယ်လို့မှားခဲ့တာရှိရင်လည်း သမီးကိုပြောပါ...သမီးပြင်ပါ့မယ်...  သမီးအပေါ်ကို လျစ်လျူမရှုလိုက်ပါနဲ့နော်။ မိသားစုထဲမှာရှိတဲ့ လူတွေအကုန်လုံးက သမီးကို သေချာဂရုမစိုက်ကြတော့ဘူး။ သူစိမ်းတစ်ယောက်လိုပဲ သမီးကို လျစ်လျူရှုကြတယ်။ ဘာလို့ ရှီယို့ကတောင် သမီးကို ကောင်းကောင်းမဆက်ဆံလဲဆိုတာ မသိတော့ဘူး၊ သမီးအရမ်းဝမ်းနည်းတာပဲ... ဒါပေမယ့် မပြောရဲခဲ့ဘူး။”  


“ ယို့ယို့ကို အရာအားလုံးပြန်ပေးလိုက်လဲ သမီးအဆင်ပြေတယ်။ အစတည်းက သူမပိုင်တာတွေပဲလေ။ သမီးကသာ လုယူသလိုဖြစ်နေခဲ့တာ။ အစတည်းက အိမ်ကနေထွက်သွားဖို့ ကြိုးစားခဲ့တဲ့သူက သမီးဖြစ်ခဲ့ရမှာ... ဒါပေမယ့် သမီးမလုပ်နိုင်ခဲ့ဘူး...။ သမီးရဲ့ ဘဝအမှန်ကို မသိခဲ့တဲ့ ၁၅နှစ်အတွင်းမှာ မေမေကပဲ သမီးကို စောင့်‌ရှောက်ခဲ့တာလေ။ မေမေ့ကို သမီးရဲ့ အမေအရင်းလို့ ၁၅နှစ်တိတိမှတ်ယူခဲ့တာ။ သမီးတို့မှာ ကောင်းမွန်တဲ့ အမှတ်တရတွေရှိခဲ့တာပဲလေ။ တကယ်ပဲ အဲ့တာတွေကို ပြန်ကြည့်ပေးလို့မရဘူးလား?” 


“ သမီးဘာများများစားစားမှ မတောင်းဆိုပါဘူး။ ဒီအိမ်မှာပဲဆက်နေခွင့်လေးတော့ပေးပါ။ ဒီအိမ်မှာ ဆက်နေလို့ မန်မဲပြောဆိုနေရင်တောင်ရပါတယ်...။ ကျေးဇူးပြုပြီး အဝေးကိုမပို့လိုက်ပါနဲ့နော်။ မေမေ့ကိုထားမသွားပါရစေနဲ့” 


ကျုံးမာမားက ပြန်လည်မွေးဖွားလာပြီးနောက် မုန့်ရှစ်ရွှမ်အပေါ် သူမ၏ခံစားချက်တို့က ရှုပ်ထွေးနေခဲ့ပြီး အမြဲ‌ ထိုခံစားချက်တို့မှ ရှောင်ပြေးနေခဲ့၏။ ကားမတော်တဆမှုတွင် မုန့်ရှစ်ရွှမ်က တွန့်ဆုတ်မှုမရှိဘဲ မိသားစုကို ထားခဲ့ပြီး ကိုယ်လွန်ရုန်းသွားခဲ့သည်ကို မြင်လိုက်ရပြီးနောက် သူမ၏နှလုံးသားက ဓားပေါင်းများစွာနှင့် ထိုးဖောက်ခံလိုက်ရသလို ခံစားခဲ့ရပြီး သူမသည် ခွေးကို နှစ်အများကြီးကြာအောင် ပြုစုပျိုးထောင်မိခြင်းဟု နောင်တရမိသည်။ သူမ၏စိတ်ထဲတွင် နာကြည်းမှုတို့ပြည့်နေခဲ့သည်။ 


