အပိုင်း ၃၈
Viewers 14k

Chapter 38

 -“ ‘အစိမ်းရောင်’က တစ်စုံတစ်ယောက်ကို ဦးထုပ်စိမ်းဆောင်းတယ်ဆိုတဲ့ အစိမ်းရောင်ပါ” 




အခုချိန်တွင် ကောင်းမွန်သည့် အပေါ်ယံအသွင်အပြင်ကိုမလိုတော့‌သဖြင့် ထုံရွှယ်လူက အပင်ပန်းခံကာ ဟန်‌ဆောင်မနေတော့ပေ။


“ကျွန်မအဖေရဲ့အလုပ်နေရာကို ရောင်းလိုက်တာကြာပြီ၊ အမေရဲ့အလုပ်နေရာကိုတော့ ကျွန်မကိုယ်တိုင်ဝင်လုပ်မှာ၊ အလုပ်နေရာရောင်းလို့ရတဲ့ ပိုက်ဆံတစ်ဝက်ကို ရှင်တို့ကိုပေးမယ်၊ ကျန်တာတွေကိုတော့ တွေးတောင်မတွေးကြည့်နဲ့”


ကျယ်ကျင်းဟွာက ထရပ်ကာ ဒေါသတကြီးပြောလာသည်။

“နင်* ငါနင့်ကို အုပ်ချုပ်ရေးရုံးမှာသွားတိုင်မယ်”


ထုံရွှယ်လူက ပြုံးလိုက်သည်။

“သူတို့ကဘယ်လိုပြောပြီးတိုင်မှာလဲ၊ ကျွန်မက မုသားသက်သေဆိုခဲ့လို့လား ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာအမှုထမ်းကိုအမည်ဖျက်ခဲ့လို့လား၊ ဒါမှမဟုတ် အရင်းရှင်းဝါဒီလိုပြုမူပြီး နေ့တိုင်းနေ့တိုင်းအသားစားလို့လား”


ထုံမိသားစု :“……”


သူတို့အားလုံးက လည်လိမ်ခံထားရသောကြက်များလိုပင် ဘာအသံမှမထွက်နိုင်တော့ချေ။


ထုံရွှယ်လူ:“ တကယ်လို့ ကျွန်မသာ ရှင်တို့နေရာမှဆိုရင် ပိုက်ဆံကိုယူပြီး မြို့ပေါ်မှထွက်သွားနေပြီ၊ ဘာမှမကျန်တဲ့အထိစောင့်ပြီးမှ နောင်တမရနဲ့”


ထိုသို့ပြောပြီးနောက် သူမကလှည့်ထွက်သွားပြီး ထုံမိသားစုက ဘယ်လိုပုံစံနှင့်ကျန်ခဲ့မည်ကို ဂရုမစိုက်တော့ချေ။


အမှန်တွင် ထုံရွှယ်လူက အလုပ်နေရာကိုရောင်း၍ရလာသည့် ပိုက်ဆံတစ်ပြားကိုမှ မပေးချင်ပေ။ မည်သို့ပင်ဖြစ်စေ သူမက အဆုံးသတ်တွင် ဘယ်လိုလမ်းကြောင်းကိုမှ မချန်ထားချင်ပေ။


ပေဟယ်မှထိုလူများသည် သူမသာ ပိုက်ဆံတပြားမှမပေးလိုက်ပါက သေချာပေါက်ပင် အုပ်ချုပ်ရေးရုံးသို့ သွားတိုင်ကြလိမ့်မည်။


ထို့အပြင် ယုန်ဆိုလျှင်တောင်မှ ချောင်ပိတ်ခံရလျှင် ပြန်ကိုက်တတ်၏။ သူမက ထိုသူများကိုချောင်ပိတ်ပြီး သူမကိုပါဆွဲချသွားတာမျိုးမဖြစ်စေချင်ပေ။


သူမက တတ်နိုင်သမျှအမြန်ဆုံးနည်းဖြင့် သူတို့ကိုမောင်းထုတ်ပြီး အနာဂတ်တွင် မြို့တော်သို့ပြန်လာမှာမျိုးကို တားဆီးချင်ရုံသာဖြစ်သည်။


ထုံရွှယ်လူသူတို့မြင်ကွင်းမှ ပျောက်ကွယ်သွားသောအခါမှ ထုံမိသားစုဝင်များက သတိပြန်ဝင်လာကြသည်။ သူတို့အားလုံးက အလွန်ဒေါသထွက်နေကြသဖြင့် နှာခေါင်းများတောင်တွန့်လိမ်နေကြသည်။


