အပိုင်း ၃၄
Viewers 22k

Chapter 34

-“ရဲဘော်ထုံ... ထုံယန်လျန်က သူ့ကိုမင်းကထောင်ချောက်ဆင်တာလို့ သံသယရှိကြောင်းပြောလာတယ်...မင်းမှာဘာပြောစရာရှိလဲ”




ထုံယန်လျန်၏ကိစ္စပြီးသောအခါ ထုံမိသားစု၏လေထုက မှုန်မှိုင်းနေ၏။ ကလေးများတောင်မှ ဆူဆူညံညံမလုပ်ရဲချေ။


ထုံမိသားစု၏ ‌မျိုးရိုးစဉ်ဆက်များမှာ။

ထုံကန်းလိုင်သည် ထုံကျားမင်၏အဖိုးဖြစ်ကာ ညီနှစ်ယောက်နှင့် ညီမတစ်ယောက်ရှိ၏။ သူ့ညီနှစ်ယောက်လုံးက အရွယ်မတိုင်ခင်မှာဘဲ အဖျားရောဂါဖြင့် ‌ဆုံးသွားကာ ကျန်ခဲ့သောညီမကလည်း နောက်ပိုင်းတွင်ဆုံးသွားသည်။


ထုံကန်းလိုင်၏မိဘများက စောစောစီးစီးဆုံးပါးသွားကာ အိမ်တွင်လူကြီးမရှိ‌သလို ပြောမပြနိုင်လောက်အောင် ဆင်းရဲသဖြင့်  ရွာမှဘယ်မိန်းကလေးကမှ သူ့ကိုလက်မထပ်ချင်ကြပေ။ သူက အသက်သုံးဆယ်အရွယ်အထိ လက်မထပ်နိုင်ခဲ့ဘဲ နောက်ဆုံးတွင် အခြားသူများမိတ်ဆက်ပေးသည့် ရုပ်ဆိုးလွန်းသဖြင့် ယူစရာယောက်ျားမရှိသော ကျယ်ကျင်းဟွာနှင့် လက်ထပ်လိုက်သည်။


ကျယ်ကျင်းဟွာက အနည်းငယ်ရုပ်ဆိုးသော်လည်း မျိုးအောင်၏။ လက်ထပ်ပြီး ပထမနှစ်မှာဘဲ သားအကြီးဆုံးကိုမွေးခဲ့ပြီး ထို့နောက်တွင်နောက်ထပ်သားနှစ်‌ယောက် ထပ်မွေးခဲ့သည်။ ထိုအချက်က သူမကို အိမ်တွင်ပြောပိုင်ခွင့်ရှိသွားစေသည်။


ကျယ်ကျင်းဟွာက ထုံတကျွင်း၊ထုံအာ့ကျူနှင့် ထုံစန်းကျွမ်တို့ သားသုံးယောက်ကို ‌မွေးဖွားခဲ့သည်။


ထုံတကျွင်းက ရွာမှမိန်းကလေးတစ်‌‌ယောက်နှင့် လက်ထပ်လိုက်ပြီး သားနှစ်ယောက်နှင့် သမီးနှစ်ယောက်ကို မွေးဖွားခဲ့သည်။


ထုံအာ့ကျူက အနီးနားရွာမှ စွင်းကွေ့လန်နှင့် လက်ထပ်လိုက်သည်။ စွင်းကွေ့လန်၏ ဖခင်က ထုတ်လုပ်ရေးအသင်း၏ခေါင်းဆောင်ဖြစ်ကာ လက်ထပ်ပြီးသိပ်မကြာခင်မှာဘဲ မြေးအကြီးဆုံးကို မွေးပေးခဲ့သည်။ ထိုအချက်ကြောင့်ပင် စွင်းကွေ့လန်က ကျယ်ကျင်းဟွာ၏အနှစ်သက်ဆုံးချွေးမဖြစ်နေခြင်းဖြစ်သည်။


ထုံယန်လျန်အပြင် သူတို့က သမီးနှစ်ယောက်လည်း မွေးခဲ့၏။ အငယ်ဆုံးတစ်ယောက်က အခုချိန်တွင် ခြောက်နှစ်ရှိပြီဖြစ်သည်။