ယခင်ဘဝက သူမသမီးအရင်းကျုံးယို့ယို့အတွက် လွန်စွာ စိတ်မကောင်းဖြစ်မိပြီး နောင်တတို့လည်း တပွေ့တပိုက် နှင့် အဆုံးသတ်ခဲ့ရသည်။ အခုဘဝတွင်တော့ သူမအပေါ်အဆုံးစွန်ကောင်းပေးပြီး အမေနှင့်သမီးဆိုသော ခိုင်မာသည့် ဆက်ဆံရေးတစ်ခု ကိုတည်ဆောက်ချင်မိသည်။ ထို့ကြောင့် ကျုံးယို့ယို့၏ ဘဝအစစ်အမှန်ကို ထုတ်ဖော်လိုက်လျှင် မုန့်ရှစ်ရွှမ်၏အနာဂတ်သည် ယိမ်းယိုင်သွားမည်ကို သိသိနှင့်ပင် သူမ၏ခင်ပွန်းဆုံးဖြတ်ချက်ကို သဘောတူခဲ့သည်။ 


သို့သော်... မုန့်ရှစ်ရွှမ်က အသက်ရှူရပ်မတတ် ငိုနေသည့်မြင်ကွင်း၊ ယခု ဆေးရုံအိပ်ရာပေါ်တွင် အဖျားကြီးကာ ဖြူဖျော့တော့နေပြီး လဲနေသည့်မြင်ကွင်း တို့ကိုမြင်လိုက်ရသောအခါ ကျုံးမာမား၏ စိတ်သည် နူးညံ့လာတော့သည်။ သူမဆက်ပြီး ဒီကလေးကို ဂရုမစိုက်ဘဲမနေနိုင်တော့ပေ။ 


သူမက မုန့်ရှစ်ရွှမ်ကို ယခုအသက်အရွယ်ထိရောက်အောင် ပြုစုပျိုးထောင်ခဲ့ပြီး ၁၈နှစ်ကြာသည့် ဆက်ဆံရေးကို လွယ်လွယ်နှင့် စွန့်မပစ်နိုင်ပေ။ ခွေးကလေး၊ကြောင်ကလေးတို့ကို ကျွေးမွေးနေသည့် လူတွေတောင်မှ အချိန်ကြာလာရင် သံယောဇဉ်တွယ်ကြသေးတာပဲ။ အသက် ၁၈နှစ်ရောက်အောင် ကျွေးမွေးစောင့်ရှောက်ခဲ့လျှင်တော့....


သူမဘာလုပ်ရမလဲ? 


ကျုံးမာမားက ညှိုးငယ်နေပြီး ခဏထိုင်စောင့်နေသော်လည်း မုန့်ရှစ်ရွှမ်က နိုးမလာသေးပေ။ သူမက သက်ပြင်းချလိုက်ပြီး လှည့်ထွက်လာခဲ့တော့သည်။ 

သူမထွက်သွားပြီးနောက်တွင် ကုတင်ပေါ်မှ မိန်းကလေးက မျက်လုံးတို့ဖွင့်လာပြီး နှုတ်ခမ်းကိုကိုက်လိုက်ကာ စောင်အောက်မှလက်တို့သည် အိပ်ရာခင်းကို ဆုတ်ကိုင်လိုက်သည်။ 


ကျုံးမာမားက ကော်ရစ်တာမှ ဝင်ပေါက်ကိုလျှောက်သွားလိုက်ပြီး ကျုံးပါပါးကိုဖုန်းခေါ်လိုက်သည်။


ယောက်ျားတို့က မိန်းမများထက် သွေးအေးပြီး ပိုရက်စက်သည်။ မုန့်ရှစ်ရွှမ်ဆေးရုံတွင် လဲနေသည်မှာ နှစ်ရက်ရှိပြီဖြစ်သည်။ ကျုံးပါပါးက တစ်ကြိမ်မျှ လာကြည့်ဖို့မပြောနှင့်။ ဖုန်းတောင်မခေါ်ခဲ့ပေ။  


“ ဆေးရုံမှာပဲလား?” ကျုံးပါပါးက အစည်းအဝေးခန်းထဲမှထွက်လာပြီး ဖုန်းကိုဖြေလိုက်သည်။ သူ၏မိန်းမ မပြတ်မသားဖြစ်နေသည်ကို အလိုမကျဖြစ်မိ၏။ 


“ အဲ့ကောင်မလေးကို ဘာလို့ ဂရုစိုက်နေတာလဲ? ယို့ယို့က ငါတို့ကို ခွင့်လွှတ်တော့မှာမဟုတ်ဘူး!” 