ကျိန်ဆဲသည့်စကားမျိုးစုံက လေထဲတွင်ပြန့်နှံ့သွားသည်။


မည်သို့ပင်ဆိုစေကာမူ သူတို့က ထုံရွှယ်လူကို သွားမဖြေရှင်းရဲကြပေ။


အခုချိန်တွင် သူတို့၏မျက်လုံးများထဲ၌ ထုံရွှယ်လူသည် နတ်ဆိုးထက်တောင်ဆိုးဝါးသောသူဖြစ်သည်။ သူမကိုရန်ပြုသောဘယ်သူမဆို လယ်တောထဲတွင် အဆုံးသတ်ရလိမ့်မည်။


နောက်တစ်နေ့တွင် ပေဟယ်မှထိုလူများသည် ရှုံးနိမ့်ကာ ရွာသို့ပြန်သွားကြသည်။


သူမက ချက်ချင်းစိတ်မလျှော့လိုက်ပေ။


သူမကိုတစ်စစီဆွဲဖြဲချင်သော အကြည့်များအောက်တွင် ထုံရွှယ်လူက သူတို့နှင့်အတူ ဘူတာရုံသို့လိုက်လာပြီး ရထားပေါ်တက်သည်အထိ စောင့်ကြည့်လိုက်သည်။


ရထားထွက်သွားပြီးနောက်မှသာ သူမ၏အပြုံးကပေါ့ပါးသွားသည်။


ထိုလူများကိုပြန်ပို့ပြီးသဖြင့် ဘယ်လိုအောင်ပွဲခံရမလဲ စဉ်းစားနေချိန်တွင် အားကောင်းသောယောက်ျားသံသြသြကို ကြားလိုက်ရသည်။––


“တစ်စိတ်လောက်ပါ၊ မင်းက ဝမ်ရူကွေ့ချစ်သူလား”


ထုံရွှယ်လူ: ? ? ?


ဘာလဲဟ။


သူမက ဘယ်အချိန်ကစပြီး ဝမ်ရူကွေ့ချစ်သူဖြစ်သွားတာလဲ။


ထုံရွှယ်လူလှည့်ကြည့်လိုက်သောအခါ အရပ်ရှည်ရှည်နှင့်ယောက်ျားတစ်ယောက်က သူမရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။


ထိုယောက်ျား၏မျက်နှာအစိတ်အပိုင်းများက ထင်ရှားကာ အရပ်ရှည်ပြီး အသက်30ဝန်းကျင်လောက်ရှိမည်ထင်ရ၏။


သူမကခနရပ်ပြီးနောက် ဤယောက်ျားအား အရင်နေ့များတုန်းက ရဲစခန်း၌မြင်ခဲ့ဖူးသည်ကို သတိရသွားသည်။ ဒီနေ့တွင်မူ သူကရဲယူနီဖောင်းကိုမဝတ်ထားဘဲ အပြင်အဝတ်အစားနှင့်သာဖြစ်သည်။


ထိုအချက်များက အဓိကမဟုတ်ပေ။ အဓိကအချက်က သူက သူမကိုဘယ်လိုသိတာလဲ။


ပြီးတော့ ဘာလို့သူမကို ဝမ်ရူ‌ကွေ့ချစ်သူလို့ပြောနေတာလဲ။


ထုံရွှယ်လူက ဖူကျန့်ယိကိုလေ့လာနေသလို ဖူကျန့်ယိကလည်း ထုံရွှယ်လူကိုလေ့လာနေ၏။


သူမက ယခင်နေ့ကထက်စာလျှင် ပို၍ရင်သပ်ရှူမောဖွယ်ဖြစ်နေ၏။ အခုချိန်တွင် သူမကသူရှေ့တွင်ရပ်နေသောအခါ အသက်ရှူမှားလောက်စရာပင်ဖြစ်သည်။


သူမ၏အသားအရေက ချောမွေ့ကာ ဖြူ‌ဖွေးနေပြီး နေရောင်အောက်တွင် တောက်ပနေသည်။ သူမ၏မျက်လုံးများက မြူဆိုင်းနေကာ အထဲတွင် ရွှေရောင်အလင်း‌စက်များက တလက်လက်ကခုန်နေပြီး ၎င်းတို့၏အလင်းက ပတ်ဝန်းကျင်ရှိအရာများအားလုံးကို မှေးမိန်သွားစေသည်။


