အပိုင်း ၃၆
Viewers 14k

Chapter 36

 -သူမက အရမ်းဉာဏ်ကောင်းတယ်(၂)



ထုံရွှယ်လူက အပြင်ပန်းတွင်တည်ငြိမ်နေပုံပေါ်သော်လည်း အခြားသူများမမြင်နိုင်သောဘက်တွင် သူမ၏လက်များကို တင်းကြပ်စွာဆုပ်ထားမိလိုက်သည်။


ဤကိစ္စက ထုံကျားမင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ထိုအချိန်တွင်သူက ကောင်းကောင်းမစဉ်းစားနိုင်ခဲ့ပေ။


အကယ်၍ ထုံကျားမင်နေရာတွင် သူမသာဆိုပါက သေချာပေါက်ပင် ထုတ်လုပ်ရေးအသင်းသို့ဖုန်းတစ်ချက်ခေါ်ခဲ့မှာဖြစ်သည်။ ဖုန်းထဲတွင်သူမပြော၊မပြောကိုမူ ဘယ်သူမှသိနိုင်မည်မဟုတ်ချေ။


ကံမကောင်းစွာဖြင့် သူမပြန်လာသည်က နောက်ကျသွားကာ ဖြစ်ပြီးတာက ဖြစ်ခဲ့ပြီးပြီဖြစ်သည်။ သူမလည်းမတတ်နိုင်ဘဲ ၎င်းကအမှန်တကယ်ဖြစ်ခဲ့သလို ခုခံငြင်းဆန်နေရ၏။


တစ်နည်းမဟုတ် တစ်နည်းဖြင့် ကျယ်ကျင်းဟွာက နစ်နာကြေးများကိုလက်ခံထားသည်ဟု ဝန်ခံလုနီးပါးဖြစ်သွားကာ အတွင်းခံများခိုးယူမှု၏သက်သေကလည်း ထုံယန်လျန်ကိုသာညွှန်ပြနေခဲ့သည်။ အဆိုးဆုံးအခြေအနေထိဆိုလျှင် အခြားသူများက သူတို့ဖုန်းမဆက်ခဲ့သည့်အတွက် ပြစ်တင်ရှုတ်ချတာမျိုးတော့ရှိလာနိုင်၏။


ရဲစခန်းတွင် တယ်လီဖုန်းတစ်ခုရှိ၏။ ထုတ်လုပ်ရေးအသင်း၏ဖုန်းနံပါတ်ပင်စုံစမ်းပြီးသောအခါ သူတို့ကချက်ချင်းဖုန်းခေါ်လိုက်ကြသည်။


ထုတ်လုပ်ရေးအသင်းမှ ချန်းရှောင်လျန်က ဖုန်းဖြေလာ၏။


ပုံမှန်အားဖြင့် သူမကသာ ရုံးတွင်ရှိပြီး ဖုန်းခေါ်လာမှုများကို ဖြေဆိုကာ အခြားသူများအားဖုန်းဆက်လာကြောင်း အကြောင်းကြားပေးရသောသူဖြစ်သည်။


ထုံတကျွင်းတို့ဆုံးသွားသည့် ကာလတစ်ဝိုက်တွင် သူမကရုံးတွင်တစ်ချိန်လုံးရှိနေရမည့်တာဝန်ကို ပျက်ကွက်ခဲ့၏။ ထိုအချိန်၌ သူမသည် သူမ၏ခဲအိုနှင့်ဖောက်ပြန်ကာ အလုပ်များနေခဲ့ပေသည်။


မြို့တော်မှဖုန်းခေါ်ဆိုမှုရှိခဲ့နိုင်သော်လည်း သူမမရှိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူမက ထိုသို့အမှန်တိုင်းပြောပြလိုက်ပါက ထိုကိစ္စကသူမကိုဆွဲချသွားပြီး သူမ၏ခဲအိုနှင့်အရှူပ်အထွေးများကိုတောင် ထုတ်ဖော်မိသွားနိုင်သည်။


