Chapter 39
- “ကိုယ်ပါ၊ ဝမ်ရူကွေ့”
ဖူကျန့်ယိက မိုးကြိုးပစ်ခံလိုက်ရသလိုပင် ကြောင်သွားကာ ဘာမှမပြောနိုင်တော့ပေ။ သူက ထုံရွှယ်လူကိုမယုံနိုင်စွာကြည့်လိုက်သည်။
သူကအရူးလုပ်ခံလိုက်ရရုံသာမက ထုံရွှယ်လူက သူ့ဆီမှသတင်းအချက်အလက်များကိုပါ နှိုက်ထုတ်နိုင်သွားတာလား။
ဖူကျန့်ယိက သူ့ကိုပေါ့ပါးစွာပြုံးပြနေသော မိန်းကလေးကိုကြည့်ကာ သူကရူးမိုက်သည်ဟူသောအချက်ကို လက်မခံနိုင်ပေ။
အပြုံးရိပ်တစ်ခုက ထုံရွှယ်လူ၏မျက်လုံးများထဲတွင် ဖြတ်ပြေးသွားသည်။ သူမက လည်ချောင်းရှင်းကာ ပြောလိုက်သည်။
“ကျွန်မအလုပ်သွားပြန်လုပ်ဖို့လိုတယ် နောက်မှတွေ့ကြတာပေါ့”
ထိုသို့ပြောပြီးနောက် သူမကလှည့်ထွက်သွားလိုက်သည်။ အရှေ့သို့အနည်းသွားပြီးနောက်တွင် သူမက ရုတ်တရက်သူ့ကိုပြန်လှည့်ကြည့်လိုက်သည်။
ဖူကျန့်ယိက တုံးအသောငန်းတစ်ကောင်ကဲ့သို့ ထိုနေရာတွင်သာ ရပ်နေဆဲဖြစ်သည်ကိုမြင်သောအခါ ထုံရွှယ်လူကမထိန်းနိုင်ဘဲ အသံထွက်ရယ်လိုက်သည်။
သူကကောင်းကင်ယံမှ အတောက်ပဆုံးကြယ်နှင့်မတူပေ၊ သို့သော်သူ့ကြောင့်သာ ဝမ်ရူကွေ့က သူမ၏နောက်ကွယ်မှကူညီပေးနေကြောင်း သိလိုက်ရခြင်းဖြစ်သည်။
ဒါပေမယ့် ဝမ်ရူကွေ့က သူမကိုဘာကြောင့်ကူညီတာလဲ။
သူမကခနလောက် တွေးကြည့်လိုက်သော်လည်း မဖော်ထုတ်နိုင်ပေ။ သို့သော်ငြား ဤကိစ္စကို သူမစိတ်ထဲတွင်မှတ်ထားလိုက်သည်။
အခွင့်သာလာပါက သူမအနေဖြင့် သူ့ကျေးဇူးကို ပြန်ဆပ်ရလိမ့်မည်။
ထုံရွှယ်လူ ဘူတာရုံမှထွက်သွားသောအချိန်လောက်မှ ဖူကျန့်ယိက သတိပြန်ဝင်လာသည်။
သူကစိတ်ဓာတ်ကျစွာ ရဲစခန်းသို့ပြန်သွားလိုက်သည်။ ခနလောက်တွေးကြည့်ပြီးနောက်တွင် သူကဖုန်းကိုကောက်ကိုင်ကာ ဝမ်ရူကွေ့အားခေါ်လိုက်သည်။
သို့သော် ဖုန်းတစ်ဖက်မှသူက ဝမ်ရူကွေ့တစ်ယောက် ဌာနချုပ်မှထွက်သွားကြောင်း၊ သူဘယ်အချိန်ပြန်ရောက်မည်ကိုမသိသဖြင့် တစ်ခုခုမှာချင်ပါက စာချန်ထားနိုင်ကြောင်း ပြောလာ၏။
ဖူကျန့်ယိက သူ့နာမည်ကိုပြောပြကာ ဖုန်းချလိုက်သည်။
