အပိုင်း ၃၇
Viewers 14k

Chapter 37

-“ဘာဖြစ်သွားတာလဲ၊ သူမကဒီလိုဘဲရူးသွားတာလား”



ဖုန်းတစ်ဖက်တွင် အချိန်အကြာကြီးတိတ်ဆိတ်သွားသည်၊ ကြာလွန်း၍ သူက‌ဖုန်းချလိုက်ပြီ‌လို့တောင် ထင်သွားမိသည်။


“ရူကွေ့ မင်းငါပြောတာကိုကြားရဲ့လား၊ ငါဒီနေ့ ရဲစခန်းမှာ အဲ့အမျိုးသမီးကိုမြင်ခဲ့တယ်”


“အင်းးငါနားထောင်နေတယ်”


ထိုစကားကိုကြားသောအခါ ဖူကျန့်ယိ၏နှုတ်ခမ်းများက ချက်ချင်းပင်ကွေ့ညွှတ်သွားသည်။

“မင်းနားထောင်နေတုန်းဘဲဆိုတာ ငါသိသားဘဲ၊ အဲ့အမျိုးသမီးရဲဘော်လေးကို ဘာဖြစ်သွားတာလဲဆိုတာ မင်းသိလား”


ဖုန်းတစ်ဖက်တွင် နောက်တစ်ကြိမ်တိတ်ဆိတ်သွားပြန်သည်။ ဒီတစ်ကြိမ်တွင် ဖူကျန့်ယိကစောင့်မနေတော့ဘဲ ဆက်ပြောလိုက်သည်။


“အဲ့ရဲဘော်လေးက သနားစရာဘဲ၊ အရင်တစ်ခါတုန်းကဆိုရင် သူ့မွေးစားမိဘတွေရဲ့ သမီးအရင်းရိုက်တာကို ခံခဲ့ရတယ်၊ ဒီတစ်ကြိမ်ကျတော့ သူ့အဖွားအရင်းနဲ့ ဝမ်းကွဲက စွပ်စွဲတာကို ခံရပြန်တယ်....”


သူက ကိစ္စတစ်ခုလုံးကို ဝမ်ရူကွေ့အား စိတ်လှုပ်ရှားစွာပြောပြနေကာ ဝမ်ရူကွေ့ကလည်း သူပြောပြီးချိန်အထိဖုန်းကိုင်ထားဆဲဖြစ်သည်။


သူကတစ်ချက်ကြည့်လိုက်သည်။ အခုဆိုလျှင် တစ်မိနစ်ကလုံးလုံးစွန်းသွားပြီဖြစ်သည်။သူက ပြုံးဖြဲဖြဲလုပ်ကာ ပြောလိုက်သည်။

“ရူကွေ့ ဒီအမျိုးသမီးရဲဘော်ကို မင်းသိတယ် ဟုတ်တယ်မလား၊ သူမကအရမ်းသနားဖို့ကောင်းတာဘဲ၊ ငါသူမကို လက်တစ်ဖက်ကမ်းပေးသင့်တယ်လို့ မင်းထင်လား”


ဝမ်ရူကွေ့က လက်ထဲတွင်ဖုန်းကိုကိုင်ထားကာ အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။


သူကပြတင်းပေါက်ကိုဖြတ်ကာ အပြင်ဘက်မှ ရှည်လျားသည့်မီးခိုးရောင်နံရံကြီးကိုကြည့်လိုက်သည်။ အလွန်ထင်ရှားသောမျက်နှာတစ်ခုက သူ့စိတ်ထဲတွင်ပေါ်လာသည်။


သူမ၏ဘယ်ဘက်မျက်လုံးအောက်တွင် မျက်ရည်စက်ပုံစံမှဲ့ရှိကာ ၎င်းကအလွန်သေးငယ်၏။ သေသေချာချာဂရုစိုက်ပြီးမကြည့်ပါက ဘယ်သူမှသတိမထားမိနိုင်သည့် မှဲ့မျိုးဖြစ်သည်။


