အပိုင်း ၃၅
Viewers 14k

Chapter 35

 -သူမက အရမ်းဉာဏ်ကောင်းတယ်



ကျယ်ကျင်းဟွာကို သူမ၏သား ထုံစန်းကျွမ်က ရဲစခန်းသို့သယ်လာပေးရ၏။


ရဲအရာရှိများက သူမနှင့်စကားပြောချင်သည်ဟု သိလိုက်ရချင်းချင်းပင် ကြမ်းပြင်ပေါ်သို့ ပုံကျသွား၏။


သူမက ထိုင်ခုံတွင်ထိုင်ချလိုက်ပြီး ထုံယန်လျန်၏ပုံစံကိုဘယ်လိုဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူမရင်ထဲနာလာသည်။

“အ‌မလေးးးအဖွားရဲ့အဖိုးတန်မြေးလေး ဘာတွေဖြစ်ကုန်တာလဲကွယ်”


ထုံယန်လျန်က ထိုအတွက်စိတ်မပါနေပေ။ သူက ထုံရွှယ်လူကိုလက်ညှိုးထိုးပြကာ ပြောလိုက်သည်။


“အဖွားက ကျွန်တော့်က မိန်းမတွေကိုထိပါးလို့ မိသားစုရတနာကျိုးသွားရတာဆိုပြီး သူ့ကိုပြောခဲ့တယ်ဆို တကယ်ဘဲအဲ့ဒီလိုပြောခဲ့တာလား”


ကျယ်ကျင်းဟွာက အနည်းငယ်ထိတ်လန့်သွားသည်။ ထို့နောက်သူမက ထုံရွှယ်လူဘက်လှည့်ကာ အော်ဟစ်လိုက်သည်။

“နင်****ကောင်မစုတ် ငါကဘယ်တုန်းကများ အဲ့လိုကိစ္စမျိုးကိုပြောခဲ့ဖူးလို့လဲ”


ထုံရွှယ်လူက မျက်မှောင်ကြုတ်ကာ မှားယွင်းစွပ်စွဲခံလိုက်ရသလို ကြည့်လာသည်။

“အဖွား အဖွားဘဲပြောခဲ့တာကိုမေ့သွားပြီလား၊ အဲ့နေ့တုန်းက အဖွားဘဲလူတိုင်းကိုအိမ်ပြင်မောင်းထုတ်ပြီးနောက်မှာ ကျွန်မကိုပြောပြခဲ့တာလေ”


ကျယ်ကျင်းဟွာက အလွန်ဒေါသထွက်သွားသည်။

“နင်****မကောင်းတဲ့ကောင်မ  ငါနင့်ကိုသေတဲ့အထိရိုက်သတ်ပစ်မယ်၊ နင်ကငါသင်.....”


“အော်နေတာကို ရပ်လိုက်တော့”

ရဲမေသည် သူမငယ်ရွယ်စဉ်ကလည်း အဖွားဖြစ်သူ၏ ဆူငေါက်ရိုက်နှက်ခြင်းကို ခံခဲ့ရသူဖြစ်သည်။ ထို့ကြောင့် ကျယ်ကျင်းဟွာတစ်ယောက် ဤအခန်းထဲဝင်လာကတည်းက ထုံရွှယ်လူကိုအော်ဟစ်နေသည်ကိုမြင်သောအခါ ထုံရွှယ်လူဘက်သို့ပို၍ပါလာသည်။


ကျယ်ကျင်းဟွာက ရဲမေကြောင့် တုန်သွားကာ စားပွဲပေါ်သို့ လဲပြိုကျသွားသည်။


“ရဲအရာရှိကြီး သူမကလိမ်နေတာပါ၊ ကျွန်မကအဲ့လိုကိစ္စမျိုးကို ဘယ်တုန်းကမှမပြောခဲ့ဖူးပါဘူး”