သူမက အံကြိတ်ကာစိတ်ပိုင်းဖြတ်လိုက်သည်။

“ဟုတ်ပါတယ် အဲ့ဒါက ပြီးခဲ့တဲ့လရဲ့ 7ရက်နေ့လောက်ကပါ၊ ကျွန်မကထုံမိသားစုဆီကဖုန်းခေါ်တာကိုရခဲ့ပြီးတော့ ကျယ်ကျင်းဟွာကို ဖုန်းလာပြောဖို့ခေါ်ခဲ့ပါတယ်၊ အဲ့ဒီအချိန်မှာ ကျွန်မကစာရင်းစာအုပ်တွေကို အာရုံစိုက်နေခဲ့တော့ ဖုန်းထဲမှာသူတို့ဘာပြောခဲ့လဲဆိုတာကိုတော့ မသိလိုက်ပါဘူး”


အမျိုးသားရဲအရာရှိက ချန်းရှောင်လျန်ပြောခဲ့သမျှကို လူတိုင်းအားပြန်ပြောပြလိုက်သည်။ ထိုအခါ ကျယ်ကျင်းဟွာတင်မက ထုံရွှယ်လူပါ ကြောင်အသွားလေသည်။


ကျယ်ကျင်းဟွာ:***""အဲ့ဒီမိန်းမယုတ်က ငါ့ကိုချောက်ချနေတာဘဲ။


ထုံရွှယ်လူ:????တကယ်ကြီးလား၊ ဒီလိုအံ့ဩစရာကောင်းတာမျိုးက တကယ်ဖြစ်သွားနိုင်တာလား။


ထုံရွှယ်လူက တစ်ဖက်လူသည်ဘာကြောင့် သူမကိုကူညီပေးနေသည်အား မသိသော်လည်း ဘာမှထပ်မပြောနေတော့ချေ။


ကျယ်ကျင်းဟွာက ထရပ်ကာအော်ဟစ်လိုက်သည်။

“အဲ့ဒီချန်းရှောင်လျန်ဆိုတဲ့ကောင်မက လိမ်ပြောနေတာ၊ အရင်တုန်းက သူ့ကိုဆွဲဆောင်ဖြားယောင်းတတ်တဲ့ကောင်မလို့ပြောခဲ့လို့ ကျွန်မကိုချောက်ချနေတာ”


အမျိုးသားရဲအရာရှိ၏မျက်နှာက မှုန်ကုပ်သွားပြီး ခိုင်မာစွာပြောလာသည်။


“ခုနကဘဲ ဘာဖုန်းမှမခေါ်လာခဲ့ဘူးလို့ခင်‌ဗျားပြောခဲ့တာ၊ အခုကျွန်တော်တို့ သက်သေရလာတော့လည်း ယုံဖို့ငြင်းဆန်နေပြန်ပြီ၊ ပြီးတော့ သေဆုံးမှုနစ်နာကြေးတွေကို ခင်‌ဗျားရပြီးပြီလို့ပြောခဲ့ပြီးနောက်ကျတော့ မရသေးပါဘူးတဲ့ ဘာကိုယုံရမှာလဲ”


ရဲအရာရှိကြောင့်ခြိမ်းခြောက်ခံလိုက်ရသဖြင့် ကျယ်ကျင်းဟွာ၏ဒူးများက ပျော့ခွေသွားသည်။ သူမနောက်သို့လဲသွားကာ ထိုင်ခုံပေါ်သို့ပြုတ်ကျသွားသည်။


“ကျွန်မ ကျွန်မ.....”


ထုံရွှယ်လူက သူမကိုဖြတ်ပြောလိုက်သည်။

“အဖွား ဒါကမုသားသက်သေဆိုတယ်လို့ယူဆလို့ရတယ်၊ ဥပဒေနဲ့မညီဘူးနော်၊ ပြီးတော့ အဖွားက မွေးစားအဖေကိုလည်း စွပ်စွဲသေးတယ်၊ အဲ့ဒါက စစ်ဘက်ဆိုင်ရာအမှုထမ်းကို ပွင့်ပွင့်လင်းလင်းကြီး နာမည်ဖျက်လိုက်တာဘဲ ဒီကိစ္စကိုအောက်ခြေထိနှိုက်ထုတ်လိုက်ပြီဆိုတာနဲ့ အရမ်းလေးနက်သွားမှာ”