ဖူကျန့်ယိ၏ပြောသမျှကိုနားထောင်ပြီးသောအခါ သူမမိသားစု၏အနိုင်ကျင့်ခြင်းကိုခံနေရသော နူးညံ့သည့်မိန်းကလေးက သူ့စိတ်ထဲပေါ်လာကာ တစ်မျိုးတစ်ဖုံမသက်မသာဖြစ်သွားစေသည်။


သူ၏မျက်ခွံများက အနည်းငယ်တုန်ယင်သွားပြီးနောက် တည်ငြိမ်စွာပြောလိုက်သည်။

“တကယ်လို့မင်းလုပ်နိုင်တဲ့ပမာဏထဲမှာရှိနေရင် သူမကိုကူညီလိုက်ပါ”


ဖူကျန့်ယိက တစ်ချက်ရယ်လိုက်သည်။

“မင်းငါ့အပေါ်အကြွေးတစ်ခုတင်သွားပြီလို့ သတ်မှတ်လို့ရလား”


“အမ်းး”


“အခုငါပိုပြီးသိချင်လာပြီး၊ အဲ့‌ဒီမိန်းကလေးနဲ့ မင်းက ဘယ်လိုဆက်ဆံရေးလဲ”


“ဘာမှမဆက်နွယ်ဘူး”


“အိုးးဟုတ်လား မင်းကမိန်းမ‌အကြောင်းကိုပြောဖို့အသာထား ဘယ်တော့ကမှ စိတ်လိုလက်ရကူညီတာမျိုးမရှိခဲ့ဖူးလေ အမှန်တိုင်းပြောစမ်းပါ မင်းချစ်သူရနေပြီလား”


“မဟုတ်ဘူး မင်းရဲ့တစ်မိနစ်ပြည့်ပြီ”

ထိုသို့ပြောပြီးနောက် သူကဖုန်းချသွားလေသည်။

 

တီ တီ တီဟူသောအသံကိုကြားသောအခါ ဖူကျန့်ယိက နောက်တစ်ကြိမ်နှုတ်ခမ်းသပ်လိုက်မိသည်။


တစ်ခုခုတော့ရှိရမယ်၊ ဘာကိုတစ်မိနစ်လဲ ငါးမိနစ်တောင်ကျော်နေပြီကို။


ထုံရွှယ်လူ၏ တောက်ပသောမျက်လုံးဝိုင်းကြီးများကိုမြင်သောအခါ သူက စုတ်သပ်လိုက်မိသည်။


သူမကဘယ်သူဆိုသည်ကို အစောကတည်းကသိထားပါက ထိုကိစ္စကိုကိုင်တွယ်ရန် နည်းလမ်းရှာပြီးနေလောက်ပြီ။


ဘယ်လိုတောင် ကသိကအောက်ဖြစ်စရာလဲ။

***

ကျယ်ကျင်းဟွာတို့က အိမ်သို့ပြန်ရောက်လာကြသည်။


စွင်းကွေ့လန်က သတိပြန်ရလာချင်းချင်းတွင်  ကျယ်ကျင်းဟွာဆီသို့ပစ်ဝင်လာသည်။

“အမေ ယန်လျန်ကိုကူညီပေးပါဦး၊ သူ့ကိုကူညီနိုင်တာ အမေတစ်ယောက်ဘဲရှိတယ်”


တစ်ခါထဲနှင့် သူမယောက္ခမကရူးသွားမည်ဟု မယုံပေ။


ရဲစခန်းသို့မသွားခင်ကတင်အကောင်းကြီးရှိသေး။ ဒီလိုမျိုးရူးသွားတာမဖြစ်နိုင်ပေ။


ထုံအာ့ကျူကလည်း ငိုတော့မည့်ပုံပေါ်နေသည်။

“အမေ ယန်လျန်ကိုလည်း အမေပျိုးထောင်ခဲ့တာပါ၊ သူ‌သာထောင်ချခံလိုက်ရရင် သူ့ဘဝတော့သွားပြီ”


ဖုန်းကျောက်တိက သူမ၏ယောက္ခမကို ပြင်းထန်စွာကြည့်ကာ လက္ခဏာတစ်ခုခုများရှာတွေ့နိုင်မလား ကြိုးစားနေလိုက်သည်။