သူကသွားကိုလျှာဖြင့်ထိုးလိုက်ကာ ဝမ်ရူကွေ့အတွက် တစ်စုံတစ်ခုကိုပျက်စီးအောင်လုပ်လိုက်မိပြီဟု ခံစားမိသွားသည်။
ဝမ်ရူကွေ့သိသွားပါက မည်သို့တုံ့ပြန်မည်ကို သူမသိတော့ချေ။
***
ထုံရွှယ်လူက စက်ရုံကိုမပြန်သွားဘဲ ထိုအစား ရပ်ကွက်ထဲသို့ပြန်သွားလိုက်သည်။
သူမက ထုံမိသားစုသုံးခဲ့သည် အိပ်ရာခင်းနှင့် ခေါင်းအုံးစွပ်များကို လျှော်ကာ ခေါင်းအုံးများကို နေရောင်ပြထားလိုက်သည်။ အိမ်ကိုလည်း အတွင်း၊အပြင်မကျန် သန့်ရှင်းရေးလုပ်လိုက်၏။
အကုန်လုံးလုပ်ပြီးသောအခါ သူမကပင်ပန်းလွန်းသဖြင့် မတ်မတ်တောင်မရပ်နိုင်တော့ပေ။
“မမကြီး ပင်ပန်းနေပြီလား၊ မျန်မျန်က နောက်ကျောကိုနှိပ်ပေးမယ်”
မျန်မျန်က ခြေထောက်တုတ်တုတ်လေးများဖြင့် အိပ်ရာပေါ်ကုပ်တက်ကာ ထုံရွှယ်လူ၏နောက်ကျောပေါ်သို့ သူမ၏လက်ဖောင်းဖောင်းလေးများဖြင့် ဟိုနှိပ်ဒီနှိပ်လုပ်ပေးလိုက်သည်။
ထုံရွှယ်လူကို အိပ်ရာထဲနစ်ဝင်သွားကာ ပျင်းရိနေသောအသံဖြင့်ပြောလာသည်။
“မျန်မျန်ကိုကျေးဇူးတင်လိုက်တာ၊ ပိုပြီးပြင်းပြင်းလေးလုပ်ပေးနိုင်မလား ဒါကမလုံလောက်သေးဘူး ”
သူ့မမကြီး၏စကားများကိုကြားသောအခါ ထုံမျန်မျန်က ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြပြီး အသံကျယ်ကျယ်ဖြင့်ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ပါ”
ထုံမျန်မျန်က လက်သီးဆုပ်ကာ ထုံရွှယ်လူ၏ကျောကို သူမတတ်နိုင်သလောက် ပြင်းပြင်းလေးထုပေးလိုက်သည်။
ထုံရွှယ်လူ:“……”
သူမကထုံရွှယ်လူ၏နောက်ကျောကို ကုတ်ပေးနေသလိုပင်။
ခနလောက်အထုခံပြီးသောအခါ သူမကပက်လက်လှန်လိုက်ပြီး ပေါက်စီလုံးလေးကို သူမလက်ထဲထည့်ကာ နမ်းလိုက်သည်။
“အဖွားတို့တွေ မရှိတော့ဘူး မျန်မျန်ပျော်ရဲ့လား”
ပေါက်စီလုံးလေးက အားပါပါဖြင့်ခေါင်းညိတ်ပြလာသည်။
“ပျော်တယ်”
သူမက ခနရပ်သွားပြီးနောက် ထုံရွှယ်လူ၏လက်ကြားထဲဝင်ကာ အသံတိုးတိုးဖြင့်ပြောလာသည်။
“မျန်မျန်က အဲ့ဒီအစ်ကိုကြီးကို သဘောမကျဘူး”
ထိုအစ်ကိုကြီးက သူမ၏ပါးအားဖျစ်ညှစ်ရသည်ကိုသဘောကျကာ တစ်ခါတုန်းကဆိုလျှင် သူမကိုတင်းကြပ်စွာဖက်သဖြင့် နာကျင်ခဲ့ရသည်။