ကျုံးမာမားက ရှက်ရွံ့သွားကာ ပြောလိုက်၏ “ ရှင်တကယ်ပဲ သူမကို အိမ်ကနေ ထွက်သွားခိုင်းမလို့လား? မီဒီယာတွေ ဘာတွေပြောကုန်ကြမလဲ? မုန့်ချန်ကသာ အပြစ်ကျူးလွန်ခဲ့တာလေ။ ကလေးက အပြစ်ကင်းတယ်။ မီဒီယာတွေက ကျွန်မတို့ကို ၁၈နှစ်ကျွေးမွေးပြုစုလာခဲ့တဲ့  သံယောဇဥ်တောင် မထောက်ဘဲ ရက်စက်နိုင်ကြတယ်လို့ ပြောကြလိမ့်မယ်။ “


“ အဲ့ဒါကို စိတ်ပူဖို့မလိုဘူး။ ငါကသူ့ကို ကောင်းကောင်းမပျိုးထောင်ခဲ့လို့လား?” ကျုံးပါပါးက ပြောလိုက်၏။


 “ သူ့ကို ၁၈နှစ်ကြာအောင် ကျွေးမွေးခဲ့ပြီးပြီ။ အခုသူမက အရွယ်ရောက်တဲ့သူတစ်ယောက်ဖြစ်နေပြီး အကောင်းဆုံး လုပ်ပေးခဲ့ပြီးပြီ။” 


ကျုံးမာမားက ပြောစရာစကားပျောက်ရှနေမိသည်။ သူမကအမှန်ကိုသိ၏။ သူမသာ သူမခင်ပွန်းလို စဥ်းစားတတ် ခဲ့လျှင် အရင်ဘဝက ရူးရူးနှမ်းနှမ်းလုပ်ရပ်တွေလုပ်မိခဲ့မည်မဟုတ်။ 


လွန်ခဲ့သော ၁၅နှစ် ကလေးချင်းလဲထားသည်ကို မသိခဲ့သည့်အချိန်က သူမ၏ကလေးနှစ်ယောက်ကို ဒိုက်ဘာပင် လဲပေးကာ နို့မှုန့်လဲတိုက်ကျွေးခဲ့သည်။ ထိုမှတ်ဉာဏ်တို့သည် လွယ်လွယ်နှင့် မေ့ပျောက်မရပေ။ မုန့်ရှစ်ရွှမ်နှင့် ကျုံးရှီယို့ နှစ်ယောက်လုံးသည် သူမလက်ပေါ်တွင် ကြီးပြင်းလာခဲ့ကြသည်ဖြစ်၏။ သူတို့ကို လက်မလျှော့လိုက်နိုင်ပေ။ 


သူမ မုန့်ရှစ်ရွှမ်ကို ချစ်လဲချစ်ပြီး မုန်းလဲမုန်းသည်။ ဒါပေမယ့် မုန့်ရှစ်ရွှမ် သူမကို မတွေ့နိုင်တော့အောင် ဘယ်လိုလုပ် ရက်စက်နိုင်မလဲ? 


“ ကောင်းပြီ...ကျွန်မသိပြီ” ကျုံးမာမားက ကြမ်းတမ်းသည့်စကားတို့ကို ပြောလိုက်သည်။ “ ဒါဆို သူမ ကောလိပ်ဝင်ခွင့် စာမေးပွဲပြီးတာနဲ့ ကျုံးအိမ်ကနေ ထွက်သွားခိုင်းလိုက်‌တော့။ သူမနဲ့က ဘာမှမသက်ဆိုင်တော့ဘူး။ အနာဂတ်မှာ လမ်းမှာတွေ့ခဲ့ရင်တောင်မှ သူစိမ်းတွေပဲဖြစ်နေလိမ့်မယ်။” 


