အပိုင်း ၃၃
Viewers 14k

Chapter 33

-သူမလက်နာသွားပြီ၊  ခုနတုန်းက သူ့ကိုပြင်းထန်စွာ မရိုက်လိုက်သင့်ပေ။ (၂)



“အကုန်လုံးတိတ်ကြစမ်း၊ သူ မိန်းမတစ်ယောက်ရဲ့ တင်ပါးကို ကိုင်တာ၊မကိုင်တာက အခုကိစ္စနဲ့ ဘာမှမဆိုင်ဘူး၊ ဘယ်သူမှ အဲ့ဒီကိစ္စကို ထပ်မပြောနဲ့တော့၊ ထုံယန်လျန်”


ထုံယန်လျန်က မပျော်မရွှင်ဖြစ်နေ၏။

“ကျွန်တော်မလုပ်ဘူး”


သူက အတွင်းခံခိုးမည်ဆိုလျှင်တောင်မှ ဒီလိုမိန်းမအိုကြီးတစ်သိုက်ဆီက ခိုးမည်မဟုတ်ပေ။


သူက မရူးသေးပေ။


အမေရှူ: “ရဲအရာရှိ သူထပ်လိမ်နေပြန်ပြီ။ ခုနတုန်းကလဲ ကျွန်မတို့မိသားစုကို မီးရှို့သတ်မယ်ပြောတာကို ငြင်းနေခဲ့သေးတယ်၊ ပြီးမှ ဝန်ခံလာတာ၊ သူကလှည့်စားတတ်တဲ့သူပါ”


သူတို့နှစ်ယောက်က ထပ်မံငြင်းခုန်တော့မည်ကို မြင်သောအခါ ထိုရဲက ဖြတ်ပြောလိုက်သည်။

“ငါတို့တွေ သက်သေလိုတယ်၊ အခုချက်ချင်းရှာဖွေပါမယ်”


ထုံမိသားစုက ထိုကိစ္စကို မဆန့်ကျင်ပေ။


ထုံယန်လျန်လည်း အတူတူပင်။ သူကဘာပြစ်မှုမှမကျူးလွန်ခဲ့သဖြင့် စိတ်ပူစရာမလိုချေ။


တရားမျှတမှုရှိစေရန်အတွက် ရှာဖွေရေးကို ရဲမေနှင့် အုပ်ချုပ်ရေးရုံးမှ စီမံခန့်ခွဲရေးလက်ထောက်နှစ်ယောက်က လုပ်ဆောင်၏။


သူတို့က ခရီးဆောင်အိတ်တစ်ခုထဲတွင် အတွင်းခံများကို ရှာတွေ့သွား၏။ အတွင်းခံများထဲမှ တစ်ခုသည် အနောက်ဘက်တွင်ပေါက်နေကာ အဖွားလင်းပြောသည်နှင့် တစ်ထပ်တည်းပင်။


သူတို့က ထိုအိတ်နှင့်အတူ ထွက်လာပြီး မေးလိုက်သည်။

“ဒီအိတ်က ဘယ်သူ့ဟာလဲ”


ထုံမိသားစုဝင်များက အချင်းချင်းကြည့်လိုက်ကြကာ ဘာမှမပြောလာပေ။


ထုံယန်လျန်က ရင်တုန်သွားသည်။ သူ၏မသိစိတ်က တစ်ခုခုတော့မှားနေပြီဟု ပြောပြနေ၏။


ရုတ်တရက်ဆိုသလိုပင် ထုံကျားရှင်းကရှေ့ထွက်လာပြီး ထုံယန်လျန်အားလက်ညှိုးထိုးပြလာသည်။


“အဲ့ဒီအိတ်က ဝမ်းကွဲဟာပါ၊ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကမှ ဝမ်းကွဲက ထောက်ပံ့ရေးနဲ့တင်ပို့ရောင်းချရေးကော်မတီကနေ ဝယ်လာခဲ့တာ”


ထုံယန်လျန်က အံကြိတ်ကာ ထရပ်ပြီး ထုံကျားရှင်းကို ရိုက်ချင်သွားသည်။


သို့သော် ရဲနှစ်ယောက်က သူ့ကိုစိုက်ကြည့်နေကြသဖြင့် မတတ်နိုင်ဘဲ ခေါင်းညိတ်ကာ ဝန်ခံလိုက်ရသည်။

“ဟုတ်ပါတယ် အဲ့ဒါကျွန်တော့်အိတ်ပါ”