ဖူ့ကျန်ယိကပြောလိုက်သည်။

“ကျွန်တော်က ဝမ်ရူကွေ့ရဲ့သူငယ်ချင်းပါ ဖူကျန့်ယိလို့ခေါ်ပါတယ်၊ ရိုးရှင်းတယ်ဆိုတဲ့ ‘ဖူ’ ၊ တည်ဆောက်တယ်ဆိုတဲ့ ‘ကျန့်’နဲ့ အားကိုးရတယ်ဆိုတဲ့ ‘ယိ’ပါ၊ အရင်နေ့တုန်းက ရဲစခန်းမှာတွေ့ခဲ့သေးတယ်လေ၊ မှတ်မိ‌သေးလားတော့မသိဘူး”


သူမက သူ့အပေါ်ဘယ်လိုမှမမြင်ပေ။


သို့သော် သူကဘာလို့သူမရှေ့ရောက်လာရသည်ကို မပြောပြသေးပေ။ ထို့အပြင် ဝမ်ရူကွေ့လိုတည်ငြိမ်အေးဆေးသောသူတစ်ယောက်က သူမကိုသူ့ချစ်သူဟူ၍လိုက်ပြောမည်ဟု မထင်ပေ။


သူမ၏နှုတ်ခမ်းများကွေးညွှတ်သွားသောအခါ ပါးချိုင့်နှစ်ဖက်က ထင်းထွက်လာသည်။

“မင်္ဂလာပါ ၊ ကျွန်မကထုံရွှယ်လူပါ၊‘ထုံ’ဆိုတာက ဆောင်းရာသီစကားလုံးကိုမှ ဘေးမှယောက်ျားဆိုတဲ့အက္ခရာကပ်ပါတဲ့ထုံပါ၊ ‘ရွှယ်’ဆိုတာက နှင်းကိုဆိုလိုပြီး ‘လူ’ကတော့ တစ်ယောက်ယောက်ကို ဦးထုပ်စိမ်းဆောင်းပေးတယ်ဆိုတဲ့ အစိမ်းရောင်ပါ”


ဖူကျန့်ယိ:“……”


ဖူကျန့်ယိက တခနလောက်တိတ်ဆိတ်သွားသည်။ ထိုအဖြေကြောင့် သူကသတိလွတ်သွားလေသည်။


ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။

“ကျွန်မက နောက်နေတာပါ ရဲဘော်ဖူ၊ ‘လူ’ဆိုတာက မြက်ခင်းလိုစိမ်းတယ်ဆိုတဲ့ အစိမ်းရောင်ပါ”


ဖူကျန့်ယိ:“……”

တစ်ခုခုကလွဲနေသလို သူခံစားနေရဆဲဖြစ်သည်။


သူက သိပ်မတွေးတော့ဘဲ သူစိတ်ဝင်စားနေသည့် မေးခွန်းကိုမေးလိုက်သည်။

“ဒါဆိုရင် မင်းကို ဝမ်ရူကွေ့နဲ့ ကြိုက်နေတာလားဆိုတာ မေးလို့ရမလား”


ထုံရွှယ်လူ၏ မျက်ခွံများက အကြိမ်အနည်းငယ်လောက်တုန်ခါသွားပြီးနောက် ရှက်ရွံ့သောပုံစံဖြင့်ပြန်ဖြေလိုက်သည်။

“ဟုတ်ပါတယ်”


ဖူကျန့်ယိက ထိုအဖြေကိုကြားသောအခါ အလွန်စိတ်လှုပ်ရှားသွားသည်။

“တကယ်ဘဲလား၊ ခင်ဗျားတို့နှစ်ယောက်က တကယ်ဘဲချစ်ကြိုက်နေကြတာလား”


ထုံရွှယ်လူက လေးနက်စွာကြည့်လိုက်သည်။

“ဒါပေါ့ အဲ့ဒါကအမှန်ပါဘဲ၊ ကျွန်မတို့ချိန်းတွေ့နေတာ တစ်နှစ်ကျော်ပြီ”


တစ်နှစ်ကြီးများတောင်။


ဖူကျန့်ယိက ထိုစကားများကြောင့် အံ့ဩသွားသည်။ သူက သတိပြန်ဝင်ရန် အချိန်ခနလောက်ယူလိုက်ရသည်။


သူကအံကြိတ်ကာ ရေရွတ်လိုက်သည်။

“သူက ဒီလိုကိစ္စမျိုးကို ငါ့ကိုမပြောပြတာမယုံနိုင်ဘူး၊ မနေ့ကငါမေးတော့ ဘယ်သူနဲ့မှ မချိန်းတွေ့နေဘူးတဲ့ ၊ သူက ဘယ်လိုတောင်လုပ်နိုင်တာလဲ”