ထုံရွှယ်လူက ပေါက်စီလုံးလေး၏နဖူးကို ပွတ်ပေးလိုက်သည်။
“မမကြီးလည်း သူ့ကိုသဘောမကျဘူး”
ပေါက်စီလုံးလေးသည် သူမစိတ်ထဲရှိသည်ကို ပြောလိုက်မိသဖြင့်စိုးရိမ်သွားသော်လည်း သူ့မမကြီးကလည်း ထိုအစ်ကိုကြီးကိုသဘောမကျသည်ကိုသိလိုက်ရသောအခါ စိတ်အေးသွားသည်။
“သူကပြန်ရောက်လာဦးမှာလား”
“မလာတော့ဘူး” အနည်းဆုံးတော့ ဒီနှစ်တွေအတွင်းမှာပေါ့။
ငါးနှစ်ကြာပြီးနောက်တွင် သူကအနောက်မြောက်ဘက်မှပြန်ရောက်လာသောအခါ ထုံမျန်မျန်က အသက်ရှစ်နှစ်ခွဲရှိနေလောက်ပြီဖြစ်သည်။ သူမကငယ်သေးသော်လည်း နားလည်တတ်သောအရွယ်သို့ရောက်နေလောက်ပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထုံရွှယ်လူကလည်း ထုံယန်လျန်ကို ထုံမျန်မျန်နားကပ်ခွင့်ပေးမည်မဟုတ်ပေ။
ထုံကျားမင်နှင့် ထုံကျားရှင်းတို့ကျောင်းမှပြန်ရောက်လာပြီးနောက် ပေဟယ်မှထိုလူများပြန်သွားသည်ကိုသိလိုက်ရသောအခါ အံ့ဩသွားကြသည်။
ထုံကျားရှင်းက မျက်လုံးပြူးပြူးဖြင့် ထပ်ခါတလဲလဲမေးလာ၏။
“သူတို့တကယ်ဘဲပြန်သွားတာလား၊ ပြန်ရောက်လာဦးမှာလား”
တိကျသေချာသောအဖြေကိုရသွားသောအခါ အလွန်ပျော်သွားသဖြင့် မြေကြီးပေါ်တွင်အကြိမ်အနည်းငယ်လောက် လူးလိမ့်လိုက်သည်။
ထုံကျားမင်က ဘာအမူအရာမှမဖော်ပြသော်လည်း နှုတ်ခမ်းများကကွေးတက်နေကာ မျက်လုံးထဲတွင်အပျော်ရိပ်များသန်းနေ၏။
ထုံကျားရှင်းက ခေါင်းကုတ်ကာ ထုံရွှယ်လူအား မျှော်လင့်တကြီးကြည့်လိုက်သည်။
“အဲ့လိုဆို ကျွန်တော်တို့တွေက အခုကစပြီး ဆားစိမ်ဟင်းရွက်တွေချည်းဘဲ စားနေစရာမလိုတော့ဘူးပေါ့”
ထုံရွှယ်လူကခေါင်းခါပြလိုက်သည်။
“သေချာပေါက်......မဟုတ်ဘူးပေါ့”
ရွာမှထိုလူများသည် အသားငါးများအလွန်စားကာ အရင်းရှင်ဝါဒီဆန်သောကြောင့် မောင်းထုတ်ခံလိုက်ရခြင်းဖြစ်သည်။ အကယ်၍သူတို့သာ ထိုလူများထွက်သွားပြီးပြီးချင်းတွင် တစ်ပုံစံတည်းအသားစားလိုက်ပါက အခြားသူများဘယ်လိုထင်မလဲ။