ကျုံးပါပါးက မျက်မှောင်ကြုတ်လိုက်၏။ သူသာဆုံးဖြတ်ချက်ချပြီးလျှင် မုန့်ရှစ်ရွှမ်ကို ပိုက်ဆံတွေ တပုံကြီး ပေးလိုက်ပြီး အိမ်ကနေချက်ချင်းထွက်သွားခိုင်းလိုက်မည်ဖြစ်သည်။ သို့သော် သူ့မိန်းမနှင့် ထိုကလေးမ၏ ဆက်ဆံရေးသည် အလွန်နက်ရှိုင်းလေသည်။ သူမကို ဝင်ခွင့်စာမေးပွဲ မဖြေခင် အိမ်ကနေထွက်သွားခိုင်းလိုက်လျှင် စာမေးပွဲအပေါ်တွင်ပါ သက်ရောက်မှုရှိသွားနိုင်သည်။ 


သူကနှလုံးသားထဲတွင် စက်ဆုပ်နေမှုကို ခံစားနေရပြီး ပြောလိုက်၏။ “ ကောင်းပြီလေ။ အခုအချိန်ကစပြီး မိသားစုထဲမှာ ပထမဦးစားပေးက ကျုံးယို့ယို့ပဲဖြစ်ရမယ်။ သူမကသာ ငါတို့ရဲ့ သွေးသားတော်စပ်တဲ့ သမီးအရင်းပဲ!!! အဲ့ကလေးမအပေါ်မှာရှိနေတဲ့ သံယောဇဥ်တွေကို ဖြည်းဖြည်းချင်း ဖြတ်ပစ်ဖို့လုပ်ထား။ ဘာတွေစဥ်းစားနေတာလဲ? ငါတို့သမီးက သူမထက်အဆပေါင်းအများကြီး ပိုကောင်းတယ်! မင်းဆက်ပြီး စိတ်ရှုပ်ထွေးနေမယ်ဆိုရင် နိုင်ငံခြားကို အနားယူဖို့ ခဏသွားနေရလိမ့်မယ်။” 


“ သခင်မကြီး... အခုထိနေ့လည်စာမစားရသေးပါဘူး။ ဗိုက်ဆာနေမှာပေါ့။ ကျွန်မ စွတ်ပြုတ်လေးလုပ်လာခဲ့ပါတယ်။” ယွီမားက ဓာတ်လှေကားထဲမှ ထွက်လာရင်း ပြောလိုက်သည်။ 


ကျုံးမာမားက ပင်ပန်းမှုကြောင့် သူမ၏ မျက်ခုံးတို့ကို ပွတ်လိုက်ပြီး ဖုန်းတစ်ဖက်ရှိသူကို ပြောလိုက်၏။ “ ဟုတ်ပါပြီ... ကျွန်မ စဥ်းစားထားလိုက်ပါ့မယ်...” 


ဒီရက်ပိုင်းအတွင်း သူမသည် ကျုံးယို့ယို့ ကိစ္စနှင့် မအိပ်နိုင်၊ မစားနိုင်ဖြစ်နေခဲ့၏။ သူမခင်ပွန်းကိုသာ လက်လွှဲထားလိုက်ခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်။ 

သူမ၏ခင်ပွန်းပြောသွားသည်က အဓိပ္ပာယ်ရှိသည်ပင်။ သူမက မုန့်ရှစ်ရွှမ်ကို ၁၈နှစ်ကြာအောင် ကျွေးမွေးပြုစုခဲ့ပြီး သူတို့ကြားရှိ သံယောဇဉ်ကြောင့်မဟုတ်ဘူးဆိုလျှင်တောင်မှ သူမ၏ အကျင့်အရ လက်မလျှော့နိုင်ပေ။ အခုတော့ ဆုံးဖြတ်ချက်တို့လဲ ချပြီးပြီဖြစ်ပြီး ထိုအကျင့်တို့ကို ဖြည်းဖြည်းချင်း ဖျောက်ဖျက် ပစ်ရမည်။ ဤသို့ဖြင့် မုန့်ရှစ်ရွှမ် အိမ်မှထွက်သွားသည့်အခါ သူမလုံးဝ လျစ်လျူရှုနိုင်မည်ဖြစ်သည်။ ဒီအချိန်အတွင်း ကျုံးယို့ယို့နှင့် သူမ အဆင်ပြေလာရန်လည်း ပြုလုပ်ရမည်။ 