ရဲမေကလည်း ခေါင်းညိတ်လိုက်သည်။

“မုသားသက်သေဆိုမှု၊ စစ်ဘက်ဆိုင်ရာအမှုထမ်းကိုအမည်ဖျက်မှု၊ ဒီပြစ်မှုနှစ်ခုပေါင်းလိုက်ရင် ထောင်ဒဏ်7နှစ်နီးပါးကျခံရနိုင်တယ်၊ အကယ်၍ဒီထက်ပိုပြီးပြင်းထန်မယ်ဆိုရင် သေဒဏ်ထိတောင်ပေးခံရလိမ့်မယ်”


သေ သေဒဏ်။။။


ကျယ်ကျင်းဟွာ စိုစွတ်မှုကိုခံစားလိုက်မိသည်။ သူမကိုယ်သူမနောက်တစ်ကြိမ် စိုမိသွားစေ၏။(သေးပေါက်ချ)


သူမ၏မြေးကိုချစ်သော်လည်း သူမ....သူမမသေချင်ပေ။


ကျယ်ကျင်းဟွာက ဆီးထွက်သွားသည်ကိုမြင်သောအခါ အမေရှူကနှုတ်ခမ်းမဲ့ကာပြုံးလိုက်သည်။


“အိုးးဘုရားရေ နင့်အသက်အရွယ်နဲ့ ဘယ်လိုလုပ်ပြီး ဆီးထွက်ကျရတာလဲ၊ နင်ကတကယ်ကိုရူးနေပြီဘဲ”


ရူးတာလား။


ဟုတ်သားဘဲ၊ သူမကရူးနေတာ။


ရုတ်တရက်ဆိုသလိုပင် ကျယ်ကျင်းဟွာက အော်ပြောလိုက်သည်။

“ငါရူးနေတာ၊ ငါရူးနေပြီ၊ ငါရူးနေတာ ငါပြောသမျှအားလုံးက အရူးစကားတွေချည်းဘဲ......”


သူမရူးနေသရွေ့ သူမပြောသမျှကို ထည့်တွက်လို့ရမည်မဟုတ်ပေ။


ငါအရမ်းဉာဏ်ကောင်းတာဘဲ။


လူတိုင်း:“… …”


ကျယ်ကျင်းဟွာ၏ပြုမူပုံကြောင့် ထုံရွှယ်လူတောင် အံ့ဩသွားရသညိ။


ကျယ်ကျင်းဟွာက အလွယ်တကူခြိမ်းခြောက်ခံလိုက်ရပြီး ပြစ်မှုများကိုတာဝန်မယူရရန် ရူးချင်ယောင်ဆောင်လိုက်မည်ဟု သူမမထင်ခဲ့ပေ။


၎င်းက အမှန်ပင် ထုံရွှယ်လူအတွက်သတင်းကောင်းဖြစ်သည်။


ထုံယန်လျန်က ဒေါသဖြင့်ပေါက်ကွဲမိတော့မည်ဖြစ်သည်။

“အဖွား ဘာတွေပြောနေတာလဲ၊ အဖွားမရူးဘူးဆိုတာ ရဲအရာရှိတွေကိုမြန်မြန်ပြောပြလိုက်၊ ကိစ္စ‌တွေအကုန်လုံးက ထုံရွှယ်လူကျွန်တော်တို့အပေါ်ချောက်ချထားတာဆိုတာ ပြောပြလိုက်လေ”


အကယ်၍ အဖွားက ‘ရူး’နေပါက အဲ့ဒီမိန်းမယုတ်ထုံရွှယ်လူက သူ့ကိုချောက်ချတယ်ဆိုဆိုတာကို ဘယ်သူကသက်သေခံပေးနိုင်တော့မှာလဲ။


သူက ထိုကဲ့သို့ဖြစ်ခွင့်မပေးနိုင်ချေ။


ထုံစန်းကျွမ်သည်လည်း ထိတ်လန့်သွား၏။

“အမေ အမေဘယ်တုန်းကရူးသွားတာလဲ ဘယ်လိုဖြစ်ပြီး ကျွန်တော်ကမသိလိုက်တာလဲ”