သို့သော်ငြား ကျယ်ကျင်းဟွာက သရေကျနေပြီး ရူးကြောင်ကြောင်ပြုံးနေသည်မှာ တကယ်ရူးသွားပြီဟုတောင်ထင်ရ၏။


ကျယ်ကျင်းဟွာသည်လည်း ပျော်မနေပေ။


သူမ၏မြေးကိုကယ်ချင်သော်လည်း သူမသာမရူးကြောင်း ရဲများကိုပြောလိုက်ပါက သူမ၏စကားများကိုထည့်တွက်ကာ သူမသည်လည်း သေဒဏ်ချခံရနိုင်သည်။


ထို့ကြောင့် မည်သို့ပင်ဖြစ်စေ သူမကဆက်ပြီးရူးချင်ယောင်ဆောင်နေမှဖြစ်မည်။


ဖုန်းကျောက်တိက သူမ၏ယောက်ျားကို ဘေးသို့ခေါ်သွားပြီး အသံတိုးတိုးဖြင့်မေးလိုက်သည်။

“ဘာဖြစ်ခဲ့တာလဲ၊ ဘယ်လိုဖြစ်လို့ အမေက ဒီအတိုင်းကြီးရူးသွားတာလဲ”


ထုံစန်းကျွမ်က နှာခေါင်းကိုကုတ်ကာ ပြန်ဖြေလိုက်သည်။


“သူတို့ပြော‌တာတော့ အမေက မုသားသက်သေဆိုမှုနဲ့ စစ်ဘက်‌ဆိုင်ရာအမှုထမ်းကိုအမည်ဖျက်မှုတို့ကိုကျူးလွန်ခဲ့ပြီး အဲ့ဒါက သေဒဏ်တောင်အပေးခံရနိုင်တယ်တဲ့ အမေလည်းကြောက်သွားပြီး သေးပေါက်ချလိုက်တယ်၊ ပြီးတော့ သူ့ကိုယ်သူရူးနေတာပါလို့ပြောလာတာဘဲ”


ဖုန်းကျောက်တိက သေဒဏ်ဆိုသည်ကိုကြားလိုက်ရသောအခါ လန့်သွားသည်။

“ဘယ်လိုဖြစ်ပြီး သေဒဏ်ပေးခံရမယ့်အထိတောင်ရောက်သွားတာလဲ၊ ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်မကိုအကုန်ပြောပြ”


ထုံစန်းကျွမ်က သူ့နားရွက်ကိုကိုင်ကာပြောလာသည်။

“အသေးစိတ်ကိုကျ ငါမမှတ်မိဘူးလေ”


ရဲအရာရှိတစ်ယောက်ချင်းစီက ပထမတစ်ယောက်ထက် ပိုပြီးခက်ထန်ကြ၏။ ရဲစခန်းတွင်ရှိနေချိန်၌ သူကအသက်ပြင်းပြင်းတောင်မရှူရဲခဲ့ပေ။ ထို့အပြင် သူတို့ပြောသောစကားများကလည်း ဥပဒေဆိုင်ရာအသုံးအနှုန်းအလွန်ဆန်သဖြင့် သူ့အနေဖြင့် ဘယ်လိုနည်းနှင့်မှ ပြန်မပြောပြတတ်ပေ။


ဖုန်းကျောက်တိက သူ့ကိုပြင်းထန်စွာရိုက်လိုက်သည်။

“ရှင်က ဘယ်လိုတောင်အသုံးမကျတာလဲ၊ ဒီလိုအရမ်းရိုးရှင်းတာမျိုးကိုတောင် မမှတ်မိဘူးလား၊ ကျွန်မသာလိုက်သွားရရင် အကုန်သိနေလောက်ပြီ”


ဖုန်းကျောက်တိက ရုတ်တရက်တစ်စုံတစ်ခုကို သတိရသွားကာ အသံတိုးတိုးဖြင့်မေးလိုက်သည်။

“အမေက သူနစ်နာကြေးတွေကို ဘယ်မှာသိမ်းထားတာလဲဆိုတာ ပြောပြသေးလား”