ထုံစန်းကျွမ်က တစ်ရွာတည်းသူ ဖုန်းကျောက်တိနှင့် လက်ထပ်လိုက်သည်။ ဖုန်းကျောက်တိ၏မိခင်က သမီးများကို ကျောက်တိ၊ပန်တိ၊လိုင်တိနှင့်ချိုးတိဟု၍ အမည်ပေးခဲ့ပြီးနောက် ငါးယောက်မြောက်တွင် သားယောက်ျားလေးကို မွေးဖွားခဲ့သည်။


ဖုန်းကျောက်တိက သူမမိခင်နှင့်တူညီစွာ သမီးနှစ်‌ယောက်မွေးဖွားခဲ့သည်။ ထိုအချက်က ကျယ်ကျင်းဟွာအား မပျော်မရွှင်ဖြစ်စေခဲ့သည်။


တစ်နည်းပြောရလျှင် ထုံတကျွင်း၏သားနှစ်ယောက်ကို ထည့်မတွက်ပါက ထုံမိသားစုတွင် ထုံယန်လျန်ဟူသည့် မြေးယောက်ျားလေးတစ်ယောက်သာရှိ၏။ 


စွင်းကွေ့လန်က သူမ၏သားကြောင့် ဖုန်းကျောက်တိတို့မိသားစုအား လွှမ်းမိုးနေနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် မိသားစုနှစ်ခုသည် ဘယ်သောအခါမှ မတည့်ခဲ့ချေ။


အခုတွင် ထုံယန်လျန်က အဖမ်းခံလိုက်ရပြီဖြစ်သော်လည်း ဖုန်းကျောက်တိတို့လင်မယားက လုံးဝမစိုးရိမ်ကြပေ။ အမှန်တွင် သူတို့က တိတ်တဆိတ် စိတ်ချမ်းသာနေကြပေသည်။


သို့သော်ငြား ကျယ်ကျင်းဟွာကမူ သူ့မြေးအတွက်စိတ်ပူနေ၏။


သူမက စိတ်ငြိမ်လာကာ သေသေချာချာတွေးလိုက်သော်လည်း ထုံရွှယ်လူ၏မွေးစားမိဘများအား အကူအညီတောင်းချင်နေဆဲဖြစ်သည်။

“နင့်မွေးစားမိဘတွေဆီသွားပြီး ယန်လျန်ကို တစ်နည်းမဟုတ် တစ်နည်းနဲ့လွတ်အောင်လုပ်ပေးဖို့ သွားပြောလိုက်”


ထိုလူများက သူတို့အပေါ် အကြွေးအများအပြားတင်နေပေသည်။


သူတို့က ထုံကျန်းကျန်းကို 15နှစ်ကျော်ဂရုတစိုက်ပျိုးထောင်ခဲ့၏။  မဟုတ်ပါက ထုံကျန်းကျန်းသည် ဤလောကကြီးထဲ၌ရှိနိုင်မည်မဟုတ်ချေ။


ထုံရွှယ်လူက သူမကိုပြောလိုက်‌သည်။

“ကျွန်မမသွားဘူး အဖွား၊ ကျွန်မက တိုင်းပြည်ဥပဒေကိုဆန့်ကျင်ပြီး လူမှုပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေတဲ့သူနဲ့ ခိုင်ခိုင်မာမာကိုစည်းခြားထားတယ်၊ အဖွားသွားချင်ရင် အဖွားကိုယ်တိုင်သွား၊ ကျွန်မလိုက်ပို့်မယ်”


ကျယ်ကျင်းဟွာက ဒေါသကြောင့် မျက်နှာကြီးစိမ်းလာသည်။

“ယန်လျန်က နင့်မောင်လေ အသိစိတ်ရောရှိသေးရဲ့လား”


ထုံရွှယ်လူက ရင်ဘတ်ကိုအုပ်ပြီး ပြန်ပြော၏။

“ကျွန်မက အသိစိတ်ရှိပါတယ်၊ အဖွားကတစ်ချိန်လုံးချီးကျူးပေးစရာမလိုပါဘူး၊ ခေါင်းထဲဝင်သွားလိမ့်မယ်”