ကျယ်ကျင်းဟွာ: ငါဘယ်အချိန်ရူးသွားတာလဲဆိုတာ ငါကိုယ်တိုင်တောင်သိမနေဘူး။


အမေရှူက အိုးခနဲအသံပြုလိုက်ပြီး ဒေါ်လေးချိုင်၏နားထဲသို့ ရေရွတ်လိုက်သည်။

“ငါက သူမရူးနေတာလို့အရင်တုန်းကထင်ခဲ့ပေမယ့် သူ့ပုံစံကအရူးနဲ့မတူဘူး၊ အချို့အရူးတွေက ရယ်ရယ်ငိုငိုနဲ့ သရေတွေကျနေတတ်ကြတယ်၊ တချို့ဆိုရင် ကိုယ့်ကိုကိုယ်တောင်ပြန်ရိုက်နေကြတာ၊ အခုကျကြည့်ပါဦး သူမကအဲ့လိုပုံစံတစ်ခုမှဖြစ်မနေဘူးလေ၊ ငါကြည့်ရတာ သူမကမရူးသလိုဘဲ”


ထိုစကားများကိုကြားသောအခါ ကျယ်ကျင်းဟွာ၏ကိုယ်က တောင့်တင်းသွားသည်။


တစက္ကန့်အတွင်းမှာပင် သူမက အရူးတစ်ယောက်လိုပြုံးလိုက်သည်။ ထို့နောက်တစ်ခနအတွင်းပင် သူမကငိုကြွေးလာ၏။ သရေများက သူမ၏ပါးစပ်ထောင့်များမှစီးကျလာသည်။


သူမ၏ပုံစံက.....ကြည့်ရန်အလွန်ခက်ခဲပေသည်။


ဤလမ်းကြောင်းက သူမရွေးချယ်လိုက်သောလမ်းကြောင်းဖြစ်သဖြင့် ဒူးထောက်ကာတွားသွားရမည်ဆိုလျှင်တောင်မှ သေချာလုပ်ရလိမ့်မည်။


လူတိုင်း :“…………”


ဤရူးသွပ်မှုက အလွန်ထင်ရာစိုင်းနေသလိုပင်။


ကျယ်ကျင်းဟွာက “ရူး”နေပြီဖြစ်သောကြောင့် သူမက မျက်မြင်‌သက်သေမဖြစ်နိုင်တော့ချေ။


အမှန်တွင် သူမက ဤကဲ့သို့မရူးနေလျှင်တောင်မှ သူမ၏အခုတစ်မျိုး၊တော်ကြာတစ်မျိုးပြောဆိုပုံနှင့်ဆိုပါက မျက်မြင်သက်သေအဖြစ်ယူဆနိုင်မည်မဟုတ်ချေ။


ကျယ်ကျင်းဟွာက ကျရှူံးသွားပြီဖြစ်သဖြင့် ထုံယန်လျန်၏စွပ်စွဲခံရမှုကို သက်သေထူပေး၍မရတော့ချေ။


မည်သို့ပင်ဖြစ်စေ အတွင်းခံများပျောက်ဆုံးမှုနှင့် အမေရှူတို့မိသားစုအားမီးရှို့သတ်မည်ဟု ခြိမ်းခြောက်ခဲ့သည့် သက်သေများက သူ့ကိုသာညွှန်ပြနေ၏။


ထုံယန်လျန်က ချက်ချင်းပင် အချုပ်ခံလိုက်ရသည်။


သူ့ကိုအခေါ်ခံသွားရသောအခါ သူ့လက်များက တင်းတင်းဆုပ်နေပြီး သွေးကြောများကို ဖော်ပြနေ၏။


သူကထုံရွှယ်လူကို အသေကောင်ပမာစိုက်ကြည့်ပြီး ပါးစပ်လှုပ်ရုံပြောလိုက်သည်။

“နင်စောင့်နေလိုက်*”


သူ့မျက်လုံးများနှင့်ဆုံသောအခါ ထုံရွှယ်လူက အေးစက်ပြီးအဆိပ်ရှိသောမြွေ၏အကြည့်ခံလိုက်ရသလို ခံစားမိသွားသည်။ ၎င်းက သူမကိုကြက်သီးထသွားစေသည်။


သို့သော်ငြား သူမကနောက်မတွန့်သွားပေ။

:ကောင်းပြီလေ ငါစောင့်နေမယ်။


ဒီတစ်ကြိမ်တွင် သူမက ထုံယန်လျန်အားအချုပ်ခန်းထဲထည့်လိုက်နိုင်ခြင်းမှာ ကံကောင်းမှုကြောင့်သာဖြစ်သည်။ ထို့အပြင် အခုခေတ်ကာလ၏ နိုင်ငံရေးအခြေအနေကြောင့်လည်း တစ်လှမ်းသာသွားခြင်းဖြစ်သည်။