အမှန်တွင် ထုံရွှယ်လူက အလုပ်အသစ်တစ်ခုပြောင်းချင်းကာ နေရာအသစ်သို့ရွှေ့ချင်နေသည်။ မဟုတ်ပါက သူတို့စားချင်သလိုစားရရန် ခက်ခဲပေလိမ့်မည်။
ထုံကျားရှင်းက ဟာခနဲသက်ပြင်းချကာ မျက်နှာကိုအုပ်ပြီး မြေကြီးပေါ်သို့ပုံကျသွားသည်။
အသားမရှိဘဲ ဘယ်လိုနေရမှာလဲ။
ထိုသို့ပြောထားသော်လည်း ထုံရွှယ်လူက ပေဟယ်မှလူများပြန်သွားသည်ကို အောင်ပွဲခံရန် ဂေါ်ဖီထုပ်ကို ကြက်သွန်ဖြူနှင့်ကြော်ပေးလိုက်သေးသည်။
ဆန်ပြုတ်အလွတ်နှင့် ဆားရည်စိမ်ဟင်းရွက်များကိုသာ စားနေခဲ့ရသော မောင်နှမများသည် ဂေါ်ဖီကြော်ကပင်ကောင်းမွန်နေပြီဟု ခံစားလိုက်မိကြသည်။
ထုံကျားရှင်းက ဟင်းအနှစ်ကို ထမင်းကိုနယ်စားကာ ထမင်းသုံးပန်းကန်တောင်ကုန်သွားသည်။ သူကအများကြီးစားခဲ့သဖြင့် ဗိုက်ကဖောင်းကားနေ၏။
ညစာစားပြီးသောအခါ ထုံကျားရှင်းက ပန်းကန်များကိုဆေးကြောရန် တာဝန်ကျ၏။ ထုံမျန်မျန်ကမူ ဘေးအိမ်မှကျူးတန်နှင့်သွားကစားလေသည်။
ထုံရွှယ်လူနှင့် ထုံကျားမင်တို့ကသာ အိမ်ထဲတွင်ကျန်ခဲ့ကြသည်။
“ငါထုံကျန်းကျန်းကိုလယ်တောဘက်ဆီပို့လိုက်တာ ဘာလို့လဲဆိုတော့ သူက မျန်မျန်ကိုရိုက်ခဲ့လို့ဘဲ”
သူမက ထုံကျားမင်အား ထိုနေ့ကဘာဖြစ်ခဲ့သည်များကိုပြောပြကာ သူမ၏အမှားကိုဝန်ခံလိုက်သည်။
ထို့နေ့တွင် သူမကအမှန်တွင် လုံလောက်အောင်ဂရုမစိုက်ခဲ့မိပေ။ သူမက ထုံမျန်မျန်ကို အမေထုံနှင့်မထားခဲ့သင့်ပေ။ နောက်ပိုင်းတွင် အချိန်မကိုက်သဖြင့် ထုံညီအစ်ကိုများကို မပြောခဲ့မိပေ။
မူလကိုယ်သည် ထုံတကျွင်းတို့လင်မယားကို မသတ်ခဲ့သော်လည်း သူတို့၏သေဆုံးမှုသည် သူမနှင့်အများကြီးသက်ဆိုင်၏။
သူမပြန်လာပြီးနောက်တွင် ထုံမျန်မျန်အရိုက်ခံလိုက်ရကြောင်း သူတို့ကိုပြောပြလိုက်ပါက ထုံညီအစ်ကိုသည် သူမအပေါ်ပိုပြီးအလိုမကျဖြစ်သွားမှာ အသေအချာပင်။
သူတို့ကိုမပြောပြခဲ့သည့်အတွက် သူမကအနည်းငယ်တစ်ကိုယ်ကောင်းဆန်သည်ကို ဝန်ခံရမည်ဖြစ်သည်။ သို့သော်ထိုအချိန်မှအခြေအနေများအရ သူတို့ကိုပြောပြလိုက်ပါက သူမနှင့်သူတို့ကြားရှိဆက်ဆံရေးကိုသာ ပိုဆိုးရွားသွားစေမှာဖြစ်သည်။