ကျယ်ကျင်းဟွာက သူမ၏အရှက်မဲ့မှုကြောင့်  ဒေါသဖြင့်သေလုနီးပါးဖြစ်နေ၏။


 “……” ငါချီးကျူးနေတာမဟုတ်ဘူးလေ။


“ဒါနဲ့ နေ့လယ်က ကျွန်မရဲ့‌မွေးစားမိဘတွေကို ဖုန်းဆက်ခဲ့တယ်၊ ဝမ်းကွဲရဲ့အခြေအနေက အရမ်းကြောက်စရာကောင်းပြီး သူတို့လုပ်နိုင်တာမရှိဘူးတဲ့၊ တကယ်လို့အဖွားသာ သူတို့ဆီသွားရဲရင် သူတို့က ချက်ချင်းရဲခေါ်လိုက်လိမ့်မယ်”


“…………”


ကျယ်ကျင်းဟွာက ဒေါသကြောင့် ခေါင်းခဲလာပြီး အိပ်ရာထဲတွင် တအီအီလုပ်လာသည်။


အပြင်ဘက်တွင်မှောင်‌လာသောအချိန်‌မှ စွင်းကွေ့လန်တို့လင်မယားပြန်ရောက်လာကြသည်။


သူတို့ပြန်ရောက်လာအခါ ပြသနာရှာဦးမည်ဟု ထုံရွှယ်လူထင်ထားသည်။ စွင်းကွေ့လန်က သူမကိုမြင်သောအခါ ချက်ချင်းပင် ဒူးထောက်ချလာ၏။


“တူမကြီး အဒေါ်တောင်းဆိုတာပါ နင့်မွေးစားမိဘတွေကို ယန်လျန်ကိုကူညီဖို့ ပြောပေးပါလား၊ ကျေးဇူးပြုပြီး အဒေါ်နင့်ကို ရှိခိုးပါတယ်”


သူမကပြောရင်းဖြင့် နဖူးကို ‌မြေကြီးနှင့်ဒုန်းခနဲတိုက်ကာ ထုံရွှယ်လူအား အရိုအသေပြုလာ၏။


စွင်းကွေ့လန်၏ အပြုအမူကိုတွေ့သောအခါ ထုံရွှယ်လူက အံ့ဩသွားသည် 

 

မည်သို့ပင်ဖြစ်စေ သူမက ထုံယန်လျန်ကို ကူညီမည်မဟုတ်ချေ။ ဒီဘဝတွင်မဖြစ်နိုင်ပေ။


***


နောက်တစ်နေ့တွင် ထုံရွှယ်လူက ပုံမှန်အတိုင်းအလုပ်ဆင်းလာ၏။


သူမက ရဲအရာရှိတစ်‌ယောက်၏ ရဲစခန်းသို့ခေါ်သွားခြင်းကို ခံလိုက်ရသည်။


သူမက သွားသည့်လမ်းတွင် စိုးရိမ်နေသည့်မျက်နှာကိုဆင်ထား၏။

“ရဲအရာရှိ ကျွန်မကတစ်ခုခုမှားတာများ လုပ်မိလို့လား၊ ဘာလို့ရဲစခန်းကိုခေါ်သွားတာလဲ”


ထုံရွှယ်လူက သူမသမီးအရွယ်လောက်သာရှိပြီး ဖြူလျော်နေသည်ကိုမြင်သောအခါ ရဲအရာရှိက မတတ်နိုင်ဘဲ သူမအပေါ်သနားမိသွားသည်။


“ဘာမှမစိုးရိမ်ပါနဲ့၊ ဒါကလုပ်ရိုးလုပ်စဉ်အတွက်ပါ နင်က ငါတို့နဲ့ပူးပေါင်းလုပ်ဆောင်ဖို့ဘဲလိုတယ်၊ နင့်ဝမ်းကွဲက သူ့ကို နင်ကထောင်ချောက်ဆင်ပါတယ်ဆိုပြီး ပြောနေလို့လေ၊ အဲ့ဒါအတွက်ပြင်ဆင်ထားသင့်တယ်”