ထုံရွှယ်လူက မျက်မှောင်ကြုတ်ပြလိုက်သည်။

“အဖွားရဲ့မှတ်ဉာဏ်တွေက ပိုပြီးဆိုးဝါးလာတယ်လို့ ကျွန်မထင်တယ်၊ အဖွားပြောခဲ့တာရက်အနည်းငယ်ဘဲရှိသေးတယ်လေ မမှတ်မိတော့ဘူးလား”


ထိုသို့ပြောပြီးနောက် သူမက ရဲအရာရှိနှစ်ယောက်ကိုမော့ကြည့်ကာ ပြောလိုက်သည်။


“ကျွန်မအဖွား မြို့ကိုလာတဲ့နေ့က ဘူတာရုံကရန်ပွဲကြောင့် ဆေးရုံသွားလိုက်ရတယ်၊ ကျွန်မက ကျွန်မမောင်လေးနဲ့အတူ သူတို့ကိုသွားကြိုပြီး အစိုးရစားသောက်ဆိုင်မှာ ညစာလိုက်ကျွေးခဲ့ပါတယ်”


“အဲ့ဒီနေ့ အိမ်ပြန်ရောက်တော့ အဖွားက ကျန်တဲ့သူတွေအားလုံးကို အိမ်ပြင်မောင်းထုတ်ပြီး ကျွန်မမိဘတွေရဲ့ နစ်နာကြေးအကြောင်းမေးလာပါတယ်၊ ကျွန်မကအဖွားကိုပိုက်ဆံပေးလိုက်ပြီးနောက်မှာ အဖွားကဘူတာရုံမှာဖြစ်ပျက်ခဲ့တာတွေကိုပြောပြပါတယ်၊ ကျွန်မရဲ့ဝမ်းကွဲက သူ့မိသားစုရတနာကိုအကန်ခံလိုက်ရတာက အမျိုးသမီးတစ်‌ယောက်ရဲ့အနောက်ပိုင်းကို ထိပါးခဲ့လို့ဆိုပြီးပြောပြခဲ့တာပါ၊ အဖွားက အဲ့တစ်မိသားစုလုံးကိုတောင် မျိုးဆက်မရှိနိုင်ဘဲ တစ်မိသားစုလုံးသေသွားအောင် ကျိန်ဆဲခဲ့‌ပါသေးတယ်”


ကျယ်ကျင်းဟွာ:“……”


ထုံယန်လျန်:“……”


ကျယ်ကျင်းဟွာက ဒေါ‌သကြောင့် သူမ၏နှာခေါင်းတောင်ကောက်ကွေးလာသည်။


“နင်****ငါကဘယ်တုန်းကများ အဲ့လိုပြောခဲ့လို့လဲ၊ ပြီးတော့ နင်ငါ့ကို တကျွင်းတို့ရဲ့နစ်နာကြေးကိုလည်း မပေးရသေးဘူး”


ထုံရွှယ်လူက မျက်လုံးပြူးသွားသည်။


“အဖွားဘာပြောနေတာလဲ၊ ကျွန်မသာ အဖွားကိုနစ်နာကြေးတွေမပေးလိုက်ရင် အဖွားက ဘယ်လိုလုပ်ပြီး နေ့တိုင်းနေ့တိုင်း အစိုးရစားသောက်‌ဆိုင်မှာ သွားစားပြီး ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီမှာ သွားဝယ်တာမျိုးတွေလုပ်နိုင်မှာလဲ”


ကျယ်ကျင်းဟွာ တစက္ကန့်လောက်နင်သွားကာ ‌ပြန်ပြောလိုက်သည်။


“နင်ဘဲ ငါ့ကိုအဲ့ပိုက်ဆံပေးလိုက်တာလေ”


ထုံရွှယ်လူက ခေါင်းညိတ်ပြလိုက်သည်။

“အမှန်ဘဲလေ ကျွန်မကအဖွားကို အဲ့ပိုက်ဆံတွေပေးလိုက်တာဘဲ”


ကျယ်ကျင်းဟွာ:“……”