ရဲမေက သူ့ကိုအရှက်မရှိဟုခေါ်ပြီး အိတ်ထဲမှအတွင်းခံများကို ထုတ်ပြလာသည်။

“အဒေါ်တို့ပျောက်သွားတာတွေ ဟုတ်၊မဟုတ်ကို တစ်ချက်လောက်လာကြည့်ပါဦး”


အပေါက်များနှင့် အဖွားလင်း၏အတွင်းခံက အသိသာဆုံးဖြစ်သည်။ သူမလက်ထဲသို့ အတွင်းခံပြန်ရောက်လာသောအခါ ပျောက်‌ဆုံးသွားသော မိသားစုဝင်နှင့် ပြန်တွေ့လိုက်ရသလို ပျော်ရွှင်နေ၏။


“ဒါကငါ့ဟာဘဲ၊ အဲ့ဒါကို နင်မခိုးဘူးလို့ပြောရဲသေးတယ်ပေါ့၊ နင်မခိုးရင် ဘယ်လိုလုပ်ပြီး နင့်အိတ်ထဲကိုရောက်နေတာလဲ”


ထုံယန်လျန်က ဒေါသကြောင့် သွေးအန်မိတော့မည်ဖြစ်သည်။

“ကျွန်တော်က ဘာလို့ခိုးး....”


သူပြော၍မပြီးသေးခင်မှာဘဲ တစ်ယောက်ယောက်က သူ့ရှေ့သို့ပြေးလာပြီး စကားပြောခွင့်တောင်မပေးဘဲ တဖြန်းဖြန်းဖြင့် သူ့မျက်နှာကို အကြိမ်ပေါင်းများစွာ ဖြတ်ရိုက်လာ၏။


“နင်ဘာလို့ ဒီလိုလုပ်ရတာလဲ လျန်လျန်၊ နင်ငါ့ကိုအရမ်းစိတ်ပျက်စေတယ်”


ထုံရွှယ်လူက သူမရင်ဘတ်ကိုအုပ်ပြီး ရင်ထဲအသည်းထဲမှ အော်ဟစ်လိုက်သည်။


ထုံယန်လျန်က ပါးရိုက်ခံရသဖြင့် ကြယ်များ၊လများကိုတောင်မြင်သွားသည်။ သူ့နားစည်ကအူနေကာ ပါးကယောင်ကိုင်းလာ၏။


ဒီ***မက သေချာပေါက် တမင်လုပ်နေတာ။


သူကပြန်အော်ချင်သော်လည်း ရဲအရာရှိက သူ့လက်မောင်းကို တင်းတင်းဆုပ်လာ၏။


သူကတစ်ခုခုပြန်ပြောချင်သော်လည်း ရဲအရာရှိက စကားပြောရန်အခွင့်အရေးမပေးတော့ချေ။


“သူ့ကိုရော သက်သေတွေကိုပါခေါ်သွား၊ ပြောချင်ရင် နောက်မှပြောဖို့ချန်ထားလိုက်”


ထုံယန်လျန်က ထိတ်လန့်သွားသည်။ သူက ထုံရွှယ်လူကို ဂရုမစိုက်နိုင်တော့ချေ။

“အမေ အဖေ ကျွန်တော့်ကိုကယ်ပါဦး”


“ရဲအရာရှိကြီး ကျွန်မရဲ့သားက အပြစ်ကင်းပါတယ်”


စွင်းကွေ့လန်က အနောက်မှငိုယိုကာ လိုက်သွား၏။


ထုံအာ့ကျူက ထုံရွှယ်လူကို စိုက်ကြည့်ပြီးနောက် သူတို့နောက်မှလိုက်သွားလိုက်သည်။


ထုံရွှယ်လူက ထုံယန်လျန်ကိုခေါ်ထုတ်သွားသည်ကိုကြည့်ရင်း သူမလက်ကိုညင်သာစွာခါလိုက်သည်။


သူမက သူ့ကိုမရိုက်လိုက်သင့်ပေ။ အခုတော့ သူမလက်နာသွားပြီ။


***

ကျယ်ကျင်းဟွာက အိမ်ထဲတွင်သာ အနိုင်ကျင့်ရဲသောသူမျိုးဖြစ်သည်။


ရဲအရာရှိများရှိနေသောအခါ သူမကကြောက်ရွံ့နေသဖြင့် သူမ၏မြေးအဖမ်းခံသွားရသည်ကိုသာ ကြည့်နေလိုက်သည်။