သူမကတွေးရင်း ဆေးရုံတွင်ကြာကြာမနေရန် ဆုံးဖြတ်လိုက်၏။


သူမက ဖုန်းချလိုက်ပြီး ယွီမားကိုပြောလိုက်သည်။ “ ဒီကြက်သားစွတ်ပြုတ်ကို မစားတော့ဘူး။ ငါ အလှပြင်ဆိုင်သွားပြီး အပန်းဖြေလိုက်ဦးမယ်။ ဒါကို ရှစ်...” သူမက မုန့်ရှစ်ရွှမ်၏ အမည်အား ချစ်ခင်နှစ်သက်ခြင်းတို့ပြည့်နေသော အသံဖြင့် မခေါ်သင့်သည်ကိုသတိရသွား၏။ သူမက အေးစက်စက်နှင့် “ အထဲက ကလေးမစားဖို့သာ ထားခဲ့လိုက်တော့။”


ယွီမားက သူမကိုင်ထားသော ကြက်သားစွတ်ပြုတ်ကိုကြည့်လိုက်ရင်း တီးတိုး‌ရေရွတ်လိုက်သည်။ “ မုန့်ရှစ်ရွှမ်ကိုလား?” သူမ၏ ကြက်သားစွတ်ပြုတ်ကိုနှမြောလိုက်တာ!!


ယွီမားက အပြင်လူဖြစ်ပြီး ကျုံးအိမ်သို့ရောက်သည်မှာ နှစ်နှစ်၊ သုံးနှစ်ပင် ရှိသေးသည်။ ကျုံးမိသားစုက ကျုံးယို့ယို့ကို မည်သို့ဆက်ဆံသည်ကို သူမသည် မျက်မြင်တွေ့ခဲ့ရသည်။ ထိုအချိန်က သူမသည် ကျုံးယို့ယို့အတွက် သည်းမခံနိုင်ဖြစ်ခဲ့သော်လည်း သူမဘက်မှရပ်တည်ပေးရန် မတတ်နိုင်ခဲ့ပေ။ သူမက အစေခံတစ်ယောက်သာ ဖြစ်၍ စကားနည်းနည်းသာပြောပြီး အလုပ်ပိုလုပ်ခြင်းကသာ သူမလုပ်နိုင်သည့်အရာဖြစ်သည်။


 သူမက ကျုံးယို့ယို့က ကျုံးမာမား၏ တရားမဝင်သမီးဆိုသည့် ကောလဟာလတို့ကို ကြားသည့်အခါ သူမအပေါ် စာနာစိတ်မထားရန် ဆုံးဖြတ်ခဲ့သေး၏။ 

ထို့နောက် ထိုကောလဟာလသည် အမှန်မဟုတ်ကြောင်း သိလိုက်ရသည်။ သူတို့က သမီးအရင်းဖြစ်သည့် ကျုံးယို့ယို့ကို မန်မဲပြောဆိုကြကာ ကျုံးရှစ်ရွှမ်ကတော့ စည်းစိမ်တို့ကို ခံစားပျော်မွေ့နေခဲ့သည်။ ယခု အဖြစ်မှန်တို့ကို သိရသည့်အခါ ယွီမားသည် စိတ်ရှုပ်ထွေးနေတော့သည်။ 


အတိတ်ရက်များတွင် သူမက ဒီအကြောင်းကို ခဏခဏစဥ်းစားနေမိကာ တခြားသူများသတိမထားမိသည့် အသေးစိတ်အချက်တို့ကို သူမခေါင်းထဲတွင် ပေါ်လာခဲ့တော့၏။ 


မုန့်ရှစ်ရွှမ်က သခင်မလေးအဖြစ်ရှိနေသည့်အချိန်တွင် ကျန်းမားကသူမနှင့် အချိန်တော်တော်များများ ပူးကပ်နေကာ သူမကိုယ်သူမ မုန့်ရှစ်ရွှမ်၏ အမေအဖြစ် ခံယူထားပြီး နှစ်ယောက်သား ဆက်ဆံရေးကောင်းကြသည်။ ထိုအချိန်တုန်းက သူမသည် ကျန်းမားကို မုန်းခဲ့သည်။ သို့သော်လည်း ကျန်းမားက သူမ၏ အထက်လူကြီးဖြစ်ကာ ပြောသမျှကို အကုန်ယုံခဲ့သည်။