ဘယ်သူ့အတွက်မှမကောင်းသဖြင့် သူမက သူတို့ကိုဖုံးကွယ်ထားခဲ့ခြင်းဖြစ်သည်။
ထုံကျားမင်က အောက်ကိုငုံ့ကြည့်နေပြီးနောက် အတော်ကြာသွားမှ အတန်အသင့်လေသံဖြင့်ပြောလာ၏။
“ကောင်းပြီ ကျွန်တော်သိပါပြီ၊ ဒီကိစ္စကို ကျားရှင်းကိုစုံစမ်းခိုင်းနေစရာမလိုတော့ဘူးပေါ့”
ထုံရွှယ်လူက အချိန်ကိုက်ကိုရွေးချယ်ခဲ့၏။ အကယ်၍သာ သူတို့က ထိုအချိန်တွင်သိသွားပါက သူမကိုဒီနေရာ၌ပေးနေခွင့်ပြုမည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ အခုချိန်တွင် ပေဟယ်မှထိုလူများကိုမောင်းထုတ်ရန် အတူတူလုပ်ဆောင်ခဲ့ပြီးဖြစ်သဖြင့် သူပြောနိုင်တာဘာမှမရှိတော့ပေ။
ထို့အပြင် ထုံရွှယ်လူကမှားခဲ့သော်လည်း ထုံမျန်မျန်ကိုရိုက်သောသူမှာ ထုံကျန်းကျန်းဖြစ်သည်။ အကယ်၍သူအပြစ်တင်ချင်ပါက ထုံကျန်းကျန်းကိုသာ အပြစ်တင်ရလိမ့်မည်။
သူမအပေါ်သူ၏ဆက်ဆံပုံက အဆင်ပြေသည်ကိုမြင်သောအခါ ထုံရွှယ်လူက စိတ်အေးသွားသည်။
သူမက ထုံမျန်မျန်ကိုရေချိုးပေးရန်ထွက်သွားလိုက်သည်။
***
တစ်နေ့ကုန်ပြေးလွှားနေပြီးနောက်တွင် ထုံရွှယ်လူက ပေါက်စီလေးနှင့်အတူ စောစောအိပ်ရာဝင်သွားသည်။
သူမဘယ်အချိန်ထိအိပ်ခဲ့မိသည်ကို မသိဘဲ တံခါးခေါက်သံကြားမှသာ နိုးလာ၏။
သူမက လှုပ်ရှားရန်အလွန်ပင်ပန်းနေသဖြင့် ထုံကျားမင်ကို တံခါးသွားဖွင့်ဖို့ပြောလိုက်သည်။ သူမက အကြိမ်အနည်းငယ်ခေါ်လိုက်သော်လည်း ဘယ်သူမှပြန်မဖြေလာပေ။
သူမမျက်လုံးဖွင့်လိုက်သောအခါ အိမ်ထဲတွင် သူမတစ်ယောက်သာရှိနေ၏။ ထုံကျားမင်တို့ဘယ်ထွက်သွားသေးသည်ကို သူမမသိပေ။
တံခါးခေါက်သံက ဆက်တိုက်ထွက်ပေါ်နေ၏။ သူမသွားမဖွင့်ပေးမချင်း မရပ်မည့်ပုံပင်။
ထုံရွှယ်လူက အမြဲလိုလိုပင် နိုးကာစအချိန်၌ စိတ်အခြေအနေမကောင်းပေ။ သူမကောင်းကောင်းမအိပ်ရသေးချိန်ဆိုပိုဆိုး၏။ သူမက အိပ်ရာပေါ်ကထကာ ကျိန်ဆဲလိုက်သည်။
“ဘယ်သူလဲ၊ သူများအိပ်နေတာကို လာနှိုးတာက သူတို့ရဲ့ကျန်းမာရေးကို ထိခိုက်စေတယ်နော်”
ရုတ်တရက်ဆိုသလိုပင် အပြင်ဘက်မှနွေးထွေးသောအသံထွက်လာ၏။
“ကိုယ်ပါ ဝမ်ရူကွေ့...”