လူတိုင်းထွက်သွားသောအခါ သူမကသတိပြန်ဝင်လာပြီး ထုံရွှယ်လူကို လက်ညှိုးငေါက်ငေါက်ထိုးကာ အော်လာ၏။


“နင်****ကောင်မစုတ် ဘာလို့ယန်လျန်ကို ရိုက်တာလဲ”


ထို့ပြင်ထပ်ခါတလဲလဲရိုက်လိုက်ခြင်းဖြစ်သည်။ သူ့ကိုယ်သူဘယ်သူလို့ထင်နေတာလဲ။


ထုံရွှယ်လူက နာကျင်စွာကြည့်လိုက်သည်။


“အဖွား ခုနတုန်းက ကျွန်မတော်တော်လေးစိတ်ပျက်သွားလို့ပါ၊ ဝမ်းကွဲက ထုံမိသားစုရဲ့ အကြီးဆုံးမြေးယောက်ျားလေ၊ ထုံမိသားစုရဲ့ အနာဂတ်အိမ်ထောင်ဦးစီးဖြစ်လာမှာ ဒါပေမယ့် ဒီရောက်ကတည်းက သူလုပ်လိုက်တာတွေကို ကြည့်ပါဦး”


“ရန်ဖြစ်တာကို ထားလိုက်၊ ဒါပေမယ့် သူက လူတွေကိုမီးရှိူ့သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ် အခုလည်း အတွင်းခံကိုတောင်ခိုးနေပြီ၊ သူအသိစိတ်ပြန်ဝင်လာအောင် ကျွန်မရိုက်လိုက်တာပါ၊ အဖွားက ဝမ်းကွဲကိုမကောင်းစေချင်ဘူးလား”


ကျယ်ကျင်းဟွာက ‌ဒေါသဖြင့်အော်ဟစ်လာသည်။

“သူကငါ့မြေးလေ၊ သေချာပေါက်သူ့ကိုကောင်းစားစေချင်တာပေါ့ ၊ ငါက နင်ဘာလို့ င့ါမြေးကိုရိုက်တာလဲဆိုတာကိုမေးနေတာ”


ထုံရွှယ်လူက မှားယွင်းခံလိုက်ရသလိုကြည့်လာသည်။

“အဖွားက ကျွန်မက ဝမ်းကွဲရော၊ထုံမိသားစုတစ်ခုလုံးအတွက်ပါ လုပ်လိုက်တာပါ၊ ရန်ဖြစ်တာ၊ ခြိမ်းခြောက်တာ၊ အမျိုးသမီးတွေကို စော်ကားတာ တစ်ခုချင်းစီတိုင်းက တိုင်းပြည်ရဲ့ စည်းမျဉ်းဥပဒေကိုဆန့်ကျင်နေတယ်၊ ဒီလိုလုပ်ရပ်မျိုးနဲ့ဆိုရင် ဝမ်းကွဲက လူသိရှင်ကြား ရှုပ်ချခံရရုံတင်မကဘူး၊ သေဒဏ်တောင် အပေးခံလိုက်ရနိုင်တယ်”


သေဒဏ်ဟူသည့် စကားလုံးက ကျယ်ကျင်းဟွာ၏ဒူးများကိုပျော့ခွေသွားစေကာ မြေကြီးပေါ်သို့ပုံကျသွားသည်။


ဖုန်းကျောက်တိနှင့် ထုံစန်းကျွမ်တို့ကလည်း ဒီထက်သာပြီးကြည့်မကောင်းနေချေ။


ထုံရွှယ်လူက မျက်မှောင်ကြုတ်ကာ ဆက်ပြောပြလာသည်။


“ဝမ်းကွဲက ဒီလိုကြောက်စရာပြစ်မှုမျိုးကို ကျူးလွန်ခဲ့တာ၊ အဖွားက သူ့ကိုရှင်းရှင်းလင်းလင်း ဝေဖန်ရှူံ့ချပြီး ဘယ်ဘက်မှာရပ်တည်ကြောင်း မဖော်ပြသင့်ဘူးလား၊ အဖွားကသူနဲ့အတူ အဝေဖန်ခံပြီး ‌သေဒဏ်ပေးခံချင်နေတာလား”


ထုံမိသားစုဝင်များက ဘာမှထပ်မပြောရဲတော့ချေ။“……”