ဘာကြောင့် တရားမဝင်သမီးဆိုသည့် ကောလဟာလများသည် မုန့်ရှစ်ရွှမ်နှင့် အနီးကပ်ဆုံး ကျန်းမား၏ပါးစပ်မှ ထွက်လာရပါသနည်း? ဒါကတိုက်ဆိုင်မှုပဲလား? ဒုတိယသခင်မလေးနှင့် ကျန်းမားကြားတွင်လည်း မကျေနပ်မှု၊ ပြဿနာတို့လဲမရှိပါဘဲ ဘာလို့သူမကို အမြဲဆိုးဆိုးဝါးဝါးဆက်ဆံရတာလဲ? သူကသူ့အလုပ်ထဲမှာသာ ခေါင်းနှစ်ထားသင့်တာမဟုတ်ဘူးလား? ကျန်းမားသည် ပါးစပ်ဖွာသူဖြစ်သည့်တိုင် ထိုသို့များပြားသည့် အချက်အလက်တို့ကို ကိုယ်တိုင်သိနေသည်မဖြစ်နိုင်ပေ။ 


ဒါဆိုရင် မုန့်ရှစ်ရွှမ်နဲ့ တကယ်ပဲ မပတ်သက်နေဘူးလား?

ကျန်းမားက ကျုံးအိမ်က မောင်းထုတ်ခံရလိုက်ရပြီးဖြစ်သည်။ ယွီမားကခန့်မှန်းနိုင်လျှင်တောင် သူမ သက်သေပြရန် အထောက်အထားမရှိပေ။ 

သို့သော် သူမက မုန့်ရှစ်ရွှမ်ကိုတော့ မုန်းသည်ပင်။ အထူးသဖြင့် မွေးနေ့ပွဲကျင်းပသည့် ညတွင် သူမသည် ကျုံးမာမားနားတွင်ရှိနေ၍ မုန့်ရှစ်ရွှမ် အပြေးရောက်လာပြီး အကြီးအကျယ်ငိုခဲ့သည်ကို မြင်ခဲ့ရ၏။


 သရုပ်ဆောင်ကောင်းလိုက်တာနော်? 


ယွီမားက တံခါးဖွင့်ပြီးဝင်သွားသည့်အခါ မုန့်ရှစ်ရွှမ်က အိပ်ရာပေါ်တွင် မျက်လုံးများကိုမှိတ်ကာ လှဲနေသည်ကို တွေ့ရသည်။ သူမသည်ရုတ်တရက် ဒုတိယသခင်မလေးဖျားတုန်းက ဘယ်သူမှစွတ်ပြုတ်လာမပေးခဲ့ကြောင်း သတိရသွားသည်။ 


“ မမလေး... ကြက်သားစွတ်ပြုတ်ရပါပြီ။ ထပြီး ကိုယ့်ဘာသာစားလိုက်ပါဦး!” 


၎င်းက ဆိုးရွားသော အပြုအမူဖြစ်ရာ မုန့်ရှစ်ရွှမ်က ချက်ချင်းနိုးလာတော့သည်။ 

သူမက လက်သီးဆုပ်ထားပြီး လက်သည်းတို့က လက်ဖဝါးကို ထိုးဖောက်မလိုပင်ဖြစ်နေတော့သည်။ သူမက အမူအရာမဲ့စွာနှင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူမက ထလာပြီး ချောင်းအနည်းငယ်ဆိုးနေကာ “ ကျေးဇူးပဲ ယွီမား” 

သူမက ကြက်သားစွတ်ပြုတ်ကို ပန်းကန်ထဲလောင်းထည့်လိုက်ရာ လက်ခုံရှိအပ်က ‌‌‌လှုပ်သွားခဲ့သည်။ နာကျင်လှသော်လည်း နှုတ်ခမ်းကိုကိုက်ထားကာ ဘာမှမပြောခဲ့ပေ။ 