ထုံရွှယ်လူက မယုံကြည်နိုင်စွာ အိုခနဲအသံပြုလိုက်သည်။


“သူက ဘာလို့ဒီလိုပြောရက်ရတာလဲ၊ ကျွန်မနဲ့သူ့ကြားမှာ ဘာရန်ငြိုးမှမရှိပါဘူးရှင်၊ ဘာလို့ကျွန်မက သူ့ကိုထောင်ချောက်ဆင်ရမှာလဲ။ ကျွန်မက သူ့ကို ကျွန်မကိုမောင်အရင်းလေးတစ်ယောက်လို့ဘဲ အမြဲတမ်းယူဆထားတာ ၊ သူကဒီလိုပြောလိုက်တာ အရမ်းနာကျင်ရတာဘဲ”


ရဲမေက အလျင်အမြန်ပင် သူမကိုနှစ်သိမ့်လာသည်။

“ရဲဘော်လေးရယ် မငိုပါနဲ့၊ ငါတို့က လူကောင်းတစ်ယောက်ကို မှားယွင်းပြီးအပြစ်တင်မှာမဟုတ်ဘူး၊ နင်သာဘာမှမလုပ်ထားရင် ငါတို့က သေချာပေါက် ဒီကိစ္စကိုအောက်ခြေထိ စေ့စေ့စပ်စပ်နှိုက်ထုတ်သွားမှာပါ”


ရဲမေသည်လည်း ထုံယန်လျန်ပြောသည်ကို မယုံပေ။


သူမရှေ့မှ ဤအမျိုးသမီးရဲဘော်ငယ်လေးသည် ယဉ်ကျေးသောအပြုအမူနှင့် လေးစားဖွယ်ကောင်းကာ စာနာတတ်၏။ သူမက စာပေနှင့်အနုပညာအဖွဲ့ဘက်တွင် နေခဲ့ခြင်းဖြစ်သည်ဟုကြားမိ၏။ အဲ့ဒါကို ဘာလို့သူမလိုလူက အခြားတစ်ယောက်ကို ထောင်ချောက်ဆင်ရမှာလဲ။


တစ်ဖက်တွင် ထုံယန်လျန်ကမူ လူလိမ်လူညစ်တစ်ယောက်နှင့်တူသည်။


ထို့အပြင် သူက ရဲများကိုမြင်မြင်ချင်း ထွက်ပြေးသွားသေး၏။ အိမ်ကိုမီးရှိူ့ပြီး လူသတ်မည်ဟု ခြိမ်းခြောက်သည်များကိုမူ ထည့်ပြောနေစရာမလိုတော့ချေ။


သူက အဓိပ္ပါယ်မရှိသည်များ ပြောနေသည်ဟု ထင်နေသည်မှာ ဤရဲမေတစ်ဦးတည်းမဟုတ်ပေ။


ထုံရွှယ်လူက မျက်လုံးများကိုပွတ်ကာ ခံစားချက်အပြည့်ဖြင့်ပြောလိုက်သည်။

“ရဲအရာရှိကြီးကို ကျေးဇူးတင်ပါတယ်၊ ကျွန်မရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့ ရဲအရာရှိကြီးတို့ကိုဘဲ အားကိုးပါရစေ”


ထုံရွှယ်လူဆီမှ အလွန်ယုံကြည်အားကိုးနေသလို အကြည့်ခံလိုက်ရသောအခါ ရဲမေက ရုတ်တရက်ဆိုသလိုပင် တာဝန်တစ်ချို့ခံစားမိသွားသည်။ သူမက ထုံရွှယ်လူ၏အမည်ကို ရှင်းလင်းအောင်လုပ်ပေးရန်မှာ သူမ၏တာဝန်ဟုခံစားမိလိုက်သည်။


ရဲစခန်းသို့ရောက်သောအခါ။


ထုံရွှယ်လူက ထုံယန်လျန်နှင့်တွေ့လိုက်သည်။


ရဲစခန်း၌ တစ်ညကြာပြီးသောအခါ ထုံယန်လျန်က အလွန်အမင်းကိုဖရိုဖရဲဖြစ်သွားသည်။ သူ၏မျက်လုံးအောက်တွင် အနက်ရောင်အဝိုင်းကြီးများဖြစ်နေကာ ဆံပင်ကလည်းရှူပ်ပွနေ၏။