ထုံရွှယ်လူက လန့်သွား၏။ ဝမ်ရူကွေ့က ဘယ်လိုဖြစ်ပြီး သူမရပ်ကွက်ထဲထိရောက်လာသည်ကို သိချင်သွားသည်။
သူမတံခါးဖွင့်လိုက်သောအခါ ဝမ်ရူကွေ့က အပြင်ဘက်တွင်မတ်တပ်ရပ်ပြီး သူမကိုမျက်လုံးနက်များဖြင့်ကြည့်လာ၏။
သူ၏အကြည့်က သူမကိုကြက်သီးထသွားစေသည်။
“ရဲဘော်ဝမ် ကျွန်မဘာကူညီပေးရမလဲ”
ဝမ်ရူကွေ့က ဘာမှမပြောဘဲ အိမ်ထဲသို့ဝင်လာပြီး သူ့နောက်မှတံခါးကို အားဖြင့်ပိတ်လိုက်သည်။ ထို့နောက် သူက သူမကိုဆွဲပြီး အခန်းထဲသို့ဝင်သွားသည်။
ထုံရွှယ်လူက အနည်းငယ်ရုန်းလိုက်သည်။
“ရဲဘော်ဝမ် ရှင်ဘာလုပ်တာလဲ၊ ကျွန်မအော်လိုက်မှာနော်”
ဝမ်ရူကွေ့က သူမကိုအိပ်ရာဆီသို့ဆွဲလာကာ။အိပ်ရာပေါ်သို့ပစ်တင်လိုက်သည်။
သူကကိုယ်ကိုကိုင်းပြီးပြောလာ၏။
“မင်းဘဲအိပ်ရာဖော်လိုချင်တယ်လို့ပြောခဲ့တာမဟုတ်ဘူးလား၊ အဲ့ဒါကြောင့်ကိုယ်ရောက်လာတာလေ မင်းစိတ်တိုင်းကျသလို ကိုယ်နဲ့လုပ်လို့ရတယ်”
ဝိုးးးဒါ....ဒါကနည်းနည်းအရိုင်းဆန်မနေဘူးလား
သူမရှေ့မှ ခန့်ညားသောမျက်နှာကိုကြည့်ကာ ထုံရွှယ်လူက သူမဦးနှောက်အလုပ်မလုပ်တော့သလို ခံစားလိုက်ရသည်။ သူမ၏အသက်ရှူသံက လေးပင်လာ၏။
“ရှင် ရှင်သေချာလား ကျွန်မစိတ်တိုင်းကျ ရှင့်ကိုလုပ်စေချင်တာလား”
“ဒါပေါ့ ကိုယ်ပြောချင်တာ အဲ့ဒါဘဲလေ”
ထိုသို့ပြောပြီးနောက် သူကထရပ်ကာ သူ့အင်္ကျီများကိုချွတ်လာ၏။
သူ၏သွယ်လျကာ ရှည်လျားသောလက်ချောင်းများက ကြယ်သီးများကိုဖိပြီး သူမကိုကြည့်ရင်း တစ်လုံးချင်းစီဖြုတ်လာ၏။
အိုးဘုရားရေ၊ ဒီလိုဆွဲဆောင်မှုမျိုးကို ဘယ်သူကငြင်းဆန်နိုင်မှာလဲ။
ထုံရွှယ်လူက တံတွေးမြိုချပြီး သူမဘာသာတွေးကြည့်လိုက်သည်။
‘တကယ်လို့ အိပ်လိုက်ရင်လည်း ဘာဖြစ်လဲ၊ ဆက်သာလုပ်၊ သူမအဆင့်သင့်ဘဲ’
အဖြူရောင်ရှပ်အင်္ကျီ ကြမ်းပြင်ပေါ်သို့ကျသွားပြီးနောက် ဝမ်ရူကွေ့က သူ့ဘောင်းဘီဆီလက်လှမ်းလိုက်သည့်အချိန်တွင် ထုံရွှယ်လူက ရုတ်တရက် အပြင်ဘက်မှငိုသံကြီးကိုကြားလိုက်ရသည်။.___
“အမေရေ ကျူးတန်က သူ့ဘောင်းဘီထဲ အီးပါချလိုက်ပြန်ပြီ”
ထုံရွှယ်လူက ဆတ်ခနဲမျက်လုံးပွင့်သွားကာ မျက်နှာကျက်ကို အကြာကြီးစိုက်ကြည့်နေလိုက်သည်။
ဘုရားရေ....ဒါကအရမ်းရှက်ဖို့ကောင်းတာဘဲ။
ဘယ်လိုဖြစ်ပြီး သူမက ဒီလိုအိပ်မက်မျိုးကို မက်ရတာလဲ။
တစ်ချိန်တည်းတွင် သူမက အနည်းငယ်နောင်တရသွားသည်။ ကျူးတန်က စောစောဒါမှမဟုတ်ရင်လည်း နောက်မှအီးပါလို့မရဘူးလား၊ သူမက မြင်ရတော့မှာကို.......