ထုံစန်းကျွမ်က ထူးဆန်းသောပုံစံဖြင့်ပြောလာသည်။


“အမေက နစ်နာကြေးတွေကို ဘယ်တုန်းကမှမရခဲ့ဘူးလို့ပြောတယ်၊ ဒါပေမယ့် စက်ရုံမန်နေဂျာယွီကိုကျ ပိုက်ဆံတွေကိုရပြီးပြီလို့ပြောခဲ့တယ်၊ အမေက တကယ်ဘဲရူးနေတာများလား”


ဖုန်းကျောက်တိက အံကြိတ်ကာ ကျယ်ကျင်းဟွာဆီသွားလိုက်သည်။

“အမေ ကျွန်မကိုမှတ်မိသေးလား၊ ကျောက်တိလေ”


ကျယ်ကျင်းဟွာ:“ဟားဟား.....”


ဖုန်းကျောက်တိ:“ အမေကိုတစ်ခုလောက်မေးချင်တယ်၊ နစ်နာကြေးတွေကိုအမေဘယ်မှာသိမ်းထားတာလဲဟင်”


ကျယ်ကျင်းဟွာ“ ဝူးးးဝူးးး.....”

ဘာနစ်နာကြေးလဲ၊ သူမကဘာတစ်ခုမှမရခဲ့ဘူး။


သို့သော် သူမကမပြောနိုင်ပေ။


ဖုန်းကျောက်တိက အကြိမ်အနည်းငယ်ထပ်မေးသော်လည်း ဘာအဖြေမှမရပေ။ သူမက ပိုပြီးမပျော်မရွှင်ဖြစ်လာသည်။


ဖုန်းကျောက်တိနှင့် ထုံစန်းကျွမ်တို့သည် ထုံရွှယ်လူအား နစ်နာကြေးများအကြောင်းမေးလိုက်ချင်သည်။ စွင်းကွေ့လန်နှင့် ထုံအာ့ကျူကမူ ထုံရွှယ်လူအား တစစီဆွဲဖြဲချင်နေ၏။ ကျယ်ကျင်းဟွာကမူ ထုံရွှယ်လူ၏မျက်လုံးများကို ဖောက်ထုတ်ချင်နေသည်။


မည်သို့ပင်ဖြစ်စေ သူတို့ကတွေးရုံသာတွေးရဲကြသည်။ ထုံရွှယ်လူအလုပ်မှပြန်ရောက်လာသောအခါ သူတို့ကဆူဆူညံညံတောင်မလုပ်ရဲကြပေ။


ရပ်ကွက်ထဲရှိမျက်လုံးအားလုံးက သူတို့ပေါ်တွင် ကျရောက်နေ၏။ သူတို့သာ ထုံရွှယ်လူကိုအော်ရဲပါက ထိုလူများက ရဲစခန်းသို့ သေချာပေါက်သွားတိုင်ကြမှာဖြစ်သည်။


ထိုအခါ သူတို့မိသားစုတစ်ခုလုံးက ထောင်ထဲတွင်ပြန်ဆုံရလိမ့်မည်။


ထို့ကြောင့် သူတို့က ဘာအကွက်ကိုရွှေ့ရဲဦးမှာလဲ။

သူတို့မလုပ်ရဲပေ။


***


ထုံရွှယ်လူက ထုံယန်လျန်၏တရားခွင်သည် အနည်းဆုံးနှစ်ပတ်လောက်ကြာမည်ဟု ထင်ထား‌ခဲ့သော်လည်း သုံးရက်အတွင်းပြီးဆုံးသွားသည်။


သူ၏အပြစ်ဒဏ်က သူမမျှော်လင့်ထားသည်ထက် ပိုပြီးပြင်းထန်သည်။ သူက ထောင်ဒဏ်ငါးနှစ်ချခံလိုက်ရပြီး ပြန်လည်ပြုပြင်ရန်အတွက် အနောက်မြောက်ဘက်ရှိ အကြမ်းတမ်းဆုံးဒေသသို့ ပို့ခံရမှာဖြစ်သည်။