အခုချိန်က 1983ခုနစ်၏ အရေးအခင်းကာလမဟုတ်ခဲ့သည်မှာ နှမြောစရာပင်။ အခုအချိန်တွင် ရမ်းကားသောင်းကျန်းမှုများအတွက်ပြစ်ဒဏ်သည် မှုခင်းဥပဒေထဲတွင် မပါဝင်သေးချေ။ ထုံယန်လျန်၏ပြစ်မှုသည် အများဆုံးအားဖြင့် ထောင်ဒဏ်2နှစ်မှ3နှစ်လောက်အထိသာ ပြစ်ဒဏ်ချခံရလိမ့်မည်။


2နှစ်3နှစ်လောက်ကြာပြီးသောအခါ သူက တစ်ဖန်ခေါင်းခဲစေလာဦးမှာဖြစ်သည်။


သူမ၏အဖိုးတန်မြေးလေးအား ခေါ်သွားသည်ကိုမြင်လိုက်ရသောအခါ ကျယ်ကျင်းဟွာက အော်ငိုလာသည်။

မျက်ရည်နှင့်နှာရည်များက သူမဆီမှစီးကျနေ၏။

 

အပြင်ဘက်တွင်စောင့်နေသော စွင်းကွေ့လန်က ထိုကိစ္စကိုသိသွားသောအခါ မျက်ဖြူလန်ပြီး သတိမေ့သွားသည်။


နောက်ဆုံးတွင် ကိုယ့်ကိုကိုယ်သေးစိုအောင်လုပ်လိုက်မိသည့် ကျယ်ကျင်းဟွာကို ထုံစန်းကျွမ်ကအိမ်သို့ပြန်သယ်သွားသည်။ ထုံအာ့ကျူကလည်း ထုံရွှယ်လူကို စိုက်ကြည့်ပြီးနောက် သူ့မိန်းမကိုကျောပိုးကာ ထွက်သွားလိုက်သည်။


ဤအခြေအနေများကို မျက်မြင်တွေ့လိုက်ရသောအခါ ချန်တနီက စိုးရိမ်တကြီးမေးလာသည်။


“ကြည့်ရတာ နင့်အဖွားနဲ့ဦးလေးတို့က နင့်အပေါ် အရမ်းဒေါသထွက်နေကြတဲ့ပုံဘဲ”


ထုံရွှယ်လူက နီရဲနေသောမျက်လုံးများဖြင့် ပြန်ပြောလိုက်သည်။


“သူတို့လာမယ်ဆိုတာသိလိုက်ရတုန်းက ကျွန်မတို့မောင်နှမအားလုံး အရမ်းပျော်ခဲ့ကြတာ၊ မိဘတွေကမရှိတော့ဘူးဆိုတော့ ကျွန်မတို့မှာ မိသားစုဆိုလို့ သူတို့ဘဲရှိတော့တာလေ၊ ဒါတွေအားလုံးက ဘယ်လိုဖြစ်သွားတာလဲဆိုတာ ကျွန်မလည်းမသိတော့ပါဘူး.....”


ထုံရွှယ်လူငိုသည်ကိုမြင်သောအခါ ချန်တနီကစိုးရိမ်သွားသည်။

“မငိုပါနဲ့၊ အဲ့ဒါတွေက နင့်အမှားမဟုတ်ပါဘူး”


ဒေါ်လေးချိုင်ကလည်း သူမကိုနှစ်သိမ့်လာသည်။

“ဒီမိန်းကလေးပြောတာမှန်တယ်၊ အဲ့ဒါတွေက နင့်အမှားကြောင့်မဟုတ်ပါဘူး၊ နင့်အဖွားတို့အပေါ် နင်အရမ်းကောင်းပေးခဲ့တာ ငါတို့အားလုံးသိပြီးသားပါ၊ တစ်ယောက်ယောက်က နင့်ကိုမကောင်းပြောရဲရင် ဒေါ်လေးကအရင်ဆုံးသူ့ကို ပြန်ဝေဖန်လိုက်မယ်”