အင်းး၊သူမထင်တာမှန်၏။ ဝမ်ရူကွေ့၏ပုံစံအရဆိုလျှင် ဒီလိုကိစ္စမျိုးပြောမှာမဟုတ်ပေ။


ထုံရွှယ်လူ၏မျက်ခုံးများက အနည်းငယ်မြင့်တက်သွားသည်။ သူမကနောက်သို့တစ်လှမ်းဆုတ်ကာ သူမ၏ပြဇာတ်ကို စတင်လိုက်သည်။


သူမကပါးစပ်ကိုအုပ်ပြီး ဖူကျန့်ယိအား သံသယဝင်စွာကြည့်လိုက်သည်။

“ရူကွေ့က ကျွန်မတို့အကြောင်းရှင့်ကိုမပြောပြထားရင် ရှင်ကဘယ်လိုလုပ်ပြီး ကျွန်မကိုသိတာလဲ”


ဖူကျန့်ယိက ခေါင်းကုတ်ကာ ချောင်းဟန့်လိုက်သည်။

“အိုးးအဲ့ဒါကလေ ဟဲဟဲ.......”


ထုံရွှယ်လူက နောက်သို့ခြေနှစ်လှမ်းလောက်ထပ်ဆုတ်သွားပြီး သူ့ကိုမျက်မှောင်ကြုတ်ကာကြည့်လိုက်သည်။

“ရှင်တစ်ခုခုကိုကြံစည်နေတာလား၊ အခုထုတ်ပြောလိုက်ရင်ကောင်းမယ်နော် ထပ်ပြီး ‘ဟီးဟီး’လုပ်နေလို့ကတော့ ကျွန်မအော်လိုက်မှာ”


ထိုသို့ပြောပြီးနောက် သူမက အော်ဟစ်တော့မလို ဘေးပတ်ပတ်လည်အား တစ်ချက်ကြည့်လိုက်သည်။


သူမက တကယ်အော်တော့မည်ကိုမြင်သောအခါ ဖူကျန့်ယိကလန့်သွားသည်။


“မဟုတ် မဟုတ်ဘူး ရဲဘော်ထုံ အဲ့လိုမလုပ်ပါနဲ့ ကျွန်တော်မှဘာမကောင်းတဲ့ရည်ရွယ်ချက်မှ မရှိပါဘူး၊ ခင်ဗျားကိုသိနေတာကလည်း ပြီးခဲ့တဲ့တစ်ခေါက်က ရူကွေ့.......”


ထုံရွှယ်လူ၏စိုးရိမ်မှုကို ဖြေဖျောက်ပေးရန်အတွင် ဖူကျန့်ယိက ဝမ်ရူကွေ့တစ်ယောက် အရင်တစ်ကြိမ်က ထုံကျန်းကျန်း၏ကိစ္စတွင်သူ့ကိုကူညီခိုင်းခဲ့ကြောင်း၊  ဒီတစ်ကြိမ်တွင်လည်း သူကတိုက်တိုက်ဆိုင်ဆိုင်ပင် သူမနှင့်ရဲစခန်းမှာထပ်တွေ့ရသဖြင့် ဝမ်ရူကွေ့ကိုပြောပြလိုက်သည့်အကြောင်း စသဖြင့်အကုန်လုံးကိုပြောပြလိုက်သည်။


ဇာတ်ကြောင်းတစ်ခုလုံးကို နားထောင်ပြီးသောအခါ ထုံရွှယ်လူက အံ့ဩသွားသည်။


ဝမ်ရူကွေ့က သူမကိုကူညီပေးလိမ့်မည်ဟု တစ်ခါမှမမျှော်လင့်ခဲ့ဘူးပေ။


သူမက အရမ်းကံကောင်းသဖြင့် ကိစ္စအားလုံးက သူမစီစဉ်သလိုဖြစ်သွားသည်ဟုသာ ထင်နေခဲ့၏။


ထိုသို့ဆိုရလျှင် သူကဘာကြောင့် သူမကိုကူညီပေးတာလဲ။


သူမကလှလို့လား။


လှပသောမျက်နှာတစ်ခုက အရာအများအပြားကို ရရှိနိုင်၏။ ထို့နောက် သူမက ဝမ်ရူကွေ့၏အေးစက်သောမျက်နှာကို အမှတ်ရသွားသည်။သူမက ခေါင်းခါလိုက်သည်။ သူက ထိုကဲ့သို့လူတစ်ယောက်နှင့်မတူပေ။