ထုံရွှယ်လူက သူတို့ကိုတစ်ချက်ဝေ့ကြည့်လိုက်သည်။

“ကျွန်မက ရဲအရာရှိတွေမြင်အောင်လို့ သူ့ကိုရိုက်လိုက်တာ၊ ကျွန်မ‌တို့ကပြည်သူကောင်းတွေဖြစ်ပြီး ဝမ်းကွဲလိုမျိုးပြစ်မှုတွေ ကျူးလွန်မှာမဟုတ်ဘူးဆိုတာ ပြဖို့လိုတယ်”


“……”


ကျယ်ကျင်းဟွာက ထုံရွှယ်လူအား တစ်ဖက်မှထုံမိသားစုကို အကူအညီတောင်းခိုင်းလိုက်ချင်သော်ငြား သူမပါးစပ်ကပိတ်နေကာ ဘာမှမပြောနိုင်တော့ချေ။


သူမ၏မြေးကို မကယ်ချင်၍မဟုတ်‌ပေ။သို့သော် သူမကကြောက်နေပေသည်။


အတိတ်တုန်းကဆိုလျှင် အခြားသူများက လူသိရှင်ကြားဝေဖန်ရှူံ့ချခံရသောအခါ သူမလည်းဝင်ပါပြီး တံတွေးထွေးကာ ကျောက်ခဲဖြင့်ပစ်ပေါက်လေ့ရှိသည်။ ထိုအချိန်က ပျော်ခဲ့၏။ သို့သော် ထိုလူများ၏နေရာတွင် သူမကိုယ်သူမ ဝင်တွေးကြည့်လိုက်သောအခါ တုန်ယင်သွား၏။


ဒေါ်လေးချိုင်က ကျယ်ကျင်းဟွာဘက်သို့ ဦးတည်ကာ ထွီခနဲလုပ်လိုက်သည်။


“ရွှယ်လူက နင်တို့အားလုံးအတွက် ဘယ်လောက်တောင် လုပ်ပေးတာလဲဆိုတာကြည့်လိုက်ဦး၊ အဲ့ဒါက နင်က သူ့ကိုဆူပူနေသေးတယ်၊ ဘယ်လိုတောင်ကျေးဇူးကန်းတဲ့ မျက်ဖြူဝံပုလွေတွေလဲ”


အမေရှူ :“သူတို့က သေချာပေါက်ကို မျက်ဖြူဝံပုလွေတွေဘဲ၊ မနေ့ညကဘဲ သူ့မြေးက ဘယ်တော့မှအဖမ်းမခံရဘူးဆိုတာ ဘယ်သူပြောခဲ့တာပါလိမ့်၊ အခုတော့ အဖမ်းခံလိုက်ရပြီ ကောင်းတယ် သူ့လိုလူစားမျိုးက  ဒီမှာနေဖို့မလိုဘူး”


ကျယ်ကျင်းဟွာက အမေရှူကို  ခက်ထန်စွာစိုက်ကြည့်လိုက်သော်လည်း ယမန်နေ့ကလောက် မာန်မထောင်ရဲတော့ချေ။


ကျယ်ကျင်းဟွာက ပြန်မပြောရဲသည်ကိုမြင်သောအခါ အမေရှူက တိုက်ပွဲနိုင်သော ကြက်ဖလိုပင် ရင်ဘတ်ကိုကော့ထားလိုက်သည်။


ထုံရွှယ်လူက မျက်လွှာချလိုက်ကာ သူမ၏မျက်တောင်ရှည်များက မျက်လုံးထဲမှအပြုံးရိပ်များကို ဖုံးကွယ်ပေးထား၏။


ရှူမိသားစုနှင့် မိတ်ဖွဲ့လိုက်ခြင်းသည် အမှန်ပင်ကောင်းမွန်သောဆုံးဖြတ်ချက်ဖြစ်သည်။


အမေရှူက ကျယ်ကျင်းဟွာကို ပြစ်တင်ရှူံ့‌ချနေသဖြင့် သူမအတွက်အလုပ်သက်သာသွားစေ၏။


ထုံယန်လျန်ကို ခေါ်သွားခံလိုက်ရသောအခါ အုပ်‌ချူပ်ရေးရုံးမှ ဝန်ထမ်းနှစ်ယောက်က အလျင်အမြန်ပင် စက်ရုံသို့ပြန်ကာ သတင်းပို့လိုက်ကြသည်။