နေဦး၊ ဒီနေရာမှာ တစ်ခုခုကသိပ်မမှန်သလို ဘာလို့ခံစားမိနေတာလဲ။


“အားလုံးလဲကြားလိုက်မှာပါ ဟုတ်တယ်မလား ရဲအရာရှိကြီးတို့၊ ကျွန်မအဖွားရဲ့အခြေအနေက ပိုပိုပြီးဆိုးလာပါပြီ၊ ပြီးခဲ့တဲ့တစ်မိနစ်ကဘဲ ကျွန်မကသူမကို ပိုက်ဆံမပေးခဲ့ဘူးပြောနေပြီး အခုကျတော့ ကျွန်မကပေးတာလို့ ထပ်ပြောပြန်ပြီ”


ရဲမေက ထိုအချက်များကို ချရေးထားလိုက်သည်။

::မျက်မြင်သက်သေပြောတာတွေက အဓိပ္ပါယ်မရှိဘူး၊ စိတ်ပိုင်းဆိုင်ရာပြသနာမျိုး ဖြစ်နိုင်တယ်။


ထုံရွှယ်လူက ဆက်ပြောလိုက်သည်။

“ကျွန်မက နစ်နာကြေးတွေကို အဲ့ဒီနေ့ကတည်းက အဖွားကိုပေးခဲ့တာပါ ၊  အထည်အလိပ်စက်ရုံက မန်နေဂျာယွီအပြင် ရပ်ကွက်ထဲကသူတွေ၊ အစိုးရစားသောက်ဆိုင်နဲ့ ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီကသူတွေအားလုံးက ကျွန်မပြောတာကို သက်သေပြုပေးနိုင်ပါတယ်”


ကျယ်ကျင်းဟွာက ဒေါသဖြင့် သွေးအန်မတတ်ဖြစ်သွားသည်။


လျင်မြန်စွာပင် လူတစ်စုက ရဲစခန်းသို့ရောက်ရှိလာကြသည်။


အစိုးရစားသောက်ဆိုင်မှ ချန်တနီလည်းပါ၏။


ထုံရွှယ်လူက အနိုင်ကျင့်ခံနေရသည်ကို မြင်သောအခါ သူမကချက်ချင်းပင် ဒေါသထွက်သွားသည်။


“ရဲအရာရှိကြီး ကျွန်မက သက်သေခံပေးနိုင်ပါတယ်၊ ဒီမြေးအဖွားက အစိုးရစားသောက်‌ဆိုင်ကို နေ့တိုင်းလာပြီး အသားပါတာချည်းဘဲမှာတာပါ”


ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီမှ အရောင်းဝန်ထမ်းကလည်း သက်သေပြုလာ၏။

“ကျွန်တော်လည်း အဲ့ဒါကိုသက်သေခံပေးနိုင်ပါတယ်၊ ဒီအမျိုးသမီးက အဝတ်အစားတွေ၊ နို့သကြားလုံးနဲ့ သရည်စာတွေကို သုံးကျင်စာဝယ်ခဲ့ပြီးတော့ ဒီကောင်လေးကလည်း ခရီးဆောင်အိတ်တစ်လုံးနဲ့ ဖိနပ်တစ်ရံဝယ်သွားခဲ့ပါတယ်”


ဒေါ်လေးချိုင်နှင့် အမေရှူတို့နှစ်ယောက်ကလည်း ခေါင်းညိတ်ပြလာသည်။

“ကျွန်မတို့လည်း အဲ့ဒါကိုသက်သေခံပေးနိုင်ပါတယ်....”


နောက်ဆုံးတွင် မန်နေဂျာယွီကလည်း သက်သေခံလာ၏။


“ဟုတ်ပါတယ် ရဲဘော်ကျယ်ကျင်းဟွာက သူမက နစ်နာကြေးတွေကို ရပြီးပါပြီဆိုပြီး ကျွန်တော့်ကိုပြောခဲ့ပါတယ်”


“…………”


သူတို့၏စကားလုံးများက ကျယ်ကျင်းဟွာ၏မျက်နှာအား ရဲတွတ်လာစေသည်။ သူမက စိတ်လှုပ်ရှားပြီးရင်း စိတ်လှုပ်ရှားလာ၏။