စွင်းကွေ့လန်က ထိုအပြစ်ဒဏ်ကိုသိသွားသောအခါ ငိုရလွန်းသဖြင့် နောက်တစ်ခါသတိမေ့သွားသည်။


ရက်အနည်းငယ်သာရှိသေးသော်လည်း သူမကပြိုလဲနေပြီဖြစ်ကာ ကိုယ်အလေးချိန်အများအပြားကျသွားသဖြင့် မတူညီသောလူတစ်ယောက်လိုဖြစ်နေသည်။


ထုံရွှယ်လူသည် အစကတည်းက စွင်း‌‌ကွေ့လန်ကိုခါးသီးကာ တစ်ကို‌ယ်ကောင်းဆန်သည်ဟု ခံစားခဲ့ရသဖြင့် သဘောမကျခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ထုံယန်လျန်၏ကိစ္စများတွင် လူသားအဆန်ဆုံးဟုထင်ရသူမှာ သူမတစ်ယောက်တည်းသာဖြစ်ကြောင်းသိလိုက်ရသည်။


သို့သော် သူမ၏မိခင်စိတ်က ထုံရွှယ်လူကို နည်းနည်းလေးတောင် စိတ်မလှုပ်ရှားသွားစေပေ။ သူမက ထုံယန်လျန်လိုလူမျိုးကို ဘယ်သောအခါမှ လွတ်မြောက်ခွင့်ပေးမည်မဟုတ်ချေ။


သိပ်မကြာခင်မှာဘဲ သတင်းတစ်ခုက ကျယ်ကျင်းဟွာတို့ထုံမိသားစုဆီ ရိုက်ခတ်လာသည်။


စက်ရုံက သူတို့ကို စက်ရုံဝန်ထမ်းများနေသည့် ရပ်ကွက်မှ ပြောင်းပေးရန်တောင်းဆိုလာခဲ့သည်။


ကျယ်ကျင်းဟွာက ဒေါသထွက်လွန်းသဖြင့် သူမ၏နှာခေါင်းတောင်ကောက်သွားသည်။

“ငါတို့က ဘာလို့ထွက်သွားရမှာလဲ”


ဖုန်းကျောက်တိသည်လည်း မပျော်မရွှင်ဖြစ်နေသော်ငြား အတတ်နိုင်ဆုံးပြုံးကာ ပြောလိုက်သည်။


“မိ‌တ်ဆွေရဲဘော်တို့၊ စီမံခန့်ခွဲရေးမှူးတို့ရှင် ကျွန်မရဲ့ခဲအိုနဲ့ ယောက်မတို့က ‌စက်ရုံမှာအလုပ်နေရာနှစ်ခုရှိခဲ့ပါတယ်၊ အခုသူတို့မရှိတော့ဘူးဆိုတော့ သူတို့နေရာကို ကျွန်မတို့ဝင်ယူချင်.......”


သူမပြော၍မပြီးသေးခင်မှာဘဲ စီမံခန့်ခွဲရေးမှူးများထဲမှ တစ်ယောက်ကဖြတ်ပြောလိုက်သည်။

“ခင်ဗျားတို့က အစိုးရစားသောက်ဆိုင်မှာ နေ့တိုင်းသွားစားနေကြတာလေ၊ ငါတို့စက်ရုံက ‌အရင်းရှင်ဝါဒီဆန်ဆန်ပြုမူတဲ့သူတွေကို မကြိုဆိုဘူး”


“ခင်ဗျားတို့တွေ မနက်ဖြန်ထွက်သွားတာကောင်းမယ်၊ ခင်ဗျားတို့ဆီက နောက်ထပ်တစ်ခုခုကြားလာရရင် အုပ်ချုပ်ရေးရုံးကို သတင်းပို့လိုက်မယ်”


ထပ်ပြီးတိုင်ဦးမှာလား။


အခုဆိုလျှင် ထုံမိသားစုက ထိုစကားလုံးများကြောင့် လုံးဝကိုစိတ်ဒဏ်ရာရနေကြပြီဖြစ်သည်။


စီမံခန့်ခွဲရေးမှူးများပြန်သွားပြီးနောက်တွင် ဖုန်းကျောက်တိက ထုံရွှယ်လူကို စိုက်ကြည့်လိုက်သည်။