တစ်ဖက်တွင် ဖူကျန့်ယိက ကိစ္စအားလုံးကိုရှင်းပြလိုက်ပြီးနောက်တွင် သူ့စိတ်ထဲ၌တစ်ခုခုဖြစ်သွား၏။


“မဟုတ်ဘူး၊ နေပါဦး မင်းတို့နှစ်ယောက်ကချိန်းတွေ့တာ တစ်နှစ်ကျော်နေပြီ‌ဆိုရင် အဖိုးဝမ်နဲ့တွေ့ရမှာပေါ့၊ အဖိုးဝမ်ကဘာလို့ ရူကွေ့အတွက် အိမ်ထောင်ဖက်တွေ့ဖို့ စီစဉ်ပေးနေသေးတာလဲ၊ ရူကွေ့က သူ့မိသားစုကိုမပြောပြထားဘူးလား”


လူချောတစ်ယောက်ဆိုလျှင်တောင်မှ အိမ်ထောင်ဖက်တွေ့ပွဲကို သွားရန်လုပ်နေရ၏။


ထုံရွှယ်လူက မျက်မှောင်ကြုတ်ပြီး အမှန်တိုင်းပြောရန်လုပ်လိုက်သည်။

“သူ့မိသားစုတွေကို မပြောပြတာဘာလို့လဲဆိုတော့......”


သူမပြော၍မပြီးသေးခင်မှာဘဲ ဖူကျန့်ယိကဖြတ်ပြောလာသည်။

“လက်ထပ်ဖို့ထိမရည်ရွယ်ထားတဲ့ဆက်ဆံရေးတွေက လူရမ်းကားတွေရဲ့အပြုအမူဘဲလို့ သမ္မတမော်ကပြောခဲ့ဖူးတယ်၊ ရူကွေ့က။လူရမ်းကားလိုပြုမူလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”


ထုံရွှယ်လူ:“……”

ခနနေပါဦး ရဲဘော်ရေ၊ ဘာလို့ ကျွန်မပြောတာပြီးတဲ့အထိမစောင့်တာလဲ။


ဌာနချုပ်တွင် ဝမ်ရူကွေ့ကနှာချေလိုက်သဖြင့် အခုလေးတင်ပြီးသွားသည် စမ်းသပ်ချက်၏ရလဒ်ကို ပျက်စီးလုနီးပါးဖြစ်သွားစေသည်။


ဖူကျန့်ယိက ပိုတွေးလေလေ ဒေါသထွက်လာလေဖြစ်သည်။

“ဘာကိုမှစိတ်မပူနဲ့ ရဲဘော်ထုံ ကျွန်တော်ခင်ဗျားကိုကူညီပေးမယ်၊ သူ့ကဒါကိုသိတတ်လာအောင်လုပ်ပေးမယ်”


“မဟုတ်ဘူး၊ တကယ်ဘဲမလိုအပ်ပါဘူး ဘာလို့လဲဆိုတော့......”

ထုံရွှယ်လူက သူ့ကို အလွန်အပြစ်ကင်းစွာကြည့်လိုက်သည်။

“ရဲဘော်ဝမ်ရူကွေ့နဲ့ ကျွန်မက ချစ်ကြိုက်နေတဲ့ဆက်ဆံရေးမရှိလို့ပါ”


ဖူကျန့်ယိက ထိုစကားကို‌ကြားသောအခါ အံ့ဩသွားသည်။ သူ၏မျက်ခုံးများက ဒေါသဖြင့်မြင့်တက်လာ၏။

“အခုလေးတင်ဘဲ ခင်ဗျားတို့နှစ်ယောက်က ကြိုက်နေကြတာ တစ်နှစ်ကျော်ပြီလို့ ပြောခဲ့တာမဟုတ်ဘူးလား”


ထုံရွှယ်လူက ပြုံးလိုက်သည်။

“ကျွန်မက ရှင့်ကိုစနေတာ၊ ရဲဘော်ဖူ ရှင်က ရဲအရာရှိတစ်ယောက်ပါ၊ အပြင်မှာလူဆိုးတွေအများကြီးရှိတယ် အခြားသူတွေပြောသမျှတိုင်းကို မယုံသင့်ဘူး၊ ရှင်က အရမ်းအယုံလွယ်တာဘဲ”


ဖူ အယုံလွယ်သူ ကျန့် ယိ:“…………”