“ကျွန်မက နစ်နာကြေးတွေကိုမရခဲ့ပါဘူး၊ အဲ့ကောင်မစုတ်ပြောခိုင်းလို့သာ အဲ့လိုပြောလိုက်တာပါ၊ သူမက ပိုက်ဆံတွေကို သူ့မွေးစားအဖေဆီပေးလိုက်ပြီ၊ သူ့မွေးစားအဖေက အစိုးရဌာနမှာ ရာထူးမြင့်မြင့်ထဲကပါ၊ အိုးးပြီးတော့ သူကညွှန်ကြားရေးမှူးဆိုလားဘဲ၊ သူမက သူမအဖေဆီပေးလိုက်ရင် သူကလဝက်အတွင်း နှစ်ဆဖြစ်အောင်လုပ်နိုင်ပြီး ယွမ်2000ရမှာတဲ့၊ သူမက အခြားဘယ်သူ့ကိုမှမပြောပြဖို့ ကျွန်မကိုမှာခဲ့ပါတယ်”


သူမက ထိုသို့ပြောလိုက်သောအခါ လူတိုင်းက ကျယ်ကျင်းဟွာအား အရူးတစ်ယောက်ကိုမြင်နေရသလိုကြည့်လာ၏ 


“အဖွားရေ၊ အဖွားနေမကောင်းတာက စိတ်ကိုပါထိခိုက်စေနေပြီ အဖွားကစကားတွေကို အခုတစ်မျိုးတော်ကြာတစ်မျိုးပြောတာကို ထားလိုက်ပါဦး၊ အခုကျအဖွားဘာသာ ဇာတ်လမ်းတွေလိုက်ထွင်နေပြန်ပြီ၊ ကျွန်မရဲ့မွေးစားအဖေက လောင်စာဆီဌာနရဲ့ ညွှန်ကြားရေးမှူးအနေနဲ့ အမြဲတမ်းဖြောင့်မတ်ပြီး တစ်ကိုယ်ကောင်းမဆန်တဲ့လူပါ၊ သူကကိုယ်ရေးကိုယ်တာရယူမှုအတွက်နဲ့ ဥပဒေကိုချိုးဖောက်မှာမဟုတ်ဘူး၊ တကယ်လို့သူကလုပ်ချင်တယ်ဆိုရင်တောင်မှ ဘယ်လိုလုပ်ပြီး အဖွားအတွက်ဒီလောက်ပိုက်ဆံများများကို ရှာပေးနိုင်မှာလဲ”


ဒေါ်လေးချိုင်နှင့် အခြားသူများက ခေါင်းညိတ်လိုက်မိကြသည်။


၎င်းကအရူးချီးပန်းစကားဖြစ်သည်။ နှစ်ပတ်အတွင်း ယွမ်1000တဲ့၊ လောကကြီးထဲတွင် ထိုကဲ့သို့ကိစ္စမျိုးမရှိနိုင်ချေ။


ရဲများကလည်း ကျယ်ကျင်းဟွာ၏စကားများကို လုံးဝမယုံချေ။ လောင်စာဆီဌာနက အမှန်ပင် စစ်တပ်၏ရိက္ခာပစ္စည်းများ ဝယ်ယူသည့်အပိုင်းကို ထိန်းချုပ်ထားသော်လည်း ပိုက်ဆံကို သူတို့၏ဌာနကမကိုင်တွယ်ရပေ။


ထို့အပြင် အကယ်၍တစ်စုံတစ်ယောက်က ကိုယ်ရေးကိုယ်တာရယူလိုမှုအတွက် ဥပဒေကိုချိုးဖောက်‌မည်ဆိုလျှင် အချိန်‌တွေအကြာကြီးထဲက အရေးယူခံနေရလောက်ပြီ၊ ဤကဲ့သို့အချိန်အကြာကြီးအထိကျူးလွန်နိုင်မည်မဟုတ်ချေ။