“အမှန်ဘဲ၊ နင်တို့မောင်နှမတွေက သူတို့တွေကိုနေ့နေ့ညညစောင့်မျှော်နေခဲ့ရတာ၊ သူတို့က ရောက်လည်းလာရော ဒီလိုအရှက်မရှိတဲ့ပြစ်မှုတွေကို ကျူးလွန်တဲ့အပြင် နင့်အပေါ်တောင်လွှဲချချင်သေးတယ်၊ သူတို့ကမှအရှက်မရှိတဲ့သူတွေ”


အမေရှူက ထုံရွှယ်လူတစ်ယောက်က ကုန်တင်ကုန်ချရာထူးအား သူတို့ဆီသို့ဈေးနိမ့်နိမ့်ဖြင့်ရောင်းချပေးခဲ့သဖြင့် အလွန်ကျေးဇူးတင်နေခဲ့သည်။ အခုချိန်တွင် သူတို့ကရာထူးနေရာများကို လဲလှယ်နိုင်တော့မည်ဖြစ်သဖြင့် ရက်အနည်းငယ်အတွင်းတွင် သူမ၏ချွေးမက အထည်အလိပ်စက်ရုံတွင် အလုပ်ဝင်နိုင်တော့မှာဖြစ်သည်။


ထိုသို့ဆိုပါက သူတို့မိသားစုတွင် အလုပ်သမားနှစ်ယောက်ရှိလာမည်ဖြစ်ကာ သူတို့၏ငွေကြေးဆိုင်ရာဖိအားများကို အတော်လေးသက်သာစေလိမ့်မည်။ ဤအရာများအားလုံးသည် ထုံရွှယ်လူ၏ကျေးဇူးသာဖြစ်သည်။


အမေရှူက မန်နေဂျာယွီဘက်လှည့်ကာ ပြောလိုက်သည်။

“မန်နေဂျာကြီး ကျွန်မတို့အားလုံးက ကျယ်ကျင်းဟွာတို့မိသားစုကို ကျွန်မတို့ရပ်ကွက်ထဲကနေ ဖယ်ထုတ်ပေးဖို့ တောင်းဆိုချင်ပါတယ်”


ဒေါ်လေးချိုင်ကလည်း ခေါင်းညိတ်ပြလာသည်။

“သူမပြောတာမှန်တယ်၊ ကျွန်မတို့ရပ်ကွက်ထဲကသူတွေအားလုံးက အမြဲတမ်းလိုလိုရင်းနှီးဖော်ရွှေပြီး အချင်းချင်းကူညီပေးတတ်ကြတယ်၊ အဲ့ဒီမိသားစုရောက်လာကတည်းက အိမ်တွေကိုမီးရှို့ပြီး လူသတ်မယ့်‌ဆိုတာချည်းဘဲပြောနေတာ နောက်တော့လည်း အတွင်းခံတွေခိုးခံလိုက်ရတယ်၊ သူတို့ရှိနေရင် ကျွန်မတို့တွေက ဘယ်လိုလုပ်ပြီး စိတ်ချချနဲ့အိပ်နိုင်မှာလဲ”


မန်နေဂျာယွီက ခနလောက်တိတ်သွားပြီးနောက် ပြောလာသည်။

“ကောင်းပြီ ငါနားလည်ပြီ၊ ငါပြန်ရောက်တဲ့အခါ ဒီကိစ္စကိုစစ်ဆေးပြီး မနက်ဖြန်ကျရင် အစည်းအဝေးလုပ်လိုက်မယ်”


သူပြောပြီးသောအခါ တစ်ဖက်လှည့်ပြီး ရဲစခန်းမှထွက်သွားသည်။


ထုံရွှယ်လူက သူ့နောက်ကျောကိုကြည့်ပြီး အခြားသူများကိုပြောလိုက်သည်။

“ကျွန်မတို့လည်း ပြန်သင့်နေပြီ၊ အားလုံးရဲ့အချိန်တွေကိုအများကြီးယူနေမိတာ သိပ်မကောင်းသလို ခံစားရတယ်”


ချန်တနီက လက်ခါပြလိုက်သည်။

“ဘာမှစိတ်မကောင်းသလို ခံစားမနေနဲ့၊ နောက်ကျနေပြီဆိုတော့ ငါလည်းပြန်လိုက်ဦးမယ်”