အဖိုးတန်ရတနာကြီး။
ကသိကအောက်ဖြစ်လိုက်တာ။
အပြင်ဘက်တွင် မိုးလင်းနေပြီဖြစ်ပြီး ထုံကျားမင်က မနက်စာလုပ်နေပြီဖြစ်သည်။
သူမက အိပ်ပျော်နေသေးသော ပေါက်စီလေးကို တစ်ချက်နမ်းကာ အိပ်ရာထလိုက်သည်။
ထုံရွှယ်လူမျက်နှာသစ်ပြီးသောအချိန်တွင် ဟွမ်ရှန်းလန်ရောက်လာ၏။
ဟွမ်ရှန်းလန်ကိုမြင်သောအခါ ထုံရွှယ်လူ၏မျက်လုံးများက အရောင်တောက်သွားသည်။
ဒီတလောတွင် သူမက စုရှူယင်ဆီမှ ဘာသတင်းမှမကြားခဲ့သဖြင့် ရဲတိုင်ရန်လက်လျှော့လိုက်သည်ဟု ထင်လိုက်သည်။
သူမကနောက်ဆုတ်ရန် ရွေးချယ်ခဲ့သဖြင့် ထုံရွှယ်လူက သူမကိုဆက်ပြီးစည်းရုံးမည်မဟုတ်ပေ။ လူတစ်ယောက်က အရင်ဆုံးကိုယ့်ကိုကိုယ်ကယ်တင်ရပေလိမ့်မည်။
ထုံရွှယ်လူက အခုတလောအတွင်း ပိုကောင်းသောအလုပ်ကို ဘယ်လိုလဲလှယ်ရမလဲ တွေးနေခဲ့ခြင်းဖြစ်ကာ အခုတွင် ဟွမ်ရှန်းလန်ကပေါ်လာ၏။
သူမက ဘာဖြစ်ခဲ့သည်ကို မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။
“အိုး အမရှန်းလန်ပါလား၊ ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ”
ဟွမ်ရှန်းလန်ကိုမြင်သောအခါ ရပ်ကွက်ထဲမှသူများက စပ်စုလာကြသည်။
ဟွမ်ရှန်းလန်က လျင်မြန်စွာလျှောက်လာသဖြင့် သူမ၏မျက်နှာက အပူဒဏ်ကြောင့်နီရဲနေ၏။
“ရဲဘော်ထုံ ကျွန်မရှင့်ကိုပြောချင်တာရှိတယ်”
ထို့နောက် သူမကအသံတိုးကာ ထပ်ပြောလိုက်သည်။
“ကျွန်မရဲ့ဝမ်းကွဲအကြောင်းပါ”
ထုံရွှယ်လူက သူမလက်ကိုပုတ်ပေးလိုက်ကာနားလည်ကြောင်းအမူအရာပြလိုက်သည်။
သူမက ဒေါ်လေးချိုင်ကို ထုံမျန်မျန်အားခနကြည့်ထားခိုင်းလိုက်ပြီး စစ်လွယ်အိတ်ကိုလွယ်ကာ ဟွမ်ရှန်းလန်နှင့်အတူ ထွက်သွားလိုက်သည်။
ရပ်ကွက်ထဲမှထွက်လာပြီးနောက်တွင် ဟွမ်ရှန်းလန်က ထုံရွှယ်လူအား ဖြစ်ကြောင်းကုန်စင်ပြောပြလာသည်။