ကျယ်ကျင်းဟွာက ဘယ်သူမှသူမပြောသည်ကိုမယုံသည်ကို သတိထားမိသောအခါ ပိုပြီးဗျားများလာသည်။


ရုတ်တရက်ဆိုသလိုပင် သူမကအကြံပေါ်သွားကာ မြို့ပေါ်သို့မလာခင် ဖြစ်ပျက်ခဲ့သည်များကိုပြန်တွေးကြည့်လိုက်သည်။


ထုတ်လုပ်ရေးအသင်းမှ လူတစ်ယောက်၏သားက မြို့ပေါ်မှပြန်ရောက်လာကာ ထုံတကျွင်းတို့လင်မယားဆုံးပါးသွားသည်ကို ဘာကြောင့်ရွာမှာဘဲဆက်နေသေးတာလဲဟု မေးမြန်းလာခဲ့၏။ ထိုအချိန်မှသာ ထုံတကျွင်းတို့၏သေဆုံးမှုကို သူမသိခဲ့ခြင်းဖြစ်သည်။


သူတို့ကချက်ချင်းပင် ထုတ်လုပ်ရေးအသင်း၏ရုံးသို့သွားကာ စက်ရုံဆီဖုန်းဆက်ခဲ့ကြသည်။ စက်ရုံက သူတို့ကိုထုံကျားမင်ဖုန်းဆက်အသိပေးပြီးပြီဖြစ်ကြောင်းပြန်ပြောလာ၏။ ထိုအချိန်တွင် သူမဒေါသထွက်သွားကာ မြို့ကိုရောက်သည်နှင့် ထိုကောင်လေးအား သင်ခန်းစာပေးရမည်ဟု ဆုံးဖြတ်ခဲ့သည်။


နောက်ပိုင်းတွင် သူတို့ကမြို့သို့လာသောအခါ အလုခံလိုက်ရသလို၊ တရက်လောက်အငတ်နေခဲ့ရပြီး ထုံရွှယ်လူကလည်း သူမကိုယွမ်2000ရမည်အကြောင်းပြောပြခဲ့သည်။ ထို့ကြောင့် သူမက ထုံကျားမင်ကိစ္စအကြောင်း လုံးဝမေ့သွားခဲ့၏။


အခုသတိရပြီဖြစ်သဖြင့် သူမကချက်ချင်းပင်အော်ပြောလိုက်သည်။


“မိန်းမယုတ်****ဒါတွေအားလုံးကို နင်ကြံစည်ထားတာမလား၊ မန်နေဂျာယွီ၊ ဒီကိုမလာခင်တုန်းက ကျွန်မဖုန်းဆက်ပြောခဲ့တာကို မှတ်မိသေးလား၊ ကျွန်မတို့က အဲ့ဒီကောင်စုတ်လေးထုံကျားမင်ဖုန်း‌ဆက်တာကိုမရခဲ့ပါဘူး၊ မဟုတ်ရင်ကျွန်မတို့က ပိုပြီးစောစောရောက်လာပြီး နှစ်ပတ်လောက်စောင့်နေခဲ့မှာမဟုတ်ဘူး”


မန်နေဂျာယွီက ထိုစကားကိုကြားသောအခါ ထုံရွှယ်လူကိုတစ်ချက်ကြည့်လိုက်ပြီး ရဲနှစ်ယောက်ကိုခေါင်းညိတ်ပြလိုက်သည်။


“အဲ့ဒါကအမှန်ပါဘဲ၊ နောက်တစ်နေ့မှာ ကျွန်တော် ရဲဘော်ထုံကိုမေးကြည့်တော့ သူ့အဖွားကစိတ်လွတ်တတ်ပြီး ဘာကိုမှကောင်းကောင်းမမှတ်မိနိုင်တော့လို့ဆိုပြီး ပြောပြလာပါတယ်”


ကျယ်ကျင်းဟွာတစ်ယောက် အမေရှူတစ်ယောက် သူမကိုအရူးမဟုခေါ်ခဲ့သော်လည်း အမေရှူကရန်ဖြစ်နေသောကြောင့်သာ ထိုသို့ခေါ်နေခြင်းဟု သူမထင်ခဲ့မိသည်။ လက်စသတ်တော့ ထုံရွှယ်လူက သူမအကြောင်းကောလဟလတွေဖြန့်ထားလို့ဘဲ။