ထို့နောက် သူမကအလျင်အမြန်ပင်ထွက်ခွာသွားသည်။


ဒေါ်လေးချိုင်နှင့် အမေရှူတို့သည် အလုပ်သွားစရာမလိုသော်လည်း အိမ်တွင်လုပ်စရာအများအပြားရှိ၏။ သူတို့အားလုံးက အရေးတကြီးလုပ်စရာများရှိကြသည်။


ထုံရွှယ်လူက စက်ရုံသို့အလုပ်ပြန်ဝင်ရန်လိုအပ်၏။ သူမက ဒေါ်လေးချိုင်တို့နှစ်ယောက်နှင့်လမ်းတူသောကြောင့် အတူတူလျှောက်လာလိုက်သည်။


တံခါးနားသို့ရောက်သောအခါ ရဲယူနီဖောင်းဖြင့် အမျိုးသားတစ်ယောက်က သူတို့ဆီသို့လျှောက်လာ၏။


ထိုယောက်ျားက ဆံပင်ကိုသပ်သပ်ရပ်ရပ်ညှပ်ထားကာ မျက်နှာထားအချိုးအစားတို့က ထင်ရှားနေပြီး တုတ်တုတ်ခိုင်ခိုင်ရှိ၏။ သူ့ပုံစံက အရပ်1.85မီတာရှိသည်ဟု ထင်ရသည်။


ထုံရွှယ်လူကိုမြင်သောအခါ ထိုယောက်ျား၏အကြည့်များက သူမမျက်နှာပေါ်သို့ရောက်လာသည်။ ကြောက်ရွံ့စရာအကြည့်မျိုးမဟုတ်ဘဲ အလှတရားတစ်ခုခုကိုတွေ့လိုက်ပါသဖြင့် မနေနိုင်ဘဲကြည့်လိုက်သည့် အကြည့်မျိုးဖြစ်သည်။


အမေရှူနှင့် ဒေါ်လေးချိုင်ကြားတွင် ရပ်နေသောထုံရွှယ်လူသည် ကြက်များကြားမှ ကြိုးကြာလိုပင် ထိုးထွက်နေ၏။ ထိုယောက်ျားက ချက်ချင်းပင် သူမကိုတန်းမြင်သွားသည်။


သို့သော်ငြား သူကများများစားစားမတွေးလိုက်ဘဲ သူမတို့ကိုဖြတ်လျှောက်သွားသည်။


ထုံရွှယ်လူကလည်း လျှောက်နေရင်း ထိုယောက်ျားကိုလှမ်းကြည့်လိုက်သည်။ သူမသည်လည်း များများစားစားမ‌‌တွေးနေဘဲ စက်ရုံမှသူမ၏ လက်ဝင်သောအလုပ်ဆီသို့သွားလိုက်သည်။


***

ဖူကျန့်ယိက ရုံးထဲသို့‌ဝင်လာသောအခါ အမျိုးသားနှင့်အမျိုးသမီး ရဲအရာရှိနှစ်ယောက်က မျက်မြင်သက်သေထွက်ဆိုချက်များကို စုစည်းနေသည်ကို တွေ့လိုက်ရသဖြင့် ဂရုမစိုက်စွာမေးလိုက်သည်။


“ပြီးတောင် ပြီးသွားပြီလား”


ရဲမေက ကျစ်ခနဲသပ်ကာ ပြောလာသည်။

“ပြီးတော့မှာပါ၊ အဲ့ကောင်စုတ်က အတွင်းခံတွေကိုခိုးခဲ့တဲ့အပြင် အခြားလူတစ်ယောက်ကို စွပ်စွဲရဲတဲ့အထိရဲတင်းနေတာ၊ သူ့ဝမ်းကွဲကောင်မလေးက သနားစရာပါ”