ထုံယန်လျန်က သူမကိုမြင်သောအခါ ရန်စခံသလိုက်ရသလိုဖြစ်သွားသည်။ သူက အသံကုန်ထုတ်ကာ သူမကို ဆဲဆိုလာ၏။

“နင်* မိန်းမယုတ် ငါ့ကိုထောင်ချောက်ဆင်တာ နင်ဘဲ”


ဒီ**မိန်းမက သူ့မိသားစုရတနာကျိုးနေပြီး အမျိုးသမီးများ၏အနောက်ပိုင်းကိုလည်း မဖွယ်မရာလုပ်သည်ဟု သတင်းလိုက်ဖြန့်ခဲ့သည်။ ထိုသို့ဆိုပါက အတွင်းခံကိစ္စ၏နောက်ကွယ်မှလူသည် သူမသာဖြစ်လိမ့်မည်။


 သူမကဘာကြောင့်ထိုသို့လုပ်ရသည်ကို သူနားမလည်နိုင်ချေ။ သို့သော် ထိုကိစ္စကို မဖော်ထုတ်နိုင်လည်း ကိစ္စမရှိပေ။ တစ်နည်းမဟုတ် တစ်နည်းဖြင့် သူက သူမကို ငါးမြှားချိတ်မှ အလွယ်တကူလွတ်မြောက်ခွင့်ပေးမည်မဟုတ်ချေ။


ထုံယန်လျန်က သူမကိုအော်လာသောအခါ ထုံရွှယ်လူက ရဲမေဆီသို့ပစ်ဝင်လိုက်သည်။ သူမကကြောက်သွားသဖြင့်  တုန်ရီစွာပြောလာ၏။


“ရဲအရာရှိကြီး ကျွန်မအရမ်းကြောက်တာဘဲ၊ သူကျွန်မကိုသတ်တော့မယ်”


ရဲမေက အလျင်အမြန်ပင် သူမကိုကာကွယ်ပေးလာသည်။

“စိတ်မပူပါနဲ့ ဒီမှာငါတို့ရှိနေတာဘဲဟာ သူဘာမှမလုပ်နိုင်ပါဘူး”


ထုံယန်လျန်က ထုံရွှယ်လူကိုထိတော့မည့်အချိန်တွင် သူ့အနောက် အမျိုးသားရဲအရာရှိတစ်ယောက်က သူ့ကိုဆွဲလာ၏။


ထိုအမျိုးသားရဲအရာရှိကလည်း ရဲမေနှင့်တူညီစွာ မပျော်ရွှင်နေချေ။ သူကမျက်မှောင်ကြုတ်ကာ အော်လိုက်သည်။


“ထိုင်စမ်း မင်းတစ်ခုခုလုပ်ရဲလို့ကတော့ ငါတို့က မင်းကို အချုပ်ခန်းထဲပစ်ထားလိုက်မယ်” 


ထိုစကားကိုကြားသောအခါ ထုံယန်လျန်တစ်ယောက် ဖြူဖျော့သွားသည်။

“ရဲအရာရှိကြီး ကျွန်တော်ကသူမကို ရိုက်မလို့မဟုတ်ပါဘူး၊ ဘာလို့ကျွန်တော့်ကိုထောင်ချောက်ဆင်တာလဲဆိုတာကို မေးမလို့ပါ”


ထိုရဲက သူ့ကိုထပ်အော်လိုက်သည်။

“ဘယ်သူက မင်းကိုထောင်ချောက်ဆင်လို့လဲ၊ အဲ့ဒါက မင်းပြောနေရုံဘဲရှိတာလေ ပြန်ထိုင်ချလိုက်”


ထုံယန်လျန်က ထိုင်ခုံပေါ်တွင် ပြန်ထိုင်ချလိုက်သည်။ သူက ထုံရွှယ်လူကို ထပ်ပြီးစိုက်မကြည့်ရဲတော့ချေ။