“ရဲဘော်ထုံ ကျွန်မဝမ်းကွဲက စိတ်ပိုင်းဖြတ်လိုက်ပါပြီ၊ ဝမ်းကွဲက အဲ့ဒီလူယုတ်မာနဲ့ ယောက္ခမကို ရဲတိုင်ဖို့ဆုံးဖြတ်လိုက်တယ်”
ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။
“ဘာကများ ရဲဘော်စုကို စိတ်ပိုင်းဖြတ်သွားစေတာလဲ၊ အရင်တုန်းကဆို သူမကတွေဝေနေခဲ့တာလေ”
ဟွမ်ရှန်းလန်က သက်ပြင်းချကာ ပြောပြလာသည်။
“ဟိုနေ့တုန်းက ကျွန်မတို့စကားပြောပြီးတဲ့နောက်မှာ ဝမ်းကွဲကိုတစ်ချက်သွားကြည့်ခဲ့တယ်၊ သူမကို ကျွန်မတို့ရဲ့အကြံအကြောင်းပြောပြချင်လို့ပေ၊ ဝမ်းကွဲရဲ့အိမ်လည်းရောက်ရော သူမကအိပ်ရာထဲမှာ ဒဏ်ရာဗရပွနဲ့ လဲနေတာကိုမြင်လိုက်ရတယ် ထတောင်မထနိုင်ဘူး”
ထုံရွှယ်လူက မျက်မှောင်ကြုတ်လိုက်သည်။
“အဲ့ဒီလူယုတ်မာက ထပ်ရိုက်ပြန်ပြီလား”
ဟွမ်ရှန်းလန်က ခေါင်းငြိမ့်ပြကာ မျက်လုံးများနီရဲလာ၏။
“နင်ထွက်သွားပြီးနောက်နေ့မှာဘဲ ဝမ်းကွဲက ထပ်ရိုက်ခံရတာလို့ ပြောပြလာတယ်၊ သူမရဲ့နောက်ကျောက အကန်ခံလိုက်ရလို့ နာသွားတာ အခုဆိုလှုပ်ရှားတိုင်းနာနေတာတဲ့၊ ဒါပေမယ့် အဲ့ဒါကြောင့် ဝမ်းကွဲက စိတ်ပိုင်းဖြတ်လိုက်တာမဟုတ်ဘူး ဘာကြောင့်လဲဆိုတော့ အဲ့လူယုတ်မာက ရှောင်ချိုးကိုရိုက်ခဲ့လို့လေ”
စုရှူယင်က ဒီတစ်လျှောက်လုံးတွင် သည်းခံနေခဲ့သည့် အကြောင်းရင်းအများစုမှာ သူမ၏သမီးနှင့် မခွဲချင်သောကြောင့်ဖြစ်သည်။ ဟဲပေါင်ကန်းက သူ့သမီးရှောင်ချိုးကို သဘောမကျသော်လည်း တစ်ခါမှမရိုက်ခဲ့ဖူးပေ။
ဒီတစ်ကြိမ်တွင် သူကစုရှူယင်ကိုရိုက်မည်လုပ်သောအခါ ရှောင်ချိုးက သူမ၏မိခင်ကိုကာပေးလာ၏။ ဟဲပေါင်ကန်းက ဖယ်ခိုင်းသော်လည်း ရှောင်ချိုးကမလှုပ်ပေ။ ထိုအခါ ဟဲပေါင်ကန်းက ဒေါသဖြင့် ရှောင်ချိုးကိုပါ ရိုက်လိုက်လေသည်။