သူမမျက်နှာက ဖြူတစ်လှည့်နီတစ်လှည့်ဖြစ်သွားကာ ထုံရွှယ်လူကို အော်ဟစ်ပြီး ရိုက်ချင်သွားသည်။


“ကောင်မစုတ်၊ နင်လုပ်တာဆိုလို့ တစ်ချိန်လုံးကောလဟလတွေလိုက်ဖြန့်တာဘဲရှိတယ်၊ ငါနင့်ပါးစပ်ကိုဆွဲဖြဲပစ်မယ်”


ထုံရွှယ်လူက သူမ၏မျက်နှာကို ကြောက်ရွံ့တကြီးကာလိုက်သည်။

“အဖွား ကျွန်မကိုမရိုက်ပါနဲ့”


သူမက အလွန်ကြောက်ရွံ့နေပုံပေါ်၏။


ဒါပေါ့၊ ၎င်းကဟန်ဆောင်ထားခြင်းပင်။


ကျယ်ကျင်းဟွာက ထုံရွှယ်လူကိုမထိနိုင်ခင်မှာဘဲ ရဲမေကသူမလက်မောင်းကိုဆွဲလိုက်သည်။


“ရှင်လူတစ်ယောက်ကိုထပ်ရိုက်ရဲလို့ကတော့ ရှင့်ကိုပါ အချုပ်ချထားလိုက်မယ်”


အခုချိန်တွင် ကျယ်ကျင်းဟွာက အလွန်ဒေါသထွက်နေသဖြင့် ရဲများကိုတောင်မကြောက်တော့ပေ။ သူမက ပြန်လည်ကြိုးကိုင်လိုက်သည်။


“ရဲအရာရှိကြီးလည်း ကြားလိုက်မှာပါ၊ အစကတည်းက သူမက ကျွန်မတို့ကိုထောင်ချောက်ဆင်ထားတာ၊ အခုဘဲသူမကိုဖမ်းလိုက်ပါ”


ထုံရွှယ်လူက မှားယွင်းစွပ်စွဲခံနေရပုံပေါ်၏။


“ကျွန်မမိဘတွေမတော်တဆဖြစ်ပြီးပြီးချင်းမှာဘဲ ကျားမင်းကအဖွားကိုဖုန်းခေါ်ခဲ့တယ်၊ အဲ့ဒီအချိန်တုန်းက ဖုန်းကိုင်ခဲ့တာ အဖွားကိုယ်တိုင်ဘဲလေ၊ အကုန်မေ့သွားပြီလား”


“**”

ကျယ်ကျင်းဟွာက ဒီထက်ပိုပြီးလည်း ဒေါသမထွက်နိုင်တော့ချေ။


အမျိုးသားရဲအရာရှိက ဝင်ပြောလာသည်။

“အဲ့ဒါကို စစ်ဆေးဖို့က မခက်ခဲပါဘူး၊ ထုတ်လုပ်ရေးအသင်းကို ဖုန်းတစ်ချက်ဆက်ပြီး မြို့တော်ကဖုန်းဆက်တာကိုရခဲ့လားဆိုတာ မေးကြည့်လိုက်ရုံဘဲ”


ကျယ်ကျင်းဟွာ:“ ဟုတ်တယ်၊ ဟုတ်တယ် မြန်မြန်ဖုန်းဆက်ကြည့်လိုက်ပါ ရဲအရာရှိကြီး”


ထိုစကားများကိုကြားသောအခါ ထုံယန်လျန်၏မျက်လုံးများကလည်း အရောင်တောက်သွားသည်။ သူက ထုံရွှယ်လူဘက်လှည့်ပြီး အားရကျေနပ်စွာကြည့်လိုက်သည်။


“***မိန်းမယုတ် နင်တော့သွားပြီဘဲ”