ထုံရွှယ်လူက ရဲမေ၏လက်မောင်းထဲတွင် ခနလောက်တအီအီလုပ်နေပြီးနောက် အခန်းထဲတစ်ဖက်မှထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။


အမျိုးသားရဲအရာရှိက စတင်မေးမြန်းလာသည်။

“ရဲဘော်ထုံ ငါတို့ရဲ့သံသယရှိသူထုံယန်လျန်က မင်းကသာအတွင်းခံတွေကိုခိုးပြီး သူ့အပေါ်အပြစ်ပုံချတာပါလို့ပြောလာခဲ့တယ်၊ အဲ့ဒါနဲ့ပတ်သက်ပြီး မင်းဘာပြောချင်လဲ”


ထုံရွှယ်လူက စိတ်ထိခိုက်နေသောပုံစံဖြင့် ပြန်ဖြေသည်။

“သူက ဘာလို့ဒီလိုမျိုးပြောရက်တာလဲဆိုတာ ကျွန်မမသိတော့ဘူး၊ ကျွန်မကထုံမိသားစုနဲ့ကြီးပြင်းလာတာမဟုတ်ပါဘူး ဒါကကျွန်မတို့အချင်းချင်းဆုံတာ ပထမဆုံးပါဘဲ၊ ကျွန်မက သူ့အပေါ်လုံးဝကို  ဘာရန်ငြိုးမှမရှိပါဘူးရှင်”


အမျိုးသမီးရဲအရာရှိက ခေါင်းတညိတ်ညိတ်လုပ်ကာ ရေးမှတ်ထားလိုက်သည်။


: ဘာအကြောင်းအရင်းမှမရှိဘူး၊ ရန်ငြိုးရန်စမရှိခဲ့ဘူး။


ထုံရွှယ်လူက ဆက်ပြောသည်။

“ပြီးတော့ ကျွန်မတို့က အရာအားလုံးအတွက် သက်သေဆိုတာလိုအပ်ပါတယ်၊ သူက ကျွန်မကသာအတွင်းခံတွေကို ခိုးတဲ့သူဆိုပြီးပြောမယ်ဆိုရင် သူ့မှာ ဘာသက်သေများရှိနေပါသလဲ”


အမျိုးသားရဲအရာရှိက ပြန်ဖြေ၏။

“သူပြောတာတော့ မင်းက သူ့ကို အမျိုးသမီးတွေရဲ့အနောက်ပိုင်းကို မဖွယ်မရာထိပါးတယ်၊ပြီးတော့ သူ့ရဲ့....အဲ့ဒီအစိတ်အပိုင်းက‌ကျိုးသွားပါတယ်ဆိုပြီး ကောလဟလလိုက်ဖြန့်တယ်တဲ့၊ အဲ့ဒါအမှန်ဘဲလား”


ထုံရွှယ်လူက ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ကဲ့ အဲ့ဒါတွေကိုကျွန်မပြောခဲ့တာပါ၊ ဒါပေမယ့်ကျွန်မက ကောလဟလတွေလိုက်ပြောနေတာမဟုတ်ပါဘူး၊ ဒါတွေကို အဖွားက ကျွန်မကို ပြောပြခဲ့တာပါ”


ထုံယန်လျန်က ဒေါသတကြီးအံကြိတ်လိုက်သည်။

“နင်က ပြသနာလိုက်ရှာနေတာ၊ အဖွားက ဒီလိုကိစ္စမျိုးကို လုံးဝပြောတာမဟုတ်ဘူး”


ထုံရွှယ်လူ:“ ဒါပေမယ့် ဒါတွေကိုအဖွားကပြောပြလာတာလေ၊ မဟုတ်ရင် ငါကဘာလို့ဒီလိုမျိုးကိစ္စတွေကိုပြောရမှာလဲ”


ထုံယန်လျန်:“……”

သူလည်း အဲ့ဒါကိုသိချင်မိတယ်။


သူတို့နှစ်ယောက်၏အချင်းချင်းငြင်းခုန်နေမှုများကြောင့် ကျယ်ကျင်းဟွာသည်လည်း အလျင်အမြန်ပင်ရဲစခန်းသို့ အခေါ်ခံလိုက်ရသည်။