သူတို့က မြင်ခဲ့ရသမျှကို သတင်းပြန်ပို့ကာ ထုံမိသားစုဝင်များက အစိုးရစားသောက်ဆိုင်တွင် ဘယ်လိုတောင်စားသောက်နေသည်၊ အလုပ်တွင်မကူညီပေးသဖြင့် ထုံရွှယ်လူတို့မောင်နှမကသာ အလုပ်အားလုံးကိုလုပ်နေရသည့်အကြောင်း ပြသနာမျိုးစုံဖြစ်စေသည့်အကြောင်းများကိုပါ တင်ပြလိုက်သည်။


ထိုကိစ္စများကိုကြားသောအခါ ဥက္ကဌ၏မျက်ခုံးနှစ်ခုက ကြားထဲတွင် ယင်ကောင်တစ်ကောင်ကို သတ်နိုင်သည်အထိ မျက်မှောင်ကြုတ်သွားသည်။


“အဓိပ္ပါယ်မရှိလိုက်တာ၊ သူတို့ကလုံးဝကို အဓိပ္ပါယ်မရှိဘူး၊ သူတို့ရဲ့အပြုအမူတွေက အရင်းရှင်းဝါဒီလိုဘဲ”


မန်နေဂျာယွီကလည်း မျက်မှောင်ကြုတ်လိုက်သည်။

“ထုံတကျွင်းနဲ့ သူ့ညီတွေက အရမ်းကွာခြားတာဘဲ”


ထုံတကျွင်းတို့လင်မယားသည် အလွန်အလုပ်ကြိုးစားသူများဖြစ်သည်။ သူတို့က စက်ရုံ၌ဆယ်နှစ်တာအလုပ်လုပ်ခဲ့သောအချိန်တွင် ဘယ်သူနဲ့မှ ပြသနာမဖြစ်ခဲ့ပေ။


သူ့ညီတွေ နဲ့ တူကျ ဘယ်လိုဖြစ်တာလဲ၊ ၎င်းက အမှန်ပင် အံ့အားသင့်စရာဖြစ်သည်။


ဥက္ကဌက ကြွေခွက်ကိုယူကာ ရေတစ်ငုံသောက်လိုက်သည်။

“လောင်ယွီ အဲ့ဒီညီအစ်ကိုနှစ်ယောက် အလုပ်ဝင်ရင် မင်းသေချာစောင့်ကြည့်ရမယ်၊ သူတို့လိုလူမျိုးတွေက စက်ရုံတစ်ခုလုံးရဲ့ လေထုကိုထိခိုက်စေနိုင်တယ်”


မန်နေဂျာယွီက ခေါင်းညိတ်လိုက်သည်။

“စိတ်မပူပါနဲ့ ငါသေချာကြည့်ထားလိုက်မယ်”


ထုံတကျွင်းတို့ လင်မယားက သူ့သားနှစ်ယောက်လုံးကို ကယ်ခဲ့သဖြင့် အလွန်ကျေးဇူးတင်သောကြောင့် ထိုညီနှစ်ယောက်အား စက်ရုံတွင်အလုပ်ဝင်ရန် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။


မတော်တဆဖြစ်ပြီးနောက်တွင် နာရေးကိစ္စများကို သူကသာကူညီပေးခဲ့ပြီး နစ်နာကြေးအတွက်လည်း လုပ်ဆောင်ပေးခဲ့သည်။


ပြောရမည်ဆိုလျှင် ထိုလင်မယားအား သူကျေးဇူးဆပ်ပြီးပြီဟု ဆိုနိုင်၏။ သူ၏ကျေးဇူးသိတတ်မှုကို ဖော်ပြရန်အတွက်နှင့်တော့ စက်ရုံတစ်ခုလုံးကို စွန့်စားမှာမဟုတ်ပေ။


သူ့အနေဖြင့် အရာရှိများအား စက်ရုံကိုဂရုစိုက်ပြီး ထုံညီအစ်ကိုနှစ်ယောက် အလုပ်ဝင်ချင်လာပါက ‌ချက်ချင်းဝင်ခွင့်မပြုရန် ပြောထားရပေမည်။


*


ထုံယန်လျန်၏ကိစ္စပြီးသောအခါ ထုံမိသားစု၏လေထုက မှုန်မှိုင်းနေ၏။ ကလေးများတောင်မှ ဆူဆူညံညံမလုပ်ရဲချေ။