သူမက တစ်စုံတစ်ယောက်‌ရှေ့တွင် သနားကမားနေပြလိုက်လျှင် အနည်းငယ်တော့ စာနာမိကြမှာဖြစ်သည်။ သို့သော် ယခုတွင်တော့ ယွီမားဖြစ်နေကာ မုန့်ရှစ်ရွှမ်၏ အကွက်များသည် သူမပေါ်တွင် သက်ရောက်မှုမရှိချေ။

“ သခင်မကြီးက အခုဒီမှာမရှိပါဘူး မမလေး” ယွီမားက ရွဲ့တဲ့တဲ့လေးပြောလိုက်၏။ 


မုန့်ရှစ်ရွှမ်က ခေါင်းကိုငုံ့လိုက်ပြီး လေသံဖျော့ဖျော့လေးနှင့်ပြောလာသည်။ “ အရင်တစ်ခေါက်က မီးဖိုချောင်မှာ ရိုင်းပျမိသွားတယ်။ ကျွန်မက ငယ်ပြီး နားလည်မှုမရှိခဲ့ဘူး။ ယွီမား... တောင်းပန်ပါတယ်”


“...” ယွီမားက သူမကို တစ်ခါမှမမြင်ဖူးသလိုကြည့်နေလိုက်သည်။

ဘာလို့ မြင့်မြတ်ကြီးကျယ်လှတဲ့ သခင်မလေးက အခုလို ရုတ်တရက်ကြီး နှိမ့်ချနေရတာလဲ? 


“ မမလေးတောင်းပန်ရမှာ ကျွန်မကိုမဟုတ်ဘူးထင်ပါတယ်။” ယွီမားက နှာခေါင်းရှုံ့လိုက်ကာ အခန်းထဲမှ ထွက်သွားတော့သည်။ 


“ တောင်းပန်ပါတယ်” မုန့်ရှစ်ရွှမ်က ရေရွတ်လိုက်သည်။ 

ယွီမားထွက်သွားပြီးနောက် သူမက ကြက်သားစွတ်ပြုတ်ကို တစ်ဇွန်းအပြည့်သောက်လိုက်ကာ အခန်းတံခါးကို မှောင်မိုက်နေသော မျက်လုံးများနှင့် ကြည့်လိုက်သည်။ 


လွန်ခဲ့သည့်နှစ်ရက်တွင် သူမသည် သူနာပြုများ၏ စကားတချို့တဝက်ကိုကြားခဲ့သည်။ သူမက မျက်လုံးလဲမဖွင့်နိုင်ဘဲ သေချာမကြားခဲ့ရချေ။ 


“ ကျုံးမိးသားစုမှာ၁၈နှစ်ကြာအောင် နေနေခဲ့တဲ့ သမီးအတုက ဒီကိုရောက်နေတယ်ကြားတယ်။ တကယ် ဟုတ်မဟုတ်တော့မသိဘူး။ ငါတော့ အပြင်မှာ ခက်ခက်ခဲခဲကြီးပြင်းခဲ့ရတဲ့ သမီးအရင်းကိုပဲ သနားမိတယ်။” 


“ အဲ့လို ကလေးလဲခဲ့တဲ့သူကို ထောင်ထဲပို့သင့်တာ!” 

“ ကျုံးမိသားစု ပြောသွားတာမသိလိုက်ဘူးလား? အဲ့မိန်းမကို တရားစွဲမယ်တဲ့။”


“ ကျစ်..ကျစ်... သနားစရာပဲ။ ကျုံးမိသားစုက အခုအကုန်ဖော်ထုတ်လိုက်ပြီဆိုတော့ အနာဂတ်မှာ သူမသွားလေရာ လက်ညှိုးထိုးခံရလိမ့်မယ်။ အိုး... ငါနဲ့မဆိုင်ပါဘူးလေ။ အရာအားလုံးက သူမအမေအရင်း စခဲ့တာပဲဟာ!”


သူမက ဘာမှမကြားသလို သည်းခံရင်း သည်းခံနေခဲ့သည်။ ကျုံးယို့ယို့နဲ့ ကျုံးမိသားစုရဲ့ ကျေးဇူးကြောင့်  ဒီလိုစကားတွေကို အနာဂတ်မှာ ဆက်ကြားနေရတော့မယ်။