“သူမက ငယ်ငယ်လေးတုန်းက ပြန်ပေးဆွဲခံခဲ့ရပြီး ပြန်လွတ်လာတော့လည်း မှားယွင်းတဲ့မိသားစုဆီရောက်သွားပြန်တယ် အမှားကိုသတိမထားမိခင်အထိ သူမကို မွေးစားမိဘတွေကသာ 10နှစ်ကျော် ပြုစုပျိုးထောင်လာခဲ့ကြတာ၊ ပိုပြီးဆိုးဝါးတာက သူမရဲ့မိဘအရင်းတွေနဲ့ ပြန်ဆုံရတော့မယ့်အချိန်မှာဘဲ သူတို့က ကားမတော်တဆမှုနဲ့သေ‌ဆုံးသွားကြတယ်၊ အခုလည်း သူမရဲ့အဖွားနဲ့ ဝမ်းကွဲက အပြစ်ပုံချစွပ်စွဲတာကို ခံရပြန်ပြီ အရမ်းသနားစရာကောင်းတာဘဲ”


ထိုစကားများကိုကြားသောအခါ ဖူကျန့်ယိကအနည်းငယ်ထိတ်လန့်သွားသည်။

အဲ့ဒီကိစ္စတွေက ဘာလို့အရမ်းရင်းနှီးနေတာလဲ။


“သူတို့ရဲ့မျိုးရိုးနာမည်ကဘာလဲ”


ရဲမေက မျက်ခုံးပင့်လိုက်သည်။

“ထုံပါ ဘာလို့လဲ သူတို့ကိုသိလို့လား”


ဖူကျန့်ယိက ခေါင်းခါပြလိုက်သည်။

“မဟုတ်ဘူး မသိပါဘူး”


ထိုသို့ပြောပြီးနောက် သူက ရဲမေ၏နောက်သို့သွားကာ သူမရှေ့မှ အချက်အလက်များကိုကြည့်လိုက်သည်။


‘ထုံရွှယ်လူ’ဟူသောအမည်ကို တွေ့သောအခါ သူ၏မျက်ခုံးထူထူများက သတိမပြုမိစွာမြင့်တက်သွားသည်။


အခုလေးတင် သူ့နားမှဖြတ်လျှောက်သွားသာ မိန်းကလေးကို သတိရသွားသောအခါ သူ၏မျက်ခုံးများက နောက်တစ်ခါမြင့်တက်လာပြန်သည်။ထို့နောက် သူကလျင်မြန်စွာပင် သူ၏ရုံးခန်းထဲသို့ထွက်လာလိုက်သည်။


သူ့ရုံးခန်းသို့ရောက်သောအခါ တယ်လီဖုန်းကိုကိုင်ပြီး နံပါတ်တစ်ခုကိုခေါ်လိုက်သည်။

တစ်ဖက်မှလျင်မြန်စွာဖုန်းကိုင်လာ၏။

“ငါ ဝမ်ရူကွေ့ကိုရှာနေတာပါ”

 

“ခနလောက်စောင့်ပေးပါ”


ခနအကြာတွင် ဖုန်းကိုနောက်တစ်ကြိမ်ပြန်ကိုင်လာ၏။ နူးညံ့သော်လည်း အနည်းငယ်အေးစက်သည့်လေသံက ဖုန်းတစ်ဖက်မှထွက်ပေါ်လာသည်။

“ဒါကဝမ်ရူကွေ့ပါ ဘယ်သူများလဲ”


“ရူကွေ့ ငါပါ၊ အခုလေးတင် ငါဘယ်သူနဲ့ဆုံမိသွားလဲ မင်းသိလား”


ဝမ်ရူကွေ့က လက်ကိုမြှောက်ကာ လက်ပတ်နာရီကိုကြည့်လိုက်သည်။ ထို့နောက် သူကဂရုမစိုက်သလိုပင်ပြောလာ၏။

“ငါလုပ်ရမယ့် စမ်းသပ်မှုနှစ်ခုရှိသေးတယ်၊ မင်းမှာတစ်မိနစ်အချိန်ရှိတယ်”


ဖူကျန့်ယီက ကျစ်ခနဲသပ်ကာ ပြောလိုက်သည်။

“ကောင်းပြီ၊ တစ်မိနစ်ဆိုလဲတစ်မိနစ်ပေါ့၊ ငါပြောတာကို မင်းစိတ်ဝင်စားမှာသေချာတယ် အရင်တစ်ခေါက်တုန်းက မင်းငါ့ကိုရှာကြည့်ခိုင်းခဲ့တဲ့အမျိုးသမီးရဲဘော်လေ၊ သူမနာမည်က ထုံရွှယ်လူဟုတ်တယ်မလား”