“ငါ့တူမက‌ တော်လိုက်တာ၊ အစကတည်းနင်က ငါတို့ကိုထောင်ချောက်ဆင်ထားတာဘဲ၊နင့်ကို ဒီလိုအသက်ငယ်ငယ်နဲ့ အရမ်းရက်စက်မယ်လို့ မထင်ထားခဲ့ဘူး”


ထုံရွှယ်လူတို့မောင်နှမများက သူတို့နှင့်အတူ အစိုးရစားသောက်ဆိုင်သို့ မလိုက်သည်ကို မအံ့ဩတော့ချေ။ ထို့အစားသူတို့က အိမ်တွင်သာနေခဲ့ပြီး ကန်စွန်းဥစွပ်ပြုတ်နှင့် ဆားရည်စိမ်ဟင်းရွက်များကိုသာ စားနေခဲ့ကြ၏။


သူမက သူတို့ကိုကိုယ့်နေရာကိုယ်သိသည်ဟု ထင်ခဲ့ကာ သူတို့နှင့်အသားလုစားမည့်သူများ လေးယောက်ထက်နည်းသွားသဖြင့် လျို့ဝှက်စွာပျော်ရွှင်နေခဲ့ပေသည်။ လတ်စသတ်တော့ အကုန်လုံးကိုကြိုတင်ကြံစည်ထားတာဘဲ။


၎င်းက သူမ၏ရက်စက်သောအကြံအစည်များ၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။


ထုံရွှယ်လူက သူမမျက်နှာပေါ်တွင် အပြစ်ကင်းဟန်ဆောင်ထား၏။

“တတိယအဒေါ်ပြောတာကို ကျွန်မနားမလည်ဘူး”


စွင်းကွေ့လန်က ရှေ့တက်လာပြီး သူမလက်ညှိုးက ထုံရွှယ်လူကိုထိလုမတတ် လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောလာသည်။

“နင်ဟန်ဆောင်နေတာကို ရပ်လိုက်တော့၊ မကောင်းဆိုးဝါးမ ဒီလိုအသက်ငယ်ငယ်နဲ့တောင် ဒီလောက်ယုတ်မာနေတာ၊ နင်စောင့်ကြည့်နေလိုက်၊ နင်ဝဋ်လည်လိမ့်မယ်”


ထုံရွှယ်လူက တည်ငြိမ်စွာဖြင့် သူမ၏လက်ကို ဘေးသို့ဖယ်လိုက်သည်။

“ဒုတိယအဒေါ် စိတ်ငြိမ်ငြိမ်ထားရင်ပိုကောင်းမယ်၊ တကယ်လို့‌အဒေါ်ကကျွန်မကို နာကျင်အောင်လုပ်ရင် အဒေါ်လည်း လယ်ထဲကိုအပို့ခံလိုက်ရနိုင်တယ်နော်”


သူမ၏စကားလုံးများက ဆီထဲကျသွားသော ရေစက်များလိုပင် လူတိုင်း၏စိတ်ထဲတွင်တဖြောက်ဖြောက်မြည်‌သွားသည်။


ထုံကျန်းကျန်းက သူမကိုထိခိုက်စေခဲ့သဖြင့် လယ်ထဲသို့အပို့ခံလိုက်ရ၏။


ထုံယန်လျန်က သူမကိုဘယ်လိုထိပါးခဲ့သည်ကို မသိသော်ငြား သူလည်းဘဲအချုပ်ကျကာ လယ်ထဲသို့အပို့ခံလိုက်ရသည်။ အနောက်မြောက်ဘက်ရှိ အကြမ်းတမ်းအခက်ခဲဆုံးသော လယ်မြေဆီပို့ခံလိုက်ရခြင်းဖြစ်သည်။


အိမ်ထဲတွင် အပ်ကျသံကိုကြားရလောက်သည်အထိ တိတ်ဆိတ်သွားသည်။


ပေဟယ်မှ ထိုထုံမိသားစုဝင်များသည် အသံတစ်သံတောင်မထွက်ရဲတော့ပေ။